Thursday, February 28, 2008

ကောက်ညှင်းပြန်ပေါင်း ပုစွန်ထောင်း

4 comments

ဒီနေ့မှာ ကျွန်မရဲ့မောင်နှမတွေကို ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းလုပ်ကျွေးပါရစေနော်။ ကျွန်မတို့ ငယ်ငယ်တုန်းက နေ့ခင်းဘက်အဆာပြေစားမယ့်အချိန်လောက်ရောက်ရင် မုန့်သည်မျိုးစုံက မုန့်မျိုးစုံလှည့်ရောင်းတဲ့အထဲမှာ ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းကို သိပ်ကြိုက်ခဲ့တာ။ မောင်နှမတွေကြိုက်လွန်းလို့ နောက်ဆုံး ကျွန်မတို့အဘွားက အပြင်မုန့်တွေကို ၀ယ်ကျွေးရင် ပိုက်ဆံအရမ်းကုန်တာမို့ အိမ်မှာပဲ လုပ်ကျွေးပါတော့တယ်။ အခု ကျွန်မအဘွား မကြာခဏ လုပ်ကျွေးတတ်တဲ့ ကောက်ညှင်းပြန်ပေါင်း ပုစွန်ထောင်းလေးကို အမှတ်တရအနေနဲ့ အိမ်မှာလုပ်စားကြတာလေးကို မျှဝေပါရစေဦးနော်။
ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကောက်ညှင်းအဖြူ နှစ်ဗူး၊ အုန်းသီးတစ်လုံး၊ ပုစွန် အကောင်လတ် (၂၀) သား၊ နှမ်း၊ ဆားနဲ့ ဆီအနည်းငယ်တို့ပါနော်။


ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ အုန်းသီးကိုခြစ်ပြီး သုံးပုံတစ်ပုံကို အုန်းနို့ရည် (ဦးရေ) ညှစ်ပြီး သီးသန့်ဖယ်ထားပါ။ ကျန်နှစ်ပုံကို ဆီနဲ့ အုန်းကြော်ကြော်ပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထားပေးပါ။ ပုဇွန်ကို သန့်စင်အောင်ဆေး၊ အခွံနွှာပြီးတော့ ဆားအနည်းငယ်နဲ့ နယ်ပေးထားပါနော်။ ပြီးတော့မှ ပုဇွန်ကို အုန်းကြော်ကြော်ထားတဲ့ဆီအနည်းငယ်ထည့်ပြီး ကြော်ပေးပါ။ ပြီးတော့မှ ပုစွန်ကြော်လေးကို ငရုတ်ဆုံထဲ ထည့်ထောင်းပေးပါ။ နှမ်းလေးကို လှော်ပြီးတော့ ဆားအနည်းငယ်နဲ့အတူရောပြီး ငရုတ်ဆုံထဲထည့်ထောင်းပြီး ပန်းကန်ပြားလေးထဲ ဖယ်ထားပေးပါ။
ကောက်ညှင်းကို မပေါင်းဘဲ rice cooker နဲ့ပဲ အလွယ်တကူပဲ ချက်လိုက်ကြရအောင်နော်။ ရေဆေးထားပြီးသား ကောက်ညှင်းကို အိုးထဲထည့်၊ ပြီးတော့မှ အပေါ်ကနေ ရေလက်တစ်ဆစ်သာသာလောက်ထည့်ပြီး တည်ပါ။ ကောက်ညှင်းကျက်ပြီဆိုရင် အအေးခဏလောက် ခံထားပါနော်။ ကောက်ညှင်းတွေ နွေးလာပြီဆိုရင်တော့ အုန်းနို့ဦးရည် လက်ဖက်ရည်ပန်းကန်လုံး (၁) လုံးရယ်၊ ဆားလေးနည်းနည်းရယ်နဲ့ နှံ့အောင်နယ်ပြီး ကောက်ညှင်းတွေကို ပြန်ပေါင်းပေးပါ။ ပေါင်းချောင်နဲ့မှ မဟုတ်ပါ။ rice cooker အပေါ်ထပ်မှာထည့်ပြီးတော့ ပေါင်းလို့ရပါတယ်။ ပေါင်းတဲ့အခါမှာ ရေနွေးငွေ့နဲ့ အနည်းဆုံး မိနစ် ၂၀ ကနေ နာရီဝက်လောက်ထိ ပေါင်းပေးပါနော်။ အဲ့ဒီလိုပေါင်းတဲ့အခါ ကောက်ညှင်းလည်း နူးနူးနပ်နပ်ဖြစ်ပြီး အုန်းနို့နံ့လည်း တသင်းသင်းနဲ့ ပေါင်းလို့ရတဲ့ကောက်ညှင်းကိုမှ လက်နဲ့နယ်နိုင်တဲ့အပူဒဏ်လောက်ထိ ထားပြီးတော့မှ ထောင်းထားတဲ့ ပုဇွန်သုံးပုံနှစ်ပုံရယ် အုန်းသီးကြော် သုံးပုံနှစ်ပုံရယ်နဲ့အတူ ရောနယ်ပေးပါ။ ပြီးတော့မှ အပေါ်ကနေ နှမ်းထောင်းလေးရယ်၊ အုန်းသီးကြော်နဲ့ ပုဇွန်ကြော်ရယ်ကို ဖြူးပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချိုအီဆိမ့်အရသာစုံနဲ့ ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းလေး ရပါပြီနော်။
ကျွန်မရဲ့ အဖေ၊ အမေနဲ့ တူ၊ တူမလေးတွေအတွက်တော့ ကောက်ညှင်းပေါင်းကို အဆုပ်လေးတွေလုပ်ပြီး ပဲပြုတ်လေးနဲ့ တွဲပြီး စားသုံးဖို့ ပြင်ပေးပါတယ်။ ကြိုက်တတ်မယ်ဆိုရင်တော့ ကောက်ညှင်းဆုပ်လေးတွေလည်း အားပေးနိုင်ပါတယ်နော်။ လက်ဘက်ရည်ပေါ့ဆိမ့်လေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။ နောက်ရက်မှာ လက်ဖက်ခြောက်နှပ်နည်းလေး ဝေမျှပါရစေဦးနော်။

Wednesday, February 27, 2008

ငါးပိရည်ကျိုနဲ့ တို့စရာ

2 comments








ငါးပိရည်ကျိုကို မြန်မာလူမျိုးတော်တော်များများကြိုက်နှစ်သက်ကြပါတယ်။ တချို့ကတော့ အနံ့မခံနိုင်လို့ မကြိုက်တတ်ကြပါဘူး။ ကြိုက်တတ်တဲ့သူတွေ နိုင်ငံရပ်ခြားရောက်ခဲ့ရင် ငါးပိရည်ကျိုကို အလွယ်တကူဝယ်လို့ မရနိုင်လို့ ငါးပိရည်ကျို မစားရတာလည်း ရှိပါသေးတယ်။ အဲ့ဒီတော့ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ မြန်မာတွေ ငါးပိရည်ကျိုကို ကိုယ်တိုင်လုပ်လို့ရအောင် နည်းလေးမျှဝေလိုက်ပါရစေနော်။

ငါးပိရည်ကျို ပြုလုပ်နည့်း့ 
ငါးပိရည်ကျိုလုပ်မယ်ဆိုရင် မြန်မာပြည်မှာတော့ ငါးစင်ရိုင်းငါးပိရည်ကျို၊ ငါးခူငါးပိရည်ကျို၊ ငါးရံ့ ငါးပိရည်ကျိုဆိုပြီး လုပ်ကြသလို ငါးလေးငါးပိရည်ကျို၊ ငါးကြီးငါးပိရည်ကျိုဆိုပြီးတော့လည်း ခေါ်ကြပါတယ်နော်။
ငါးပိရည်ကျိုလုပ်ဖို့အတွက် အဲ့ဒီငါးတွေမှမဟုတ်ပါဘူး။ ဂျပန်မှာနေတုန်းကတောင် ပင်လယ်ငါးနဲ့ ငါးပိရည်ကျို လုပ်ပါသေးတယ်နော်။ အဲ့ဒီတော့ ငါးပိရည်ကျိုကို လုပ်ဖို့အတွက် ငါးအကောင်အရွယ်တော်လောက်လေးတွေဝယ်ပြီး ဆားနဲ့နယ်ပြီး ရေစစ်အောင် ဇကာထဲထည့်ပြီး ၂ ရက်လောက် နေပူထဲမှာ လှန်းထားပေးပါနော်။ ငါးထဲက အရည်တွေ စစ်သွားပြီးဆိုရင်တော့ ငါးတွေကို ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ငါးအကောင်သေးတယ်ဆိုရင်တော့ ထောင်းစရာမလိုပါဘူး။ ငရုတ်ဆုံမရှိလည်း ငါးကို ကြွပ်ကြွပ်အိတ်နဲ့ အထပ်ထပ်ထုပ်၊ ပြီးတော့ အပေါ်ကနေ ဆာလာအိတ်ထုပ်ပြီးတော့မှ အပြင်ကနေ ကျောက်တုံးနဲ့ ထုပေးပါ။ ငါးပိရည်ကျို ခပ်ပျစ်ပျစ်စားချင်ရင်တော့ ဆန်ကွဲ (ဆန်) ကို ခပ်ပျစ်ပျစ်ကျိုပြီး ထောင်းပြီးသားငါးနဲ့ ရောနယ်ပြီး အိုးသိပ်ပါ။ ပလတ်စတစ်ဗူး၊ ဖန်ပုလင်းကြီးတွေနဲ့လည်း ထည့်သိပ်လို့ရပါတယ်နော်။ ငါးချည်းသပ်သပ်သိပ်ရင်တော့ ပိုစားကောင်းပါတယ်နော်။ ဒါပေမယ့် ငါးပိရည်ကျိုလိုက်ရင် အရည်ကျဲကျဲဖြစ်နေတတ်လို့ပါနော်။ ငါးပိသိပ်တဲ့အခါ ပုလင်းအပြည့် ဗူးအပြည့် ထည့်မသိပ်ရပါဘူး။ ပုလင်းရဲ့ လေးပုံသုံးပုံလောက်ထိပဲ သိပ်ပြီး အပေါ်ကနေ ပလတ်စတစ်လေးအုပ်ပြီးတော့မှ အဖုံးဖုံးပါနော်။ မြန်မာအယူမှာတော့ ပင်လယ်မှာ ရေတက်ရက်တွေဆိုရင် ငါးပိအိုးမှာလည်း ရေတွေထွက်လာပြီး ရေကျရက်တွေမှာ ငါးပိအိုးထဲမှာလည်း ရေမရှိဘူးလို့ ဆိုကြပါတယ်နော်။ ငါးပိကတော့ ကြာလေ ငါးက နပ်လေလေ ဖြစ်ပြီး စားရတာ အရသာပိုရှိလှပါတယ်နော်။


ငါးပိရည်ကျိုချက်နည်း
ရေကျိုငါးပိကို ရေမြုပ်အောင်ထည့်ပြီးနနွင်းမှုန့်လေးနည်းနည်းထည့်ပြီး ခပ်ပျစ်ပျစ်လေးရအောင် ကျိုပေးပါနော်။ သုံးခွက်တစ်ခွက်တင်ကျိုရင်တော့ ငါးပိရည်ခပ်ပျစ်ပျစ်လေးရပြီး အရသာလည်း ကောင်းလှပါတယ်နော်။

ငါးပိရည်ဖျော်နည်း
ငါးပိရည်ကို အမျိုးမျိုး ဖျော်တတ်ကြပါတယ်။ အခု ကျွန်မလည်း ကျွန်မတို့မိသားစုထဲမှာ ဖျော်လေ့ရှိတဲ့ နည်းလေးတွေကို မျှဝေလိုက်ပါတယ်နော်။
ပထမနည်းကတော့ ငရုတ်သီးစိမ်းလေးတွေကို သီတံလေးမှာသီပြီးတော့ မီးအုံးပါ။ ဒါမှမဟုတ်ရင် ငရုတ်သီးစိမ်းလေးတွေကို ရေဆေး၊ အညှာခြွေပြီးတော့ ဒယ်အိုးထဲရေလေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။ ရေခမ်းခါနီးကျရင် ယောက်မလေးနဲ့ မွှေပေးပါ။ အဲ့ဒီလိုလုပ်ရင် အညှော်လည်း မမိသလို ဗိုက်နာမှာလည်း မစိုးရတော့ဘူးလေနော်။ ပြီးတော့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီလေးတွေကိုလည်း မီးအုံးလိုက်ပါ။ ပြည်ပရောက်နေသူတွေကတော့ ကြက်သွန်ဖြူနီကို ဂက်စ်မီးဖိုမှာ အသားငါးကင်တဲ့နေရာလေး ပါတတ်ပါတယ်။ အဲ့ဒီနေရာမှာထည့်ပြီး ကင်လိုက်ပါနော်။ ပြီးတော့မှ ငရုတ်ဆုံ ဒါမှမဟုတ် ကြိတ်စက်ထဲကို ပုဇွန်ခြောက် ဒါမှမဟုတ် ငါးကင်လေးထည့်ပါ။ ပြီးတော့ မီးအုံးထားတဲ့ ငရုတ်သီး ကြက်သွန်ဖြူနီစတာတွေနဲ့ ရောထောင်းပေးပါ။ ပြီးတော့မှ ပန်းကန်လုံးတစ်လုံးထဲကို ကျိုထားတဲ့ ငါးပိရည်ကို အရိုးလေးစစ်ပြီးတော့ ထည့်၊ ထောင်းထားတာတွေထည့်ပြီး မွှေပေးပါနော်။ အဲ့ဒါဆိုရင်တော့ ငရုတ်သီးစိမ်းငါးပိရည်ကျိုရပါပြီ။ လိုက်ဖက်တဲ့ တို့စရာတွေကတော့ တညင်းဝက်မီးအုံး၊ ရေသရက်ကင်း၊ သရက်ကင်းရွက်၊ ရေကနဖော့၊ ကန်ဇွန်းရိုးနီအချဉ်ပြုတ်တို့ပါနော်။ ပြည်ပရောက် မောင်နှမတွေအတွက်တော့ သဘာဝတို့စရာ ရှားပါးတဲ့အတွက် ဘရိုကိုလီပြုတ်၊ မုန်လာဥဖြူပြုတ်၊ ခရမ်းသီးပြုတ်၊ မုန်ညင်းရွက်ပြုတ်တို့နဲ့ လိုက်ဖက်ညီလှပါပေတယ်။ ငါးကင်လေးနဲ့ချက်ထားတဲ့ ဗူးသီးဟင်းခါးလေးတစ်ခွက်ပါဝင်ဖြည့်စွက်လိုက်ရင်ဖြင့် တကယ့်ကို ပြည့်စုံသွားနိုင်ပါတယ်နော်။

ဒုတိယနည်းကတော့ ကျိုပြီးသားငါးပိရည်ကို ငရုတ်သီးအလှော်ထောင်းမွှေးမွှေးလေးရယ်၊ ပုဇွန်ခြောက်မှုန့်လေးနဲ့ ရိုးရိုးဖျော်တာပါ။ ချဉ်ပေါင်ဟင်း၊ ချဉ်ရည်ဟင်းများနဲ့ လိုက်ဖက်လွန်းလှပါတယ်နော်။ တို့စရာများအဖြစ် ရုံးပတီသီးရေနွေးဖျော၊ ခွေးတောက်ရွက်ရေနွေးဖျော၊ ခရမ်းသီးပြုတ်၊ သခွပ်ပွင့်ပြုတ်၊ မလွှပွင့်ပြုတ်စတာနဲ့နဲ့ လိုက်ဖက်ပါတယ်နော်။ ချဉ်ရည်ဟင်းမချက်လို့ ဆီပြန်ဟင်းချည်းအီနေခဲ့မယ်ဆိုရင်လည်း သရက်သီးအကင်း၊ မုန်လာဥချဉ်ဖတ်၊ ပဲပင်ပေါက်ချဉ်ဖတ်စတဲ့ ချဉ်ဖတ်စုံနဲ့ လိုက်ဖက်တဲ့ ငါးပိရည်မျိုးပါရှင့့် 

တတိယနည်းကတော့ သတ်သတ်လွတ်စားသုံးတဲ့ မောင်နှမများအတွက်ပါနော့့်  ကျွန်မလို အောက်ပြည်အောက်ရွာမှာ ကြီးပြင်းခဲ့သူတွေအတွက် ငါးပိရည်မပါရင် ထမင်းမစားတတ်ကြပါဘူး။ အဲ့ဒီလူမျိုးတွေ သတ်သတ်လွတ်စားတဲ့အခါ အခက်မကြုံရလေအောင် သတ်သတ်လွတ်ငါးပိရည်ကျိုနည်းလေးကိုလည်း မျှဝေပါရစေဦးနော်။့  ပဲငံပြာရည်အကြည်ဆိုတာ ငံပြာရည်လို့ အမည်နာမ ခေါ်ဆိုကြပေမယ့် ပဲကနေထုတ်ထားတဲ့ ပဲရည်တစ်မျိုးပါနော်။ အဲ့ဒီပဲငံပြာရည်အကြည်ကို ပန်းကန်လုံးလေးထဲ တစ်ခါဖျော်စာလောက်လေး အသင့်အတင့်ထည့်၊ ပြီးရင် ကြက်သွန်ဖြူဓားပြားရိုက်လေးထည့်၊ ငရုတ်သီးအလှော်မှုန့် မွှေးမွှေးလေးထည့်ပြီး မွှေပါနော်။ အဲ့ဒါဆိုရင် သတ်သတ်လွတ် ငါးပိရည်ဖျော်ပါနော်။ တကယ်လို့ အချဉ်ကြိုက်တတ်ရင်တော့ မန်ကျည်းသီးအနှစ်လေးနည်းနည်းထည့်ပြီး ဖျော်ပါနော်။ ချဉ်ချိုငံစပ်အရသာလေးနဲ့ ထမင်းစားမြိန်မှာ မြေကြီးလက်ခတ်မလွဲပါနော်။ ပဲနီလေးကြာဇံဟင်း၊ သတ်သတ်လွတ် ဟင်းရွက်သုပ်လေး၊ တို့စရာအစုံနဲ့ စားသုံးနိုင်ပါတယ်နော်။

