Showing posts with label Do It Yourself. Show all posts
Showing posts with label Do It Yourself. Show all posts

Wednesday, December 14, 2011

အမဲခြောက်ကိုယ်တိုင်လုပ်ပြီး မီးဖုတ်စားကြရအောင့့် 

8 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့်  အမဲခြောက်လုပ်နည်းကို ဟိုနေ့က ဘလော့ဂ်မှာ ရေးပြီး draft မှာ ဆေ့ဖ်လုပ်ခဲ့ပြီး အပြင်သွားလိုက်တာ ပြန်လည်းလာရော တစ်လုံးမှ မကျန်တော့လို့ ထိုင်ငိုလိုက် ရသေးတယ်။ စိတ်နာနာနဲ့ ဒီနေ့ ဒီမှာ အပြီးရေးပြီး ပြန်တင်မယ်။ 
အမဲသား အသားကောင်းကောင်းကို ၀ယ်ပြီး ရေမဆေးဘဲ တစ်သျှူးနဲ့ သန့်စင် ပေးပါ။ ပြီးတော့ အမဲသားကို လက်နှစ်လုံးအထူ ခြောက်လက်မ အရှည်လောက်ရအောင် လှီးပေးပါ။ ပြီးတော့ ဆား၊ သကြား၊ သံပရာသီးတစ်လုံးရဲ့ အရည်နဲ့ ချင်းစိမ်း လက်သုံးဆစ်ကို ထောင်းပြီး အားလုံးရောပြီး အမဲသားထဲ ထည့်နယ်ပေးပါ။
ပြီးရင် အမဲသားတွေ ကို သီတံနဲ့ပဲ လှန်းလှန်း၊ ဇကာနဲ့ပဲလှန်းလှန်း ခြောက်အောင် လှန်းပါ။ မြန်မာနိုင်ငံ မှာ နေကျဲကျဲတောက်ပူရင် နှစ်ရက်လှန်းရင် ကောင်းကောင်းခြောက်ပါတယ်။ ချင်းရယ် သံပရာရည်ရယ် ပါတဲ့အတွက် အမဲသားခြောက်လှန်းနေတဲ့အချိန်မှာကတည်းက အနံ့က တော်တော်လေး ဆွဲဆောင်မှု အားကောင်းပါတယ်။ တစ်ရက်နေလှန်းပြီးရတဲ့အသားကိုလေ ကင်စားရယ် အမဲသား ရို့စ်လေး လိုပဲ မွှေးမွှေးအိအိလေးနဲ့ စားလို့ကောင်းသလို ၂ ရက်နေလှန်းပြီး ကောင်းကောင်းခြောက်နေတဲ့ အမဲခြောက်ကို မီးသွေးမီးနဲ့ပဲ ကင်ကင်၊ မိုက်ကရိုဝေ့ဖ်နဲ့ကင်ကင် အနံ့အရသာနဲ့ အရမ်း ကို ပြည့်စုံပါတယ်။ ရလာတဲ့ အမဲခြောက်ကို သတင်းစာစက္ကူပတ်၊ ပလတ်စတစ်အိတ် နဲ့ လေလုံ အောင်ထုပ်ပြီး အကြာကြီး သိမ်းထားနိုင်ပါတယ်နော်။ 
ကင်တဲ့အခါမှာ ပထမ ၇ မိနစ်လောက် ကင်ပြီးတော့ အမဲခြောက်ကို မွမွလေးဖြစ်အောင် ငရုပ်ကျည်ပွေ့နဲ့ ထုပေးပါတယ်။ ပြီးတော့မှ နောက် တစ်ဘက်ကို လှည့်ပြီး ကင်ပါတယ်။ ၃ မိနစ်လောက်ကင်လိုက်၊ ထုပေးလိုက်၊ အဲ့ဒီလိုနဲ့ အားလုံး အကျက်ညီအောင် ကင်ပြီးတော့မှ ပဲဆီမွှေးလေးဆမ်းပါ နော်။ အဲ့ဒါကို ကောက်ညှင်းပေါင်းနဲ့ဖြစ်ဖြစ်၊ ထမင်းဖြူ ပူပူလေးနဲ့ဖြစ်ဖြစ် တွဲဖက်သုံးဆောင်နိုင် သလို ကောက်ညှင်းမွှေးလက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းပူပူလေးနဲ့လည်း သုံးဆောင်နိုင်ပါတယ်။ အဖျော်ယမကာ ကြိုက်နှစ်သက်သူတွေအတွက်လည်း အမြည်းတစ်လက်ပေါ့။
မိုက်ကရိုဝေ့ဖ်နဲ့ ကင်တဲ့အခါမှာ Grill Setting ကို ရွေးလိုက်ပါ။ Grill Setting  က မီးအားက Medium အဆင့်မှာ ရှိပါတယ်။ Grill Setting  ရွေးပြီးတဲ့အခါ စတီးစင်လေးကို တင်လိုက်ပါ။ အဲ့ဒီအပေါ်ကနေမှ အမဲခြောက်လေးတွေကို တန်းစီပြီး တင်ပါတယ်။ ပြီးတော့ မလုက ၁၀ မိနစ် အပူပေးလိုက်ပါတယ်။ ၁၀ မိနစ်ပြည့်ရင် အမဲခြောက်တွေကို ငရုတ်ကျည်ပွေ့နဲ့ အသာထုပေးပါတယ်။ ပြီးမှ ၃ မိနစ်တစ်ခါ တစ်လှည့်စီ လှည့်ကင်ရင်းနဲ့ ထုလိုက် ကင်လိုက် လုပ်ပေးပါတယ်။ အားလုံး မိနစ် ၂၀ လောက်ဆိုရင်တော့ အနံ့အရသာနဲ့ အလွန်ပြည့်စုံလှတဲ့ အမဲခြောက်ကင်လေး ရပါပြီနော်။ ချင်းရည်နဲ့ ချင်းဖတ်လေးတွေပါတဲ့ အတွက် အမဲခြောက်ရဲ့ အနံ့အရသာက အရမ်းကို ကောင်းမွန်လှပါတယ်။ စမ်းသပ်ကြည့်ကြပါဦးနော်။
အမဲခြောက်ကို မီးဖုတ်တာအပြင် ခရမ်းချဉ်သီးနဲ့ချက်တာရော၊ ပြုတ်ကြော်လုပ် တာရော၊ ဘာလချောင် ကြော်တာပဲဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ချက်စားလို့ ရပါတယ်။ အမဲသားနံ့ညှီလို့ မခံနိုင်ဘူး ဆိုတဲ့ မောင်နှမတွေအတွက်၊ အမဲသား ချက်ရတာ အနူးခက်တယ်ဆိုတဲ့ မောင်နှမတွေအတွက် ဒီ နည်းလေးက အရမ်းကို အဆင်ပြေပါတယ်နော်။ နောက်ပြီး အမဲသားဟင်းချက်ရင် အဆီတွေနဲ့ ခဲသွားတဲ့ ပြဿနာမျိုးလည်း မကြုံရတော့ဘူးလေ။ စမ်းသပ်ကြည့်ကြပါနော်။ 
အမဲသားမစားတဲ့ မောင်နှမတွေကတော့ ဆတ်သား၊ ဆိတ်သားတို့ကို ဒီနည်းနဲ့ အခြောက်လှန်းပြီး လုပ်စားနိုင်ပါတယ်နော်။

Friday, September 3, 2010

လက်ဖက်သုပ်

10 comments

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေကို လက်ဖက်သုပ်လေး လုပ်ကျွေး ပါမယ်နော်။ ပြည်ပမှာရှိတဲ့ မောင်နှမတွေက လက်ဖက်ကို အမြဲတမ်းရဖို့ ခဲယဉ်းတတ်ပါတယ်။ မမလုက တော့ တို့အမြဲတမ်းမရနိုင်တဲ့ လက်ဖက်နဲ့ နှိပ်စက်လေခြင်းလို့ အပြစ်မပြောရလေအောင် လက်ဖက်လုပ် နည်းလေးကိုလည်း မျှဝေပေးဦးမှာနော်။

လက်ဖက်ခြောက် (ဂရင်းတီးတော့မဟုတ်ဘူးပေါ့နော်) လက်တစ် ဆုပ်ကို ယူပြီး ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးပွက်ပွက်ဆူ လက်ဖက်ရည် ပန်းကန်လုံးတစ်လုံးခွဲကို လောင်း ထည့်ပြီး စိမ်လိုက်ရင် ပွတက်လာပါလိမ့်မယ်နော်။ ပြီးတဲ့အခါကျရင် အဲ့ဒီ ပွလာတဲ့လက်ဖက်ဇလုံကို ရေနွေးငွေ့နဲ့ နာရီဝက်လောက် ပေါင်းလိုက်ပါနော်။ နာရီဝက်ကြာရင် အောက်က အပူပေးတာကို ရပ်လိုက် ပြီးတော့ အဖုံးမဖွင့်သေးဘဲ အအေးခံထားလိုက်ပါနော်။ အေးပြီဆိုတော့မှ အိုးအဖုံးကို ဖွင့်လိုက်ပြီး လက်ဖက် ထဲက အရည်ကို နည်းနည်းညှစ်ထုတ်ပစ်လိုက်ပါနော်။ ပြီးရင် ရိုးရိုးလက်ဖက်နှပ်သလိုပဲ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ အချိုမှုန့်၊ပုစွန်ခြောက်တို့နဲ့ပြန်နှပ်လိုက်ပေါ့နော်။ ချဉ်ငံစပ်ပဲနှပ်နှပ်၊ ရိုးရိုးအဆိမ့်ပဲနှပ်နှပ်၊ နှပ်ချင်သလိုသာ နှပ်ပေတော့နော်။

အခုပြထားတဲ့ လက်ဖက်သုပ်လေးကတော့ 18 x 2 မွေးနေ့ပွဲတုန်းက ဧည့်ခံခဲ့တာ အဲ့ဒီပုံစံအတိုင်းပါပဲနော်။ ဒါကတော့ အကြော်စုံ (နှစ်ပြန်ကြော်)ကို မကြိုက်တတ်တဲ့သူတွေ၊ ပဲမကြိုက်တဲ့သူတွေ၊ သွားမှာ အပေါက် တွေပါလို့ အကြော်ဆိုရင် ၀ါးလို့မရဘူးဆိုတဲ့ မောင်နှမတွေအတွက် ရည်ရွယ်ပါတယ်နော်။

ကျွန်မက လက်ဖက်ဆိုရင် နှစ်ပြန်ကြော်နဲ့ စားရတာကို သိပ်မကြိုက်လို့ ဒီနည်းလေးနဲ့ လက်ဖက်သုပ် စားကြည့်ရင်း ကောင်းတယ်လို့ အိမ်သားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောလို့ မောင်နှမတွေကို မျှဝေလိုက်ရတာပါရှင်။

လက်ဖက်နှပ်တော့မယ်ဆိုရင် လက်ဖက်ညွန့်လေးတွေကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးပွက်ပွက် ဆူလောင်းထည့်ထားပြီး အဖုံးအုပ်ထားပြီး အနည်းဆုံး ၁၅မိနစ်ကနေ နာရီဝက်လောက်ထိ ထားလို့ ရပါတယ်။  ပြီးတော့မှ အဲ့ဒီအရည်တွေ သွန်ပစ်ပြီး လက်ဖက်ထဲက အရည်တွေကို ညှစ်ပစ်ပါ။ ပြီးတော့မှ လက်ဖက်ကို ဆား၊ ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက် မညက်တညက်လေးထောင်း၊ ဟင်းချိုမှုန့်တို့နဲ့ နာနာနယ်ပါ။ ပြီးရင်တော့ နှမ်းဆီလေးဆမ်းပြီး ခပ်ကြာကြာလေး စိမ်ပေးထားပါနော်။ ဒါကတော့ အဆိမ့်နှပ် ပေါ့နော်။ ဒါကတော့ လူကြီးတွေအကြိုက်များကြတယ်လေ။
  ~ ~ ~ ~ ~ ~ ~ ~ ~





လုံမပျိုတွေအကြိုက်ကတော့ ချဉ်ငံစပ်ရှယ်ပေါ့လေးပေါ့။ အဲ့ဒါကျတော့ လက်ဖက်နှပ် တဲ့အခါ ခုနကလိုပဲ အညွန့်လေးတွေကို ရေနွေးနဲ့စိမ်၊ အရည်တွေညှစ်ထုပ်ပြီး တော့မှ ငံပြာရည်အနည်းငယ်၊ ဆား၊ ဟင်းချိုမှုန့်၊ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်လေးကို မညက်တညက်လေးထောင်း၊ ရှောက်ရည်/သံပရာရည်၊ ငရုပ်သီးစိမ်း မညက်တညက်ထောင်းလေး တို့နဲ့နယ်ပေး၊ ပြီးတော့ ခရမ်းချဉ်သီးလေးရယ်၊ နံနံပင်လေးရယ် တို့ကို ပါးပါးလှီးပြီး ထည့်နယ်ပါနော်။ ပြီးတော့မှ နှမ်းဆီလေး ဆမ်းပြီး စိမ်ပေးထား။ စားခါနီး ၁ နာရီလောက် အလိုမှာ နှပ်ရင် ရပြီနော်။ အဲ့ဒီလက်ဖက်လေးကိုတော့ တစ်ဇွန်းလောက်စားလိုက်ရင် လျှာကို လည်ထွက်သွားမှာနော်။

မြေပဲဆန်ကို ပြုတ်တဲ့အခါ မြေပဲဆန်အခြောက်ကို သန့်စင်အောင် ရေဆေးပြီး တော့ မြေပဲဆန်မြုပ်အောင် ရေထည့်ပြီး rice cooker နဲ့ပဲ ပြုတ်ပေးပါ။ ပထမတစ်ရည် ကုန်သွားတဲ့ အခါကျရင် ပဲတွေကို အပေါ်အောက်လေး နှံ့အောင် မွှေပြီးတော့ ဆားလေးနည်းနည်းထည့်၊ ပြီးရင်နောက် တစ်ခါ ပဲမြုပ်အောင် ရေထည့်ပြီး ထပ်ပြုတ်ပေးပါနော်။ ပဲက လတ်ဆတ်တယ်၊ ဓာတုဆေးတွေလည်း မသုံးထားဘူးဆိုရင် နှစ်ရည်ခမ်းတာနဲ့ နူးပါတယ်။ ဒါပေမယ့် ရေခမ်းလို့ ခလုပ်တက်သွားတာနဲ့ အဖုံးကို မဖွင့်ဘဲ အငွေ့လုံအောင် ဒီအတိုင်းထားပြီး အေးတော့မှပဲ ဖွင့်ပါနော်။ တချို့မြေပဲဆန် တွေက ပိုးထိုးမှာ စိုးလို့ လှောင်လက် သမားတွေက ဆေးသုံးထားရင် တော်ရုံနဲ့ မနူးတတ်ပါဘူး။ ပဲက ဆတ်တောက်ကြီး ဖြစ်နေတတ်တာမို့ သတိထားပါနော်။

ပြလို့ပြောင်းဖူးကိုလည်း နူးနေအောင်ပြုတ်ပြီး အအေးခံပြီး ချွေပေး ထားပါနော်။

တညင်းသီး အစေးသီးကိုလည်း ပြုတ်တဲ့အခါ ပထမတစ်ကြိမ် ပွက်ပွက်ဆူလာပြီးရင် ရေတွေကို သွန်ပစ်လိုက်ပါနော်။ နောက် တစ်ကြိမ် ရေထပ်ထည့်ပြီး ပြုတ်ပါ။ အဲ့ဒီအတိုင်း ၃ ကြိမ်တိုင်တိုင်ပြုတ်ပြီး ပွက်ပွက်ဆူတဲ့အခါ ရေတွေ သွန်ပစ်လိုက်ပါ။ ပြီးရင် တညင်းသီးကို အခွံနွှာပြီး အလယ်မှာရှိတဲ့ အညှာလေး ကို ဖဲ့ပစ်လိုက်ပါ။ ပြီးတော့မှ တညင်းသီးတွေကို အိုးထဲထည့်၊ ရေမြုပ် အောင်ထည့်၊ ဆားလေးနည်းနည်း၊ ထန်းညက်ခဲလေး ၃ လုံးလောက် ပစ်ထည့်၊ ဆီလေးနည်းနည်းထည့်ပြီး rice cooker နဲ့ ပြုတ်လိုက်ပါနော်။ ရေခမ်းသွားလို့ ခလုပ်တက်သွားရင် ထုံးစံအတိုင်း မဖွင့်လိုက်ဘဲ အအေးခံထားလိုက်ပြီး အေးတော့မှ ပါးပါးလှီးထားလိုက်ပါနော်။

အားလုံးအသင့်ဖြစ်ရင်တော့ ကိုယ့်စိတ်ကြိုက်လေး ပြင်စားကြတာပေါ့နော်။ ပြလို့ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ တညင်းသီးပြုတ် တို့ ရှိသလို ကြက်သွန်ကြော်နှမ်းကြော်လေးနဲ့ သီဟိုဠ်ဆန်ကြော်တို့လည်း ရှိတာမို့ မောင်နှမတွေ  စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်နော်။

Saturday, July 24, 2010

မုန်လာကင်မ်ချီ

10 comments

          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို မုန်လာကင်မ်ချီလုပ်နည်းလေး မျှဝေပေးပါရစေနော်။
          လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်လာဥ အရွက်ရောဥပါ အပင် ၂၀၊ ကောက်ညှင်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ငရုတ်သီးခြောက်အပုပွတောင့် ၅ တောင့်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ပါနော်။
          မုန်လာဥတွေကို အရွက်သီးသန့်၊ ဥသီးသန့်ဖြစ်အောင် ဓားနဲ့ပိုင်းဖြတ်ပြီး သန့်စင် အောင် ဆေးကြောပေးပါ။ ပြီးရင် မုန်လာရွက်ရော ဥရောကိုပါ ဆားနဲ့ပက်ထားပေးပြီး ၁ နာရီလောက် ထားလိုက်ပါနော်။ ပြီးရင်တော့ မုန်လာရွက်တွေ မုန်လာဥတွေကို ရေနဲ့ ဆေးပေးပါ။ ပြီးတော့မှ မုန်လာရွက်တွေကို ရေစင်အောင် ညှစ်ပစ်၊ မုန်လာဥတွေကိုလည်း အခွံနွှာ၊ ကိုယ်နှစ်သက်တဲ့ပုံစံလှီးပေးထားပါနော်။ ကောက်ညှင်းမှုန့်ကို ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံး ထည့်ပြီး ကျိုပေးပြီး အအေးခံထားပေးပါ။ အဲ့ဒီအချိန်မှာ ချင်းကြက်သွန်ဖြူတို့ကို အခွံနွှာ ရေဆေးပေးထား၊ ငရုတ်သီးစိမ်းကို ရေဆေးပေးထားပါ၊ ငရုတ်သီးအပုပွတောင့်ကိုလည်း အညှာချွေ၊ အစေ့ထုတ်ပြီး ရေနွေးနဲ့ စိမ်ပေးထား၊ ပြီးတော့မှ ငရုတ်သီးအပုပွတောင့်ကို ထောင်းပေးထားပါ။ ပြီးရင် ချင်း၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတို့ကို ကြိတ်ပေးထားပါ။
          အားလုံးအသင့်ဖြစ်တဲ့အခါ ဇလုံတစ်လုံးထဲ မုန်လာဥ၊ မုန်လာရွက်ရယ်၊ ထောင်းထား တဲ့ ငရုတ်သီး အရောင်၊ ကြိတ်ထားတဲ့ ချင်းကြက်သွန်ဖြူငရုတ်သီးစိမ်းတို့ရယ်၊ ကောက်ညှင်းကျိုထားတာရယ်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ အားလုံးကို သမအောင် နယ်ပေးပါနော်။ ပြီးတော့မှ ဖန်ပုလင်း ဒါမှမဟုတ် ပလတ်စတစ်ဗူးသန့်သန့်ထဲ မုန်လာရွက် တွေ တစ်ထပ်၊ မုန်လာဥတွေ တစ်ထပ်စီထည့်ပြီး သိပ်ထားပါတယ်။ ရာသီဥတုပူတာနဲ့ပဲ ၁ ရက်နဲ့ ၁ ညလောက်ဆို စပြီး ချဉ်ပါပြီ။ ၂ ရက်ဆိုရင်တော့ ကောင်းကောင်းချဉ်ပါပြီနော်။
          ငရုတ်သီးစိမ်းလေးနဲ့မို့လေ စားရတာ ခပ်စပ်စပ်လေးနဲ့ မွှေးမွှေးလေး တော်တော်လေး စားလို့ကောင်းပါတယ်။ မုန်လာချဉ်လုပ်ပြီး သုပ်စားမယ်ဆိုရင်တောင် အဆင့်တွေ များနေဦးမယ်၊ ဒီနည်းလေးက ပိုသန့်ပြီး ပိုစားကောင်းတယ်လို့ အမေနဲ့ ညီမတွေက ပြောပါတယ်။ အဲ့ဒါနဲ့ပဲ ဒီနည်းလေးကို မောင်နှမတွေအတွက် လက်ဆင့်ကမ်း လိုက်တာပါနော်။
          မုန်လာရွက်မရှိလဲ မုန်လာဥချည်းသပ်သပ် ဒါမှမဟုတ် မုန်လာပင်ပေါက်တို့ကို ဒီနည်းနဲ့ အချဉ်တည်လို့ ရပါတယ်နော်။ ချဉ်ဖတ်ကြိုက်တဲ့ မောင်နှမတွေအတွက် ခံတွင်း တွေ့စေရပါမယ်နော်။

