Sunday, March 30, 2008

ပုစွန်ထုပ်ကြော်




ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ပုစွန်ထုပ်ကြော်လေး ချက်ကျွေးပါရစေနော်။
ကျွန်မတို့မိသားစုထဲမှာ အမေက ၀က်သား၊ အမဲသား မစားတော့ ကျွန်မတို့
မောင်နှမတတွေမှာ အဲ့ဒီအသားကို စားချင်ရင် အမေ့ရဲ့ မိုးလေ၀သ အခြေအနေကို
အရင်ကြည့်ရပါတယ်။ ပြီးတော့ အမေ့ကို နည်းနည်းပါးပါး
တီးခေါက်ကြည့်ရပါသေးတယ်။ အမေ စိတ်မကြည်ဘူးဆိုရင် ၀က်သားဟင်းချက်ဖို့
ခွင့်မတောင်းရဲဘူးလေ။ ဒါပေမယ့် တခါတလေတော့ စည်းရုံးလိုက်တာ ရပေမယ့်
ခဏခဏဆိုရင် အမေလည်း စိတ်ညစ်လာရော။ အဲ့ဒီတော့ တစ်ပတ်တစ်ခါ အကိုက
ဈေးဝယ်တိုင်း အမေကြိုက်တတ်တဲ့ ပုစွန်ကို အမြဲတမ်း
ဝယ်ချက်ကျွေးလေ့ရှိပါတယ်။ အခုလည်း ကျွန်မရဲ့ အစ်ကိုက
သူကိုယ်တိုင်ဈေးဝယ်သွားပြီး သူကိုယ်တိုင် ချက်ပြုတ်ထားတဲ့
ပုစွန်ထုပ်ကြော်လေးကို ကျွန်မက မောင်နှမတွေကို မျှဝေပေးလိုက်ရပါတယ်။
ပုစွန်ထုပ်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်ထုတ်၊ ဆီ၊ ဆား၊
ချင်း၊ သကြားအနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ပါနော်။

ပုစွန်ကို ခေါင်းက အခွံမာရယ်၊ ခြေထောက်တွေရယ်ကို ကပ်ကြေးနဲ့
ညှပ်ထုတ်ပစ်ပါ။ ပြီးရင် ကိုယ်ထယ်က အခွံမာတွေကို ဖယ်ရှားပစ်ပါ။ ပြီးတော့မှ
ပုစွန်နောက်ကျောအလယ်ကနေ ဓားလေးနဲ့ ခွဲပြီး ချေးတွေကို ဖယ်ထုတ်ပစ်ပြီး
ရေနဲ့ သန့်စင်အောင် ဆေးပေးပြီး ရေစစ်ထားပါ။ ပုစွန်တွေ ရေစစ်သွားတဲ့အခါ
ဆား၊ သကြားတို့နဲ့ နယ်ပေးထားပါနော်။ ချင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို
အခွံနွှာ၊ ရေဆေးပြီးတော့ ပါးပါးလေးတွေဖြစ်အောင်လှီးပြီး
ညက်အောင်ထောင်းပေးထားပါနော်။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီး နယ်ထားတဲ့
ပုဇွန်ကိုထည့်၊ ရေလေး နည်းနည်းထည့်ပြီး ဒယ်အိုးအဖုံးအုပ်ပြီး
မီးအသင့်တင့်နဲ့ ပုစွန်ကို ခဏလောက်ပြုတ်ပေးပါနော်။ ရေဆူလာပြီဆိုရင်
ပုစွန်ရော အရည်ကိုပါ ဟိုဘက်ဒီဘက်လှန်ပေးပြီး ဆယ်ယူလိုက်ပါနော်။
ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်ပြီးတော့
ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းကို ထည့်ပြီး မီးအသင့်အတင့်နဲ့
ဆီသတ်ပေးပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ပြုတ်ပြီးတဲ့ ပုစွန်နဲ့
အရည်တွေကို ထည့်ပြီး သမအောင် မွှေပေးပါ။ ဆီပြန်လာတဲ့အခါမှာတော့
အပေါ့အငံအရသာကိုမြည်းပြီး ဟင်းအိုးချလိုက်ပါနော်။ ကြိုက်တတ်ရင်တော့
ကြက်သွန်မြိတ်ထည့်အုပ်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့မွှေးမွှေး
ပုစွန်ဆီအရောင်နီရဲရဲလေးနဲ့ ပုစွန်ထုပ်ကြော်တစ်ခွက်ရပါပြီနော်။

4 comments:

  1. မမရယ် ပုစွန်ထုပ်မရှိရင်ရော ဘယ်လိုချက်ရမလဲဟင်။
    စားချက်လိုက်တာနော်

    ReplyDelete
  2. မလုရေ.. ပုဇွန်ထုပ်ကြီးတွေက အကြီးကြီးပဲ.. စားချင်လိုက်တာ... ဒီမှာက ခေါင်းဖြုတ်ထားတာတွေပဲ ရတော့ စားရတာ အရသာ မရှိဘူး။ ဓာတ်ပုံကြည့်ပြီး သွားရည်ကျနေရတယ်.. ရှလွတ်... :P

    ReplyDelete
  3. ဟုတ်တယ်နော်။ ပုဇွန်ထုပ်မှာ ခေါင်းတွေ မရှိဘူးရယ်။
    :-(။

    ReplyDelete
  4. We can get big shrimp with head in Asian stores (in US), they imported from Thailand (well.. actually they steal from Burma sea).

    ReplyDelete