နောက်တစ်မျိုးကတော့ ငါးပိရည်ကျိုထဲကို ခရမ်းချဉ်သီးမီးအုံးလေး ဒါမှမဟုတ် ခရမ်းချဉ်သီးကို ရေခမ်းပြုတ်ပြီး အနှစ်တွေကို ထည့်ပါ။ ငရုတ်သီးစိမ်း သို့မဟုတ် ငရုတ်သီးအလှော်ထောင်းမွှေးမွှေးလေး ကြိုက်နှစ်သက်ရာကို ထည့်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ အရသာချဉ်ဖြုန်းလေးနဲ့ နယ်စားလို့ ကောင်းလှပါတယ်။ ခရမ်းချဉ်သီးကြိုက်တတ်တဲ့မောင်နှမတွေအတွက်ပါနော်။ တို့စရာကတော့ ကြက်သွန်မြိတ်၊ ဂျူးမြစ်၊ မာလာဖူး၊ သခွားသီးတို့အပြင် မိမိနှစ်သက်ရာ အသီးအရွက်အစုံအလင်နဲ့ စိတ်ကြိုက် ထမင်းမြိန်မြိန်သုံးဆောင်နိုင်ပါတယ်နော့့်

Sunday, February 24, 2008

ငါးမြင်းဇီးဖြူသီးချက်

1 comments
ဒီတစ်ခေါက်မှာ ကျွန်မရဲ့မောင်နှမတွေကို ငါးမြင်းနဲ့ ဇီးဖြူသီးချက်ကျွေးပါရစေနော်။ ငါးမြင်းဗိုက်သားက အဆီတွေအများကြီးပါတယ်လေ။ ဒါပေမယ့် အချဉ်လေးနဲ့ ချက်တဲ့အခါ စားလို့ကောင်းတာမို့ ငါးမြင်းဗိုက်သားနဲ့ ဇီးဖြူသီးကိုချက်ကျွေးပါရစေနော်။
ငါးမြင်းဇီးဖြူသီးဟင်းချက်ဖို့ လိုအပ်တာတွေကတော့ ငါးမြင်း၊ ဇီးဖြူသီး၊ ငရုတ်သီးအပုအပွတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ဆား၊ နနွင်းမှုန့်နဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။
ငါးမြင်းကို ရေဆေးပြီး အရွယ်တော်အတုံးလေးတွေဖြစ်အောင် တုံးပေးပါနော်။ ပြီးတော့မှ ငါးကို ဆား၊ နနွင်းမှုန့်၊ ငံပြာရည်၊ အချိုမှုန့်တို့နဲ့ နယ်ပေးထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာထားပြီး ငရုတ်သီးအပုတောင့်နဲ့ ထောင်းထားပေးပါနော်။ ဇီးဖြူသီးတွေကိုလည်း ထုပြီးတော့ အစေ့တွေဖယ်ထားပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေး နည်းနည်းထည့်လိုက်ပါပြီ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီး ရွှေအိုရောင်ပြောင်းလာတဲ့အခါမှာတော့ နယ်ထားတဲ့ ငါးတွေကိုထည့်ပြီး ငရုတ်သီးတွေနဲ့ နှံ့အောင်မွှေပေးပါနော်။ ပြီးရင် အိုးအဖုံးလေးပိတ်ပြီး ခဏလောက်တည်ပေးပါ။ ရေကုန်လို့ ဟင်းအိုး ဖျစ်ဖျစ်မြည်လာရင် ဇီးဖြူသီးစိတ်တွေကိုထည့်၊ ငါးမြုပ်အောင်ရေထည့်ပြီး အဖုံးအုပ်ပြီး မီးအသင့်အတင့်နဲ့ ခပ်ကြာကြာလေးတည်ပေးပါ။ ဒါမှ ဇီးဖြူသီးထဲက အချဉ်တွေက ငါးထဲကို အရသာဝင်သွားမှာလေ။ ဟင်းအိုး ဆီပြန်ပြီဆိုရင် အပေါ့အငံကိုမြည်းပြီး ငရုတ်သီးလေးတွေကို ထက်ခြမ်းခွဲထည့်ပြီး အဖုံးအုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ဖြုံးဖြုံးအရသာလေးနဲ့ ငါးမြင်းဇီးဖြူချက်လေး ရပါပြီနော်။

ဂေါ်ဖီဟင်းခါး

0 comments
ဒီနေ့တော့ ကျွန်မမောင်နှမတွေကို မြန်လွယ်ကောင်းဟင်းချိုချက်နည်းလေးနဲ့ ဂေါ်ဖီဟင်းချိုလေး ချက်ကျွေးပါရစေနော်။ ဟင်းချိုကိုတော့ ထမင်းနဲ့စားတဲ့အခါပဲဖြစ်ဖြစ်၊ အသုပ်တွေ သုပ်စားတဲ့အခါမှာပဲဖြစ်ဖြစ် ဟင်းချိုဟင်းခါးလေးနဲ့ တွဲဖက်စားသုံးကြတာ အကျင့်တစ်ခုပါပဲနော်။
ဂေါ်ဖီဟင်းခါးချက်ဖို့အတွက် လိုအပ်တာတွေကတော့ ဂေါ်ဖီထုပ်၊ ပဲကြာဇံအနည်းငယ်၊ ကြက်ရိုး သို့မဟုတ် ပုစွန်ခြောက်၊ ဆား၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ချင်းနဲ့ ငရုတ်ကောင်းအနည်းငယ်တို့ပါနော်။






ပထမဦးဆုံးမှာ ကြက်ရိုးကို ခုတ်ထစ်ဆေးကြောပြီး ဆား၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အကျဲတို့နဲ့ နယ်ပေးပါနော်။ ချင်းနဲ့ ကြက်သွန်ဖြူကိုအခွံနွှာပေးထားပါ။ ချင်းကိုရေဆေးပြီး ခပ်ပါးပါးမျှင်မျှင်လေးတွေ ဖြစ်အောင် လှီးပေးပါ။ ပဲကြာဇံကိုလည်း ရေစိမ်ပေးထားပါ။ ဂေါ်ဖီဖတ်တွေကို တစ်ဖတ်ချင်းခွါပြီး ပိုးသတ်ဆေးကြွင်းအာနိသင်ကင်းအောင် ဆားရည်နဲ့ နာရီဝက်လောက်စိမ်ပေးပါ။ ပြီးတော့မှ ရေနဲ့တစ်ခါထပ်ဆေးပြီးတော့မှ ဂေါ်ဖီဖတ်တွေကို ခပ်ကြီးကြီးလေး ဖဲ့ထားပေးပါ။ တရုတ်နံနံကိုလည်း ရေဆေးပြီး ခပ်ရှည်ရှည်လေးဖြတ်ထားပေးပါ။
အဆင်သင့်ဖြစ်ပြီဆိုရင် အိုးတစ်လုံးထဲ ကြက်ရိုးတွေထည့်၊ ပြီးရင် လှီးထားတဲ့ ချင်းကိုထည့်၊ ပြီးတော့ ဆား၊ သကြားလေးနဲ့ ပဲငံပြာရည်အကျဲလေးနည်းနည်းထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါနော်။ ဟင်းရည်အိုး ပွက်ပွက်ဆူလာတဲ့အခါ ငရုတ်ကောင်းစေ့လေးတွေကို ငရုတ်ဆုံထဲ ထည့်ထောင်း၊ ပြီးတာနဲ့ ကြက်သွန်ဖြူကိုပါ မညက်တညက်လေးထည့်ထောင်းပြီး ငရုတ်ကောင်းကြက်သွန်ဖြူထောင်းကို ပွက်ပွက်ဆူတဲ့ဟင်းရည်အိုးထဲ ထည့်ပေးပါနော်။ ဟင်းရည်နည်းနည်းကျသွားအောင်ရော၊ ကြက်ရိုးထဲက အချိုရည်ထွက်လာအောင်ရော ခပ်ကြာကြာလေးတည်ပေးပါ။ ငရုတ်ကောင်းဟင်းခါးနံ့လေးမွှေးလာပြီ ကြက်ရိုးလည်းနူးလောက်ပြီဆိုရင်တော့ ကြာဇံနဲ့ ဂေါ်ဖီဖတ်တွေကိုထည့်ပြီး ဟင်းရည်အိုးကို နောက်ထပ်ပေးဆူလိုက်ပါနော်။ ဟင်းရည်အိုးဆူတာနဲ့ အပေါ့အငံမြည်း၊ လိုတဲ့အရသာလေးထည့်၊ စိတ်ကြိုက်ဖြစ်ပြီဆိုရင် တရုတ်နံနံလေးထည့်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။

Saturday, February 23, 2008

ဟင်းနုနွယ်ဆူးပုတ်ကြော်

1 comments
ဒီတစ်ခါတော့ သတ်သတ်လွတ်စားနေတဲ့မောင်နှမတွေရယ်၊ diet လုပ်နေသူတွေ၊ အသီးအရွက်ဆိုရင် သိပ်ကြိုက်တတ်တဲ့ မောင်နှမတွေအတွက် ဟင်းနုနွယ်ဆူးပုတ်ကြော်လေး ကြော်ကျွေးပါရစေဦးနော်။ ဟင်းနုနွယ်ကို ကြော်စားစား၊ သုပ်စားစား၊ ဟင်းချိုရည်ပဲလုပ်သောက်သောက်၊ ဟင်းနုနွယ်ရိုးနီကို ကုလားပဲနဲ့ ချဉ်ရည်ဟင်းပဲချက်ချက် ကျွန်မ သိပ်ကြိုက်ပါတယ်။ သွေးအားနည်းတတ်တဲ့ ကျွန်မအဖို့ ဟင်းနုနွယ်ကို နည်းမျိုးစုံအောင် ချက်စားရတာမို့ ရေနွေးဖျောပြီး ငါးပိရည်နဲ့ တို့စားရင်တောင် ကြိုက်ပါတယ်။ အခု ဟင်းနုနွယ်ကို ဆူးပုတ်ရွက်နဲ့ ကြော်ပါ့မယ်နော်။ ဆူးပုတ်ရွက်ကိုလည်း ရေနွေးဖျောပြီးတို့သလို ပဲကြီးဆူးပုတ်ကလည်း ခွဲမရတဲ့အတွဲပါနော်။ ကန်ဇွန်းရွက်၊ ဖလံတောင်ဝှေးတို့ကိုလည်း ဆူးပုတ်နဲ့အတူရောကြော်သလို ဆူးပုတ်ကို ဘဲဥနဲ့ကြော်စားတာလည်း ရှိကြသေးတယ်လေ။
အခုတော့ ဟင်းနုနွယ်ဆူးပုတ်ကြော်ဖို့ လိုအပ်တာလေးတွေကို ပြောပြမယ်နော်။ ဟင်းနုနွယ်ရွက်၊ ဆူးပုတ်အရွက်နုလေးတွေရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်နီရယ်၊ ဆား၊ ပဲငံပြာရည်အကြည်၊ ဆီနဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။ ဟင်းနုနွယ်ကို သင်တဲ့အခါ ပင်စည်ကအမျှင်လေးတွေကို သေချာဖယ်ပစ်ရတာမို့ လက်ဝင်လှတယ်ဆိုပေမယ့် မိသားစုတွေ၊ သူငယ်ချင်းတွေ စကားပြောရင်း တစ်ယောက်တစ်လက်နဲ့ ၀ိုင်းကူရင် ခဏလေးပါနော်။ ပြီးတော့မှ ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါနော်။ ဆူးပုတ်ရွက်ကိုလည်း ရေစင်အောင်ဆေးပြီး အညွန့်လေးတွေကိုလည်း ချွေပြီးတော့ ရေစစ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး အခွံနွှာထားပေးပါ။ ကြက်သွန်နီကိုလည်း အခွံနွှာပြီး တခြမ်းကို မထူမပါးလေး လှီးပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုတာနဲ့ မီးဖိုပေါ်ဒယ်အိုးတင်၊ ပြီးရင်ဆီထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ မထူမပါးလှီးထားတဲ့ ကြက်သွန်နီတို့ကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်တွေနွမ်းပြီး စိမ်းနံ့ပျောက်ပြီဆိုတာနဲ့ ဟင်းနုနွယ်ရွက်တွေကိုထည့်ပါ။ တဆက်တည်းဆိုသလို မီးအပူရှိန်ကိုမြင့်ထားပြီး ဆားနဲ့ အချိုမှုန့်လေးနည်းနည်းကိုထည့်ပြီး မွှေပေးပါ။ ဟင်းနုနွယ်က နည်းနည်းမာတာမို့ နူးသွားရအောင် ရေလေးနည်းနည်းထည့်ပြီး ခဏလောက်အဖုံးအုပ်ပေးထားပါနော်။ ၂ မိနစ်လောက်နေရင် အဖုံးဖွင့်ပြီး ဆူးပုတ်ရွက်နုလေးတွေကိုထည့်ပြီး ဟင်းနုနွယ်တွေနဲ့ သမအောင် ရောကြော်ပေးပါ။ (ဆူးပုတ်ရွက် ရင့်တယ်လို့ ထင်ရင်တော့ ဟင်းနုနွယ်နဲ့အနူးညီအောင် ရေမထည့်မီထည့်ပြီး အဖုံးအုပ်ပေးပါနော်။) ပြီးရင်တော့ အပေါ့အငံ အရသာလေးမြည်းပြီး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချနိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ ဟင်းနုနွယ်ဆူးပုတ်ကြော်လေး ရပါပြီနော်။

ခေါင်းတစ်ရာသားအိုးကပ်

2 comments
ဒီနေ့တော့ ကျွန်မရဲ့ချစ်မောင်နှမတွေကို ငါးဘဲအိုးကပ်လေး ချက်ကျွေးပါရစေဦးနော်။ ခေါင်းတစ်ရာသားကိုစားသုံးပါက မှတ်ဥာဏ်ကောင်းတယ်လို့ငယ်တုန်းက သင်ခန်းစာထဲမှာ သင်ခဲ့ဖူးတယ်နော်။ ငါးစားရင် အရိုးစူးမှာ သိပ်ကြောက်တဲ့ ကျွန်မရဲ့အိမ်ကအကိုတော်နဲ့ မောင်တော်အတွက်လည်း အရိုးပါ ၀ါးစားလို့ရတဲ့ ငါးလေးအိုးကပ်ကို ချက်ကျွေးရင် အဆင်ပြေတယ်လေ။ ကလေးတွေအတွက်ဆိုရင်လည်း အရိုးပါစားလို့ငါးအိုးကပ်လေးနဲ့ ချဉ်ပေါင်ရွက်ဟင်းရည်ချွဲချွဲလေး ချက်ပေးရင် ကြိုက်ကြတာမို့ ချက်ကျွေးလိုက်ပါတယ်နော်။ ငါးအိုးကပ်ချက်ဖို့အတွက်လိုအပ်တာတွေကတော့ ငါးဘဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအရောင်မှုန့်၊ နနွင်းမှုန့်၊ ငံပြာရည်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက် သို့မဟုတ် နံနံပင်တို့ပါနော်။

