Thursday, July 29, 2010

ညိုမွှေးဆိမ့်တဲ့ မန်းကြော်

7 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ မောင်နှမတို့ရေ့ ဒီနေ့တော့ မောင်နှမတို့ကို မန္တလေးပဲကြော်လုပ်နည်းလေး မျှဝေပါဦးမယ်နော်။ Facebook မှာ ညီမလေး စုမွန် မေးထားတဲ့ မန်းကြော်လေးပါနော်။

ညီမလေးရေ့  မန်းလေးပဲကြော်လုပ်နည်းကတော့ လွယ်ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်း တွေကတော့ red kidney bean လို့ခေါ်တဲ့ ပဲ တစ်ဗူး (အဲ့ဒါကတော့ စည်သွပ်ဗူးလေး၊ စူပါ မားကက်တွေမှာ အလွယ်တကူ ၀ယ်ယူ လို့ရတယ်နော်)၊ ပြီးတော့ ကောက်ညှင်းမှုန့် လက်ဘက် ရည်ပန်းကန်လုံး ၂ လုံး၊ ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ ဆား၊ မုန့်ဖုတ်ဆိုဒါ၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ပြီးရင်တော့ ပဲတွေကို ဗူးထဲကအတိုင်းအကုန်ယူလိုက်ပြီး အရည်တွေနဲ့ရောပြီး ချေပေးထားပါနော်။ မြန်ချင်ရင်တော့ ကြိတ်စက်ထဲသာ ထည့်ကြိတ်လိုက်လို့ရတယ်နော်။ ပြီးရင် ချင်းရယ်၊ ကြက်သွန်ဖြူတို့ရယ်ကိုလည်း အခွံနွှာရေဆေးပြီး ကြိတ် ပေးထားပါနော်။ ပြီးရင် ဇလုံကြီးတစ်လုံးထဲကို ပဲကြိတ်ထားတာတွေရယ်၊ ကောက်ညှင်းမှုန့်ရယ်၊ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ချင်းရယ်၊ ဆိုဒါရယ်၊ ဆားရယ်၊ ဟင်းခတ်မှုန့်ရယ် အားလုံးကို သမအောင် နယ်ပေးပါနော်။ ရေလေးနည်းနည်းလိုရင် ထပ်ထည့် ပေးပြီး နယ်နိုင်ပါတယ်နော်။

အားလုံးအသင့်ဖြစ်ရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် မုန့်လေးတွေကို ၀ိုင်းလေးတွေလုပ်ပြီးတော့ ကြော်ပေးပါနော်။ မုန့်က ကြော်လိုက်ရင် ညိုရောင်ပြောင်းသွားမှာမို့ မုန့်အကျက်လွန်သွားမှာစိုးပြီး အမြန်ချမိမှာမို့၊ မုန့်အကျက် လွန်သွားမှာတို့ကို သတိ ထားပြီး မီးအသင့်အတင့်နဲ့ကြော်ပေးနော်။

မုန့်ကတော့ ညိုညိုလေးပေမယ့်လေ အရသာကတော့ ဆိမ့်မွှေးလေးမို့စားလို့ကောင်းလှ ပါတယ်။ ထမင်းဖြူလေးနဲ့ပဲ စားစား၊ မုန့်ဟင်းခါးတို့အုန်းနို့ခေါက်ဆွဲတို့ထဲ ပဲ ထည့်စားစား စားလို့ကောင်းလှပါတယ်၊ မန်းလေးပဲကြော်လေးကို ရေနွေး ကြမ်းလေးနဲ့ တွဲဖက်ပြီး သုံးဆောင်မယ်ဆိုရင်လည်း ကောင်းမှကောင်းပဲပေါ့။

အခုအကြော်ကတော့ မလုရဲ့ ညီမလက်ရာ။ လက်ကြီးသလားမမေးနဲ့၊ အကြော်နဲ့ကောက်ပေါက်လိုက်ရင်တောင် မူးသွားနိုင်တယ်။ ဟိ။

Sunday, July 25, 2010

ဝက်ကလီစာသုပ်

3 comments

     ချစ်သော မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို ၀က်ကလီစာသုပ်လေး မျှဝေပေး ပါရစေဦးနော်။ ဒီဟင်းအမယ်ကိုတော့ မမကြီး Guniess ရဲ့ အလှူတုန်းက ရေးပေးခဲ့တာလေးပါနော်။ မောင်နှမတွေလည်း အဆင်ပြေခဲ့ရင် သုပ်စားလို့ရအောင်လို့မျှဝေပေးလိုက်ရတာပါနော်။         
            လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်ကလီစာ အစုံ အသည်း၊ နှလုံး၊ အူချို၊ အချင်း၊ အူပိတ်၊ အူမကြီး၊ နားရွက် စတာတွေကို ၀ယ်ပါ။ နာနတ်ပွင့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ရှောက်သီး/သံပရာသီး/ရှာလကာရည်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ရှောက်ရွက်/တရုတ်နံနပင်/ ကြက်သွန်မြိတ်၊ ကြက်သွန်နီဆီချက်ကြော်တို့ပါနော်။
ကလီစာတွေကို မန်ကျည်းသီးမှည့်ရယ်၊ ဆားရယ်နဲ့ နယ်ဆေးပေးပါနော်။ အူချိုနဲ့ အချင်းကိုလည်း သီးသန့် သေချာဆေးပေးပါ။ အားလုံးကို သေချာ သန့်ရှင်းရေးလုပ်ပြီးတဲ့ အခါကျရင် ကလီစာတွေကို ဆား၊ သကြားတို့နဲ့ နယ်ပေးပါနော်။
ပြီးရင် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့် ဆီပူလာရင် အူမကြီး၊ အူချို၊ အူပိတ်နဲ့ အချင်း တို့ကို ထည့်ပြီး ကြော်ပါ၊ နာနတ်ပွင့် လေးငါးဖဲ့လောက် ထည့်ပါ။ ကလီစာတွေထဲက စိမ့်ထွက်ရည်တွေ ကုန်တဲ့အထိ ကြော်၊ ပြီးရင်တော့ အသည်းနှလုံးနဲ့ နားရွက်တွေကို ထည့်ကြော်ပါနော်။ အရောင်လှအောင်ရယ်၊ အရသာချိုအောင်ရယ်လို့ ပဲငံပြာရည်အပျစ်ကို အသားစိမ်းထွက်ရည်ခမ်းခါနီးကျထည့်ပေးပါနော်။ ရေခမ်းပြီဆိုရင် အသည်းနှလုံးနဲ့ နားရွက် တွေကို ဆယ်ပြီး သီးသန့်ဖယ်ထား၊ ကျန်တဲ့ကလီစာတွေ နူးအောင်လို့ရေလေးထည့်ထည့်ပြီး ထပ်တည်ပေး၊ အဲ့ဒါတွေ နူးတဲ့အခါကျမှ အသည်းနှလုံးနဲ့ နားရွက်တွေ ပြန်ထည့်ပြီး အားလုံးနူးအောင် တည်ပေးပါနော်။ (အသုပ်အတွက်ဖြစ်တဲ့အတွက် နူးအိနေအောင် တည်ရမှာမဟုတ်ဘဲ ၀ါးလို့ကောင်းရုံ နူးအောင်ပဲ တည်ရမှာပါနော်။)
ပြီးတော့မှ ကလီစာတွေကိုအေးအောင် အအေးခံပြီးတော့ အသုပ်သုပ်ဖို့ မထူမပါးလေးလှီးပေးပါနော်။ အသုပ်ထဲထည့်သုပ်မယ့် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်တို့ကိုလည်း မထူမပါးလှီးပေးထားနော်။
အားလုံးအသင့်ဖြစ်တော့မှ ဇလုံတစ်လုံးထဲမှာ လှီးထားတဲ့အသားတွေရယ်၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း စတာတွေထည့်၊ အချဉ်အတွက် ရှောက်ရည်/သံပရာရည်/ ရှာလကာရည် ကြိုက်တာထည့်၊ ငရုတ်သီးအကျက်မှုန့်ရောထည့်၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ဆား အားလုံးထည့်ပြီး သမအောင်ရောနယ်ပေးပါနော်။ အပေါ့အငန်ကတော့ ကိုယ့်စိတ်ကြိုက် ထည့်ပေးပြီး အပေါ်ကနေ တရုတ်နံနံ/ကြက်သွန်မြိတ်/ရှောက်ရွက်ဖြူး၊ ကြက်သွန်နီကြော်လေး ဖြူးပေးလိုက်ပါနော်။ အဲ့ဒါဆို အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ၀က်ကလီစာသုပ်လေး ရပါပြီနော်။
အဲ့ဒါဆိုရင်တော့ စားမြိန်စေမယ့် ၀က်ကလီစာသုပ်လေးရပါပြီနော်။ ထမင်းဖြူနဲ့ပဲ စားစား၊ ဆန်ပြုတ်လေးနဲ့ပဲ တွဲဖက်ပြီး သုံးဆောင်တာပဲဖြစ်ဖြစ် သိပ်ကို အဆင်ပြေစေပါတယ်နော်။

