
မုန်ညင်းချဉ် (ရှမ်းချဉ်)ကို ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ မြီးရှည် တို့နဲ့ တွဲဘက်သုံးဆောင်ကြသလို အသားများနဲ့လည်း ချက်စားတတ်ကြပါတယ်။
မုန်ညင်းချဉ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့  မုန်ညင်းစိမ်း နှစ်ပိသာ၊ မုန်လာဥနီ ၁၅ ကျပ်သား၊ ဂျူးမြစ် ၁၅ ကျပ်သား၊ ပဲပိုးတီ ၂၅ ကျပ်သား၊ ချင်း ၅ ကျပ်သား၊ မုန်ညင်းစေ့ ၁ ကျပ်သား၊ ငရုတ်သီး အရောင်မှုန့် ၅ ကျပ်သား၊ နံနံစေ့ ၁ ကျပ်သား၊ ဆား၊ ကြံသကာ ၅ ကျပ်သား၊ ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်းတို့ပါနော်။
မုန်ညင်းစိမ်းကို ရေများများနဲ့ စင်ကြယ်အောင် ရေဆေးပြီး ပထမ နှစ်ရေလောက်ကို သွန်ပစ်ပါ။ တတိယတစ်ကြိမ်ကျရင်တော့ ရေပုံးကြီးကြီးထဲမှာ ရေထည့်၊ ဆားကို ထည့်ပြီး ဆားရည်ဖြင့် အနည်းဆုံး တစ်နာရီလောက် စိမ်ထားပေးပါ။ ပြီးရင် မုန်ညင်းစိမ်းတွေကို ရေထဲကနေ ဆယ်ယူ၊ ရေစစ်ပြီး တစ်နေလှန်းပေးပါ။ တစ်နေလှန်းလိုက်တဲ့အခါ မုန်ညင်းတွေ နွမ်းသွားပြီး အချဉ်တည်ဖို့ အကောင်းဆုံးအနေအထားကို ဖြစ်စေပါတယ်။ မုန်ညင်းစိမ်းကိုတော့ နှစ်လက်မအရွယ်အစား လောက်လေးတွေ ရအောင် ဖြတ်တောက်ပါတယ်။ ပြီးရင် မုန်လာဥနီ၊ ဂျူးမြစ်နဲ့ ပဲပိုးတီတို့ကိုလည်း သန့်စင်အောင် ရေဆေးပြီး ရေစစ်ပေးထားပါ။ ဂျူးမြစ်ကို ရေဆေးပြီးတဲ့အခါ အမြစ်လေးတစ်ချောင်းချင်းစီကို နှုတ်ယူပြီးတော့ တစ်လက်ခွဲအရှည်ရအောင် ဖြတ်တောက်ပေးထားပါ။ မုန်လာဥနီကိုလည်း ပန်းပွင့်လေးတွေ ဖော်နိုင်သလို အရှည်လိုက်ပဲဖြစ်ဖြစ်၊ အတုံးလေးတွေပဲ ဖြစ်ဖြစ် ကိုယ်နှစ်သက်သလို တုံးပေးထားပါ။ ပဲပိုးတီကိုတော့ အလုံးလိုက်လေးတွေ ထည့်လိုက် လို့ ရတာမို့ ဒီအတိုင်းပဲ ရေစစ်ထားလိုက်ပါနော်။ (ကြက်သွန်ဥလေးတွေပါထည့်ချင်ရင်တော့ ကြက်သွန်မြိတ်ဥလေးတွေကို သန့်စင်အောင်ရေဆေး၊ ထိပ်ပိုင်းလေးတွေဖြတ်တောက်ထားပြီး ရေစစ်ပေးထားပါနော်။)