ငါးဘဲကို ခေါင်းနဲ့ဝမ်းဗိုက်သားတွေမပါအောင် ဖဲ့ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားပါနော်။ ပြီးရင် ငါးကို ဆား၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရည်၊ နနွင်းမှုန့်တို့နဲ့ နယ်ပေးပါ။ ချင်း၊ ကြက်သွန်ဖြူနဲ့အနီကိုလည်း အခွံနွှာရေဆေးပြီး မထူမပါးလေး လှီးပေးထားပါ။ ပြီးရင် ငရုတ်ဆုံထဲကို ငရုတ်သီးအရောင်မှုန့်လေး ထည့်ပြီး ရေလေးနည်းနည်းထည့်ပြီး ဖျော်လိုက်ပါ။ ပြီးတော့မှ လှီးထားတဲ့ ချင်းကို အရင်ထည့်ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူနီတို့ကို အတူ ရောထောင်းထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး မထူမပါးလေးတွေဖြစ်အောင် လှီးပေးထားပါ။ နံနံပင်ကိုလည်း အမြီးဖြတ်သန့်စင်ထားပြီး ရေစင်အောင် ဆေးထားပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေး နည်းနည်းထည့်လိုက်ပါပြီ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီး ရွှေအိုရောင်ပြောင်းလာတဲ့အခါမှာတော့ နယ်ထားတဲ့ ငါးတွေကိုထည့်ပြီး ငရုတ်သီးတွေနဲ့ နှံ့အောင်မွှေပေးပါနော်။ အပေါ့အငံအရသာကို မြည်းပြီး မီးခပ်နွေးနွေးနဲ့ပဲ ဖြေးဖြေးချင်းအိုးကပ်အောင် တည်ပေးပါနော်။ အိုးကပ်ခါနီးကျမှ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေထည့်ပါ။ ဆီဖျစ်ဖျစ်မြည်ပြီး ငါးလေးတွေခြောက်သွားပြီရင် ငါးလေးတွေကို ဟိုဘက်ဒီဘက်လှန်ပေးပြီး နံနံပင်လေးအုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ နံနံပင်နံ့သင်းသင်းလေးနဲ့ ငါးလေးအိုးကပ်စပ်စပ်လေးရပါပြီနော်။ ကင်ပွန်းရွက်ဟင်းရည်၊ ချဉ်ပေါင်ဟင်းရည်သောက်တို့နဲ့ တွဲဖက်သုံးဆောင်ပါနော်။

ဝဥသုပ် (တောသုပ်)

2 comments


ဒီနေ့တော့ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင်၊ diet လုပ်ချင်သူတွေအတွက်လည်း
အဆင်ပြေသွားရအောင် ၀ဥသုပ်လေး သုပ်ကျွေးပါရစေနော်။ ၀ဥကို အင်္ဂလိပ်လို yam
tuber လို့ ခေါ်ပါတယ်။ သိပ္ပံအမည်ကတော့ Amorphophallus campanulata လို့
ခေါ်ပါတယ်နော်။ အခု ကျွန်မသုပ်မယ့် ၀ဥကတော့ သဘာဝအတိုင်း ရလာတဲ့ ၀ဥကို
အခွံနွှာ၊ ရေဆေး၊ ၀ဥတွေကို မုန့်ကြိတ်သလိုကြိတ်ပြီးတော့မှ
ပြန်ပေါင်းလို့ရတဲ့ ၀ဥပါနော်။
ဝဥကို သုပ်စားတာအပြင် မျှစ်ချဉ်ဟင်းနဲ့ချက်တဲ့အခါတို့၊
တာလပေါဟင်းချက်တဲ့အခါတို့၊ သတ်သတ်လွတ်ဟင်းတွေ ချက်တဲ့အခါမှာ အဓိကထားပြီး
သုံးကြပါတယ်။ အခုတစ်ခါမှာတော့ ၀ဥသုပ်လေး(တောသုပ်)ကျွေးပါရစေနော်။


ဝဥသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀ဥ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊
ငံပြာရည်၊ ငရုတ်သီးအကျက်မှုန့်၊ အချိုမှုန့်၊ သံပုရာရည်တို့ပါနော်။
(ဆီချက်၊ ပဲမှုန့်အကျက်မှုန့်၊ ပုဇွန်ခြောက်မှုန့်တို့၊ ရှောက်ရွက်၊
သခွါးသီးသုပ်တို့နဲ့လည်း သုပ်နိုင်ပါတယ်)။
ဈေးက၀ယ်လာတဲ့ ၀ဥကို ရေလေးလိုက်ပါဦးနော်။ ပြီးတော့မှ ၀ဥကို
ပါးပါးလေးတွေဖြစ်အောင်အပြားလိုက်လှီးပြီး ဆားအနည်းငယ်နဲ့လူးပေးပါ။
ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ ဒယ်အိုးကို
ဆီလေးနည်းနည်းသုပ်လိုက်ပါ။ ပြီးတော့မှ လှီးထားတဲ့ ၀ဥလေးတွေကို ဒယ်အိုးမှာ
စီစီရီရီတင်ပြီး ၀ဥကို မီးအသင့်အတင့်နဲ့ လှော်ပေးပါနော်။
အဲ့ဒီလိုလုပ်လိုက်ရင် ၀ဥထဲ အရသာလေးနည်းနည်းဝင်သွားပြီး
ရေဓာတ်နည်းနည်းခမ်းသွားတဲ့အတွက် စားတဲ့အခါမှာ ထုတ်ထုတ် ထုတ်ထုတ်နဲ့
ဝါးလို့ကောင်းလှပါတယ်။ ပြီးတော့မှ ၀ဥကို ခပ်ပါးပါးလေးတွေဖြစ်အောင်
ပြန်လှီးပေးထားပါနော်။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေး၊ ပါးပါးလှီးပြီး
ရေစင်အောင်ဆေးပြီး ညှစ်ပေးထားပါ။ ကြက်သွန်မြိတ်ကိုလည်း ရေဆေးပြီး
ပါးပါးလှီးပေးထားပါ။ သံပုရာသီးကိုလည်း ရေဆေးပြီး အစိပ်လေးတွေ
စိပ်ပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို လှီးထားတဲ့ ၀ဥ၊
ကြက်သွန်နီ၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်နဲ့
သံပုရာရည်တို့ကိုထည့်ပြီး လက်သန့်သန့်နဲ့ နယ်ပေးပါနော်။ ပြီးတော့မှ
ကြက်သွန်မြိတ်လေးတွေပါထည့်ပြီး နှံ့အောင်နယ်ပေးလိုက်ပါနော်။
ခပ်စပ်စပ်လေးစားချင်ရင်တော့ ငရုတ်သီးစိမ်းလေးတွေ
ထောင်းထည့်လိုက်ပါဦးနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့
ဝဥသုပ်လေး ရပါပြီနော်။ ငရုတ်ကောင်းဟင်းခါးလေးနဲ့ တွဲပြီး
သုံးဆောင်ပါနော်။

Thursday, February 21, 2008

ပုစွန်ချဉ် တည်နည်း

6 comments
ဒီနေ့ မယုယုစံအပါအ၀င် မောင်နှမများအားလုံးအတွက် ပုစွန်ချဉ်တည်နည်းလေးကို ပြောပြပါရစေနော်။
ပုစွန်ချဉ်တည်ဖို့ လိုအပ်တာတွေကတော့ ပုစွန်ဘော့ချိတ် ဒါမှမဟုတ် အရွတ်ခပ်လတ်လတ် (၂၅) ကျပ်သား၊ ထမင်း(ကလေးလက်သီးဆုပ်တစ်ဆုပ်)၊ ဆား (စားပွဲတင်ဇွန်း၎ ဇွန်း)၊ ငှက်ပျောဖက် စတာတို့ပါနော်။
စစချင်းမှာ ပုဇွန်တွေကို ခေါင်းက အခွံမာတွေခွာပစ်ပါ။ ခြေချောင်းတွေကို ဖယ်ပစ်ပြီး ရေစင်အောင် ဆေးပေးပါနော်။ ပုဇွန်အကောင်သိပ်ကြီးရင်တော့ ဘေးအခွံတွေပါ အကုန်ခွာပစ်ပါနော်။ ပြီးတော့ ဇကာခုံးလေးထဲ ပုစွန်တွေကိုထည့်ပြီး ရေစစ်ပေးထားပါ။ ငှက်ပျောဖက်တွေကို သန့်စင်အောင် ရေဆေးပြီး ခြောက်သွေ့အောင် ပြုလုပ်ထားပေးပါ။ ဖက်မသုံးရင် ပုလင်း/ အင်တုံ/ စဥ့်အိုး စသဖြင့် အသုံးပြုနိုင်ပါတယ်နော်။

ထမင်းကို ခပ်မာမာချက်ထားပြီး အအေးခံထားပါနော်။ ထမင်းအေးသွားပြီဆိုရင် လက်ကို သန့်အောင် ဆေးပြီးတော့ ထမင်းမာမာနဲ့ ဆာနဲ့ နှံ့အောင် ထမင်းကျေအောင် နယ်ပေးပါ။ ပြီးတော့မှ ထမင်းနဲ့ ပုဇွန်အသားတွေကို နှံ့အောင်နယ်ပေးပါ။ ပြီးရင် ငှက်ပျောဖက်နဲ့ ထုပ်မယ်ဆိုရင်တော့ ငှက်ပျောဖက်ကို နှစ်ထပ်သုံးထပ်လောက် အောက်ခံထားပြီး အပေါ်ကနေ ပုဇွန်နဲ့ထမင်းနယ်ထားတာတွေကို ထည့်ပြီး ကျစ်လျစ်နေအောင် ထုပ်ပေးပါ။ ဖက်မရှိခဲ့ရင်လည်း ခုနက နယ်ထားတဲ့ ပုဇွန်နဲ့ ထမင်းတွေကို ပုလင်း ဒါမှမဟုတ် အင်တုံထဲထည့်ပြီး အပေါ်ကနေ ဆားလေးနည်းနည်းထပ်ဖြူးပြီး ပိတ်စိမ်းပါးလေးအုပ်ပြီးတော့ ပိတ်စကိုကြိုးနဲ့ခိုင်အောင်ချည်နှောင်ပြီး ပုလင်းနဲ့သိပ်ထားတာဆိုရင် အထဲကနေ အချဉ်တွေလည်း စီးကျလာမှာမို့ ပုလင်းအောက်မှာ ကြွေဇလုံတစ်ခုခံထားပြီး ပုလင်းကို ဇောက်ထိုးထားပေးပါ။ အင်တုံနဲ့ တည်ထားတယ်ဆိုရင် အပေါ်က ပိတ်စနဲ့ အုပ်ပြီးရင် အပေါ်ကနေ ငရုတ်ဆုံ ဒါမှမဟုတ် ကျောက်ပြင်ကဲ့သို့ လေးလံမယ့်အတုံးကြီးနဲ့ ဖိထားပေးပါ။ ရာသီဥတုအေးရင်တော့ ပုဇွန်ချဉ်ဖို့ အချိန်ကြာမှာဖြစ်ပါတယ်နော်။ မြန်မာပြည်ရာသီဥတုနဲ့ဆိုရင် ငါးရက်လောက်ဆိုရင်တော့ ချဉ်ပါပြီ။ အရမ်းချဉ်သွားမှာစိုးရင်တော့ ရေခဲသေတ်တာထဲ ထည့်ထားပြီး အချဉ်ဓာတ်ထိန်းထားနိုင်ပါတယ်နော်။
ရလာတဲ့ ပုဇွန်ချဉ်ကိုမှ သုပ်စားတဲ့အခါမှာ ပုဇွန်ချဉ်သုပ်ထဲကိုထည့်ဖို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံနွှာ ပါးပါးလှီး ရေစင်အောင်ဆေးထားပါနော်။ ပြီးရင် ဂျူးမြစ်ကိုလည်း ရေစင်အောင်ဆေးပြီး လှီးပေးထားပါ။ ပင်စိမ်း ဒါမှမဟုတ် နံနံပင်နဲ့ ငရုတ်သီးစိမ်းတို့ကိုလည်း ရေဆေးပြီး ပါးပါးလှီးပေးထားပါနော်။ ပြီးရင်တော့ ဇလုံတစ်လုံးထဲကို ပုဇွန်ချဉ်ရယ်၊ လှီးထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ပင်စိမ်း၊ ဂျူးမြစ်၊ ငရုတ်သီးစိမ်းစတာတွေကိုထည့်၊ ပြီးတော့ အချိုမှုန့်လေးနည်းနည်းနဲ့ ဆီတို့ကို ထည့်ပြီး ရောနယ်ပါ။ အဲ့ဒါဆိုရင်တော့ ပုဇွန်ချဉ်သုပ်လေး ရပါပြီနော်။

Wednesday, February 20, 2008

ငါးနဲ့မျှစ်ချဉ်ဟင်းချက်နည်း

0 comments

မျှစ်ချဉ်တည်နည့်း့ 
မျှစ်ချဉ်လုပ်တဲ့အခါမှာ များသောအားဖြင့် ၀ါးပိုးမျှစ်ကို သုံးကြပါတယ်။ မျှစ်ကတော့ မိုးတွင်းဘက်မှာ ထွက်တာဖြစ်တဲ့အတွက် မျှစ်ချဉ်ကို မိုးတွင်းမှာတည်ကြပါတယ်။ ၀ါးပိုးမျှစ်လတ်လတ်ဆတ်ဆတ်ကို ၀ယ်ပြီး အခွံအရင့်ဖတ်တွေကို ခွါပစ်ပါ။ ပြီးလျှင် ပါးပါးလှီးတာကြိုက်ရင် ပါးပါးလှီးပါ။ တချို့ကို ထက်ခြမ်း ဒါမှမဟုတ် မျှစ်စို့ပေါက်တစ်ခုလုံးကိုပဲ ရေသန့်သန့်နဲ့ စိမ်ပေးပါ။ မျှစ်စိမ်ထားတဲ့ရေကို တစ်နေ့တစ်ကြိမ်ရေသစ်လဲပေးပါနော်။ တစ်ပတ်ပြည့်တဲ့ရက်မှာ ရေတွေကို သွန်ပစ်ပြီး ဆန်ကွဲနဲ့ဆားရောပြီး နယ်ထားတာကို မျှစ်ဖတ်များကို သေသေချာချာနှံ့အောင် နယ်ပေးပါ။ ပြီးရင်တော့ ပလတ်စတစ်ဇလားသန့်သန့် ဒါမှမဟုတ် စဥ့်အင်တုံသန့်သန့်ထဲမှာ နယ်ပြီးသားမျှစ်တွေကို သေသေချာချာ သိပ်ပေးပြီး အပေါ်ကနေ ဖက် သို့မဟုတ် ပိတ်စိမ်းပါးနဲ့ လုံအောင်ပိတ်ပြီး အပေါ်ကနေ ဆားရည်ဖျော်ပြီး ထပ်လောင်းပေးပါ။ (ဆားရည်ဖျော်တဲ့ အခါ ရေနဲ့ဆားကိုကျိုပြီးတော့ အအေးခံပြီးမှ ဖျော်ပါနော်။) အဲ့ဒါဆိုရင်တော့ နှစ်လုံးပေါက်ထားနိုင်ပြီး ရေရှည်စားသုံးဖို့အတွက် အထားခံတဲ့ မျှစ်ချဉ်ကို ရပါပြီနော်။ ကျွန်မအဘွားကတော့ အခုလို နွေပေါက်လာပြီဆိုရင်တော့ မျှစ်တွေလည်း ကောင်းကောင်းမွန်မွန်ချဉ်ပြီမို့ မျှစ်တွေကို ဆယ်ယူ၊ ရေစစ်ပြီး အခြောက်လှန်းတာရှိသလို၊ မျှစ်စို့ပေါက်ကြီးတွေကိုကျတော့ သုံးလေးရက်နေလှန်းပြီး အိုးပြန်သိပ်လေ့ရှိပါတယ်။ အဲ့ဒါဆိုရင်တော့ ရေတွေအရမ်းမဆွတ်၊ အချဉ်လည်း မလွန်ဘဲ မျှစ်အခိုးလည်းနည်းပြီး စားလို့ကောင်းပါတယ်နော်။


မျှစ်ချဉ်နဲ့ငါးဟင်းချက်ဖို့လိုအပ်တာတွေကို အရင်ပြောပြမယ်နော်။
မျှစ်ချဉ်၊ ငါးကြင်း၊ ကြက်သွန်ဖြူ၊ နီ၊ ဆီ၊ ငရုတ်သီးအပုတောင့်၊
ဆန်လှော်မှုန့်၊ နနွင်းမှုန့်၊ သကြားအနည်းငယ်၊ ငါးပိစိမ်းစား၊
ငံပြာရည်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်တို့ပါနော်။
မျှစ်ချဉ်ကို ရေဆေးပြီး အချဉ်ဓာတ်ကဲမှာစိုးရင် တစ်ရေလောက်
ပြုတ်ပစ်ပါနော်။ ငါးကိုလည်း အကြေးခွံဖယ်၊ အတောင်ခုတ်၊
ဘေးဆူးတောင်တွေဖယ်ရှား၊ ဗိုက်ခွဲကလီစာတွေထုပ်ပစ်ပြီး
အရွယ်တော်အတုံးတုံးပါနော်။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာထားပြီး
ငရုတ်သီးအပုတောင်နဲ့ထောင်းထားပေးပါနော်။ ငါးကိုတော့ ဆား၊ အချိုမှုန့်၊
ငံပြာရည်၊ သကြားတို့နဲ့ နယ်ပေးထားပါနော်အိုးတစ်လုံးထဲမှာ မျှစ်ချဉ်ကို ဆား၊ အချိုမှုန့်၊ ငါးပိစိမ်းစား၊
သကြားတို့နဲ့နယ်၊ ပြီးတော့ ဆန်လှော်မှုန့်ပါထည့်ပြီး အားလုံးသမအောင်
နယ်ပြီး မျှစ်ချဉ်ရေမြုပ်တဲ့အထိ ရေထည့်ပြီး ပွက်ပွက်ဆူအောင်
တည်ထားပေးပါနော်။ ဒီဘက်မှာ မီးဖိုပေါ် ဒယ်အိုးတစ်လုံးတင်၊ ဒယ်အိုးထဲကို
ဆီနည်းနည်းလေးထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကိုထည့်ပြီး
ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ငါးကိုထည့်ပြီး ဆီသတ်တာ
နှံ့သွားပြီဆိုရင်တော့ မျှစ်ချဉ်အိုးထဲကို ဆီသတ်ထားတဲ့ငါးတွေကို
လောင်းထည့်ပေးပါ။ ပြီးရင်တော့ မီးအသင့်အတင့်နဲ့ မျှစ်ချဉ်ဟင်းကို
တည်ပေးထားပါ။ မျှစ်ချဉ်က ကြာကြာတည်လေ စားကောင်းလေဆိုတော့ တတ်နိုင်သလောက်
ကြာကြာတည်ပြီးတော့မှ သုံးဆောင်ပါနော်။ အဲ့ဒါဆိုရင်တော့
ငါးနဲ့မျှစ်ချဉ်ဟင်းလေး ရပါပြီနော်။