Saturday, July 24, 2010

မုန်လာကင်မ်ချီ

10 comments

          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို မုန်လာကင်မ်ချီလုပ်နည်းလေး မျှဝေပေးပါရစေနော်။
          လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်လာဥ အရွက်ရောဥပါ အပင် ၂၀၊ ကောက်ညှင်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ငရုတ်သီးခြောက်အပုပွတောင့် ၅ တောင့်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ပါနော်။
          မုန်လာဥတွေကို အရွက်သီးသန့်၊ ဥသီးသန့်ဖြစ်အောင် ဓားနဲ့ပိုင်းဖြတ်ပြီး သန့်စင် အောင် ဆေးကြောပေးပါ။ ပြီးရင် မုန်လာရွက်ရော ဥရောကိုပါ ဆားနဲ့ပက်ထားပေးပြီး ၁ နာရီလောက် ထားလိုက်ပါနော်။ ပြီးရင်တော့ မုန်လာရွက်တွေ မုန်လာဥတွေကို ရေနဲ့ ဆေးပေးပါ။ ပြီးတော့မှ မုန်လာရွက်တွေကို ရေစင်အောင် ညှစ်ပစ်၊ မုန်လာဥတွေကိုလည်း အခွံနွှာ၊ ကိုယ်နှစ်သက်တဲ့ပုံစံလှီးပေးထားပါနော်။ ကောက်ညှင်းမှုန့်ကို ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံး ထည့်ပြီး ကျိုပေးပြီး အအေးခံထားပေးပါ။ အဲ့ဒီအချိန်မှာ ချင်းကြက်သွန်ဖြူတို့ကို အခွံနွှာ ရေဆေးပေးထား၊ ငရုတ်သီးစိမ်းကို ရေဆေးပေးထားပါ၊ ငရုတ်သီးအပုပွတောင့်ကိုလည်း အညှာချွေ၊ အစေ့ထုတ်ပြီး ရေနွေးနဲ့ စိမ်ပေးထား၊ ပြီးတော့မှ ငရုတ်သီးအပုပွတောင့်ကို ထောင်းပေးထားပါ။ ပြီးရင် ချင်း၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတို့ကို ကြိတ်ပေးထားပါ။
          အားလုံးအသင့်ဖြစ်တဲ့အခါ ဇလုံတစ်လုံးထဲ မုန်လာဥ၊ မုန်လာရွက်ရယ်၊ ထောင်းထား တဲ့ ငရုတ်သီး အရောင်၊ ကြိတ်ထားတဲ့ ချင်းကြက်သွန်ဖြူငရုတ်သီးစိမ်းတို့ရယ်၊ ကောက်ညှင်းကျိုထားတာရယ်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ အားလုံးကို သမအောင် နယ်ပေးပါနော်။ ပြီးတော့မှ ဖန်ပုလင်း ဒါမှမဟုတ် ပလတ်စတစ်ဗူးသန့်သန့်ထဲ မုန်လာရွက် တွေ တစ်ထပ်၊ မုန်လာဥတွေ တစ်ထပ်စီထည့်ပြီး သိပ်ထားပါတယ်။ ရာသီဥတုပူတာနဲ့ပဲ ၁ ရက်နဲ့ ၁ ညလောက်ဆို စပြီး ချဉ်ပါပြီ။ ၂ ရက်ဆိုရင်တော့ ကောင်းကောင်းချဉ်ပါပြီနော်။
          ငရုတ်သီးစိမ်းလေးနဲ့မို့လေ စားရတာ ခပ်စပ်စပ်လေးနဲ့ မွှေးမွှေးလေး တော်တော်လေး စားလို့ကောင်းပါတယ်။ မုန်လာချဉ်လုပ်ပြီး သုပ်စားမယ်ဆိုရင်တောင် အဆင့်တွေ များနေဦးမယ်၊ ဒီနည်းလေးက ပိုသန့်ပြီး ပိုစားကောင်းတယ်လို့ အမေနဲ့ ညီမတွေက ပြောပါတယ်။ အဲ့ဒါနဲ့ပဲ ဒီနည်းလေးကို မောင်နှမတွေအတွက် လက်ဆင့်ကမ်း လိုက်တာပါနော်။
          မုန်လာရွက်မရှိလဲ မုန်လာဥချည်းသပ်သပ် ဒါမှမဟုတ် မုန်လာပင်ပေါက်တို့ကို ဒီနည်းနဲ့ အချဉ်တည်လို့ ရပါတယ်နော်။ ချဉ်ဖတ်ကြိုက်တဲ့ မောင်နှမတွေအတွက် ခံတွင်း တွေ့စေရပါမယ်နော်။

Thursday, July 22, 2010

ကြက်ဥထမင်းလိပ်

2 comments

          ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများထဲက ကိုအောင် မေးထားတဲ့ ကြက်ဥထမင်းလိပ်လုပ်နည်းလေး မျှဝေပေးပါရစေနော်။

          လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဥ (၅) လုံး၊ ရှမ်းဆန် (rice cooker ဆန်ချင်ခွက် ၂ ဗူး)၊ ဆန်ရှာလကာရည် ထမင်းစားဇွန်း (၃) ဇွန်း၊ သကြား အနည်းငယ်၊ ဆားအနည်းငယ်၊ နှမ်းစေ့ (အဖြူ/+အနက်) အနည်းငယ်၊ ရေညှိ (ဂျပန်ထမင်းလိပ်လိပ်ရင် သုံးတဲ့ရေညှိ ဖတ်ဆိုရင် ရပါတယ်) အနည်းငယ်၊ မုန်လာဥနီအနည်းငယ်၊ ရှီတာကေးမှိုခြောက် (၇) ပွင့်၊ ပုစွန်အနည်းငယ်၊ ဆီ၊ ဂျုံမှုန့်ထမင်းစားဇွန်း (၃) ဇွန်း၊ ပဲငံပြာရည်အကျဲ၊ ဆန်အရက် ထမင်းစားဇွန်း (၂) ဇွန်း (မထည့်ချင်ရင်လည်းရပါတယ်နော) ဂျပန်လို ရှောယုလို့ ခေါ်တဲ့ ချဉ်ငံအရသာရှိတဲ့ အချဉ်ရည်ရယ်၊ ၀ါဆာဘိရယ်တို့ပါနော်။

          ကြက်ဥကို ဂျုံမှုန့်၊ ဆား၊ သကြားတို့နဲ့ နာနာခေါက်ပေးထားပါနော်။ နှမ်းစေ့ ၂ မျိုး သို့မဟုတ် ရတဲ့နှမ်းစေ့ကို လှော်ပေးထားပါ။ ရေညှိကိုတော့ ပိုမွှေးပြီး ပိုအရသာရှိအောင်လို့ non stick ဒယ်အိုးထဲ ဆားလေးနည်းနည်း ထည့်ပြီးတော့ အပူပေးလိုက်ပါနော်။ ပြီးတော့မှ ရေညှိဖတ်တွေကို သေးသေးလေးတွေဖြစ်အောင် ညှပ်ပေးထားပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေဆေး၊ ပါးပါးသေးသေးနုတ်နုတ်လေးတွေဖြစ်အောင် လှီးပေးထားပါ၊ ရှီတာကေးမှို ခြောက် ကိုလည်း ပွနေအောင်ရေနွေးနဲ့စိမ်ပြီးတော့မှ ပါးပါးသေးသေးလေးတွေ ဖြစ်အောင် လှီးပေးထားပါ။ ပုစွန်ကိုလည်း အမြီးဖြုတ်၊ ခေါင်းဖြုတ်၊ အခွံနွှာပြီးတော့ ပုစွန်ကို ဆားလေး အနည်းငယ်လူးပြီးတော့ ဆားနယ်ပေးထားပါ။

          အားလုံးအသင့်ဖြစ်ရင် ဒယ်အိုးထဲကို ရေလက်ဘက်ရည် ပန်းကန်လုံး ၃ လုံးလောက်ထည့်၊ ပြီးတော့ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ ဆန်အရက်တို့ကို ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးတဲ့အခါ မှိုခြောက်၊ မုန်လာဥနီတို့ကို အရင်ထည့်ပြုတ်ပါ။ နောက်ဆုံးကျရင် ပုစွန်ကိုထည့်ပြုတ်ပါ။ ပုစွန်လည်း အပူရှိန်ရလို့ ကျက်ပြီဆိုတာနဲ့ ဇကာလေးနဲ့ စစ်ပြီး အဖတ်တွေကို ဆယ်ယူ၊ ကျန်တဲ့အရည်ကို ရေနဲ့ရောပြီး ထမင်းချက်တဲ့ အထဲ ထည့်ပြီး ချက်ပါ။ ထမင်းကို နည်းနည်းမာမာလေး ချက်ပေးထားပါ။ ထမင်းကျက်တဲ့အခါ ကျရင် ထမင်းထဲကို ရှာလကာရည်ရယ်၊ သကြားလေးရယ် ထည့်ပြီး နယ်ပါ။ ပြီးရင် ခုနက ပြုတ်ထားတဲ့ ပုစွန်မုန်လာဥနီနဲ့မှိုဖတ်တွေရယ်၊ ရေညှိဖတ်လေးတွေရယ် အားလုံးထည့်ပြီး သမအောင် နယ်ပါ။

