Monday, March 31, 2008

ဗူးသီးပုတတ်စာဟင်းခါး

0 comments


ဧပြီလထဲရောက်ပြီဆိုတော့ ရန်ကုန်ရဲ့ အပူချိန်က သိသိသာသာတိုးလို့
ပူနေပါပြီ။ ရာသီဥတု ပူလာတဲ့အခါမှာ အိမ်သားတွေ ထမင်းစားမြိန်ဖို့
ဘယ်လိုဟင်းအမယ်မျိုးတွေကို ချက်ပြုတ်ရင်ဖြင့် အိမ်သားတွေအတွက်
အဆင်ပြေမလဲဆိုတာ စဉ်းစားပြီး ခေါင်းခြောက်ရတာ အိမ်ရှင်မတွေပေါ့။
မိသားစုဝင် ကိုးဦးရှိတဲ့ ကျွန်မတို့အိမ်အတွက် ဟင်းအမယ် စဉ်းစားတဲ့အခါ
သိပ်ပြီး စိတ်ညစ်ရပါတယ်။ လူကြီးတွေအတွက်က တစ်မျိုး၊ ကျွန်မတို့ ညီအမတွေက
ချဉ်ငံစပ်၊ အကိုနဲ့မောင်အတွက်ကျတော့ အရိုးမပါတဲ့ ဟင်း၊ တူ၊
တူမတွေအတွက်ကျတော့ သူတို့အကြိုက်လည်းပါစေ၊ အာဟာရဓာတ်လည်း စုံစေဆိုတော့
တစ်နေ့တစ်နေ့ ဈေးမသွားခင် ၀ယ်ရမယ့် ဟင်းစားအတွက် ဘယ်သူရေ
ဘာဟင်းစားချင်လဲ ဆိုပြီး မနက်အစောကြီး ထမေးရတာ ကျွန်မအလုပ်။ တခါတလေများ
သူတို့မှာတာ မရလို့ အဆင်ပြေတာလေး ၀ယ်ချက်ပြန်တော့ မမကြီးက မေးတုန်းက
မေးပြီး ချက်တာကျတော့ သူချက်ချင်တာ ချက်တယ် ဖြစ်ပြန်ရော့ 
ကိုယ့်အကြိုက်ချည်းပဲလည်း ၀ယ်ချက်လို့မရပြန်၊ အဖေနဲ့ အမေက ၀က်၊ အမဲနဲ့
ခြေလေးချောင်း မစား၊ ဒါပေမယ့် ဟင်းရည်သောက်မပါလို့ မဖြစ်၊ ကျွန်မတို့
မောင်နှမတွေထဲက ကျွန်မက ငါးပုစွန်ကို ပိုကြိုက်ပြန်၊ အစ်ကိုနဲ့ မောင်လေးက
ဝက်သားကြိုက်၊ ကလေးတွေကျတော့ ကြက်သား ဒါမှမဟုတ် ဘဲသားကို ပြုတ်ကြော်ပြီး
ပဲငံပြာရည်အချိုနဲ့ ပြန်ပြီး ကြော်ထား (မော်လမြိုင်အခေါ် ပဲဆီချက်)
အဲ့ဒါကို ကြိုက်တယ်၊ ပြီးတော့ဟင်းရည်သောက်ပါမှ့  အဲ့ဒီတော့ ကျွန်မမှာ
အိမ်သားအားလုံးအဆင်ပြေအောင် စိတ်ကြိုက်ဝယ်ခြမ်းချက်ပြုတ်ချင်ပေမယ့်စားသုံးကုန်တွေရဲ့ ဈေးနှုန်းရယ်၊
ရာသီပေါ် အစားအစာရယ်၊ ရာသီဥတုနဲ့



သင့်တင့်လျောက်ပတ်တဲ့ အစားအစာဖြစ်အောင် ပြန်ပြီး စီစဉ်ရတာမို့
စိတ်ကြီးရယ် ညစ်လှပါရဲ့လို့ ညီးတွားမိတာ အကြိမ်ကြိမ်။
ဒါနဲ့ပဲ အိမ်သားအားလုံးအတွက် အဆင်လည်းပြေစေမယ်၊ အရည်သောက်လေးလည်းပါရင်
ပိုပြီး ထမင်းမြိန်စေမှာပဲဆိုပြီး စဉ်းစားလိုက်တော့ ပုတက်စာပေါတဲ့
ရာသီမှာ ဗူးသီးလေးနဲ့ ဟင်းခါးလေးချက်လိုက်ရင့် ဘိုးဘိုးကြီးရော
ဘွားဘွားကြီးအပါအ၀င် အကိုတွေမောင်တွေ ညီမတွေရော တူ၊ တူမလေးတွေအတွက်ပါ
အဆင်ပြေတာမို့ ဗူးသီးပုတတ်စာဟင်းခါးလေး တစ်ခွက် ချက်လိုက်ရပါတယ်။
ဗူးသီးပုတတ်စာဟင်းခါးချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်အစို/
ပုစွန်ခြောက်/ ငါး၊ ဗူးသီးနုနု၊ ပုတတ်စာ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊
ငံပြာရည်၊ အချိုမှုန့်အနည်းငယ်တို့ပါနော်။


ကျွန်မကဒီတစ်ခေါက်ဟင်းခါးကို ငါးပနော်နဲ့ ချက်ပါမယ်။ ငါးပနော်
အကောင်ကြီးလေးတွေကို သန့်ရှင်းအောင် ရေဆေးပြီးတော့ အကြေးခွံ မထိုး၊
ဗိုက်မဖောက်၊ ခေါင်းမဖြုတ်ဘဲ ကင်ပါမယ်နော်။ ငါးပနော်လေးတွေကို သီတံလေးမှာ
ညီနေအောင် စီပြီးတော့ မီးသွေးမီးဖိုရဲ့ မီးအားခပ်လျော့လျော့အချိန်မှာ
မီးဖိုပေါ် အသားငါးကင်ရင် တင်တဲ့ သံဇကာလေးတင်ပြီးတော့ ငါးတွေကို
မီးကင်ပါတယ်။ မီးအားခပ်လျော့လျော့နဲ့ ကင်တာမို့ အကျက်ညီပြီး ငါးတွေ
တူးကုန်တာတွေ၊ အကျက်လွန်သွားတာတွေ မဖြစ်စေပါဘူး။ ငါးတွေ တစ်ဖက်ကျက်ရင်
နောက်တစ်ဖက်ကိုလည်း အသာအယာလှန်ပေးဖို့ မမေ့နဲ့ဦးနော်။ ငါးတွေအားလုံး
အကျက်ညီပြီဆိုရင်တော့ ငါးကို အအေးခံပြီးတော့မှ သီတံလေးကနေ ငါးတွေကို
တစ်ကောင်ချင်းဖြုတ်ယူပါ။ ငါးခေါင်းတွေကို ဖယ်ရှားပစ်ပါ။ ငါးကို
အကြေးမထိုးဘဲ ကင်ထားတဲ့အတွက် ငါးရဲ့ အသားထဲကို မတူးစေနိုင်သလို
ငါးအကြေးခွံ တွေနဲ့ကပ်လျက်ရှိတဲ့ ငါးအရေခွံကိုပါ တစ်ခါတည်း ခွာပြီးသား
ဖြစ်သွားပါလိမ့်မယ်။ အရေခွံခွာပြီးတဲ့ ငါးတွေကိုမှ အလယ်ရိုးနဲ့
အခြားအရိုးလေးတွေ မပါအောင် ဂရုတစိုက်နဲ့ အသားနွှင်ယူပါနော်။
အဲ့ဒါဆိုရင်တော့ ငါးကင်အသားလေးတွေကို နွှာယူပြီးပါပြီ။
ဗူးသီးကိုတော့ ထက်ခြမ်းခြမ်း၊ အခွံနွှာ၊ အစေ့လေးတွေ ဖယ်ထုတ်၊
ရေဆေးပြီးတော့မှ ကိုယ်လိုချင်တဲ့ အရွယ်အစားလေးတွေဖြစ်အောင်
ဖြတ်တောက်ပေးပါနော်။ ပုတတ်စာကိုလည်း ရင့်တဲ့အပိုင်းတွေ ဖယ်ရှားပစ်ပြီး
နုတာလေးတွေကို အရွယ်တော်လေးဖြစ်အောင် ဖဲ့၊ ရေဆေးပြီး ရေစစ်ပေးထားပါနော်။
ကြက်သွန်ဖြူကို အခွံနွှာပေးထားပါ။ ငရုတ်ဆုံထဲကို
လှော်ပြီးသားငရုတ်ကောင်းစေ့လေးတွေထည့်ထောင်းပါ။ ငရုတ်ကောင်းလေး တွေ
ညက်လောက်ပြီဆိုရင်တော့ ကြက်သွန်ဖြူတွေကို ထည့်ထောင်းပေးပါနော်။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒန်အိုးတစ်လုံးထဲကို
ရေအသင့်အတင့်ထည့်၊ ငါးကင်၊ ဆား၊ ငံပြာရည်၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး
ဟင်းချိုရည်အိုးပြင်ပါနော်။ ဟင်းရည်အိုးအသင့်ဖြစ်ရင်မီးဖိုပေါ်တည်ပေးပါ။
ဟင်းရည်အိုး ပွက်ပြီဆိုရင်တော့ ထောင်းထားတဲ့
ငရုတ်ကောင်းကြက်သွန်ဖြူကိုထည့်ပြီး ဟင်းရည်အိုး နည်းနည်းကျတဲ့အထိ
ပွက်ပွက်ဆူအောင်တည်ပေးပါနော်။ ပြီးရင် ဟင်းရည်အိုးထဲကို
ဗူးသီးအရင်ထည့်ခတ်ပြီး ဟင်းရည်အိုးအဖုံးပိတ်ပြီး ဆူအောင်တည်ပေးပါ။
ဟင်းအိုးဆူတော့မှ ပုတတ်စာကို ခပ်၊ အဖုံးအုပ်ပြီး
နောက်တစ်ကြိမ်ဆူအောင်တည်ပေးပါ။ ဟင်းအိုးဆူလာပြီရင်တော့ အပေါ့အငံမြည်းပြီး
လိုတဲ့အရသာ ထပ်ဖြည့်ပြီး ဟင်းအိုးချလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့
အရည်သောက်ဟင်းတစ်မျိုးဖြစ်တဲ့ ဗူးသီးပုတက်စာဟင်းခါး
ချိုချိုမွှေးမွှေးပူပူလေး တစ်ခွက် ရပါပြီနော်။