Tuesday, June 15, 2010

ဟင်းသီးဟင်းရွက်ချဉ်ဖတ် (သို့မဟုတ်) အချဉ်တည်နည်း

13 comments
မြန်မာလို အရပ်သုံးစကား ချဉ်ဖတ်တည်တယ်လို့ဆိုလိုက်ရင် များသောအားဖြင့် အလွယ်ကူဆုံးနည်းအနေနဲ့ မိမိအသုံးပြုလိုတဲ့ ဟင်းသီးဟင်းရွက် (ဥပမာ - ကန်စွန်း၊ မုန်လာ၊ ပဲပင်ပေါက် အစရှိသဖြင့်) ကို ဆန်ဆေးရည် ဒါမှမဟုတ် ထမင်းရည်နဲ့ ဆားတို့နဲ့ ရောပြီး ဖန်ပုလင်း ဒါမှမဟုတ် ပလတ်စတစ်ဗူးသန့်သန့်၊ မြေအိုး၊ စဥ့်အိုးသန့်သန့်တို့ထဲ ထည့်ပြီး စိမ်တာကို ပြေးမြင်ကြပါတယ်။

တကယ်တမ်း အချဉ်တည်တဲ့အခါမှာ ရာသီဥတုပူရင် ဒီနေ့တည်ရင် မနက်ဖြန်သဘက် စားလို့ရတာမျိုးရှိသလို အချဉ်ကို နှစ်ပေါက်ထားနိုင်အောင် တည်တဲ့ အလွယ်နည်းလည်း ရှိသလို ရေရှည်ထားနိုင်သလောက် အထားခံနိုင်အောင်တည်နိုင်တဲ့ နည်းအမျိုးမျိုးရှိတာမို့ ကျွန်မတို့ မိသားစုမှာ အသုံးများတဲ့ နည်းလမ်းတွေကို မျှဝေပေးပါရစေနော်။

ကျွန်မတို့မိသားစုရဲ့ အမေကြီးလို့ ကျွန်မတို့ခေါ်တဲ့ ကျွန်မအတယ် (အဖေ) ဘက်က အဘွားရဲ့ အမကြီးက ကျွန်မတို့ မောင်နှမတွေကို ချဉ်ဖတ်တည်ပြီး ကျောင်းထားပေးခဲ့တာပါ။ ကျွန်မရဲ့အတယ်က ကျွန်မလေးနှစ်သမီးကတည်းက ကွယ်လွန်သွားတော့ ကျွန်မတို့မောင်နှမ တွေကို ကျွန်မတို့အဖေဘက်က အဘွား၊ အမေကြီးနဲ့ ကြီးတော်တွေက ထိန်းကျောင်း သွန်သင်အုပ်ထိန်းခဲ့တာပါ။ အဲ့ဒီတော့ ကျွန်မတို့ဟာ အမေကြီးရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ချဉ်ဖတ်တည်ရောင်းတာကို ကျွန်မတို့ ၀ိုင်းဝန်းလုပ်ကိုင်ရပါတယ်။ ကျွန်မတို့ မောင်နှမမှာ အမေကြီးနဲ့အတူ အဲ့ဒီအလုပ်တွေကို တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ကိုင်ပေးရတာပေါ့နော်။ အဲ့ဒီလို ၀ိုင်းဝန်းလုပ်ကိုင်ရင်း တတ်သိခဲ့သမျှကို ကျွန်မရဲ့မောင်နှမများကို ပြန်လည်မျှဝေပေးပါ့ မယ်နော်။

အချဉ်တည်နိုင်တဲ့ နည်းလေးတွေကိုလည်း မျှဝေလိုက်ပါတယ်နော်။ ကိုယ့်စိတ်ကြိုက် အသုံးပြုလို့ရအောင်လို့ပါနော်။
(၁) ဆန်ဆေးရည် + ဆား + အချဉ်တည်လိုသည့် ဟင်းသီးဟင်းရွက်
(၂) ထမင်းရည် + ဆန်ဆေးရည် + ဆား + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်
(၃) ဆားရည်ချက် + ထမင်းကြမ်းချေထည့် + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်
(၄) ဆားရည်ချက် + ကျောက်ချဉ်အနည်းငယ် + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်
(၅) ဆန်ကို ဆန်ပြုတ်လို မပျစ်မကျဲကျို + ဆား + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်

နှစ်ပေါက်ထားနိုင်တဲ့သရက်သီး၊ မရမ်းသီး၊ သစ်တိုသီး၊ တညင်းသီး၊ ကြက်ပေါင်သီး အစရှိတဲ့အသီးတွေကို နှစ်ပတ်လည် အထားခံအောင် အချဉ်တည်ပြီး ထားပါတယ်။ အနံ့လုံ အောင်၊ ချဉ်ဖတ်ပျက်မသွားအောင်လည်း စဉ့်အိုးကြီးတွေကို အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားရပါတယ်။

သရက်သီးကင်းလေးတွေကို သပ်သပ်၊ အလုံးကြီးသရက်သီးတွေကို သပ်သပ် ခွဲပြီးတော့ ဆားရည်မစိမ်ခင်မှာ ရိုးရိုးရေနဲ့ အနည်းဆုံး ၃ ရက်ကနေ တစ်ပတ်ထိ စိမ်ပေးရပါ မယ်နော်။ အသီးတွေစိမ်ထားတဲ့ရေကို နေ့တိုင်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေလဲပေးရပါမယ်။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် သရက်သီးထဲမှာရှိတဲ့ အစေးဓာတ်တွေ ထွက်သွားစေတယ်လို့ အမေကြီးက ပြောပါတယ်။ ပြီးတော့မှ သရက်သီးဆားရည်စိမ်ဖို့ အတွက် ရေနွေးပွက်ပွက်ဆူအောင်တည်၊ ဆားတွေထည့်ပါတယ်။ ပြီးတော့မှ အဲ့ဒီဆားရည်ကို အအေးခံပြီးတော့မှ သရက်သီးတွေကို ထည့်စိမ်ပါတယ်၊ အဲ့ဒီလို စိမ်တဲ့နည်းက နှစ်ပေါက်ထား လည်း သရက်သီးတွေ ပျော့သွားတာမျိုး မဖြစ်ဘဲ မာမာလေးနဲ့ အနံ့အရသာလည်း မပြောင်းလဲဘဲ ကောင်းစေပါတယ်နော်။ တညင်းသီးကို ဆားရည်စိမ်မယ်ဆိုရင်လည်း သရက်သီးကို စိမ်တဲ့နည်းအတိုင်းပဲ ဆားရည်မစိမ်ခင် ရေနဲ့ သုံးရက်ကနေ တစ်ပတ်လောက် ထိ စိမ်ပြီးမှ အချဉ်တည်ပါနော်။ ဒီနည်းကိုတော့ သရက်သီး၊ မရမ်းသီး၊ သစ်တိုသီး၊ ကြက်ပေါင်သီး စတဲ့ အချဉ်အရသာရှိတဲ့အသီးတွေ နှစ်ပေါက်အချဉ်တည်တဲ့အခါ အသီးတွေ မပျော့သွားဘဲ မာမာလေးအတိုင်းပဲ ဖြစ်နေမယ့် နည်းလမ်းပါနော်။

မုန်လာဥချဉ်၊ မုန်လာရွက်ချဉ်၊ မုန်လာခေါင်းချဉ်၊ ကန်စွန်းရိုးနီချဉ်၊ ပဲတီချဉ်၊ ဟင်းဂလာချဉ်၊ ဥာဏ်ပွင့်ချဉ်၊ ကြောင်လျှာသီးချဉ်၊ ရေသရက်ကင်းချဉ်၊ ရေသဖန်းသီး၊ ပန်းမုံလာရိုးတံချဉ်၊ ပန်းမုံလာပွင့်ချဉ် စတာတွေကျတော့ စဉ့်ရည်သုပ်လိမ်းထားတဲ့ အင်တုံကြီး တွေထဲမှာ ထည့်ပြီး အချဉ်တည်ပါတယ်။ နေ့တိုင်းရောင်းကုန်နေတာမို့ တစ်ရက်နဲ့တစ်ရက် ဖောက်သည်တွေ အ၀ယ်လာရင် မျက်နှာမပျက်ရအောင် နေ့စဉ်တစ်အိုးပြီးတစ်အိုး တည်ရပါတယ်။

မုန်လာဥ၊ မုန်လာရွက်နဲ့ မုန်လာခေါင်း (မုန်လာရွက်နဲ့ မုန်လာဥကြားက အဆစ်လေးကို ခေါ်တာပါနော်) တို့ကို အချဉ်တည်မယ်ဆိုရင်တော့ မုန်လာဥတွေကို အပြင်လွှာတွေ ခြစ်ပစ်၊ မုန်လာခေါင်းကြားထဲမှာရှိတဲ့ သဲတွေကိုလည်း သန့်ရှင်းရေးလုပ်၊ ပြီးရင် ရေနဲ့စင်အောင်ဆေး၊ ပြီးတော့မှ ဇကာလေးထဲ ထည့်ပြီး ရေလည်းစစ်အောင်၊ အရွက်လေးတွေလည်း နည်းနည်းနွမ်းသွားအောင် တစ်နေလှန်းပေးပါနော်။ ပုံမှန်အားဖြင့်တော့ မုန်လာ၊ ကန်စွန်း၊ ပဲတီ၊ ဟင်းဂလာ၊ ဥာဏ်ပွင့်၊ ကြောင်လျှာသီး၊ ရေသရက်ကင်း၊ ရေသဖန်းသီး၊ ပန်းမုံလာရိုးတံ၊ ပန်းမုံလာပွင့် စတာတွေကို အချဉ်တည်တဲ့အခါမှာ ကျွန်မတို့ မိသားစုကတော့ နံပါတ် (၃) နည်းကို အသုံးပြုလေ့ရှိပါတယ်။ တစ်ခါချဉ်ပြီးတဲ့ အသီးအရွက် ကုန်သွားခဲ့ပြီး နောက်ထပ် အသီးအရွက်ထပ်ချဉ်ချင်တယ်ဆိုရင် အဲ့ဒီအချဉ်ဖောက်ပြီးသား ဖြစ်နေတဲ့ အချဉ်ရည်ထဲကို အသီးအရွက်တွေ ထပ်ထည့်လိုက်ရုံနဲ့ ရပါတယ်နော်။

ကတက်ချဉ်၊ မန်ကျည်းရွက်ချဉ်၊ တမာချဉ်၊ ကင်းပုံသီးချဉ်စတာတွေကျတော့ တစ်နည်း ပေါ့နော်။ အဲ့ဒီအသီးအရွက်တွေကို အချဉ်တည်တဲ့နည်းကတော့ တခြားအသီးအရွက်တွေကို အချဉ်တည်တဲ့နည်းနဲ့မတူပါဘူးနော်။ ကတက်ရွက်ကို အချဉ် တည်မယ် ဆိုရင် ကတက်ရွက်ကို ရေနွေးနွေးပွက်ပွက်ဆူထဲ နွမ်းသွားအောင် ထည့်ပြုတ်ပြီး ဆယ်ယူ အအေးခံထား၊ ပြီးတော့ ရေအေးနဲ့ စိမ်ထားပေးပါ။ အရွက်တွေကို အနည်းဆုံး ၅ ရက်ကနေ တစ်ပတ်ထိ နေ့တိုင်း ရေစိမ်ပြီး မနက်တစ်ခါ ညတစ်ခါ ရေလဲပေးပါနော်။ ပြီးတော့မှ နံပါတ် တစ်ကနေ ငါးအထိ ကြိုက်တဲ့ နည်းကို အသုံးပြုပြီး အချဉ်တည်နိုင်ပါတယ်နော်။

တမာချဉ်ကျတော့ တမာရွက်တွေကိုနွမ်းသွားရအောင် ရေနွေးပွက်ပွက်ဆူထဲ ခဏ ထည့်ပြုတ်ပြီး ဆယ်ယူပြီး အအေးခံထားလိုက်ပါနော်။ ပြီးရင် မန်ကျည်းသီး ဒါမှမဟုတ် ဆီးသီးရယ် ဆားရယ် ရေရယ်ကို ဆူအောင်တည်ပြီး အအေးခံထားပါ။ ပြီးတော့မှ အဲ့ဒီအချဉ်ရည်အိုးထဲကို တမာရွက်လေးတွေ ဆယ်ယူထည့်၊ အပေါ်အောက်နှံ့အောင်နယ်သိပ် ပေးထားပါနော်။ တစ်ပတ်လောက်ဆိုရင်တော့ တမာချဉ်ကောင်းကောင်းလေး စားလို့ရ ပါပြီနော်။

မန်ကျည်းရွက်ချဉ်ကျတော့ မန်ကျည်းရွက်တွေကို စကာတစ်ခုထဲထည့်၊ ပြီးတော့ အပေါ်ကနေ ရေနွေးပွက်ပွက်ဆူတွေ လောင်းချပေး၊ ပြီးရင် အအေးခံထားပေးပါနော်။ ပြီးတော့မှ မန်ကျည်းရွက်တွေကို ဆားလေးနဲ့နယ်ပေး၊ ပြီးရင် စဉ့်အိုး၊ ပုလင်း စတာတွေထဲ ထည့်သိပ်ပြီး လေလုံအောင် ပိတ်ထားပေးပါနော်။ မန်ကျည်းရွက်ချဉ်က အကြာကြီးထားစား လို့ရတယ်နော်။ ကျွန်မ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တက်တုန်းက မြေလတ်ဒေသဘက်က သူငယ်ချင်းတွေဆိုရင် မန်ကျည်းရွက်ချဉ်တွေ ပုလင်းလိုက် သယ်လာတာကို စားဖူးတယ်။ ဘာလချောင်ကြော်နယ်ပြီး မန်ကျည်းရွက်ချဉ်လေးနဲ့ စားခဲ့တာ သိပ်မြိန်တာပဲ။

အထက်မှာ ပြောခဲ့တဲ့နည်းတွေအတိုင်း ချဉ်ဖတ်တည်လို့ရပါတယ်နော်။ ချဉ်ဖတ်အိုးကို ခပ်တဲ့အခါ ဇွန်းသန့်သန့်နဲ့ ခပ်ပါ၊ ပြီးရင် ချဉ်ဖတ်ကို မစားခင် ရေနဲ့ဆေးပြီးမှ စားရင်တော့ ကျန်းမာရေးအတွက် ပိုပြီးသင့်တော်စေပါတယ်နော်။

ချဉ်ဖတ်ကို ငါးပိရည်ဖျော်၊ ငံပြာရည်ကြော်၊ ဘာလချောင်ကြော် စတာတွေနဲ့ တွဲစားလေ့ ရှိသလိုပဲ ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်းလေးလှီးပြီး သုပ်စားကြတာလည်း ရှိပါတယ်နော်။ ပဲတီချဉ်ကိုတော့ ဟင်းချက်တဲ့အထဲမှာလည်း ထည့်ချက်တတ်ကြပါသေး တယ်နော်။

ချဉ်ဖတ်တည်တဲ့အခါ အသုံးပြုမယ့် ပစ္စည်းတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အားလုံးဟာ သန့်စင်နေဖို့ကို သတိပြုဖို့ လိုပါတယ်။ ဟင်းထဲက ဆီတွေဘာတွေ ပေနေလို့ မဖြစ်ပါဘူးနော်။ လက်လည်း သန့်ရပါမယ်နော်။ လူကြီးတွေပြောတာတော့ရှိတယ်၊ တချို့က လက်ပူလို့ ချဉ်ဖတ်တည်ရင် ပျက်တတ်တယ်လို့ ပြောဖူးတယ်၊ လက်ဆိပ်ရှိတဲ့သူ (လက်တည့်တဲ့သူ) ကျတော့ သူတည်တဲ့ချဉ်ဖတ်ဆိုရင် သူများတွေထက် ပိုပြီး စားကောင်းပြီး အရသာရှိတယ်လို့ ဆိုပါတယ်နော်။

တစ်လက်စတည်း မပန်းနွယ်မေးထားတဲ့ ချင်း (ဂျင်း) အချဉ်လုပ်တဲ့နည်းလေးကိုပါ ဒီခေါင်းစဉ်အောက်ထဲမှာ ပေါင်းပြီး ရေးပေးပါမယ်နော်။ ချင်းသုပ်အတွက်လုပ်မယ့်ချင်းက ချင်းနုလေးဆိုရင် ပိုပြီး ခြစ်ရတာ အဆင်ပြေပါတယ်၊ ချင်းနုလေးတွေကို စိန်ခလုပ်နဲ့ပဲ ခြစ်ခြစ်၊ ဓားထက်ထက်နဲ့ ပါးပါးပဲ လှီးလှီး ကိုယ်အားသန်သလိုလုပ်ပေါ့နော်။ ပြီးတော့မှ ချင်းတွေကို ဆားလေးနည်းနည်းနဲ့နယ်ပြီး အရည်ညှစ်ထုတ်ပစ်လိုက်ပါနော်။ ရလာတဲ့ချင်းလေးတွေကိုမှ ရှောက်ရည် ဒါမှမဟုတ် သံပရာရည်လေးညှစ်ပြီး အားလုံးသမအောင် နယ်ပေးထားပါ။ တစ်ညသိပ်ထားပြီး နောက်နေ့ဆို သုပ်စားလို့ကောင်းတဲ့ ချင်းချဉ်လေး ရနိုင်ပါပြီနော်။ ချင်းချဉ်ကို အကြော်စုံနဲ့ သုပ်စားနိုင်သလို ချောင်းဆိုးတာ ရက်ရှည်နေတဲ့မောင်နှမတွေ အနေနဲ့ အဲ့ဒီချင်းချဉ်လေးကို မြုံ့ပြီးစားပေးရင် ၂ ရက် ၃ ရက်နဲ့ ချောင်းဆိုးသက်သာစေပါ တယ်။ ကိုယ်လက်ကိုက်ခဲတာမျိုး ခံစားခဲ့ရရင်လည်း ချင်းထန်းလျက်ပြုတ်ရည်ပူပူလေး သောက်ပေးရင် သက်သာပါတယ်နော်။ အခုနောက်ပြီး SPA တွေမှာတောင်မှ ချင်းထန်းလျက် ပြုတ်ရည်တိုက်တာက ခေတ်စားနေတာပါ။ အမျိုးသမီးတွေအတွက်တော့ လစဉ်ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ညီအမများအတွက် ချင်းခြစ်ထားတာလေးကို ထန်းလျက်လေးနဲ့ပြုတ်သောက် တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ချင်းခြစ်ထားတာလေးကို သံပရာရည်လေးညှစ်ပြီး စားပေးတာပဲ ဖြစ်ဖြစ် အကောင်းဆုံးသော ဆေးနည်းတစ်လက်ပါလို့ လက်ဆင့်ကမ်းမျှဝေလိုက်ရပါတယ် နော်။

ဘလော့ဂ်မှာ အချဉ်တည်နည်းခဏခဏမေးထားတဲ့ ညီမလေး စုစပယ်လည်း ကျေနပ်လောက်မယ်ထင်ပါတယ်နော်။ တကယ်လို့ နောက်ထပ် သိချင်တာများရှိခဲ့ရင်လည်း mee.pho.saung@gmail.com ကို မေးလ်ပို့ပြီး မေးလို့ရပါတယ်နော်။ မြန်မာကနေကျတော့ ဘလော့ဂ်က မမြင်ရဘူးလေ။ ကျော်ခွရင်တောင် မနည်းတက်ရတာမို့ တချို့သော မောင်နှမ တွေ မေးထားတာတွေကို အသိနောက်ကျရပါတယ်နော်။ အတော်ကြာမို့ ပို့စ်တစ်ခု တက်လာတာကို သည်းခံပြီး အမြဲလာအားပေးနေကြတဲ့ မောင်နှမများကို မေတ္တာရပ်ဝန်း မီးဖိုဆောင်က ၀ိုင်းတော်သားများအားလုံးက ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခြားမောင်နှမတွေမေးထားတာတွေကိုလည်း တတ်နိုင်သလောက် အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဖြေပေးသွားပါမယ်နော်။

Thursday, May 13, 2010

ငါးခူ ငါးပိရည်ကျိုချက်နဲ့ တညင်းဝက်ကြော်

7 comments


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနှစ်နွေကတော့ “ပူတယ်လေ ဆယ်နေကဲ” ဖြစ်နေတာမို့ ဆီပြန်ဟင်းတွေလည်း ချက်မစားနိုင်ပါဘူး။ အရမ်းပူလွန်းတော့ ထမင်းဟင်းစားချိန်စိတ်တောင် ပျောက်တဲ့အထိပါပဲနော်။ အဲ့ဒီတော့ ထမင်းစားမြိန် ရလေအောင် ကျွန်မရဲ့ မောင်နှမများကို ငါးခူးငါးပိရည်ကျိုချက်လေးနဲ့ တညင်းဝက်ကြော်လေး ချက်ကျွေးပါရစေဦးနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးခူ၊ ရည်ကျိုငါးပိ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ငါးခူက အချွဲများတဲ့အတွက် သူ့ကို နယ်ဆေးဖို့အတွက် မန်ကျည်းသီးမှည့်ရယ်၊ ဆားရယ်နဲ့ နာနာနယ်ပြီး ၃ ကြိမ်လောက် ဆေးပေးပါနော်။ ပြီးတော့မှ ငါးခူကို အရွယ်တော် အတုံးလေးတွေ တုံးပေးပြီး ဆားရယ် ဟင်းခတ်မှုန့်လေးရယ်နဲ့နယ်ပေးပါနော်။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီးတော့ ငရုတ်ဆုံထဲမှာ ငရုတ် သီးစိမ်းကို ဆားလေးနည်းနည်းထည့်ပြီး ထောင်းပေးပါ။ ဆားထည့်ထောင်းတဲ့အတွက် ငရုတ်သီးအညက်မြန်သလို အပြင်ကို လည်း မစင်တော့ဘူးလေနော်။ ပြီးတော့ ငရုတ်သီးထောင်းထဲကို ကြက်သွန်ဖြူရယ် အနီရယ် ထည့်ထောင်းပေးပါနော်။

