Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Friday, February 1, 2013

အသားဟင်းများ နူးအိစေလို့ 

3 comments




အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေထဲက ပြည်ပရောက် မောင်လေးရန်နိုင်က အသားဟင်းတွေချက်တဲ့အခါ နူးအိအိလေး ဖြစ်ချင်လို့ မေးလာတဲ့ မေးခွန်းလေးနဲ့ ကျွန်မ ပြန်ဖြေထားတဲ့အမေးအဖြေလေးကို အခြားသော မောင်နှမတွေအားလုံးအတွက် မျှဝေပေးလိုက်ရပါတယ်ရှင့့်  
ကိုရန်နိုင်က ကျွန်မတို့မီးဖိုဆောင်ကို ဖေ့စ်ဘွတ်ခ်ကနေ ဒီလိုလေး မက်ဆေ့ခ်ျပို့လာပါတယ်နော့့် 
မင်္ဂလာပါခင်ဗျာ။ ကျနော် ပြည်ပ ရောက်ကတည်းက အစ်မရဲ့ blog လေးကနေ ဟင်းချက်နည်းလေးတွေ ကြည့်ပြီး အမြဲ ချက်စားခဲ့ပါတယ်။ ကျနော်တို့လို အဝေးရောက် မြန်မာတွေအတွက် အလွန် အဖိုးတန်တဲ့ blog လေးပါ။ အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ပြီးတော့ အစ်မကို မေးစရာလေးတစ်ခုရှိလို့ပါခင်ဗျ။ ကျနော် အသားဟင်း (အမဲ၊ ၀က်) ဆိုရင် နူးအိနေမှ ကြိုက်တတ်ပါတယ်။ စိတ်ထဲမှာ ယေဘုယျ နားလည်ထားတာတော့ ကြာကြာ ချက်လေနူးလေပေါ့လေ။ အဲဒါနဲ့ နူးအိနေအောင်ဆိုပြီး ဟင်းအိုးကို အကြာကြီးတည်လေ့ရှိပါတယ်။ ရေခမ်းခါနီးရင်ရေထပ်ထပ်ထည့်ပြီးတော့။ ဒါပေမယ့်လေ။ အချိန်တန်လို့ ဟင်းအိုးချတဲ့အခါ အသားတွေက နူးတော့ နူးပါရဲ့။ မအိဘူးအစ်မ။ ဖွယ်တယ်တယ်ကြီးတွေဖြစ်ကုန်တယ်။ ဇွန်းနဲ့ထိုးလိုက်ရင် အိကျမသွားပဲ ကြေမွကုန်တယ်အစ်မ။ အထဲမှာ အဆီအနှစ်မပါတော့သလိုပဲ။ တကယ်ဆို အသားလေးက ဂျယ်လီဆန်ဆန်လေး အိသွားရမယ့်ဟာကို ခုဟာက ခြ တောင်ပို့ကို ခြေလိုက်ရသလို ဖွယ်ကနဲ ကြေသွားတာ။ အဲဒါဘာဖြစ်လို့လဲခင်ဗျာ။ ပြီးတော့ နူးနူးအိအိလေးဖြစ်အောင် ဘယ်လို ချက်ရမလဲ အချိန်ရရင် ဖြေပေးစေလိုပါတယ်ခင်ဗျာ။ အစ်မ အားမှပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျ

ကျွန်မတို့ မီးဖိုဆောင်က မောင်လေး ရန်နိုင်ရဲ့ မေးခွန်းကို အခုလိုပဲ ပြန်ဖြေပေးခဲ့ပါတယ်ရှင့့် 
မောင်လေး ရန်နိုင်ရေ့  ဒီလိုနော့့်  အသားတွေ နူးနူးအိအိဖြစ်အောင် ချက်တာ မောင်လေးချက်တဲ့အဆင့်တွေ မှန်တယ်နော်။

အမက နည်းနည်းလေး မေးချင်တာက အသားက အခဲလုပ်ထားတဲ့ အသားကို ချက်တာလား၊ ချက်ချင်း လတ်လတ်ဆတ်ဆတ် အသားကို ချက်တာလား သိချင်ပါတယ်။

Freeze လုပ်ထားတဲ့အသားကို ချက်မယ်ဆိုရင် အရင်ဦးဆုံး Defrost လုပ်ဖို့ လိုပါတယ်။ မနက်ချက်မယ်ဆိုရင် ညအိပ်ယာမ၀င်ခင်ကတည်းက အသားကို အခဲကန့်ကနေ ထုတ်ပြီး ပြင်ပအပူချိန်မှာ ဇလုံလေးတစ်လုံးထဲ ထည့်ပြီး အရည်ပျော်အောင် လုပ်ဖို့လိုပါတယ်။ လုံးဝ အခဲအာနိသင်ပျက်ပြီးမှ ချက်ဖို့ပြင်ရပါမယ်၊

အသားတွေကို အရသာဝင်အောင် မနယ်ခင်မှာ တတ်နိုင်သလောက် အသားမှာ ရေတွေ စွတ်စိုမှုမရှိအောင် လုပ်ပြီးမှ အရသာနယ်ပါနော်၊

နောက်တစ်ချက်ကတော့ ဟင်းအသားနူးအိလေး ဖြစ်ချင်တယ်ဆိုရင် ဟင်းအိုးကို ရေခမ်းပြီး ဆီပြန်ခါနီးကျရင် ရေမဟုတ်ဘဲ ရေနွေးပူပူလေးကို ထည့်စေချင်ပါတယ်၊ နောက်တစ်ခုက ဟင်းအိုးအဖုံးကို လုံအောင်ပိတ်ပါ။ အငွေ့တွေ အပြင်မထွက်အောင်ရော၊ အသားနူးလွယ်အောင်ရောအတွက် မီးကို အသင့်အတင့်ထားပြီး ဟင်းအိုးအဖုံးပေါ်မှာ တတ်နိုင်ရင် ၀ိတ်ပါတဲ့ ငရုတ်ဆုံလိုဟာမျိုး တင်ထားလိုက်ရင် ဟင်းအိုးအငွေ့လုံပြီး အသားလည်း နူးလွယ်၊ အိလွယ်ပါတယ်၊

နောက်ဆုံး အရေးကြီးဆုံးအချက်ကတော့ ဟင်းအိုးကို ကိုယ့်စိတ်ကြိုက် နူးအိနေအောင် ချက်သွားပြီးတာနဲ့ ဟင်းအိုးကို အင်္ဂတေသမံတလင်းပေါ်၊ ကြွေပြားပေါ် ချက်ချင်း မချပစ်ပါနဲ့၊ အဲ့ဒီလို လုပ်တာ ဟင်းတွေလည်း ပျက်တတ်တယ်၊ ဟင်းအိုးလည်း သိုးတတ်တယ်နော်။ ဟင်းနူးနပ်မှုကိုလည်း ထိခိုက်စေတယ်နော်။ တတ်နိုင်သလောက် မီးဖိုပေါ် တင်ထား၊ တကယ်လို့များ နောက်တစ်အိုး ထပ်ချက်မယ်ဆိုရင် ဟင်းအိုးလေးတွေကို သစ်သားခုံလေးတွေပေါ် တင်ပေးပါ၊ ဒါမှမဟုတ် နောက်ဟင်းတအိုးချက်ခဲ့ အိုးပေါ် ဆင့်တင်လိုက်ရင်လည်း အောက်က ဟင်းအိုးအပူနဲ့ အသားလေးတွေ နူးအိပြီး ပိုအရသာ ရှိစေမှာ ဖြစ်ပါတယ်နော်၊

မောင်လေး အမကို ပြောတဲ့ ပုံစံလေး ဖြစ်နေတယ်ဆိုတာလေး အခု အမပြောသလို နည်းနည်းလေး ပြုပြင်လိုက်မယ်ဆိုရင် မောင်လေး စားချင်တဲ့ နူးအိပြီး အရသာရှိလှတဲ့ ဟင်းပွဲလေးတွေ ရရှိလာမှာ မလွဲမသွေပါပဲနော်။

မောင်လေးရန်နိုင်ဆီက ကျွန်မတို့မီးဖိုဆောင်ဆီ ထပ်ပြီး မက်ဆေ့ခ်ျပြန်ရတာကတော့ ဒီလိုပါနော်
ခုလိုစိတ်ရှည်လက်ရှည်နဲ့စာပြန်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ၀မ်းလည်းသာမိပါတယ်။ ကျနော်ဟင်းချက်ရင် မီးအမြဲပြင်းတယ်ခင်ဗျ။ မီးပြင်းတော့ အငွေ့တွေက အဖုံးကို တွန်းထွက်တာနဲ့ အဖုံးကို ဟဟ ထားတတ်ပါတယ်။ မဟုတ်ရင်ရေတွေ မီးဖိုပေါ်စီးကျလို့ပါ။ အစ်မပြောသလိုဆို ကျနော်ချက်တဲ့ အသားတွေ မအိတာ အဲဒါကြောင့်ထင်ပါတယ်နော်။ နောက်ဆို မီးကိုနည်းနည်းလျှော့ပြီး အစ်မပြောတဲ့ ကျန်တဲ့အပိုင်းလေးတွေလည်း ကိုက်ညီအောင် ချက်ကြည့်ပါဦးမယ်။ အသားကတော့ လတ်လတ် ဆတ်ဆတ်ပဲချက်ဖြစ်တာများပါတယ်။ ကျနော်ဟင်းချက်တဲ့နေရာမှာ လိုအပ်တာတွေအများကြီးရှိနေတာ ခုမှပိုသိလာရပါတယ်။ အစ်မ မအားတဲ့ကြားက သေချာရှင်းပြပေးတာ တကယ်ကျေးဇူးပါခင်ဗျာ။

အစ်မပြောတဲ့နည်းအတိုင်း ချက်ကြည့်တာ အားလုံးအဆင်ပြေသွားတယ်ခင်ဗျာ။ အသားတွေက နူးအိသွားတာပဲ။ ကျေးဇူးတင်လို့မဆုံးပါဘူးခင်ဗျာ။ အသားဟင်း ချက်တိုင်း အစ်မကို ကျေးဇူးတင်မိနေတောမှာ

ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျ

        မောင်လေးရန်နိုင်လိုပဲ အသားဟင်းကို နူးနူးအိအိလေး ချက်ချင်တဲ့ မောင်နှမတွေအတွက် ဗဟုသုတ တစ်ခုအနေနဲ့ ပြန်လည်မျှဝေလိုက်ရပါတယ်နော့့် 