Sunday, March 30, 2008

ငါးရံ့ဆန်ပြုတ်

1 comments


ကျွန်မ မောင်နှမတွေထဲက အအေးပိုင်းဒေသမှာနေတဲ့ နှမတော်လေးတစ်ယောက်က
ငါးဆန်ပြုတ်လေး ပြုတ်သောက်ချင်ပါတယ်၊ ဘယ်လိုလုပ်ရမလဲလို့ မေးထားတာ
နည်းနည်းကြာနေပါပြီ။ ကျွန်မဘလော့ဂ်လေးကို ပစ်ထားပြီး တခြားသော အလုပ်တွေ
နည်းနည်းများနေတာကြောင့် လစ်ဟင်းတာလေးတွေ ရှိခဲ့ပါတယ်။ ပြီးတော့
အင်တာနက်ကွန်နက်ရှင်ကလည်း တော်တော်လေးကို နှေးတာမို့ ဘလော့ဂ်တွေကို
အလည်မရောက် ဖြစ်ခဲ့တာများ ရှိခဲ့ရင်လည်း ကျွန်မကို နားလည်ပေးပါလို့
တောင်းပန်ပါရစေ။

ဒီနေ့မှာတော့ ငါးရံ့ ဆန်ပြုတ်ပြုတ်နည်းလေးကို ကျွန်မ ပြောပြပါရစေနော်။
ငါးရံ့ ဆန်ပြုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ငါးရံ့၊ ဆန်၊
သကြား၊ ချင်း၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ (သို့မဟုတ်) ကြက်သွန်မြိတ်၊
ကြက်သွန်အနီကြော်၊ ပဲငံပြာရည်အကျဲ၊ ငရုတ်ကောင်းမှုန့်၊ ဆီအနည်းငယ်နဲ့
ဆားတို့ပါနော်။

ငါးရံ့အကောင်လိုက်ကို အကြေးခွံခွာ၊ ဗိုက်ခွဲပြီး အထဲက
ကလီစာတွေထုပ်ပစ်ပြီး သန့်စင်အောင် ရေဆေးပေးပါ။ ပြီးတော့မှ
ငါးရံ့ခေါင်းကို ဖြတ်ပစ်ပြီး ငါးရံ့ရဲ့ ဘေးနှစ်ဖက်က ဆူးတောင်တွေနဲ့
အရိုးလွှာကို နွှာပစ်ပါ။ ငါးအလယ်ရိုးကို ချန်ပြီး ငါးနှစ်ဖက်က အသားတွေကို
လွှာယူပါ။ ရလာပြီးတဲ့ ငါးအသားအလွှာကိုမှ အလယ်ကနေ ထက်ခြမ်းခြမ်းလှီးယူပြီး
လက်တစ်ဆစ်အရှည်လောက်တွေဖြစ်အောင် လှီးပေးပါ။ ငါးအသားတွေကို ဆား၊ သကြားနဲ့
ပဲငံပြာရည်အကျဲတို့နဲ့ နှံ့အောင် နယ်ပေးထားပါ။ ငါးခေါင်းနဲ့
ငါးအလယ်ရိုးကိုတော့ အလကားမဖြစ်ရလေအောင် ချဉ်ရည်ဟင်း၊ ဒါမှမဟုတ်
ငရုတ်ကောင်းဟင်းခါးလေး ချက်သောက်ပါနော်။ ချင်းနဲ့ ကြက်သွန်ဖြူကို
အခွံနွှာ၊ ရေဆေးပြီး ချင်းကို ပါးပါးနုတ်နုတ်လေးတွေဖြစ်အောင်
လှီးပေးထားပြီး ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ပေးထားပါ။
ဆန်လက်တစ်ဆုပ်သာသာလောက်ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ပေးထားပါနော်။
တရုတ်နံနံ ဒါမှမဟုတ် ကြက်သွန်မြိတ်ကိုလည်း အမြစ်တွေဖယ်ပစ်ပြီး ရေဆေး၊
ရေစစ်ပေးပြီး ပါးပါးလှီးပေးထားပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ရေဆေးထားတဲ့ ဆန်ထည့်ပါ။
ပြီးရင် ဆားအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ချင်း၊ ဓားပြားရိုက်ထားတဲ့
ကြက်သွန်ဖြူ၊ နယ်ထားတဲ့ ငါး၊ သကြားအနည်းငယ်နဲ့ ဆီလက်ဘက်ရည်ဇွန်း
တစ်ဝက်လောက် ထည့်ပြီး မီးဖိုပေါ်တင်ပါ။ အိုးထဲမှာရှိတဲ့ ဆန်နဲ့ အခြားသော
ပါဝင်ပစ္စည်းအားလုံး နှံ့အောင် မီးအသင့်အတင့်နဲ့ လှော်ပေးပါ။
အနံ့လေးတော်တော်လေးသင်းလာပြီး ဆန်အရောင်လေးလည်း နီရောင်သန်းစ
ပြုလာပြီဆိုတာနဲ့ ဆန်အပေါ် ရေလက်တစ်ဆစ်ထည့်၊ အဖုံးအုပ်ပြီး
မီးအသင့်အတင့်နဲ့ ဆန်ပြုတ်အိုးကို တည်ပေးပါ။ ဆန်ပြုတ်အိုးတည်တဲ့အခါမှာ
ပွက်ခါနီးအချိန်ကျရင် ထမင်းရည်တွေ ဝေမကျသွားစေအောင် သတိပြုပြီး
တည်ပေးပါနော်။ ဆန်ပြုတ်အိုးဆူတဲ့အခါကျရင် အဖုံးကို တ၀က်ဟထားပေးပြီး
ထမင်းရည်နဲ့ ဆန် ပျစ်အောင်တည်ပေးပါနော်။ ထမင်းရည်ခမ်းလုနီးလို့
ဆန်လုံးကွဲပြီး ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ နောက်ထပ် ရေထပ်ထည့်၊
အိုးအဖုံးပိတ်ပြီး ဆန်ပြုတ်အိုးဆူတဲ့အထိ မီးလျော့ပြီး တည်ပေးပါနော်။
ဒီတစ်ခါ ဆန်ပြုတ်အိုးဆူလာပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး လိုတဲ့
အရသာကို ထပ်ဖြည့်ပေးပါနော်။ ပြီးတော့မှ ဆန်ပြုတ်အိုးကိုချ၊ ကိုယ်စားမယ့်
ပန်းကန်ထဲ ဆန်ပြုတ်ထည့်၊ ငရုတ်ကောင်းမှုန့်ထည့်၊ပါးပါးလှီးထားတဲ့
ကြက်သွန်မြိတ်ဒါမှမဟုတ် တရုတ်နံနံကိုထည့်၊ ကြက်သွန်နီကြော်ကို ထည့်ပြီး
သုံးဆောင်နိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ ငါးအရသာ ချိုချိုလေးနဲ့
ငါးဆန်ပြုတ်မွှေးမွှေးလေးရပါပြီနော်။ ရာသီဥတုအေးအေးလေးမှာ ငါးဆန်ပြုတ်
ပူပူနွေးနွေးမွှေးမွှေးလေးလွေးပြီး ကွေးလိုက်ရရင်ဖြင့့် 

ပုစွန်ထုပ်ကြော်

4 comments



ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ပုစွန်ထုပ်ကြော်လေး ချက်ကျွေးပါရစေနော်။
ကျွန်မတို့မိသားစုထဲမှာ အမေက ၀က်သား၊ အမဲသား မစားတော့ ကျွန်မတို့
မောင်နှမတတွေမှာ အဲ့ဒီအသားကို စားချင်ရင် အမေ့ရဲ့ မိုးလေ၀သ အခြေအနေကို
အရင်ကြည့်ရပါတယ်။ ပြီးတော့ အမေ့ကို နည်းနည်းပါးပါး
တီးခေါက်ကြည့်ရပါသေးတယ်။ အမေ စိတ်မကြည်ဘူးဆိုရင် ၀က်သားဟင်းချက်ဖို့
ခွင့်မတောင်းရဲဘူးလေ။ ဒါပေမယ့် တခါတလေတော့ စည်းရုံးလိုက်တာ ရပေမယ့်
ခဏခဏဆိုရင် အမေလည်း စိတ်ညစ်လာရော။ အဲ့ဒီတော့ တစ်ပတ်တစ်ခါ အကိုက
ဈေးဝယ်တိုင်း အမေကြိုက်တတ်တဲ့ ပုစွန်ကို အမြဲတမ်း
ဝယ်ချက်ကျွေးလေ့ရှိပါတယ်။ အခုလည်း ကျွန်မရဲ့ အစ်ကိုက
သူကိုယ်တိုင်ဈေးဝယ်သွားပြီး သူကိုယ်တိုင် ချက်ပြုတ်ထားတဲ့
ပုစွန်ထုပ်ကြော်လေးကို ကျွန်မက မောင်နှမတွေကို မျှဝေပေးလိုက်ရပါတယ်။
ပုစွန်ထုပ်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်ထုတ်၊ ဆီ၊ ဆား၊
ချင်း၊ သကြားအနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ပါနော်။

ပုစွန်ကို ခေါင်းက အခွံမာရယ်၊ ခြေထောက်တွေရယ်ကို ကပ်ကြေးနဲ့
ညှပ်ထုတ်ပစ်ပါ။ ပြီးရင် ကိုယ်ထယ်က အခွံမာတွေကို ဖယ်ရှားပစ်ပါ။ ပြီးတော့မှ
ပုစွန်နောက်ကျောအလယ်ကနေ ဓားလေးနဲ့ ခွဲပြီး ချေးတွေကို ဖယ်ထုတ်ပစ်ပြီး
ရေနဲ့ သန့်စင်အောင် ဆေးပေးပြီး ရေစစ်ထားပါ။ ပုစွန်တွေ ရေစစ်သွားတဲ့အခါ
ဆား၊ သကြားတို့နဲ့ နယ်ပေးထားပါနော်။ ချင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို
အခွံနွှာ၊ ရေဆေးပြီးတော့ ပါးပါးလေးတွေဖြစ်အောင်လှီးပြီး
ညက်အောင်ထောင်းပေးထားပါနော်။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီး နယ်ထားတဲ့
ပုဇွန်ကိုထည့်၊ ရေလေး နည်းနည်းထည့်ပြီး ဒယ်အိုးအဖုံးအုပ်ပြီး
မီးအသင့်တင့်နဲ့ ပုစွန်ကို ခဏလောက်ပြုတ်ပေးပါနော်။ ရေဆူလာပြီဆိုရင်
ပုစွန်ရော အရည်ကိုပါ ဟိုဘက်ဒီဘက်လှန်ပေးပြီး ဆယ်ယူလိုက်ပါနော်။
ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်ပြီးတော့
ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းကို ထည့်ပြီး မီးအသင့်အတင့်နဲ့
ဆီသတ်ပေးပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ပြုတ်ပြီးတဲ့ ပုစွန်နဲ့
အရည်တွေကို ထည့်ပြီး သမအောင် မွှေပေးပါ။ ဆီပြန်လာတဲ့အခါမှာတော့
အပေါ့အငံအရသာကိုမြည်းပြီး ဟင်းအိုးချလိုက်ပါနော်။ ကြိုက်တတ်ရင်တော့
ကြက်သွန်မြိတ်ထည့်အုပ်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့မွှေးမွှေး
ပုစွန်ဆီအရောင်နီရဲရဲလေးနဲ့ ပုစွန်ထုပ်ကြော်တစ်ခွက်ရပါပြီနော်။