ထမနဲ သို့မဟုတ် ထမင်းနဲ

2 comments

မြန်မာတို့ရဲ့ ၁၂ လရာသီမှာ တပို့တွဲလ ထမင်းနဲပွဲလို့ ဆိုတဲ့အတိုင်း ပွဲတော်များ လစဉ် ရှိပါတယ်။ နက်ဖြန် တပို့တွဲလပြည့်နေ့မို့ ဒီနေ့ဆို ထမနဲထိုးဖို့ ပြင်ကြတော့တာပေါ့။ ထမနဲထိုးခြင်းနဲ့ စည်းလုံးညီညွတ်မှုကို ပြလေ့ရှိတယ်လို့လည်း လူကြီးသူမတွေကလည်း ဆိုကြပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်း ကောင်းရုံနဲ့ ထမနဲကောင်းမဖြစ်လာနိုင်ပါဘူး။ ထိုးသားများအားလုံးတက်ညီလက်ညီနဲ့ အားသွန်ခွန်စိုက် အတိုင်အဖောက်ညီစွာနဲ့ လုပ်ကိုင်မှသာ ထမနဲကောင်းရတာမဟုတ်ပါလား။
အခုတော့ မိသားစုတစ်နိုင်စာ ထမနဲထိုးကြရအောင်နော့့် လိုအပ်တာတွေကတော့ ကောက်ညှင်းတစ်ပြည်၊ မြေပဲ ၅၀ ကျပ်သား၊ အုန်းသီး တစ်လုံး၊ နှမ်း ၂ ကျပ်ခွဲသား (နှမ်းနက်ဆိုရင် ပိုကောင်းပါတယ်နော်)၊ ဆီ ၃၀ သား၊ ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ၊ ဆားအနည်းငယ်တို့ပါနော်။

ကောက်ညှင်းကို သန့်စင်အောင် ရေဆေးပြီးနောက် အနည်းဆုံး ၆ နာရီကြာအောင် ရေစိမ်ပေးထားပါနော်။ အုန်းသီးကို အုန်းမှုတ်ခွက်ကွဲအောင် ခွဲပြီးတော့မှ အုန်းသီးအသားတွေကို ပါးပါးလွှာလွှာလေးဖြစ်အောင်လှီးပေးထားပါ။ တချို့ကိုလည်း ခြစ်ပြီးတော့ အုန်းနို့ဦးရည်လေး နည်းနည်းယူထားပေးပါ။ ချင်းကိုလည်း အခွံနွှာ ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပြီး တစ်နေလောက်တော့ လှန်းပေးထားပါနော်။ မြေပဲကိုလည်း အခွံနွှာပြီး လေးစိတ်ကွဲလေးဖြစ်အောင် ထုထောင်းပေးထားပါနော်။ နှမ်းကိုလည်း ဖုန်သဲ သန့်စင်အောင် လုပ်ပေးထားပြီး လှော်ပေးထားပါ။ ကြက်သွန်ဖြူကိုလည်း ဓါးပြားရိုက်ပြီး အခွံနွှာပေးထားပါ။
အားလုံးအသင့်ပြင်ထားပြီးပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ လှီးထားတဲ့အုန်းသီးတွေထဲက တစ်ဝက်ကို မီးအသင့်အတင့်နဲ့ ကြော်ပေးပါနော်။ အုန်းကြော်လေး ရွှေဝါရောင်သန်းတာနဲ့တပြိုင်နက်ဆယ်ယူပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်လေးဖယ်ထားပေးပါနော်။ ပြီးရင် မြေပဲကိုကြော်ပါမယ်၊ မြေပဲ ကျက်တာနဲ့ ပန်းကန်ထဲ ဆယ်ယူပြီး ထည့်ထားပေးပါနော်။ ပြီးတာနဲ့ လှီးထားတဲ့ ချင်းနဲ့ ကြက်သွန်ဖြူတွေကိုထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်ဖြူစိမ်းနံ့ပျောက်တာနဲ့ ရေစိမ်ထားတဲ့ ကောက်ညှင်းတွေကို ဆယ်ယူထည့်၊ ဆားနဲ့ သကြားအနည်းငယ်ဆီကိုလည်းထည့်ပြီး ဆီသတ်ပေးပါ။ ပြီးတာနဲ့ အုန်းနို့ဦးရည်နဲ့ ရေကို ကောက်ညှင်းအပေါ်ကနေ လက်တစ်ဆစ်ခွဲမှ နှစ်ဆစ်ခန့်မြုပ်တဲ့အထိ ထည့်ပြီး အဖုံးအုပ်ပြီးတည်ပေးပါနော်။ အောက်ခြေက မကပ်သွားရလေအောင် မီးကို အသင့်အတင့်ထားပြီး တည်ပေးပါ။ ရေခန်းခါနီးကျရင် အဖုံးဖွင့်ပြီး အုန်းသီးအစိမ်းဖတ်လေးတွေကိုထည့်ပြီး ယောက်မကိုယ်စီကိုင်ပြီး မွှေပါ။ ကောက်ညှင်းစေ့လေးတွေ ကြေသွားတာနဲ့ကြော်ထားတဲ့ အုန်းကြော်တစ်ဝက်နဲ့ မြေပဲကြော်တ၀က်တို့ကိုထည့်ပြီး အားမာန်အပြည့်နဲ့ တက်ညီလက်ညီ ယောက်မကိုယ်စီကိုင်ပြီး နှဲပါ။ နောက်ဆုံးကျတော့မှ နှမ်းဖြူးပြီး အားလုံးသမသွားအောင် မွှေပေးပါ။ အပေါ့အငံအရသာကိုမြည်းပြီး ဆားနဲ့ သကြားအနည်းငယ် ထည့်နိုင်ပါတယ်နော်။ အဲ့ဒါဆိုရင်တော့ စုပေါင်းအင်အားနဲ့ထိုးထားတဲ့ အနံ့အရသာနဲ့ပြည့်စုံလှတဲ့ ထမနဲရပါပြီနော်။ ကျွန်မကတော့ ဒီညမှ အိမ်မှာ ထမနဲထိုးမှာပါနော်။ ကျွန်မ ညီမလေး ရတနာ မေးထားတာ ကြာပါပြီ။ ကျွန်မ အခုမှ တင်ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါနော်။
(မှတ်ချက်။ ။ မော်လမြိုင်က ကျွန်မအဘွားလုပ်နေကျ နည်းဖြစ်ပါတယ်နော်။ ရန်ကုန်က ထမနဲနဲ့တော့ ကွာမယ်ထင်ပါတယ်နော်)

Tuesday, February 19, 2008

သင်္ကြန်ထမင်းလုပ်စားရအောင်

2 comments

သင်္ကြန်ထမင်းကို မော်လမြိုင်ဘက်က အဓိကစားသုံးကြပါတယ်။ သင်္ကြန်အချိန်မှာတင်မကဘဲ တစ်နှစ်ပတ်လုံး စားသုံးကြပါတယ်။ မော်လမြိုင်မှာတော့ နံနက်စာ မုန့်ဟင်းခါးရောင်းတဲ့ဆိုင်တွေမှာ သင်္ကြန်ထမင်းကိုပါ တွဲဖက်ပြီး ရောင်းတဲ့ဓလေ့ရှိကြပါတယ်။ အထူးသဖြင့် နွေရာသီပူအိုက်တဲ့အချိန်မှာတော့ သင်္ကြန်ထမင်းကို နေ့စဉ်စားသုံးကြပါတယ်။ သင်္ကြန်ထမင်းကို စားသုံးတဲ့အခါမှာ တချို့က ဖယောင်းသင်းနံ့ကို မကြိုက်ပေမယ့် တချို့ကလည်း အဲ့ဒီဖယောင်းသင်းနံ့ကြောင့်မို့ ပိုပြီး စားကောင်းတယ်လို့ ဆိုပါတယ်။
သင်္ကြန်ထမင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်၊ ငါးခြောက် (အသားများတဲ့ငါးခြောက် ဥပမာ- ငါးရံ့ခြောက်၊ ငါးကွန်းရှပ်ခြောက်)၊ သရက်သီး သို့မဟုတ် မရမ်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအခြောက်တောင့်၊ ငါးပိစိမ်းစားအနည်းငယ်၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်၊ ဖယောင်း၊ နံ့သာဖြူ၊ နံ့သာနီတို့ပဲ ဖြစ်ပါတယ်နော်။


ထမင်းကို အရင်ချက်ကြရအောင်နော့့် 
ထမင်းကို ရိုးရိုးထမင်းရည်ငှဲ့တည်သလို တည်ရမှာဖြစ်ပါတယ်။ ထမင်းအိုး ပွက်ပွက်ဆူလာတဲ့အခါမှာ ထမင်းရည်မငှဲ့မီ ထမင်းစေ့ကို ကြည့်ရပါမယ်။ ထမင်းစေ့အများစုမှာ အလယ်က ဆန်စေ့လို ဖြူဖြူလေးတွေ ပျောက်ကုန်ပြီဆိုရင်တော့ ထမင်းရည်ကို အသာလေးငှဲ့ပစ်ပါ။ ပြီးရင်တော့ ဇကာခပ်ကြီးကြီးတစ်ခုထဲကို ထမင်းတွေ သွန်ထည့်ပြီး ရေအေးအေးနဲ့ ထမင်းရည်စင်အောင်ဆေးပါ။ ထမင်းရည် စင်အောင်ဆေးပြီး ဇကာထဲမှာပဲ ထမင်းတွေကို ရေစစ်ပေးထားပါနော်။

ငါးခြောက်ထောင်းကြော်အတွက် ပြင်ဆင်ကြရအောင့့်
ငါးခြောက်ကို အရိုးတွေခုတ်ဖယ်ပစ်ပြီး ငါးခြောက်အသားတွေကို ခြောက်လက်မအရှည်ဖြစ်အောင် ခုတ်ထစ်ထားပါ။ ပြီးရင် ဒယ်အိုးတစ်လုံးထဲ ရေထည့်၊ ငါးခြောက်တွေကိုပါထည့်ပြီး မီးဖိုပေါ်တင်ပြီး ပြုတ်ပစ်ပါ။ ငါးခြောက်နူးတဲ့အထိ ပြုတ်ပြီးရင် ငါးခြောက်တွေကို ဒယ်အိုးထဲကနေ ဆယ်ပြီး အအေးခံထားပါ။ အအေးခံပြီးသား ငါးခြောက်ကိုမှ အရိုးတွေဖယ်ပစ်ပြီး အသားတွေချည်း ယူထားပါ။ ပြီးတော့မှ ငါးခြောက်အသားတွေကို ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဒါမှမဟုတ်ရင်လည်း ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ ထောင်းပြီးသား ငါးခြောက်တွေကို သီးသန့်ဖယ်ထားပါ။ သရက်သီးကို သုံးမယ်ဆိုရင်လည်း အခွံနွှာ၊ ရေဆေးပြီး သရက်သီးတွေကို ခြစ်ထားပေးပါ။ မရမ်းသီးကို သုံးခဲ့မယ်ဆိုရင် မရမ်းသီးကို ရေဆေး၊ ထက်ခြမ်းခွဲ၊ အစေ့ထုတ်ပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာပြီး ရေဆေးပေးပါ။ ကြက်သွန်ဖြူကို ခပ်ပါးပါးလေးတွေ လှီးတဲ့ဟာလှီးပြီး ကျန်တာကို ထောင်းဖို့ ဖယ်ထားပေးပါ။ ကြက်သွန်နီကိုတော့ အနည်းဆုံးအလုံးကြီးငါးလုံးကို လေးစိတ်ထိုးပြီး ကျန်တဲ့တစ်လုံးကို မထူမပါးလှီးပြီး ထောင်းဖို့ ဖယ်ထားပေးပါ။ ငရုတ်သီးအခြောက်ွတောင့်ကိုလည်း သန့်ရှင်းအောင်
လုပ်ပေးထားပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို မညက်တညက်လေးဖြစ်အောင် ထောင်းပေးပါ။

ငါးခြောက်ထောင်းကြော်ရအောင့့် 
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုရင် မီးအသင့်အတင့်ထားပြီး ငရုတ်သီးအခြောက်တောင့်ကို ဦးစွာ ကြော်ပေးပါ။ အကျက်ညီပြီး မကျွမ်းသွားရအောင် သတိထားပြီးကြော်ပါ။ ကျက်သွားပြီဆိုရင် ငရုတ်သီးတောင့်တွေကို ဆီအိုးထဲကနေဆယ်ပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထားပေးပါ။ ပြီးရင်တော့ ကျန်တဲ့ ဆီထဲကို နနွင်းမှုန့်လေး ခပ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နဲ့မွှေးလာပြီဆိုရင်တော့ ပါးပါးလှီးထားတဲ့ မရမ်းသီးကိုထည့်ပါ။ ပြီးလျှင် ငါးပိစိမ်းစားကိုထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင်တော့ လေးစိပ်ထိုးထားတဲ့ ကြက်သွန်နီတွေကိုထည့်ပြီး မွှေပေးပါ။ ကြက်သွန်နီစိမ်းနံ့ပျောက်ပြီဆိုရင်တော့ ထောင်းထားတဲ့ငါးခြောက်တွေကိုထည့်ပြီး ကြော်ပေးပါ။ ပြီးရင် အပေါ့အငံအတွက် ဆား၊ အချိုမှုန့်တို့ကို လိုသလိုထည့်ပေးပါ။ ငါးခြောက်ကို မရမ်းသီးနဲ့ ကြော်တာမို့ အကြော်က စိုဖတ်ဖတ်လေးဖြစ်နေပါမယ်။ အဲ့ဒါဆိုရင်တော့ မရမ်းသီးငါးခြောက်ထောင်းကြော်ရပါပြီ။ (တချို့ကတော့ ငါးခြောက်ထောင်းကြော်သပ်သပ်၊ မရမ်းသီး ဒါမှမဟုတ် သရက်သီးသုပ်သပ်သပ် စီစဉ်တတ်ကြပါတယ်)

ဖယောင်းသင်းရည်အတွက် ပြင်ကြရအောင့့် 
အုတ်ကြွတ်ပြားခပ်သေးသေးတစ်ခု ဒါမှမဟုတ် အုတ်နီခဲသေးသေးလေးကို မီးကင်ပါ။ မီးကင်နေစဉ်မှာ ဒီဘက်က ဖယောင်းနည်းနည်းရယ်၊ နံ့သာဖြူ၊ နံ့သာနီတွေကို သေးသေးလေးတွေဖြစ်အောင် ဖြတ်ပေးပါ။ မြေအိုးတစ်လုံး ဒါမှမဟုတ် ဒန်အိုးတစ်လုံးကို သန့်စင်အောင်ဆေးပြီး ခြောက်သွေ့အောင်လုပ်ပေးထားပါ။ ပြီးတော့မှ ရဲရဲနီနေတဲ့ အုတ်ခဲလေးပေါ်မှာ ဖယောင်း၊ နံ့သာဖြူ၊ နံ့သာနီတွေကိုတင်လိုက်ပါ။ မီးခိုးငွေ့လေးတွေတက်လာတာနဲ့ တပြိုင်နက် အဆင်သင့်ပြင်ထားတဲ့ အိုးကိုအပေါ်ကနေ အုပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ဖယောင်းနံ့သာသင်းနံ့တွေက အိုးမှာ ကပ်သွားပါပြီ။ ၃ မိနစ်လောက်နေမှ အဲ့ဒီအိုးကို အသာလှပ်ယူလိုက်ပြီးတော့ ရေသန့်သန့်ဖြည့်ပြီး အိုးအဖုံးအုပ်ထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ဖယောင်းသင်းရည်မွှေးမွှေးလေး ရပါပြီနော်။

အသင့်ပြင်ကြရအောင်နော့့် 
ပန်းကန်ပြားအသေးချပ်ထဲကို ငါးခြောက်ထောင်းကြော်ထည့်၊ အပေါ်ကနေ ကြက်သွန်ကြော်လေးဖြူး၊ ဘေးကနေ ငရုတ်သီးတောင့်လုံးကြော်လေးထည့်ပြီး ပြင်ပါနော်။ ရေစစ်ထားတဲ့ ထမင်းကို ပန်းကန်တစ်ချပ်ထဲထည့်ပြီး ဖယောင်းသင်းရည်လေးထည့်ပြီး ထမင်းပြင်ပါ။ အဲ့ဒါဆိုရင်တော့ အသင့်စားသုံးနိုင်တဲ့ သင်္ကြန်ထမင်းနဲ့
ငါးခြောက်ထောင်းကြော် ရပါပြီနော့့် 