ရည်ကျိုငါးပိကို နနွင်းမှုန့်လေးရယ်၊ ရေလေးရယ်ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါနော်။ ရလာတဲ့ ငါးပိရည်ကို အရိုးမပါ ရလေအောင် စစ်ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ် ထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး ခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကို မီးအားအသင့် အတင့်ထားပြီး ဆီသတ်ပေးပါနော်။ မီးအသင့်အတင့်မထားရင်တော့ ငရုတ်သီးဆီသတ်နံ့က အရမ်းကို မွှန်မှာမို့ပါနော်။

ငရုတ်သီးကြက်သွန်တွေ စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ငါးခူလေးတွေ ထည့်ပြီး ဆီသတ်မွှေပေးပါနော်။ ပြီးရင်တော့ ငါးပိရည်ကျို တွေကို ထည့်ပြီး အားလုံးသမအောင်မွှေ၊ အဖုံးလေးအုပ်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးဆူပြီဆိုရင်တော့ အပေါ့အငန်အရသာလေးမြည်းပြီးတော့ လိုအပ်တာထပ်ဖြည့်ပြီး ဟင်းအိုးချနိုင်ပါပြီနော်။

အိမ်မှာ ရုံးပတီသီးလေးတွေ ရှိနေတာမို့ ပြုတ်မနေတော့ဘဲ ရုံးပတီသီးတွေကို လှီးပြီးတော့ ဟင်းအိုးထဲ ထည့်လိုက်ပါတယ်။ တို့စရာအဖြစ်စားလို့ရတာပေါ့နော်။ ပြီးတော့ အိမ်မှာရှိတဲ့ တညင်းဝက်ကို ပါးပါးလှီး၊ဆီလေးနည်းနည်းထည့်ပြီး ကြော်လိုက်တော့ တညင်းဝက်ကြော် မွှေးမွှေးလေးရပြီပေါ့နော်။

ကြုံလို့ တညင်းဝက်လုပ်နည်းလေးကိုလည်း မောင်နှမတွေအတွက် မျှဝေပေးလိုက်ပါဦးမယ်နော်။ တညင်းသီးအစေးသီးတွေကို ၀ယ်ထားပြီးတဲ့အခါ ၂ ရက်လောက်ရေစိမ်ပေးပါ။ နေ့တိုင်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေလဲပေးရမယ်နော်။ ပြီးတော့မှ ပန်းအိုးတစ်လုံး ဒါမှမဟုတ် အပင်အောက်ခြေတစ်ခုရဲ့မြေကြီးတွေကို နည်းနည်း တူးလိုက်ပါနော်။ ပြီးရင် အဲ့ဒီတညင်းသီးတွေကို
မြေကြီးအောက်ထဲ ထည့်ပြီး အပေါ်ကနေ မြေကြီး ပြန်ဖုံးပေးထား ပါနော်။ မြေကြီးအစိုဓာတ်နဲ့ တညင်းသီးလေးတွေ အညှောက်ထွက်လာပြီး ပွတက်လာပါလိမ့်မယ်။ ပြီးတော့ တညင်းသီးလေးတွေလည်း စိမ်းဝါရောင်းလေးသန်းလာပါလိမ့်မယ်နော်။ အဲ့ဒါဆိုရင်တော့ တညင်းဝက်လို့ခေါ်တဲ့ တညင်းသီးအညှောင့်ထွက်လေး ရပါပြီနော်။

တညင်းဝက်ကို မီးအုံးပြီး တို့တာအပြင်၊ ကြော်တာ၊ ချက်တာ အမျိုးမျိုးချက်ပြုတ်စား လို့ရပါတယ်နော်။ ငါးပိချက်ကိုတော့ ငါးခူအပြင် တခြားသော ငါးတွေနဲ့လည်း ချက်လို့ပါတယ်၊ ပုစွန်ဆိတ်လေးတွေနဲ့လည်း ချက်လို့ရပါတယ်နော်။

ချစ်သောမောင်နှမများအားလုံးလည်း ဆီပြန်ဟင်းတွေ စားရတာ ငြီးငွေ့တယ်ဆိုရင် တစ်ခါတလေ ငါးပိရည်ကျိုငရုတ်သီးစိမ်း ချက်လေးနဲ့ တို့စရာအစုံနဲ့ထမင်းစားကြည့်ကြပါဦးလားနော်။

Wednesday, March 10, 2010

ကြံမဆိုင်နဲ့ ဆက်စပ်ဟင်းလျာများ

11 comments
          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများကို ကြံမဆိုင်လုပ်နည်းနဲ့ ကြံမဆိုင်နဲ့ ဆက်စပ်ဟင်းလျာများချက်ပြုတ်နည်းကို မျှဝေပေးပါရစေနော်။ ကျွန်မရဲ့ ဘလော့ဂ်မှာ ကိုဒူကဘာ မေးထားတဲ့ မုန်ညင်းချဉ်ဆိုတာ ဒါကိုများ ပြောသလားလို့လည်း စိတ်ထဲတွေးမိပြီး ကိုဒူကဘာအပေါ် ကျွန်မ အကြွေးတင်နေတာ တော်တော်ကြီးကို ကြာနေပြီမို့ ဒီကနေ အကြွေးဆပ်လိုက်ပါ တယ်နော်။

ကြံမဆိုင်လို့ ကျွန်မတို့ မော်လမြိုင်ဘက်က အခေါ်ရှိပေမယ့် တခြားဒေသမှာ ဘယ်လိုခေါ်လဲ ကျွန်မ သေသေချာချာ မသိပါဘူးနော်။ ကြံမဆိုင်ခေါ် မုန်ညင်းချဉ်လို့ သုံးနှုန်းပြန်ရင်လည်း ကျွန်မမျက်စိထဲ မုန်ညင်းချဉ်ဆိုရင် ရှမ်းခေါက်ဆွဲ တို့နဲ့စားတဲ့ ရှမ်းချဉ်ကို ပြေးမြင်မိပြန်ရော။ ခက်တော့တာပဲ၊ ကြံမဆိုင်ဆိုရင်လည်း ကြံပင်ကြီးများ ပြေးမြင်နေကြ မလားလို့ စိုးရိမ်မိသေးတယ်။ ဒါနဲ့ ကျွန်မသူငယ်ချင်း တီး ကို မေးကြည့်တော့ ကြံမဆိုင်လို့ပဲ ရေးပါတဲ့။ မုန်ညင်းချဉ်ဆိုရင် အကုန်ရောကုန်မှာစိုးလို့တဲ့၊ ပြီးတော့မှ ကြံမဆိုင် definition ကို ဖွင့်ပေါ့တဲ့။ ခက်တာက ကြံမဆိုင်ဆိုတာကို မောင်နှမတွေ မျက်လုံးထဲ မြင်အောင် ဘယ်လိုပြောရမလဲလို့ စဉ်းစားရခက်နေတာပါ။

            တကယ်တော့ ကြံမဆိုင်ဆိုတာ မုန်ညင်းစိမ်းအပင်ဖားဖားကြီးတွေကို ရေဆေး၊ တစ်ရက် နေရောင်ပြးပြီးတော့ အချဉ်တည်ပြီး ရလာတာကို ကြံမဆိုင်လို့ ခေါ်တယ်လို့ ကျွန်မသိတာပါ။ ကျွန်မတို့အိမ်က လုပ်တဲ့နည်းပါနော်။ တခြားမောင်နှမများအနေနဲ့ တခြားနည်းနဲ့ တခြားအခေါ်အဝေါ်များရှိခဲ့သိခဲ့ရင်လည်း ကျွန်မကို ကော်မန့်မှာ ရေးခဲ့ပေးပါဦးနော်။ အားလုံးမျှဝေလို့ရအောင်ပါနော်။

            ကြံမဆိုင်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်ညင်းစိမ်းအပင်ကြီး၊ ဆား၊ ထမင်း (သို့မဟုတ်) ဆန်ဆေးရည်၊ ရေ တို့ပါနော်။

            မုန်ညင်းတွေကို တစ်ပင်ချင်း အမြစ်ဖြတ်ပြီးတော့ ရေများများနဲ့ စင်အောင်ဆေးပေးပါနော်။ မုန်ညင်းရွက်တစ်ရွက်ချင်းမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေနဲ့ အညစ်အကြေးတွေ အားလုံးစင်အောင် ဂရုတစိုက်နဲ့ သန့်ရှင်းရေး လုပ်ပေးပါနော်။ ပြီးရင် မုန်ညင်းပင်တွေကို တစ်ပင်ချင်း ကြိုးတန်းပေါ်ချိတ်ပြီး ရေစစ်ပေးရင်း တစ်နေလှန်းလိုက်ပါနော်။ အဲ့ဒါဆိုရင် မုန်ညင်းရွက်လေးတွေက ညှိုးသွားပါလိမ့်မယ်နော်။

နှစ်ပေါက်အောင်ထားနိုင်တဲ့နည်း
            အချဉ်တည်ဖို့အတွက် ရေနွေးပွက်ပွက်ဆူအောင် ကျိုပေးပါနော်၊ ပြီးရင် အဲ့ဒီရေနွေးထဲကို ဆန် သို့မဟုတ် ကောက်ညှင်း နည်းနည်းထည့်ပြီး ဆန်ပြုတ်ကျိုသလို ခပ်ကျဲကျဲ ကျိုပေးပါ။  ပြီးရင် ဆား (မုန်ညင်းပင်အနည်းအများပေါ် မူတည်ပြီး ဆားထည့်ရပါ မယ်နော်။ ဆားသိပ်နည်းလွန်းရင် မချဉ်ဘဲ ပျက်တတ်ပါတယ်နော်)ထည့်ပါနော်။ ပြီးရင် ဆန်တွေအကုန်ကျေသွားပြီဆိုရင်တော့ အဲ့ဒီဆန်ကျိုထားတာကို အအေးခံပေးပါ။ အေးသွားပြီဆိုရင်တော့ အချဉ်သိပ်မယ့် ပုလင်းထဲကို မုန်ညင်းတစ်ပင်ထည့်၊ ဆန်ကျိုထားတာယောက်ချိုဇွန်းနဲ့ တစ်ဇွန်းထည့်၊ ပြီးရင် မုန်ညင်းပင်ထည့်လိုက်၊ ဆန်ကျိုထည့်လိုက်နဲ့ ထည့်ပေးပါနော်။ ပုလင်းကို လေလုံအောင် ပိတ်ပြီး မုန်ညင်းနဲ့ ဆန်ကျိုတွေ အကုန်သမသွားအောင် ပုလင်းကို  နည်းနည်းလှုပ်ပေးလိုက်ပါနော်။ ပြီးရင်တော့ နွေးတဲ့ရာသီဥတုရှိတဲ့ နိုင်ငံတွေဆိုရင် ၅ ရက်လောက်ဆို ကောင်းကောင်းချဉ်ပြီး အေးတဲ့နိုင်ငံမှာတော့ အနည်းဆုံး တစ်ပတ်၊ ၁၀ ရက်လောက်ကျမှ ကောင်းကောင်း ချဉ်မှာပါနော်။

            ကျွန်မတို့အိမ်မှာက ကြံမဆိုင်ကို နှစ်ပေါက်စားလို့ရအောင် သိမ်းကြတယ်၊  ခုက ချဉ်ပြီးတဲ့ ကြံမဆိုင်တွေကို ပုလင်း ထဲကနေ တစ်ပင်ချင်း ပြန်ဆယ်ယူပါတယ်၊ ပြီးရင် တစ်ပင်ချင်းကို ရေနွေးကြက်သီးနွေးထဲမှာ ကပ်နေတဲ့ ဆန်တွေ မရှိတော့အောင် ဆေးပြီး ရေစစ်ပေးပါတယ်။ ရေစစ်ပြီဆိုရင် တစ်ပင်ချင်းကို ပုလင်းထဲထည့်ပြီး တစ်နေ့လှန်းပြီးတော့မှ အဲ့ဒီပုလင်းတွေကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပါတယ် (အဲ့ဒါက ကျွန်မတို့ငယ်ငယ်တုန်းက ရေခဲသေတ္တာမရှိတဲ့ခေတ်တုန်းက လုပ်ခဲ့တာပေါ့ ကွယ်)။  အခုခေတ်မှာတော့ နှစ်ပေါက်ထားချင်လည်း ကြံမဆိုင်ချဉ်ပြီဆိုရင် ပုလင်းလိုက် ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ရသလို ချဉ်ပြီးသားတွေကို သန့်စင်အောင်လုပ်ပြီး ပုလင်းသန့်သန့် ဒါမှမဟုတ် ပလတ်စတစ်အိတ်လေးတွေနဲ့ တစ်ပင်ချင်းစီဖြစ်ဖြစ် ထည့်ပြီး လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး နှစ်ပေါက်အောင် စားလို့ရပါတယ်နော်။

ကြံမဆိုင်ချဉ် အလွယ်တည်နည်း
          ကြံမဆိုင် မြန်မြန်ချဉ် မြန်မြန်စားတစ်ခါတလေလောက်ပဲ စားချင်မှ လိုသလောက်တည်ချင်တဲ့သူတွေ အတွက်ကတော့ မုန်ညင်းစိမ်း၊ ဆား၊ ဆန်ဆေးရည်တို့ လိုအပ်ပါတယ်နော်။ မုန်ညင်းစိမ်းကို သန့်စင်အောင် ရေဆေး၊ ပြီးရင် ရေစစ်၊ တစ်နေပြပြီးရင် ညနေဘက်ကျရင် အချဉ်တည်မယ့် ပုလင်းထဲ ဒါမှမဟုတ် ပလတ်စတစ် ဗူးထဲကို ဆားရယ်၊ ဆန်ဆေးရည်ရယ်ထည့်ပြီး ဖျော်ပေးပါ။ ပြီးရင် မုန်ညင်းတွေကို တစ်ပင်ချင်းထည့်ပေးပါ။ ပြီးရင် လေလုံအောင်ပိတ်ပြီး နည်းနည်းလှုပ်၊ တစ်ပတ်ကနေ ၁၀ ရက် လောက်ကျရင် ကောင်းကောင်းချဉ်နေပြီ ဖြစ်တဲ့ ကြံမဆိုင်ချဉ်ကို ရမှာဖြစ်ပါတယ်နော်။

ကြံမဆိုင်ချဉ်အရောင်ပြောင်းချိန်ကို ကြည့်ရအောင်
            အချဉ်တည်ပြီး စစချင်းရက်မှာ မုန်ညင်းက အစိမ်းရောင်ပါပဲနော်။ နောက် နှစ်ရက်လောက်ဆိုရင် အရွက်တွေက တဖြည်းဖြည်း ၀ါလာရာကနေ နောက်ဆုံး အစိမ်းရောင်ပျောက်ပြီး အညိုလုရောင်ဘက် ပြောင်းသွားပါတယ်နော်။

ကြံမဆိုင်ချက်ကြရအောင်
            ကျွန်မတို့ မိသားစုမှာ ကြံမဆိုင်ကို များသောအားဖြင့် ၀က်နံရိုးနဲ့ ဟင်းရည်ချက်လေ့ရှိသလို ၀က်သား သုံးထပ်သား၊ အခြားအသားတွေနဲ့ ကြော်လေ့ရှိပါတယ်။ တစ်ခါတလေမှာတော့ တိုဟူး (ပဲပြား)နဲ့ သတ်သတ်လွတ်ကြော်လေ့ရှိပါတယ်နော်။

ကြံမဆိုင်ဟင်းရည်သောက်
            အခု ကျွန်မက ၀က်သားရှာမရတဲ့နေရာကို ခဏရောက်နေတာမို့ ကြံမဆိုင်ကို ၀က်သားနဲ့ မဟုတ်ဘဲ ကြက်သားနဲ့ ချက်ပြီး ရုံးကမိတ်ဆွေတွေကို ချက်ကျွေးဖြစ်ခဲ့ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြံမဆိုင်၊ အရိုးရောအသားရော ပါရအောင်လို့ ကြက်ပေါင်ကို ရွေးလိုက်ပါတယ်နော်။ ပြီးတော့ ပဲပြား၊ ခရမ်းချဉ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နှမ်းဆီမွှေး၊ ဆား၊ ပဲငံပြာရည်အကျဲနဲ့ ဟင်းခတ်မှုန့်တို့ပါနော်။

            ကြက်သားကို သန့်စင်အောင် ရေဆေးပြီးတဲ့အခါကျရင် ဆား၊ ပဲငံပြာရည်အကျဲ၊ ချင်းကြိတ်ရည်တိုနဲ့ နယ်နှပ်ထား ပါတယ်နော်။ ကြံမဆိုင်ကို မထူမပါးလှီး၊ အချဉ်အရသာကိုမြည်း၊ သိပ်ချဉ်မှာစိုးရင် တစ်ရေဆေးပြီး အရည်တွေ ညှစ်ထုတ်ပစ်ပြီး အဆင်သင့်ပြင်ထား၊ ခရမ်းချဉ်သီးကို လေးစိတ်ထိုး၊ ပဲပြားကိုအရွယ်တော် အတုံးလေးတွေတုံး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ငရုတ်သီးစိမ်းကို မညက်တညက်လေးထောင်း၊ ငရုတ်သီးတောင့်အနီကို မထူမပါးစွေစွေလေးလှီးထား၊ ချင်းကို အခွံနွှာရေဆေးပြီး အပြားလိုက်လေးတွေရအောင် လှီးပေးထားပါနော်။

            အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် အိုးတင်၊ နှမ်းဆီမွှေးလေး (ထမင်းစားဇွန်းတစ်ဇွန်း) ထည့်၊ ပူလာပြီဆိုရင် ကြက်သား ကိုထည့်ပြီး လှိမ့်၊ ကြက်သားထဲက ထွက်လာတဲ့ အရည်တွေ ကုန်တဲ့အထိ လှိမ့်ပေး၊ ပြီးရင် ချင်းကြက်သွန်ဖြူ ငရုတ်သီးအနီကို ထည့်ပြီး မွှေ၊ ကြက်သွန်ဖြူ နွမ်းတာနဲ့ လှီးထားတဲ့ ကြံမဆိုင်တွေထည့်မွှေ၊ ပြီးရင် ကြံမဆိုင်မြုပ်တဲ့အထိ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါနော်။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ရေထပ်ဖြည့်ပြီး ကြံမဆိုင်ထဲက အချဉ်အရသာ ကြက်သားထဲ ရောက်အောင်တည်ပေးပါနော်။  ဟင်းအိုး ထပ်ဆူလာတဲ့အခါ ကြက်သားနူး/မနူးကြည့်ပြီး အနူးလိုသေးရင် ရေထပ်ဖြည့်ပြီး တည်ပေး၊ နူးပြီဆိုရင်တော့ ပဲပြားထည့်၊ မညက်တညက်ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေကို ထည့်၊ ပြီးရင်တော့ ခရမ်းချဉ်သီးထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကျဲ စိတ်ကြိုက်ဖြည့်ပြင်ပေးပါနော်။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချပြီး ဟင်းပွဲပြင်ပြီး အသင့်သုံးဆောင်နိုင်ပါပြီနော်။ ကြိုက်တတ်ရင် ငုံးဥ၊ ကြက်အမြစ်၊ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်လေးပါ အုပ်ပေါ့နော်။ အဲ့ဒါဆိုရင်တော့ ချဉ်စပ်အရသာလေးနဲ့ ကြက်သားကြံမဆိုင်ဟင်းရည်သောက်လေး ရပါပြီနော်။

            တကယ်လို့ ၀က်နံရိုးနဲ့ချက်မယ်ဆိုရင်လည်း ကြက်သားနေရာမှာ ၀က်နံရိုးကိုထည့်ပြီးတည်ပါ၊ နံရိုးနူးအိလေ ပိုစား ကောင်းလေး ဖြစ်ပြီး ၀က်နံရိုးနဲ့ ကြံမဆိုင်က အလွန်လိုက်ဖက်လှတဲ့အတွဲဖြစ်ပါတယ်နော်။
(ကျွန်မက ရုံးကမိတ်ဆွေတွေအတွက် သယ်သွားမှာဖြစ်တဲ့အတွက် ပန်းကန်ထဲ ထည့်ပြီး မရိုက်ဖြစ်ခဲ့ပါဘူး၊ ခွင့်လွှတ်ကြပါကုန်)။