Tuesday, August 17, 2010

၁၈ x ၂ အလှူအမှတ်တရလေးများ

2 comments
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။

၁၅- ၈ -၂၀၁၀ ရက်နေ့မှာ ၀ါဆိုသင်္ကန်းကပ်လှူ၊ ဘုရားအနေကဇာတင်ပွဲတို့ပြုလုပ်ခဲ့ပါတယ်နော်။

မောင်နှမများအားလုံး ဒီအလှူမှာ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်အတွက် ထပ်တူထပ်မျှ ကြည်နူးပီတိ ခံစားနိုင်ရအောင်လို့မျှဝေလိုက်ရပါတယ်ရှင်။

အလှူမှာ ချက်ခဲ့တဲ့ ဟင်းလျာများကို နောက်နေ့ကျ ချက်နည်းနဲ့တကွ တင်ပေးပါ့မယ်နော်။

Saturday, August 14, 2010

ဆယ့်ရှစ်နှစ်လီ့  အမှတ်တရလေးများ

21 comments

          သြဂုတ်လ ၁၃ ရက်နေ့ သောကြာနေ့  မနက်အိပ်ရာ နိုးကတည်းက ဆန်းဒေး အလှူလေးအတွက် ကင်မ်ချီတည်၊ ပြီးတော့ ရေချိုးခန်း၊ အိမ်သာဆေး၊ ခေါင်းလျှော်ရေချိုး၊ သနပ်ခါးကို ဘဲကျားရိုက်၊ တွေ့တဲ့ရှပ်အကျီင်္ကို ကမန်းကတန်း ကောက်စွပ်၊ အညိုရောင် ထဘီတစ်ထည်ကို ကမန်းကတမ်းစွပ်ပြီး ရုံးဖယ်ရီအမီ ပြေးလိုက်ရတာ။ လမ်းထိပ်ရောက်တော့ ဖယ်ရီမရောက်သေးလို့ တော်သေးတယ်။ ဒီနေ့ ဖယ်ရီမှီတယ်၊ ဘတ်စ်ကားတိုးစီးစရာ မလိုဘူးဆိုတော့ ၂၀၀ တန် အသစ်ကလေးကို ဆွဲခြင်းထဲ ပြန်ထည့်လိုက်ပါတယ်။ ဖယ်ရီလည်း လာရော နေရာလေးမှာထိုင်ရင်း မနက်ဖြန်ဆိုရင် ငါ ဆယ့်ရှစ်နှစ်လီ ဖြစ်နေပြီလို့ တွေးရင်း ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အတွေးနယ်ကျွံလာလိုက်တာ ရုံးရောက်လို့ ရောက်မှန်းတောင် မသိလိုက်ဘူး။

 ရုံးရောက်တော့ ကွန်ပျူတာအရှေ့မှာ ထိုင်လိုက်တုန်းပြီး ကြီးတော်ကို ၀င်၊ ချစ်လှစွာ သော မောင်နှမများကို နှုတ်ဆက်၊ ဖေ့စ်ဘွတ်ခ်ကလည်း ဖွင့်လို့မရ၊ ဘလော့ဂ်ကလည်း ကျော်လို့မရတာနဲ့၊ အလုပ်လုပ်မယ်ကြံကာရှိသေး ဖုန်းက ၀င်လာပါရော။

မ့  နဲ့ ပြောချင်လို့ပါရှင်တဲ့။ ဟုတ်ကဲ့ ပြောနေပါတယ်ရှင်လို့ ပြန်ဖြေလိုက်တော့ တစ်ဖက်က ကောင်မလေးက မမအတွက် ပန်းစည်းနဲ့ အရုပ် လက်ဆောင်လာပို့မလို့ လမ်းညွှန်ပေးပါဦးရှင်တဲ့။ ဖုန်းနားထောင်ရင်းနဲ့ပဲ ရင်တွေ တဒိန်းဒိန်းခုန်၊ ဒူးတွေ တဆတ်ဆတ် တုန်၊ နှုတ်ဖျားကလည်း ရှင့့်  နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါဦးလားရှင့့်  လို့ ပြောမိတော့ မမမွေးနေ့အတွက် ပန်းစည်းနဲ့အရုပ် လက်ဆောင်လာပို့မလို့ပါရှင်တဲ့  စိတ်ထဲမှာ ဘယ်သူပို့တာလဲလို့ မေးမလို့ရှိသေ့း့  တစ်ဘက်က ကောင်မလေးက လိပ်စာကို ရွတ်ပြပြီး အဲ့ဒီလိပ်စာမှန်ပါလားရှင်တဲ့ ဟုတ်ကဲ့ မှန်ပါတယ်ရှင်ဆိုတော့ ညနေ ၃ နာရီလောက်ကို လာပို့ပေးပါမယ်ဆိုပြီး ဖုန်းချသွားရော။

အခန်းထဲက လုပ်ဖော်ကိုင်ဖက်တွေကို ၀မ်းသာအားရ ရင်တုန်ပန်းတုန်နဲ့ ပြောလိုက်တယ့့်  အရပ်ကတို့ရေ့  တို့ကို မွေးနေ့လက်ဆောင်ပန်းစည်းနဲ့ အရုပ် လာပို့မလို့တဲ့တော့  ဘယ်သူများလဲ မသိဘူးတော့   အမလေးနော့့်  ရင်ခုန်လိုက်တာလို့ ပြောတုန့်း့  နောက်တစ်ခါ ဖုန်းမြည်လာတော့ ဘာရမလဲ့  ဘယ်သူပို့လဲလို့ မေးလိုက်တော့  ခုနက ရင်ခုန်တာတွေ့  ဒူးတုန်တာတွေ့ ဘေးချိတ့့်   ကြီးတော်ကို အမြန်ဝင့့်   ပို့တဲ့သူရဲ့ အကောင့်ကို ဖွင့်ပြီ့း့  မေးခွန်းလဲ မေးလိုက်ရော့  တစ်ဘက်က ပြန်ပြောပါတယ့့်  အန်တီမရှိပါဘူးရှင့့်  အပြင်သွားပါတယ်ရှင့့်  တဲ့။  စုလေးကျတော့ အွန်လိုင်းရှိမနေဘူး။ ဟွန့့်  တရားခံက နှစ်ယောက်ရှင့်  ဘယ်သူလဲ သိလားနော့့်  အဲ့ဒါလေ မမကြီး (မြန်မာအစားအစာ ဘူဖေးလ်ကျွေးချင်တဲ့ မလေးရှားက မမ)နဲ့ အလှူရှိရာ ဓာတ်စက်သံကို နားစွင့်နေတဲ့ ဖိုးပါကြီးရဲ့ မြေးမလေး စုလေးခေါ် စုစပယ်တို့ပေါ့။ ဟွန့့်  သူများမှာ ကြီးမှ ၀က်သက်ပေါက်လာ့း့  အသက်က ဆယ့်ရှစ်နှစ်လီဖြစ်နေပြီရှင့့် ဒီလိုရင်ခုန်အောင် လုပ်လို့ရရိုးလားလို့ ရန်တွေ့စာလေး မေးလ်ပို့လိုက်တယ်။

ပြီးတော့ ချစ်လှစွာသော အန်တီတစ်ယောက်ဆီက ဘောပင် တစ်ချောင်း၊ နုတ်ဘွတ်ခ်လေးတစ်အုပ်၊ နောက်ထပ်သူငယ်ချင်းတစ်ယောက်ဆီက အရုပ်လေး တစ်ရုပ်၊ အလုပ်ထဲက သူငယ်ချင်းတွေကတော့ သူတို့အတူ ငွေဆောင်သွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးကို သူတို့စိတ်ကြိုက်အမှတ်တရလေးလုပ်ပေးတယ့် မှန်ဘောင်လေးနဲ့ ဓာတ်ပုံနဲ့ တခြား လက်ဆောင်လေးတွေကို အမှတ်ရ စုပြီး ဓာတ်ပုံရိုက်ထားလိုက်တယ်။ 

အမှန်တကယ် မွေးနေ့က သြဂုတ်လ (၁၄) ရက်နေ့ပါ၊ ဒီနေ့ပေါ့။ မနေ့ညကလည်း ရင်ခုန်ပြီး အိပ်မပျော်ဘူး၊ မနက်ကလည်း အစောကြီးနိုးနေတော့ ဘုရားဝတ်ပြု၊ အမေ့ကို ကန်တော့၊ အိမ်သန့်ရှင်းရေး လုပ်ပြီး ရုံးကို ခဏထွက်ခဲ့တာပါ။ မနက်ဖြန် အလှူအတွက် ဒီညနေ ချက်ပြုတ် ရဦးမယ်လေ။ မောင်နှမတွေအားလုံးကိုလည်း မနက်ဖြန်အလှူအတွက် ဖိတ်ပါတယ်နော်။ မွေးနေ့ဆုမွန်ချွေကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးအများကြီးအများကြီးတင်ပါတယ်နော်။

အမှန်အတိုင်းပြောရမယ်ဆိုရင် ဆယ့်ရှစ်နှစ်လီပြည့်ခဲ့တဲ့ ဒီမွေးနေ့ကတော့ ကျွန်မ တစ်သက်တာမှာ မကြုံဖူးသေး မရခဲ့ဖူးသေးတဲ့ မောင်နှမတွေရဲ့ နွေးထွေးတဲ့အကြင်နာတွေကို အများကြီး ရလိုက်တဲ့ ၀မ်းသာပီတိဖြစ်ရမဆုံးပါ။ အထူးသဖြင့် မေတ္တာရပ်ဝန်းမီးဖိုဆောင်က ၀ိုင်းတော်သားများ (သူတို့သာ မရှိရင် ကျွန်မမှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ မောင်နှမတွေနဲ့ ဆုံတွေ့ခွင့်၊ ခင်မင်ခွင့်ရှိမှာ မဟုတ်ဘူးလေ၊ ကျွန်မ သူတို့ကို အမြဲတမ်း ကျေးဇူးတင်ပါတယ်)၊ မွေးနေ့ဆုမွန်ခြွေပေးကြတဲ့ ဖေ့စ်ဘွတ်ခ်က မောင်နှမများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။

ဆယ့်ရှစ်နှစ်လီ့  ဒီနေ့ ကျွန်မ အပျော်ဆုံးနေ့တစ်နေ့ပါပဲရှင်။ :P:P

Tuesday, July 20, 2010

မကြီး Guiness ရဲ့ဝါဆိုသင်္ကန်းအလှူမှတ်တမ်းဓာတ်ပုံအချို့နဲ့ ကျေးဇူးတင်စကား

3 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့အမကြီး Guiness ရဲ့ မလေးရှားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲအောင်မြင်ခဲ့တဲ့အလှူမှတ်တမ်း ဓာတ်ပုံတစ်ချို့နဲ့ မကြီးရဲ့ ကျေးဇူးတင်စကားအချို့ကို အမှတ်တရတစ်ခုအနေနဲ့ တင်ပေးလိုက်ပါရစေရှင်။  မောင်နှမများလည်း မကြီးရဲ့ အလှူအတွက် ကြည်နူးပီတိ ဖြစ်နိုင်စေဖို့ ရည်ရွယ်ပါတယ်ရှင်။


သမီးတော်ရေ....