Sunday, February 17, 2008

ငါးသေတ္တာသုပ်

1 comments

ငါးသေတ္တာကို ဟင်းချက်စားလို့တစ်မျိုး၊ ပေါင်မုန့်နဲ့အလယ်ကနေ ညှပ်ပြီး စားတတ်ကြသလို တစ်ခါတလေမှာ သုပ်စားတတ်ကြပါတယ်နော်။ တစ်ခါတလေ အလုပ်ပင်ပန်းလာလို့ ဟင်းမချက်ချင်တော့ဘူး၊ မီးပျက်သွားလို့
ဟင်းချက်ဖို့ခက်နေပြီ၊ မီးလည်း မမွှေးချင်ဘူးဆိုရင်တော့ ၀ယ်ထားတဲ့ ငါးသေတ္တာကို အလွယ်တကူသုပ်စားလို့ ရပါတယ်နော်။ အချိန်လည်းကုန်တာသက်သာ၊ လူလည်း မပင်ပန်းဘဲ အရသာရှိရှိလေး စားနိုင်တာပေါ့နော်။ ငါးသေတ္တာသုပ်စားဖို့အတွက် လိုအပ်တာတွေကတော့ ငါးသေတ္တာဗူး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သံပုရာသီး၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ပဲမှုန့်အကျက်မှုန့်တို့ပါနော်။





ဂေါ်ဖီထုပ်ကို အပြင်က အစိမ်းဖတ်တွေ ဖယ်ပစ်ပါ။ ပြီးတော့မှ ဂေါ်ဖီဖတ်သုံးဖတ်လောက်ကို ခွါပြီးဆားရေထဲ အနည်းဆုံး ၁၅ မိနစ်လောက် စိမ်ထားပေးပါ။ ပြီးတော့မှ ရိုးရိုးရေနဲ့ တစ်ခါထပ်ဆေး၊ ရေစစ်ပြီး ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါ။ ခရမ်းချဉ်သီးကိုလည်း ရေဆေး၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး မထူမပါးလေး လှီးပေးပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ အလုံးလိုက် ရေဆေး၊ ပြီးတော့ ထက်ခြမ်းခြမ်း၊ ပါးပါးလှီးပြီး အခိုးတွေ စင်သွားအောင် ရေနဲ့နယ်ဆေးပြီး ညှစ်ပစ်ပါ။ ငရုတ်သီးစိမ်းကို အညှာချွေ၊ ရေဆေးပြီး ခပ်ပါးပါးလေးလှီးပေးထားပါ။ သံပုရာသီးကိုလည်း ရေဆေးပြီး အစိပ်လေးတွေ စိပ်ပေးထားပါနော်။ အားလုံးအသင့်ဖြစ်ပြီဆိုရင် ငါးသေတ္တာဗူးကိုဖောက်ပြီး အထဲက ဆီတွေကို စစ်ထုတ်ပစ်ပါ။ ပြီးတော့မှ ငါးအသားလေးတွေကိုချည်း ဆယ်ပြီးတော့ ဇလုံတစ်လုံးထဲ ထည့်ထားပါ။ ပြီးတော့မှ လှီးထားတဲ့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကိုထည့်ပါ။ ပြီးရင် ငံပြာရည်နဲ့ ပဲမှုန့်အကျက်မှုန့်တို့ကိုထည့်ပါ။ သံပုရာသီးစိပ်လေးတွေကို ညှစ်ထည့်ပါ။ ပြီးတော့မှ လက်ဆေးပြီး ငါးနဲ့ အသီးအရွက်တွေအားလုံးနှံ့အောင် သေချာလက်နဲ့နယ်ပေးပါနော်။ အပေါ့အငံကိုတော့ ကိုယ်နှစ်သက်သလိုထည့်ပေးပါ။ ကိုယ်နှစ်သက်မယ့် အရသာရပြီဆိုရင်တော့ အသုပ်ကို ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။ ကြိုက်တတ်မယ်ဆိုရင်တော့ ကြက်သွန်ဖြူလေးနဲ့ ငရုတ်သီးစိမ်းလေးပါ ကိုက်လိုက်ဦးနော်။ ချစ်မောင်နှမတွေလည်း ဟင်းချက်ရပျင်းတဲ့အခါ၊ အလုပ်တွေများပြီး ဟင်းချက်ဖို့အချိန်မရတဲ့အခါ ငါးသေတ္တာသုပ်လေး လုပ်စားကြည့်ပါဦးလားနော်။

Tuesday, February 12, 2008

အခေါ်အဝေါ် (၄)

8 comments
၄၆။ စားတော်ပဲ - pea, marrow fat, garden pea
၄၇။ စမုန်နီ - cress
၄၈။ စွန်တာနီ - red phaseolus
၄၉။ စွန်တာပြာ - blue phaseolus
၅၀။ စိမ်းစားဥ - Chinese potato
၅၁။ ဆလပ်ရွက် - salad ; garden lettuce
၅၂။ ဆူးပုတ်ရွက် - conima leaves, concinna leaves
၅၃။ ဆူးပန်းရွက် - safflower
၅၄။ ဆန် - rice
၅၅။ ဆီးဖြူသီး - gooseberry
၅၆။ ဇမ္ဗူ့သပြေသီး - rose-apple
၅၇။ ဇီယာ - cumin
၅၈။ ဇာဒိပ္ဖိုလ်သီး - nutmeg
၅၉။ တညင်းသီး - djankol bean, danyia
၆၀။ ထောပတ်ပဲ - butter bean
၆၁။ ဒန့်သလွန်သီး - drum stick
၆၂။ နံနံပင် - coriander plant
၆၃။ နနွင်း - Indian saffron
၆၄။ နိုကိုဥ - knol-kohl
၆၅။ နှမ်း - sesames, sesame
၆၆။ နွယ်ချို - liquorice, licorice
၆၇။ ပဲသီး - bean ; calabash
၆၈။ ပဲ - pea
၆၉။ ပဲတီ - mung bean
၇၀။ ပဲတီစိမ်း - green gram
၇၁။ ပဲရင်း - rice bean
၇၂။ ပဲဖြူကလေး - white bean, duffin bean
၇၃။ ပဲကြီး - lablab bean, kidney bean
၇၄။ ပဲလင်းမြွေသီး၊ ဗုံလုံသီး - snake gourd
၇၅။ ပူစီနံ - budina, mint
၇၆။ ပဉ္စကာနီသီး - gall nut
၇၇။ ပေါက်ပန်းဖြူရွက် - sesbania grandiflora
၇၈။ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်လာပန်း - cauliflower
၇၉။ ပဲစောင်းလျားသီး - goa bean, winged bean
၈၀။ ပဲပြား - bean curd
၈၁။ ပဲကတ္တီပါ - velvet bean
၈၂။ ပဲပိစပ် - soya bean, horse gram
၈၃။ ပဲပုဇွန် - cluster bean
၈၄။ ပဲကြား - lime bean
၈၅။ ပင်စိမ်းရွက် - basil, sage
၈၆။ ပိန်းဥ - taro
၈၇။ ပဒဲကော - galingale
၈၈။ ပုတတ်စာ (ပဒတ်စာ) - ginger wort
၈၉။ ပဲပင်ပေါက် - bean sprouts
၉၀။ ပဲလွမ်း - cow pea
၉၁။ ပဲနောက် - Mung bean
၉၂။ ပဲစင်းငုံ - pigeon pea
၉၃။ ပဲနီလေး - lentil
၉၄။ ပဲတောင့်ရှည် - string bean, long bean
၉၅။ ပဲနံ့သာ - fenugreek
၉၆။ ပဲကျပ်ပြင် - soybean
၉၇။ ပဲဒလက် - sword bean
၉၈။ ပဲရင်း - rice bean
၉၉။ ပဲပိုးတီ - Chinese artichoke
၁၀၀။ ပုစွန်စာရွက် - knotgrass

မှိုငရုတ်ပွကြော်

0 comments


ဒီနေ့တော့ မှိုနဲ့ ငရုတ်သီးအပွတောင့်ကို ကြက်သား၊ ကြက်သည်းကြက်မြစ်နဲ့ကြော်ကျွေးပါရစေနော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သားအသားသီးသန့်၊ ကြက်သည်း၊ ကြက်မြစ်၊ ကြက်သွန်ဖြူ၊ မှို (ကြိုက်နှစ်သက်ရာမှိုကို သုံးနိုင်ပါတယ်။ ကျွန်မ အခု ကောက်ရိုးမှိုကို သုံးထားပါတယ်။) ငရုတ်သီးအပွတောင့်၊ ဂျုံမှုန့်၊ ကော်မှုန့်၊ သကြား၊ ဆား၊ ပဲငံပြာရည်အကြည်နဲ့ ဟင်းခတ်မှုန့်တို့ပါနော်။
ကြက်သားကို သန့်စင်အောင် ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေဖြစ်အောင် လှီးထားပေးပါ။ ကြက်သည်းကြက်မြစ်ကိုလည်း သေချာသန့်ရှင်းရေးလုပ်ပြီး အမြစ်ကို ခပ်ပါးပါးလှီးပါ။ အသည်းကိုတော့ အရွယ်တော်အနေလေးတွေဖြစ်အောင် လှီးထားပေးပါနော်။ ပြီးမှ ကြက်သား၊ အသည်း၊ အမြစ်တို့ကို ဂျုံမှုန့်အနည်းငယ်၊ ကော်မှုန့်အနည်းငယ်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့နဲ့ နယ်ပြီး နှပ်ပေးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပေးပါ။ မှိုကို သန့်စင်အောင် တစ်ပွင့်ချင်းစီကို သန့်ရှင်းရေးလုပ်ပြီး မှိုပွင့်လေးရဲ့ အပေါ်ပိုင်းကနေ ထက်ခြမ်းခြမ်းထားပေးပါနော်။ ငရုတ်သီးအပွတောင့်ကိုလည်း ရေဆေး အညှာချွေပြီး ထက်ခြမ်းခွဲပေးပါ။ ပြီးတော့မှ အထဲက အစေ့တွေကို ဖယ်ထုတ်ပစ်ပါ။ ငရုတ်သီးကို အရှည်လိုက် ခပ်ပါးပါးလေးတွေ လှီးပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ ဆီထည့်၊ ဆီပူလာပြီဆိုရင် နယ်ထားတဲ့ ကြက်အမြစ်ကို အရင်ထည့်ပြီးကြော်ပါ။ ကြက်အမြစ်က မာတာမို့ ရေလေးထည့်ပြီး အဖုံးအုပ်၊ မီးအသင့်အတင့်ထားပြီး ကြော်ပေးပါနော်။ ကြက်အမြစ်နူးလောက်ပြီဆိုရင်တော့ ကြက်သားတွေကိုထည့်ပြီးကြော်ပါ။ ကြက်သားတွေကျက်လောက်တော့မှ ကြက်သည်းကိုထည့်ပါ။ အားလုံးအကျက်ညီလောက်ပြီဆိုရင် အသားတွေကို ဒယ်အိုးတစ်ဖက်ကပ်ပြီးတော့ ကျန်တစ်ဖက်မှာ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်ကြော်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီး နွမ်းတာနဲ့တစ်ပြိုင်နဲ့ မှိုတွေကိုထည့်ပြီး ကြော်ပေးပါ။ မှိုတွေရယ်အသားတွေရယ်ကြက်သွန်ဖြူတွေကို နှံ့အောင် ရောသမမွေပေးပြီး ၂ မိနစ်လောက် ခဏလောက် အဖုံးအုပ်ထားပေးပါ။ ပြီးတော့ အဖုံးပြန်ဖွင့်ပြီး လှီးထားတဲ့ငရုတ်သီးတွေကိုထည့်ပြီး သမအောင်မွှေပြီး ကြော်ပေးပါ။ ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ ပဲငံပြာရည်အကြည်တို့ကိုလည်း လိုအပ်သလို ထည့်ပြီး အဖုံးခဏအုပ်ပြီးထားပေးပါ။ ပြီးရင် အဖုံးဖွင့်ပြီး အထက်အောက်နှံ့အောင်မွှေပြီးတော့ အပေါ့အငံကိုမြည်းပါ။ အရသာကြိုက်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ကြက်သား၊ မှိုနဲ့ ငရုတ်သီးပွကြော်ရပါပြီနော်။

Monday, February 11, 2008

ကင်ပွန်းရွက်နဲ့ ပုတတ်စာဟင်း

2 comments
ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ကင်ပွန်းရွက်နဲ့ ပဒတ်စာကို ငါးကျည်းနဲ့ ဟင်းရည်သောက်လေး ချက်ပေးပါမယ်နော်။ ကင်ပွန်းရွက်ကို အင်္ဂလိပ်လို soap acacia leaves (Kaempferia candida)လို့ ခေါ်ပြီး ပုတတ်စာ (ပဒတ်စာ) ကိုတော့ ginger wort လို့ ခေါ်ပါတယ်။ နိုင်ငံရပ်ခြားမှာနေတဲ့သူတွေအတွက် ကင်ပွန်းရွက်ခြောက်ကို အလွမ်းပြေ ချက်စားလို့ရပေမယ့် ပုတတ်စာကိုတော့ ရှာရခက်ပါလိမ့်မယ်နော်။
ကင်ပွန်းရွက်နဲ့ ပုတတ်စာဟင်းချက်ဖို့ လိုအပ်တာတွေကတော့ ကင်ပွန်းရွက်၊ ပုတတ်စာ၊ ငါးကျည်း (ကြိုက်နှစ်သက်ရာငါး သို့မဟုတ် ပုဇွန်၊ ပုဇွန်ခြောက်)၊ ကြက်သွန်ဖြူ၊ ငါးပိစိမ်းစား၊ ဆား၊ ငံပြာရည်အနည်းတို့ပါနော်။



ကင်ပွန်းရွက်ကို ရေဆေးပြီးတော့မှ ချွေပါနော်။ ချွေတဲ့အခါမှာ ဆူးမစူးရလေအောင် ကိုင်းဖြာလေးတွေကို အရင် ကပ်ကျေးနဲ့ ညှပ်လိုက်ပြီးတော့မှ ကိုင်းဖြာပေါ်က အရွက်လေးတွေကို လက်နဲ့ ချွေပေးပါနော်။ ပုတတ်စာက အဖြူရောင် အပွင့်လေးတွေပါနော်။ အဲ့ဒီတော့ အပြင်က ပွင့်ချပ်ခပ်မာမာလေးတွေကို ဖယ်ထုတ်ပြီးတော့မှ ကျန်တဲ့ပွင့်ဖတ်တွေကို သေချာချွေပြီးတော့မှ ဆေးပြီး ရေစစ်ထားပါနော်။ ငါးကျည်းကိုတော့ ခေါင်းဖြတ်၊ နှုတ်ခမ်းမွှေးဖြတ်ပြီးတော့ အကျိအချွဲတွေ ကုန်အောင် မန်ကျည်းသီးမှည့်နဲ့ တိုက်ဆေးပေးပါ။ ပြီးတော့မှ ငါးကျည်းကို နှစ်ပိုင်းဖြတ်ပြီးတော့ ဆား၊ ငံပြာရည်တို့နဲ့ နယ်ပေးထားပါနော်။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် အိုးတစ်လုံးထဲ ရေထည့်ပြီး ငါးပိစိမ်းစားထည့်ပါ။ ပြီးတော့ ဆား၊ ငံပြာရည်နဲ့ နယ်ထားတဲ့ ငါးကျည်းတွေကို ထည့်ပြီး မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။ ဟင်းရည်အိုး ပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူ ဓါးပြားရိုက်ကိုထည့်ပြီး ပေးဆူပါ။ နောက်တစ်ကြိမ် ဟင်းအိုးဆူတာနဲ့ ကင်ပွန်းရွက်နဲ့ ပုတတ်စာကိုထည့်ပြီး အဖုံးအုပ်ပြီး နောက်တစ်ကြိမ်ဆူအောင် ထပ်တည်ပေးပါနော်။ ဟင်းရည်အိုး ပွက်ပွက်ဆူပြီးတာနဲ့ အပေါ့အငံအရသာကိုမြည်းပြီး စိတ်ကြိုက်ဖြစ်ရင် မီးပိတ်ပြီး ဟင်းအိုးချနိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ ပုတတ်စာနံ့သင်းသင်းလေးနဲ့ ကင်ပွန်းရွက်ဟင်းရည်သောက် ရပါပြီနော်။ ကျွန်မရဲ့ မောင်နှမတွေလည်း ကြိုက်မယ်လို့ ယုံကြည်ပါတယ်နော်။