ကြံမဆိုင်ပဲပြားသတ်သတ်လွတ်ကြော်
            ကြံမဆိုင်ကို ၀က်သား၊ ကြက်သား၊ ပုစွန်အစရှိသဖြင့် ကိုယ်နှစ်သက်ရာ အသားတွေနဲ့ ကြော်လို့ရသလို သတ်သတ်လွတ်အနေနဲ့ ပဲပြားနဲ့ ကြော်စားလို့လည်းရပါတယ်နော်။ ကျွန်မတို့ငယ်ငယ်တုန်းက ထမင်းပူပူထဲကို ကြံမဆိုင်ဝက်သား သုံးထပ်သားနဲ့ ငရုတ်သီးစိမ်းနဲ့ကြော်ထားတာကိုထည့်ပြီး စားရရင် သိပ်ကြိုက်ခဲ့တာပါ။ အခုတော့သတ်သတ်လွတ်ကြော်လေးနဲ့ပဲ နှစ်ပါးသွားရအောင်နော်။

            လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြံမဆိုင်၊ ပဲပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအနီတောင့်၊ ငရုတ်သီးစိမ်း၊ ဆီ၊ ပဲငံပြာရည်အကျဲ၊ ဆီနဲ့ သကြားအနည်းငယ်တို့ပါ နော်။

            ကြံမဆိုင်ကို မထူမပါးလှီးထားပေးပြီး သိပ်ချဉ်မှာစိုးရင် အရည်ညှစ်ထုတ်ပစ်ထားပါ၊ ပဲပြားကို မထူမပါး လှီးပေးထားပါ၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီမထူမပါးလှီးပေးထားပါ။ ငရုတ်သီးအနီတောင့် မထူမပါး လှီးပေးထားပါ။ ငရုတ်သီးစိမ်း မညက်တညက်ထောင်းပေးထားပါ။

            အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီတို့ကို ထည့်ပြီး ဆီသတ်၊ ကြက်သွန် နွမ်းပြီဆိုရင် ငရုတ်သီးအနီထည့်မွှေ၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေကိုထည့်မွှေ၊ ပြီးရင် ပဲပြားနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ။ ပဲပြားအပေါ်ကြော တင်းလာပြီးဆိုရင်တော့ ကြံမဆိုင်ကို ထည့်ပြီး အားလုံးသမအောင်မွှေကြော် ပေးပါနော်။ ပြီးရင် ရေနွေးနည်းနည်းထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး ခဏထားပေးပါ။ ပြီးရင်တော့ အပေါ့အငံကိုမြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ သတ်သတ်လွတ်ပဲပြားကြံမဆိုင်ကြော်လေး ရပါပြီနော်။

            ကြံမဆိုင်ကို ပဲပြားမပါ သတ်သတ်လွတ်ကြော်ပြီး ဆန်ပြုတ်ထဲလည်း ထည့်စားလေ့ရှိပါသေးတယ်နော်။ ကျွန်မလည်း ရုံးက မိတ်ဆွေတစ်ယောက်က အိမ်လည်ဖိတ်တော့ သူ့အိမ်မှာ ဟောင်ကောင်စတိုင်လ် ဆန်ပြုတ် ဆိုပြီး စားခဲ့ဖူးတာပါ။ အရမ်းကို စားကောင်းလွန်းလို့ ၂ ပန်းကန်စားခဲ့တာပါ။ သူတို့ဆီကလည်း ဟင်းချက်နည်း တွေ သင်ခဲ့ပါသေးတယ်နော်။

            ချစ်သောမောင်နှမများအားလုံးလည်း ကြံမဆိုင်ချဉ်လုပ်တာ အဆင်ပြေကြပါစေနော်။ ကြံမဆိုင်ချဉ်ကိုလည်း ကိုယ်နှစ်သက်သလို စိတ်ကြိုက်ချက်စားနိုင်ကြပါစေနော်။

Thursday, February 25, 2010

တုံယမ်အနှစ်လုပ်နည်းနဲ့ တုံယမ်းဟင်းရည်ချက်သောက်ရအောင်

7 comments



ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီတစ်ခါတော့ ရာသီဥတုအပြောင်းအလဲလေးမှာ နေမကောင်းဖြစ်ချင် သလိုလို ဖြစ်နေတဲ့ ကျွန်မရဲ့ အင်ဒိုနီးရှားအမေအတွက် ချဉ်ငံစပ်အရသာလေးနဲ့ ချွေးထုတ်ခန်းဝင်စရာမလိုတဲ့ တုံယမ်းဟင်းရည်လေး ချက်ပေးတာကို မောင်နှမများအတွက် မျှဝေပါရစေနော်။

ကျွန်မအမေက ကျွန်မကို မေးပါတယ်။ တုံယမ်အနှစ် ၀ယ်ထားတာ မရှိဘဲ ချက်လို့ရမလားတဲ့။ အမေ့ဆီမှာ မန်ကျည်းသီးမှည့် (Tamarind)၊ စပါးလင် (Lemon grass)၊ ပဒဲကော (Galangal)၊ Red Chilli၊ ရှောက်ရွက်နု (kaffir lime leaf)၊ ခရမ်းချဉ်သီး၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြားတို့ရှိရင် တုံယမ်အနှစ်ကို ကိုယ့်ဘာသာကိုယ်လုပ်လို့ရပါတယ်လို့ အမေ့ကို ပြောပြပါတယ်။ အဲ့ဒါနဲ့ပဲ အိမ်ရှိပစ္စည်းများနဲ့ ကျွန်မတို့ သားအမိ တုံယမ်ဟင်းရည်ချက်ကြပါတယ်။

တုံယမ်းအနှစ်ပြုလုပ်နည်း
၁။ မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့ စိမ်ပေးပြီး မန်ကျည်းနှစ်တွေကို ခပ်ပျစ်ပျစ် စစ်ယူထားပေးပါနော်။ (လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးစာအနှစ်ရအောင်ယူထားပါ

၂။ စပါးလင် (၅-၇ ပင်)၊ နံနံပင်အမြစ် (၅ ပင်)၊ ပဒဲကောမြစ် (လက်သုံးဆစ်)၊ ခရမ်းချဉ်သီး (၇) လုံး၊ ငရုတ်သီးတို့ကို ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး အနှစ်ရအောင် ကြိတ်ယူထားပါ။

၃။ အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီနည်းနည်းထည့်ပါ။

ပြီးတော့ နံပါတ် ၁ နဲ့ ၂ မှာ ဖော်ပြထားတာတွေကို ထည့်ပြီး မီးအပူရှိန်ကို အနွေးဆုံးထားပြီး ဖြည်းဖြည်းချင်း မွှေပေးပါနော်။ ပြီးရင် ရှောက်ရွက်ကိုပါ ထည့်မွှေပေးရင်း ၁၅ မိနစ်လောက် ကြာတဲ့အခါမှာ အရည်တွေခမ်းပြီး ခပ်ပျစ်ပျစ်ဖြစ်လာပါမယ်နော်။ ပြီးရင် ဆား၊ ငံပြာရည်အနည်းငယ်နဲ့ သကြားကို ထည့်ပါနော်။ အရသာက ချိုချဉ်ငံစပ် အရသာနဲ့ ရနံ့က မွှေးကြိုင်နေတဲ့ တုံယမ်းအနှစ်ကို ရမှာဖြစ်တယ်နော်။ ရလာတဲ့ တုံယမ်းအနှစ်ကို ပုလင်းသန့်သန့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် အကြာကြီးခံတယ်နော်။

တုံယမ်းဟင်းရည် ချက်ကြရအောင်
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သားပြုတ်ရည်၊ စပါးလင်၊ ရှောက်ရွက်၊ သံပုရာသီး၊ မှို၊ တိုဟူး၊ ပုစွန်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီအနည်းငယ်တို့ပါနော်။

ပုစွန်ကို အခွံနွှာ၊ ကျောကခွဲပြီး နောက်ချေးကြောင်း ထုတ်ပစ်ပါ။ ခေါင်းမှာ အဆီတွေ ပါနေတာမို့ နှမြောပြီး မဖြုတ်ဘဲထားလိုက်တယ်။ ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို သန့်စင်အောင်ဆေးကြောပြီး လှီးချွတ်အသင့်ပြင်ထားလိုက် တယ်နော်။

ကြက်သားပြုတ်ရည်ကို ဒယ်အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင် စပါးလင်၊ ကြက်သွန်ဖြူနီ၊ ငရုတ်သီးတို့ကို ထည့်ပြီး ပွက်ပွက်ဆူလာရင် တုံယမ်းအနှစ်ကို ထည့်ပါ၊ ပြီးရင် တိုဟူးထည့်၊ ပြီးရင် ပုစွန်တွေကို ထည့်ပါနော်။ ပုစွန်က ခဏလေးနဲ့ကျက်တာမို့လေ တစ်လက်စတည်း မှို၊ ခရမ်းချဉ်သီးနဲ့ မုန်ညင်းထုပ်အဖြူလေးကိုပါ ထည့်ပေးပါနော်။ (တုံယမ်းဟင်းရည်မှာတော့ မုန်ညင်းထုပ်အဖြူ ထည့်ချက်လေ့မရှိပေမယ့် ဟင်းသီးဟင်းရွက် စားဖြစ်ရအောင်လို့ ထည့်ချက်လိုက်ပါတယ်နော်။)

ပြီးရင်တော့ ချိုချဉ်ငံစပ်အရသာကို ကိုယ့်စိတ်ကြိုက်ပြင်ပြီးတော့ သံပုရာရည်မွှေးမွှေးလေးညှစ်၊ နံနံပင်လေး အုပ်ပြီး အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ တုံယမ်းဟင်းရည်လေးကို သုံးဆောင်နိုင်ပါပြီရှင်။

(တုံယမ်းဟင်းချက်တဲ့အခါ ပုစွန်အပြင် ကြက်သား၊ ပြည်ကြီးငါး ကြိုက်နှစ်သက်ရာကို ထည့်ချက်နိုင်သလို အသီးအရွက်များကိုလည်း ကြိုက်တတ်သလို ထည့်ပြီး ချက်စားနိုင်ပါတယ်နော်။)

ကျွန်မအမေကတော့ ကျွန်မချက်တဲ့ တုံယမ်းဟင်းလေးကို စားကောင်းတယ်ပြောလို့ ၀မ်းသာပီတိဖြစ်မိရပါတယ်။ ကျွန်မမောင်နှမတွေလည်း တုံယမ်းအနှစ် ၀ယ်ရတာ အဆင်မပြေခဲ့ဘူးဆိုရင် လုပ်စားလို့ရအောင် မျှဝေလိုက်ပါတယ်နော်။

(တုံယမ်းဟင်းရည်ထဲကို တစ်ချို့က အုန်းနို့ရည်ထည့်ပါတယ်၊ ကြိုက်တတ်ရင် ထည့်လို့ရပါတယ်နော်။ တချို့ကလည်း တုံယမ်းဟင်းရည် ခပ်ပျစ်ပျစ်ချက်ပြီး ခေါက်ဆွဲ၊ ကြာဆံတို့ ထည့်စားတတ်ပါသေးတယ်နော်။)

ချစ်သောမောင်နှမများအားလုံး ပိတ်ရက်မှာ တုံယမ်းဟင်းလေး ချက်ကြည့်ကြပါဦးနော်။

Friday, February 12, 2010

ငရုတ်ဆော့စ်

7 comments
မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ငရုတ်ဆော့စ်လို့ခေါ်တဲ့ ငရုတ်ဆီလုပ်နည်းကို ညီမလေး မေ က စီဘောက်စ်ကနေ တဆင့် မေးထားလို့ အလွယ်နည်းလေးကို မောင်နှမများအားလုံးအတွက် မျှဝေလိုက်ပါတယ်နော်။

ငရုတ်ဆီကိုတော့ စမူဆာ၊ ကော်ပြန့်လိပ်နဲ့တို့စားတာကအစ ၀က်သားဒုတ်ထိုး၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ကြေးအိုး၊ အသုပ်စုံ စသဖြင့် အစားအစာ စုံမှာ မဖြစ်မနေ တွဲဖက်စားသုံးလေ့ရှိကြပါတယ်နော်။ ငရုတ်ဆီမပါရင် စားလို့မကောင်းတဲ့ အစားအစာတွေလည်း မနည်းလှပေဘူးကိုး။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ငရုတ်သီးအစပ် (ခပ်စပ်စပ်ကြိုက်တယ်ဆိုရင် လက်ဖ၀ါးနဲ့ နှစ်ဆုပ်စာ)၊ အရောင်လှစေဖို့ ငရုတ်သီး အပုပွတောင့် ၅ တောင့်၊ ခရမ်းချဉ်သီး ၁ ကီလို ဒါမှမဟုတ် ခရမ်းချဉ်သီးအနှစ် ၀ယ်လို့ရတယ်ဆိုရင် ခရမ်းချဉ်သီးအနှစ်ဗူး ၂ ဗူး၊ ပြီးတော့ ကြက်သွန်ဖြူ ၅ မွှာ၊ ကြက်သွန်နီ အရွယ်တော်လေး ၁ လုံး၊ ရှာလကာရည် ၅ လက်ဖက်စားဇွန်း(တချို့ရှာလကာရည်က အချဉ်ပေါ့တယ်ဆိုရင်တော့ ပိုထည့်နော်)၊ သကြားအနည်းငယ်နဲ့ ဆားအနည်းငယ်တို့ပါနော်။

ငရုတ်သီးက အရမ်းပူတတ်တာမို့ တကယ်တမ်း ကိုင်မယ်ဆိုရင်တော့ မြန်မာနည်းအရတော့ လက်အိပ်တွေ ဘာတွေ စွပ်မနေဘဲ လက်ကို ဆီလေး သုပ်ပြီးမှ ကိုင်တတ်ကြတာနော်။ လက်အရေပြား သိပ်ပါးရင်တော့ ပူမှာစိုးရသလို ငရုတ်သီးကိုင်ထားမိတဲ့ လက်နဲ့ ဟိုကိုင်ဒီကိုင်လုပ်မိမှာလည်း စိုးရသေးတယ်နော်။ ဒါကြောင့်မို့ တစ်ခါသုံး လက်အိပ်လေးပဲဖြစ်ဖြစ် စွပ်ပြီး ကိုင်ပေါ့နော်။

ပြီးရင် ငရုတ်သီးကို အညှာခြွေ၊ အစေ့ထုတ်ပစ်ပါ။ ခရမ်းသီးကိုလည်း ထက်ခြမ်းခြမ်းပြီး အစေ့တွေ ဖယ်ရှားပစ်ပါ။ ကြက်သွန်ဖြူ၊ နီတို့ကိုလည်း အခွံနွှာ ရေဆေးပေးပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီတို့ကို ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်ပေးပါနော်။ တော်တော်လေး ညက်အောင်ကြိတ်ပြီးပြီဆိုရင်တော့ ကြိတ်ပြီးသား အဆာပလာတွေထဲကို ရှာလကာရည်၊ ဆား၊ သကြား စတာတွေ အကုန်ရောပြီးတော့ အိုးတစ်လုံးထဲ ထည့်ပြီး မီးဖိုပေါ်မှာ မီးနွေးနွေးနဲ့ ဖြေးဖြေးချင်း ကျိုပေးပါနော်။ အချိန်ကတော့ ကြာပါလိမ့်မယ်နော်။ ဒါပေမယ့် မီးနွေးနွေးနဲ့ စိတ်ရှည်လက်ရှည် ကျိုပေးပါနော်။ ကျိုနေရင်းနဲ့ ငရုတ်သီးနဲ့ ခရမ်းချဉ်သီးနှစ်တွေ ဗွက်ဗွက်မြည်လာပါလိမ့်မယ်နော်။ အဲ့ဒီအချိန်ကျရင် အရသာကို မြည်းကြည့်ပြီးတော့ လိုချင်တဲ့အရသာလေး နည်းနည်းထပ်ဖြည့်ပေါ့နော်။ ပြီးရင်တော့ အအေးခံပြီး၊ ပုလင်းသန့်သန့်၊ ဗူးသန့်သန့်ထဲထည့်၊ စားချင်သလောက် ယူစား၊ ကျန်တာကို ရေခဲသေတ္တာထဲသာ ထည့်သိမ်းထားလိုက်ပေါ့နော်။ ဇွန်းသန့်သန့်နဲ့ ခပ်ပါနော်။ နောက်မဟုတ်ရင် မှိုတက်တာတွေ ဘာတွေ ဖြစ်ကုန်မှာ စိုးလို့ပါ။

ဒါကတော့ လက်ဝင်သလားတော့မပြောတတ်ဘူး။ ဒါပေမယ့် အရမ်းတော့ လက်မ၀င်လောက်ဘူးနော်။ ငရုတ်သီးကြောင့် လက်ပူလောင်မှာပဲ စိုးတာ။ အဆင်ပြေလောက်မယ်လို့ ထင်ပါတယ်နော်။ အိမ်မှာလုပ်တာဆိုတော့ ဗိုက်နာမှာလည်း မစိုးရတော့ဘူးပေါ့လေ။ စမ်းကြည့်ပါဦးနော်။ ဓာတ်ပုံတော့ မရှိလို့ မတင်လိုက်တော့ဘူးနော်။

အဆင်ပြေပါစေနော်။

Tuesday, September 22, 2009

ကျွန်မနှင့် ကြက်သွန်ဖြူနီဆီချက်ကြော်

10 comments

အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မ ကျန်းမာရေးမကောင်းတာရော၊ အလုပ်ကလည်း များ နေတာမို့ ဘလော့ဂ်ဘက် ခြေဦးမလှည့်ဖြစ်တာ ကြာပါပြီ။ ကျွန်မ နေမကောင်းစဉ် ကျွန်မကို ၀ိုင်းဝန်း ဂရုစိုက် အားပေးကြတဲ့ မောင်နှမများကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်။ အခုလည်း ကျန်းမာရေးက အရှင်းကြီးတော့ မကောင်းသေးပါဘူး။ ဒါပေမယ့် ကျွန်မ မောင်နှမတွေကို ပစ်ထားသလို ဖြစ်နေတော့ ခဏပြန်လာခဲ့ပါတယ်။ ဒါပြီးရင်တော့ ကျွန်မဘ၀အတွက် အရေးကြီးတဲ့ စာမေးပွဲတွေ ဖြေစရာရှိတယ်၊ စာအုပ်လေးတွေ ထုတ်ဝေစရာ ရှိတာမို့ အောက်တိုဘာလလယ်လောက်မှ ပြန်လာခွင့်ပြုပါနော်။ တစ်ခါတည်း ခွင့်ပန်ပါတယ်နော်။

ဟင်းပွဲတွေလည်း အသစ်မတင်တာလည်းကြာပြီဆိုတော့ ဘာဟင်းတင်ရမလဲ စဉ်းစားမိတာအကြိမ်ပေါင်း မနည်းပါဘူး။ ဟင်းတွေလည်း ချက်ထားတာတော့ အားကြီးပဲ၊ ဒါပေမယ့် အားလုံးလည်း စိတ်ဝင်စားမယ့် ထင်တဲ့ ပို့စ်လေးတစ်ခုကို ကျွန်မ တင်ပေးပါမယ်နော်။

ကျွန်မဘ၀မှာ စစချင်းချက်တဲ့ ဟင်းက ဘာဟင်းလဲဆိုတာကို သိချင်မှာပဲနော်။ ကျွန်မသူငယ်ချင်း မိတ်ဆွေ များကလည်း ကျွန်မကို အဲ့ဒီမေးခွန်းလေး ခဏခဏ မေးဖူးကြတယ်။ ကျွန်မဘ၀မှာ စစချင်း အစအဆုံး ကိုယ်တိုင်ချက်ဖူးတာကတော့ ``ဆီချက်´´ လို့ခေါ်တဲ့ ကြက်သွန်နီကြော်ပါပဲ။

အဲ့ဒီတုန်းက ကျွန်မ ၇ တန်းပေါ့။ နွေရာသီကျောင်းပိတ်တော့ မော်လမြိုင်ကနေ ရန်ကုန်မှာရှိတဲ့ အမေတို့ဆီ အလည်လာခဲ့ပါတယ်။ အမေက အဲ့ဒီနေ့က မိသားစုတွေ စုံလို့ အစုံသုပ် သုပ်စားမယ်လို့ ပြောတယ်။ ကျွန်မက သမီး ကြက်သွန်နီဆီချက်ကြော်မယ်လို့ ပြောပြီး တာဝန်ယူလိုက်တယ်။ စိတ်ထဲမှာလည်း ဆီချက်ကြော်တာများ ဘာခက်လို့လဲ၊ အိမ်မှာ အကြီးအေး ကြော်နေတာ အမြဲ ၀ိုင်းကူပေးနေကျပဲ၊ အလွယ်ဆုံး ဆီချက်ပဲကြော် လိုက်မယ်လို့ တွေးခဲ့မိတယ်။