           ကူညီခဲ့တာတွေအားလုံးအတွက် ကျေးဇူးပါနော်။ သမီးရဲ့ကောင်းမှု့ကြောင့် မကြီး အလှုမှာ ဟင်းပွဲတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အစစအဆင်ပြေခဲ့ရတယ်။ အရင်ကဆို အလှု တစ်ခါလုပ်ဘို့  စဉ်းစားလိုက်ရတာ၊ ဘယ်ကစရမှန်းမသိခဲ့ဘဲ ပြုခဲ့တဲ့အလှုတွေမှာ ဓာတ်ပုံတွေ ကြည့်ရင်း ရှက်တောင်ရှက်မိပါရဲ့။

   ဆိုင်မှာ နေ့စဉ်ချက်ပြုတ်နေတဲ့ ဟင်းတွေနဲ့မတူအောင် စီမံထားတော့ အလှု လာတဲ့သူတွေ   မြိန်မြိန်ရှက်ရှက်စားကြရတဲ့အတွက် ပီတိလည်းဖြစ်ရပါတယ် (အဲ့ဒါ အားလုံး သမီးကြောင့်)

         မကြီးပင်ပန်းမှာစိုးလို့ ညအိပ် (တကယ်တော့တမှေးမှမမှေးရဘဲ) လာကူညီကြတဲ့ မောင်ညီမတွေကတော့ မလုလုကို စိတ်နာတယ်တဲ့လေ (မကြီးကလည်း အကုန်ပြန် မပြောဘဲ မနေနိုင်)

အဲ့ဒီညကသမီးတော်တော့အိပ်ကောင်းနေမှာဘဲ၊  မောင်ညီမတွေက မလုလု၊ မလုလုနဲ့ ရွတ်ပီးလုပ်နေကြတာလေ၊ ပြီးတော့မကြီး အင်တာနက်သုံးတတ်သွားတာကိုက မဟာအမှားဆိုပဲ၊ ဒီအမကြောင့်ပဲ သူတို့ကောင်းကောင်းစားလိုက်ရတာတော့ နောက်မှ ပြောကြတယ်။

              အခုတော့ သူငယ်ချင်းတွေအားလုံးကလည်း သူတို့အလှုကျရင် လုလုဆီအကူအညီ လှမ်းတောင်းဘို့ စိုင်းပြင်းနေကြတယ်လေ။

      မိဝေးဘဝေးကလေးတွေ အားပါးတရ စားနေကြတာကြည့်ပြီး ဖြစ်လာတဲ့ ပီတိကလည်း ပင်ပန်းရကျိုးနပ်ပါရဲ့။ သနားစရာလည်းကောင်း၊ ရယ်စရာလည်း ကောင်းတာလေး ပြောပြဦးမယ်။ မလေးရှားမှာရောက်နေတဲ့သူအများစုက သိတဲ့အတိုင်းဘဲ၊  ဗဟုသုတနည်းကြတယ်လေ။ ဘူဖေးလ် သုံးဆောင်ကြပါဆိုတာကို ငုတ်တုတ်လေး တွေ ထိုင်နေကြတာ လှုပ်တောင် မလှုပ်ကြဘူး။ မကြီးကလည်း နောက်လူတွေ ထပ်လာရင် နေရာကြပ်မှာစိုးတော့ အမြန် စားစေချင်၊ သူတို့ကလည်းမထ၊  တော်တော် ခေါင်းရှုပ်စရာ (နောက်မှသိရတာက လာချပေးတာကိုစောင့်နေကြတာတဲ့လေ၊ သူတို့ကလည်း အခုထိ ဘာမှလာမချသေးပါလားပေါ့၊ ဟိုလူတွေကမစောင့်နိုင်လို့ထင်တယ်၊ သွားခပ်စားနေကြတယ်ဆိုပဲ) အတွေ့ အကြုံအသစ်ပေါ့လေ။

             ကဲ.. သမီးရေနောက်များမှ သတိရတာတွေထပ်ပြောပြမယ်နော်။  သမီးနဲ့ အတူ ပါဝင်ပတ်သက် ကူညီခဲ့ကြသူအားလုံးကိုလည်းကျေးဇူးပါလို့နော်။


        ကျွန်မရဲ့မောင်နှမများအနေနဲ့ အလှူဒါနပြုလုပ်လိုတဲ့အခါကျရင် လိုအပ်တာများ ရှိရင်လည်း ပြောပါနော်။ ကျွန်တို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်ဝိုင်းတော်သားများအနေနဲ့ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးဖို့ အသင့်ရှိပါကြောင်း သတင်းစကား ပါးလိုက်ရပါတယ်ရှင်။

Wednesday, July 7, 2010

အမတော် Guiness တို့ ၀ါဆိုသင်္ကန်းကပ်လှူပွဲအတွက် စီစဉ်ထားတဲ့ ဟင်းလျာများ

4 comments

          မလေးရှားနိုင်ငံသို့ ခေတ္တ ရောက်ရှိနေတဲ့ မ Guiness တို့ မိသားစုရဲ့ ၀ါဆို သင်္ကန်းကပ်အလှူဖြစ်ပါတယ်ရှင်။ ဘုန်းတော်ကြီးများအား ၀ါဆိုသင်္ကန်းကပ်လှူ၊ ဆွမ်းကပ်လှူ ပြီး ကုသိုလ်ကောင်းမှု အတူတူယူကြရင်း ခင်မင်ရသော မြန်မာမိတ်ဆွေများအတွက် ၀ါဆိုဦး အလှူဒါန ဘူဖေးလ်အစီအစဉ် ဖြစ်ပါတယ်ရှင်။

အကျွေးအမွေးအတွက် အဓိကဟင်း၊ အသုပ်၊ ဟင်းရည်သောက်၊ အကြော်အလှော်၊ ငါးပိတို့စရာ၊ အချိုပွဲ အပါ အ၀င် အမျိုးပေါင်းအားလုံး (၂၀) ချက်ပြုတ်ကျွေးမွေးဧည့်ခံဖို့ စီစဉ်ထားပါတယ်နော်။

၁။ ၀က်သားသုံးထပ်သားနာနတ်သီးဟင်း (အသစ်ရေးပေးမည်)

၂၊ ၀က်ကလီစာသုပ် (အသစ်ရေးပေးမည်)

၃။ ကြက်သားဗူးသီးကာလသမီးချက်

http://lulucooking.blogspot.com/2009/11/blog-post.html

၎။ ကြက်သားကျောက်ပွင့်သုပ်

http://lulucooking.blogspot.com/2007/08/blog-post_30.html

http://lulucooking.blogspot.com/2010/02/blog-post.html

၅။ ပုစွန်ကြာဆံချက် (အသစ်ရေးပေးမည်)

၆။ ပြည်ကြီးငါးရခိုင်သုပ်

http://lulucooking.blogspot.com/2010/03/blog-post_08.html

၇။ ငါးခူစင်းကော ရဲယိုရွက်အုပ် (အသစ်ရေးပေးမည်)

၈။ ချဉ်ပေါင်ကြော်

http://lulucooking.blogspot.com/2007/09/blog-post_05.html

၉။ ပန်းဂေါ်ဖီကြက်ဥကြော် (အသစ်ရေးပေးမည်)

၁၀။ မှိုကန်ဇွန်းကြော်

http://lulucooking.blogspot.com/2007/08/blog-post_07.html

၁၁။ ဘာလချောင်ကြော်

http://lulucooking.blogspot.com/2010/01/blog-post_25.html

၁၂။ ငါးပိရည်ကျိုဖျော်+တို့စရာအစုံ

http://lulucooking.blogspot.com/2008/02/blog-post_27.html

၁၃။ ပဲနီလေးကြာဆံဟင်းရည်သောက် (အသစ်ရေးပေးမည်)

၁၄။ ဆေးဘဲဥသုပ်

http://lulucooking.blogspot.com/2010/02/blog-post.html

http://lulucooking.blogspot.com/2008/01/blog-post_24.html

၁၅။ အုန်းစိမ်းကျောက်ကျော

http://lulucooking.blogspot.com/2007/11/blog-post.html

၁၆။ ပြောင်းဖူးကျောက်ကျော

http://lulucooking.blogspot.com/2010/01/blog-post.html

၁၇။ မုန့်လက်ဆောင်း+ထန်းလျက်ရည်+ အုန်းသီးခြစ် (အသစ်ရေးပေးမည်)

၁၈။ လက်ဖက်နှပ်+အကြော်စုံ

http://lulucooking.blogspot.com/2008/12/pickled-tea.html

http://lulucooking.blogspot.com/2007/11/blog-post_17.html

၁၉။ သစ်သီးစုံ (အလှူရှင် စိတ်တိုင်းကျ ၀ယ်ယူရန်)

၂၀။ သောက်စရာအစုံ (ရေသန့်+ရေနွေး+ လက်ဘက်ရည်/ကော်ဖီ+အအေး နှစ်သက်ရာ)

          အလှူရှင်များက Kogyi store nilai က ဖြစ်ပါတယ်နော်။ ကေအယ်ကနေ သွားမယ် ဆိုရင်တော့ မိနစ် (၂၀)၊ နာရီဝက်လောက် ကြာမှာဖြစ်ပါတယ်နော်။ မ Guiness တို့အလှူ အတွက် မောင်နှမတွေကလည်း အကြံကောင်းများ ပေးလိုက ပေးနိုင်ပါတယ်နော်။ မလေးရှား မှာရှိတဲ့ မောင်နှမများလည်း အလှူကို ကြွရောက်ပြီး အတူကုသိုလ်ယူရအောင် မကြီးတို့မိသားစုက ဖိတ်ကြားပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