Sunday, February 10, 2008

နို့စတော်ဘယ်ရီ ကျောက်ကျော

1 comments

နို့ စတော်ဘယ်ရီကျောက်ကျောအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ကျော (တယ်လီဖုန်းတံဆိပ်) အထုပ်ကြီးတစ်ထုပ်၊ နွားနို့အစိမ်း (၃ လီတာ)၊ သကြား ၃၅ ကျပ်သားတို့ပါနော်။ ကျောက်ကျောမကျိုခင်မှာ ကျောက်ကျောအမှုန့်နဲ့ သကြားကို ရောသမပေးထားပါနော်။ စတော်ဘယ်ရီသီးကိုလည်း အညှာလေးတွေခြွေ၊ ရေဆေးပြီး ခပ်သေးသေးလေးတွေဖြစ်အောင် လှီးပေးထားပါ။



အားလုံးအသင့်ပြင်ထားပြီးပြီဆိုရင်တော့ အိုးတစ်လုံးသန့်သန့်ထဲကို နွားနို့ထည့်ပြီး မီးဖိုပေါ်တင်ပါ။ နွားနို့တွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ရောထားတဲ့ ကျောက်ကျောမှုန့်နဲ့ သကြားကို ထည့်ပြီး ကျိုပေးပါနော်။ မိနစ် ၂၀ လောက်ကြာရင်တော့ ကျောက်ကျောအရည်က ခပ်ပျစ်ပျစ်လေးဖြစ်လာပါပြီနော်။ ခဲမခဲ သိရအောင် ပန်းကန်ပြားလေးထဲကို ကျောက်ကျောရည်ကို အစက်လေးချကြည့်ပါ၊ ခဏလေးနေလို့ ခဲသွားပြီဆိုရင်တော့ ဗန်းထဲ ဒါမှမဟုတ် ကိုယ်ထည့်မယ့် ဗူးလေးတွေထဲကို ကျောက်ကျောကို ထည့်ပြီး အအေးခံပေးပါ။ ကျောက်ကျောကို ဗန်းထဲထည့်ပြီး ၅ မိနစ်လောက်နေရင် လှီးထားတဲ့ စတော်ဘယ်ရီသီးတွေကို ကျောက်ကျောထဲ ထည့်ပြီး စတော်ဘယ်ရီသီးတွေနဲ့ ကျောက်ကျောတွေ နှံ့သွားအောင် တူလေးနဲ့ အသာလေးမွှေပေးပြီး အအေးခံထားပေးပါနော်။ အေးသွားပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ လှီးပြီး ပန်းကန်ပြားလေးထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။ နွားနို့ရဲ့ ခပ်ဆိမ့်ဆိမ့်အရသာထဲမှာ စတော်ဘယ်ရီသီးနံ့ မွှေးမွှေးလေးရယ် အရသာချိုချဉ်လေးနဲ့မို့ အအီပြေလေး သုံးဆောင်နိုင်ပါတယ်။ ချစ်မောင်နှမတို့လည်း အချိန်လည်းရမယ်၊ ၀ယ်ရခြမ်းရလည်း အဆင်ပြေမယ်ဆိုရင် နို့စတော်ဘယ်ရီကျောက်ကျောလေးကို ကျိုစားကြည့်ကြပါလားနော်။ ပုံကတော့ ဗန်းလိုက်ပဲ ရိုက်ဖြစ်တယ်။ သည်းခံကြပါကုန့့်

Friday, February 8, 2008

မရမ်းသီးသုပ်

1 comments

ညက အကယ်ဒမီပေးပွဲကြည့်တာမို့ မောင်နှမတတွေ အိပ်ချင်ပြေအောင် မရမ်းသီးသုပ်လေး သုပ်ပြီး ရေနွေးကြမ်းနဲ့ လွေးခဲ့ကြပါတယ်။ ကျွန်မရဲ့ ချစ်မောင်နှမတွေကိုလည်း မရမ်းသီးသုပ်လေး မျှဝေပေးလိုက်ပါတယ်နော်။
မရမ်းသီးသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ မရမ်းသီးအစိမ်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ မြေပဲထောင်း၊ ဆီချက်၊ ငံပြာရည်၊ ငါးပိစိမ်းစား၊ ပုဇွန်ခြောက်မှုန့်နဲ့ အချိုမှုန့် အနည်းငယ်တို့ပါနော်။







မရမ်းသီးကို ရေဆေး၊ ထက်ခြမ်းခွဲပြီး အထဲက အစေ့ကို ထုတ်ပစ်ပါ။ မရမ်းသီးက အထဲက အစေ့မယှက်သေးတာမို့ ဒီအတိုင်း အလွယ်တကူ ခပ်ပါးပါးလှီးလိုက်ရုံပါပဲ။ အစေ့ယှက်ခဲ့ပြီဆိုရင်တော့ မရမ်းသီးအသားနဲ့ ကပ်လျက်ရှိနေတဲ့ အခွံကို ဖယ်ထုတ်ပစ်ပြီးမှ ပါးပါးလှီးပါနော်။ ဂေါ်ဖီထုပ်ကို အဖတ်ခွါ၊ ရေဆေးပြီး ခပ်ပါးပါးလေးလှီးပေးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါ။ အခိုးမမွှန်အောင် လှီးပြီးသား ကြက်သွန်ကို ရေပြန်ဆေးပေးပြီး ရေစင်အောင် ညှစ်ပေးပါ။ မြေပဲလှော်ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေး ထောင်းပေးပါ။ ပုဇွန်ခြောက်ကိုလည်း ထောင်းပေးပါနော်။ ဆီချက်ကတော့ အသင့်ရှိပြီးသားမို့ မချက်နေတော့ဘူးနော်။ ငါးပိစိမ်းစားကိုတော့ မီးနည်းနည်းအုံးပေးပါ။ မီးအုံးဖို့ အဆင်မပြေခဲ့ရင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီလေးနဲ့ လှိမ့်ပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲ လှီးထားတဲ့ မရမ်းသီး၊ ဂေါ်ဖီ၊ ကြက်သွန်နီတို့ကိုထည့်၊ ပြီးရင် ထောင်းထားတဲ့ မြေပဲ၊ ပုဇွန်ခြောက်၊ ငါးပိစိမ်းစားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ဆီချက်၊ ပဲမှုန့်နဲ့ ငရုတ်သီးမှုန့်တို့ကိုထည့်ပြီး သေချာနှံ့အောင် နယ်ပေးပါနော်။ ပြီးတော့မှ အပေါ့အငံကိုမြည်းပြီး ကိုယ်နှစ်သက်တဲ့အရသာကို ပိုကဲထည့်ပေးပါ။ ပြီးရင် ပန်းကန်ပြားလေးထဲ ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူကြော်လေး ဖြူးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ မရမ်းသီးသုပ်လေးရပါပြီ။

Thursday, February 7, 2008

အခေါ်အဝေါ်များ (၃)

11 comments
ဒီနေ့တော့ အခေါ်အဝေါ်လေးတွေကို ဆက်ရေးပေးပါဦးမယ်နော်။
ဟင်းသီးဟင်းရွက်များ
၁။ ကရဝေး - bay leaf
၂။ ကညွတ် - asparagus
၃။ ကင်ပွန်းသီး - soap nut
၎။ ကင်ပွန်းရွက် - soap acacia leaves
၅။ ကင်းပုံသီး - wild snake gourd, coecinia fruit
၆။ ကုလားပဲ - chick pea
၇။ ကိုကိုး - cocoa
၈။ ကျောက်ပွင့် - sea weed
၉။ ကိုက်လန်ရွက် - Chinese kale
၁၀။ ကန်စွန်းရွက် - water cress, rabbit green, morning glory
၁၁။ ကန်စွန်းရိုးနီ - water green
၁၂။ ကန်စွန်းဥ - sweet potato
၁၃။ ကိုင်းဥ - elephant grans fruit
၁၄။ ကျောက်ဖရုံသီး - white pumpkin, marrow
၁၅။ ကြက်သွန်နီ - onion
၁၆။ ကြက်သွန်ဖြူ - garlic
၁၇။ ကြက်သွန်မြိတ် - leek, onion tops, onion shoots, spring onion
၁၈။ ကြက်ဟင်းခါးသီး - bitter gourd
၁၉။ ကြောင်လျာသီး - trumpet
၂၀။ ခရမ်းကစော့သီး - Indian nightshade
၂၁။ ခရမ်းသီး - brinjal (egg plant), aubergine
၂၂။ ခရမ်းချဉ်သီး - tomato
၂၃။ ခံတက်ပင် - garlic pear
၂၄။ ခံတက်ရွက် - three leaved caper
၂၅။ ခ၀ဲသီး - ridge gourd
၂၆။ ခါဗုဥ - turnip
၂၇။ ချယ်ရီသီး - cherry
၂၈။ ချဉ်ပေါင်ရွက် - roselle, sour green
၂၉။ ခရမ်းကြွပ်သီး - solanum molongena
၃၀။ ဂျူးမြစ် - Indian leek
၃၁။ ဂျုံ - wheat
၃၂။ ဂျင်းစိမ်း - ginger salad
၃၃။ ဂေါ်ဖီထုပ်၊ မုန်လာထုပ် - cabbage
၃၄။ ဂေါ်ရခါးသီး - chayote, marrow
၃၅။ ဂုံမင်း - amomum corynostachym
၃၆။ ငရုတ်သီး - chilly, chilli
၃၇။ ငရုတ်ကောင်း - pepper
၃၈။ ငရုတ်ပွ - paprika
၃၉။ ငရုတ်ခါးမျိုး - king of bitters
၄၀။ ငါးရံ့ပတူရွက် - nodding clerodendron
၄၁။ စပါးလင် - lemon grass
၄၂။ စမှုန်စပါး - aniseed, dill, fennel
၄၃။ စပါးလင်မွှေး - citronella
၄၄။ စမုန်နက် - black cumin
၄၅။ စပါး - paddy

Wednesday, February 6, 2008

ငါးခူသံပုရာရည်ဆမ်းအစပ်ချက်

1 comments

သတ်သတ်လွတ်ဟင်းတွေချည်း ဆက်နေတော့ ကျွန်မမောင်နှမတွေလည်း ငြီးငွေ့နေလောက်ရောပေါ့။ ဒါကြောင့်မို့ ဒီနေ့မှာ ကျွန်မရဲ့ မောင်နှမတွေကို ငါးခူကို သံပုရာရည်ဆမ်းပြီး ငရုတ်သီးစိမ်းလေးနဲ့ ချဉ်ချဉ်စပ်စပ်လေး ချက်ကျွေးပါမယ်နော်။
အခု ငါးခူသံပုရာရည်ဆမ်းအစပ်ချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ပြောပါ့မယ်နော်။ ငါးခူ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုတောင့်အပွ၊ စပါးလင်၊ ချင်း၊ ငရုတ်သီးစိမ်း (ကုလားအော်သီး)၊ သံပုရာသီး၊ ပင်စိမ်း၊ ဆား၊ သကြားအနည်းငယ်၊ ငံပြာရည်၊ နနွင်းမှုန့်အနည်းငယ်နဲ့ ဆီတို့ပါ။
ငါးခူကို အင်္ဂလိပ်လို cat fish လို့ခေါ်ပါတယ်။ ငါးခူက အကြေးခွံမပါတဲ့ ငါးမျိုးပါ။ အရေခွံမည်းမည်း ပြောင်ချောချောနဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ ငါးပါ။ အကြေးခွံမပါတဲ့အတွက် အကြေးထိုးရ သက်သာပေမယ့် ငါးအရေခွံက ချွဲကျိနေတာမို့ ဆေးကြောတဲ့အခါမှာ အချွဲတွေကုန်အောင် တော်တော်လေး ဂရုတစိုက်နဲ့ ဆေးကြောရပါတယ်။

ငါးခူကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ နှုတ်ခမ်းမွှေးတွေကို အရင်ခုတ်ပစ်ပါတယ်။ ပြီးတော့မှ ငါးခူကိုယ်လုံးကို မန်ကျည်းသီးမှည့်နဲ့ ဆားနဲ့နယ်ပြီး အကျိအချွဲတွေကုန်အောင် ခပ်နာနာလေး တိုက်ဆေးပစ်ရပါတယ်။ ပြီးတော့မှ ငါးခူကို ပက်လက်လှန်ပြီး လည်ပင်းဘက်ကနေ လှီးပြီး ၀မ်းဗိုက်ထဲက အူနဲ့ကလီစာတွေကို ထုပ်ယူပစ်ပါ။ ခေါင်းဘက်ကနေပြီး ပါးဟက်ကို ဆွဲထုတ်ပစ်ပြီး အကျိအချွဲတွေကုန်စင်အောင် ဖယ်ရှားပစ်ပါ။ ဘေးနားက ဆူးတောင်တွေကို ခုတ်ထစ်ပစ်ပါ။ ပြီးတော့မှ ငါးခူကိုယ်လုံးကို အကွင်းလိုက်လေးတွေ လှီးပါ။ သံပုရာသီးကိုလည်း အရည်ညှစ်ပေးထားပါ။ ပြီးရင် ငါးခူကို ဆား၊ သကြား၊ ငံပြာရည်၊သံပုရာရည်၊ နနွင်းမှုန့်၊ အချိုမှုန့်တို့နဲ့ သေသေချာချာနှံ့အောင် နယ်ပြီး နှပ်ထားပေးပါ။
ငရုတ်သီးအပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ကပ်ကြေးလေးနဲ့ အသာညှပ်ပြီး ရေနွေးလေးနဲ့ စိမ်ထားပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ငရုတ်သီးထဲ ထည့်ထောင်းလို့ရအောင် မထူမပါးလေး လှီးပေးထားပါ။ ချင်းကိုလည်း အခွံနွှာရေဆေးပြီး လှီးပေးထားပါ။ ပြီးတော့မှ ရေထဲကနေ ဆယ်၊ ရေစင်အောင်ညှစ်ထုတ်ပစ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပေးပါ။ ငရုတ်သီးညက်တာနဲ့ ချင်းထည့်ပြီးထောင်းပါ။ ပြီးရင် စပါးလင်ကို ရေဆေးပြီး ပါးပါးလှီးပြီး ငရုတ်ဆုံထဲ ရောထည့်ထောင်းပါနော်။ ပြီးတော့မှ ကုလားအော်သီးသုံးတောင့်ကိုကို ခပ်ပါးပါးလှီးပြီး ထည့်ထောင်းပေးပါ။ ပြီးတော့မှ ကြက်သွန်ဖြူနဲ့ အနီကို ထည့်ထောင်းပေးပါနော်။ ပင်စိမ်းရွက်ကိုလည်း ရေဆေးပြီး အရွက်လေးတွေအခက်လိုက်ဖြစ်အောင် ချွေပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုတာနဲ့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေး အသာခပ်ပြီး ထောင်းထားတဲ့ ငရုတ်သီးကို ထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပါနော်။ ငရုတ်သီးဆီသတ်တဲ့အခါ ညှော်မမိအောင် သတိထားပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့မွှေးလာတဲ့အခါ နယ်နှပ်ထားတဲ့ ငါးတွေကို စီစီရီရီထည့်ပြီး ငရုတ်သီးဆီသတ်နဲ့အတူ သမအောင် မွှေပေးပါ။ လုံးရေလည်း နည်းနည်းထည့်ပြီး မီးအသင့်အတင့်နဲ့ပဲ ဒယ်အိုးအဖုံးအုပ်ပြီး တည်ပေးပါ။ ဟင်းအိုးဖျစ်ဖျစ်မြည်ပြီး ဆီပြန်လာတဲ့အခါ ရေလေးနည်းနည်းထပ်ထည့်ပြီး အဖုံးအုပ်ပြီး ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါနော်။ ဆီပြန်ခါနီးကျရင် ဟင်းအိုးအပေါ့အငံကိုမြည်းပြီး ချဉ်ချဉ်လေးကြိုက်ရင် သံပုရာရည်ထပ်ထည့်ပေးပါ။ အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုတော့မှ ပင်စိမ်းလေး အပေါ်ကနေ အုပ်ပြီး ဟင်းအိုးချနိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ ငါးခူသံပုရာရည်ဆမ်းအစပ်ချက်လေး ရပါပြီနော်။

Tuesday, February 5, 2008

သတ်သတ်လွတ်ပဲပြားသုပ်

2 comments
နာက သတ်သတ်လွတ်စားတာနော်၊ ပဲပြားသိပ်ကြိုက်တာနော်လို့ ဆိုလာတဲ့ ကျွန်မရဲ့ မောင်နှမထဲက တစ်ယောက်အတွက် ပဲပြားကို သုပ်လို့တစ်မျိုး၊ အချိုချက်လို့တစ်ဖုံ၊ အစာသိပ်လုပ်လို့တစ်သွယ် ချက်ကြမယ်နော်။ အခုတော့ ပဲပြားသုပ်နည်းလေးကို ပြောပြပါမယ်နော်။
ပဲပြားသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြောပြမယ်နော်။ ပဲပြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သခွါးသီး၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ နံနံပင်၊ ဆား၊ အချိုမှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ ပဲငံပြာရည်အကျဲ၊ မန်ကျည်းသီးနဲ့ ဆ်ီတို့ပါနော်။

