Thursday, February 28, 2008

ကောက်ညှင်းပြန်ပေါင်း ပုစွန်ထောင်း


ဒီနေ့မှာ ကျွန်မရဲ့မောင်နှမတွေကို ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းလုပ်ကျွေးပါရစေနော်။ ကျွန်မတို့ ငယ်ငယ်တုန်းက နေ့ခင်းဘက်အဆာပြေစားမယ့်အချိန်လောက်ရောက်ရင် မုန့်သည်မျိုးစုံက မုန့်မျိုးစုံလှည့်ရောင်းတဲ့အထဲမှာ ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းကို သိပ်ကြိုက်ခဲ့တာ။ မောင်နှမတွေကြိုက်လွန်းလို့ နောက်ဆုံး ကျွန်မတို့အဘွားက အပြင်မုန့်တွေကို ၀ယ်ကျွေးရင် ပိုက်ဆံအရမ်းကုန်တာမို့ အိမ်မှာပဲ လုပ်ကျွေးပါတော့တယ်။ အခု ကျွန်မအဘွား မကြာခဏ လုပ်ကျွေးတတ်တဲ့ ကောက်ညှင်းပြန်ပေါင်း ပုစွန်ထောင်းလေးကို အမှတ်တရအနေနဲ့ အိမ်မှာလုပ်စားကြတာလေးကို မျှဝေပါရစေဦးနော်။
ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကောက်ညှင်းအဖြူ နှစ်ဗူး၊ အုန်းသီးတစ်လုံး၊ ပုစွန် အကောင်လတ် (၂၀) သား၊ နှမ်း၊ ဆားနဲ့ ဆီအနည်းငယ်တို့ပါနော်။


ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ အုန်းသီးကိုခြစ်ပြီး သုံးပုံတစ်ပုံကို အုန်းနို့ရည် (ဦးရေ) ညှစ်ပြီး သီးသန့်ဖယ်ထားပါ။ ကျန်နှစ်ပုံကို ဆီနဲ့ အုန်းကြော်ကြော်ပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထားပေးပါ။ ပုဇွန်ကို သန့်စင်အောင်ဆေး၊ အခွံနွှာပြီးတော့ ဆားအနည်းငယ်နဲ့ နယ်ပေးထားပါနော်။ ပြီးတော့မှ ပုဇွန်ကို အုန်းကြော်ကြော်ထားတဲ့ဆီအနည်းငယ်ထည့်ပြီး ကြော်ပေးပါ။ ပြီးတော့မှ ပုစွန်ကြော်လေးကို ငရုတ်ဆုံထဲ ထည့်ထောင်းပေးပါ။ နှမ်းလေးကို လှော်ပြီးတော့ ဆားအနည်းငယ်နဲ့အတူရောပြီး ငရုတ်ဆုံထဲထည့်ထောင်းပြီး ပန်းကန်ပြားလေးထဲ ဖယ်ထားပေးပါ။
ကောက်ညှင်းကို မပေါင်းဘဲ rice cooker နဲ့ပဲ အလွယ်တကူပဲ ချက်လိုက်ကြရအောင်နော်။ ရေဆေးထားပြီးသား ကောက်ညှင်းကို အိုးထဲထည့်၊ ပြီးတော့မှ အပေါ်ကနေ ရေလက်တစ်ဆစ်သာသာလောက်ထည့်ပြီး တည်ပါ။ ကောက်ညှင်းကျက်ပြီဆိုရင် အအေးခဏလောက် ခံထားပါနော်။ ကောက်ညှင်းတွေ နွေးလာပြီဆိုရင်တော့ အုန်းနို့ဦးရည် လက်ဖက်ရည်ပန်းကန်လုံး (၁) လုံးရယ်၊ ဆားလေးနည်းနည်းရယ်နဲ့ နှံ့အောင်နယ်ပြီး ကောက်ညှင်းတွေကို ပြန်ပေါင်းပေးပါ။ ပေါင်းချောင်နဲ့မှ မဟုတ်ပါ။ rice cooker အပေါ်ထပ်မှာထည့်ပြီးတော့ ပေါင်းလို့ရပါတယ်။ ပေါင်းတဲ့အခါမှာ ရေနွေးငွေ့နဲ့ အနည်းဆုံး မိနစ် ၂၀ ကနေ နာရီဝက်လောက်ထိ ပေါင်းပေးပါနော်။ အဲ့ဒီလိုပေါင်းတဲ့အခါ ကောက်ညှင်းလည်း နူးနူးနပ်နပ်ဖြစ်ပြီး အုန်းနို့နံ့လည်း တသင်းသင်းနဲ့ ပေါင်းလို့ရတဲ့ကောက်ညှင်းကိုမှ လက်နဲ့နယ်နိုင်တဲ့အပူဒဏ်လောက်ထိ ထားပြီးတော့မှ ထောင်းထားတဲ့ ပုဇွန်သုံးပုံနှစ်ပုံရယ် အုန်းသီးကြော် သုံးပုံနှစ်ပုံရယ်နဲ့အတူ ရောနယ်ပေးပါ။ ပြီးတော့မှ အပေါ်ကနေ နှမ်းထောင်းလေးရယ်၊ အုန်းသီးကြော်နဲ့ ပုဇွန်ကြော်ရယ်ကို ဖြူးပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချိုအီဆိမ့်အရသာစုံနဲ့ ကောက်ညှင်းပြန်ပေါင်းပုစွန်ထောင်းလေး ရပါပြီနော်။
ကျွန်မရဲ့ အဖေ၊ အမေနဲ့ တူ၊ တူမလေးတွေအတွက်တော့ ကောက်ညှင်းပေါင်းကို အဆုပ်လေးတွေလုပ်ပြီး ပဲပြုတ်လေးနဲ့ တွဲပြီး စားသုံးဖို့ ပြင်ပေးပါတယ်။ ကြိုက်တတ်မယ်ဆိုရင်တော့ ကောက်ညှင်းဆုပ်လေးတွေလည်း အားပေးနိုင်ပါတယ်နော်။ လက်ဘက်ရည်ပေါ့ဆိမ့်လေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။ နောက်ရက်မှာ လက်ဖက်ခြောက်နှပ်နည်းလေး ဝေမျှပါရစေဦးနော်။

4 comments:

  1. အတော်လက်ဝင်တာဘဲ

    ReplyDelete
  2. လျှာကိုသတ် တံထွေးကို မြိုပါလို့။ မစားရ ဝမခန်း
    အားကျစွာကြည့်သွားပါတယ်ဗျ။ :) စတာနော...
    စားချင်စိတ်ကတော့ အပြည့်ပဲ။ :D

    ReplyDelete
  3. ကောက်ညှင်းပြန်ပေါင်းနည်း သိချင်နေတာကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete
  4. ကျေးဇူးတင်တယ်မလုရေ.... ကျမကမပျော်ဘဲတော်ရာမှာနေရသူဆိုတော. ကိုယ်.အစားအသောက်တွေကို အမြဲတောင်.တနေ၇တာပါ... အခု ဒီဘလောလ်.လေးကြောင်. ကိုယ်ကြိုက်တာတွေ အချိန်မရွေးလုပ်စားနိင်တော.မယ်... ခုတောင် ပဲပြုတ်ရေစိမ်ထားပြီးပြီ... နက်ဖြန်အလုပ်နားရက်မှာ ပဲပြုတ်နဲ. ကောက်ညင်းပြန်ပေါင်းလေး မလု ပြောတဲ.အတိုင်းလုပ်စားမလို.။ နောက်အပါတ်ကျရင် ကြာဇံချက်လေးနဲ. ငှက်ပျောဆနွင်းမကင်းလေး လုပ်စားမယ်.... ကျေးဇူး အထူး အထူးတင်ပါတယ်... :)))

    ReplyDelete