Monday, July 5, 2010

မြန်မာအစားအစာ ဘူဖေးလ်ဧည့်ခံလိုသူ မောင်နှမများအတွက့့် 

6 comments

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ စီဘောက်စ်ထဲမှာ မguiness လာမေးထားတဲ့ "မြန်မာအစားအစာတွေ ဘူဖေးလ်ကျွေးချင်လို့ပါနော် ၁၁. ၇ အမှီပေါ့" ဆိုတော့ အမြန်ဆုံး စဉ်းစားပေးပြီး မျှဝေလိုက်ရပါတယ်ရှင်။

ဘယ်နိုင်ငံမှာနေတာလဲ၊ ဘယ်လူမျိုးနဲ့ လူဦးရေ ဘယ်လောက်ကို ကျွေးချင်တာလဲ ဆိုတာရယ်၊ ချက်ပြုတ်မယ့် လူအင်အား ဘယ်လောက်ရှိလဲဆိုတာတွေရယ်ကို  မသိလိုက်လို့ ၀ိုင်းတော်သား ကိုတုတ်ကြီးနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားစီစဉ်ပေးလိုက်ပါ တယ်နော်။

ဘူဖေးကျွေးတဲ့အခါ အဆင်ပြေရအောင်လို့ Appetizer, Main Course နဲ့ Dessert ဆိုပြီး အဓိက သုံးမျိုး ခွဲပြီး လုပ်ပေးထားပါမယ်နော်။

စစချင်း Appetizer အတွက် အသုပ်လေးတွေနဲ့ စရင်ကောင်းမယ်လို့ ထင်မိပါတယ်နော်။ ဟင်းသီးဟင်းရွက်အသုပ်လေးတွေဖြစ်တဲ့ မြင်းခွာရွက်သုပ်၊ ဂေါ်ဖီသုပ်၊ ကျောက်ပွင့်သုပ်၊ မန်ကျည်းရွက်နုသုပ်၊ ပဲကြာဆံသုပ်၊ ခရမ်းချဉ်သီးသုပ် စသည်ဖြင့်ပေါ့လေ၊ ၀ယ်လို့ရမယ့်ပစ္စည်း ပေါ် မူတည်ပြီး အဆင်ပြေမယ့်အသုပ်ကို အနည်းဆုံး (၃) မျိုးလောက် ထည့်ပေးလို့ရပါတယ်နော်။

ဒါ့အပြင် ဗယာကြော်၊ ကြက်သွန်ကြော်၊ ကော်ပြန့်ကြော်၊ ဆမူဆာကြော် စသဖြင့်ပေါ့လေ၊ အရွယ်လေးတွေကိုတော့ တစ်ခါဝါးစားရင် အနေတော်ရှိမည့် အရွယ်လေး တွေပေါ့၊ ဒါမှမဟုတ်လည်း အာလူးကတ်သလိတ်လိုမျိုးပေါ့နော်။ အဲ့ဒါလေးတွေကို အချဉ်ရည် ကောင်းကောင်းလေးဖျော် ပြီး ဆလတ်ရွက်လေးတွေနဲ့  ထည့်ပေးလို့ရသေးတယ်နော်။
နောက်တစ်ခုကတော့ ခရမ်းချဉ်သီးငါးပိချက်၊ ဂွေးသီးငါးပိချက်၊ ငါးပိစိမ်းစားသုပ် စတာတွေကို သခွားသီး၊ ခရမ်းကြွပ်သီး၊ ဆတ်လတ်ရွက်၊ ရုံးပတီသီးရေနွေးဖျော၊ မျှစ်နုလေး၊ သရက်သီးစိမ်း စတဲ့အသီးအရွက်တွေနဲ့လည်း တည်ခင်းပေးလို့ရပါတယ်နော်။

အထူးအဆန်းလေးဖြစ်သွားအောင် မြန်မာအစားအစာတစ်မျိုးဖြစ်တဲ့ နန်းကြီးသုပ်လို၊ ရွှေတောင်ခေါက်ဆွဲသုပ်လိုမျိုးကို အရသာရှိရှိ သုပ်ထားပြီး တစ်ပွဲလောက် ချထားပေးလို့ ရပါတယ်နော်။

Main Course အတွက်ကတော့ ကြက်သား၊ ၀က်သား၊ ဆိတ်သား၊ ငါး၊ ပုစွန်၊ ပြည်ကြီးငါး စတာတွေကို ချက်ပြီး ထည့်ပေးလို့ရပါတယ်။ ၀က်သားသုံးထပ်သားကို နာနတ်သီးလေးနဲ့ အအီပြေအောင်ချက်၊ ဒါမှမဟုတ် ၀က်သားအသားကို အချိုချက်လေး နူးအိအိလေးချက်၊ ဒါမှမဟုတ် ၀က်ကလီစာလေးတွေကို စတူးလေးလုပ်၊ တစ်ခြားတစ်ခု ကတော့ ၀က်နံရိုးကို နူးအိနေအောင်ချက်ပြီးတော့မှ ကြံမဆိုင်လေးအုပ် ရေကျန်ဆီကျန် လေးချက်၊ အဲ့ မြန်မာဆန်ဆန် လေး ဖြစ်ချင်တယ်ဆိုရင် ၀က်သားပုန်းရည်ကြီးလေးချက် လိုက်ဦးနော်။

ကြက်သားကိုတော့ အာလူးလေးနဲ့ ရိုးရိုးချက်တာမျိုးလည်း ထည့်လို့ရသလို ကြက်သား အုန်းနို့နဲ့ ပင်စိမ်းလေးအုပ်ပြီး ချက်တာလည်း ချက်လို့ရပါတယ်နော်။ ဒါမှ မဟုတ်ရင်လည်း ကြက်သားကို မာဆလာလေးအုပ်ပြီးချက်ပါနော်။
ငါးကိုတော့ ငါးနဲ့ ရှီတာကေးမှိုနဲ့ အချိုချက်လေးပေါ့၊ အဲ့ဒါမျိုးလေး ချက်ကြည့်ပါ ဦးနော်။ ငါးကြီးသားကို အလယ်ရိုးနဲ့ ဘေးဆူးတောင်တွေ မပါအောင် ကိုင်ပြီးတော့မှ အသားတုံးလေးတွေချည်း လှီးယူပါနော်။ ပြီးတော့ ချင်းရည်တွေနဲ့ နယ်ပြီး ဆား၊ သကြားတို့နဲ့အတူရောနယ်ပြီး ၁ နာရီလောက် နှပ်ထားပါနော်။ ပြီးတော့ ကြက်သွန်ဖြူ ဓားပြားရိုက်ရယ် ကြက်သွန်နီ လေးစိပ်ထိုးကို နှမ်းဆီမွှေးလေးနဲ့ ဆီသတ်ပြီး ငါးတွေထည့်ပြီး အသာအယာလေး မွှေပေးပါနော်။ ပြီးရင် ရေစိမ်ထားတဲ့ ရှီတာကေးမှိုလေးတွေကို ထည့်ပြီး တည်ပေးပါနော်။ ရေခမ်းလောက်ရင် ရေကို ငါးနဲ့ မှိုမြုပ်အောင်ထည့်ပြီး ထပ်တည်ပေးပြီးတော့ အရသာ အပေါ့အငံမြည်းပြီး ချလိုက်ပါနော်။ ဟင်းပွဲပြင်တဲ့အခါမှာတော့ ကြက်သွန်မြိတ်လေး ဖြစ်ဖြစ်၊ ပင်စိမ်းရွက်လေးဖြစ်ဖြစ် အုပ်ပြီး ချပေးပါနော်။ တကယ်လို့ ချိုချဉ်အရသာလေး ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီးစိမ်းရယ်၊ ရှာလကာရည်လေးရယ်ထည့်ပေးပါနော်။ အဲ့ဒါဆိုရင် ငါးက ညှီလည်းမညှီဘဲ အရသာလေးတစ်မျိုးနဲ့ စားလို့ကောင်းပါတယ်နော်။ ဒါမှမဟုတ်လည်း ငါးဖယ်ကို ဆီလေးထဲ အပေါ်ယံတင်းရုံ ကြော်ပြီးတော့ အုန်းနို့လေးနဲ့ ချက်တာမျိုးလည်း ကောင်းပါတယ် နော်။ ဒါမှမဟုတ်လည်း ငါးခူရဲယိုရွက်၊ ငါးရံ့အူဟင်း၊ ငါးဥဟင်း၊ ငါးကြော်နှပ် စတာတွေလည်း ထည့်ပေးလို့ရပါတယ်နော်။

ဆိတ်သား၊ အမဲသားတို့ကိုတော့ အတုံးခပ်လတ်လတ်တုံးပြီးတော့ နူးနူးအိအိလေး နှပ်တာမျိုး ချက်လို့ရသလို ငရုတ်သီးအရောင်လှလှလေးနဲ့ချက်၊ ကြက်သွန်နီအကွင်းလိုက် လေးရယ်၊ ခရမ်းချဉ်သီးလေးတွေရယ်၊ ငရုတ်ပွကြီးတွေနဲ့ထည့်၊ ပူစီနံလေးတွေ အုပ်ပြီး ခပတ်လို ချက်ရင်လည်း ကောင်းပါတယ်နော်။

တချို့ကလေ အသားတွေ မစားဘဲ ပင်လယ်စာပဲ စားတတ်တဲ့သူတွေ ပါတတ်တော့ ငါးတို့ ပုစွန်တို့ ပြည်ကြီးငါးတို့ကို ထည့်ပေးရပါမယ်နော်။ ပုစွန်တို့ ပြည်ကြီးငါးတို့ကို ဟင်း အဖြစ်ချက်လိုက်တာထက် အသုပ်လေးတွေ သုပ်ပေးလိုက်ရင် ပိုပြီး အရသာရှိစေပြီး ဟင်းပွဲကို ဖွယ်ဖွယ်ရာရာ ဖြစ်စေပါတယ်နော်။ ပုစွန်အစိမ်းသုပ်တို့၊ ငါးအစိမ်းသုပ်တို့လည်း ထည့်လို့ရပါ တယ်နော်။

အသီးအရွက်အတွက်ကတော့ ချဉ်ပေါင်ကြော်၊ မှိုကန်စွန်းရွက်ကြော်၊ အစိမ်းကြော်၊ အာလူးအချိုချက်၊ ဟင်းနုနယ်ရွက်ကြော်၊ ရွှေဖယုံသီးနှပ်၊ ရုံးပတီသီးနှပ်၊ ခရမ်းသီးနှပ်၊ ပဲသီးတောင့်ကြော်၊ ခ၀ဲသီးကြော်၊ ဗုံလုံသီးနှပ်၊ ကြက်ဟင်းခါးသီးကြော် စသဖြင်ပေါ့နော်။