ကြက်သွန်နီကြော်ဖို့ ကြက်သွန်နီအရွယ်တော် အလုံးလေးတွေကို အခွံနွှာ၊ အလုံးလိုက် ရေဆေး၊ ပြီးတော့ ခပ်ပါးပါးလှီးတာပေါ့။ ပါးပါးလှီးတာကတော့ ဘယ်ခက်လိမ့်မလဲ၊ ငယ်ကတည်းက အိုးပုပ်တမ်းကစား လာတာ ရှိသမျှ အရွက်တွေ အကုန် ပါးပါးလှီးတတ်တယ်။ အရမ်းကို တက်ကြွနေတော့ ကြက်သွန်နီလှီးလို့ မျက်လုံးစပ် မှာကိုလည်း မကြောက်တော့ဘူး။ အဘွားက လှမ်းသတိပေးတယ်၊ သမီးလေး ကြက်သွန်အခိုး မျက်လုံးကို ရိုက်မယ်နော်လို့ ပြောလည်းပြော၊ ဆားခွက်လေးလည်း လာချပေးတယ်။ အဲ့ဒါနဲ့ပဲ ကြက်သွန်နီကို မငိုဘဲ အဲလေ မျက်ရည်မကျဘဲ လှီးနိုင်ခဲ့တယ်။ ပြီးတော့ မီးဖိုကလည်း သူများတွေ သုံးနေတာ မအားသေးတာမို့ ကြက်သွန်နီလေးတွေကို ဇကာလေးထဲ ထည့်ပြီး လေသလပ်ခံထားလိုက်သေးတယ်။ သူများတွေ သုံးပြီးလို့ မီးဖို အားပြီလို့ ပြောတော့ ကျွန်မလည်း သမီးဆီချက်ကြော်တော့မယ်နော်လို့ ပြောပြီး ၀င်နေရာယူလိုက်သေးတယ်။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတော့ နနွင်းမှုန့်လေးထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီတွေ ကို ထည့်လိုက်တယ်။ ဖြည်းဖြည်းချင်းလည်း မွှေပေးနေလိုက်သေးတယ်။ စိတ်ထဲကလည်း အကြီးအေးရဲ့ ကြက်သွန်နီ ဆီချက်ကြော်တဲ့အခါ အရောင်လေးက ရွှေညိုရောင်လေးတွေ၊ အဲ့ဒီဆီချက်ဖတ်လေးတွေကို ဒီအတိုင်း ဆယ်စားရင်တောင် စားကောင်းတာ၊ ငါ ကြော်တဲ့အခါကျရင်လည်း အကြီးအေးကြော်သလိုပဲ ဖြစ်ရအောင် ရွှေညိုရောင်လေးဖြစ်တဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်က ချလိုက်မယ်လို့ ဆုံးဖြတ်ပြီး ရွှေညိုရောင် မဖြစ်မချင်းကြော်တော့တာပေါ့။

အမေနဲ့ အဖွားက သမီးရေ့  ဆီချက်က တူးသွားဦးမယ်နော်၊ သေချာကြည့်ဦးလို့ လှမ်းသတိပေး တော့လည်း မရသေးဘူး အမေရဲ့  အကြီးအေး ကြော်သလို ရွှေညိုရောင် မဖြစ်သေးဘူးလို့ ပြန်ပြောရင်း ရွှေညိုရောင် မဖြစ်မချင်း ကြော်နေတော့တာ။ နောက်ဆုံးမှာတော့ ရွှေညိုရောင်မဟုတ်ဘဲ ဆီအပူရှိန်၊ အောက်က မီးအပူရှိန်နဲ့ ဆီချက်တစ်အိုးလုံး မည်းတူး၊ ညှော်နံ့တွေကလည်း တစ်အိမ်လုံးကို မွှန်ထူပြီးတော့ ပစ်လိုက်ရတဲ့ ဘ၀ ရောက်သွားပါတော့တယ်။ အဲ့ဒီနေ့ကစပြီး ကျွန်မရဲ့ ဘ၀မှာ စစချင်းချက်တဲ့ ဆီချက်ကြော်က ရာဇ၀င်တွင်သွားတော့တာပါရှင်။ အိမ်ကို ဧည့်သည်လာရင် အစ်ကိုက ကျွန်မ ပထမဆုံးကြော်ခဲ့တဲ့ ဆီချက်ကြော်ကို အားမနာတမ်း ငယ်ကျိုးငယ်နာဖော်ပါတယ်။ ငယ်သူငယ်ချင်းများ အလည်လာရင် ပိုဆိုးပါတယ်။

တကယ်တမ်း ဆီချက်ကြော်ရင် ဘယ်လိုကြော်ရမလဲ့  အဲ့ဒါလေးလည်း ပြောပြပါမယ်နော်။
ကြက်သွန်နီဆီချက်ကြော်တာကို အရင်ပြောပြပါမယ်နော်။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ခပ်၊ ပြီးရင် ကြက်သွန်နီတွေကို ထည့်ပြီး မီး အသင့်အတင့်နဲ့ ကြော်ပါနော်။ ကြက်သွန်နီတွေကို အကျက်ညီအောင်ရော၊ မကျွမ်းသွားအောင်ရော သတိထား ပြီး မွှေပေးရပါမယ်။ စစချင်းမှာ ကြက်သွန်တွေက အစိုဓာတ်ရှိတာမို့ မွှေရတဲ့အခါမှာ သိပ်မသွက်ပါဘူး။ ကြက်သွန်ရဲ့အရောင် တဖြည်းဖြည်းနဲ့ အ၀ါရောင်ဘက်ကို လုလာပြီဆိုရင် မီးကို နည်းနည်း ထပ်လျှော့ပေးပြီး အဆက်မပြတ် မွှေပေးပါ။ အဲ့ဒီအချိန်မှာ မွှေရတာလေးက နည်းနည်းသွက်လာပါပြီ၊ ကြက်သွန်နီဖတ်လေး အချို့က ရွှေညိုရောင်သန်းပြီဆိုတာနဲ့ မီးဖိုမီးကို ပိတ်၊ ကြက်သွန်ကြော်ဖတ်လေးတွေကို ဆယ်ပြီး ပန်းကန်လုံး တစ်လုံးထဲ ထည့်လိုက်ပါ။ သူ့အပူရှိန်နဲ့ သူ ရွှေညိုရောင်ကို လုံးဝ ပြောင်းသွားပါလိမ့်မယ်။ ဒယ်အိုးထဲမှာရှိတဲ့ ဆီတွေကို အအေးခံ အေးပြီဆိုမှ ကြက်သွန်နီ ဆီချက်ကြော်နဲ့ ရောလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ အရောင် အဆင်းလည်းလှပပြီး အရသာလည်း ကောင်းမွန်တဲ့ ကြက်သွန်နီ ဆီချက်ကြော် ရပါပြီနော်။

ကြက်သွန်ဖြူဆီချက်ကြော်မယ်ဆိုရင်ကော့ 
ကြက်သွန်ဖြူကို ကြော်တဲ့အခါ အမျိုးမျိုးရှိပါတယ်၊ တချို့က ကြက်သွန်ဖြူ ဥတစ်လုံးကို ဓားပြားနဲ့ နာနာရိုက်ပြီးတော့ အခွံတွေပါ ထည့်ကြော်တာ၊ တစ်ချို့ကတော့ ကြက်သွန်ဖြူ အမွှာသေးလေးတွေကို အခွံနွှာ၊ ပြီးတော့ ပါးပါးလှီးပြီး ကြော်ကြတာ၊ တချို့ကတော့လည်း ကြက်သွန်ဖြူ အမွှာကြီးကြီးတွေကို မညက် တညက်လေး ထောင်းပြီး ကြော်ကြတာ။ အမျိုးမျိုးပေါ့လေ။ ကျွန်မကတော့ ကြက်သွန်ဖြူ အမွှာသေးလေးတွေ ကို ပါးပါးလှီးပြီး ကြော်တဲ့နည်းလေး ပြောပြမယ်နော်။ ကြက်သွန်ဖြူကို ဆီချက်ကြော်တဲ့အခါမှာ သတိထား ရမှာက ကြက်သွန်ဖြူကို လှီးတဲ့အချိန်မှာ အထူအပါးညီဖို့ပါပဲ၊ ထူတဲ့ဟာက ထူ၊ ပါးတဲ့ဟာက ပါးဆိုရင် မဖြစ်ချေ ဘူးလေနော်။

မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ထည့်၊ ပြီးရင် လှီးထားတဲ့ ကြက်သွန်ဖြူလေးတွေ ကို ထည့်ပြီး မီးကိုတော့ အသင့်အတင့်ထားပြီး ကြော်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူလေးတွေကို အကျက်ညီ အောင် သေချာမွှေပေးပါ။ ကြက်သွန်ဖြူလေးတွေ ရွှေဝါရောင်ဘက်ပြောင်းလာပြီဆိုရင် မွှေရတာလည်း သွက် လာပါမယ်။ မီးကို လျှော့ပစ်ပြီး ကြက်သွန်ဖြူလေးကို တစ်မိနစ်လောက် ဆက်တိုက် မွှေပေးပါ။ ပြီးရင်တော့ မီးကို ပိတ်ပြီး ဆီအပူနဲ့ ကြက်သွန်ဖြူ ရွှေညိုရောင်ဖြစ်သွားအောင် မွှေပေးပါ။ ရွှေညိုရောင် ပြောင်းပြီဆိုတာနဲ့ ကြက်သွန်ဖြူကြော်တွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲ သီးသန့်ထည့်ပေးပါ။ ဆီတွေကိုတော့ ဒယ်အိုးထဲမှာပဲ ထားပြီး အအေးခံလိုက်ပါ။ ပြီးမှ ကြက်သွန်ဖြူကြော်ကို ဆီချက်အရည်တွေနဲ့ ရောပေးလိုက်ပါနော်။ အဲ့ဒါ ဆိုရင်တော့ ကြက်သွန်ဖြူ ဆီချက်လေး ရပါပြီနော်။

နေ့စဉ် ထမင်းဝိုင်းမှာ အသုပ်တစ်ပွဲပါအောင် ထည့်စားရတာ ကြိုက်တယ်၊ မကြာခဏ ဆီချက်ကိုလည်း အသုံးလိုမယ်လို့ ထင်ရင်တော့ ကြက်သွန်ဖြူ ဆီချက်ကို ကြော်ပြီး ဆောင်ထားနိုင်ပါတယ်။ ကြက်သွန်နီဆီချက် ကျတော့ ဆီထဲမှာ ထားထားရင် ပျော့သွားတတ်လို့ပါနော်။ တကယ်လို့ ကြက်သွန်နီကြော်ကိုလည်း မပျော့ချင် ရင်တော့ ကြက်သွန်နီကြော်သီးသန့်၊ ဆီကို သီးသန့်ထားပြီး ဆောင်ထားနိုင်ပါတယ်။ အသုပ်ကြိုက်သူများ အတွက် ဆီချက်ချက်ရာမှာ အဆင်ပြေနိုင်ပါစေနော်။

အဲ့ဒီကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်တွေကို ဘာလာချောင်ကြော်၊ ငါးပိကြော်၊ အသားမွကြော်တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်နော်။ ချစ်မောင်နှမများအားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေနော်။

Thursday, March 19, 2009

ရာသီပေါ်သီးနှံများနဲ့ ကျွန်မတို့ မိသားစု

8 comments
အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရာသီပေါ်သီးနှံ တွေကို တစ်နှစ်ပတ်လုံးစားနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးကို မျှဝေပေးပါမယ်နော်။ ဒီပို့စ်လေးက ကျွန်မတို့ မိသားစုရဲ့ (အထူးသဖြင့် ကျွန်မရဲ့အဘွားနှစ်ယောက်၊ ကြီးတော်များနဲ့ ကျွန်မရဲ့အမေ) တို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းပုံလေးတွေ၊ စည်းကမ်းကောင်းပုံလေးတွေကို မျှဝေတာလည်း ဖြစ်ပါတယ်နော်။
ကျွန်မတို့ မိသားစုမှာ ရာသီအလိုက် ပေါပေါများများ ၀ယ်ယူရရှိနိုင်တဲ့ ဆီးသီး၊ မရမ်းသီး၊ မန်ကျည်းသီး၊ သရက်သီး၊ ရှောက်သီး၊ သံပုရာသီး၊ ငရုတ်သီး၊ မုန်လာဥ၊ မှို၊ သစ်တိုသီး စတာတွေကို တစ်နှစ်ပတ်လုံးစားနိုင် အောင် လုပ်နည်းလေးပါနော်။ ကျွန်မတို့ အိမ်မှာ ရာသီအလိုက် ထွက်တဲ့ သီးနှံတွေကို အမြဲမပြတ် စားနိုင်အောင် လို့ အခြောက်လှန်း သင့်တာကိုလှန်း၊ ယိုလုပ်ပြီးသိမ်းထားသိမ်း၊ ဆားရည်စိမ်သင့်တာ ဆားရည်စိမ် အမျိုးမျိုး လုပ်ထားတတ်ပါတယ်။