ပဲပြားကို ရေဆေးပြီး အလယ်ကနေ နှစ်ပိုင်းပိုင်းလိုက်ပါနော်။ ပြီးတော့မှ နောက်ထပ် အစိပ်လေးတွေဖြစ်အောင် လှီးပြီး ဆားလေးနဲ့ အချိုမှုန့်လေးနဲ့ နယ်ပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ခပ်ပါးပါးလေး လှီးပေးထားပါ။ သခွါးသီးကိုလည်း ရေဆေးပြီး အ၀ိုင်းလိုက်အရင်လှီးပါ။ ပြီးတော့မှ အ၀ိုင်းလေးတွေကို ကန့်လန့်ဖြတ် ခပ်ရှည်ရှည် ပြန်လှီးပေးပါနော်။ ပြီးရင် ဂေါ်ဖီဖတ်တွေကို တစ်ဖတ်ချင်းခွါ၊ ဆားရေထဲမှာ ၁၅ မိနစ်လောက် အနည်းဆုံးစိမ် (ပိုးသတ်ဆေးတွေ၊ အပင်ဟော်မုန်းတွေရဲ့ အန္တရာယ်ကင်းအောင်)၊ ပြီးတော့မှ ရိုးရိုးရေနဲ့ပြန်ဆေးပြီး ပါးပါးလှီးပြီး ရေစစ်ထားနော်။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး စစ်ထားပါ။ မန်ကျည်းသီးကိုလည်း ရေနွေးလေးနဲ့ ၁၀ မိနစ်လောက်စိမ်ထားပြီးမှ နယ်ပြီး အနှစ်ရအောင် စစ်ယူပါနော်။



မီးဖိုပေါ်ဒယ်အိုးတင်၊ ပြီးရင်ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်ထည့်ပြီး ကြက်သွန်ဖြူနီကိုထည့်ပြီး ကြော်ပါ။ မီးအရမ်းမပြင်း အရမ်းမနည်းစေဘဲ မီးအသင့်အတင့်နဲ့ ကြော်ပေးပါ။ ကြက်သွန်ီတွေ တူးမသွားအောင်နဲ့ အကျက်ညီအောင် မွှေပေးဖို့လည်း မမေ့နဲ့နော်။ ရွှေအိုရောင်သန်းလာပြီဆိုရင်တော့ မီးဖိုပေါ်ကနေချပြီး ဒယ်အိုးထဲမှာရှိတဲ့ ဆီချက်တွေကို ဆက်မွှေပေးပါနော်။ ပြီးတော့မှ ပန်းကန်လုံးတစ်လုံးထဲကို ကြက်သွန်ကြော် အဖတ်တွေ ဆယ်ထည့်ပြီး အေးတော့မှ ဆီတွေကို ပေါင်းထည့်ပေးပါနော်။ ပြီးတော့မှ အိုးတစ်လုံးကို မီးဖိုပေါ် တင်၊ အိုးက ခပ်ကျက်ကျက်ပူပြီဆိုရင် ပဲပင်ပေါက်တွေကို ထည့်ပြီး မီးပြင်းပြင်းနဲ့ လှော်ပေးပါ။ (ပဲပင်ပေါက် ရေနွေးဖျောရင် အာဟာရဓါတ်တွေ လျော့သွားမှာ စိုးလို့ လှော်ပြီးသုံးတာပါနော်။) ပြီးတော့မှ ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားလိုက်ပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲ ကြော်ထားတဲ့ ပဲပြားတွေကို ညှပ်ထည့်၊ ပြီးတော့မှ လှီးထားတဲ့ သခွါးသီး၊ ဂေါ်ဖီ၊ ပဲပင်ပေါက်တို့ကိုထည့်၊ ပြီးတော့ မန်ကျည်းနှစ်ထည့်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ အချိုမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်နဲ့ ဆီချက်နိုင်နိုင်ထည့်ပြီး နယ်ပေးပါ။ အရသာအတွက်ကတော့ ကိုယ်နှစ်သက်မယ့်အတိုင်း ထည့်ပါနော်။ ချဉ်ငံစပ်နှစ်သက်ရင် ချဉ်ငံစပ်ထည့်ပေါ့နော်။ အဲ့ဒါဆိုရင်တော့ သတ်သတ်လွတ် ပဲပြားသုပ် ရပါပြီနော်။ သတ်သတ်လွတ်သမားတွေအတွက်တင် မကဘဲ သတ်သတ်မလွတ်သူတွေကတော့ ပဲငံပြာရည်အစား ငံပြာရည်နဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး သုပ်စားနိုင်ပါတယ်နော်။

သတ်သတ်လွတ်မှိုကြော်

1 comments
သတ်သတ်လွတ်စားတဲ့ ချစ်မောင်နှမတွေအတွက် ရည်ရွယ်ပြီး မှိုကြော်လေး ကြော်ပေးပါရစေနော်။ မှိုမှာ သဘာဝအလျှောက် ပေါက်တဲ့မှိုနဲ့ စိုက်ပျိုးမှိုဆိုပြီး ရှိပါတယ်။ တောင်ပို့မှိုကျတော့ နွေအကုန်မိုးအကူးရာသီမှာ စတင်ပြီး ပေါက်တတ်ပါတယ်။ ကောက်ရိုးမှို၊ ငွေနှင်းမှိုစတာတွေကတော့ စိုက်ပျိုးမှိုတွေပါနော်။ အခု ကျွန်မကြော်တဲ့အခါမှာ သုံးမယ့်မှိုကတော့ ကောက်ရိုးမှိုပါ။
မှိုကြော်တဲ့အခါမှာ လူကြီးသူမတွေက အဆိပ်အတောက်ကင်းအောင် ကန်ဇွန်းရွက်လေးထည့်ကြော် ဒါမှမဟုတ်ရင် ငရုတ်သီးစိမ်းလေးထည့်ကြော်ဆိုပြီး အမြဲသတိပေးလေ့ရှိပါတယ်။ အခု မှိုကြော်ဖို့ လိုအပ်တာလေးတွေကတော့ ကောက်ရိုးမှို၊ ကန်ဇွန်းညွန့် နည်းနည်း၊ ငရုတ်သီးစိမ်းအနည်းငယ်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ အချိုမှုန့်အနည်းငယ်နဲ့ ဆီတို့ပါ။

ကောက်ရိုးမှိုက ခူးပြီးခါစမှာ လုံးလုံးဖူးဖူးလေးတွေဖြစ်နေပေမယ့် နောက်တစ်ရက်ကျရင် အပွင့်လေးတွေ ပွင့်အာ ထွက်သွားပါတယ်။ မှိုပွင့်နဲ့ မှိုအခြေက ကောက်ရိုးမျှင်လေးတွေကို ဖယ်ရှားပစ်ဖို့ မှိုပွင့်လေးကို လက်တစ်ဖက်ကကိုင်၊ ရေဇလုံကို အောက်မှာခံထားပြီး မှိုကို ရေဆွတ်ပြီး သွားပွတ်တံအဟောင်းလေးနဲ့ အသာအယာ ပွတ်ဆေးပေးပါ။ ပြီးရင်တော့ မှိုပွင့်လေးတွေကို ရေစင်အောင်ဆေး၊ ထက်ခြမ်းခွဲပြီး ရေစစ်ပေးထားပါ။ ကန်ဇွန်းညွန့်လေးတွေကိုလည်း ရေစင်အောင်ဆေး၊ လိုအပ်သလို ဖြတ်တောက်ပြီး ရေစစ်ပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်းကိုလည်း ရေဆေးပြီး ထက်ခြမ်းခွဲပေးထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး ဓားပြားရိုက်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်ပြီး ဆီထည့်ပါနော်။ ဆီပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းပြီဆိုရင်တော့ မှိုကိုထည့်ပြီး မွှေပေးပါ။ မီးပြင်းပါစေနော်။ ဆား၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အကျဲအနည်းငယ်နဲ့ အချိုမှုန့်အနည်းငယ်ထည့် မွှေပြီး အဖုံးခဏလောက် အုပ်ထားလိုက်ပါနော်။ ၂ မိနစ်လောက်နေလို့ မှိုနူးသွားပြီဆိုရင်တော့ ဒယ်အိုးဖုံးပြန်ဖွင့်ပြီး ကန်ဇွန်းရွက်ထည့်ပြီး မှိုတွေနဲ့ နှံ့အောင် ကြော်ပေးပါ။ ကန်ဇွန်းရွက်နွမ်းတာနဲ့ တပြိုင်နက် ငရုတ်သီးစိမ်းလေးအုပ်ပြီး မွှေပေးပါ။ ဆား၊ အချိုမှုန့်အနည်းငယ်ထပ်ထည့်ပြီး အပေါ့အငံအရသာကိုမြည်းပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေး သတ်သတ်လွတ် မှိုကြော်လေး ရပါပြီနော်။ သတ်သတ်လွတ်စားတတ်တဲ့ မောင်နှမတွေအတွက် ဟင်းတစ်ခွက်ပါနော်။

Monday, February 4, 2008

ငါးပုဏ္ဏားဆော်ဆီ

0 comments



ငါးပုဏ္ဏားကို အင်္ဂလိပ်လို mango fish (Polymemus paradiseus) လို့ ခေါ်ကြပါတယ်။ ငါးရဲ့အရောင်က ရွှေနီရောင်လေး သန်းနေပြီး နှုတ်ခမ်းမွှေးက အမြီးထိ ရှည်ပါတယ်။ ငါးက ငါးပျက်အကောင်သေးအရွယ်လောက် ရှိပြီး အကြေးခွံပါပါတယ်။ အရေပြား ရွှေနီရောင်၊ နှုတ်ခမ်းမွှေးရှည်ရည်နဲ့ အသားနုတဲ့ ငါးတစ်မျိုးပါ။ များသောအားဖြင့် ဥပါတတ်ပါတယ်။ အဲ့ဒီငါးကို မော်လမြိုင်ဘက်မှာ အများဆုံး တွေ့ရပြီး ရန်ကုန်ဘက်တော့ တစ်ခါတခါ ဈေးထဲမှာ တွေ့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ ရှိတဲ့ ငါးပုဏ္ဏားက ရွှေရောင်ဖျော့တော့တော့နဲ့ မလတ်သလို ထင်ရပါတယ်။ ဆော်ဆီဆိုတာကတော့ ငါးကို ကြော်ပြီး ပြန်နှပ်တာကို ကျွန်မတို့ မော်လမြိုင်ဘက်ကအခေါ်က ငါးဆော်ဆီပါတဲ့။
အခု ငါးပုဏ္ဏားဆော်ဆီလုပ်ဖို့အတွက် လိုအပ်တာတွေကို ပြောပြပါမယ်။ ငါးပုဏ္ဏား၊ မန်ကျည်းသီးမှည့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအရောင်မှုန့်အနည်းငယ်၊ ဆား၊ နနွင်း၊ သကြား၊ ငံပြာရည်နဲ့ အချိုမှုန့်တို့ပါနော်။

ငါးပုဏ္ဏားကို ရေဆေးပြီး နှုတ်ခမ်းမွှေးဖြတ်ပါမယ်။ ပြီးရင် အကြေးခွံခြစ်ထုတ်ပစ်ပြီး ဘေးနားက အတောင်လေးတွေကိုပါ ခုတ်ပစ်ပါ။ ငါးပါးဟက်ကို ဆွဲထုပ်ပစ်ပါ။ ငါးရဲ့ လည်ပင်းဘက်ကနေ ဗိုက်ထဲက အူနဲ့ ကလီစာတွေကို ဖယ်ထုတ်ပစ်ပါ။ ဥတွေကိုလည်း ဒီအတိုင်း ထားပေးပါ။ ပြီးရင် ငါးကို သန့်ရှင်းအောင် ရေတစ်ခေါက် ထပ်ဆေးပေးပြီး ငါးကိုယ်ပိုင်းကို ဓားနဲ့ သုံးမွှန်းလောက် မွှန်းပေးပါ။ ပြီးတော့မှ ဆား၊ သကြားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်နဲ့ ငံပြာရည်နဲ့ နနွင်းမှုန့် အနည်းငယ်တို့ ထည့်ပြီး ငါးထဲ အရသာဝင်အောင် ကောင်းကောင်းမွန်မွန် နယ်ပြီး နှပ်ပေးထားပါ။
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို အခွံနွှာ ရေဆေးပြီး မထူမပါး လှီးပေးထားပါ။ မန်ကျည်သီးကို ရေနွေးနဲ့ စိမ်ထားပြီး မန်ကျည်းနှစ်ရအောင် နယ်ပေးထားပါ။ ငရုတ်ဆံထဲ ငရုတ်သီးအရောင်မှုန့်လေးထည့်ပြီး ကြက်သွန်ဖြူထည့်ထောင်းပါ။ ပြီးရင် ကြက်သွန်နီထောင်းထည့်ပါ။ ငရုတ်သီးကြက်သွန်ခပ်များများလေး ထောင်းထားပေးပါနော်။ မန်ကျည်းနှစ်သပ်သပ် စစ်ထားပေးပါ။
အားလုံးအဆင်သင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီထည့်ပါ။ ဆီကျက်ပြီဆိုတာနဲ့ ငါးတွေကို ဒယ်အိုးထဲ စီရီနေအောင်ထည့်ပြီ မီးအသင့်အတင့်နဲ့ ကြော်ပေးပါ။ ငါးကြော်တဲ့အခါမှာ အကျက်ညီ အကြွပ်ညီပြီး ကြေ မသွားရအောင် တစ်ဖက်ကို သေချာကြွပ်ပြီဆိုတော့မှ နောက်တစ်ဖက်ကို လှန်ရပါမယ်နော်။ ငါးပုဏ္ဏားကြော်တဲ့ အခါ တစ်ခုသတိထားရမှာက ငါးဗိုက်ထဲမှာ ငါးဥတွေ ပါနေတာမို့ ဆီအလွန်ပေါက်ပါတယ်။ မျက်နှာ၊ မျက်စိတို့ကို ဆီပူမစင်ရလေအောင် သတိထားပြီး ကြော်ပေးပါ။ မီးသိပ်ပြင်းရင်လည်း အပြင်က တူးပြီး အထဲက မကျက်ဖြစ်တတ်သလို မီးသိပ်နည်းရင်လည်း ငါးကြော်က မကျက်နိုင်ဘဲ ပျင်းတွဲတွဲကြီး ဖြစ်သွားတတ်ပါတယ်။ ငါးကြော်တွေရပြီဆိုရင်တော့ ဇကာလေးထဲထည့်ပြီး ဆီစစ်ပေးထားပါ။
ငါးဆော်ဆီလုပ်ဖို့ကိုတော့ ငါးကြော်ဆီနဲ့ ပြန်သုံးမှာမို့ ဆီများနေရင် ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပေးပါ။ ပြီးတော့မှ ဒယ်အိုးထဲ ဆီပူလာရင် နနွင်းမှုန့်လေးခပ်ပြီး ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်ထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပေးပါ။ ဆီသတ်နဲ့ မွှေးလာပြီဆိုရင် ငံပြာရည်၊ မန်ကျည်းနှစ်နဲ့ သကြား၊ ဆားနည်းနည်းစီထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ငါးကြော်လေးတွေကို ဒယ်အိုးထဲ စီစီရီရီထည့်ပြီး ခုနက ဆော်ဆီ အနှစ်တွေနဲ့ တစ်ကောင်ချင်းစီကို နှံ့အောင် စိတ်ရှည်လက်ရှည်နဲ့ မီးအေးအေးနဲ့ လုပ်ပေးပါနော်။ နောက်ဆုံးမှာ ငါးကြော်ထဲကို ဆော်ဆီအနှစ်အရသာတွေ ၀င်ပြီး ချဉ်ငံစပ်အရသာလေးနဲ့ ငါးဆော်ဆီတစ်ခွက် ရပါပြီနော်။ ငါးဆော်ဆီနဲ့ လိုက်ဖက်တဲ့ ဟင်းအမယ်တွေကတော့ အရွက်သုပ်တစ်မျိုးမျိုးနဲ့ ဟင်းခါးပူပူလေး တစ်မျိုးလောက်နဲ့ပါ။ စမ်းသပ်ကြည့်ကြပါဦးနော်။

ဗယာကြော်

2 comments
ကျွန်မရဲ့ ညီမလေးတစ်ယောက်က ဗယာကြော်နည်းလေး ပြောပြပေးပါဦးဆိုလို့ ဗယာကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။ ဗယာကြော်ကို ခပ်ဝိုင်းဝိုင်းအပြားလိုက်လေးတွေကြော်တာရယ်၊ ဗယာကြော်လက်တိုရမယ်ဆိုပြီး လက်တစ်ဖက်မှာ မီးဖိုလေးတစ်လုံးရယ်၊ အပေါ်ကနေ ဗယာကြော်ဆီစစ်တဲ့ စကာလေးကို ကိုင်၊ ကျန်တဲ့တစ်ဖက်မှာ မန်ကျည်းရည်အချဉ်ဗူးလေး၊ လက်နှီးနဲ့ လက်ရေးဖို့ရေပုံလေးထည့်ထားတဲ့ ခြင်းလေးကိုင်ပြီး လိုက်လည်ပြီး ကြော်ရောင်းတတ်တဲ့ ခပ်သေးသေး ဗယာကြော်လုံးလေးတွေရယ်ဆိုပြီး ကြော်တတ်ကြပါတယ်။ ဘယ်အရွယ် ဘယ်လိုပဲကြော်ကြော် အရေးကြီးတာက ဗယာကြော်ဆိုရင် ကြွတ်ကြွတ်ရွရွနဲ့ မွှေးမွှေးလေးဖြစ်နေရင် ပိုစားကောင်းတယ်မဟုတ်လား။