ပြီးတော့ မြန်မာအစားအစာတွေထဲ မပါမဖြစ် ဘာလချောင်ကြော်၊ ငံပြာရည်ကြော်၊ ငါးနီတူခြောက်ကြော်၊ ငါးခြောက်ထောင်းကြော်စတာလေးတွေလည်း ထည့်ပေးပါဦးနော်။

အရည်သောက်အတွက်ကတော့ သီးစုံပဲကုလားဟင်း၊ ပဲနီလေးကြာဆံဟင်းရည် စတာတွေအပြင် စွန်ထန်ဟင်းရည်၊ ကြံမဆိုင်ဟင်းရည်၊ တုံယမ်းဟင်းရည်၊ ၀က်နံရိုး ကျောက်ဖရုံသီးဟင်းရည်၊ ချဉ်ပေါင်ရွက်ဟင်းရည် စတာတွေကိုလည်း ထည့်ပေးလို့ရပါတယ်နော်။

အချိုပွဲအတွက်ကတော့ ရာသီပေါ် အသီးအနှံတွေ အနည်းဆုံး (၃) မျိုးကနေ (၅) မျိုးထိ ပါမယ်။ ပြီးတော့ မြန်မာဆန်ဆန် ဆိုရင် ကန်စွန်းဥနဲ့သာကူကျိုလေး၊ ကျောက်ကျော လေး၊ ဆနွင်းမကင်းလေး၊ ကောက်ညှင်းကင်၊ မုန့်လင်မယား၊ ဘိန်းမုန့်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း အစရှိတာတွေ ထည့်ပေးလိုက်နိုင်ရင် အဆင်ပြေပါတယ်နော်။

လက်ဘက်ရည်ကောင်းကောင်းလေးနဲ့ ဧည့်ခံချင်ရင် လက်ဘက်ခြောက် အချိုခြောက် နှပ်နည်းလေး မျှဝေလိုက်ပါဦးနော်။ လက်ဘက်ခြောက် အချိုခြောက် မရှိခဲ့ရင် Lipton tea အထုပ် ၂၀ ကို နှပ်တဲ့နည်းလေးပေါ့။ အဲ့ဒါဆိုရင် လက်ဘက်ရည် ခွက် (၂၀) လောက် ထွက်မယ်နော်။ ရေနွေးပွက်ပွက်ဆူအောင် အရင်တည်ထားပါနော်။ ပြီးရင် အ၀တ်နဲ့ ချုပ်ထားတဲ့ ရေစစ်ထဲကို Lipton Tea ထုပ်လေးတွေ ထည့်ပေးပါ၊ ပြီးတော့ ထောပတ် (ဂီး) လက်ဘက်စားဇွန်း ၃ ဇွန်းထည့်ပါ၊ ဆား လက်ဘက်စားဇွန်း (၁) ဇွန်းထည့်ပါ။ ပြီးတော့မှ ရေနွေးအိုးထဲကို ရေစစ်လေးထည့်၊ အဖုံးပိတ်ပြီး (၁၅) မိနစ်၊ မိနစ် (၂၅) လောက် နှပ်ပေးပါ နော်။ ပြီးတော့ ရလာတဲ့ လက်ဘက်ခြောက်နှပ်ရည်နဲ့မှ ကိုယ်လိုချင်တဲ့ အရသာအတိုင်း ရအောင် နွားနို့၊ သကြား၊ နို့ဆီ စတာတွေထည့်ပြီး ဖျော်ပါနော်။ အဲ့ဒါဆိုရင်တော့ မြန်မာအလွမ်းပြေ လက်ဘက်ရည်ကောင်းကောင်းလေး ရနိုင်ပါ တယ်နော်။

ရေသန့်ဖြစ်ဖြစ်၊ ကောက်ညှင်းမွှေးလက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးလေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲ့ဒါလေးတော့ထည့်ပေးပါဦး နော်။ ရေနွေးကြမ်းနဲ့ မြည်းဖို့ကတော့ အမဲခြောက်၊ ဆတ်သားခြောက်ဖုတ်၊ ငါးခြောက်ဖုတ်၊ မြေပဲယို၊ နှမ်းယို၊ အာဒါလွတ်ပြုတ် ဆီဆမ်း၊ ပဲမြစ်ပြုတ်ဆီဆမ်း၊ ထန်းမြစ်ပြုတ်ဆီဆမ်း၊ ပြောင်းဖူးပြုတ်သုပ် စတာတွေပေါ့နော်။

အဲ့  နောက်ဆုံးပိတ်တော့ မေ့မလို့ လက်ဘက်နှပ်လေးလည်း ထည့်ပေးပါဦးနော်။
ဒီလောက်ဆိုရင်တော့ ဘူဖေးလ်ကျွေးမယ်ဆိုရင် အဆင်ပြေလောက်မယ်လို့ ထင်ပါတယ်နော်။ တခြားမောင်နှမတွေလည်း အကြံကောင်းများရှိတယ်ဆိုရင် ထပ်ဖြည့်ပေးဖို့ ဖိတ်ခေါ်ပါရစေရှင်။ မguiness  လည်း နောက်သိချင်တာများ ရှိခဲ့ရင် မေးနိုင်ပါတယ်ရှင်။

ဓာတ်ပုံကို ဂူဂဲလ်ကနေ ရှာထည့်ထားတာပါနော်။

Wednesday, June 23, 2010

ချဉ်ပေါင်ပင်စိုက်ပျိုးနည်း

5 comments

ချစ်ရတဲ့ မအယ်ရေ့


ချဉ်ပေါင်စိုက်နည်းလေး မေးထားတာတွေ့လို့ နလုသိသမျှကို မျှဝေပေးလိုက်ပါ တယ်နော်။


ချဉ်ပေါင်ပင်ကိုတော့ မအယ်အခု စိုက်ထားသလို အစေ့လေးတွေ ကြဲပြီး စိုက်လို့ရပါ တယ်နော်။ ဒါပေမယ့် ချဉ်ပေါင်စေ့ကြဲပက်မယ့် မြေကြီး (ပျိုးဘောင်နဲ့စိုက်စိုက်၊ သေတ္တာလေး၊ အိုးလေး ထဲပဲ စိုက်စိုက်) ကို မွနေအောင် အရင်ဦးဆုံး ပြင်ပေးရပါမယ်။ ပြီးတဲ့အခါ မြေကြီးမွဖို့နဲ့ အစိုဓာတ်လေး အမြဲရှိနေဖို့လေ (မြန်မာမှာတော့ ဖွဲပြာတို့ လွှစာမှုန့်တို့ မီးသွေးမှုန့်တို့ကို သုံးတာပေါ့) အိမ်မှာ ကော်ဖီတို့ လက်ဘက်ရည် တို့နှပ်သောက်တတ်တဲ့ အလေ့အထရှိရင် အဲ့ဒီကော်ဖီတို့ လက်ဘက်ခြောက်ဖတ် တို့ကို ရေစစ်အောင် လုပ်ပြီးတော့မှ မြေကြီးနဲ့ ရောသမမွှေပေးထည့် ပေးလိုက်ပါနော်။


အဲ့ဒီလိုလုပ်ပြီးတော့မှ ချဉ်ပေါင်မျိုးစေ့တွေကို ကြဲပေးပါ၊ တစ်ခါတလေ မျိုးစေ့တွေကို ပုရွက်ဆိတ်နဲ့ ငှက်လေးတွေက ကြိုက်တတ်လို့ လာချီသွားတာတွေ စားသွားတာတွေ ရှိတတ်ပါတယ်၊ အဲ့ဒီရန်တွေ ကာကွယ်နိုင်ဖို့ အဲ့ဒီလို မျိုးစေ့တွေ ကြဲပက်ပြီးရင် အပေါ်ကနေ မြေကြီးပါးပါးတစ်လွှာလောက် အုပ်ပေးလိုက်ပါဦးနော်။


ရာသီဥတုအခြေအနေနဲ့ မျိုးစေ့အောင်နှုန်းပေါ် မူတည်ပြီး အစေ့ကနေ အပင်ပေါက်ဖို့ ၃ ရက်နေ တစ်ပတ်ထိ ကြာတတ်ပါ တယ်။ မျိုးစေ့ချထားပြီး အပင်ပေါက်လေးတွေ မထွက်ခင် ရေကိုဖြန်းတဲ့အခါ spray ဗူးလေးထဲ ထည့်ပြီး အသာအယာ ဖြန်းပက်ပေးပါနော်။ နောက်မဟုတ်ရင် အပင်ပေါက်လေးတွေကို ထိခိုက်သွားစေပြီး အပင်မပေါက်တော့ဘဲ ပျက်စီးသွားတတ်ပါတယ်နော်။

အပင်ပေါက်လေးတွေ ထွက်လာပြီဆိုရင် ၂ ပတ်သားလောက်ထိ ခဏစောင့်ပြီးတော့မှ တစ်နေရာတည်းမှာ အပင် လေးငါးပင် ပေါက်နေတယ်ဆိုရင် နှစ်ပင်ပဲ ထားပြီး ကျန်တဲ့အပင်တွေကို တခြားနေရာရွှေ့စိုက်ပေးပါနော်။ အဲ့ဒီလို အပင်တွေကို ရွှေ့တဲ့အခါ အမြစ်လေးတွေ မထိခိုက်စေဖို့ သတိထားပါနော်။

 
ချဉ်ပေါင်မှ မဟုတ်ပါဘူး၊ အခြားသော တိုက်ရိုက်အစေ့ချ အပင်လေးတွေကို စိုက်ပျိုးတဲ့ အခါ ဒီလိုနည်းစနစ်ကို အသုံးပြုပြီး စိုက်နိုင်ပါတယ်နော်။ ဥပမာ နံနံပင်၊ ငရုပ်ပင်၊ ဟင်းနုနယ် စတာတွေပေါ့နော်။