ထမင်းတည်ထားတဲ့အချိန်မှာ ကြက်ဥကြော်ဖို့အတွက် ဒယ်အိုး (လေးထောင့်ပုံ ဒယ်အိုး) ကြက်ဥလိပ်လုပ်ရင် သုံးတဲ့ဒယ်အိုးကို သုံးပါမယ်၊ အဲ့ဒီဒယ်အိုးမရှိလည်း အကြောင်းမဟုတ်ပါဘူး၊ non stick ဒယ်အိုးအ၀ိုင်းကိုပဲ သုံးမယ်၊ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် ဆီလေးနည်းနည်းထည့်၊  မီးအားကို အသင့်အတင့်ပဲ ထားပြီးတော့ ခေါက်ထားတဲ့ ကြက်ဥတွေကို ဇွန်းလေးနဲ့ သေချာဖြန့်ပြီး ထည့်ပေးပါ။ ကြက်ဥက မတူးရပါဘူး၊ ထမင်းနဲ့ လိပ်မှာဆိုတော့ လိပ်လို့ကောင်းမယ့်အခြေအနေ မထူမပါးလေးဖြစ် အောင် ကြော်ပေးပါနော်။ ကြက်ဥကို ကြော်တယ်လို့ သဘောမထားဘဲ သတိထားပြီး ဟိုဘက် ဒီဘက် အကျက်ညီအောင် လုပ်ပေးပြီး အသာလေး ဆယ်ယူထားပါ။ ကြက်ဥ အချပ်လေးတွေ ရနေပါမယ်နော်။ လေးထောင့်ပုံလေးတွေဖြစ်အောင်လို့ ကြက်ဥအချပ်လေး တွေကိုလည်း ဘေးသားလေးတွေဖြတ်ပေးထားပါနော်။ ပိုတဲ့ ကြက်ဥ ဘေးသားတွေကိုလည်း  ထမင်းနဲ့ အဆာပလာတွေ ထည့်နယ်တဲ့အထဲ ထည့်နယ်လိုက်လို့ ရပါတယ်နော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင် ကြက်ဥထမင်းလိပ်လုပ်ဖို့ အောက်ဆုံးမှာ ယင်းလိပ်လေး ခင်းပါမယ်။ ယင်းလိပ်ရဲ့ အပေါ်ကနေ wrapping လုပ်တဲ့ ပလတ်စတစ်စလေး ထပ်ခင်းပါမယ်။ ပြီးရင် ကြက်ဥအချပ်လေးတစ်ချပ်ယူ၊ ပြီးရင် နယ်ထားတဲ့ ထမင်းလေးတွေကို ဇွန်းနဲ့ယူပြီး ကြက်ဥချပ်ရဲ့ အတွင်းဘက်နား လက်မ၀က်လောက် နေရာချန်ပြီး ထည့်ပေးပါ။ ပြီးတော့မှ ယင်းလိပ်လေးကို အသာလေး ယူပြီး လိပ်သွားရုံပါပဲနော်။ ရေညှိထမင်းလိပ် လုပ်သလိုပါပဲ နော်။

ကြက်ဥထမင်းလိပ်လေးတွေ ပြီးရင်တော့ ဓားလေးနဲ့ အသာအယာ ညီညီညာညာ လှီးပြီး သုံးဆောင်ရုံပါပဲနော်။ ရှောယုနဲ့ ၀ါဆာဘိနဲ့ ထည့်စားတတ်ရင် စားနိုင်သလို ကင်မ်ချီနဲ့ လည်း တွဲဘက်သုံးဆောင်နိုင်ပါတယ်နော်။ ကလေးတွေဆိုရင်တော့ ဒီအတိုင်းအရသာကိုပဲ ကြိုက်တတ်ကြပါတယ်။

အခုလောလောဆယ်တော့ ဓာတ်ပုံမရှိသေးလို့ စာနဲ့အရင် ရေးပို့လိုက်ပါတယ်နော်။ ဒီလောက်ဆို ကိုအောင့် ညီလေးကို ကြက်ဥထမင်းလိပ် လုပ်ကျွေးချင်ရင် အဆင်ပြေ လောက်မယ်လို့ ထင်ပါတယ်နော်။ ကျန်တဲ့ မောင်နှမတွေလည်း ပိတ်ရက်မှာ တစ်ခါတလေ အပျင်းပြေလေး ကြက်ဥထမင်းလိပ်လေး လုပ်စားကြည့်ကြပါဦးနော်။

ပုစွန်အပြင် ကြက်သား၊ ငါး၊ ကဏန်းအသား စသဖြင့် ထည့်လို့ရပါတယ်။ မုန်လာဥနဲ့ မှိုအပြင် အခြားအသီး အရွက်များဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ သခွားသီး စသဖြင့်လည်း နှစ်သက်သလို ထည့်ပြီး လုပ်စားနိုင်ပါတယ်နော်။

Wednesday, July 21, 2010

ငရုတ်ကောင်းမုန့်ဟင်းခါးပူပူမွှေးမွှေးလေး

6 comments
 
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ညီမလေး လေဒီပပ မက်ဆေ့ခ်ျပို့ပြီးမေးထားတဲ့ချက်နည်းလေးကို မောင်နှမအားလုံး သိရှိရအောင်လို့ မျှဝေလိုက်ရပါတယ်ရှင်။

လိုအပ်တာတွေကတော့ ငါးရွှေ ဒါမှမဟုတ် ငါးခူ၊ (ဒါမှမဟုတ်ရင်လည်း seabass)၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငံပြာရည်၊ ငါးပိစိမ်းစားအနည်းငယ်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းစေ့၊ ငရုတ်သီးအကျက်မှုန့်၊ ဆားနဲ့ ဆီအနည်းငယ်တို့ပါနော်။

ငါးကို သေချာဆေးကြောပြီး ခေါင်းဖြတ်၊ ဗိုက်ခွဲပြီးကလီစာတွေထုတ်ပစ်၊ အရိအရွဲတွေ စင်အောင် ဆေးပစ်၊ ပြီးတော့မှ ငါးကို ဆား၊ နနွင်း၊ ငါးပိစိမ်းစားအနည်းငယ်တို့နဲ့ နယ်ထားပေးပါ။ စပါးလင် အနည်းဆုံး သုံးပင်လောက်ကို အရွက်တွေကို ရေဆေး၊ သေချာဖြတ်ပစ် ပြီးတော့မှ တစ်ပတ်လျှို ထုံးပေးပါ။ စပါးလင်အရင်းပိုင်းကိုလည်း ရေစင်အောင် ရွက်ကျိုရွက်ကြား သေချာဆေးကြောပြီး ဓားနောင့်နဲ့ ခပ်နာနာလေး ထုပေးလိုက်ပါ။ ပြီးတော့မှ ငါးပြုတ်တဲ့အခါ ရောပြုတ်ဖို့ အသင့်ပြင်ပေးထားပါ။ ငါးပြုတ်ဖို့အသင့်ဖြစ်ပြီ ဆိုရင်တော့ မီးဖို ပေါ်မှာ မီးအားပုံမှန်နဲ့ပဲ ငါးပြုတ်အိုးတည်ပေးပါ။ ငါးပြုတ်အိုးထဲကို နယ်ထားတဲ့ငါး၊ စပါးလင်၊ ငံပြာရည်အနည်းငယ်နဲ့ ရေကို အနည်းဆုံး ငါးမြုပ်တဲ့အထိ ထည့်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ကို တစ်ဘက်က ကျက်ပြီဆိုရင် ဟိုဘက်လှန်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ရပြီဆိုရင်တော့ ငါးပြုတ်ရည်ထဲကနေ ငါးကိုဆယ်ယူပြီး အအေးခံထားပါ။
ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံသင်ရမှာသင်၊ ရေဆေးရမှာကို ဆေးပြီးရင် စပါးလင်ကို ပါးပါးလှီး၊ ချင်းကိုလည်း အခွံသင်ပြီး မထူမပါးလှီးပေးထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း အခွံသင်ပြီး ဆီချက်ကြော်ဖို့အတွက် ပါးပါးလှီး သင့်တာလှီး၊ ဟင်းအိုးထဲထည့်ဖို့အတွက် ချင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူနီကို အတူရော ထောင်းဖို့လည်း ဖယ်သင့်တာဖယ်ပြီးတော့မှ ကြက်သွန်နီဥ ခပ်သေးသေးလေးတွေကို မုန့်ဟင်းရည်ထဲ ထည့်ခပ်ဖို့ အခွံနွှာရေဆေးပြီး သီးသန့်ဖယ်ထားပေးပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းစေ့ ကို ထောင်းပေးထားပါနော်။ မုန့်ဟင်းခါးအိုးထဲထည့်ချက်မယ့် အဆာပလာ တွေ ပြင်ထားပြီးရင်တော့ ငါးအရိုးနွှင်ပါနော်။ အသားတွေကို သီးသန့်ဖယ်ထားပြီး ငါးအရိုး တွေကို ငရုတ်ဆုံလေးထဲအသာထည့်ထောင်းပြီး အရိုးတွေကို ရေဇလုံလေးထဲထည့်ပြီး ရေငင်ယူပါနော်။

အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတည် ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးထည့်၊ ပြီးတော့ ပါးပါးလှီးထားတဲ့ကြက်သွန်ဖြူ တွေထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီချက်ကြော်ပါ။ ဆီချက်ကြော်နေစဉ်မှာ မွှေရင်းနဲ့ ကြက်သွန်အရောင်လေးရဲလာပြီဆိုရင် မီးပိတ်၊ ဆီချက်အိုး မီးဖိုပေါ်ကချပြီး ဆီအပူရှိန်နဲ့ ဆီချက်ကျက် အောင်ထားလိုက်ပါနော်။ ပြီးတော့မှ ပန်းကန်လုံး လေးထဲ ဆီချက်တွေကို ပြောင်း ထည့်ပေးပါ။ ပြီးရင် ဒယ်အိုးထဲကို ဆီလေးနည်းနည်း ထပ်ဖြည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ထဲက သုံးပုံနှစ်ပုံကို အရိုးနွှင်ပြီးသား ငါးသုံးပုံနှစ်ပုံဖြင့်ရောကာ ဆီသတ်ပြီး သီးသန့်ဖယ်ပေးပါနော်။

မုန့်ဟင်းရည်အိုးပြင်ရအောင်နော့့်  အိုးထဲမှာ ငါးပြုတ်ရည်ထည့်ပါ။ ပြီးလျှင်ရေထပ်ထည့်ပါ။ ပြီးရင် ဖယ်ထားတဲ့ ငါးနှင့်စပါးလင်ဂျင်း ကြက်သွန်ဖြူနီတို့ကိုထည့်ပြီးတည်ပေးပါ။ ဆား၊ ငံပြာရည်၊ ဟင်းချိုမှုန့်ထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဆီသတ်ထားသော ငါးများကိုထည့် ပါ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်ကောင်းကြက်သွန်ဖြူထောင်း ကို ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဟင်း အပေါ့အငံကို မြည်းကြည့် ပါ။ ကြက်သွန်နီအစိမ်းလေးများကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ အဲ့ဒါဆိုရင်တော့ ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ မုန့်ဟင်း ရည်အိုးရပြီနော်။ (ကြိုက်တတ်ရင်တော့ ဆန်လှော်မှုန့်၊ ရွှေကြည်မှုန့်တို့ ထည့်လို့ရပါတယ်နော်)။

ကျွန်မကတော့ ငရုတ်ကောင်းမုန့်ဟင်းခါးကို မုန့်ဖတ်သုပ်နဲ့ တွဲပြီး ဟင်းရည်များများလေး သောက်ရတာကို ပိုနှစ်သက်မိလို့ပါ။ အားပေးကြပါဦးနော်။ ရာသီဥတုကြောင့် ကွေးချင်သလိုလိုဖြစ်နေတဲ့ ကျွန်မရဲ့ မောင်နှမတွေအတွက် အဆင်ပြေသွားတယ်လေ။ ငရုတ်ကောင်းလေးနဲ့မို့ အခိုးတွေ အကုန်ပွင့်ကုန်ရော။ မောင်နှမတို့လည်း တစ်ခါတလေ အပြောင်းအလဲလေးဖြစ်အောင်လို့ ငရုတ်ကောင်းမုန့်ဟင်းခါးလေး ချက်စားကြည့်ကြပါဦးနော်။

Tuesday, July 20, 2010

မကြီး Guiness ရဲ့ဝါဆိုသင်္ကန်းအလှူမှတ်တမ်းဓာတ်ပုံအချို့နဲ့ ကျေးဇူးတင်စကား

3 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့အမကြီး Guiness ရဲ့ မလေးရှားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲအောင်မြင်ခဲ့တဲ့အလှူမှတ်တမ်း ဓာတ်ပုံတစ်ချို့နဲ့ မကြီးရဲ့ ကျေးဇူးတင်စကားအချို့ကို အမှတ်တရတစ်ခုအနေနဲ့ တင်ပေးလိုက်ပါရစေရှင်။  မောင်နှမများလည်း မကြီးရဲ့ အလှူအတွက် ကြည်နူးပီတိ ဖြစ်နိုင်စေဖို့ ရည်ရွယ်ပါတယ်ရှင်။


သမီးတော်ရေ....

           ကူညီခဲ့တာတွေအားလုံးအတွက် ကျေးဇူးပါနော်။ သမီးရဲ့ကောင်းမှု့ကြောင့် မကြီး အလှုမှာ ဟင်းပွဲတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အစစအဆင်ပြေခဲ့ရတယ်။ အရင်ကဆို အလှု တစ်ခါလုပ်ဘို့  စဉ်းစားလိုက်ရတာ၊ ဘယ်ကစရမှန်းမသိခဲ့ဘဲ ပြုခဲ့တဲ့အလှုတွေမှာ ဓာတ်ပုံတွေ ကြည့်ရင်း ရှက်တောင်ရှက်မိပါရဲ့။

   ဆိုင်မှာ နေ့စဉ်ချက်ပြုတ်နေတဲ့ ဟင်းတွေနဲ့မတူအောင် စီမံထားတော့ အလှု လာတဲ့သူတွေ   မြိန်မြိန်ရှက်ရှက်စားကြရတဲ့အတွက် ပီတိလည်းဖြစ်ရပါတယ် (အဲ့ဒါ အားလုံး သမီးကြောင့်)

         မကြီးပင်ပန်းမှာစိုးလို့ ညအိပ် (တကယ်တော့တမှေးမှမမှေးရဘဲ) လာကူညီကြတဲ့ မောင်ညီမတွေကတော့ မလုလုကို စိတ်နာတယ်တဲ့လေ (မကြီးကလည်း အကုန်ပြန် မပြောဘဲ မနေနိုင်)

အဲ့ဒီညကသမီးတော်တော့အိပ်ကောင်းနေမှာဘဲ၊  မောင်ညီမတွေက မလုလု၊ မလုလုနဲ့ ရွတ်ပီးလုပ်နေကြတာလေ၊ ပြီးတော့မကြီး အင်တာနက်သုံးတတ်သွားတာကိုက မဟာအမှားဆိုပဲ၊ ဒီအမကြောင့်ပဲ သူတို့ကောင်းကောင်းစားလိုက်ရတာတော့ နောက်မှ ပြောကြတယ်။

              အခုတော့ သူငယ်ချင်းတွေအားလုံးကလည်း သူတို့အလှုကျရင် လုလုဆီအကူအညီ လှမ်းတောင်းဘို့ စိုင်းပြင်းနေကြတယ်လေ။

      မိဝေးဘဝေးကလေးတွေ အားပါးတရ စားနေကြတာကြည့်ပြီး ဖြစ်လာတဲ့ ပီတိကလည်း ပင်ပန်းရကျိုးနပ်ပါရဲ့။ သနားစရာလည်းကောင်း၊ ရယ်စရာလည်း ကောင်းတာလေး ပြောပြဦးမယ်။ မလေးရှားမှာရောက်နေတဲ့သူအများစုက သိတဲ့အတိုင်းဘဲ၊  ဗဟုသုတနည်းကြတယ်လေ။ ဘူဖေးလ် သုံးဆောင်ကြပါဆိုတာကို ငုတ်တုတ်လေး တွေ ထိုင်နေကြတာ လှုပ်တောင် မလှုပ်ကြဘူး။ မကြီးကလည်း နောက်လူတွေ ထပ်လာရင် နေရာကြပ်မှာစိုးတော့ အမြန် စားစေချင်၊ သူတို့ကလည်းမထ၊  တော်တော် ခေါင်းရှုပ်စရာ (နောက်မှသိရတာက လာချပေးတာကိုစောင့်နေကြတာတဲ့လေ၊ သူတို့ကလည်း အခုထိ ဘာမှလာမချသေးပါလားပေါ့၊ ဟိုလူတွေကမစောင့်နိုင်လို့ထင်တယ်၊ သွားခပ်စားနေကြတယ်ဆိုပဲ) အတွေ့ အကြုံအသစ်ပေါ့လေ။

             ကဲ.. သမီးရေနောက်များမှ သတိရတာတွေထပ်ပြောပြမယ်နော်။  သမီးနဲ့ အတူ ပါဝင်ပတ်သက် ကူညီခဲ့ကြသူအားလုံးကိုလည်းကျေးဇူးပါလို့နော်။


        ကျွန်မရဲ့မောင်နှမများအနေနဲ့ အလှူဒါနပြုလုပ်လိုတဲ့အခါကျရင် လိုအပ်တာများ ရှိရင်လည်း ပြောပါနော်။ ကျွန်တို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်ဝိုင်းတော်သားများအနေနဲ့ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးဖို့ အသင့်ရှိပါကြောင်း သတင်းစကား ပါးလိုက်ရပါတယ်ရှင်။