Monday, March 24, 2008

ဖက်ထုပ်ပြုတ်

0 comments

မြန်မာဟင်းတွေချည်း ချက်ကျွေးနေတာ ရိုးအီသွားမှာစိုးလို့ ဒီတစ်ခါတလှည့်ပြောင်းပြီး တရုတ်အစားအစာလေး ချက်ကျွေးပါရစေဦးနော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား ဒါမှမဟုတ် ၀က်သားအသား၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ချင်း၊ ဆား၊ သကြား၊ ကော်မှုန့် (corn flour)၊ ဂျုံမှုန့် (wheat flour)၊ အချိုမှုန့်၊ နှမ်းဆီ၊ တရုတ်မာဆလာ၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကြည်နဲ့ ဖက်ထုပ်ရွက် (rice paper) တို့ပါနော်။
ဝက်သားအသားသက်သက် (၅၀) ကျပ်သား ကို သန့်ရှင်းအောင် ရေဆေးပြီး နုတ်နုတ်စင်းပါနော်။ ပြီးရင် ချင်း (ခြစ်ပြီးသား စားပွဲတင်ဇွန်း ၃ ဇွန်း) နဲ့ ကြက်သွန်ဖြူ (ခြစ်ပြီးသား စားပွဲတင်ဇွန်း ၅ ဇွန်း)ကိုလည်း ပြင်ထားပေးပါ။ ဂျုံမှုန့် စားပွဲတင်ဇွန်း (၃) ဇွန်းနဲ့ ကော်မှုန့် စားပွဲတင်ဇွန်း (၃) ဇွန်းကိုလည်း ပြင်ပေးထားပါ။ ပဲငံပြာရည်အပျစ် (၃) ဇွန်းနဲ့ အကြည် (၃) ဇွန်းပြင်ပေးထားပါ။ တရုတ်မာဆလာ လက်ဖက်ရည်ဇွန်း (၁) ဇွန်း ပြင်ပေးထားပါနော်။ ဆား၊ သကြားနဲ့ အချိုမှုန့်တို့ကိုလည်း ပြင်ပေးထားပါ။ ကြက်ဥ(၅)လုံးကိုလည်း အနှစ်ကိုဖယ်ပြီး အကာတွေချည်း ယူထားပေးပါ။ နှမ်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်းကိုလည်း ပြင်ပေးထားပါ။

ဇလုံတစ်ခုထဲကို ၀က်သားနုတ်နုတ်စင်းထားတာတွေထည့်ပါ။ ပြီးရင်တော့ ဆား၊ သကြား၊ အချိုမှုန့်၊ ခြစ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ပဲငံပြာရည်၊နှမ်းဆီ၊ တရုတ်မာဆလာတို့ကို ထည့်ပြီး အားလုံး သမအောင် နယ်ပေးပါ။ ပြီးရင် ကြက်ဥအကာတွေကိုပါထည့်ပြီး သမအောင် မွှေပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် နယ်နှပ်ထားတဲ့ အသားတွေကို (rice paper) နဲ့ ထုပ်ရမှာဖြစ်ပါတယ်။ rice paper က မာနေတာမို့ အသားနဲ့ မထုပ်ခင်မှာ ရေနဲ့စိမ်ရမှာဖြစ်ပါတယ်။ ပန်းကန်ပြားတစ်ချပ်ထဲကို့  rice paper ထည့်ပြီး အပေါ်ကနေ ရေဖျန်းပေးပါ။ ဒါမှမဟုတ် စုတ်တံလေးနဲ့ ရေကိုဆွတ်ပြီး ဖက်ထုပ်ရွက်ပေါ် ဆွတ်ပေးပါနော်။ အဲ့ဒီအရွက်ပျော့သွားတဲ့အခါ လက်မနဲ့ လက်ညှိုး အဲ့ဒီအရွက်ကိုထည့်ပြီးတော့ အပေါ်ကနေ ၀က်သားကို ဇွန်းလေးနဲ့ ယူပြီး ဖက်ထုပ်ရွက်ရဲ့ အလယ်ထဲကို ဇွန်းလေးနဲ့ အသာလေး ဖိထည့်ပေးပါနော်။ အသားတွေကို အများကြီး မထည့်ရဘူးနော်။ ပြီးတော့မှ အပေါ်ကနေ ဖက်ထုပ်ရွက်လေးတွေကို နှုတ်ခမ်းသပ်လိုက်ပါနော်။ ကိုယ်လိုချင်တဲ့ အထုပ်အရေအတွက် ရအောင်ထုပ်ပါနော်။

အားလုံးအသင့်ဖြစ်ရင် အိုးတစ်အိုးထဲကို ကြက်ရိုးပြုတ်ရည်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ အရိုးပြုတ်အိုး ပွက်လာပြီဆိုတာနဲ့ ဖက်ထုပ်လေးတွေကို ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုတ်ပေးပါ။ ကိုယ်ထည့်ထားတဲ့ ဖက်ထုပ်အရေအတွက်ပေါ်မူတည်ပြီး အချိန် ၅ မိနစ်ကနေ ၈ မိနစ်လောက်အကြာမှာ ဟင်းအိုးထပ်ပွက်ပြီး ဖက်ထုပ်လေးတွေလည်း နူးလောက်ပါပြီ။ အဲ့ဒီအချိန်ကျရင်တော့ ဖက်ထုပ်ပြုတ်ကို ပန်းကန်ထဲပြောင်းထည့်၊ အပေါ်ကနေ ကြက်သွန်ဖြူကြော်လေးတွေထည့်၊ ကြက်သွန်မြိတ်ဒါမှမဟုတ် တရုတ်နံနံလေးတွေ ဖြူးထည့်၊ ငရုတ်ကောင်းမှုန့်လေးအုပ်ပြီး ပူပူနွေးနွေးချိုချိုအိအိလေးနဲ့ ဖက်ထုပ်ပြုတ်လေးကို သုံးဆောင်နိုင်ပါပြီနော်။
ဒီအတိုင်းစားရင် အီတယ်၊ အချဉ်လေးနဲ့ ဆို ပိုကောင်းမှာပဲလို့ ဆိုတဲ့ မောင်နှမတွေအတွက် အချဉ်စပ်နည်းကတော့ ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း (၅) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၁) ဇွန်း၊ ခြစ်ထားတဲ့ ချင်း လက်ဘက်ရည်ဇွန်း (၁) ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်းတစ်ဝက်တို့နဲ့ အတူရောဖျော်ပြီး ဖက်ထုပ်ပြုတ်နဲ့အတူ တွဲဘက်သုံးဆောင်နိုင်ပါတယ်နော်။

Thursday, March 20, 2008

ကင်ပွန်းချဉ်ရွက်ကြော်

0 comments


ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ကင်ပွန်းချဉ်ရွက်ကြော်လေးနဲ့
ကြော်ကျွေးပါရစေနော်။ ကင်ပွန်းချဉ်ရွက်ကြော်ဖို့အတွက်
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကင်ပွန်းချဉ်ရွက်၊ ပုစွန်၊ ငရုတ်သီးအပုတောင့်၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစိမ်းစား၊ ငံပြာရည်၊ ဆား၊ နနွင်းမှုန့်၊
ငရုတ်သီးစိမ်း၊ ဆီတို့ပါနော်။

ကင်ပွန်းချဉ်ရွက်ကို အခိုင်လိုက် ရေဆေးပြီးမှ ဘေးကအခက်လေးတွေကို
အရင်ဦးဆုံး ခြွေလိုက်ပါနော်။ ဆူးလေးတွေကို သတိထားပြီး ခြွေပါနော်။
ပြီးတော့မှ အခက်လေးတွေက အရွက်လေးတွေကို လက်ချောင်းလေးနဲ့ အသာလေး
ခြွေပေးပါနော်။ ပုစွန်အကောင်သေးတွေကို ခေါင်းအခွံမာလေးတွေဖြုတ်၊
မစင်အိတ်ကို ထုတ်ပစ်ပြီး ရေစင်အောင်ဆေးပြီး ဆား၊ နနွင်း၊
အချိုမှုန့်လေးနဲ့ နယ်ပေးထားပါနော်။ ငရုတ်သီးခြောက်အပုတောင့်ကို အညှာခြွေ၊
အစေ့ထုတ်ပြီး ငရုတ်သီးကို ရေနွေးနဲ့ စိမ်ဆေးပေးပြီး ငရုတ်သီးဖတ်တွေကို
ရေစစ်ပေးထားပါ။ ကြက်သွန်ဖြူနီကို အခွံနွှာ၊ ရေဆေးပေးထားပါ။ ငရုတ်ဆုံထဲမှာ
ရေစစ်ထားတဲ့ ငရုတ်သီးကို ထည့်ပြီးထောင်းပါ။ ငရုတ်သီးဖတ် မျက်လုံးထဲ
မစင်ရအောင်လည်း သတိထားပြီးထောင်းပါ။ ငရုတ်သီးညက်ပြီဆိုရင်
ကြက်သွန်ဖြူထည့်ထောင်း၊ ပြီးတော့ ကြက်သွန်နီကိုပါ ထည့်ထောင်းပေးပါ။
ငရုတ်သီးစိမ်းတောင့်ကိုလည်း ရေဆေးပြီး အညှာခြွေပေးထားပါနော်။



အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊
ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့
ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင်
နယ်ထားတဲ့ ပုစွန်တွေထည့်ပြီး ဆီသတ်၊ ပြီးရင် ကင်ပွန်းရွက်တွေထည့်၊ ဆား၊
အချိုမှုန့်၊ ငံပြာရည်နဲ့ ငါးပိစိမ်းစားလေးကို ရေဖျော်ထည့်ပြီး
အားလုံးနှံ့အောင် သေသေချာချာမွှေ၊ အဖုံးအုပ်ပြီး တည်ပေးပါ။ ရေခမ်းခါနီးကျ
ဟင်းအိုးအဖုံးဖွင့်ပြီး အပေါ့အငံအရသာမြည်း၊ လိုတဲ့အရသာထပ်ထည့်ပါနော်။
ပြီးရင်တော့ ငရုတ်သီးစိမ်းလေးတွေ အုပ်ပြီး ဟင်းအိုးချလို့ရပါပြီနော်။
အဲ့ဒါဆိုရင်တော့ ကင်ပွန်းချဉ်ရွက်ကြော်လေးရပါပြီနော်။
ငရုတ်ကောင်းဟင်းခါးလေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။

