Saturday, January 16, 2010

ပြောင်းဖူးကျောက်ကျော



ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို အချိုပွဲတစ်မျိုးဖြစ်တဲ့ ပြောင်းဖူး ကျောက်ကျောလေး လုပ်ကျွေးပါဦးမယ်နော်။

ပြောင်းဖူးကျောက်ကျောလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အာဂါး ကျောက်ကျောမှုန့် အစိမ်းရောင် အထုပ် (၁) ထုပ်၊ ပြောင်းဖူး (၁၀) ဖူး၊ သကြား (၂၀) ကျပ်သား၊ ဆား ထမင်းစားဇွန်း (၁) ဇွန်း၊ နို့ဆီ (၁) ဗူး၊ ရေသန့် ၂ လီတာတို့ပါနော်။

ပြောင်းဖူးကို နို့စိမ်းနဲ့ ကျိုတဲ့အခါ ပူတင်းလေးလို့ ပျော့ပြောင်းနူးညံ့ပြီး တစ်မျိုး စားလို့ကောင်းသလို အခုတစ်ခါ နို့ဆီနဲ့ ကျိုတဲ့အခါမှာတော့ အနံ့အရသာတစ်မျိုးလေးနဲ့ တော်တော်လေး စားလို့ ကောင်းတယ်လို့ မောင်နှမတွေက ပြောပါတယ်။ အခု တစ်ခေါက် ပြောင်းဖူးကျောက်ကျောလုပ်ခဲ့တာက နေပြည်တော်သွားတုန်း ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် မောင်လေးအိမ်မှာ တည်းရင်း နဲ့ကျွန်မတို့ မောင်နှမတွေ လွတ်လပ်ရေးနေ့မှာ လုပ်စားခဲ့တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်နော်။ ဓာတ်ပုံရိုက်တာတော့ ကျွန်မက မကျွမ်းကျင်လှဘူးနော့်။ အဲ့ဒီတော့ သည်းခံပြီးတော့ ကြည့်ကြပါနော်။ :D

သကြားကို ရေသန့် လီတာဝက်နဲ့ အတူ ရောပြီး သကြားအရည်ပျော်သွားအောင် မီးဖိုပေါ် ခဏတင်ပြီး သကြားရည် ကျိုပေးပါ။ ပြောင်းဖူးကို အခွံခွာ၊ အမွေးတွေကို သန့်စင်ဖယ်ရှား၊ ရေနဲ့ စင်အောင်ဆေးပေးပါ။ ပြီးရင် ပြောင်းဖူးတွေကို Vegetable Slicer နဲ့ ခြစ်ယူပါ။ တကယ်တော့ ခြွေပြီးသား ပြောင်းဖူးကို ၀ယ်ခဲ့တယ်ဆိုရင်တော့ ဘလန်င်ဒါထဲ ထည့်ကြိတ်ပြီး နို့ရည်ရယူပါနော်။ အဲ့ဒါက လူပင်ပန်းသက်သာပြီး နို့ရည်လည်း ပိုရလွယ်ပါတယ်နော်။ ခြစ်ပြီးသား ပြောင်းဖူးတွေထဲကို ဆား ထမင်းစားဇွန်း ၁ ဇွန်းထည့်၊ ရေနွေး ထည့်ပြီး နယ်ပေးပါ။ ပြီးတော့မှ ပြောင်းဖူးနို့ရည်ရအောင် ညှစ်ယူပါ။ ပြောင်းဖူးနို့ရည် အကုန်ရဖို့ ရေနွေးထည့်ပြီး အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်နယ်ယူပြီး နို့ရည်ညှစ်ယူပါနော်။ (သတိထားရမယ့် အချက်ကတော့ ပြောင်းဖူးနို့ရည်+ သကြားရည်+ နို့ဆီ စုစုပေါင်းဟာ ၂ လီတာခွဲ ရှိဖို့ပါပဲနော်။) နို့ရည် ညှစ်တဲ့အခါ ပြောင်းဖူးဖတ်တွေ ပါမလာရအောင် ပိတ်ပါးစလေးနဲ့ အုန်းနို့ညှစ်သလိုပဲ ညှစ်ယူပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ကျောက်ကျောမှုန့်ထည့်၊ ပြီးရင် သကြားရည်ထည့် ပြီး ကျောက်ကျောမှုန့်တွေ အားလုံး ရေထဲ ပျော်ဝင်အောင် မွှေပေးပါ။ ပြီးရင် ပြောင်းဖူးနို့ရည်၊ နို့ဆီတို့ကို ထည့်ပေးပြီးအားလုံး သမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါနော်။