Thursday, July 15, 2010

မုန့်စိမ်းပေါင်းမဖြစ်ရင် ကျွန်မအိပ်လို့ ပျော်မှာမဟုတ်ဘူးဆိုတဲ့ မာရီယာ့ 

11 comments

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။
ဒီနေ့တော့ မောင်နှမတွေထဲက မုန့်စိမ်းပေါင်းလုပ်လို့မှ မဖြစ်ရင်
အိပ်လို့မပျော်ပါဘူးဆိုတဲ့ Maria ရဲ့ မုန့်စိမ်းပေါင်းလုပ်နည်း လက်သစ်လေးကို
မောင်နှမတွေအတွက် မျှဝေလိုက်ရပါတယ်ရှင်။ ပြည်ပရောက်နေတဲ့ မောင်နှမများအတွက်
မာရီယာရဲ့ မုန့်စိမ်းပေါင်းလုပ်နည်းလေးနဲ့ အဆင်ပြေစေဖို့ပေါ့။
မလုလုရေ အစကနေပြောပြမယ်နော်။
ပထမတစ်ခါလုပ်တုန်းက ရေတွေနဲ.နယ်လိုက်တယ်။ပြီးတော့
ပေါင်းလိုက်တယ်။ဘယ်လောက်ပေါင်းမလဲ။ မသိတော့ အလုံးလိုက်ကြီးဖြစ်နေတယ်။ဘယ်လိုမှ
စကာချလို.မရဘူး။ မုန်.သားတွေက ထွေနေတာပေါ့နော်။ ကျွန်မသတိထားမိတာက
မုန်.သားတွေကို လက်နဲ.ချေလိုက်တော့ အပြင်ဘက်အသားက လုံးဝချေလို.မရ ဘူး။
အတွင်းသားနည်းနည်းက ချေလို.ရတယ်။ ဒါနဲ.ပဲ ပထမတစ်ခါ မလုလုဆီကို
လှမ်းပြီးအကူအညီတောင်း ခဲ့တယ်။
နောက်တစ်ခါလုပ်တော့ မုန်.သားကိုလုံးဝရေနဲ.မရောတော့ဘူး။
ဆန်မှုန်.ပဲသက်သက်ပေါင်းတယ်။ ပြီးတော့မှ ရေနဲ.နည်းနည်းချင်းရောတယ်။ ပြီးတော့
စကာချတယ်။ တစ်ခါတည်း ဒီဘက်မှာလည်း ရေနည်းနည်းပဲရောပြီ ပေါင်းတယ်။ စကာချတယ်။
ကျွန်မအထင် ဘာကွာလည်းဆိုတော့ ရေနည်းရောပြီးပေါင်းတာက စကာချတဲ့ အချိန်မှ
ရေနဲ.ထိထားတဲ့ မုန်.သားက လုံးနေတယ်။စကာချလို.မရဘူး။
အစေ့လေးတွေဖြစ်နေတာပေါ့နော်။ ဒါကြောင့်လွှင့်ပစ်ရတာများတယ်။
ဆန်မှုန်.ကိုအရင်းပေါင်းပြီးမှ အပြင်ရောက်မှ ရေရောပြီး စကာချတာက
မှူန်.သားလေးတွေက မွှမွှလေးတွေ ဖြစ်နေတယ်။ ဘာမှ မလွှင့်ပစ်ရဘူး။ နို.ဆီဘူး
တစ်လုံးလုပ်ရင် တစ်လုံးပြန်ရတယ်။ ပြီးတော့မှ ထန်းညက် ရည်နဲ.နယ်တယ် ဆားထည့်တယ်။
ပြန်ပေါင်းတာပေါ့နော်။ ပထမတစ်ခါတုန်းက ဆိုရင် မုန်.ကိုလည်း မနယ်ရဲဘူး။
မုန်.သားပျက်သွားမှာစိုးလို.ပါ။ ရေလည်းများသွားတယ် ။ပေါင်းတာလည်းခဏပဲ ဆိုတော့
မုန်.က မှောက်လိုက်တော့ မုန်.သားတွေက ကွာပြီးဆင်းလာတာပေါ့။
ဒုတိယ တစ်ကြိမ်လုပ်တော့ ပေါင်းတာ
နာရီဝက်လောက်ပေါင်းလိုက်တယ်။ မှောက်လိုက်တာနဲ. နို.ဆီခွက်ပုံ
ဖြစ်သွားတာပေါ့။ မုန်.စိမ်းပေါင်း ရန်ကုန်မှာကတည်း ကလုပ်ချင်နေတာ မလုလုက idea
ပေးလိုက်တော့ လုပ်ဖြစ်သွားတာပေါ့။
ကျေးဇူးပါပဲ မလုလုရေ။ မုန်.စိမ်းပေါင်း မဖြစ်ရင် ကျွန်မ
အိပ်လို.ပျော်မှာမဟုတ်ဘူး။အခုတော့ အိပ်ပျော်သွားပြီ။
Thanks a lots.
မေ့နေတယ်။အဖြူရောင်က အုန်းနို.အစဉ်သင့် မရှိလို. သကြားနဲ.ပဲလုပ်လိုက်တယ်။
ဒါကတော့ မာရီယာဆီကနေ ပို့လာတဲ့မေးလ်လေးကို မောင်နှမတွေအတွက်
မျှဝေလိုက်တာပါနော်။ ချစ်သော မောင်နှမတွေလည်း မာရီယာရဲ့ လက်ရာ
မုန့်စိမ်းပေါင်းလေးကို သုံးဆောင်သွားကြပါဦးနော်။
မုန့်စိမ်းပေါင်းလုပ်နည်းလင့်ခ်လေးက http://lulucooking.blogspot.com/2008/01/blog-post_26.html မှာပါနော်။ မာရီယာရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းပြီး စမ်းသပ်ကြည့်ကြပါဦးနော်။

Tuesday, July 13, 2010

ကော်ကြော်ပူပူမွှေးမွှေးလေး

3 comments

          အားလုံးသောမောင်နှမများမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမထဲက တစ်ယောက်ဖြစ်တဲ့ ညီမလေး နှင်းဟေမာက ဖေ့စ်ဘွတ်ခ်မှာ ကော်ကြော်နည်းလေး မေးထားလို့ ကျန်တဲ့မောင်နှမအားလုံးလည်း အဆင်ပြေတဲ့အခါ လုပ်စားကြည့်လို့ရအောင် မျှဝေလိုက်ရပါတယ်ရှင်။

          ကော်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကော်မှုန့် (corn starch)၊ ကြက်အသည်းအမြစ်၊ ပုစွန်၊ ပြည်ကြီးငါး၊ မုန်လာဥနီ၊ နိုကိုဥ၊ ဘဲဥ/ကြက်ဥ၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါ နော်။

          ကော်မှုန့်နဲ့ ရေကို ၁ အချိုး ၂.၅ နဲ့ ဖျော်ထားပါ။ ကော်မှုန့်ဖျော်တဲ့အထဲမှာ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်အနည်းတို့ကို ထည့်ပြီး ဖျော်ထားပေးပါနော်။ ကြက်သည်းနဲ့ အမြစ်ကို သန့်စင်အောင်ရေဆေးပြီးတော့ အသည်းသပ်သပ်၊ အမြစ်သပ်သပ် ပါးပါးလှီး ပြီးတော့ ဆား၊ သကြား၊ ပဲငံပြာရည်အနည်းငယ်တို့နဲ့နယ်ထားပေးပါ။ ပုစွန်လေးတွေလည်း အခွံနွှာပြီးတော့ ၂ ပိုင်းပိုင်းပေးထားပါ၊ ပြည်ကြီးငါးကို သန့်စင်အောင်ဆေး၊ အနံ့မနံရ အောင်လို့ သံပုရည်လေးနဲ့လည်း နယ်ဆေးပြီး မထူမပါး လှီးပေးထားပါနော်။ မုန်လာဥနီနဲ့ နိုကိုဥကို အခွံနွှာပြီး သေးသေးလေးတွေ ဖြစ်အောင် လှီးပေးထားပါ။ ကြက်ဥ/ဘဲဥ ကို သမအောင် ခေါက်ပေးထားပါနော်။ ကြက်သွန်ဖြူနဲ့ ချင်းကို အခွံနွှာ၊ ရေဆေး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ချင်းကို ပါးပါးလှီးပေးထားပါ။ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံကို သန့်စင်အောင် ဆေးပြီး လက်မ၀က်အရွယ်လောက်လေးတွေ ရအောင် လှီးပေးထားပါနော်။

          အားလုံးအသင့်ဖြစ်ရင် ဒယ်အိုးထဲ ဆီများများထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနဲ့ ချင်းကို ထည့်ပြီး ဆီသတ်၊ ဆီသတ်နံ့မွှေးလာပြီဆိုရင် ကြက်မြစ်တွေကို ထည့်ပြီး အရင် ကြော်ပေးပါ။ ကြက်မြစ်ထဲက ထွက်လာတဲ့ စိမ့်ထွက်ရည်နဲ့ အသားနူးအောင်လို့ အဖုံးအုပ်ပြီး တည်ပေးပါ။ စိမ့်ထွက်ရည်ခမ်းပြီဆိုရင်တော့ ကြက်သည်းတွေထပ်ထည့်ပြီး အားလုံးကျက် အောင် တည်ပေးပါနော်။ ပြီးတော့မှ ပုစွန်နဲ့ ပြည်ကြီးငါးလေးထည့်ပြီး မွှေပေး၊ သူတို့က အပူနဲ့ထိတာနဲ့ ကျက်လွယ်တာမို့ သူတို့ကို ထည့်ပြီးတဲ့အခါကျရင် မုန်လာဥနီနဲ့ နိုကိုဥ လှီးထားတာတွေ ထည့်ပြီးကြော်ပေး၊ သူတို့နွမ်းပြီဆိုရင် ကော်ဖျော်ထားတဲ့အရည်ကို လောင်း ထည့်၊ ကော်က အပူထိတာနဲ့ ပျော့သွားတာ၊ ပြီးတာနဲ့ ကြက်ဥခလောက်ထားတာကို ထည့်ပြီး အားလုံးသမအောင်မွှေ၊ ငရုတ်ကောင်းမှုန့်ထည့်၊ အပေါ့အငံအတွက် အရသာကို မြည်း၊ ကြိုက်ပြီဆိုတာနဲ့ ကြက်သွန်မြိတ်လေးနဲ့ တရုတ်နံနံလေးထည့်ပြီး အုပ်လိုက်ရုံပါပဲနော်။ အဲ့ဒါက ကော်ကြော်ထွေးထွေးအိအိလေးပေါနော့်။