ဆီးသီး
ဆီးသီးက ကျွန်မတို့ အိမ်မှာ အပင်မရှိဘူးနော်။ ဆီးသီး (အချဉ်သီး) ကို ဈေးကနေ ၀ယ်လာပြီးရင် ရေစင်အောင်ဆေး၊ ငံပြာရည် ငရုတ်သီးမှုန့်နဲ့နယ်၊ နံနံပင်လေးအုပ်ပြီး စားတတ်ကြသလို ဆီးသီးကို ဆား၊ ငရုတ်သီးအရောင်မှုန့်၊ ဆေးသကြားတို့နဲ့လည်း စားကြပါသေးတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ကျွန်မတို့ရဲ့ အကြီးအေးက ဆီးသီးပေါ်ချိန်တိုင်း ဆီးသီးတွေကို ရေဆေး၊ တစ်နေလှန်းပြီးတော့ ညဘက်က ထန်းလျက်နဲ့ ညောင်စေးကျအောင် ထိုးထားတဲ့ ဆီးယိုလေးကို ပုလင်းလေးထဲ ထည့်ပြီး အကြာကြီး ထားစားလို့ရအောင် လုပ်ကျွေးပါတယ်။ ဒါတင်မကသေးဘူးနော်။ ကျွန်မတို့ မော်လမြိုင်ဘက်က ဆီးသီးခြောက်ကို ငါးမီးအုံးလေးက အသားလေးတွေ ဖဲ့ပြီးထည့်၊ လက်ပံခြောက်လေးတွေနဲ့ ဆီးသီးဟင်းချို ချက်စားတတ်ကြပါသေးတယ်နော်။ ကျွန်မအဘွားချက်တဲ့ ဆီးသီးဟင်းချိုကတော့ ကျွန်မတို့ မောင်နှမတွေ အရမ်းကြိုက်။ အခုအချိန်ထိ ဆီးသီးပေါ်ချိန်ဆိုရင် ကျွန်မတို့အိမ်မှာ ဆီးသီးတွေဝယ်၊ ရေဆေး၊ အလုံးလှတာလေးတွေကို ဆီးယိုထိုးဖို့ ခွဲထားသလို၊ သိပ်မလှတဲ့ အလုံးလေးတွေကိုတော့ ဆီးသီးခြောက်လှန်းပြီး နှစ်ပေါက်အောင် သိမ်းထားကြပါတယ်။
မရမ်းသီးမော်လမြိုင်ဘက်က မန်ကျည်းသီးအစား မရမ်းသီးကို အချဉ်အဖြစ် သုံးတာများပါတယ်။ မရမ်းသီးတွေ အစေ့မယှက်ခင်မှာတော့ မရမ်းသီးကို ဆားရည်စိမ်ပြီး နှစ်ပတ်လည်ထားလို့ရအောင် လုပ်ပါတယ်နော်။ နောက်ပြီး မရမ်းသီးပေါ်ချိန်မှာ အခက်အခဲမရှိပေမယ့် မရမ်းသီး ရှားတဲ့အခါမှာ အချဉ်ဟင်းချက်စားလို့ရအောင် မရမ်းသီးကို ရေဆေး၊ ထက်ခြမ်းခွဲ၊ အစေ့ထုတ်၊ ဆားနယ်ပြီးနေပူလှန် အိုးသိပ် လုပ်ရပါတယ်။ အဲ့ဒီလို အိုးသိပ်ထားတဲ့ မရမ်းပြားကို ဟင်းချက်တဲ့အခါမှာ ထည့်သုံးရုံတင်မကပါဘူး၊ ငပိထောင်းထောင်းတဲ့အခါမှာလည်း ထည့်သုံးတတ်သလို ရင်တွေတုန်ပြီး မူးမောနေတဲ့အချိန်မှာ အဲ့ဒီမရမ်းပြားကို သကြားလေးနဲ့ ရောနယ်ပြီး စားပေးရင် အမူးအမော သက်သာစေပါတယ်နော်။ ကျွန်မအိမ်မှာ မူးလိုက်တာဆိုပြီး ကျွန်မအကိုကို ညာပြီး ပြောရင် အစ်ကိုက အေ့း့  နေဦ့း့  ငါ မရမ်းပြားနဲ့ သကြားနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးတာ့  ကျွန်မက အဲ့ဒီလို ညာပြီးစားနေကျ :D နောက်ပြီး မရမ်းပြားကို ထက်ခြမ်းခွဲ၊ အစေ့ထုတ်ပြီး ထုံးရေကြည်နဲ့ ညသိပ်စိမ်၊ မနက်ကျမှ ဆယ်ယူပြီး သကြားရည်နဲ့ ညောင်စေးကျအောင် ကျို၊ ပြီးရင် နောက်တစ်ရက် နေပူလှန်း၊ နောက်နေ့ကျ တစ်ခါ သကြးရည်နဲ့ ပြန်ကျို၊ အဲ့ဒီလို သုံးလေးခါ လုပ်ပြီး မရမ်းသီး အကျွတ်ယိုလည်း လုပ်ပြီး နှစ်ပေါက်အောင် ထားစားတာလည်း လုပ်သေးတယ်နော်။ ပြောရင်း စားချင်လိုက်တာနော်။
မန်ကျည်းသီး
မန်ကျည်းသီးအသစ်ပေါ်ချိန်မှာဆို မန်ကျည်းသီးက အရောင်မမဲဘဲ အညိုဖျော့ရောင်လေးနော်။ သူကလည်း အချိုသီးနဲ့ အချဉ်သီးရှိတာမို့ အသုပ်သုပ်စားဖို့အတွက် အချဉ်သီးကို ၀ယ်ပြီး မန်ကျည်းဖျော်ရည် အတွက် အချိုသီးကို ၀ယ်တယ်နော်။ အဲ့ဒီအခါကျရင်လည်း မန်ကျည်းသီးတွေကို အစေ့ထုတ်ပြီး လက်သီးဆုပ်လောက် အလုံးလေးတွေလုံးလုံးပြီး နေပူလှန်း၊ စဥ့်အိုးလေးတွေထဲ အချိုသီးနဲ့ အချဉ်သီးခွဲထည့်ပြီး သိပ်ထားပေတော့ပဲ။
သရက်သီး
သရက်သီးကိုကျတော့ သင်္ကြန်လက်ဆေးမိုး ရွာတဲ့အခါ လေနဲ့အတူ ကြွေကျသွားတဲ့ သရက်သီးတွေကို ကောက်ပြီး မကွဲသွားတာလေးတွေဆိုရင် ရေစိမ်ထား၊ နေ့စဉ် ရေအသစ်လဲပြီး တစ်ပတ်လောက်ကျတော့မှ ဆားရည်စိမ်ပြီး နှစ်ပေါက်အောင် ထားတာပဲ။ ကွဲသွားတာလေးတွေဆိုရင်တော့ ထက်ခြမ်းခွဲ၊ ပြီးတော့မှ နှစ်ပိုင်းထပ်ပိုင်းပြီး နေပူလှန်း၊ ခြောက်သွားပြီဆိုရင် ဒီအတိုင်းသိမ်းထားသင့်တာကို သိမ်းထား၊ တချို့ကိုတော့ သရက်သီးသနပ်လုပ်ပြီး ပုလင်းနဲ့ သိပ်ထား၊ ပြီးရင် အိမ်နဲ့ဝေးဝေးနေရတဲ့သူတွေ ဆီကို လက်ဆောင်ပေးပို့တော့တာပါပဲ။ ဒါမှမဟုတ်ရင်လည်း ကွဲသွားတဲ့ သရက်လေးတွေကို ခပ်ပါးပါးလှီး ၂ နေလောက်လှန်းပြီး ထန်းလျက်နဲ့ သရက်ယိုထိုး။ သိပ်ကောင်း။ သရက်သီးအမှည့်တွေ မိုးဦးမကျခင် ကျွေပြီဆိုရင်တော့ ကွဲသွားတဲ့ သရက်သီးတွေကို အခွံနွှာပြီး အနှစ်တွေကို ဇလုံတစ်လုံးထဲ တိုက်ချ၊ ပြီးရင် ထန်းလျက်နည်းနည်းနဲ့ သရက်သီးအနှစ်တွေကို ယိုထိုး၊ ယိုခပ်ပျော့ပျော့ဖြစ်နေတဲ့အချိန်မှာ ဗာဒံရွက်၊ ဒါမှမဟုတ် စလောင်းဖုံးပေါ်မှာ ဆီသုပ်ပြီး သရက်ယိုအနှစ်တွေကို အပြန့်လိုက်ဖြစ်အောင် မျက်နှာပြင်ညှိ၊ အခြောက်လှန်းပြီး သရက်ဖျင်လုပ်သေးတယ်။ အဲ့ဒီသရက်ဖျင်ကို ကြာကြာခံချင်ရင် နေပူလှန်းတိုင်း ဟိုဘက်ဒီဘက် အခြောက်ညီအောင်လည်း လှန်း၊ ပြီးရင် ဆီလေးသုပ်ထား၊ ပြီးရင် အချိုအတိုင်းပဲ စားစား၊ နွယ်ချိုငရုတ်သီးမှုန့်လေးပဲ ဖြူးစားစား အလွန်အရသာရှိ။
ရှောက်သီးနဲ့ သံပုရာသီး
ရှောက်သံပုရာကလေ နေပူတာနဲ့ သူတို့က ရှားတော့တာပဲ။ အခုခေတ်မှာတော့ နည်းပညာတွေက တိုးတက်လာတော့ သံပုရာသီး ရှားသွားပေမယ့် ဟော်လန်သံပုရာတို့ သံပယိုတို့က နေရာယူလာကြပြီ။ ဒါပေမယ့်လည်း ကျွန်မအပါအ၀င် ကျွန်မရဲ့ အဘွားနဲ့ ကြီးတော်များက ရှေးထုံးကို မပယ်နိုင်သူများဆိုတော့ သံပုရာသီး ပုစိကွေးလေးလည်း တန်ဖိုးထားတာပဲ၊ ရှောက်သီးများ အခွံတောင် လွှင့်မပစ်ဘူး။ သံပုရာသီးပေါချိန်ဆို လေးစိတ်ထိုး၊ ဆားနယ်၊ ပုလင်းထဲထည့်ပြီးပုလင်းလိုက် နေပူလှန်းတာယူမလား၊ ဒါမှမဟုတ်ဘဲ လေးစိတ်ထိုး၊ ဆားနယ်ပြီး အခြောက်လှန်း၊ မခြောက်တခြောက်အချိန်မှာ နွယ်ချိုမှုန့်လေးဖြူးပြီး အချဉ်ပေါင်းလုပ်စားတာ ယူမလား အကုန်ရတယ်နော်။ ရှောက်သီးပေါ်ချိန်ဆို ပုစွန်ဆိတ်လေးတွေ ပေါ်ချိန်နဲ့အကိုက်ပဲမို့ ရှောက်သီးသုပ်စားရုံတင်မက ရှောက်သီးအခွံကို ပါးပါးလှီး၊ တစ်ရေပြုတ်ပစ်၊ ပြီးတော့မှ ရှောက်သီးအနည်းငယ်၊ ဆား၊ ထန်းလျှက်တို့နဲ့ ရှောက်ယိုထိုးစားရင် လေကြေသတဲ့။ အဲ့ဒီလိုလည်း လုပ်သေးတယ်။ နောက်ပြီး ရှောက်သီးအလုံးလိုက်က အကွင်းလိုက်လှီး၊ ဆားနဲ့နယ်၊ နေပူလှန်းလိုက်၊ အိုးသိပ်လိုက်၊ နေပူလှန်းလိုက်၊ နူးပြီး အိလာ၊ ခြောက်လာတဲ့အခါ နွယ်ချိုမှုန့်နဲ့လူးစား။ မော်လမြိုင်ရှောက်သီးဆေးပြားရရော။ ကောင်းမှကောင်း၊ အမေဘက်က အဘွားက ပိုစုံသေးတယ်။ ရှောက်သီးနဲ့ ဆင်တုံးမနွယ်နဲ့ နွယ်ချိုနဲ့ပေါင်းပြီး ဆေးဖော်သေးတယ်နော်။ တစ်နှစ်လုံးမပြတ်ဘူးနော်။
ငရုတ်သီးငရုတ်သီးတောင့်တွေဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ရာသီပေါ်ချိန် ငရုတ်သီးတောင့် လှိုင်လှိုင်ပေါ်ပြီဆို ကျွန်မအဘွားတို့ အလုပ်ရှုပ်ပြီပဲ။ ငရုတ်သီး အပုပွတောင့်က ဟင်းချက်ရင် အရောင်လှဖို့၊ ငရုတ်သီးမိုးမျှော်ကတော့ အလှော်မှုန့်အတွက်၊ သနပ်စုံလုပ်ရင်၊ ငါးခြောက်ထောင်းကြော်၊ ငါးကြော်တို့အတွက် ငရုတ်သီးတောင့်လုံးကြော်လေးထည့်ဖို့အတွက် အဲ့ဒီလို ခွဲခြားပြီး နေပူလှန်း၊ ပြီးရင် အညှာခြွှေ၊ ကပ်ကျေးနဲ့ညှပ်၊ အစေ့ထုတ်ပြီးမှ ပုလင်းကြီးတွေထဲထည့်၊ လေလုံအောင်ပိတ်ပြီး နှစ်ပတ်လည်အောင် သိမ်းတာ။ အဘွားက ကျွန်မတို့မောင်နှမတွေကို အဲ့ဒီလိုလုပ်ခိုင်းရင် ကျန်တဲ့ မောင်နှမတွေက ထွက်ပြေးခဲ့ပေမယ့် ကျွန်မက အဘွားနဲ့ မတည့်သူမို့ အဘွားရဲ့တံမြက်စည်းစာ မမိရအောင် အဘွားနားကပ်ပြီး အမြဲလုပ်ပေးရပါတယ်။
မုန်လာဥခြောက်
အဖေဘက်က အဘိုးက တရုတ်မို့ မုန်လာဥခြောက် အိမ်မှာ မပြတ်ပါဘူး။ မုန်လာဥတွေ ပေါပြီဆို ၀ယ်လာပြီး မုန်လာဥကောင်းကောင်းတွေကို အခြောက်လှန်းပြီး ၀က်ရိုး၊ ကြက်ရိုး၊ ဘဲရိုး စတာတွေနဲ့ စွပ်ပြုတ်လုပ်သောက်လေ့ရှိပါတယ်။ ကျွန်မက ခပ်ငယ်ငယ်က အဲ့ဒီမုန်လာဥခြောက်ကို အနံ့ မခံနိုင်လို့ မကြိုက်ခဲ့ပေမယ့် ရေနဲ့ သေချာဆေးပြီးမှ ချက်လိုက်ရင် အလွန်စားကောင်းတာမို့ ကြိုက်သွားပါတယ်။ မုန်လာရွက်ကိုတော့ အချဉ်တည်ပြီး ငါးပိနဲ့ တို့သလို၊ မုန်ညင်းချဉ်လိုပဲ အသားနဲ့လည်း ကြော်တတ်၊ ချက်တတ်ပါသေးတယ်။ (ကျွန်မရဲ့အဖေဘက်က အဘွားရဲ့ အမကြီး (အမေကြီး)က အချဉ် (ချဉ်ဖတ်)တည်တာ အရမ်းတော်တာ။ ကျွန်မတို့ ငယ်ငယ်တို့က အမေကြီးက အဲ့ဒီလိုချဉ်ဖတ်တည်ပြီး ကျွန်မတို့ကို ကျောင်းထားပေးခဲ့တာ။)
ကံမဆိုင်
မုန်ညင်းစိမ်းကို ရေဆေး၊ တစ်နေလှန်း၊ ပြီးတော့မှ ဆား၊ ဆန်ဆေးရည်နဲ့ အချဉ်တည်တာပါ။ ပုလင်းနဲ့ သွပ်ပြီး နှစ်ပေါက်ထားနိုင်အောင် နေလှန်းလှန်းပေးပြီး သိမ်းပါတယ်။ ၀က်နံရိုးနဲ့ ပြုတ်သောက်သလို၊ ၀က်သားသုံးထပ်သားနဲ့ ကြော်စားစား၊ ချက်စားစား အရသာရှိလှပါတယ်။
မှိုခြောက်
မော်လမြိုင် ညောင်ပင်ဆိပ်ရွာက အဘွားရဲ့ ဆွေမျိုးတွေအများကြီးပဲ။ မိုးလေးတဖြိုက် နှစ်ဖြိုက်ရွာလိုက်၊ နေလေးပူလိုက်ဆိုရင် ညောင်ပင်ဆိပ်မှာ မှိုတွေ တအားထွက်ပြီ။ သဘာဝက ပေါက်တဲ့ မှိုတွေမို့ အဆိပ်ရှိနိုင်တယ်ပဲ ပြောပြော၊ ဘာပဲပြောပြော မှိုဆိုရင် အရမ်းအရမ်းကို ကြိုက်ပါတယ်။ ညောင်ပင်ဆိပ်က အမျိုးတွေက ကျွန်မတို့အိမ်ကို မှိုတွေတောင်းတွေနဲ့ လာပေးကြပါတယ်။ တချို့ကလည်း မှိုချဉ်တည်ပြီး လာပေးကြတယ်။ တချို့ကလည်း မှိုခြောက်လုပ်ပြီး လာပေးကြပါတယ်။ အဲ့ဒါကို ကျွန်မက အတုယူပြီး တစ်ခါတလေ ငွေနှင်းမှိုတွေများ ပေါများခဲ့ရင် ၀ယ်ပြီး မှိုခြောက်လုပ်ပြီး အသားဟင်းထဲ ထည့်ချက်သလို ဟင်းချို၊ ကြာဇံချက် စတာတွေထဲလည်း ထည့်ချက်ပါသေးတယ်။ ကျွန်မအစ်ကိုက အိမ်ထောင်ကျတော့ သူ့အမျိုးသမီးဘက်က အမျိုးတွေက ပြည်၊ ပေါက်ခေါင်းဘက်ကလို့ ပြောပါတယ်။ သူတို့ဆီကလည်း မှိုခြောက်တွေ နှစ်စဉ်လက်ဆောင်ရပါတယ်။ စကားမစပ် ဒီနေ့တောင်မှ ဘဲသားနဲ့ အဲ့ဒီမှိုခြောက်ကို ချက်လာပါသေးတယ်။
သစ်တိုသီး
မော်လမြိုင်ဘက်မှာ အချဉ်ပေါင်းရောင်းတဲ့သူလည်း သစ်တိုသီးကို အခွံနွှာ၊ ဘေးသားလေးတွေကို ဓားလေးနဲ့ပေါက်၊ ဆေးသကြား၊ ဆား၊ ငရုတ်သီးမှုန့်နဲ့နယ်ပြီးရောင်းတယ်။ ကျွန်မက သစ်တိုသီးအစေ့ကို ပိုကြိုက်တယ်၊ အစေ့ရဲ့အခွံမှာပါတဲ့အနှစ်နုနုလေးတွေက စားလို့ အရမ်းကောင်းတယ်။ သစ်တိုသီးကို အိမ်မှာတော့ အဘွားက ၀က်သားနဲ့ ချက်သလို သစ်တိုသီးတွေကို ပုစွန်ခြောက်နဲ့လည်း ဘာလချောင်ကြော်ပါတယ်။ သစ်တိုသီးဆားရည်စိမ်ထားရင်တော့ နှစ်ပေါက်အောင် ခံတာမို့ ကျွန်မတို့ မော်လမြိုင်မှာနေတုန်းက အမြဲစားရပါတယ်။ အခုတော့ သစ်တိုသီးမစားရတာတောင် ကြာပြီ။
ဆီးဖြူသီး
ဆီးဖြူသီးကို ငါးမြင်း၊ ငါးတန်စတဲ့ အဆီများ၊ အသားထူတဲ့ ငါးမျိုးနဲ့ ချက်ပါတယ်။ ပြီးတော့ ဆီးဖြူသီးကို ငါးပိကောင်နဲ့လည်း ချက်တတ်ပါသေးတယ်။ အိမ်မှာရှိတဲ့ ခြံဝင်းထဲ၊ တံခါးကြား၊ ကုတင်အောက်၊ ဗီရိုအောက်တို့မှာလည်း မြွှေဝင်ခွေမှာစိုးလို့ဆိုပြီး ဆီးဖြူသီး ချထားပါတယ်။ နောက်ပြီး ဆီးဖြူသီးကို အခြောက်လုပ်ထားပြီး ရာသီချိန်မဟုတ်တဲ့အခါမှာ ဟင်းထဲ ထည့်ချက်စားပါတယ်။ နောက်တစ်နည်းက ဆီးဖြူသီးခြောက်ကို ဆံပင်သန်အောင်လုပ်တဲ့ အုန်းဆီထဲ ထည့်ပါသေးတယ်။
ကျွန်မရဲ့ အဖေနဲ့အမေဘက်က အဘွားနှစ်ယောက်က ဂျပန်ခေတ်ကို ဖြတ်သန်းလာခဲ့ရတဲ့သူတွေမို့ လို့ ထင်ပါတယ်။ စားသောက်စရာတွေကို ဘယ်တော့မှ လွှင့်ပစ်ရတယ်မရှိအောင် ထိန်းသိမ်းထားတတ်ပါတယ်။ ဥပမာ - ထမင်းလေး ပိုခဲ့ရင်တောင်မှ လွှင့်မပစ်ဘဲ နေပူလှန်းပြီး နေ့ခင်းနေ့လည်ကျရင် ဆီပူလေးထိုးပြီး ထမင်းခြောက် ကြော်လေး ကြော်ကျွေးတတ်ပါတယ်။ ထမင်းချိုး (ဂျိုး) ကိုလည်း ထိုနည်းတူပဲ တစ်ခါမှ လွှင့်ပစ်တာ မတွေ့ဖူးပါဘူး။ ကျွန်မတို့ အိမ်ခေါင်မိုးနဲ့ ခြံစည်းရိုး ပတ်ပတ်လည်မှာ စကောတွေ ဗန်းတွေနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို အခြောက်လှန်းတာ အမြဲမပြတ်ပါ။


အဲ့ဒီလိုလုပ်ထားတော့ အစားအစာတွေကို စားချင်တိုင်းစားနေရတဲ့ ကျွန်မ ပြည်ပမှာ ကျောင်းလေး ခဏသွားတက်ပါတယ်။ ဟိုမှာ အဲ့ဒီလိုဟာတွေ မရှိဘူးလေနော်။ ဟင်းချက်တိုင်း မရမ်းပြားပါချင်ရတာနဲ့။ ဆီးသီးဟင်းချိုလေး ချက်စားချင်ရတာနဲ့၊ ဗူးသီးဟင်းခါးလေး သောက်ချင်ရတာနဲ့၊ ဒန့်သလွန်သီးနဲ့ ငါးရံ့ချဉ်ရည်ဟင်းချက်စားချင်ရတာနဲ့  စသော စသော ``ချင်´´ များကို ပေါင်းပြီး အိမ်ကို အမှာပါးလိုက်တာတွေက ပင်စိမ်းရွက်ခြောက်၊ ဒန့်သလွန်ရွက်ခြောက်၊ မြင်းခွာရွက်ခြောက်၊ ကွမ်းရွက်ခြောက်၊ ဗူးသီးခြောက်၊ ဒန့်သလွန်သီးခြောက်၊ လက်ပံပွင့်ခြောက်၊ စတာတွေလည်းမှာရော့  ကျွန်မ အစ်ကိုက ကျွန်မကို ထောပနာပြုပါတယ့့်  ဂျပုမ့  နင်မြန်မာပြည်ပြန်လာပြီး တစ်အိမ်လုံးသာ မ သွားလိုက်တော့တဲ့  နင် စပြီး ကျောင်းတက်ကတည်းက အိမ်ကနေ ပို့လိုက်ရတာ့  နင်ကျောင်းလည်းပြီးလို့ ဘွဲ့လည်းရရော ငါတို့ နင့်ကို စားစရာတွေ ပို့ခနဲ့တင် မွဲပြီတဲ့လေ။ :D အဲ့ဒီလိုချစ်တာ။

Wednesday, March 18, 2009

ရှမ်းချဉ် (သို့မဟုတ်) မုန်ညင်းချဉ်

16 comments
အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေကို မုန်ညင်းချဉ်တည်နည်းလေး မျှဝေပါရစေနော်။
မုန်ညင်းချဉ် (ရှမ်းချဉ်)ကို ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ မြီးရှည် တို့နဲ့ တွဲဘက်သုံးဆောင်ကြသလို အသားများနဲ့လည်း ချက်စားတတ်ကြပါတယ်။
မုန်ညင်းချဉ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့  မုန်ညင်းစိမ်း နှစ်ပိသာ၊ မုန်လာဥနီ ၁၅ ကျပ်သား၊ ဂျူးမြစ် ၁၅ ကျပ်သား၊ ပဲပိုးတီ ၂၅ ကျပ်သား၊ ချင်း ၅ ကျပ်သား၊ မုန်ညင်းစေ့ ၁ ကျပ်သား၊ ငရုတ်သီး အရောင်မှုန့် ၅ ကျပ်သား၊ နံနံစေ့ ၁ ကျပ်သား၊ ဆား၊ ကြံသကာ ၅ ကျပ်သား၊ ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်းတို့ပါနော်။
မုန်ညင်းစိမ်းကို ရေများများနဲ့ စင်ကြယ်အောင် ရေဆေးပြီး ပထမ နှစ်ရေလောက်ကို သွန်ပစ်ပါ။ တတိယတစ်ကြိမ်ကျရင်တော့ ရေပုံးကြီးကြီးထဲမှာ ရေထည့်၊ ဆားကို ထည့်ပြီး ဆားရည်ဖြင့် အနည်းဆုံး တစ်နာရီလောက် စိမ်ထားပေးပါ။ ပြီးရင် မုန်ညင်းစိမ်းတွေကို ရေထဲကနေ ဆယ်ယူ၊ ရေစစ်ပြီး တစ်နေလှန်းပေးပါ။ တစ်နေလှန်းလိုက်တဲ့အခါ မုန်ညင်းတွေ နွမ်းသွားပြီး အချဉ်တည်ဖို့ အကောင်းဆုံးအနေအထားကို ဖြစ်စေပါတယ်။ မုန်ညင်းစိမ်းကိုတော့ နှစ်လက်မအရွယ်အစား လောက်လေးတွေ ရအောင် ဖြတ်တောက်ပါတယ်။ ပြီးရင် မုန်လာဥနီ၊ ဂျူးမြစ်နဲ့ ပဲပိုးတီတို့ကိုလည်း သန့်စင်အောင် ရေဆေးပြီး ရေစစ်ပေးထားပါ။ ဂျူးမြစ်ကို ရေဆေးပြီးတဲ့အခါ အမြစ်လေးတစ်ချောင်းချင်းစီကို နှုတ်ယူပြီးတော့ တစ်လက်ခွဲအရှည်ရအောင် ဖြတ်တောက်ပေးထားပါ။ မုန်လာဥနီကိုလည်း ပန်းပွင့်လေးတွေ ဖော်နိုင်သလို အရှည်လိုက်ပဲဖြစ်ဖြစ်၊ အတုံးလေးတွေပဲ ဖြစ်ဖြစ် ကိုယ်နှစ်သက်သလို တုံးပေးထားပါ။ ပဲပိုးတီကိုတော့ အလုံးလိုက်လေးတွေ ထည့်လိုက် လို့ ရတာမို့ ဒီအတိုင်းပဲ ရေစစ်ထားလိုက်ပါနော်။ (ကြက်သွန်ဥလေးတွေပါထည့်ချင်ရင်တော့ ကြက်သွန်မြိတ်ဥလေးတွေကို သန့်စင်အောင်ရေဆေး၊ ထိပ်ပိုင်းလေးတွေဖြတ်တောက်ထားပြီး ရေစစ်ပေးထားပါနော်။)
ပြီးရင် အမွှေးအကြိုင်တွေအတွက် လိုအပ်တာလေးတွေ ပြင်ဆင်ရအောင်နော်။ ချင်းကို အခွံနွှာရေဆေးပြီး ခပ်လွှာလွှာလေးတွေရအောင် လှီးပေးထားပါ။ နံနံစေ့နဲ့ မုန်ညင်းစေ့တို့ကို ဒယ်အိုးထဲ ထည့်ပြီး မီးနွေးနွေးလေးနဲ့ ဖြည်းဖြည်းချင်းလှော်ပေးပါ။ အဲ့ဒီလိုလှော်လိုက်ရင်းနဲ့ အနံ့တွေသင်းလာတဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်ကနေချပြီး အထဲက အမွှေးအကြိုင်အလှော်တွေကို ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေးထောင်းပေးပါနော်။ ပြီးရင် ပါးပါးလှီးထားတဲ့ ချင်းတ၀က်ကို ထည့်ပြီး ထောင်းလိုက်ပါနော်။ ငရုတ်သီးအရောင်မှုန့်အတွက်ကိုတော့ ငရုတ်သီး အပုပွတောင့်ကို ကိုယ့်ဘာသာကိုယ် ကြိတ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းပါတယ်နော်။ ကြံသကာကိုလည်း ချေပြီးထည့်ပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပလတ်စတစ်ဇလုံခပ်ကြီးကြီးကိုယူ၊ ပြီးရင် ခုနက အသီးအရွက်တွေထည့်၊ အမွှေးအကြိုင်တွေထည့်၊ ကြံသကာ၊ ဆားနဲ့ ဆန်အရက်အနည်းငယ်တို့ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ပြီးတော့မှ ပုလင်းသန့်သန့် ဒါမှမဟုတ် စဥ့်အိုးသန့်သန့်ထဲ ဖိသိပ်ပြီး ထည့်ပေးပါ။ ပြီးရင် အပေါ်ကနေ ပလတ်စတစ်လေးခံပြီးတော့မှ အဖုံးကို လုံအောင်ပိတ်ပေးပါနော်။ အဲ့ဒီလိုသိပ်ထားပြီး ပူတဲ့ရာသီဆို ၃ ရက်မှ ၅ ရက်အတွင်း၊ အေးတဲ့ရာသီဆိုရင် တစ်ပတ်မှ ၁၀ ရက်အတွင်းဆိုရင်တော့ အရသာရှိလှတဲ့ မုန်ညင်းချဉ်လေး ရပါပြီနော်။
(PS: အခု ရှမ်းချဉ်လုပ်နည်းကတော့ ကျွန်မရဲ့ ညီမလေး မိုင်းဆတ်မှာ ပညာရေးဝန်ထမ်းအဖြစ် ၅ နှစ်တာ တာဝန်ထမ်းဆောင်ရင်းနဲ့ တတ်ခဲ့တဲ့ နည်းလေးပါနော်။ အခုမြင်ရတဲ့ပုံကတော့ သူ့လက်ရာပါနော်။)
လည်ပင်းညောင်ရေအိုးဖြစ်အောင် စောင့်နေရတဲ့ ညီမလေးမွန်း ကျေနပ်မယ်လို့ ထင်ပါတယ်နော်။