ပြီးရင် အမွှေးအကြိုင်တွေအတွက် လိုအပ်တာလေးတွေ ပြင်ဆင်ရအောင်နော်။ ချင်းကို အခွံနွှာရေဆေးပြီး ခပ်လွှာလွှာလေးတွေရအောင် လှီးပေးထားပါ။ နံနံစေ့နဲ့ မုန်ညင်းစေ့တို့ကို ဒယ်အိုးထဲ ထည့်ပြီး မီးနွေးနွေးလေးနဲ့ ဖြည်းဖြည်းချင်းလှော်ပေးပါ။ အဲ့ဒီလိုလှော်လိုက်ရင်းနဲ့ အနံ့တွေသင်းလာတဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်ကနေချပြီး အထဲက အမွှေးအကြိုင်အလှော်တွေကို ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေးထောင်းပေးပါနော်။ ပြီးရင် ပါးပါးလှီးထားတဲ့ ချင်းတ၀က်ကို ထည့်ပြီး ထောင်းလိုက်ပါနော်။ ငရုတ်သီးအရောင်မှုန့်အတွက်ကိုတော့ ငရုတ်သီး အပုပွတောင့်ကို ကိုယ့်ဘာသာကိုယ် ကြိတ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းပါတယ်နော်။ ကြံသကာကိုလည်း ချေပြီးထည့်ပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပလတ်စတစ်ဇလုံခပ်ကြီးကြီးကိုယူ၊ ပြီးရင် ခုနက အသီးအရွက်တွေထည့်၊ အမွှေးအကြိုင်တွေထည့်၊ ကြံသကာ၊ ဆားနဲ့ ဆန်အရက်အနည်းငယ်တို့ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ပြီးတော့မှ ပုလင်းသန့်သန့် ဒါမှမဟုတ် စဥ့်အိုးသန့်သန့်ထဲ ဖိသိပ်ပြီး ထည့်ပေးပါ။ ပြီးရင် အပေါ်ကနေ ပလတ်စတစ်လေးခံပြီးတော့မှ အဖုံးကို လုံအောင်ပိတ်ပေးပါနော်။ အဲ့ဒီလိုသိပ်ထားပြီး ပူတဲ့ရာသီဆို ၃ ရက်မှ ၅ ရက်အတွင်း၊ အေးတဲ့ရာသီဆိုရင် တစ်ပတ်မှ ၁၀ ရက်အတွင်းဆိုရင်တော့ အရသာရှိလှတဲ့ မုန်ညင်းချဉ်လေး ရပါပြီနော်။
(PS: အခု ရှမ်းချဉ်လုပ်နည်းကတော့ ကျွန်မရဲ့ ညီမလေး မိုင်းဆတ်မှာ ပညာရေးဝန်ထမ်းအဖြစ် ၅ နှစ်တာ တာဝန်ထမ်းဆောင်ရင်းနဲ့ တတ်ခဲ့တဲ့ နည်းလေးပါနော်။ အခုမြင်ရတဲ့ပုံကတော့ သူ့လက်ရာပါနော်။)
လည်ပင်းညောင်ရေအိုးဖြစ်အောင် စောင့်နေရတဲ့ ညီမလေးမွန်း ကျေနပ်မယ်လို့ ထင်ပါတယ်နော်။
ဝေး....
ReplyDeleteဝက်သား သုံးထပ်သားကို ပါးပါးလှီး..
ReplyDeleteဝက်မစားက ကြက်သား အရိုးလေးတွေ ပါတာကို အတုံးလေးတွေညီအောင် လှီး..
ပြီးရင် ပဲငံပြာရည်၊ ဆားနည်းနည်း အချိုမှုန့်နည်းနည်းနဲ့ သမအောင်ရောနယ်..
ကြက်သွန်နီကို ခြောက်စိပ်အတုံးလေးတွေ ဖြစ်အောင် လှီး..
ငရုပ်သီးကို စောင်းစောင်းလေးတွေလှီး..
မုံညင်းချဉ် (မလုလုပြောတဲ့ ရှမ်းချဉ်) ကို ခပ်ပါးပါး လှီး..