          နည်းနည်းလေး ကြွပ်တာလေးမှ ကြိုက်တယ်ဆိုရင်တော့ မီးအားကို လျှော့ပြီးတော့ ဒယ်အိုးလေး ကပ်အောင် ထားလိုက်၊ အဲ့ဒါလေးကျတော့ ဂျိုးလေးကပ်ပြီးတော့ အနံ့လေး လည်း မွှေးပြီး စားလို့ကောင်းတဲ့ ကော်ကြော် ကြွပ်ကြွပ်လေးရပြီပေါ့နော်။

Friday, July 9, 2010

ကင်မ်ချီကဏန်းဟင်းရည်

2 comments

          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေကို ကင်မ်ချီ ကဏန်းဟင်းရည်ချက်နည်းလေး မျှဝေပေးပါရစေဦးရှင်။
          လိုအပ်တဲ့ပစ္စည်းတွေကတော့ ကင်မ်ချီ၊ ကြက်ရိုး/၀က်ရိုးပြုတ်ရည်၊ ၀က်သား/ ကြက်သား/ ပုစွန်/ဂဏန်း/ပြည်ကြီးငါး ကြိုက်ရာထည့်၊ နှမ်းဆီမွှေး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကင်မ်ချီ၊ ပဲပြား၊ မှို၊ ကြက်သွန်မြိတ်/ နံနံပင်၊ ဆား၊ ကိုရီးယား ငရုတ်သီးအနှစ်၊ ပဲငံပြာရည်အကျဲ၊ ကြက်သားမှုန့် စတာတို့ပါနော်။
          ကင်မ်ချီကိုတော့ ကိုယ့်ဘာသာကိုယ် လုပ်ချင်တယ်ဆိုရင် http://lulucooking.blogspot.com/2009/12/blog-post_09.html နဲ့ http://lulucooking.blogspot.com/2007/09/kimchi.html တို့မှာ သွားဖတ်နိုင်ပါတယ်။ ဒါမှမဟုတ် အလွယ်တကူ အပြင်ကနေ ၀ယ်ယူမယ်ဆိုရင်လည်း ရပါတယ်နော်။ ကင်မ်ချီကိုတော့ အရှည်လိုက်ပဲ ဖြစ်ဖြစ်၊ ကန့်လန့်ဖြတ်လေးပဲ ဖြစ်ဖြစ် လှီးပေးထားပါနော်။ ၀က်ရိုး/ ကြက်ရိုးကိုလည်း အချိုရည်ရအောင် အချိန်ကြာကြာ လေးတည်ပြီး ပြုတ်ထားပေးပါနော်။ အသားငါးကတော့ ကိုယ့်စိတ်ကြိုက်ထည့်ချင်တာ ထည့်ပေါ့နော်။ ကြက်သွန်ဖြူနီချင်းတို့ကို အခွံနွှာ ရေဆေး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ကြက်သွန်နီကို ဘလော့ခ်တုံးလေးတွေ တုံးထား၊ ချင်းကို ရှည်ရှည်လေးတွေဖြစ်အောင် ပြင်ပေးထားပါနော်။ ပဲပြားကိုတော့ အတုံးလေးတွေ တုံးပေးထားပါ။ နှစ်သက်ရာမှိုကို ထည့်နိုင်ပါတယ်။ မှိုရှည်လေးတွေကတော့ ပိုအရသာရှိတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ၀ယ်လို့ရတဲ့ မှိုကိုထည့်ပေါ့နော် ကောက်ရိုးမှို ဖြစ်ဖြစ် ငွေနှင်းမှိုဖြစ်ဖြစ် အဆင်ပြေရာ ပေါ့နော်။ ကြက်သွန်မြိတ်/နံနံပင်တို့ကိုလည်း သန့်ရှင်းရေး လုပ်ပေးထားပါနော်။
       အားလုံးအသင့်ဖြစ်တဲ့အခါကျရင် အိုးထဲကို နှမ်းဆီမွှေးထမင်းစားဇွန်းတစ်ဇွန်းထည့်၊ ကြက်သွန်ဖြူနီချင်းစတာတွေထည့်၊ ကြက်သွန်လေးတွေ နွမ်းသွားပြီဆိုရင် ကိုယ် စားချင်တဲ့ အသားကို ထည့်ပြီး ဆီမွှေးလေးသတ်လိုက်၊ ပြီးတော့ကင်မ်ချီတွေထည့်ပြီး အားလုံးသမအောင်မွှေ၊ ပြီးရင်အရိုးပြုတ်ရည်လေးတွေထည့်၊ အိုးအဖုံးပိတ်ပြီး ပွက်ပွက် ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးပွက်ပွက်ဆူလာပြီဆိုရင်တော့ ပဲပြားရယ် မှိုရယ်ကို ထည့်ပါမယ်နော်။ အဲ့ဒါတွေ ထည့်ပြီးရင်လည်း ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင်တော့ အပေါ့အငံကို မြည်းပြီး အငန်အရသာအတွက် ပဲငံပြာရည်အကျဲ၊ အချိုအရသာအတွက် ကြက်သားမှုန့်၊ အရောင်ရဲရဲလေးနဲ့ ခပ်စပ်စပ်လေး ကြိုက်တတ်ရင် ငရုတ်သီးအနှစ် ထပ်ထည့်၊ တကယ်လို့များ အချဉ်အရသာ ထပ်ဖြည့်ချင်တယ်ဆိုရင်တော့ ရှာလကာ ရည်လေး ထပ်ထည့်ပေါ့နော်။ ကိုယ့်စိတ်ကြိုက် အရသာဖြစ်ပြီဆိုရင်တော့ ကြက်သွန် မြိတ်/နံနံပင်လေး အုပ်လိုက်ပေါ့နော်။ အဲ့ဒါဆို အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ကိုရီးယား အလွမ်းပြေ ကင်မ်ချီဟင်းရည်သောက်လေး ရပါပြီနော်။ ဟင်းရည်သောက်ဆမ်း စားရ တာမို့ အစပ်ထည့်တာများသွားရင် သောက်တဲ့အခါ သည်းတတ်ပါတယ်၊ သတိထားပါ dနော်။ ကျွန်မကတော့ ကလေးတွေလည်း စားလို့ရအောင် အစပ်ကို ထပ်မဖြည့်ထား ပါဘူးနော်။
          မောင်နှမတွေလည်း တစ်ခါတလေ ကိုရီးယားကားတွေကြည့်ရင်း ကိုရီးယားအစား အစာလေး စမ်းသပ်ချက်ပြုတ် စားသောက်ကြည့်ကြပါဦးနော်။

Wednesday, July 7, 2010

အမတော် Guiness တို့ ၀ါဆိုသင်္ကန်းကပ်လှူပွဲအတွက် စီစဉ်ထားတဲ့ ဟင်းလျာများ

4 comments

          မလေးရှားနိုင်ငံသို့ ခေတ္တ ရောက်ရှိနေတဲ့ မ Guiness တို့ မိသားစုရဲ့ ၀ါဆို သင်္ကန်းကပ်အလှူဖြစ်ပါတယ်ရှင်။ ဘုန်းတော်ကြီးများအား ၀ါဆိုသင်္ကန်းကပ်လှူ၊ ဆွမ်းကပ်လှူ ပြီး ကုသိုလ်ကောင်းမှု အတူတူယူကြရင်း ခင်မင်ရသော မြန်မာမိတ်ဆွေများအတွက် ၀ါဆိုဦး အလှူဒါန ဘူဖေးလ်အစီအစဉ် ဖြစ်ပါတယ်ရှင်။

အကျွေးအမွေးအတွက် အဓိကဟင်း၊ အသုပ်၊ ဟင်းရည်သောက်၊ အကြော်အလှော်၊ ငါးပိတို့စရာ၊ အချိုပွဲ အပါ အ၀င် အမျိုးပေါင်းအားလုံး (၂၀) ချက်ပြုတ်ကျွေးမွေးဧည့်ခံဖို့ စီစဉ်ထားပါတယ်နော်။

၁။ ၀က်သားသုံးထပ်သားနာနတ်သီးဟင်း (အသစ်ရေးပေးမည်)

၂၊ ၀က်ကလီစာသုပ် (အသစ်ရေးပေးမည်)

၃။ ကြက်သားဗူးသီးကာလသမီးချက်

http://lulucooking.blogspot.com/2009/11/blog-post.html

၎။ ကြက်သားကျောက်ပွင့်သုပ်

http://lulucooking.blogspot.com/2007/08/blog-post_30.html

http://lulucooking.blogspot.com/2010/02/blog-post.html

၅။ ပုစွန်ကြာဆံချက် (အသစ်ရေးပေးမည်)

၆။ ပြည်ကြီးငါးရခိုင်သုပ်

http://lulucooking.blogspot.com/2010/03/blog-post_08.html

၇။ ငါးခူစင်းကော ရဲယိုရွက်အုပ် (အသစ်ရေးပေးမည်)