Wednesday, March 19, 2008

ငါးမြွေထိုးအချဉ်ရည်ဟင်း

0 comments



ဒီတစ်ခါတော့ လူတိုင်းမစားတဲ့ ငါးတစ်မျိုးဖြစ်တဲ့ ငါးမြွေထိုးကို မရမ်းသီးးနဲ့
အချဉ်ရည်ဟင်း ချက်ကျွေးပါရစေနော်။ ငါးမြွေထိုးကို အင်္ဂလိပ်လို Mastacembelus
armatus လို့ ခေါ်ပါတယ်။ ငါးမြွေထိုးက အကြေးခွံမပါတဲ့ ငါးမျိုးပါ။ အရိုးလည်း
အလယ်ရိုးတစ်ရိုးသာရှိပြီး အသားကလည်း ခပ်မာမာလေးနဲ့မို့ စားလို့ကောင်းပါတယ်။
ငါးမြွေထိုးကို ဟင်းချက်စားကြသလို ငါးခြောက်လုပ်လို့တစ်မျိုး၊
ကြပ်တင်လုပ်လို့တစ်ဖုံ အမျိုးမျိုး ချက်ပြုတ်စားသောက်ကြ ပါတယ်။

ငါးမြွေထိုးချဉ်ရည်ဟင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးမြွေထိုး၊
မရမ်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပုအခြောက်တောင့်၊ ချင်း၊ ဆား၊
နနွင်း၊ အချိုမှုန့်၊ ငါးပိစိမ်းစား၊ ငံပြာရည်အနည်းငယ်နဲ့
ရှမ်းနံနံအနည်းငယ်တို့ပါနော်။

ငါးမြွေထိုးက အကြေးခွံမရှိပေမယ့် အရမ်းချွဲတဲ့အတွက် အချဉ်သီးတစ်မျိုးမျိုး
ဒါမှမဟုတ် ဆားနဲ့ သေသေချာချာ နယ်ဆေးပေးပါ။ ပြီးရင် ငါးခေါင်းကို
ဖြတ်ထုပ်ပေးပြီး ဗိုက်ထဲက ကလီစာတွေကိုလည်း ဖယ်ရှင်းပစ်ပြီး ရေနဲ့
သန့်စင်အောင်ဆေးပေးပါ။ ပြီးတော့မှ ငါးကို နှစ်ပိုင်းပိုင်းပြီး ဆား၊
အချိုမှုန့်၊ ငံပြာရည်နဲ့ နယ်ပေးပါနော်။ ငရုတ်သီးခြောက်အပုတောင့်ကို အညှာခြွေ၊
အစေ့ထုတ်ပြီး ငရုတ်သီးကို ရေနွေးနဲ့ စိမ်ဆေးပေးပြီး ငရုတ်သီးဖတ်တွေကို
ရေစစ်ပေးထားပါ။ ကြက်သွန်ဖြူနီနဲ့ ချင်းကို အခွံနွှာ၊ ရေဆေးပြီး ချင်းကို
ပါးပါးလှီး၊ ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။ ငရုတ်ဆုံထဲမှာ ရေစစ်ထားတဲ့
ငရုတ်သီးကို ထည့်ပြီးထောင်းပါ။ ငရုတ်သီးဖတ် မျက်လုံးထဲ မစင်ရအောင်လည်း
သတိထားပြီးထောင်းပါ။ ငရုတ်သီးညက်ပြီဆိုရင် ချင်းထည့်ထောင်း၊ ပြီးရင်တော့
ကြက်သွန်ဖြူထည့်ထောင်း၊ ပြီးတော့ ကြက်သွန်နီကိုပါ ထည့်ထောင်းပေးပါ။
ရှမ်းနံနံကိုလည်း အမြစ်တွေဖယ်ရှားပစ်ပြီး လက်တစ်ဆစ်အရွယ်လောက်လေးတွေဖြစ်အောင်
ဖြတ်ထားပေးပါ။ မရမ်းသီးက အခုအချိန်မှာ မှည့်လုနီးပါးဖြစ်နေပြီမို့ ရေဆေး
ထက်ခြမ်းခွဲပြီး အစေ့ထုတ်ပစ်ပြီး လက်နဲ့ အသားတွေကို ဖျစ်ထားပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊
ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးခပ်၊ ထောင်းထားတဲ့
ငရုတ်သီးကြက်သွန်တွေထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်တွေ စိမ်းနံ့ပျောက်လာပြီဆိုရင်
ငါးပိစိမ်းစားလေး ကွမ်းသီးလုံးလောက်ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် နယ်ထားတဲ့
ငါးတွေကိုပါ ထည့်ပြီး ဆီသတ်ပေးပါ။ ငါးဆီသတ်ပြီးတဲ့အခါ
ငါးမြုပ်ရုံရေလေးနည်းနည်းထပ်ထည့်ပြီး အဖုံးအုပ်ပြီးတည်ပေးပါ။
ဟင်းအိုးပွက်လာတဲ့အခါ မရမ်းသီးတွေထည့်၊ ရေထည့်ပြီး ဟင်းအိုးကို အဖုံးအုပ်ပြီး
မီးအသင့်အတင့်နဲ့ တည်ပေးပါ။ ဟင်းအိုးပွက်ပွက်ဆူလာပြီဆိုတာနဲ့
အပေါ့အငံအရသာမြည်းပြီး ရှမ်းနံနံလေးအုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့
ရှမ်းနံနံနံ့သင်းသင်းလေးနဲ့ ငါးမြွေထိုးချဉ်စပ်ဟင်းလေးတစ်ခွက်ရပါပြီနော်။
အားပေးကြပါဦးနော်။

Tuesday, March 18, 2008

ပဲကြီးဆူးပုတ်

2 comments


ဒီနေ့တော့ ကျွန်မရဲ့မောင်နှတွေကို သတ်သတ်လွတ် ပဲကြီးဆူးပုတ်ဟင်းလေး
ချက်ကျွေးပါရစေနော်။ အိမ်ရှင်မတွေ ဟင်းချက်ဖို့ စဉ်းစားတဲ့အခါ ပဲကြီးနဲ့
ဆူးပုတ်ရွက်ကတော့ ခွဲလို့မရတဲ့ လိုက်ဖက်လွန်းလှတဲ့ အတွဲဖြစ်ပါတယ်။
ဆူးပုတ်ရွက်ကို အနံ့ဆိုးပေမယ့် ဘယ်လိုအသီးအရွက်နဲ့ ရောရော ကြိုက်တတ်ကြသလို
ဒီအတိုင်းလည်း ပြုတ်တို့ကြပါတယ်နော်။

ပဲကြီးဆူးပုတ်ချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲကြီး၊ ဆူးပုတ်ရွက်၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဆီ၊ နနွင်း၊ အချိုမှုန့်အနည်းငယ်တို့ပါနော်။
ပဲကြီးကို မနက်ချက်မယ်ဆိုရင် ညကတည်းက ပဲကြီးစေ့ကို ရေစိမ်ပေးထားပါ။ မနက်ကျရင်
ပဲကြီးခွံလေးတွေ ပွတက်လာပါလိမ့်မယ်။ မနက်ကျရင်တော့ ပွတက်လာတဲ့ ပဲကြီးစေ့တွေကို
ရေထဲကနေဆယ်ယူပြီး ပဲကြီးစေ့ညှစ်ထုပ်ပေးပါ။ ဆူးပုတ်ရွက်တွေကို မခြွေခင်
အခက်လိုက် အရင်ဆေးပေးပါ။ ပြီးတော့မှ ဆူးပုတ်ရွက် အညွန့်နုလေးတွေကို
ခြွေယူထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး
ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပေးပြီး ကြက်သွန်နီကို မထူမပါးလေး လှီးပေးထားပါ။

အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် အိုးတစ်လုံးတင်၊ ပြီးရင် ဆီနည်းနည်းလေးထည့်၊
ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ကြက်သွန်ဖြူ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်၊
ကြက်သွန်နည်းနည်းနွမ်းတာနဲ့ ပဲကြီးစေ့တွေကိုထည့်ပြီး ဆီသတ်လိုက်၊ ပြီးတော့မှ
ရေထည့်၊ ဆား၊ အချိုမှုန့်နည်းနည်းထည့်ပြီး ပဲကြီးနူးတဲ့အထိ တည်ပေးပါ။
ပဲကြီးနူးလာပြီဆိုရင်တော့ ဆူးပုတ်ရွက်ညွန့်လေးတွေ ခပ်ပြီး နောက်တစ်ကြိမ်
ပွက်ပွက်ပေးဆူလိုက်ပါ။ ဟင်းအိုးဆူလာရင်တော့ အပေါ့အငံအရသာမြည်းပြီး
ကိုယ့်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဟင်းအိုး ချလို့ရပါပြီနော်။

ပဲကြီးဆူးပုတ်ဟင်းနဲ့ လိုက်ဖက်တာတွေကတော့ သရက်ချဉ်သုပ်၊ မရမ်းသီးသုပ် စတဲ့
အချဉ်သုပ်၊ ဒါမှမဟုတ် မုန်လာဥပိုးတီ၊ ပဲတီချဉ်၊ သခွါးချဉ်တို့ပါနော်။
အိမ်ရှင်မတို့ရေ့  အဆင်ပြေမယ်ဆိုရင်တော့ ပဲကြီးဆူးပုပ်ဟင်းလေးလည်း
ချက်စားကြည့်ကြပါဦးနော့့် 

hsa*ba(စားပါ အားမနာပါနဲ့)

0 comments

မြန်မာအစားအစာချက်နည်းတွေကို Englishလို ရေးထားတဲ့ စိတ်ဝင်စားဖွယ်ရာ web siteလေးတစ်ခုကို လက်တို့ပြီးတော့ ပြောလိုက်ပါရစေနော်။ ဒီဆိုဒ်လေးကို ပြောပြပေးတဲ့ ငယ်ငယ်ကိုလဲ ကျေးဇူးတင်ပါတယ်။

Sunday, March 16, 2008

ခေါပုတ်လုပ်စားရအောင်

1 comments


ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ကိုယ်တိုင်အလွယ်တကူလုပ်စားလို့ရနိုင်တဲ့
ရှမ်းအစားအစာထဲက တစ်မျိုးဖြစ်တဲ့ ခေါပုတ်လုပ်နည်းလေးကို မျှဝေပါရစေနော်။
ခေါပုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းအမယ်ကလည်း မများပါဘူး။
ကောက်ညှင်းအဖြူ၊ ကောက်ညှင်းငချိတ်၊ ဆီ၊ နှမ်း၊ ဆားတို့ပါ။
ခေါပုတ်အဖြူကြိုက်ရင် ကောက်ညှင်းဆန်အဖြူကိုသုံးရမှာဖြစ်ပြီး
ခပ်ပျော့ပျော့အိအိမွှေးမွှေးလေးကို ကြိုက်တယ် ဆိုရင်တော့
ကောက်ညှင်းငချိတ်ကို သုံးရပါမယ်နော်။ ကောက်ညှင်းဆန်ကို သန့်စင်အောင်
ရေဆေးပြီး အပေါ်ကနေ ရေလက်တစ်ဆစ်လောက်ထည့်ပြီး rice cooker နဲ့ ချက်ပါ။
ကောက်ညှင်းကို ကျက်အောင်ချက်ပြီးတဲ့အခါမှာတော့
အဲ့ဒီကောက်ညှင်းပူပူနွေးနွေးလေးတွေကို သစ်သားငရုတ်ဆုံနဲ့ အထက်အောက်
ညီညီမျှမျှ ညက်အောင် ထောင်းပေးပါ။ ငရုတ်ဆုံမရှိခဲ့ရင်
ကြိတ်စက်နဲ့ကြိတ်ပေးပါနော်။ ထောင်းလို့ညက်ပြီးသား ကောက်ညှင်းတွေကို
ဗန်းထဲမှာ ညီအောင်ထည့်တဲ့အခါမှာ ကောက်ညှင်းတွေ လက်မှာနဲ့ ဗန်းမှာ
ကပ်မနေရအောင် ဗန်းကိုလည်း နှမ်းဆီလေးသုပ်ပေးရသလို လက်မှာလည်း
နှမ်းဆီလေးဆွတ်ပြီး ကိုင်ရင် ပိုအဆင်ပြေပါတယ်နော်။