Wednesday, December 17, 2008

လက်ဖက်လုပ်နည်း (Pickled Tea)

2 comments

မောင်နှမများအားလုံးမင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို လက်ဖက်သုပ်တဲ့ လက်ဖက်လုပ်နည်းနဲ့ ပလို့ပြောင်းဖူးလေး ရတာနဲ့ သုပ်စားဖြစ်ခဲ့တဲ့ လက်ဖက်သုပ်လုပ်နည်းလေးကို ပြောပြပါဦးမယ်။

လက်ဖက်လုပ်နည်းကိုတော့ FAO, UNDP နဲ့ MOF တို့ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Value-Added Food Products Processing for Micro-Income Generation of Rural Communities in Myanmar စာအုပ်လေးထဲမှာ ဖော်ပြထားတာကို အနီးစပ်ဆုံး ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်။

သုပ်စားဖို့ ပြုလုပ်ထားသော လက်ဖက် (Pickled Tea)

မြန်မာနိုင်ငံမှာ Pickled Tea ဟာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ လက်ဖက်ပင်က လက်ဖက်ရွက်နုလေးတွေကို ခူးဆွတ်ပြီးတဲ့အခါ ဒယ်အိုးထဲထည့်ပြီး လှော်ပေးရပါမယ်၊ ပြီးတော့ အောက်မှာ ၀ါးဖျာခံပြီးတော့ လက်နဲ့ နယ်ပေးဖိပေးရပါမယ်။ အဲ့ဒီလို လက်နဲ့နယ်ပေးပြီးတဲ့လက်ဘက်အရွက်လေးတွေကို မြေအိုးထဲကို လေမခိုအောင် ဖိသိပ်ထည့်ပေးပြီးတော့ အပေါ်ကနေ အဖုံးအုပ်ပြီး အလေးအပင်တွေနဲ့ ဖိထားပေးပြီးမြေကြီးထဲ မြှုပ်ထားပေးရပါမယ်။ လပေါင်းများစွာကြာတဲ့အခါမှာတော့ အဲ့ဒီလက်ဖက်အိုးကို မြေကြီးထဲကနေ ထုတ်ယူ၊ ပြီးတော့ လက်ဖက်အသားတွေကို ၀ါးခြင်းတောင်းလေးတွေထဲမှာ ဖိသိပ်ထည့်ပေး ပြီးတော့ ဈေးကွက်ထဲမှာ ရောင်းချကြပါတယ်။ အဲ့ဒီလက်ဖက်ကိုတော့ မိုးရာသီမှာ ပြုလုပ်ကြပြီး လက်ဖက်ခြောက်ကိုတော့ ခြောက်သွေ့တဲ့ရာသီမှာ ပြုလုပ်ကြပါတယ် ပလို့ပြောင်းဖူးနဲ့ လက်ဖက်သုပ်


အခုလို ဆောင်းရာသီ (ဘုရားစူးဆောင်းရာသီ) မှာ ပလို့ပြောင်းဖူးစေးစေးလေးတွေ ထွက်လာပါပြီ။ အဲ့ဒီ ပလို့ပြောင်းဖူးလေးတွေနဲ့ သုပ်တဲ့ လက်ဖက်သုပ်လေးကိုလည်း လုပ်ကျွေးပါရစေနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ လက်ဖက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ပုစွန်ခြောက်၊ အချိုမှုန့်၊ သံပုရာသီး၊ ပြောင်းဖူးပြုတ်၊ နှမ်းလှော်၊ ကြက်သွန်ကြော်၊ မြေပဲလှော်၊ သီဟိုဠ်ဆန်လှော်နဲ့ မြေပဲဆီတို့ပါနော်။

လက်ဖက်အသားကို အခါးသက်သာသွားအောင် နည်းနည်းညှစ်လိုက်ပါ။ ပြီးရင် ငရုတ်ဆုံထဲမှာ ပုစွန်ခြောက်ကို အရင်ထောင်းပါ။ ပုစွန်ခြောက်မညက်တညက်ဖြစ်တဲ့အခါ ငရုတ်သီးစိမ်းလေးတွေ ထည့်ထောင်း ပါ။ ငရုတ်သီးစိမ်းပြီးရင် ကြက်သွန်ဖြူထည့်ပြီးထောင်းပါ။ ပြီးရင် အဲ့ဒီအထဲကို လက်ဘက်ရယ်၊ ဆားနဲ့အချိုမှုန့် လေး ထည့်ပြီးထောင်းပါ။ ပြီးတော့မှ ထောင်းထားတဲ့ လက်ဖက်ထဲကို သံပုရာရည်ညှစ်ထည့်ပြီး သမအောင် မွှေပါ။ (အဲ့ဒီလက်ဖက်နှပ်ထဲကို ကြိုက်တတ်ရင် ခရမ်းချဉ်သီးနဲ့ နံနံပင်ထည့်ပြီး နှပ်ပေးပါ။)

ပလို့ပြောင်းဖူးတွေကို အခွံနွှာ၊ ပြောင်းဖူးမွှေးတွေ ဖယ်ရှားပစ်ပြီး ရေနဲ့အရင်ဆေးပေးပါ။ ပြီးရင် အိုးတစ်လုံးထဲ ပြောင်းဖူးတွေထည့်၊ ရေကိုလည်း ပြောင်းဖူးနူးရုံထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ပါ။ ပြောင်းဖူးပြုတ်ရပြီဆိုရင်တော့ အအေးခံပြီး ပြောင်းဖူးစေ့လေးတွေ ခြွေပေးထားပါ။

ကျန်တဲ့ နှမ်း၊ ကြက်သွန်ဖြူကြော်၊ မြေပဲလှော်၊ သီဟိုဠ်ဆန်လှော်တို့ကိုလည်း အသင့်ပြင်ပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ထဲမှာ လက်ဖက်လေးက တစ်ကန့်၊ ပြောင်းဖူးပြုတ်၊ နှမ်း၊ ကြက်သွန်ကြော်၊ မြေပဲလှော်၊ သီဟိုဆန်လှော်တို့ကို တစ်ကန့်စီထည့်ပြီး ပြင်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ လက်ဖက်သုပ်လေးရပါပြီနော်။ ရေနွေးကြမ်းလေးနဲ့ တွဲဘက်သုံးဆောင်ရင်ဖြစ်ဖြစ်၊ ထမင်းဖြူလေးနဲ့တွဲဘက် သုံးဆောင်ရင်ပဲဖြစ်ဖြစ် သိပ်လိုက်ဖက်တဲ့ အစားအစာတစ်မျိုးပါနော်။ မောင်နှမများလည်း ပလို့ပြောင်းဖူးလေးရတဲ့အခါ လက်ဖက်ချဉ်စပ်လေးနဲ့ တွဲဘက်သုံးဆောင်ကြည့်ပါဦးနော်။

Saturday, September 13, 2008

ရေစိမ်မုန့်ဟင်းခါးဖတ်

6 comments
စားသုံးရန်အသင့်ပြင်ဆင်ထားသော မုန့်ပွဲ
မုန့်ပွဲပြင်ရန် အသင့်ရှိနေသော မုန့်ဖတ်များ

ဆယ်ယူပြီး မုန့်ဖတ်များ ရေအေးဖြင့် ဆေးနေပုံ

မုန့်ဖတ်များ ရေနွေးအိုးထဲမှ ဆယ်ယူနေပုံ
ရေစိမ်မုန့်ဟင်းခါး မုန့်ညှစ်နေပုံ (မွန်ရိုးရာ)
ရေစိမ်မုန့်ဟင်းခါး မုန့်နှစ်ထည့်နေ့ပုံ (မွန်ရိုးရာ)

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရေစိမ်မုန့်ဟင်းခါးဖတ်လုပ်နည်းလေး မျှဝေပါရစေနော်။ ဘလော့ဂ်ထဲမှာ ``ညီမလေး´´ က မေးထားတာမို့ ကျွန်မကိုယ်တိုင် လုပ်ထားတာ မဟုတ်သော်ငြားလည်း ငယ်ငယ်တုန်းက မော်လမြိုင်မှာနေတုန်းက တညင်းကုန်းရေတွင်းလမ်းချားမှာ မုန့်ဟင်းခါးဖတ် လုပ်တဲ့ ဆိုင်က လုပ်တဲ့နည်းလေးရယ်၊ မွန်ရိုးရာ ရေစိမ်မုန့်ဟင်းခါးဆိုင်က လုပ်နည်းလေးတွေရယ်ကို စုပေါင်းပြီး ပြောပြပါရစေနော်။
မုန့်ဖတ်လုပ်ဖို့အတွက် ဆန်က အဓိက လိုအပ်တာပါ။ ဆန်ကို တစ်ညသိပ်ရေစိမ်ပေးထားရပါမယ်။ မနက်ကျရင် ရေစစ်ပြီး မုန့်ကြိတ်ရပါတယ်။ ရလာတဲ့ မုန့်ကိုမှ ပိတ်အိတ်ထဲ လောင်းထည့်ပြီး ရေစစ်ပေးထား ရပါတယ်။ (ဆန်မှုန့်နဲ့ လုပ်မယ်ဆိုရင်တော့ ဆန်မှုန့်နဲ့ ရေကို မုန့်နှစ်အစေးပေါက်တဲ့အထိ ဖြည်းဖြည်းချင်း နယ်ပေးရပါမယ်။)


ရလာတဲ့ မုန့်နှစ်ကိုမှ မုန့်ဖတ်ဖြစ်အောင် လုပ်ရပါမယ်။ လက်ညှစ်မုန့်ဆုံထဲ မုန့်မထည့်ခင်မှာ မီးဖိုပေါ်မှာ အိုးကြီးကြီးတစ်လုံးနဲ့ ရေထည့်ပြီး ပွက်ပွက်ဆူအောင် အရင်တည်ပေးထားရပါတယ်။ ရေနွေးဆူပြီဆိုရင် အိုးအဖုံးကို အသာလေးဖွင့်ပါ။ မျက်နှာကို ရေနွေးငွေ့ လာမဟပ်အောင် သတိထားပါ။ ပြီးတော့မှ မုန့်နှစ်ကိုယူပြီး မုန့်နှစ်ညှစ်မယ့် ဆုံထဲကို ထည့်ရပါတယ်။ မုန့်ညှစ်ဆုံထဲ မုန့်နှစ်မထည့်ခင်မှာ ကိုယ်လိုချင်တဲ့ မုန့်နှစ်အမျှင်လေးတွေရအောင် အောက်ကနေ ဇကာလေးတွေ ခံရပါတယ်။ (ဥပမာ ကိုယ်လိုချင်တဲ့ မုန့်ဖတ်ဟာ အမျှင်တော်တော်လေးသေးသေးဆိုရင် ဇကာစိပ်စိပ်ကို ထည့်ရမှာဖြစ်ပါတယ်နော်။) ပြီးရင်တော့ မောင်းတံနဲ့ ဖိချလိုက်တဲ့အခါ မုန့်နှစ်လေးတွေက အမျှင်လေးတွေဖြစ်ပြီး ရေနွေးအိုးထဲကို ကျသွားပါလိမ့်မယ်။
ရေနွေးအိုးထဲကနေ မုန့်နှစ်လေးတွေကိုတော့ လက်ကိုင်တပ်ထားတဲ့ ဇကာ (မြင်သာအောင် ပြောရမယ်ဆိုရင် ၀ါးနှီးနဲ့ ယက်လုပ်ထားတဲ့ ဇကာခုံးကို လက်ကိုင်ရှည်ရှည်လေး အပေါ်ကနေ တပ်ပေးထား တော့ ရေပုံးလေးလို ဖြစ်နေပါတယ်။)နဲ့ ဆယ်ယူပေးပါ။ ဆယ်ယူလာတဲ့ မုန့်ဖတ်တွေကို ရေအေးအေးနဲ့ ဆေးပေးပါ။ မုန့်ဖတ်လေးတွေ အေးသွားတဲ့အထိ ဆေးကြောပေးပြီးတဲ့အခါကျရင်တော့ လက်ချောင်းလေးတွေနဲ့ မုန့်ဖတ်ကို ရေထဲကနေ ဆယ်ယူလိုက်ပြီး မုန့်ဖတ်ထည့်မယ့် ၀ါးနှီးခြင်းလေးထဲ တစ်ထပ်ချင်း စီပြီးထည့်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ မုန့်ပွဲအတွက် ရေစိမ်မုန့်ဖတ်အသင့်ဖြစ်ပါပြီရှင်။
(ဓာတ်ပုံတွေကို မြန်မာ့ဆန်စပါး စာအုပ်မှ ကူးယူဖော်ပြထားပါတယ်နော်။)

Wednesday, September 3, 2008

ငါးဖယ်ချဉ်သုပ်စားရအောင်

2 comments
မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့မှာတော့ ငါးဖယ်ချဉ်လုပ်နည်းလေးနဲ့ ငါးဖယ်ချဉ်သုပ်နည်းလေးကို မျှဝေပေးပါရစေနော်။
ငါးဖယ်ချဉ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို အရင်ဦးဆုံး ပြောပါရစေနော်။
ငါးဖယ်ခြစ်ပြီးသား (၂၅) ကျပ်သား
ကောက်ညှင်းမှုန့် စားပွဲတင်ဇွန်း (၅) ဇွန်း
ဆား
အချိုမှုန့်အနည်းငယ် (မသုံးလည်း ရပါတယ်)
စပါးလင်
စလူရွက်
ဝါးနှီး တို့ပါနော်။
ငါးဖယ်အကောင်လိုက်ဆိုရင်လည်း ဓားပါးပါးလေးနဲ့ ၀မ်းဗိုက်ပိုင်းနားကနေ စပြီး လွှာချလိုက်ပါ။ ပြီးရင်တော့ ကမာခွံနဲ့ဖြစ်ဖြစ်၊ ဇွန်းနဲ့ဖြစ်ဖြစ် ခြစ်ယူပါ။ ငါးဖယ်ခြစ်တွေ ရပြီဆိုရင်တော့ ပန်းကန်ပြားတစ်ခုထဲ ထည့်ပေးထားပါ။ စပါးလင်ကို ဘေးက အရွက်ခြောက်တွေ၊ အပေါ်ပိုင်းအရွက်တွေ ဖယ်ရှားပစ်ပြီး စပါးလင်တွေကို ပါးပါးနုတ်နုတ်ဖြစ်အောင် လှီးပေးပါ။ ကောက်ညှင်းမှုန့်တွေကိုလည်း အသင့်ပြင်ပေးထားပါ။ စလူရွက်တွေကိုလည်း ရေနဲ့ သန့်စင်ပြီးတော့ ခြောက်အောင် အ၀တ်သန့်သန့်နဲ့ ခြောက်သွေ့အောင် သုပ်ပေးထားပါ။
အားလုံးအသင့်ဖြစ်တဲ့အခါ ကြိတ်စက် (ငရုတ်သီး၊ ကြက်သွန်စတာတွေကို ကြိတ်တဲ့အခါ သုံးပါတယ်) လေးကိုယူပြီး စပါးလင်ကို အရင်ထည့်ပြီး ကြိတ်ပေးပါ။ ရလာတဲ့ စပါးလင်တွေကို ငါးဖယ်အသားတွေနဲ့ နှံ့အောင်နယ်ပေးပါ။ ဆားနဲ့ အချိုမှုန့်အနည်းငယ်တို့ကိုလည်း ထည့်နယ်ပေးပါ။ ပြီးရင်တော့ ကြိတ်စက်ထဲ အားလုံးရောနယ်ထားတာတွေကို ထည့်ပြီး ကြိတ်ပါ။ အထပ်ထပ်အခါခါ ကြိတ်ပေးပြီးတဲ့အခါကျရင် ရလာတဲ့ ငါးဖယ်တွေကို လင်ဗန်းတစ်ချပ်ထဲထည့်ပြီး လက်တစ်ဆုပ်စာ ကိုင်အရွယ်လောက်ရအောင် ကိုင်ပြီး လင်ဗန်းပေါ်ကို ပေါက်ပေးပါ။ အဲ့ဒါဆိုရင်တော့ ငါးဖယ်စေးစေးပိုင်ပိုင်လေး ရလာပါမယ်နော်။
ငါးဖယ်ထုပ်ဖို့အတွက် အသုံးပြုမယ့်ပစ္စည်းများအားလုံးကို သန့်ရှင်းအောင် ကိုင်တွယ်ဖို့ သတိပြုပါနော်။ ငါးဖယ်ကို မကိုင်ခင်မှာ လက်ကို စင်ကြယ်အောင် ဆေးပြီးတော့ ဇလုံတစ်လုံးထဲ ရေသန့်သန့် ထည့်ပေးထားပါ။ ငါးဖယ်ကို မကိုင်ခင်မှာ လက်ကို ရေဆွတ်ပြီးတော့မှ စလူရွက်ပေါ်မှာ ငါးဖယ်လေးတွေကို ထည့်ပေးပြီး တင်းတင်းကြပ်ကြပ်လေးဖြစ်အောင် နှီးနဲ့ စည်းပေးပါ။ အဲ့ဒီငါးဖယ်ထုပ်ကိုမှ ခြောက်သွေ့တဲ့နေရာသန့်သန့်မှာ ထားပေးပါ။ ရာသီဥတုအပေါ် မူတည်ပြီး ၃ ရက်ကနေ တစ်ပတ်အတွင်းမှာ ငါးဖယ်ချဉ်ရပါပြီနော်။ ငါးဖယ်ချဉ်သွားပြီဆိုတော့မှ ကြာကြာခံချင်ရင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီးစားရင် ၁၀ ရက်၊ နှစ်ပတ်လောက်တော့ အသာလေး အထားခံပါတယ်နော်။
ငါးဖယ်ချဉ်သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ငါးဖယ်ချဉ်
ခရမ်းချဉ်သီး
ကြက်သွန်နီကြော်
နံနံပင်
ရှောက်ရွက်
ကြက်သွန်နီ
ဟင်းခပ်မှုန့်အနည်းငယ်
ငရုတ်သီးစိမ်းတို့ပါနော်။
ငါးဖယ်ချဉ် (သုံးရက်အကြာမှာ စစချင်းချဉ်တဲ့ ငါးဖယ်ကို သုပ်မှာဖြစ်ပါတယ်) ကို အရှည် လက်တစ်ဆစ်ခန့်၊ အထူလက်တစ် ခဲတံလုံးခန့်အရွယ်ရအောင် လှီးပေးပါ။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး မထူမပါးလှီးပေးပါ။ နံနံပင်နဲ့ ရှောက်ရွက်ကို ရေဆေး၊ ရေစစ်ပေးပြီး ပါးပါးလှီးပေးထားပါ။ ကြက်သွန်နီကိုလည်းအခွံနွှာ၊ ထက်ခြမ်းခွဲ၊ ပါးပါးလှီး၊ ရေဆေးပြီး ရေစင်အောင် စစ်ပေးထားပါ။ ကြက်သွန်နီကြော်ကတော့ အဆင်သင့်ရှိတာမို့ ဒီတစ်ခါမှာ ကြက်သွန်နီကြော်နည်းကို ထည့်မရေးတော့ပါဘူးနော်။ ငရုတ်သီးလေးတွေကိုလည်း၊ အညှာခြွေ၊ ရေဆေးပြီး ပါးပါးလေးတွေရအောင် လှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ထဲကို ငါးဖယ်ထည့်၊ ခရမ်းချဉ်သီးထည့်၊ ကြက်သွန်စိမ်းထည့်၊ အချိုမှုန့်နည်းနည်းထည့်၊ ရှောက်ရွက်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ကြော်ထည့်ပြီး အားလုံးကို သမအောင် မွှေပြီး သုပ်စားကြည့်ပါဦးနော်။ ဒီတစ်ခါ ငါးဖယ်ချဉ်သုပ်က ဆီမထည့်ဘဲ တမူထူးပြီး ကြက်သွန်ကြော်၊ ခရမ်းချဉ်သီးလေးနဲ့ သုပ်ထားတာပါနော်။ ဒီအတိုင်းစားပြီး ရေနွေးကြမ်းပူပူလေးသောက်ရင် အရသာ သိပ်ကောင်းတာပါပဲနော်။ ကျွန်မမောင်နှမတွေလည်း အဆင်ပြေတဲ့အခါ ငါးဖယ်ချဉ်လုပ်နည်းလေးကို စမ်းသပ်လုပ်ကြည့်ကြပြီး အသစ်အဆန်းဟင်းအမယ်လေးတွေ စားလို့ရအောင် စမ်းလုပ်ကြည့်ကြပါဦးနော်။
(PS ဒီည အိမ်ပြန်ရင် ငါးဖယ်ချဉ်ကို ငံပြာရည်ကြော်လုပ်ဦးမယ်။ ပြီးမှ ပို့စ်တင်ပေးမယ်နော်။ ကြိုတင် သွားရည်ကျထားကြပါကုန့့် :P:P)