၈။ ချဉ်ပေါင်ကြော်

http://lulucooking.blogspot.com/2007/09/blog-post_05.html

၉။ ပန်းဂေါ်ဖီကြက်ဥကြော် (အသစ်ရေးပေးမည်)

၁၀။ မှိုကန်ဇွန်းကြော်

http://lulucooking.blogspot.com/2007/08/blog-post_07.html

၁၁။ ဘာလချောင်ကြော်

http://lulucooking.blogspot.com/2010/01/blog-post_25.html

၁၂။ ငါးပိရည်ကျိုဖျော်+တို့စရာအစုံ

http://lulucooking.blogspot.com/2008/02/blog-post_27.html

၁၃။ ပဲနီလေးကြာဆံဟင်းရည်သောက် (အသစ်ရေးပေးမည်)

၁၄။ ဆေးဘဲဥသုပ်

http://lulucooking.blogspot.com/2010/02/blog-post.html

http://lulucooking.blogspot.com/2008/01/blog-post_24.html

၁၅။ အုန်းစိမ်းကျောက်ကျော

http://lulucooking.blogspot.com/2007/11/blog-post.html

၁၆။ ပြောင်းဖူးကျောက်ကျော

http://lulucooking.blogspot.com/2010/01/blog-post.html

၁၇။ မုန့်လက်ဆောင်း+ထန်းလျက်ရည်+ အုန်းသီးခြစ် (အသစ်ရေးပေးမည်)

၁၈။ လက်ဖက်နှပ်+အကြော်စုံ

http://lulucooking.blogspot.com/2008/12/pickled-tea.html

http://lulucooking.blogspot.com/2007/11/blog-post_17.html

၁၉။ သစ်သီးစုံ (အလှူရှင် စိတ်တိုင်းကျ ၀ယ်ယူရန်)

၂၀။ သောက်စရာအစုံ (ရေသန့်+ရေနွေး+ လက်ဘက်ရည်/ကော်ဖီ+အအေး နှစ်သက်ရာ)

          အလှူရှင်များက Kogyi store nilai က ဖြစ်ပါတယ်နော်။ ကေအယ်ကနေ သွားမယ် ဆိုရင်တော့ မိနစ် (၂၀)၊ နာရီဝက်လောက် ကြာမှာဖြစ်ပါတယ်နော်။ မ Guiness တို့အလှူ အတွက် မောင်နှမတွေကလည်း အကြံကောင်းများ ပေးလိုက ပေးနိုင်ပါတယ်နော်။ မလေးရှား မှာရှိတဲ့ မောင်နှမများလည်း အလှူကို ကြွရောက်ပြီး အတူကုသိုလ်ယူရအောင် မကြီးတို့မိသားစုက ဖိတ်ကြားပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

Monday, July 5, 2010

မြန်မာအစားအစာ ဘူဖေးလ်ဧည့်ခံလိုသူ မောင်နှမများအတွက့့် 

6 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ စီဘောက်စ်ထဲမှာ မguiness လာမေးထားတဲ့ "မြန်မာအစားအစာတွေ ဘူဖေးလ်ကျွေးချင်လို့ပါနော် ၁၁. ၇ အမှီပေါ့" ဆိုတော့ အမြန်ဆုံး စဉ်းစားပေးပြီး မျှဝေလိုက်ရပါတယ်ရှင်။

ဘယ်နိုင်ငံမှာနေတာလဲ၊ ဘယ်လူမျိုးနဲ့ လူဦးရေ ဘယ်လောက်ကို ကျွေးချင်တာလဲ ဆိုတာရယ်၊ ချက်ပြုတ်မယ့် လူအင်အား ဘယ်လောက်ရှိလဲဆိုတာတွေရယ်ကို  မသိလိုက်လို့ ၀ိုင်းတော်သား ကိုတုတ်ကြီးနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားစီစဉ်ပေးလိုက်ပါ တယ်နော်။

ဘူဖေးကျွေးတဲ့အခါ အဆင်ပြေရအောင်လို့ Appetizer, Main Course နဲ့ Dessert ဆိုပြီး အဓိက သုံးမျိုး ခွဲပြီး လုပ်ပေးထားပါမယ်နော်။

စစချင်း Appetizer အတွက် အသုပ်လေးတွေနဲ့ စရင်ကောင်းမယ်လို့ ထင်မိပါတယ်နော်။ ဟင်းသီးဟင်းရွက်အသုပ်လေးတွေဖြစ်တဲ့ မြင်းခွာရွက်သုပ်၊ ဂေါ်ဖီသုပ်၊ ကျောက်ပွင့်သုပ်၊ မန်ကျည်းရွက်နုသုပ်၊ ပဲကြာဆံသုပ်၊ ခရမ်းချဉ်သီးသုပ် စသည်ဖြင့်ပေါ့လေ၊ ၀ယ်လို့ရမယ့်ပစ္စည်း ပေါ် မူတည်ပြီး အဆင်ပြေမယ့်အသုပ်ကို အနည်းဆုံး (၃) မျိုးလောက် ထည့်ပေးလို့ရပါတယ်နော်။

ဒါ့အပြင် ဗယာကြော်၊ ကြက်သွန်ကြော်၊ ကော်ပြန့်ကြော်၊ ဆမူဆာကြော် စသဖြင့်ပေါ့လေ၊ အရွယ်လေးတွေကိုတော့ တစ်ခါဝါးစားရင် အနေတော်ရှိမည့် အရွယ်လေး တွေပေါ့၊ ဒါမှမဟုတ်လည်း အာလူးကတ်သလိတ်လိုမျိုးပေါ့နော်။ အဲ့ဒါလေးတွေကို အချဉ်ရည် ကောင်းကောင်းလေးဖျော် ပြီး ဆလတ်ရွက်လေးတွေနဲ့  ထည့်ပေးလို့ရသေးတယ်နော်။
နောက်တစ်ခုကတော့ ခရမ်းချဉ်သီးငါးပိချက်၊ ဂွေးသီးငါးပိချက်၊ ငါးပိစိမ်းစားသုပ် စတာတွေကို သခွားသီး၊ ခရမ်းကြွပ်သီး၊ ဆတ်လတ်ရွက်၊ ရုံးပတီသီးရေနွေးဖျော၊ မျှစ်နုလေး၊ သရက်သီးစိမ်း စတဲ့အသီးအရွက်တွေနဲ့လည်း တည်ခင်းပေးလို့ရပါတယ်နော်။

အထူးအဆန်းလေးဖြစ်သွားအောင် မြန်မာအစားအစာတစ်မျိုးဖြစ်တဲ့ နန်းကြီးသုပ်လို၊ ရွှေတောင်ခေါက်ဆွဲသုပ်လိုမျိုးကို အရသာရှိရှိ သုပ်ထားပြီး တစ်ပွဲလောက် ချထားပေးလို့ ရပါတယ်နော်။

Main Course အတွက်ကတော့ ကြက်သား၊ ၀က်သား၊ ဆိတ်သား၊ ငါး၊ ပုစွန်၊ ပြည်ကြီးငါး စတာတွေကို ချက်ပြီး ထည့်ပေးလို့ရပါတယ်။ ၀က်သားသုံးထပ်သားကို နာနတ်သီးလေးနဲ့ အအီပြေအောင်ချက်၊ ဒါမှမဟုတ် ၀က်သားအသားကို အချိုချက်လေး နူးအိအိလေးချက်၊ ဒါမှမဟုတ် ၀က်ကလီစာလေးတွေကို စတူးလေးလုပ်၊ တစ်ခြားတစ်ခု ကတော့ ၀က်နံရိုးကို နူးအိနေအောင်ချက်ပြီးတော့မှ ကြံမဆိုင်လေးအုပ် ရေကျန်ဆီကျန် လေးချက်၊ အဲ့ မြန်မာဆန်ဆန် လေး ဖြစ်ချင်တယ်ဆိုရင် ၀က်သားပုန်းရည်ကြီးလေးချက် လိုက်ဦးနော်။