ကျွန်မ ဂျပန်မှာ ပညာတော်သင်သွားခဲ့ရတဲ့အချိန်တုန်းက နွေပေါက်ပြီဆိုရင် ကျွန်မတို့ မြန်မာ ကျောင်းသူကျောင်းသားတွေက ဗီယက်နမ်က သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ကန်စွန်း၊ ရွှေဖယုံ (အညွန့်ကြော်စားရန်)၊ မုန်လာ (မုန်လာပင်ပေါက်စားရန်)၊ ဗူးပင် (အညွန့်+ အသီး)၊ စပါးလင် (မုန့်ဟင်းခါးချက်ဖို့) စတာတွေကို ကျောင်းရဲ့အစွန်ဆုံး ရထားလမ်းနားမှာ မြေရိုင်းတွေကို ရှင်းပြီး နှစ်တိုင်း စိုက်ပျိုးခဲ့ကြသေးတယ်နော်။ အိမ်က၀ရန်တာမှာ၊ စမ်းသပ်ခန်းမှာတော့ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီး စတဲ့ ဟင်းခတ် အမွှေးအကြိုင်အပင်လေးတွေကို စိုက်ခဲ့ပြီး ဆောင်းဦးရောက်တာနဲ့ အပင်တွေ အခင်းလိုက် ရိတ်သိမ်းဆွတ်ခူးပြီး နောက်နှစ်နွေမတိုင်ခင် အထိ တာရှည်ခံထားပြီး စားလို့ရအောင် နည်းအမျိုးမျိုးနဲ့ ပြုပြင်ပြီး ရေခဲသေတ္တာထဲသိမ်းပြီး စားခဲ့ရတာနော်။

အိမ်ရှင်မတွေအနေနဲ့ ကိုယ်စိုက်စားချင်တဲ့ အပင်လေးတွေ ရှိခဲ့ရင် ကိုယ့်အိမ်ဝရန်တာ မှာ ဖြစ်ဖြစ်၊ အိမ်ဘေးပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကိုယ်တိုင်စိုက်ပျိုးပြီး စားကြမယ်ဆိုရင် တော့ တစ်သက်ပျော်ချင် သစ်ပင်စိုက်ဆိုတဲ့စကားလိုပဲ အပင်လေး ပေါက်လာပြီး ရွက်နု လေးတွေ ဝေတိုင်း၊ ပန်းလေးတွေပွင့် အသီးလေးတွေ သီးတိုင်း ပျော်ရွှင်ကြည်နူးရမှာ အမှန်ပါပဲနော်။


စိတ်ဝင်စားမယ်ဆိုရင်တော့ မီးဖိုဆောင်ထွက်စွန့်ပစ်ပစ္စည်းတွေ၊ အိမ်တွင်းသုံးစွန့်ပစ် ပစ္စည်း တွေနဲ့ အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်းဖြစ် မြေဆွေးလုပ်နည်းတွေကိုပါ မောင်နှမတွေ အတွက် မျှဝေပေးပါဦးမယ်နော်။


ဒီလောက်ဆိုရင် မအယ်လည်း ကျေနပ်မယ်ထင်ပါတယ်နော်။ လိုအပ်တာရှိရင်လည်း မေးပါနော်။ တတ်နိုင်သလောက် ဖြေပေးပါ့မယ်နော်။ ချစ်သောမောင်နှမများအားလုံး သီးပင်စားပင်လေးတွေ စိုက်ပျိုးရင်း ပျော်ရွှင်နိုင်ကြပါစေနော်။


ချဉ်ပေါင်ပင်လေးကိုတော့ google ထဲကနေ ရှာပြီး ထည့်ထားတာပါနော်။

Friday, April 9, 2010

မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင့့် 

9 comments


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ မနက်ဖြန်ဆိုရင် ကျွန်မ အင်ဒိုနီရှားရောက်နေတာ သုံးလ ပြည့်ပြီမို့ မြန်မာကို ပြန်ပါတော့မယ်နော်။ သင်္ကြန်အမီပြန်နိုင်တယ်လို့ပဲ ကိုယ့်ဟာကိုယ် ဂုဏ်ယူစွာနဲ့ တူးပို့တူးပို့ဒိုးသံကြားမှာ ရင်ခုန်မိနေပါတယ်။ ပြန်ရတော့မှာမို့ ဒီမှာခင်မင်ခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မကို စောင့်ရှောက်ထားတဲ့ အဖေနဲ့အမေတို့ကို ခွဲဖို့ အရမ်း စိတ်မကောင်းဖြစ်မိသလို ကိုယ့်မြေ ကိုယ်ရေကို နှစ်ကူးအချိန်ခါသမယမှာ ပြန်ရမှာမို့လည်း ၀မ်းသာကြည်နူးမိပါတယ်။

ကျွန်မရဲ့ ဘလော့ဂ်မောင်နှမများကိုလည်း နှစ်သစ်ကူးမှာ အစစအရာရာ အဆင်ပြေပြီး ရွှင်လန်း ချမ်းမြေ့ ကြပါစေလို့ ကျွန်မတို့ ၀ိုင်းတော်သားများအားလုံးက ဆုမွန်ကောင်းချွေပါတယ်နော်။ သင်္ကြန်ပိတ်ရက်မှာ သင်္ကြန်အစားအစာတွေ လုပ်စားနိုင်ဖို့အတွက်လည်း မီးဖိုဆောင်လေးထဲကမှာ အရင်ကတည်းက တင်ပြီးသား လင့်ခ်လေးတွေကို မောင်နှမ အလွယ်တကူရှာဖွေလို့ရအောင် ဒီနေရာမှာ တစ်စုတစည်းတည်း ပြန်တင်ပေးခဲ့ပါမယ်နော်။

သင်္ကြန်ဆိုရင် မဖြစ်မနေ လုပ်စားကြတာက ရွှေရင်အေးပါပဲနော်။ သူ့အတွက် လင့်ခ် ၂ ခုရှိပါတယ်။
ပထမတစ်ခုက ကျွန်မရုံးက မောင်နှမတွေကို လုပ်ကျွေးခဲ့တဲ့ ရွှေရင်လေးလင့်ခ်လေး ဖြစ်ပါတယ်နော်။ http://lulucooking.blogspot.com/2008/04/blog-post_11.html

ဒုတိယတစ်ခုက ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပတဲ့ ရွှေရင်အေးပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ရွှေရင်အေး လင့်ခ်လေး ဖြစ်ပါတယ်နော်။
http://lulucooking.blogspot.com/2009/01/blog-post_09.html

မုန့်လုံးရေပေါ်အတွက် လင့်ခ်လေးကတော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/12/blog-post_19.html

အုန်းနို့သာကူကျိုအတွက် လင့်ခ်လေးကတော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/09/blog-post_2804.html

မုန့်ပိန္နဲစေ့လုပ်စားချင်တဲ့ မောင်နှမတွေအတွက်ကတော့ ဒီလင့်ခ်လေးကို သွားလိုက်ပါနော်။
http://lulucooking.blogspot.com/2008/01/blog-post_06.html

မွန်လို ဘရပ်ဘော့လို့ ခေါ်တဲ့ ငှက်ပျောပေါင်းလေး လုပ်စားမယ်ဆိုရင်တော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/12/blog-post_29.html

သာခွေယိုင်လုပ်စားမယ်ဆိုရင်တော့ ဒီလင့်ခ်လေးကို ကြည့်လိုက်ပါနော်။
http://lulucooking.blogspot.com/2008/05/blog-post_01.html

သီးစုံကျောက်ကျောအတွက် လင့်ခ်လေးကတော့ ဒီမှာပါနော်။
http://lulucooking.blogspot.com/2007/09/blog-post.html

ပြောင်းဖူးကျောက်ကျောလုပ်စားမယ်ဆိုရင်တော့ ဒီလင့်ခ်မှာပါနော်။
http://lulucooking.blogspot.com/2010/01/blog-post.html

ဒီလင့်ခ်လေးကတော့ အုန်းစိမ်းပင်ပွားကျောက်ကျောလုပ်နည်းလေးပါနော်။ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ ကျောက်ကျောပြိုင်ပွဲမှာ တတိယဆု ရခဲ့တာပါနော်။
http://lulucooking.blogspot.com/2008/03/blog-post_04.html

ဆိမ့်သက်အရသာနဲ့ ကျောက်ကျောလေးစားချင်ရင်တော့ ပူတင်းကော်ဖီကျောက်ကျောလေး လုပ်စားကြည့် ပါဦးနော်။
http://lulucooking.blogspot.com/2008/03/blog-post_12.html

ချောကလက်ရနံ့အရသာကိုကြိုက်နှစ်သက်တဲ့ မောင်နှမတွေအတွက်ကတော့ ချောကလက်ကျောက်ကျော လေး လုပ်စားကြည့်ပါဦးနော်။
http://lulucooking.blogspot.com/2008/12/blog-post_23.html

အအီလည်းပြေစေ၊ အအေးလုပ်သောက်ဖို့လဲအဆင်ပြေစေတာကတော့ ဆားငန်သီးကျောက်ကျောလေး ပါနော်။ ဒီလင့်ခ်ကို သွားကြည့်ပါဦးမောင်နှမတို့ရေ့ 
http://lulucooking.blogspot.com/2009/08/blog-post_1406.html

စတော်ဘယ်ရီရနံ့သင်းနဲ့ စားချင်ရင်တော့ ဒီလင့်မှာ နို့စတော်ဘယ်ရီကျောက်ကျော လုပ်နည်း ရှိပါ တယ်နော်။
http://lulucooking.blogspot.com/2008/02/blog-post_10.html

ဒါကလည်း အရသာတစ်မျိုးလေးနဲ့ စားကောင်းလှတဲ့ နို့ကီဝီကျောက်ကျောလေးပါနော်။ ကီဝီစေ့လေး တွေကို ကိုက်မိတဲ့အခါတိုင်း အရသာရော ရနံ့တစ်မျိုးလေးနဲ့မို့ လုပ်စားကြည့်ပါဦးနော်။
http://lulucooking.blogspot.com/2008/01/blog-post_21.html

မောင်နှမတို့ရေ့  ဒီလောက်ဆိုရင်တော့ သင်္ကြန်ပိတ်ရက်မှာ မိသားစုတွေ သူငယ်ချင်းတွေစုံလင်စွာနဲ့ တာသင်္ကြန်ချိန်ခါမှာ မြန်မာ့ရိုးရာမုန့်လေးကို ပျော်ရွှင်စွာနဲ့ ချက်ပြုတ်သုံးဆောင်နိုင်ကြပါစေနော်။

မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြမယ်လို့ မျှော်လင့်ရင်း ကျွန်မချစ်သောမောင်နှမများကို ခဏနှုတ်ဆက်ပါရ စေနော်။ မြန်မာပြန်ရောက်တဲ့အခါလည်း မောင်နှမများအတွက် တတ်နိုင်သလောက် ဟင်းအသစ်အသစ်များ ကို ကြိုးစားချက်ပြုတ်ပြီး ၀ိုင်းတော်သားများထံကတဆင့် ပို့စ်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်နော်။ ချစ်သောမောင်နှမများ ခဏတာ့တာပါနော့့် 