ဝက်သားကို အရင်ကြော်.. နူးရင် ကြက်သွန်နီ ထည့်ကြော်.. ငရုပ်သီးပါ ထည့်ကြော်.. ဂျင်းကြိုက်ရင် ဂျင်းပါးပါးပါ ထည့်ကြော်.. ဝက်သားကျက်လောက်ရင်.. မုန့်ညင်းချဉ်ထည့်ကြော်..
ဆားမြည်း.. အချိုမှုန့်ကြိုက်ရင်ထည့်.. နည်းနည်းချဉ်တယ်ထင်ရင် သကြားထည့်..
မွေးလာပြီဆိုရင်တော့ ရပြီ.. စားပေတော့...
အဲ့ဒါ ဝက်သားမုံညင်းချဉ်ကြော်.. ဟီးးး
အဲလိုမှ မကျေနပ်သေးရင် ကြော်ထားတာကို ရေထည့် ပွက်လာရင် ကော်မှုန့်ဖျော်ထားတာလေး ထည့်.. ဟီးးး ကော်ရည်လေးနဲ့ ချဉ်ချဉ်စပ်စပ် ဝက်မုံညင်းချဉ်ချက်..
ကောင်းမှကောင်း...
မလုလုရေ.. ကျနော်တော့ အဲ့လိုလေး လုပ်စားတယ်.. ပဲဟင်းလေးနဲ့ ဆို ဂွတ်မှဂွတ် ရှလွတ်..!!!
ဗိုက်တောင် ဆာလာပြီ.. ဂွီ..!!
း)
ခင်တဲ့
ကိုရင်နော်
မုန်ညင်းချဉ်လုပ်နည်းအတွက် ကျေးဇူးပါ မမ လုရေ..
ReplyDeleteမလုဆီက ရှမ်းခေါက်ဆွဲ အသုပ်ချက်နည်းရယ် လက်ဆောင်ရထားတဲ့ မုန်ညှင်းချဉ်တွေနဲ့ အခုတလော ဇိမ်ကျနေတယ်.. မုန့်ညင်းချဉ်တော့ စမ်းလုပ်ကြည့်ဦးမယ်.. ကျေးဇူး မလုရေ.. :)
ReplyDeleteမလု နံနံစေ့နဲ့ မုန်ညှင်းစေ့ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ သိလားဟင်.. ဒီမှာရှာကြည့်မလားလို့.. :)
ကိုရင်နော်ရေ့  ကျွန်မလည်း မုန်ညင်းချဉ်ကိုဆို အရမ်းကြိုက်တာ။ ၀က်သားနဲ့ ပြန်ချက်တာဆိုပိုကောင်းသေးတယ်နော်။ ကိုရင်နော်ပေးတဲ့နည်းလေးနဲ့ လုပ်စားဦးမယ်နော်။
ReplyDeleteညီမလေး စုဗူးအိမ်ရေ့ အလည်လာသွားတဲ့အတွက် ကျေးဇူးပါနော်။
နုစံရေ့ 
အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ နံနံစေ့နဲ့ မုန်ညင်းစေ့ကို အင်ဒိုနီးရှားဆိုင်နဲ့ အိန္ဒိယဆိုင်တွေမှာ ၀ယ်လို့ရလောက်ပါတယ်နော်။
နံနံစေ့ကို အင်္ဂလိပ်လို coriander seed လို့ ခေါ်ပြီး မုန်ညင်းစေ့ကိုတော့ mustard seed လို့ ခေါ်ပါတယ်နော်။ ရှာဝယ်ကြည့်ပါနော် ရှိနိုင်ပါတယ်နော်။
ဟွန့်...စားချင်လိုက်တာ...လုလုနှိပ်စက်တယ်..
ReplyDeleteအိမ်မှာတော့ မေမေတို့လာတုန်းက ရှမ်းချဉ်အဖြူ
ထည်တည်ထားပေးတယ်လေ..ကုန်တော့မယ်..