နှမ်းကိုလည်း အမှိုက်သန့်စင်အောင် ဖယ်ရှားပြီးတော့မှ နှမ်းကို လှော်ပေးပါ။
လှော်ပြီးသားနှမ်းကိုမှ ငရုတ်ဆုံထဲထည့်ပြီး ဆားလေးဖြူးကာ
ထည့်ထောင်းပေးပါ။ ပြီးရင်တော့ ဗန်းထဲထည့်ထားတဲ့ ကောက်ညှင်းရဲ့ အပေါ်မှာမှ
နှမ်းထောင်းလေး နည်းနည်းဖြူးပေးပြီး ကျန်တဲ့ နှမ်းထောင်းကိုတော့
ခေါပုတ်ကြော် ဒါမှမဟုတ် ကင်ပြီးတဲ့အခါ တို့စား နယ်စားဖို့
ပန်းကန်လုံးလေးထဲ သီးသန့်ဖယ်ထားပေးပါနော်။
ရလာတဲ့ ခေါပုတ်ကိုမှ ကင်တာကြိုက်နှစ်သက်ရင် ကင်စားနိုင်ပြီး ကြော်တာ
ကြိုက်နှစ်သက်ရင် ကြော်စားပါနော်။ လတ်လတ်ဆတ်ဆတ်ကို ကင်စားရတဲ့အခါ
အရသာပိုရှိပြီး ခေါပုတ်ကို သိမ်းထားတဲ့ရက် နည်းနည်းကြာ သွားရင်တော့
ကြော်စားပါနော်။ ချမ်းအေးတဲ့ မနက်ခင်းတွေမှာ
ခေါပုတ်ကင်ပူပူနွေးနွေးလေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်ပြီး
စားလိုက်ရရင်ဖြင့် အရမ်းကို အရသာရှိတာနော်။
ခေါပုတ်ကြော်/ ကင်ကို နှမ်းထောင်းနဲ့ စားလို့ရသလို
စားတော်ပဲပြုတ်ဆီဆမ်းနဲ့လည်း စားလို့ရပါတယ်။ ကျွန်မကတော့
ပဲပြုတ်ဆီဆမ်းနဲ့ နယ်စားရင် အီလို့ နှမ်းထောင်းလေးနဲ့ နယ်စားတာ
ပိုကြိုက်ပါတယ်။ ပိုလည်း စားဝင်ပါတယ်။ တချို့တွေမှာတော့
ကြက်ချဉ်စပ်ဟင်းနဲ့ ခေါပုတ်ကင်တွဲဖက်စားတတ်သလို သင်္ဘောသီးထောင်းနဲ့ လည်း
တွဲဖက်စားတတ်ပါသေးကြောင်း မျှဝေလိုက်ရပါတယ်နော်။

Thursday, March 13, 2008

ကြက်သားထောပတ်ထမင်း၊ ငါးခြောက်ကြော်

0 comments




ညီမလေးတစ်ယောက် ထောပတ်ထမင်း ဘယ်လိုချက်ရမလဲ မေးလာလို့ သူ့ကို ဖြေပေးရင်း ကျန်တဲ့ မောင်နှမတွေပါ အဆင်ပြေသွားအောင်လို့ မျှဝေလိုက်ရပါတယ်ရှင်။ အခု ကျွန်မချက်မယ့် ထောပတ်ထမင်းက ကြက်သားဟင်းသီးသန့်ချက်ပြီး စားရတာမျိုးမဟုတ်ဘဲ ကျွန်မလို ဟင်းအနှစ်မကြိုက်တတ်တဲ့သူတွေ၊ မီးဖိုချောင်ထဲ အချိန်ကုန် သိပ်မခံနိုင်တဲ့လူတွေအတွက် ချက်တဲ့ ချက်နည်းလေးပါ။

ထမင်းအတွက်ပြင်ဆင်ခြင်း

ထောပတ်ထမင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဆန်နို့ဆီဗူး လေးဗူး၊ ထောပတ်ငါးကျပ်သား၊ ကြက်သွန်နီအလုံးကြီးတစ်လုံး၊ ကြက်သား အသားသပ်သပ် ၂၅ ကျပ်သား၊ ဆီ ထမင်းစားဇွန်း သုံးဇွန်း၊ မုန်လာဥနီ၊ ပဲစိမ်းစေ့၊ ပြောင်းဖူးစေ့၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ဆား၊ သကြားအနည်းငယ်တို့ပါနော်။
ဆန်ကို ရေနဲ့ သန့်စင်အောင်ဆေးပြီးရေစစ်ထားပါ။ ကြက်သားကို အရေခွံတွေ၊ အရိုးအစအနတွေမပါအောင် သန့်ရှင်းရေးလုပ်ပြီး ရေစင်အောင်ဆေးပြီး တစ်လုံးအရွယ်လေးတွေဖြစ်အောင် လှီးပေးထားပါ။ ပြီးတော့မှ ကြက်သားကို ဆား၊ သကြားတို့နဲ့ ရောနယ်ပေးထားပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလှီးပေးထားပါ။ မုန်လာဥကို ခပ်သေးသေးလေးတွေဖြစ်အောင် လှီးပေးထားပါ။ ပဲစိမ်းစေ့နဲ့ ပြောင်းဖူးစေ့ကိုလည်း အသင့်ပြင်ပေးထားပါ။ ကရဝေးရွက်ကိုလည်း ရေဆေးပေးထားပါ။


အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးထဲကို ထောပတ်နဲ့ ဆီနဲ့ထည့်ပါ။ ထောပတ်နဲ့ ဆီ ကျက်ပြီဆိုရင်တော့ ကြက်သွန်နီ၊ ကရဝေးရွက်နဲ့ ပျဉ်းတော်သိမ်တို့ကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီ စိမ်းနံ့ ပျောက်ပြီး နွမ်းလောက်ပြီဆိုတာနဲ့ ကြက်သားတွေကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သားတွေ နည်းနည်းလေး ရေခြောက်သွားပြီဆိုရင် ဆန်ကိုထည့်ပြီး အားလုံးသမအောင် ရောမွှေပေးပါ။ အရသာအတွက် သကြားနဲ့ဆားကို သင့်တော်ရုံထည့်ပြီး သမအောင် မွှေပေးပါ။ တဆက်တည်း မုန်လာဥနီ၊ ပဲစိမ်းစေ့နဲ့ ပြောင်းဖူးစေ့တွေကိုပါ ထည့်ပြီး မွှေပေးလိုက်ပါနော်။
ဆီသတ်ထားတဲ့ ဆန်ကြက်သားအရောကို ထမင်းပေါင်းအိုးထဲ ညီအောင်ခင်းထည့်ပြီး ရေ လက်တစ်ဆစ်သာသာလေး ထည့်ပြီး ရေခမ်းတည်ပေးပါနော်။ ထမင်းအိုးကျက်တာနဲ့ အနံ့သင်းပြီး အရောင်စုံပြီး အရသာရှိလှတဲ့ ထောပတ်ထမင်းရပါပြီနော်။

ငါးခြောက်ကြော်

လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခွဲခြမ်း၊ မန်ကျည်းသီးမှည့်၊ သကြား၊ ဆား၊ ငံပြာရည်၊ ဆီ၊ နနွင်းမှုန့်နဲ့ အချိုမှုန့်အနည်းငယ်တို့ပါ။
ငါးခြောက်အတွက် ဖျာလှန်းခြောက်လို့ခေါ်တဲ့ ငါးခြောက်ကိုသုံးပါတယ်။ တခြားနာမည်တစ်မျိုးရှိပါသေးတယ် ကျွန်မမေ့နေလို့နော်။ အဲ့ဒါငါးခြောက်ကို ခေါင်းနဲ့ ဗိုက်သားတွေကို ဖယ်ရှားပစ်၊ ရေဆေးပြီး နေပူလှန်းလိုက်ပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ အလုံးလိုက်ရေဆေးပြီး ပါးပါးလှီးကာ နေလှန်းပေးထားပါ။ မန်ကျည်သီးမှည့် ကိုလည်း ရေနွေးနဲ့စိမ်ပြီး အနှစ်ရအောင် ယူထားပါ။ ငရုတ်သီးခွဲခြမ်းကို ကြက်သွန်ဖြူနီအနည်းငယ်တို့နဲ့ မညက်တညက်လေးဖြစ်အောင် ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးနည်းနည်းခပ်ပြီး လှီးထားတဲ့ ကြက်သွန်ဖြူနီတို့ကို ထည့်ပြီး ကြော်ပေးပါ။ ကြက်သွန်ဖြူနီတို့ ရွှေအိုရောင် သန်းလာပြီဆိုရင် သပ်သပ်ဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ပေးထားပါ။ ပြီးရင် ဒယ်အိုးထဲက ဆီလက်ကျန်နဲ့ ငါးခြောက်ကိုထည့်ကြော်ပေးပါ။ ငါးခြောက်ကြော်ကိုလည်း မီးအသင့်အတင့်နဲ့ ကြွပ်အောင်ကြော်ပြီး ပန်းကန်တစ်ချပ်နဲ့ သီးသန့်ဖယ်ပေးထားပါ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်ပေးပါ။ အရသာအတွက် ဆားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ သကြားနဲ့ အချိုမှုန့်အနည်းငယ်၊ မန်ကျည်းနှစ်ခပ်ပျစ်ပျစ်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ။ ငရုတ်သီးဆီသတ်ရပြီဆိုရင် ဒယ်အိုးကို မီးဖိုပေါ်ကနေချပြီးတော့ အအေးခံထားပေးပါ။ ငါးခြောက်ကြော်၊ ကြက်သွန်ကြော်၊ ငရုတ်သီးဆီသတ်တို့ အားလုံး အေးသွားပြီဆိုရင်တော့ အားလုံးကို ဒယ်အိုးထဲမှာ ရောသမမွှေပေးပါ။ အဲ့ဒါဆိုရင်တော့ ချဉ်ငံချိုစပ်အရသာလေးနဲ့ ငါးခြောက်ကြော်လေးရပါပြီ။