ပျော်ရွှင်ဖွယ်အတိပြီးသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့လည်း ကျွန်မတို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်မှ ၀ိုင်းတော်သားများအားလုံးက ဆုမွန်ချွေပါတယ်နော့့် 

Wednesday, March 10, 2010

ကြံမဆိုင်နဲ့ ဆက်စပ်ဟင်းလျာများ

11 comments
          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများကို ကြံမဆိုင်လုပ်နည်းနဲ့ ကြံမဆိုင်နဲ့ ဆက်စပ်ဟင်းလျာများချက်ပြုတ်နည်းကို မျှဝေပေးပါရစေနော်။ ကျွန်မရဲ့ ဘလော့ဂ်မှာ ကိုဒူကဘာ မေးထားတဲ့ မုန်ညင်းချဉ်ဆိုတာ ဒါကိုများ ပြောသလားလို့လည်း စိတ်ထဲတွေးမိပြီး ကိုဒူကဘာအပေါ် ကျွန်မ အကြွေးတင်နေတာ တော်တော်ကြီးကို ကြာနေပြီမို့ ဒီကနေ အကြွေးဆပ်လိုက်ပါ တယ်နော်။

ကြံမဆိုင်လို့ ကျွန်မတို့ မော်လမြိုင်ဘက်က အခေါ်ရှိပေမယ့် တခြားဒေသမှာ ဘယ်လိုခေါ်လဲ ကျွန်မ သေသေချာချာ မသိပါဘူးနော်။ ကြံမဆိုင်ခေါ် မုန်ညင်းချဉ်လို့ သုံးနှုန်းပြန်ရင်လည်း ကျွန်မမျက်စိထဲ မုန်ညင်းချဉ်ဆိုရင် ရှမ်းခေါက်ဆွဲ တို့နဲ့စားတဲ့ ရှမ်းချဉ်ကို ပြေးမြင်မိပြန်ရော။ ခက်တော့တာပဲ၊ ကြံမဆိုင်ဆိုရင်လည်း ကြံပင်ကြီးများ ပြေးမြင်နေကြ မလားလို့ စိုးရိမ်မိသေးတယ်။ ဒါနဲ့ ကျွန်မသူငယ်ချင်း တီး ကို မေးကြည့်တော့ ကြံမဆိုင်လို့ပဲ ရေးပါတဲ့။ မုန်ညင်းချဉ်ဆိုရင် အကုန်ရောကုန်မှာစိုးလို့တဲ့၊ ပြီးတော့မှ ကြံမဆိုင် definition ကို ဖွင့်ပေါ့တဲ့။ ခက်တာက ကြံမဆိုင်ဆိုတာကို မောင်နှမတွေ မျက်လုံးထဲ မြင်အောင် ဘယ်လိုပြောရမလဲလို့ စဉ်းစားရခက်နေတာပါ။

            တကယ်တော့ ကြံမဆိုင်ဆိုတာ မုန်ညင်းစိမ်းအပင်ဖားဖားကြီးတွေကို ရေဆေး၊ တစ်ရက် နေရောင်ပြးပြီးတော့ အချဉ်တည်ပြီး ရလာတာကို ကြံမဆိုင်လို့ ခေါ်တယ်လို့ ကျွန်မသိတာပါ။ ကျွန်မတို့အိမ်က လုပ်တဲ့နည်းပါနော်။ တခြားမောင်နှမများအနေနဲ့ တခြားနည်းနဲ့ တခြားအခေါ်အဝေါ်များရှိခဲ့သိခဲ့ရင်လည်း ကျွန်မကို ကော်မန့်မှာ ရေးခဲ့ပေးပါဦးနော်။ အားလုံးမျှဝေလို့ရအောင်ပါနော်။

            ကြံမဆိုင်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်ညင်းစိမ်းအပင်ကြီး၊ ဆား၊ ထမင်း (သို့မဟုတ်) ဆန်ဆေးရည်၊ ရေ တို့ပါနော်။

            မုန်ညင်းတွေကို တစ်ပင်ချင်း အမြစ်ဖြတ်ပြီးတော့ ရေများများနဲ့ စင်အောင်ဆေးပေးပါနော်။ မုန်ညင်းရွက်တစ်ရွက်ချင်းမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေနဲ့ အညစ်အကြေးတွေ အားလုံးစင်အောင် ဂရုတစိုက်နဲ့ သန့်ရှင်းရေး လုပ်ပေးပါနော်။ ပြီးရင် မုန်ညင်းပင်တွေကို တစ်ပင်ချင်း ကြိုးတန်းပေါ်ချိတ်ပြီး ရေစစ်ပေးရင်း တစ်နေလှန်းလိုက်ပါနော်။ အဲ့ဒါဆိုရင် မုန်ညင်းရွက်လေးတွေက ညှိုးသွားပါလိမ့်မယ်နော်။

နှစ်ပေါက်အောင်ထားနိုင်တဲ့နည်း
            အချဉ်တည်ဖို့အတွက် ရေနွေးပွက်ပွက်ဆူအောင် ကျိုပေးပါနော်၊ ပြီးရင် အဲ့ဒီရေနွေးထဲကို ဆန် သို့မဟုတ် ကောက်ညှင်း နည်းနည်းထည့်ပြီး ဆန်ပြုတ်ကျိုသလို ခပ်ကျဲကျဲ ကျိုပေးပါ။  ပြီးရင် ဆား (မုန်ညင်းပင်အနည်းအများပေါ် မူတည်ပြီး ဆားထည့်ရပါ မယ်နော်။ ဆားသိပ်နည်းလွန်းရင် မချဉ်ဘဲ ပျက်တတ်ပါတယ်နော်)ထည့်ပါနော်။ ပြီးရင် ဆန်တွေအကုန်ကျေသွားပြီဆိုရင်တော့ အဲ့ဒီဆန်ကျိုထားတာကို အအေးခံပေးပါ။ အေးသွားပြီဆိုရင်တော့ အချဉ်သိပ်မယ့် ပုလင်းထဲကို မုန်ညင်းတစ်ပင်ထည့်၊ ဆန်ကျိုထားတာယောက်ချိုဇွန်းနဲ့ တစ်ဇွန်းထည့်၊ ပြီးရင် မုန်ညင်းပင်ထည့်လိုက်၊ ဆန်ကျိုထည့်လိုက်နဲ့ ထည့်ပေးပါနော်။ ပုလင်းကို လေလုံအောင် ပိတ်ပြီး မုန်ညင်းနဲ့ ဆန်ကျိုတွေ အကုန်သမသွားအောင် ပုလင်းကို  နည်းနည်းလှုပ်ပေးလိုက်ပါနော်။ ပြီးရင်တော့ နွေးတဲ့ရာသီဥတုရှိတဲ့ နိုင်ငံတွေဆိုရင် ၅ ရက်လောက်ဆို ကောင်းကောင်းချဉ်ပြီး အေးတဲ့နိုင်ငံမှာတော့ အနည်းဆုံး တစ်ပတ်၊ ၁၀ ရက်လောက်ကျမှ ကောင်းကောင်း ချဉ်မှာပါနော်။

            ကျွန်မတို့အိမ်မှာက ကြံမဆိုင်ကို နှစ်ပေါက်စားလို့ရအောင် သိမ်းကြတယ်၊  ခုက ချဉ်ပြီးတဲ့ ကြံမဆိုင်တွေကို ပုလင်း ထဲကနေ တစ်ပင်ချင်း ပြန်ဆယ်ယူပါတယ်၊ ပြီးရင် တစ်ပင်ချင်းကို ရေနွေးကြက်သီးနွေးထဲမှာ ကပ်နေတဲ့ ဆန်တွေ မရှိတော့အောင် ဆေးပြီး ရေစစ်ပေးပါတယ်။ ရေစစ်ပြီဆိုရင် တစ်ပင်ချင်းကို ပုလင်းထဲထည့်ပြီး တစ်နေ့လှန်းပြီးတော့မှ အဲ့ဒီပုလင်းတွေကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပါတယ် (အဲ့ဒါက ကျွန်မတို့ငယ်ငယ်တုန်းက ရေခဲသေတ္တာမရှိတဲ့ခေတ်တုန်းက လုပ်ခဲ့တာပေါ့ ကွယ်)။  အခုခေတ်မှာတော့ နှစ်ပေါက်ထားချင်လည်း ကြံမဆိုင်ချဉ်ပြီဆိုရင် ပုလင်းလိုက် ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ရသလို ချဉ်ပြီးသားတွေကို သန့်စင်အောင်လုပ်ပြီး ပုလင်းသန့်သန့် ဒါမှမဟုတ် ပလတ်စတစ်အိတ်လေးတွေနဲ့ တစ်ပင်ချင်းစီဖြစ်ဖြစ် ထည့်ပြီး လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး နှစ်ပေါက်အောင် စားလို့ရပါတယ်နော်။

ကြံမဆိုင်ချဉ် အလွယ်တည်နည်း
          ကြံမဆိုင် မြန်မြန်ချဉ် မြန်မြန်စားတစ်ခါတလေလောက်ပဲ စားချင်မှ လိုသလောက်တည်ချင်တဲ့သူတွေ အတွက်ကတော့ မုန်ညင်းစိမ်း၊ ဆား၊ ဆန်ဆေးရည်တို့ လိုအပ်ပါတယ်နော်။ မုန်ညင်းစိမ်းကို သန့်စင်အောင် ရေဆေး၊ ပြီးရင် ရေစစ်၊ တစ်နေပြပြီးရင် ညနေဘက်ကျရင် အချဉ်တည်မယ့် ပုလင်းထဲ ဒါမှမဟုတ် ပလတ်စတစ် ဗူးထဲကို ဆားရယ်၊ ဆန်ဆေးရည်ရယ်ထည့်ပြီး ဖျော်ပေးပါ။ ပြီးရင် မုန်ညင်းတွေကို တစ်ပင်ချင်းထည့်ပေးပါ။ ပြီးရင် လေလုံအောင်ပိတ်ပြီး နည်းနည်းလှုပ်၊ တစ်ပတ်ကနေ ၁၀ ရက် လောက်ကျရင် ကောင်းကောင်းချဉ်နေပြီ ဖြစ်တဲ့ ကြံမဆိုင်ချဉ်ကို ရမှာဖြစ်ပါတယ်နော်။

ကြံမဆိုင်ချဉ်အရောင်ပြောင်းချိန်ကို ကြည့်ရအောင်
            အချဉ်တည်ပြီး စစချင်းရက်မှာ မုန်ညင်းက အစိမ်းရောင်ပါပဲနော်။ နောက် နှစ်ရက်လောက်ဆိုရင် အရွက်တွေက တဖြည်းဖြည်း ၀ါလာရာကနေ နောက်ဆုံး အစိမ်းရောင်ပျောက်ပြီး အညိုလုရောင်ဘက် ပြောင်းသွားပါတယ်နော်။