ကြက်သားကိုတော့ အာလူးလေးနဲ့ ရိုးရိုးချက်တာမျိုးလည်း ထည့်လို့ရသလို ကြက်သား အုန်းနို့နဲ့ ပင်စိမ်းလေးအုပ်ပြီး ချက်တာလည်း ချက်လို့ရပါတယ်နော်။ ဒါမှ မဟုတ်ရင်လည်း ကြက်သားကို မာဆလာလေးအုပ်ပြီးချက်ပါနော်။
ငါးကိုတော့ ငါးနဲ့ ရှီတာကေးမှိုနဲ့ အချိုချက်လေးပေါ့၊ အဲ့ဒါမျိုးလေး ချက်ကြည့်ပါ ဦးနော်။ ငါးကြီးသားကို အလယ်ရိုးနဲ့ ဘေးဆူးတောင်တွေ မပါအောင် ကိုင်ပြီးတော့မှ အသားတုံးလေးတွေချည်း လှီးယူပါနော်။ ပြီးတော့ ချင်းရည်တွေနဲ့ နယ်ပြီး ဆား၊ သကြားတို့နဲ့အတူရောနယ်ပြီး ၁ နာရီလောက် နှပ်ထားပါနော်။ ပြီးတော့ ကြက်သွန်ဖြူ ဓားပြားရိုက်ရယ် ကြက်သွန်နီ လေးစိပ်ထိုးကို နှမ်းဆီမွှေးလေးနဲ့ ဆီသတ်ပြီး ငါးတွေထည့်ပြီး အသာအယာလေး မွှေပေးပါနော်။ ပြီးရင် ရေစိမ်ထားတဲ့ ရှီတာကေးမှိုလေးတွေကို ထည့်ပြီး တည်ပေးပါနော်။ ရေခမ်းလောက်ရင် ရေကို ငါးနဲ့ မှိုမြုပ်အောင်ထည့်ပြီး ထပ်တည်ပေးပြီးတော့ အရသာ အပေါ့အငံမြည်းပြီး ချလိုက်ပါနော်။ ဟင်းပွဲပြင်တဲ့အခါမှာတော့ ကြက်သွန်မြိတ်လေး ဖြစ်ဖြစ်၊ ပင်စိမ်းရွက်လေးဖြစ်ဖြစ် အုပ်ပြီး ချပေးပါနော်။ တကယ်လို့ ချိုချဉ်အရသာလေး ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီးစိမ်းရယ်၊ ရှာလကာရည်လေးရယ်ထည့်ပေးပါနော်။ အဲ့ဒါဆိုရင် ငါးက ညှီလည်းမညှီဘဲ အရသာလေးတစ်မျိုးနဲ့ စားလို့ကောင်းပါတယ်နော်။ ဒါမှမဟုတ်လည်း ငါးဖယ်ကို ဆီလေးထဲ အပေါ်ယံတင်းရုံ ကြော်ပြီးတော့ အုန်းနို့လေးနဲ့ ချက်တာမျိုးလည်း ကောင်းပါတယ် နော်။ ဒါမှမဟုတ်လည်း ငါးခူရဲယိုရွက်၊ ငါးရံ့အူဟင်း၊ ငါးဥဟင်း၊ ငါးကြော်နှပ် စတာတွေလည်း ထည့်ပေးလို့ရပါတယ်နော်။

ဆိတ်သား၊ အမဲသားတို့ကိုတော့ အတုံးခပ်လတ်လတ်တုံးပြီးတော့ နူးနူးအိအိလေး နှပ်တာမျိုး ချက်လို့ရသလို ငရုတ်သီးအရောင်လှလှလေးနဲ့ချက်၊ ကြက်သွန်နီအကွင်းလိုက် လေးရယ်၊ ခရမ်းချဉ်သီးလေးတွေရယ်၊ ငရုတ်ပွကြီးတွေနဲ့ထည့်၊ ပူစီနံလေးတွေ အုပ်ပြီး ခပတ်လို ချက်ရင်လည်း ကောင်းပါတယ်နော်။

တချို့ကလေ အသားတွေ မစားဘဲ ပင်လယ်စာပဲ စားတတ်တဲ့သူတွေ ပါတတ်တော့ ငါးတို့ ပုစွန်တို့ ပြည်ကြီးငါးတို့ကို ထည့်ပေးရပါမယ်နော်။ ပုစွန်တို့ ပြည်ကြီးငါးတို့ကို ဟင်း အဖြစ်ချက်လိုက်တာထက် အသုပ်လေးတွေ သုပ်ပေးလိုက်ရင် ပိုပြီး အရသာရှိစေပြီး ဟင်းပွဲကို ဖွယ်ဖွယ်ရာရာ ဖြစ်စေပါတယ်နော်။ ပုစွန်အစိမ်းသုပ်တို့၊ ငါးအစိမ်းသုပ်တို့လည်း ထည့်လို့ရပါ တယ်နော်။

အသီးအရွက်အတွက်ကတော့ ချဉ်ပေါင်ကြော်၊ မှိုကန်စွန်းရွက်ကြော်၊ အစိမ်းကြော်၊ အာလူးအချိုချက်၊ ဟင်းနုနယ်ရွက်ကြော်၊ ရွှေဖယုံသီးနှပ်၊ ရုံးပတီသီးနှပ်၊ ခရမ်းသီးနှပ်၊ ပဲသီးတောင့်ကြော်၊ ခ၀ဲသီးကြော်၊ ဗုံလုံသီးနှပ်၊ ကြက်ဟင်းခါးသီးကြော် စသဖြင်ပေါ့နော်။

ပြီးတော့ မြန်မာအစားအစာတွေထဲ မပါမဖြစ် ဘာလချောင်ကြော်၊ ငံပြာရည်ကြော်၊ ငါးနီတူခြောက်ကြော်၊ ငါးခြောက်ထောင်းကြော်စတာလေးတွေလည်း ထည့်ပေးပါဦးနော်။

အရည်သောက်အတွက်ကတော့ သီးစုံပဲကုလားဟင်း၊ ပဲနီလေးကြာဆံဟင်းရည် စတာတွေအပြင် စွန်ထန်ဟင်းရည်၊ ကြံမဆိုင်ဟင်းရည်၊ တုံယမ်းဟင်းရည်၊ ၀က်နံရိုး ကျောက်ဖရုံသီးဟင်းရည်၊ ချဉ်ပေါင်ရွက်ဟင်းရည် စတာတွေကိုလည်း ထည့်ပေးလို့ရပါတယ်နော်။

အချိုပွဲအတွက်ကတော့ ရာသီပေါ် အသီးအနှံတွေ အနည်းဆုံး (၃) မျိုးကနေ (၅) မျိုးထိ ပါမယ်။ ပြီးတော့ မြန်မာဆန်ဆန် ဆိုရင် ကန်စွန်းဥနဲ့သာကူကျိုလေး၊ ကျောက်ကျော လေး၊ ဆနွင်းမကင်းလေး၊ ကောက်ညှင်းကင်၊ မုန့်လင်မယား၊ ဘိန်းမုန့်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း အစရှိတာတွေ ထည့်ပေးလိုက်နိုင်ရင် အဆင်ပြေပါတယ်နော်။

လက်ဘက်ရည်ကောင်းကောင်းလေးနဲ့ ဧည့်ခံချင်ရင် လက်ဘက်ခြောက် အချိုခြောက် နှပ်နည်းလေး မျှဝေလိုက်ပါဦးနော်။ လက်ဘက်ခြောက် အချိုခြောက် မရှိခဲ့ရင် Lipton tea အထုပ် ၂၀ ကို နှပ်တဲ့နည်းလေးပေါ့။ အဲ့ဒါဆိုရင် လက်ဘက်ရည် ခွက် (၂၀) လောက် ထွက်မယ်နော်။ ရေနွေးပွက်ပွက်ဆူအောင် အရင်တည်ထားပါနော်။ ပြီးရင် အ၀တ်နဲ့ ချုပ်ထားတဲ့ ရေစစ်ထဲကို Lipton Tea ထုပ်လေးတွေ ထည့်ပေးပါ၊ ပြီးတော့ ထောပတ် (ဂီး) လက်ဘက်စားဇွန်း ၃ ဇွန်းထည့်ပါ၊ ဆား လက်ဘက်စားဇွန်း (၁) ဇွန်းထည့်ပါ။ ပြီးတော့မှ ရေနွေးအိုးထဲကို ရေစစ်လေးထည့်၊ အဖုံးပိတ်ပြီး (၁၅) မိနစ်၊ မိနစ် (၂၅) လောက် နှပ်ပေးပါ နော်။ ပြီးတော့ ရလာတဲ့ လက်ဘက်ခြောက်နှပ်ရည်နဲ့မှ ကိုယ်လိုချင်တဲ့ အရသာအတိုင်း ရအောင် နွားနို့၊ သကြား၊ နို့ဆီ စတာတွေထည့်ပြီး ဖျော်ပါနော်။ အဲ့ဒါဆိုရင်တော့ မြန်မာအလွမ်းပြေ လက်ဘက်ရည်ကောင်းကောင်းလေး ရနိုင်ပါ တယ်နော်။

ရေသန့်ဖြစ်ဖြစ်၊ ကောက်ညှင်းမွှေးလက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးလေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲ့ဒါလေးတော့ထည့်ပေးပါဦး နော်။ ရေနွေးကြမ်းနဲ့ မြည်းဖို့ကတော့ အမဲခြောက်၊ ဆတ်သားခြောက်ဖုတ်၊ ငါးခြောက်ဖုတ်၊ မြေပဲယို၊ နှမ်းယို၊ အာဒါလွတ်ပြုတ် ဆီဆမ်း၊ ပဲမြစ်ပြုတ်ဆီဆမ်း၊ ထန်းမြစ်ပြုတ်ဆီဆမ်း၊ ပြောင်းဖူးပြုတ်သုပ် စတာတွေပေါ့နော်။

အဲ့  နောက်ဆုံးပိတ်တော့ မေ့မလို့ လက်ဘက်နှပ်လေးလည်း ထည့်ပေးပါဦးနော်။
ဒီလောက်ဆိုရင်တော့ ဘူဖေးလ်ကျွေးမယ်ဆိုရင် အဆင်ပြေလောက်မယ်လို့ ထင်ပါတယ်နော်။ တခြားမောင်နှမတွေလည်း အကြံကောင်းများရှိတယ်ဆိုရင် ထပ်ဖြည့်ပေးဖို့ ဖိတ်ခေါ်ပါရစေရှင်။ မguiness  လည်း နောက်သိချင်တာများ ရှိခဲ့ရင် မေးနိုင်ပါတယ်ရှင်။

ဓာတ်ပုံကို ဂူဂဲလ်ကနေ ရှာထည့်ထားတာပါနော်။