ကျွန်မကတော့ ကြက်သားဆီပြန်ဟင်း မကြိုက်တဲ့အတွက် ငါးခြောက်ကြော်လေးရယ်၊ တုံယမ်းဟင်းရည်သောက် လေးရယ်နဲ့ တွဲဖက်စားပါတယ်နော်။

ပြီးရင်တော့ အချိုတည်းစရာကတော့ ကျွဲကောသီး (ပတ္တမြားမျိုး) ပါနော်။

ချစ်မောင်နှမတွေလည်း အလုပ်ပိတ်ရက်တွေမှာ သူငယ်ချင်းတွေဆုံပြီး စုပြီး တစ်ခုခုလုပ်စားကြမယ်ဆိုရင်တော့ အဆင်ပြေခဲ့ရင် ထောပတ်ထမင်းလေး ချက်စားကြပါဦးလို့ တိုက်တွန်းရင်း မျှဝေလိုက်ရပါတယ်နော်။

Wednesday, March 12, 2008

သတ်သတ်လွတ်မုန့်ဟင်းခါး

4 comments
သတ်သတ်လွတ်မုန့်ဟင်းခါးအတွက် လိုအပ်တဲ့ပစ္စည်းများကတော့ ကုလားပဲ၊ ငှက်ပျောအူ၊ ရွှေကြည်မှုန့်၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအရောင်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ဆီနဲ့ အချိုမှုန့်တို့ပါ။
ကုလားပဲကို မနက်ချက်မယ်ဆိုရင် ညကတည်းက ရေဆေးပြီး စိမ်ထားပေးပါ။ မနက်ကျရင် ကုလားပဲပြုတ်မယ့်အိုးထဲကို ကုလားပဲတွေကို ထည့်၊ နနွင်းမှုန့်အနည်းငယ်နဲ့ ရေထည့်ပြီး နူးအောင်ပြုတ်ပါ။ ရေခမ်းပြုတ်နိုင်ရင် ပိုကောင်းပါတယ်။ ကုလားပဲပြုတ်နေစဉ် ဆားမထည့်ရပါဘူးနော်။ ကုလားပဲနူးသွားပြီဆိုနဲ့ ကုလားပဲတွေကိုအအေးခံပြီး ထောင်းပါ။ (တချို့ကလည်း မထောင်းဘဲ ဇကာနဲ့ တိုက်ချပါတယ်)။ ရွှေကြည်မှုန့် ကိုလည်း ရေလေးနဲ့ ဖျော်ထားပေးပါ။ ကုလားပဲနဲ့ ရွှေကြည်မှုန့်အချိုးက သုံးဆ တစ်ဆပါ။ စပါးလင်ကို အပြင်က ရင့်တဲ့အခွံတွေဖယ်၊ ရေဆေးပြီး ပါးပါးလေးတွေလှီးပေးထားပါ။ ချင်းကို အခွံနွှာရေဆေးပြီး မထူမပါးလှီး ပေးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုလည်း အခွံနွှာ၊ ရေဆေးပေးထားပါ။ ကြက်သွန်ဖြူတချို့ကို ကြက်သွန်ကြော်လုပ်ဖို့ ခပ်ပါးပါးလေးလှီးပေးထားပါ။ ကျန်တဲ့ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုတော့ မထူမပါး လှီးပေးထားပါ။ ကြက်သွန်နီဥတချို့ကိုလည်း ထက်ခြမ်းခြမ်းပေးထားပါ။ ငှက်ပျောအူကို အရင့်ပိုင်းတွေ ဖယ်ရှားပစ်ပြီး အနုပိုင်းတွေကိုပါးပါးလှီးပေးပါ။ ငှက်ပျောအူတွေ မဲမသွားအောင် အိုးတစ်လုံးထဲ ရေထည့်ပြီး နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတ၀က်လောက်ထည့်ပြီး လှီးပြီးသားငှက်ပျောအူတွေကိုထည့်စိမ်ပေးပါ။

မီးဖိုပေါ်ကို ငှက်ပျောအူအိုးတင်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။ ဆူလာပြီဆိုရင် ငှက်ပျောအူတွေကို ဟိုဘက်ဒီဘက်လှန်ပြီး ထပ်တည်ပေးပါ။ ငှက်ပျောအူနူးလောက်ပြီဆိုရင်တော့ ရေတွေကိုငှဲ့ထုတ်ပစ်ပြီး ငှက်ပျောအူတွေကို ရေနဲ့ဆေးပြီး ဇကာနဲ့ ရေစစ်ပေးထားပါ။

ငရုတ်ဆုံထဲကို ချင်းအရင်ထည့်ပြီးထောင်းပါ။ ချင်းညက်ခါနီးကျရင် လှီးထားတဲ့ စပါးလင်တွေကိုထည့်ပြီး ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကိုထည့်ပြီးထောင်းပါ။ ပြီးရင် ငရုတ်သီးအရောင်မှုန့်လေး နည်းနည်းထည့်ပြီး အားလုံးသမအောင် ရောထောင်းပေးပါ။ ပြီးရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးချင်းစပါးလင်ကြက်သွန်တို့ကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ထောင်းထားတဲ့ကုလားပဲထဲက တ၀က်ရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ်ထည့်ပြီး ဆီသတ်ပြီး မီးဖိုပေါ်ကနေ ဒယ်အိုးကိုချထားပေးပါ။

အိုးတစ်လုံးထဲကို ရေထည့်၊ ပြီးရင် ထောင်းထားတဲ့ပဲ၊ ဖျော်ထားတဲ့ ရွှေကြည်၊ ဆီသတ်ထားတဲ့ ပဲနဲ့အမွှေးကြိုင်စုံ၊ ဆား၊ သကြား၊ အချိုမှုန့်တို့ထည့်ပြီး အိုးကို မီးဖိုပေါ်တင်ပြီး ဟင်းရည်အိုးဆူအောင်တည်ပါ။ ဟင်းအိုးဆူလာပြီဆိုရင် ငှက်ပျောအူတွေကိုထည့်ပြီး ဆူအောင် ထပ်တည်ပါ။ ငှက်ပျောအူဖတ်က အချိုအငံအရသာတွေကို စုပ်ယူတတ်တာမို့ ဟင်းအိုးဆူလာရင် အပေါ့အငံမြည်းပြီး လိုအပ်တဲ့အရသာတွေကို ထပ်ဖြည့်ပေးပါ။ ပြီးတော့မှ ကြက်သွန်နီတွေကိုထည့်ပေးပြီး ဟင်းအိုးကို မီးနွေးနွေးနဲ့ တည်ထားပေးလိုက်ပါ။ ဟင်းအိုးလည်း ပွက်ပြီဆိုရင် ကြက်သွန်နီလည်း နူးလောက်ပြီ။ အဲ့ဒီအခါ အပေါ့အငံကိုထပ်မြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ငရုတ်ကောင်းမှုန့်လေးခပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ သတ်သတ်လွတ် မုန့်ဟင်းခါးရပါပြီနော်။

မှတ်ချက်။ ။ မြေပဲကြိုက်တတ်ပါက မြေပဲထည့်နိုင်ပါတယ်နော်။

ပူတင်းကော်ဖီကျောက်ကျော

2 comments


ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ပူတင်းကော်ဖီကျောက်ကျောလုပ်နည်းလေးကို မျှဝေပါရစေရှင်။ ဒီကျောက်ကျောကိုတော့ ၂၀၀၈ ခုနှစ်၊ မတ်လ ၂ ရက်၊ တောင်သူလယ်သမားနေ့မှာ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ လူရိုင်းခေါင်းတံဆိပ် Agar Agar ကျောက်ကျောရဲ့ တောင်သူလယ်သမားနေ့ဂုဏ်ပြု ကျောက်ကျောထိုးပြိုင်ပွဲမှာ ၀င်ရောက်ဆင်နွှဲစဉ်က လုပ်ခဲ့တာပါနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ၂၅ ဂရမ်ပါ Agar ကျောက်ကျော ၂.၅ ထုပ်၊ ကြက်ဥ ၇ လုံး၊ နို့စိမ်း တစ်ဗူး၊ သကြား ၅၀ ကျပ်သား၊ ကော်ဖီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ဗန်ဒါဆံ၊ သီဟိုဠ်ဆံ၊ စပျစ်ခြောက်၊ နေကြာစေ့၊ အစိမ်းရောင်ဖယုံစေ့လှော်နဲ့ ဆားအနည်းငယ်တို့ပါ။

ကော်ဖီနှပ်ပေးထားပါ။ ဗန်ဒါဆန်နဲ့ သီဟိုဠ်ဆံကို ခပ်သေးသေးဖြစ်အောင် ကပ်ကျေးလေးတွေနဲ့ ညှပ်ပေးထားပါ။

အောက်ဆုံးအလွှာပြင်ဆင်နည်း


စစချင်းမှာ အောက်ဆုံးအလွှာဖြစ်တဲ့ ပူတင်းအလွှာကို ထိုးမှာမို့ ကြက်ဥကိုခွဲပြီး အကာကိုဖယ်ထုတ်ပြီး အနှစ်ချည်း သီးသန့်ရအောင် ယူပြီး အနှစ်တွေကို ဆားအနည်းငယ်ထည့်ပြီး ခေါက်ပေးပါနော်။ နို့စိမ်းဗူးကို ဖောက်ထားပေးပါ။ ရေသန့် တစ်လီတာပြင်ပေးထားတာ။ သကြား ၂၀ ကျပ်သားပြင်ပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် သကြားကို ရေသန့်နဲ့ ကျိုပြီးတော့ အမှိုက်သရိုက် ကင်းစင်အောင် ရေစစ်နဲ့ စစ်ပေးပါ။ ပြီးရင် ကျောက်ကျောမှုန့်တစ်ထုပ်၊ ကြက်ဥအနှစ်၊ နို့စိမ်းတို့ကိုထည့်ပြီး ကျောက်ကျောကျိုပါနော်။ ၁၀ မိနစ် လောက်ကြာရင်တော့ ကျောက်ကျောရည်ပျစ်လာပြီး ခဲဖို့အဆင်ပြေမယ့်အချိန်ရောက်ပြီမို့ ဗန်းသန့်သန့်ထဲမှာ အောက်ဆုံးတစ်လွှာ ခင်းပေးပါနော်။ ပြီးရင်တော့ စပျစ်ခြောက်တွေကို ပတ်ပတ်လည် ညီညီညာညာလေး ဖြစ်အောင် ဖြူးပေးပါနော်။