ကျောက်ကျောစစချင်းကျိုတဲ့အခါ အိုးအဖုံးကို ပိတ်ထားပြီး ၁၀ မိနစ်ခန့် တည်ပေးပါ။ ပြီးရင် ပြောင်းဖူးနို့ရည်တွေ အောက်မှာ အနည်ထိုင်ပြီး ချိုးမကပ်သွားစေရအောင် မွှေပေးပါ။ ပြီးရင် အဖုံးပိတ်ပြီး ၅ မိနစ် လောက် တည်ပေးပါ။ နောက်ပိုင်းမှာ ၅ မိနစ် တစ်ခါလောက် အဖုံးဖွင့်လိုက် မွှေလိုက်လုပ်ပေးပါ။ ကျောက်ကျော အိုးပွက်ပွက်ဆူလာပြီဆိုရင်တော့ ပြောင်းဖူးနို့လေးတွေက အုန်းနို့ လိုပဲ ဥလေးတွေတဖြည်းဖြည်း ဖြစ်လာပါ လိမ့်မယ်။ နောက်ထပ် ၁၅ မိနစ်လောက် ကျိုပေးပြီး ကျောက်ကျောလေးတွေကို ပန်းကန်ပြား တစ်ချပ်ထဲ နည်းနည်းထည့်ပြီး အအေးခံကြည့်ပါ။ ၂ မိနစ်လောက်အတွင်း ခဲသွားတယ်ဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ် လိုချင်တဲ့ ပုံစံခွက်ထဲ ဒါမှမဟုတ် ဗန်းထဲလောင်းထည့်ပြီး အအေးခံပေးလိုက်ပါနော်။ ကျောက်ကျော အေးခဲသွားပြီဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ပြောင်းဖူးကျောက်ကျောလေးကို သုံးဆောင်နိုင်ပါပြီနော်။

အခုရာသီက ပြောင်းဖူးပေါတယ်နော်။ အခါအခွင့်သင့်ရင် ချစ်သောမောင်နှမများလည်း ပြောင်းဖူး ကျောက်ကျောလေးကို စမ်းပြီး လုပ်စားကြည့်ကြပါဦးနော်။

6 comments:

  1. ကောင်းမဲ့ ပုံလေးနော်။ ပြောင်းဖူးညှစ်ရတာ တော့ တော်တော်လက်ဝင်မယ်နော်မမ။ ငမ်းရုံဘဲတတ်နိုင်ပါတယ်။ :-)

    ReplyDelete
  2. မမလုရေ
    တကယ့်ကို အထူးအဆန်းလေးတွေချည်းပဲ လုပ်ကျွေးတာ ကျေးဇူးပါ။
    မမလုရဲ့ ဘလော့ဂ်ကြောင့် အခု ဟင်းတွေ ကောင်းကောင်းချက်တတ်လာပြီ။
    တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့်ကိုရော သုံးပြီး ကျိုလို့ရပါသလား။ ဖြေပေးပါဦးနော်။
    မိမိငယ်

    ReplyDelete
  3. မင်္ဂလာပါ...

    ပြောင်းဖူးကျောက်ကျော တော့ တစ်ခါမှ မစားဘူးသေးဘူးဗျ။
    လုပ်တဲ့ ပုံစံလေးတွေ ဖော်ပြထားလို့ တစ်ရက်မှာ စုပေါင်းပြီး လုပ်စမ်းကြည့်ပါအုံးမယ်။
    ကျေးဇူးပါနော်..

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  4. စုဗူးလေးရေ့ 
    လက်ဝင်တယ်လို့ ထင်ရပေမယ့်လေ ကြိုးစားပြီး လုပ်ကြည့်ပါဦးနော်။ သူငယ်ချင်းတွေစုံတဲ့အခါပေါ့နော်။ အဆင်ပြေသွားမှာပါ။
    မိမိငယ်ရေ့ 
    တယ်လီဖုန်းတံဆိပ်ကိုလည်း သုံးလို့ရပါတယ်နော်။ ရေအချိုးအစားကိုတော့ တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့်ထုပ်က ညွှန်ထားတဲ့အတိုင်း ထည့်ပြီး ကျိုကြည့်ပါနော်။
    ကိုမျိုး (အညာမြေ)
    တစ်ရက်လောက် စမ်းသပ်ပြီး လုပ်ကြည့်ပါနော်။ အဆင်ပြေမှာပါနော်။ အလည်လာတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  5. စားမယ်ဟေ့
    ပြောင်းဖူးကြိုက်တယ်လေ
    လုပ်ကြည့်မယ်.. အဆင်မပြေရင် ပြန်မေးမယ်..

    ReplyDelete
  6. မမလုလုရေ ... အစ်မရဲ့ ပြောင်းဖူးကျောက်ကျောနည်းလေးနဲ့ ကျောက်ကျောလုပ်ပြီး ဘုန်းကြီးဆွမ်းကပ်မှာ လှူဖြစ်တယ် အစ်မရေ။ အဆင်လည်းပြေပြီး အရသာလေးလည်းသိပ်ကောင်းလို့ ခဏခဏလုပ်ဖြစ်မယ်ထင်ပါတယ်။
    ကျေးဇူးလည်းတင်ပါတယ်နော်။ အစ်မ ဝမ်းသာရအောင်လာပြောတာပါနော်။

    ReplyDelete