Thursday, January 24, 2008

ဆေးဘဲဥသုပ်


ဒီနေ့ ကျွန်မရဲ့မောင်နှမတွေကို ဆေးဘဲဥသုပ်ကျွေးချင်တယ်။ ဆေးဘဲဥကို ဖီတန်လို့လဲ ခေါ်ကြပါတယ်။ ပြည်ပရောက်နေသူတွေလည်း အလွယ်တကူ ၀ယ်ယူလို့ရတဲ့အပြင် ဟင်းချက်သလို အချိန်ပေးစရာမလိုဘဲ အချိန်တိုအတွင်း ဟင်းတစ်ခွက်ဖြစ်အောင် လုပ်ယူနိုင်တဲ့အတွက် အချိန်ချွေတာရသူတွေအတွက် အဆင်ပြေသလို အသုပ်ဖြစ်တဲ့အတွက် ခံတွင်းလည်း မြိန်စေပါတယ်နော်။








ဆေးဘဲဥသုပ်ဖို့အတွက် လိုအပ်တာတွေကတော့ ဆေးဘဲဥနှစ်လုံး၊ ခရမ်းချဉ်သီးအလုံးကြီးတှစ်လုံး၊ ကြက်သွန်နီ အလုံးကြီး တစ်လုံး၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ အချိုမှုန့် ၊ သံပုရာသီး၊ နံနံပင်နဲ့ ဆီချက်တို့ပါ။
ဆေးဘဲဥကို အခွံနွှာပြီး မထူးမပါး လှီးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာရေးဆေးပြီး ပါးပါးလေးလှီးထားပေးပါ။ ပြီးတော့မှ ရေဆေး၊ ရေစင်အောင်ညှစ်ပြီးတော့ ရေစစ်ထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ခပ်ပါးပါးလေးလှီးပေးထားပါ။ နံနံပင်ကိုလည်း ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါ။ ဆီချက်ကတော့ အဆင်သင့်ရှိပြီးသားမို့ ချက်မနေတော့ဘူးနော်။ သံပုရာသီးကိုလည်း ရေဆေးပြီး လှီးထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို အရင်ထည့်ပါ။ ပြီးရင် ဆီချက်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ သံပုရာရည်လေးဆမ်းပြီး အားလုံးနှံ့အောင် နယ်ပေးပါ။ ပြီးမှ လှီးထားတဲ့ ဆေးဘဲဥကိုထည့်ပြီး အားလုံးသမသွားအောင် ခပ်ဖွဖွလေးနယ်ပေးပါနော်။ ပြီးရင် အရသာအပေါ့အငံကိုမြည်းပြီး လိုတာ ထပ်ထည့်ပါနော်။ နောက်တော့ ပန်းကန်တစ်ချပ်ကို ယူ၊ အသုပ်လေးကို အသာလေးထည့်၊ အပေါ်ကနေ နံနံပင်လေးအုပ်ပြီး ကြက်သွန်ကြော်လေးဖြူးလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင် ချဉ်ငံစပ်ဆိမ့်နဲ့ ဆေးဘဲဥသုပ်လေး ရပါပြီနော်။ ပန်းကန်လှလှနဲ့ ပွဲမပြင်ပေးနိုင်တာ ခွင့်လွှတ်ပါနော်။ အလှူနေ့က ဟင်းပွဲတွေကများနေလို့ စားပွဲဝိုင်း မဆန့်တာမို့ ပန်းကန်လုံးနဲ့ပဲ ထည့်ုလိုက်ရတယ်။ ချစ်မောင်နှမတွေလည်း ဟင်းချက်ဖို့ အချိန်မရတဲ့အခါ ဆေးဘဲဥသုပ်လေး သုပ်စားကြည့်ပါဦးနော်။

2 comments:

  1. could you tell me how to make this egg?

    ReplyDelete
  2. ကျွန်တော်တို့ဖက်မှာတော့..ဖီတန်သုပ်လို့ခေါ်ကြတယ်....ဒါလဲကျွန်တော့်အကြိုက်ထဲပါပါတယ်... နောက်ပြီး.. ရှမ်းပြည်ဖက်မှာတော့.အခုဆေးဘဲဥ (ဖီတန်) လုပ်တဲ့အိမ်တွေလဲများတော့.. အလွယ်တကူဝယ်စားနိုင်ပါတယ်။

    ReplyDelete