ဒုတိယအလွှာပြင်ဆင်နည်း

ကော်ဖီအလွှာအတွက် ပြင်ဆင်မှာမို့ ကျောက်ကျောမှုန့်တစ်ထုပ်၊ နှပ်ထားတဲ့ ကော်ဖီ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံး၊ သကြား ၂၀ ကျပ်သား၊ ရေသန့် တစ်လီတာခွဲနဲ့ ဆားအနည်းငယ် တို့ကို ပြင်ထားပေးပါ။ သကြားထဲက အမှိုက်သရိုက်ကင်းစင်းအောင် ရေသန့်နဲ့ ကျိုပြီး ရေစစ်နဲ့ သကြားရေတွေကို စစ်ပေးထားပါ။ ပြီးရင် ကျောက်ကျောမှုန့်၊ ကော်ဖီ၊ သကြားရည်တို့ကို ပေါင်းပြီး ကျိုပေးပါ။ ညောင်စေးကျသလိုဖြစ်လာပြီဆိုရင်တော့ စပျစ်ခြောက်တွေရဲ့ အပေါ်ကနေ နောက်တစ်ထပ်လောင်းပေးပါနော်။ ဒုတိယအလွှာလောင်းပြီး ၅ မိနစ်လောက် အကြာမှာတော့ ဗန်ဒါဆံနဲ့ သီဟိုဠ်ဆံကို ကျောက်ကျောမျက်နှာပြင်အနှံ့ ညီညီညာညာ ဖြူးပေးပါ။

တတိယအလွှာပြင်ဆင်နည်း

တတိယအလွှာအတွက် ကျောက်ကျောမှုန့် တစ်ဝက်၊ သကြား ၁၀ သား၊ ရေသန့် ၀.၇၅ လီတာတို့ကို ထည့်ပြီး ၁၀ မိနစ်ခန့် ကျိုပေးပြီး ကျောက်ကျောဗန်းထဲ တတိယအလွှာဖြစ်အောင် လောင်းထည့်ပေးပါ။ အဲ့ဒါဆိုရင် သီဟိုဠ်ဆံနဲ့ ဗန်ဒါဆံကို လောင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒီပွဲဟာ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုတဲ့ ပွဲဖြစ်တာမို့ ကျွန်မတို့အဖွဲ့က အပေါ်ဆုံးအလွှာမှာ ဒီဇိုင်းဆင်ဖို့အတွက် ဦးကြီးများကို ကိုယ်စားပြုတဲ့ စပါးနှံပုံစံလေးကို ဖော်ဖို့ စိတ်ကူးရတာမို့ အပေါ်မှာ စပါးနှံပုံဖော်ဖို့အတွက် နေကြာစေ့ကို အသုံးပြုပြီး စပါးရွက်အတွက် အစိမ်းရောင် ဖယုံစေ့ကို အသုံးပြုခဲ့ပါတယ်။



အဲ့ဒါဆိုရင်တော့ ပူတင်းကော်ဖီ အဆံစုံ စီထားတဲ့ ကျောက်ကျောလေးရပါပြီနော်။ အုန်းနို့မပါတဲ့အတွက် သွေးတိုးသမားတွေ စိတ်မပူရသလို အချိုလျော့ထားတဲ့အတွက် ဆီးချိုဖြစ်မှာလည်း မစိုးရိမ်ရတော့ပါဘူး။ အာဟာရဓာတ်ပြည့်တဲ့ အစေ့တွေ၊ အခွံမာအသီးတွေရဲ့အဆံတွေကို အသုံးပြုထားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် တွေလည်း အပြည့်ပါနေပြီမို့ ကျန်းမာရေးနဲ့လည်း သင့်တော်မယ်လို့ ယူဆပြီး ဒီကျောက်ကျောလေးကို အသွင်တစ်မျိုးနဲ့ ဖန်တီးလိုက်တာပါ။ ချစ်မောင်နှမများလည်း အဆင်ပြေမယ်ဆိုရင် ပူတင်းကော်ဖီ ကျောက်ကျောလေးကို လုပ်စားကြည့်ကြပါဦးနော်။


Credit: ဒီကျောက်ကျောလုပ်ဖို့ အိုင်ဒီယာပေးတဲ့ ကျွန်မရဲ့ ၀ိုင်းတော်သားထဲက ကိုတုတ်ကြီးနဲ့ ကိုယွန်းမင်းငယ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မ ကျောက်ကျောထိုးပြိုင်ပွဲဝင်ဖို့ ကိစ္စကို ပြောတဲ့အခါမှာ အားပေးခဲ့တဲ့ နှမတော် အမွန်ကိုလည်း ကျေးဇူးတင်ပါတယ်။

Sunday, March 9, 2008

မုန့်သိုင်းခြုံ

3 comments


ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမတွေကို မြန်မာမုန့်တွေထဲက မုန့်သိုင်းခြုံလုပ်ကျွေးပါရစေနော်။ ဒီမုန့်ကလေး လုပ်စားဖို့အတွက် လိုအပ်တဲ့အမယ်တွေက မများသလို၊ လုပ်ရတာလည်း လက်မ၀င်တဲ့အတွက် လွယ်လွယ်ကူကူ လုပ်စားနိုင်ပါတယ်နော်။
မုန့်သိုင်းခြုံလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဘဲဥ ၇ လုံး၊ ဂျုံမှုန့်ငါးကျပ်သားခန့်၊ စားဆော်ဒါအနည်းငယ်၊ အုန်းသီး၊ သကြား၊ ဆီနဲ့ ဆားအနည်းငယ် တို့ပါနော်။
ဂျုံမှုန့်ရယ်၊ ဘဲဥရယ်၊ ရေအနည်းငယ်ရယ်၊ ဆားလေးရယ်နဲ့ သကြားလေးရယ်နဲ့ အတူ ရောခေါက်ပေးပါ။ မုန့်နှစ်ပွအောင် စားဆော်ဒါလေး လက်ဖက်စားဇွန်းတစ်ဇွန်းလောက်ထည့်မွှေပေးပါနော်။ မုန့်နှစ်ရည်က အရမ်းကျဲကျဲမဟုတ်ဘဲ ဇွန်းလေးနဲ့ခပ်ပြီး အောက်ဘက်ကို လောင်းချကြည့်ပါ။ ကြွက်မြီးတန်းလေး အနေအထား ဆိုရင်တော့ မုန့်နှစ်ရည်စပ်တာ အတော်ပါပဲနော်။ အုန်းသီးကို လက်ခြစ်နဲ့ ခြစ်ထားပေးပါ။ ပြီးတော့မှ မီးဖိုပေါ် ဒယ်အိုးလေးတင်ပြီး အုန်းသီးနဲ့ သကြားကို မီးလေးအသင့်အတင့်နဲ့ အသာအယာ လှိမ့်ပေးထားပါ။ အုန်းသီးလေးတွေ သကြားဓာတ်ဝင်ပြီး ခပ်တောင့်တောင့်လေးဖြစ်သွားပြီဆိုရင်တော့ ဒယ်အိုးကို မီးဖိုပေါ်ကနေ ချပြီး အုန်းယိုလေးကို အအေးခံထားပေးပါနော်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးအသင့်အတင့်နဲ့ မီးဖိုပေါ်မှာ ဒယ်အိုးအပြန့်ကို တင်၊ ပြီးတော့ ဆီလေး နည်းနည်းလေးကိုထည့်၊ ပြီးတော့မှ မုန့်နှစ်ကို ဇွန်းလေးနဲ့ခပ်ပြီးတော့ အ၀ိုင်းလေးဖြစ်အောင် ၀ိုင်းပေးပါ။ ပြီးတော့မှ အလယ်ကနေ အုန်းသီးယိုလေးကိုထည့်ပြီး မုန့်အနားဖတ်လေးတွေကို အလယ်ကိုရောက်အောင် ခေါက်ထည့်ပေးပါ။ ပြီးတော့မှ မုန့်ကို ဟိုဘက်လှန်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေး မွှေးမွှေးအီအီအရသာလေးနဲ့ မုန့်သိုင်းခြုံလေး ရပါပြီနော်။ ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။
မှတ်ချက်။ ။ ဘဲဥအစား ကြက်ဥကိုလည်း အစားထိုးသုံးနိုင်ပါတယ်။

ရုံးပတီသီးကြော်

2 comments


ခြံထွက် ရုံးပတီသီးနုနုလေးတွေကို ဘယ်လိုချက်စားရင်ကောင်းမလဲ စဉ်းစားလိုက်တော့ အလွယ်တကူ ကြော်စားဖို့ပဲ စိတ်ကူးရလိုက်ပါတယ်။
ရုံးပတီသီးကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ရုံးပတီသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ငံပြာရည်၊ ဆားအနည်းငယ်၊ ဆီနဲ့ အချိုမှုန့်အနည်းငယ်တို့ပါ။
ရုံးပတီသီးကို အတောင့်လိုက်ရေဆေးပြီးတော့မှ အမြီးဖြတ်၊ ထိပ်ဖျားလေးဖြတ်ပြီးတော့မှ ရုံးပတီသီးကို အရွယ်တော်လေးသုံးပိုင်းပိုင်းထားပေးပါ။ ကြက်သွန်ဖြူနဲ့ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီကို မထူမပါးလေးလှီးပေးထားပါ။ ပုစွန်ခြောက်ကိုလည်း မညက်တညက်လေး ထောင်းပေးထားပါ။

အားလုံးအသင့်ဖြစ်သွားပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့တွေပျောက်ပြီဆိုရင်တော့ ပုစွန်ခြောက်တွေထည့်ပြီးတော့ ဆီသတ်၊ တစ်လက်စတည်း ရုံးပတီသီးတွေထည့်ပြီး ကြော်ပါ။ ပြီးတော့မှ ဆား၊ ငံပြာရည်လေးနည်းနည်း၊ အချိုမှုန့်အနည်းငယ်တို့ထည့်ပြီး ရုံးပတီသီးနူးရအောင်ရေလေးထည့်ပြီး မွှေပြီးတော့ ခဏလောက် အဖုံးအုပ်ထားပေးပါ။ ခဏနေရင်တော့ အဖုံးဖွင့်ပြီး အပေါ့အငံအရသာကိုမြည်းပြီး ရုံးပတီသီးကြော်အိုးလေးကို မီးဖိုပေါ်ကနေ ချလို့ရပါပြီနော်။

Saturday, March 8, 2008

ပုစွန်ချဉ်စပ်ဟင်း

1 comments


ကျွန်မရဲ့မောင်နှမတွေကို ဒီအတိုင်းပစ်ထားတာ ကြာနေပြီမို့ ဒီနေ့တော့ ပုစွန်ချဉ်စပ်ဟင်းလေးနဲ့ တည်ခင်း ပါရစေနော်။ အခုပုံထဲက ဟင်းကတော့ ကျွန်မအစ်ကိုရဲ့ လက်ရာပါနော်။
ပုစွန်ချဉ်စပ်ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြမယ်နော်။ ပုစွန်အခွံပျော့၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးခြောက်အပုတောင့်၊ မန်ကျည်းသီး၊ ငံပြာရည်၊ မာဆလာ၊ ငရုတ်သီးစိမ်းအပွတောင့်၊ နံနံပင်၊ ဆား၊နနွင်းမှုန့်၊ ဆီနဲ့သကြားတို့ပါနော်။
ပုစွန်အခွံပျော့ကို ရေစင်အောင်ဆေးပြီး ခေါင်းဘက်ပိုင်းက မျက်လုံးတွေ၊ ဦးခေါင်းဘက်အခွံက အချွန်ရယ်၊ ခြေချောင်းလေးတွေကို ကပ်ကျေးနဲ့ ညှပ်ပစ်လိုက်ပါ။ ခေါင်းထဲက မစင်အိပ်ကိုလည်း ဖယ်ရှားပစ်လိုက်ပါနော်။ ပြီးတော့မှ ပုစွန်ရဲ့ကျောဘက်ကနေ အခွံပျော့နေရာကို ကပ်ကျေးနဲ့ အသာလေးခွဲထုပ်ပြီး နောက်ချေးတွေကို ဖယ်ထုပ်လိုက်ပါ။ ပြီးတော့မှ ပုစွန်ကို ဆားနည်းနည်း၊ သကြားလေးရယ်၊ ငံပြာရည်လေးရယ်နဲ့ နယ်ပေးထားပါနော်။