Tuesday, August 26, 2008

ပဲကြော်မွမွလေး

6 comments

မင်္ဂလာပါရှင့့်  မုန့်ဟင်းခါးချက်စားတိုင်း ပဲကြော်စားချင်ကြတဲ့ မောင်နှမများအတွက် ပဲကြော်ကြော်နည်းလေး မျှဝေလိုက်ပါတယ်နော်။ ပဲကြော်ကြော်တဲ့အခါ မုန့်နှစ်စပ်နည်း အမျိုးမျိုးရှိကြပါတယ်။ ချက်ချင်းစားဖို့အတွက်ဆိုရင်တော့ တန်ပူရာမှုန့်နဲ့ ကြော်လို့ရပေမယ့် တန်ပူရာမှုန့်နဲ့ကြော်ရင် ခဏလေးနဲ့ ပျော့သွားတတ်တယ်နော်။ တစ်ခါတလေကျတော့လည်း ပဲကြော်ကို ၀ါးရတာ မာမာကြီးဖြစ်နေတာတို့ ပြင်းတွဲကြီး ဖြစ်နေတာတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒါမျိုးတွေ မဖြစ်စေဘဲ ပဲကြော်ကြွပ်ကြွပ်ရွရွမွမွလေး ဖြစ်အောင် ကြော်လို့ရမယ့် နည်းလေးကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်။
ပဲကြော်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြမယ်နော်။
ကုလားပဲ နို့ဆီဗူး တစ်ဗူး
ဆန်မှုန့် နို့ဆီဗူး တစ်ဝက်
ကောက်ညှင်းမှုန့် နို့ဆီဗူးသုံးပုံတစ်ပုံ
ဂျုံမှုန့် နို့ဆီဗူး သုံးပုံတစ်ပုံ
ချင်း အနည်းငယ် (အနံ့မကြိုက်ရင်တော့ မထည့်ပါနဲ့နော်)
ဆား လက်ဘက်ရည်ဇွန်း တစ်ဇွန်း
စားဆိုဒါ လက်ဘက်ရည်ဇွန်း တစ်ဇွန်း
ရေ နို့ဆီဗူး သုံးခွက်
ဆီ လိုသလောက်
ဟင်းခပ်မှုန့် လက်ဘက်ရည်ဇွန်း နှစ်ဇွန်း (အိမ်မှာ မသုံးဘူးဆိုရင်တော့ မထည့်ပါနဲ့နော်)


ကုလားပဲကို မချက်ခင် သုံးနာရီလောက်ကတည်းက ရေနွေးလေးနဲ့ စိမ်ပေးထားပါနော်။ ချင်းကို အခွံနွှာ ရေဆေးပြီး ခြစ်လိုက်ပါ။ ပြီးရင် ဇလုံတစ်လုံးယူပြီး ရေစိမ်ထားတဲ့ ဇလုံထဲက ပဲတွေကို ဆယ်ယူထည့်ပါ။ ပြီးရင် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို ဖော်ပြထားတဲ့အချိုးအစားတွေအတိုင်း ထည့်ပြီး အားလုံးသမအောင်ေjavascript:void(0)ဖျာ်ပေးပါ။ အမှုန့်တွေအားလုံးလည်း ရေထဲမှာ သေချာပျော်ဝင်အောင် နှံ့အောင် နယ်ပေးပါနော်။ အမှုန့်တွေ ရေထဲမှာ သေချာမပျော်ဘူး မနှံ့ဘူးဆိုရင် အကြော်ကြော်တဲ့အခါမှာ စားမကောင်းဖြစ်တတ်ပါတယ်။ မုန့်နှစ်ရည်အဆင်သင့် ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် (ဒယ်အိုးကိုလည်း အောက်ခြေအပြန့် အညီဖြစ်တဲ့အိုး= ဒယ်အိုးအပြားကို သုံးပါ)၊ ဆီထည့်ပြီး ဆီပူအောင် စောင့်ပါ။ ဆီပူလာပြီဆိုရင် မီးအားကို အသင့်အတင့်ပဲထားပြီး ယောက်ချိုဇွန်းနဲ့ မုန့်နှစ်တွေကို ခပ်ပြီး ဒယ်အိုးထဲ ဖြန့်ထည့်ပေးပါနော်။ မုန့်နှစ်ဟာနေတဲ့နေရာလေးတွေကိုလည်း မုန့်ရည်ထပ်ခပ်ပြီး ထပ်ဖြည့်ပေးပါနော်။
ကြော်နေရင်းနဲ့ အောက်ဘက်က နည်းနည်းဝါရောင်သန်းလာပြီး လှန်လို့ရတဲ့အနေအထားလေးဖြစ်လာ ပြီဆိုရင် ဟိုဘက်လှန်ပေးပါ။ ဟိုဘက်ဒီဘက် အကျက်ညီအောင် မီးအသင့်အတင့်နဲ့ စိတ်ရှည်လက်ရှည်လေး ကြော်ပေးပါနော်။ အဲ့ဒီတော့မှ အကျက်လည်းညီသလို အရောင်လည်းလှပါမယ်။ အကြော်က သိပ်ကြီးနေတယ်လို့ ထင်ရင်တော့ အကြော်ကို အလယ်ကနေ တ၀က်ခေါက်လိုက်ပါနော်။ ဒါမှမဟုတ်ရင်လည်း ပဲကြော်တွေကို ယောက်မအပြားနဲ့ အပိုင်းလေးတွေရအောင် ခြမ်းပေးပါနော်။ အကျက်ညီပြီဆိုရင်တော့ ပဲကြော်တွေကို ဒယ်အိုးထဲကနေ ဆယ်ပြီး ဆီစစ်ဇကာလေးထဲ ထည့်ပေးထားပြီး အအေးခံထားပါနော်။
နောက်တစ်ဒယ်မကြော်ခင်မှာ မီးဖိုက မီးကိုလျော့၊ ပထမအိုးကြော်ထားတဲ့ ဆီအိုးထဲက အကြော်အစအနတွေကို ဆီစစ်ဇကာပါတဲ့ ယောက်မတွေနဲ့ ဆယ်ယူစစ်ထုတ်ပါ။ ဆီလိုအပ်တယ်ထင်ရင်လည်း ထပ်ထည့်ပါနော်။ အဲ့ဒီနည်းနဲ့ ပဲကြော်တွေကို ကြော်လို့ရပါပြီ။
ရလာတဲ့ ပဲကြော်တွေကို အအေးခံပြီးရင် တစ်ခါတည်း စားလို့ မကုန်ဘူးဆိုရင် ဘယ်လိုသိမ်းမလဲဆိုတာကိုလည်း ပြောပြပါဦးမယ်နော်။ ခြောက်သွေ့တဲ့ အ၀ကျယ် ပုလင်းသန့်သန့်တစ်ပုလင်း ကိုယူပြီး ပဲကြော်တွေကို အချပ်လိုက်ပဲဖြစ်ဖြစ်၊ အသင့်စားလို့ရအောင် ခြေပြီးတော့ပဲဖြစ်ဖြစ် ထည့်ပြီး ပုလင်းကို လေလုံအောင် ပိတ်ပြီးသိမ်းထားနိုင်ပါတယ်။ ပလတ်စတစ်အိတ်နဲ့လည်း လေလုံအောင်ပိတ်ပြီး သိမ်းနိုင်ပါတယ်။
တကယ်လို့ သိမ်းထားတဲ့ပဲကြော် မစားဖြစ်တာကြာလို့ ပျော့သွားတယ်ဆိုရင် စားမကောင်းဖြစ်တော့မယ် ဆိုပြီး စိတ်မပူပါနဲ့နော်။ လျှပ်စစ်မီးဖို ဒါမှမဟုတ် မီးသွေးမီးဖို ပေါ်မှာ အသားကင်တဲ့အခါ တင်တဲ့ ဇကာလေးကို တင်ပြီး မီးအားလျော့လျော့လေးနဲ့ ကင်ပေးလိုက်ပါ။ ပဲကြော်ထဲကနေ ဆီတွေ စိမ့်ထွက်လာပြီး ပဲကြော်လေးလည်း ကြွပ်ကြွပ်ရွရွမွမွလေးဖြစ်ပြီး စားကောင်းပါလိမ့်မယ်နော်။
မုန့်ဟင်းခါးချက်လို့ပဲဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲချက်လို့ပဲဖြစ်ဖြစ၊ အာပူလျှာပူချက်လို့ပဲဖြစ်ဖြစ် ပဲကြော်လေးနဲ့မှ စားချင်တဲ့ မောင်နှမများအားလုံး ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

Sunday, July 20, 2008

ဆားဘဲဥလုပ်ကြရအောင့့် 

2 comments

အားလုံးမင်္ဂလာပါရှင့့်  ဒီတစ်ခါ လုလုမောင်နှမတွေကို ဘဲဥအငန်ပြုလုပ်နည်းလေး ပြောပြပါရစေဦးနော်။ ကျွန်မတို့ မော်လမြိုင်မှာ ညဘက်ဆိုရင် ဘဲဥဆားနယ်ပြုတ်ဆိုပြီး အော်ကာ လှည့်ရောင်းတတ်တဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်။ ညတိုင်း မုန့်ဖက်ထုပ်ပူပူနွေးနွေးဆိုပြီး အော်ရောင်းတတ်တဲ့ဈေးသည်ရယ်၊ ဘဲဥဆားနယ်ပြုတ်အသည်ရယ် ရှိတယ်။ ကျွန်မ ခပ်ငယ်ငယ်က ဘဲဥဆားနယ်ကို ဘယ်လိုလုပ်ရတယ်ဆိုတာကို မသိပေမယ့် ဘဲဥဆားနယ်ရဲ့အထဲက အနှစ်လေးကို အရမ်းကြိုက်တာ့ အခုထက်ထိ ကြိုက်တယ့့်  ဘဲဥဆားနယ်ရဲ့ အထဲက အနှစ်လေးက လိပ်ဥပြုတ်လေးလိုလို၊ ဂျယ်လီလုံးလေးလိုလိုနဲ့ အရမ်းကို စားကောင်းပါတယ်။ အဲ့ဒါနဲ့ အခု အဲ့ဒီဘဲဥဆားနယ် ဘယ်လို လုပ်ရတယ်ဆိုတာလေးကို မျှဝေပါရစေနော်။
ဘဲဥဆားနယ် (ကြက်ဥ၊ ငုံးဥလည်းရပါတယ်) လုပ်ဖို့အတွက် အဓိက လိုအပ်တာက ဘဲဥ၊ ဆား၊ ရွှံ့စေး၊ ရေ နဲ့ မြေအိုးသို့မဟုတ် အ၀ကျယ်ပုလင်းသန့်သန့်တို့ပါနော်။

ဘဲဥလတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထားပါ။ ပထမတစ်နည်းကတော့ မီးဖိုပေါ်မှာ ရေနွေးအိုးတည်ပြီး ရေနွေးဆူလာအောင် စောင့်ပါ။ ရေနွေးပွက်ပွက်ဆူလာတာနဲ့ ဆားခပ်များများထည့်ပြီး ကျိုပါ။ ဆားအားလုံး အရည်ပျော်သွားပြီဆိုရင် နောက်ထပ် ဆားထပ်ထည့်ပြီး ကျိုပါ။ နောက်ဆုံး ထပ်ထည့်တဲ့ဆား လုံးဝကို မပျော်ဝင် နိုင်တော့တဲ့အထိ ကျိုပါ။ ပြီးရင် ဆားကျိုရည်ကို အအေးခံထားပါ။ အဲ့ဒီအချိန်မှာ ဆားတချို့ဟာ ခြောက်ပြီး အပွင့်လေးတွေ တက်လာတာကို တွေ့ရပါမယ်နော်။ ဆားပျော်ရည်အေးသွားပြီဆိုရင် ပုလင်း ဒါမှမဟုတ် မြေအိုးထဲကို ဘဲဥတွေ ထည့်ပါ။ ပြီးတော့ အပေါ်ကနေ ဆားပျော်ရည်တွေ လောင်းထည့်ပေးပြီး အဖုံးကို ပိတ်ပေးပြီး အေးပြီး အလင်းရောင်တိုက်ရိုက်မရတဲ့နေရာမှာ အနည်းဆုံးနှစ်ပတ်ကနေ တစ်လထိ သိမ်းပေးပါနော်။ ဆားရည်ထဲ စိမ်တဲ့အချိန်ကြာလေလေ ဘဲဥထဲကို ဆားငံဓာတ်များများဝင်လေလေပါပဲ။ ဆားရည်ကျိုတဲ့ အခါမှာလည်း ဆားများများထည့်ဖို့မမေ့နဲ့ဦးနော်။ တစ်လကြာပြီဆိုမှ ဆားရည်အိုးထဲကနေ ဘဲဥတွေကို ဆယ်ယူ၊ ရေဆေး၊ ခြောက်အောင်အ၀တ်နဲ့သုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တာ ထည့်သိမ်း၊ စားမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်ပါပြီ။
ဒုတိယနည်းကတော့ ရွှံ့စေးတွေကို ဆားတွေနဲ့ နယ်ပြီး ဘဲဥကို မံပေးရတာပါ။ ရွှံ့စေးတွေနဲ့ နယ်ပြီး ဘဲဥရဲ့ အပေါ်ကနေ ဆားတွေ ပက်ပေးပြီး ဘဲဥတွေကို သစ်သားသေတ္တာအကျဲထဲထည့်ပြီး အလင်းရောင် တိုက်ရိုက်မရဘဲ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ နှစ်ပတ်ကနေ တစ်လအထိ သိမ်းပေးပါနော်။ တစ်လကြာရင်တော့ အပေါ်က မံထားတဲ့ ရွှံ့တွေကို ခွာထုတ်၊ ရေဆေးပြီးမှ ချက်စားဖို့အသင့်ဖြစ်တဲ့ ဆားဘဲဥရပါပြီနော်။
ဆားဘဲဥကို ပြုတ်ပြီးတော့ ထမင်းပူပူလေးနဲ့ ဆီလေးဆမ်းပြီး နယ်စားတတ်ကြသလို တချို့ကလည်း ဆန်ပြုတ်နဲ့ စားတတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကြော်တဲ့အခါမှာလည်း ဆားဘဲဥကို ဖောက်ပြီး ထည့်ကြော် တတ်ပါတယ်။ ၀က်သားပေါင်းပြီးရင်လည်း ဘဲဥအငန်လေးထည့်ပြီး စားတတ်သေးတယ်နော်။ အမျိုးသမီးများနဲ့ ပိုပြီးသင့်တော်တယ်လို့ အဖွားကပြောပါတယ်။ အဲ့ သွေးတိုးရှိတဲ့လူတော့ သိပ်မစားနဲ့နော်။ ကျွန်မကတော့ ဘဲဥအလယ်က ဂျယ်လီလေးလို ဖြစ်နေတဲ့ အနှစ်ကို ပိုကြိုက်တယ့့် 

Saturday, July 19, 2008

ဒိန်ချဉ်ပြုလုပ်နည်း

8 comments
ကျွန်မမောင်နှမများကို ဒီတစ်ခါမှာတော့ ဒိန်ချဉ်လုပ်နည်းလေး လက်ဆင့်ကမ်းပါရစေ။ (ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ထဲမှ အမတစ်ယောက် အိန္ဒိယနိုင်ငံမှာ ပညာတော်သင်သွားရင်း ရလာခဲ့တဲ့နည်းလေးကို ကျွန်မ တဆင့် ပွားပေးလိုက်တာပါ)။
ဒိန်ချဉ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့ရယ်၊ သံပုရာရည် (သို့မဟုတ်) ဒိန်ချဉ် လက်ဘက်ရည်ဇွန်းတစ်ဇွန်းတို့ပါနော်။ နောက်ပြီး ဒိန်ချဉ်နဲ့တွဲဖက်သောက်သုံးမယ့် ထန်းလျက်ရည် (သို့မဟုတ်) သကြား၊ ပျားရည် စတာတို့ပေါ့နော်။
ဒိန်ချဉ်လုပ်တဲ့နေရာမှာ အဓိကအရေးကြီးတာကတော့ ဒိန်ချဉ်တည်မယ့် အိုး၊ ဒါမှမဟုတ် အ၀ကျယ်ပုလင်း၊ ဖန်ပန်းကန်စတာတွေကို သန့်စင်အောင် ရေနွေးနဲ့ပြုတ်ပြီး ဆေးရပါတယ်။ အသုံးပြုမယ့် ပစ္စည်းကိရိယာအားလုံးကို တတ်နိုင်ရင် ရေနွေးနဲ့ပြုတ်ဆေးပြီးမှ သုံးပါ။ တခြားဟင်းနံ့တွေနဲ့လည်း မရောစေအောင် သတိထားပြီးမှ လုပ်ပါနော်။
နွားနို့အပြင် တခြားသော နို့ (ဆိတ်နို့၊ ကျွဲနို့) စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အဆီထုတ်ထားတဲ့နို့ဆိုရင်တော့ ကျန်းမာရေးအတွက် ပိုပြီးသင့်လျော်ပါတယ်။ နွားနို့ (၁) လီတာကို မီးအားပြင်းပြင်းနဲ့ ပွက်ပွက်ဆူအောင်ကျိုပါ။ ပြီးရင် နောက်ထပ်နွားနို့အစိမ်းကို ထပ်ထည့်ပြီး ပွက်ပွက်ဆူအောင် ထပ်ကျိုပေးပါ။ အဲ့ဒီလိုကျိုပေးရင်းနဲ့ မလိုင်ထူထူနဲ့ နွားနို့ဆူဆူလေး ရပါပြီ။ နွားနို့ဆူပြီဆိုတာနဲ့ ဒိန်ချဉ်လုပ်မယ့် မြေအိုး ဒါမှမဟုတ် ခွက်လေးတွေထဲကို နွားနို့ပူပူလေးတွေလောင်းထည့်ပေးပါ။ ထည့်ပြီးသား နွားနို့တွေကို ၂ မိနစ်လောက် ခဏမွှေပေးပြီး အအေးခံထားပေးပါ။ နို့ထည့်ထားတဲ့ ဗူးလေးကို လက်ဝါးလေးကပ်ပြီး အသာစမ်းကြည့်ပါ။ ခပ်နွေးနွေးလေးဖြစ်ပြီဆိုရင် အဲ့ဒီနို့ထဲကို သံပုရာရည်တစ်စက် (ရေစက်ကလေးတစ်စက်) စာလောက်ထည့်ပေးပါ။ ဒါမှမဟုတ်ရင်လည်း အရင်ရက်က လုပ်ထားတဲ့ ဒိန်ချဉ် လက်ဘက်ရည်ဇွန်းတစ်ဇွန်းစာ ထည့်ပေးပြီး အဲ့ဒီအိုး/ပုလင်း/ဗူးကို မလှုပ်မယှက်စေဘဲ (၆) နာရီကြာအောင် အခန်းအပူအချိန်အတိုင်း ထားပေးပါ။ (၆) နာရီနောက်ပိုင်းကျရင်တော့ အဲ့ဒီနို့လေးတွေဟာ ခဲပြီး အပေါ်မှာ အရည်ကြည်လေးတွေ နည်းနည်း တက်နေတာကို တွေ့ရပါမယ်။ အဲ့ဒီအရည်တွေကို တချို့ကလည်း ခပ်ထုပ်ပစ်ကြသလို တချို့ကလည်း ဒီအတိုင်းထားပါတယ်။ ရလာတဲ့ ဒိန်ချဉ်ဗူး/အိုး/ပုလင်းကိုမှ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းဆိုရင် အနည်းဆုံး ၃ ရက်ကနေ ၅ ရက် တစ်ပတ်ထိ အထားခံပါတယ်။
ဒိန်ချဉ်နဲ့ တွဲဖက်သောက်သုံးဖို့အတွက် ထန်းလျက်ရည်ကျိုမယ်ဆိုရင်လည်း ထန်းလျက် ၅၀ သားကို ရေတစ်လီတာနဲ့ရောကျိုပြီး အမှိုက်၊ သဲမပါအောင် သေချာစစ်ပြီးမှ ခပ်ပျစ်ပျစ်ရအောင် ကျိုပေးပြီး အအေးခံထားပါနော်။ သကြားနဲ့ဆိုရင်တော့ ဒီအတိုင်းရောပြီး ခပ်စားလိုက်ရုံပါပဲ။ တချို့ကလည်း ပျားရည်နဲ့ တွဲဖက်ပြီး စားသုံးကြပါတယ်နော်။ တချို့ကလည်း ဒိန်ချဉ်ကို ရာသီပေါ်အသီးအနှံတွေထည့်ပြီး စားသုံးတတ်ကြ ပါသေးတယ်။
ကျွန်မအကြိုက်ကတော့ ဒိန်ချဉ်ထဲကို ထန်းလျက်ရည်ချိုချိုပျစ်ပျစ်လေးထည့်ပြီး မွှေစားလိုက်တာပဲ။ ကလေးတွေကတော့ ရေခဲတုံးလေးတွေထည့်ပေးရင် ပိုကြိုက်ကြတယ်။ အမေကတော့ ပျားရည်လေးနဲ့ ပိုကြိုက်တယ်တဲ့။ ကျွန်မရဲ့ မောင်နှမတွေကရော ဘယ်လိုမျိုးများ ကြိုက်ကြလဲဟင့့် 