ဒီလို နီနီရဲရဲလေးစားချင်လိုက်တာနော်....း) ဂွီးးးးး
ချစ်တဲ့
ဝါ၀ါ
မမလုရေ..........
ReplyDeleteကျေးဇူးပါ...ဒီနည်းရှာနေတာကြာပြီ..
အခုတော့လုပ်စားလို့ ရပြီပေါ့.........မမလုက,ကချင်လားဟင်?လုလုဆိုတဲ့နာမည်ရယ်၊
မမလုရုပ်လေးရယ်ပေါင်းကြည့်တော့ဟုတ်နေ
မလားလို့ ပါ။မဟုတ်ရင်လဲSORRYပါ :D
ဝါလေးရေ့ 
ReplyDeleteလုလုက ရှမ်းချဉ်အဖြူကို ပိုကြိုက်တယ်။ မြီးရှည်နဲ့ စားရင် သိပ်ကောင်း။
ညီမလေးမြူးရေ့ 
မမလုက ကချင်မဟုတ်ပါဘူးနော်။ တော်တော်များများက မမလုကို ကချင်လို့ ထင်ကြတယ်။ ဆောရီးပြောစရာမလိုပါပဘူးနော်။ အချင်းချင်းတွေပဲကို
မလုလုရေ
ReplyDeleteသွားရည်တွေလဲ ကျနေပြီ။ ဒီမှာဝယ်စားရတာ အရမ်းမကောင်းဘူးရယ်။ လုပ်နည်းပါယူသွားရုံမကဘူး မုန့်ညှင်းချဉ်ယူသွားပြီ။ ရှမ်းခေါက်ဆွဲနဲ့စားလိုက်ရရင်ဖြင့်။
ကျေးဇူးတင်လိုက်တာ.....မုန်ညင်းချဉ် သန့်သန့်လေး လုပ်စားချင်နေတာ ကြာလှပြီ။
ReplyDeleteမမလုလုရေ...မမနည်းနဲ စမ်းလုပ်ကြည့်ကြတယ်လေ။
ReplyDeleteဖြစ်မှဖြစ်ပါ့မလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်လိုက်တာ အဆင်ပြေသွားတော့ ပျော်လိုက်တာမမရယ်။
ကျေးဇူးပါနော်။မမကြောင့် အလွမ်းပြေရုံတင်မကဘူး ပညာလည်းရ ဗိုက်လဲဝ။
စေတနာကောင်းတဲ့မမ ကျန်းမာပျော်ရွှင်ပါစေနော်။
Ma lu lu, can you show me the picture of mont nyin sein to make mont nyin chin. I am not sure which is called mont nyin sein? Thanks
ReplyDeleteဆန်အရက်မရရင် အဲဒါအစား ဘာထည့်လို့ရပါသလဲ..ကျေးဇူးပါ..
ReplyDeleteI live in the US and I need the ingredients in English, please translate them for me, thanks.
ReplyDeleteရှမ်းချဉ်နည်းလေးပေးတာ အရမ်းကျေးဇူးပါ။
ReplyDeleteလုလု အဆင်ပြေရင် ဘဲသွေး(ပဲသွေး)လုပ်နည်းလေး တင်ပေးပါလား။
တချို့တွေကပြောတာ အဲဒါ ပဲနဲ့လုပ်တာ သွေး မပါဘူးကြားလို့..။
ပြည်ပ မှာ ပဲပြားရပေမဲ့ ဘဲသွေးကတော့ မရှိဘူး။
အုန်းနို့ခေါက်ဆွဲချက်စားတိုင်း ဘဲသွေး သတိရတယ်..
ကျေးဇူးပဲဗျို့ ညကမှ ဆန်အရက် တဗူးရထားတာရှိတယ် ကျေးကျေး
ReplyDelete