ငရုတ်သီးခြောက်အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ငရုတ်သီးကို ရေနွေးနဲ့ စိမ်ဆေးပေးပြီး ငရုတ်သီးဖတ်တွေကို ရေစစ်ပေးထားပါ။ ကြက်သွန်ဖြူနီနဲ့ ချင်းကို အခွံနွှာ၊ ရေဆေးပြီး ချင်းကို ပါးပါးလှီး၊ ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။ ငရုတ်ဆုံထဲမှာ ရေစစ်ထားတဲ့ ငရုတ်သီးကို ထည့်ပြီးထောင်းပါ။ ငရုတ်သီးဖတ် မျက်လုံးထဲ မစင်ရအောင်လည်း သတိထားပြီးထောင်းပါ။ ငရုတ်သီးညက်ပြီဆိုရင် ချင်းထည့်ထောင်း၊ ပြီးရင်တော့ ကြက်သွန်ဖြူထည့်ထောင်း၊ ပြီးတော့ ကြက်သွန်နီကိုပါ ထည့်ထောင်းပေးပါ။ မန်ကျည်းသီးကိုလည်း ရေနဲ့တစ်ကြိမ်အသာလေးဆေးပြီး ရေနွေးနဲ့စိမ်ထားပြီး အနှစ်ရအောင် တိုက်ယူပေး ပါနော်။ ငရုတ်သီးစိမ်းအပွတောင့်ကို ရေဆေး၊ အစေ့ထုပ်ပြီး မထူမပါးလေးတွေ လှီးပေးထားပါ။ နံနံပင်ကိုလည်း အမြစ်ဖယ်ထုတ်၊ မကောင်းတာတွေ ရှင်းပစ်ပြီး ရေဆေးပြီး ရေစစ်ထားပေးပါနော်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ ဆီထည့်ပါ။ ဆီပူလာရင် နနွင်းမှုန့်လေး နည်းထည်းထည့်၊ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ပုစွန်တွေကိုထည့်ပြီး တစ်ကောင်ချင်း ငရုတ်သီးကြက်သွန်နီနဲ့ သမသွားအောင် လုပ်ပေးပြီး ဆီသတ်ပါ။ ပြီးရင် မန်ကျည်းသီးနှစ်ရည်ကိုထည့်၊ ပုစွန်တွေနဲ့ သေချာနှံ့အောင် မွှေပေးပြီး ဟင်းအိုးဆူအောင် တည်ပေးပါ။ ဟင်းအိုး ဆူလာရင်တော့ အပေါ့အငံလေးမြည်းပြီး မာဆလာလေးအုပ်လိုက်ပါနော်။ ပြီးတော့မှ ငရုတ်သီးပွလေးထည့်၊ နံနံပင်လေးအုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။

Tuesday, March 4, 2008

မေတ္တာရေလှိုင်း

0 comments
လှိုင်းတွေလည်း ပြေးဆော့နေဆဲ့ ဘယ်သောင်ပြင် ဘယ်ကမ်းပါးဆီကိုရွယ့့် နားခိုစရာ သူရှာလို့ရယ့့် အပြေးလေးလှမ်းခဲ့တယ့့် သောင်ခုံပြင်ဝယ့့် ဟိုသည်မှာကွယ့့် ၀င်ကာရယ့့် ငိုလွမ်းကြရတယ့့် 

ဒီနေ့ ကျွန်မမောင်နှမတွေကို မေတ္တာရေလှိုင်းကျောက်ကျောလုပ်နည်းလေး ဝေမျှပါရစေ့  ဒီကျောက်ကျောလေးကို မတ်လ (၂) ရက်နေ့ တောင်သူလယ်သမားနေ့ဂုဏ်ပြုအစီအစဉ်အနေနဲ့ လူရိုင်းခေါင်းတံဆိပ်ကျောက်ကျောထိုးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျောက်ကျောဖြစ်ပါတယ်နော်။

အဲ့ဒီအထဲက ဒုတိယတစ်မျိုးဖြစ်တဲ့ မေတ္တာရေလှိုင်းကျောက်ကျောလုပ်နည်းလေးကို ဝေမျှလိုက်ပါတယ်နော်။
လိုအပ်တာတွေကတော့ အုန်းနို့၊ ပင်ပွား၊ အုန်းစိမ်း၊ သကြား၊ အစိမ်းရောင်ဖျော်ရည်အနည်းငယ်၊ ဆားအနည်းငယ်နဲ့ ကျောက်ကျောတို့ပါနော်။

လူရိုင်းခေါင်းတံဆိပ် 25 ဂရမ်ကျောက်ကျောတစ်ထုပ်ဆိုရင် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ညီမျှပါတယ်။ အဲ့ဒီကျောက်ကျောတစ်ထုပ်ဆိုရင် သကြား ၂၅ ကျပ်သားနဲ့ ရေတစ်လီတာခွဲသုံးရပါမယ်။
ဒီကျောက်ကျောလေးက သုံးလွှာလုပ်မှာမို့ကျောက်ကျောကို သုံးထုပ်သုံးပါမယ်။ ဒါမှမဟုတ် ကျောက်ကျောတစ်ထုပ်တည်းကို သုံးမယ်ဆိုရင်လည်း ကျောက်ကျောကို သုံးပုံပုံပါ။ သကြားကိုတော့ အထက်မှာ ဖေါ်ပြထားတဲ့အတိုင်း အချိုးညီအောင်ထည့်ပါ။

ပထမတစ်လွှာကို အုန်းနို့ကျောက်ကျောဖြစ်အောင်ကျိုမယ်၊ ဒုတိယတစ်လွှာကို ကျောက်ကျောအကြည်မှာ အစိမ်းရောင်ဖျော်ရည်အနည်းငယ်ထည့်ပြီး ပင်ပွားလေးတွေထည့်ပြီးကျိုမယ်။ ပြီးရင် အုန်းသီးစိမ်းလေးတွေကို လှိုင်းတွန့်ပုံဖော်ပြီး စီစီရီရီလေးတွေဖြစ်အောင်စီထားမယ်။ နောက်ဆုံးတစ်လွှာကိုတော့ အုန်းစိမ်းရေနဲ့ကျောက်ကျောကျိုပြီး အပေါ်ဆုံးကနေ အုပ်လိုက်ရုံပါပဲနော်။

ပထမအလွှာလုပ်နည်း
သကြားကို ရေသန့်တစ်ဗူးနဲ့ဖျော်ပြီး ဖုန်တွေအမှုန်တွေမပါအောင် ရေစစ်နဲ့ စစ်ထားပေးပြီး ကျောက်ကျောမှုန့်နဲ့ ရောဖျော်ပေးပါ။ ပြီးတော့အုန်းနို့ရည်လီတာဝက်ကိုထည့်ပြီး အားလုံးရောမွှေပြီး မီးဖိုပေါ်တင်ပြီး ကျိုပေးပါနော်။ 10 မိနစ်ကျော်၊ 15 မိနစ်လောက်ဆိုရင်တော့ ကျောက်ကျောအိုးချပြီး ဗန်းထဲမှာ ပထမတစ်လွှာခင်းလိုက်ပါနော်။

ဒုတိယအလွှာလုပ်နည်း
ကျောက်ကျောမှုန့်ရယ်၊ သကြားရယ်၊ ရေရယ်ကို ကျိုပြီး အစိမ်းရောင်ဖျော်ရည်လေးနည်းနည်းထည့်ပြီး အရောင်နည်းနည်းယူပြီး ထည့်ကျိုပါ။ ပြီးတော့မှ ပင်ပွားတွေကိုထည့်ကျိုပြီး ဗန်းထဲကို ဒုတိယအလွှာအဖြစ် လောင်းထည့်ပေးပါနော်။

တတိယအလွှာလုပ်နည်း
အုန်းသီးစိမ်းဇွန်းခြစ်ကို ဇွန်းနဲ့အသာခြစ်ယူပြီး ဓားနဲ့ လှိုင်းတွန့်လေးတွေဖြစ်အောင် လှီးဖြတ်ပေးပါ။ ပြီးတော့မှ ကျောက်ကျောဗန်းထဲက ဒုတိယအလွှာပေါ်မှာ အုန်းသီးဖတ်လေးတွေကို တန်းစီပေးထားပါ။ အုန်းစိမ်းအရည် တစ်လီတာခွဲ၊ သကြားနဲ့ ကျောက်ကျောတို့ကို ရောသမပြီး ကျောက်ကျောတစ်အိုးထပ်ထိုးပေးပါ။ ပြီးတော့မှ နောက်ဆုံးအလွှာအနေနဲ့ ကျောက်ကျောတွေကို ဗန်းပေါ် အသာခင်းပေးပါ။ အုန်းသီးတွေ ရွေ့မသွားအောင် သတိထားပြီး ကျောက်ကျောကို ဇွန်းနဲ့ လောင်းချပေးပါနော်။
ခဲသွားပြီးဆိုရင်တော့ အသင့်စားသုံးနိုင်တဲ့ အုန်းပင်ပွားကျောက်ကျော (မေတ္တာရေလှိုင်း) ရပါပြီနော်။

Monday, March 3, 2008

ကျောက်ကျော

3 comments
ဝါသနာကိုတားမရတဲ့ လုလုတစ်ယောက်
အလုပ်က ညီမလေးတွေ နှစ်ခါမြှောက်မပေးလိုက်ရပါဘူး။
မအားလပ်တဲ့ကြားကပဲ ကျောက်ကျောထိုးပြိုင်ပွဲ
ဝင်အစွမ်းပြခဲ့ပါတယ်။
ပြိုင်ပွဲဝင် ကျောက်ကျောဓါတ်ပုံတချို့ကို
အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်

ဒါကတော့ လုလုလက်ရာထဲက တစ်ခုပါ  ကလိလိုက်တာ ဓာတ်ပုံပျက်သွားပြီ  :((

ဒါတွေက
ပြိုင်ပွဲဝင်တွေရဲ့ လက်ရာတချို့ပါ