ဗယာကြော်အတွက် လိုအပ်တာတွေ အရင်စုလိုက်ရအောင်နော်။ ဗယာကြော်အတွက် အဓိကလိုတာကတော့ ကုလားပဲပေါ့။ ပုဇွန်စာရွက် ဒါမှမဟုတ် ကန်ဇွန်းရွက်အနည်းငယ်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မာဆလာ၊ ပျဉ်းတော်သိမ်ရွက်၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ ငရုတ်သီးအခြောက်တောင့်အရှည်၊ စားဆိုဒါ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ဆီတို့ပါနော်။ အချဉ်အတွက် မန်ကျည်းသီးနှစ်၊ သကြား၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်နဲ့ ဆားအနည်းတို့ပါ။

ကုလားပဲကို ရေစင်အောင်ဆေးပြီး တစ်ညအိပ်ရေစိမ်ပေးထားပါနော်။ ကုလားပဲ ရေစိမ်တဲ့အခါမှာ ဆိုဒါအနည်းငယ်ကိုထည့်ပြီး စိမ်ပေးပါ။ နောက်တစ်နေ့မနက်ကျရင်တော့ ကုလားပဲကို ရေစစ်ပြီး ဆား၊ အချိုမှုန့်တို့နဲ့ ရောထောင်းပေးပါ။ ကုလားပဲကို ရေစိမ်ထားတဲ့အချိန် ကြာတာနဲ့အမျှ ထောင်းရတာလွယ်သလို ကြော်တဲ့ အခါမှာလည်း ကြွပ်ကြွပ်ရွရွလေး ရှိစေပါတယ်။ ငရုတ်ဆုံမရှိရင်တော့ ကြိတ်စက်လေးနဲ့ ကြိတ်ပေးပါနော်။ ကုလားပဲကို လေးပုံသုံးပုံလောက် ညက်တဲ့အထိ ထောင်းပေးပါနော်။ ကြက်သွန်နီကို အခွံနွှာ ရေစင်အောင်ဆေးပြီး ခပ်ပါးပါးသေးသေးလေးတွေဖြစ်အောင် လှီးပေးပါ။ (ကြက်သွန်များများပါတာ ကြိုက်တတ်ရင် များများထည့်ပါ)။ ငရုတ်သီးစိမ်းတွေကိုလည်း ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပါ။ ပျဉ်းတော်သိမ်ရွက်နဲ့ ပုဇွန်စာရွက် ဒါမှမဟုတ် ကန်ဇွန်းရွက်လေးကိုလည်း ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးပါ။ ပြီးရင်တော့ ကုလားပဲထောင်းတဲ့အထဲကို လှီးထားတဲ့ ငရုတ်သီး၊ကြက်သွန်နဲ့ အရွက်တွေကို ထပ်ထည့်ပြီး နှံ့အောင်ထောင်းပေးပါ။ ပြီးမှ ငရုတ်ဆုံထဲက ထောင်းထားတဲ့ပဲတွေကိုယူပြီး ဇလုံထဲကို ထည့်ပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပါ။ ဆီများများထည့်ပြီး ဆီပူလာအောင်စောင့်ပါ။ မီးကို အရမ်းမပြင်းပါစေနဲ့။ မီးအသင့်အတင့်နဲ့ အကြော်ကြော်ဖို့ပြင်ပါနော်။ ဆီပူလာပြီဆိုတာနဲ့ ငရုတ်သီးအခြောက်တောင့်လုံးအရင်ကြော်လိုက်ပါ။ ပြီးရင် ငရုတ်သီးတောင့်ကြော်တွေကို ဆယ်ယူပြီး ဆီစစ်တဲ့ စကာလေးထဲ ထည့်ထားလိုက်ပါနော်။ ဗယာကြော်ကိုတော့ ကိုယ်လိုချင်တဲ့အရွယ်အစားလေးတွေဖြစ်အောင် လုပ်ပြီးတော့ ကြော်ပေးပါ။ အပြားလေးတွေကြိုက်တတ်ရင် အပြားလေးတွေဖြစ်အောင် လုပ်နော်။ အလုံးလေးတွေဖြစ်အောင်ဆိုရင်လည်း အလုံးလေးတွေ ညီညီလေးတွေဖြစ်အောင် လုံးပြီး ကြော်ပေးပါနော်။ အိုးမကြပ်ပါစေနဲ့၊ မီးမပြင်းပါနဲ့။ စကာပါတဲ့ ယောက်မလေးနဲ့ ဟိုဘက်ဒီဘက် အကျက်ညီအောင် လှန်ပြီး ကြော်ပေးပါ။ အကြော်အရောင် ရွှေအိုရောင်လေးပြောင်းတာနဲ့ မတူးအောင် သတိထားပြီး ဆီထဲကနေ ဆယ်ပေးပါ။ အကြော်အစအနတွေ မကျန်အောင် ဆီထဲကနေ သေချာစစ်ဆယ်ယူပါနော်။ တစ်အိုးပြီးတစ်အိုး ဆက်ကြော်ပါနော်။ အဲ့ဒါဆိုရင် ဗယာကြော်ရပါပြီနော်။

အချဉ်အတွက်ကတော့ မန်ကျည်းသီးကို ရေနွေးလေးနဲ့ စိမ်ထားပြီး အနှစ်ရအောင်တိုက်ချပါနော်။ ရလာတဲ့အနှစ်ကိုမှ ရေကျက်အေးရောပေးပါ။ ကြက်သွန်ဖြူကို အခွံနွှာထားပြီး မညက်တညက်လေးတွေ ဖြစ်အောင် ထောင်းထည့်ပေးပါ။ ငရုတ်သီးစိမ်းလေးတွေကို မညက်တလေးဖြစ်အောင် ထောင်းထည့်ပေးပါ။ (မျက်စိထဲ မစင်ရအောင် ဆားလေးထည့်ပြီး ထောင်းပေးရင် အညက်မြန်သလို အပြင်ကိုလည်း မစင်ပါဘူးနော်။) ပြီးရင်တော့ ငံပြာရည်လေးထည့်ပါ။ သတ်သတ်လွတ်သမားတွေအတွက် ငံပြာရည်အစား ဆား၊ ပဲငံပြာရည်အကျဲ တို့ကို ထည့်နိုင်ပါတယ်။ ပြီးရင် သကြားထည့်၊ နံနံပင်လေး အုပ်ပြီး သမအောင် မွှေပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ဖြုံးလေးနဲ့ မန်ကျည်းသီး အချဉ်လေး ရပါပြီနော်။

ဗယာကြော်ကြွတ်ကြွတ်လေးကို မန်ကျည်းသီးအချဉ်ရည်လေးတို့ပြီး ငရုတ်သီးတောင့်လေး ကိုက်၊ ကြိုက်တတ်ရင်တော့ ဆတ်လတ်ရွက်လေးနဲ့ပါ တို့စားပါနော်။ ရေနွေးကြမ်းပူပူလေးနဲ့ဆိုရင်တော့ အလိုက်ဖက်ဆုံး ပေါ့နော်။ ဗယာကြော်ကြိုက်တဲ့ ညီမလေးနဲ့ ကျန်တဲ့မောင်နှမတွေအားလုံ့း့  ကြော်စားကြည့်ပါဦးနော်။

Sunday, February 3, 2008

ကြက် အရေပြား အရိုးသုပ်

5 comments



ကြက်အရေပြားသုပ်နည်းမေးထားတဲ့ မဇာအတွက် ဘယ်လိုလုပ်ရတယ်ဆိုတာကို ပြောပြပါရစေနော်။ ကြက်အရေးပြားတင်မဟုတ်ပါဘူး၊ ကြက်ရိုး၊ ကြက်ခြေထောက်၊ ကြက်ခေါင်း၊ ကြက်တောင်ပံ၊ ကြက်သည်းကြက်မြစ်နဲ့ ကြက်အူတွေကိုပါ သုပ်လို့ရပါတယ်နော်။

ကြက်အရေပြားသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းအတွက် ကြက်အရေပြား၊ အရိုး၊ ကြက်သည်းကြက်မြစ်၊ ကြက်အူ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဂေါ်ဖီထုပ်၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ မာဆလာ၊ ရှောက်သီး၊ ဆား၊ နနွင်းမှုန့်၊ အချိုမှုန့််အနည်းငယ် နဲ့ ဆီတို့ပါနော်။ ကုလားပဲကိုတော့ ညကတည်းက ရေစိမ်ပေးထားပါနော်။

ကြက်အရေပြား၊ အရိုး၊ အသည်းအမြစ်၊ အူတို့ကို သန့်ရှင်းအောင်ရေဆေးပေးပါ။ အရေပြားနဲ့ အတောင်ပံမှာ ရှိနေတတ်တဲ့ အမွှေးအမျှင်တွေကို သေချာသန့်ရှင်းရေးလုပ်ပေးပါ။ ခြေထောက်ကို သန့်ရှင်းရေးလုပ်တဲ့အခါ အရေခွံခွါရလွယ်အောင် မီးလေးနဲ့မြှိုက်ပေးပြီးမှ အရေခွံကိုခွာပေးပါ။ ပြီးတော့ ခြေသည်းတွေကိုလည်း ခုပ်ထစ်ပစ်ပါ။ ပြီးတော့မှ အရိုးအသည်းအမြစ်အူတို့ကို ချင်းအရည်၊ ဆား၊ သကြား၊နနွင်း၊ မာဆလာ၊ အချိုမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်နီကို ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါ။ ကြက်သွန်ဖြူကိုတော့ မညက်တညက်လေး ထောင်းပေးထားပါ။ ဂေါ်ဖီထုပ်၊ ရှောက်ရွက်နဲ့ ငရုတ်သီးစိမ်းတို့ကိုလည်း ရေဆေးပြီး ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါ။ ချင်းကိုလည်း အခွံလေးနွှာပြီး ရေဆေးပြီး မညက်တညက်လေးဖြစ်အောင် ထောင်းပေးထားပါနော်။ ရှောက်သီးကိုလည်း ရေဆေးပြီး အစိပ်လေးတွေ စိပ်ပေးထားပါ။

အားလုံးအသင့်ဖြစ်ရင် ရေစိမ်ထားတဲ့ ကုလားပဲကို ဆယ်ပြီးတော့ အိုးတစ်လုံးထဲထည့်၊ ပြီးရင် နနွင်းမှုန့်လေးထည့်၊ မညက်တညက်ထောင်းတားတဲ့ချင်းနဲ့ ကြက်သွန်ဖြူကိုလည်းထည့်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီနည်းနည်းကိုလည်းထည့်၊ ဆား၊ အချိုမှုန့်လေးထည့်ပြီး မီးဖိုပေါ်တင်ပြီး ဟင်းရည်အိုး တည်ထားပေးပါ။
ပဲဟင်းအိုးကိုလည်း မဝေအောင် သတိထားပြီး တည်ပေးပါနော်။ ပဲဟင်းအိုးပွက်ပွက်ဆူအောင်တည်ပြီး ဟင်းရည် ကျအောင် တည်ပေးပါ။ ပဲဟင်းအိုးချခါနီးကျရင် အပေါ့အငံလေးမြည်း၊ မာဆလာလေးအုပ်ပြီးတော့ ချလိုက်ပါနော်။ တစ်ဖက်မှာလည်း နှပ်ထားတဲ့ ကြက်ရိုး၊ ကြက်သည်းကြက်မြစ်နဲ့ အူတို့ကို အိုးတစ်လုံးထဲထည့်ပြီး ရေခမ်းပြုတ်ပေးပါနော်။ ကြက်သည်းနဲ့ အူက အနူးလွယ်တာမို့ သူတို့ကို အရင်ဆယ်ပေးပါနော်။ ကျန်တဲ့အရိုးတွေနဲ့ အမြစ်တွေကိုတော့ ရေခမ်းတဲ့အထိ နူးအောင်ပြုတ်ပေးပါ။

ပြုတ်ထားတဲ့ အရေပြား၊ အရိုး၊ အသည်းအမြစ်တို့ကို အအေးခံပြီး အရွယ်တော်လေးတွေဖြစ်အောင် လှီးပြီး ပန်းကန်တစ်ချပ်ထဲထည့်ပါ။ ပြီးရင် လှီးထားတဲ့ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ငရုတ်သီးမှုန့်၊ မာဆလာနဲ့ ဆားအနည်းငယ်၊ အချိုမှုန့်တို့ကိုထည့်ပါ။ ပြီးရင် ပဲဟင်းရည်လေးကို ဆမ်းထည့်ပါ။ ရှောက်သီးစိပ်လေးကို ညှစ်ထည့်ပါ။ ပြီးတော့မှ နှံ့အောင် ဇွန်းလေးနဲ့ နယ်ပြီး အပေါ့အငံမြည်းပါ။ အပေါ့အငံစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အပေါ်ကနေ ရှောက်ရွက်လေးအုပ်ပြီး သုံးဆောင်နိုင်ပါပြီ။ အစပ်မကြိုက်ရင် ငရုတ်သီးစိမ်းမထည့်ပါနဲ့နော်။ အဲ့ဒါဆိုရင်တော့ ကြက်ရိုးကြက်အရေပြားသုပ် ရပါပြီနော်။

Saturday, February 2, 2008

ခရမ်းချဉ်သီးပန်ထွေဖျော်

3 comments
သတ်သတ်လွတ်ဟင်းလျာတွေကို ကြိုက်နှစ်သက်တတ်တဲ့ သူငယ်ချင်း အခွံ (ခွန်လင်းချစ်သူ)က ဟင်းသီးဟင်းရွက် သတ်သတ်လွတ်ဟင်းလေးတွေ ချက်ကျွေးပါဦးလို့ ဆိုလာတာကြောင့် ကျွန်မ ဒီနေ့ ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်ကျွေးပါ့မယ်။ ခရမ်းချဉ်သီးပန်ထွေဖျော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအလှော်ထောင်း၊ ပဲပုပ်၊ ဆား၊ အချိုမှုန့်နဲ့ ပူစီနံ အနည်းငယ်တို့ပါနော်။
ခရမ်းချဉ်သီး၊ ပူစီနံ၊ ငရုတ်သီးစိမ်းတို့ကို ရေဆေးပြီးရေစစ်ပေးထားပါ။ ခရမ်းချဉ်သီးကို မီးသွေးမီးဖိုထဲ ထည့်ပြီး မီးအုံးပေးပါ။ မီးအုံးဖို့ အခက်အခဲရှိရင် ဒယ်အိုးထဲ ခရမ်းချဉ်သီးတွေကို ထည့်၊ ရေလေးထည့်ပြီး ရေခမ်းပြုတ်ပေးပါနော်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာပြီး ရေဆေးပေးထားပါ။ ပြီးတော့မှ ကြက်သွန်နီကို မထူမပါးလှီးပြီး ရေဆေးပြီး ရေစစ်ပေးထားပါ။ ကြက်သွန်ဖြူကိုလည်း ဓားပြားရိုက်ပေးထားပါ။ ပဲပုတ်တစ်ချပ်ကိုလည်း ဟိုဘက်ဒီဘက်လှန် အကျက်ညီအောင် မီးကင်ပြီး မညက်တညက်လေး ထောင်းထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း မထူမပါးလှီးပေးထားပါ။ (မီးအုံးပြီး သို့မဟုတ် လှော်ပြီးထည့်လျှင်လည်း ရပါတယ်နော်။) ပူစီနံကိုလည်း အညွန့်လေးတွေ ချွေပြီးထည့်ပေးပါ။ ပူစီနံ မကြိုက်တဲ့သူတွေကတော့ နံနံပင် ဒါမှမဟုတ် ကြက်သွန်မြိတ်ထည့်လို့ရပါတယ်နော်။ ခရမ်းချဉ်သီးရပြီဆိုရင် အအေးခံ၊ ပြီးတော့ အပြင်က အခွံလေးကို နွှာ၊ အသားတွေကို ဇွန်းလေးနဲ့ အသာအယာခြစ်ယူပြီး ပန်းကန်လုံးထဲ ထည့်ထားပေးပါ။ ပြီးတော့ ထောင်းထားတဲ့ ပဲပုတ်လေးကိုထည့်၊
မထူမပါးလှီးထားတဲ့ ကြက်သွန်နီနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်၊ လှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေထည့်၊ ငရုတ်သီးအလှော်မှုန့်လေးလည်း ထည့်၊ အားလေး၊ အချိုမှုန့်လေးထည့်ပြီး ပူစီနံအုပ်ပြီးမွှေလိုက်ပါနော်။ ပဲပုတ်ထောင်းနံ့သင်းသင်းလေး၊ အရသာချဉ်ပြုံးပြုံးလေးနဲ့ သတ်သတ်လွတ်ခရမ်းချဉ်သီးပန်ထွေဖျော်လေး ရပါပြီနော်။ တို့စရာအနေနဲ့ ဘရိုကိုလီပြုတ်၊ ကိုက်လန်ဖူးပြုတ်၊ မုန်ညင်းဖူးပြုတ်တို့နဲ့ လိုက်ဖက်ပါတယ်နော်။