ကြံမဆိုင်ချက်ကြရအောင်
            ကျွန်မတို့ မိသားစုမှာ ကြံမဆိုင်ကို များသောအားဖြင့် ၀က်နံရိုးနဲ့ ဟင်းရည်ချက်လေ့ရှိသလို ၀က်သား သုံးထပ်သား၊ အခြားအသားတွေနဲ့ ကြော်လေ့ရှိပါတယ်။ တစ်ခါတလေမှာတော့ တိုဟူး (ပဲပြား)နဲ့ သတ်သတ်လွတ်ကြော်လေ့ရှိပါတယ်နော်။

ကြံမဆိုင်ဟင်းရည်သောက်
            အခု ကျွန်မက ၀က်သားရှာမရတဲ့နေရာကို ခဏရောက်နေတာမို့ ကြံမဆိုင်ကို ၀က်သားနဲ့ မဟုတ်ဘဲ ကြက်သားနဲ့ ချက်ပြီး ရုံးကမိတ်ဆွေတွေကို ချက်ကျွေးဖြစ်ခဲ့ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြံမဆိုင်၊ အရိုးရောအသားရော ပါရအောင်လို့ ကြက်ပေါင်ကို ရွေးလိုက်ပါတယ်နော်။ ပြီးတော့ ပဲပြား၊ ခရမ်းချဉ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နှမ်းဆီမွှေး၊ ဆား၊ ပဲငံပြာရည်အကျဲနဲ့ ဟင်းခတ်မှုန့်တို့ပါနော်။

            ကြက်သားကို သန့်စင်အောင် ရေဆေးပြီးတဲ့အခါကျရင် ဆား၊ ပဲငံပြာရည်အကျဲ၊ ချင်းကြိတ်ရည်တိုနဲ့ နယ်နှပ်ထား ပါတယ်နော်။ ကြံမဆိုင်ကို မထူမပါးလှီး၊ အချဉ်အရသာကိုမြည်း၊ သိပ်ချဉ်မှာစိုးရင် တစ်ရေဆေးပြီး အရည်တွေ ညှစ်ထုတ်ပစ်ပြီး အဆင်သင့်ပြင်ထား၊ ခရမ်းချဉ်သီးကို လေးစိတ်ထိုး၊ ပဲပြားကိုအရွယ်တော် အတုံးလေးတွေတုံး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ငရုတ်သီးစိမ်းကို မညက်တညက်လေးထောင်း၊ ငရုတ်သီးတောင့်အနီကို မထူမပါးစွေစွေလေးလှီးထား၊ ချင်းကို အခွံနွှာရေဆေးပြီး အပြားလိုက်လေးတွေရအောင် လှီးပေးထားပါနော်။

            အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် အိုးတင်၊ နှမ်းဆီမွှေးလေး (ထမင်းစားဇွန်းတစ်ဇွန်း) ထည့်၊ ပူလာပြီဆိုရင် ကြက်သား ကိုထည့်ပြီး လှိမ့်၊ ကြက်သားထဲက ထွက်လာတဲ့ အရည်တွေ ကုန်တဲ့အထိ လှိမ့်ပေး၊ ပြီးရင် ချင်းကြက်သွန်ဖြူ ငရုတ်သီးအနီကို ထည့်ပြီး မွှေ၊ ကြက်သွန်ဖြူ နွမ်းတာနဲ့ လှီးထားတဲ့ ကြံမဆိုင်တွေထည့်မွှေ၊ ပြီးရင် ကြံမဆိုင်မြုပ်တဲ့အထိ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါနော်။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ရေထပ်ဖြည့်ပြီး ကြံမဆိုင်ထဲက အချဉ်အရသာ ကြက်သားထဲ ရောက်အောင်တည်ပေးပါနော်။  ဟင်းအိုး ထပ်ဆူလာတဲ့အခါ ကြက်သားနူး/မနူးကြည့်ပြီး အနူးလိုသေးရင် ရေထပ်ဖြည့်ပြီး တည်ပေး၊ နူးပြီဆိုရင်တော့ ပဲပြားထည့်၊ မညက်တညက်ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေကို ထည့်၊ ပြီးရင်တော့ ခရမ်းချဉ်သီးထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကျဲ စိတ်ကြိုက်ဖြည့်ပြင်ပေးပါနော်။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချပြီး ဟင်းပွဲပြင်ပြီး အသင့်သုံးဆောင်နိုင်ပါပြီနော်။ ကြိုက်တတ်ရင် ငုံးဥ၊ ကြက်အမြစ်၊ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်လေးပါ အုပ်ပေါ့နော်။ အဲ့ဒါဆိုရင်တော့ ချဉ်စပ်အရသာလေးနဲ့ ကြက်သားကြံမဆိုင်ဟင်းရည်သောက်လေး ရပါပြီနော်။

            တကယ်လို့ ၀က်နံရိုးနဲ့ချက်မယ်ဆိုရင်လည်း ကြက်သားနေရာမှာ ၀က်နံရိုးကိုထည့်ပြီးတည်ပါ၊ နံရိုးနူးအိလေ ပိုစား ကောင်းလေး ဖြစ်ပြီး ၀က်နံရိုးနဲ့ ကြံမဆိုင်က အလွန်လိုက်ဖက်လှတဲ့အတွဲဖြစ်ပါတယ်နော်။
(ကျွန်မက ရုံးကမိတ်ဆွေတွေအတွက် သယ်သွားမှာဖြစ်တဲ့အတွက် ပန်းကန်ထဲ ထည့်ပြီး မရိုက်ဖြစ်ခဲ့ပါဘူး၊ ခွင့်လွှတ်ကြပါကုန်)။

ကြံမဆိုင်ပဲပြားသတ်သတ်လွတ်ကြော်
            ကြံမဆိုင်ကို ၀က်သား၊ ကြက်သား၊ ပုစွန်အစရှိသဖြင့် ကိုယ်နှစ်သက်ရာ အသားတွေနဲ့ ကြော်လို့ရသလို သတ်သတ်လွတ်အနေနဲ့ ပဲပြားနဲ့ ကြော်စားလို့လည်းရပါတယ်နော်။ ကျွန်မတို့ငယ်ငယ်တုန်းက ထမင်းပူပူထဲကို ကြံမဆိုင်ဝက်သား သုံးထပ်သားနဲ့ ငရုတ်သီးစိမ်းနဲ့ကြော်ထားတာကိုထည့်ပြီး စားရရင် သိပ်ကြိုက်ခဲ့တာပါ။ အခုတော့သတ်သတ်လွတ်ကြော်လေးနဲ့ပဲ နှစ်ပါးသွားရအောင်နော်။

            လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြံမဆိုင်၊ ပဲပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအနီတောင့်၊ ငရုတ်သီးစိမ်း၊ ဆီ၊ ပဲငံပြာရည်အကျဲ၊ ဆီနဲ့ သကြားအနည်းငယ်တို့ပါ နော်။

            ကြံမဆိုင်ကို မထူမပါးလှီးထားပေးပြီး သိပ်ချဉ်မှာစိုးရင် အရည်ညှစ်ထုတ်ပစ်ထားပါ၊ ပဲပြားကို မထူမပါး လှီးပေးထားပါ၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီမထူမပါးလှီးပေးထားပါ။ ငရုတ်သီးအနီတောင့် မထူမပါး လှီးပေးထားပါ။ ငရုတ်သီးစိမ်း မညက်တညက်ထောင်းပေးထားပါ။

            အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီတို့ကို ထည့်ပြီး ဆီသတ်၊ ကြက်သွန် နွမ်းပြီဆိုရင် ငရုတ်သီးအနီထည့်မွှေ၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေကိုထည့်မွှေ၊ ပြီးရင် ပဲပြားနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ။ ပဲပြားအပေါ်ကြော တင်းလာပြီးဆိုရင်တော့ ကြံမဆိုင်ကို ထည့်ပြီး အားလုံးသမအောင်မွှေကြော် ပေးပါနော်။ ပြီးရင် ရေနွေးနည်းနည်းထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး ခဏထားပေးပါ။ ပြီးရင်တော့ အပေါ့အငံကိုမြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ သတ်သတ်လွတ်ပဲပြားကြံမဆိုင်ကြော်လေး ရပါပြီနော်။

            ကြံမဆိုင်ကို ပဲပြားမပါ သတ်သတ်လွတ်ကြော်ပြီး ဆန်ပြုတ်ထဲလည်း ထည့်စားလေ့ရှိပါသေးတယ်နော်။ ကျွန်မလည်း ရုံးက မိတ်ဆွေတစ်ယောက်က အိမ်လည်ဖိတ်တော့ သူ့အိမ်မှာ ဟောင်ကောင်စတိုင်လ် ဆန်ပြုတ် ဆိုပြီး စားခဲ့ဖူးတာပါ။ အရမ်းကို စားကောင်းလွန်းလို့ ၂ ပန်းကန်စားခဲ့တာပါ။ သူတို့ဆီကလည်း ဟင်းချက်နည်း တွေ သင်ခဲ့ပါသေးတယ်နော်။

            ချစ်သောမောင်နှမများအားလုံးလည်း ကြံမဆိုင်ချဉ်လုပ်တာ အဆင်ပြေကြပါစေနော်။ ကြံမဆိုင်ချဉ်ကိုလည်း ကိုယ်နှစ်သက်သလို စိတ်ကြိုက်ချက်စားနိုင်ကြပါစေနော်။

Saturday, January 23, 2010

အသုပ်သည်လက်သစ် လုလု

11 comments


ရေခဲမှိုလို့လည်းခေါ်တဲ့ ကျောက်ပွင့်
ကျွန်မ အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါလ်မြို့လေးကို Training Program တစ်ခုအတွက်နဲ့ သုံးလကြာနေရဖို့ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ညက ရန်ကုန်ကနေ စပြီး ထွက်ခဲ့ရတယ်။ ဒီတစ်ခေါက် ပြည်ပခရီးစဉ် ဟာ ကျွန်မအတွက် အတော်လေး ကသုတ်ကရက်နိုင်လွန်းလှတယ်။ အလုပ်တွေ များလွန်းလှတာကြောင့် ခရီးထွက်မယ့်နေ့အထိ ကျွန်မ ရုံးတက်နေရတုန်းပါပဲ။ ရုံးကနေ လုပ်ဖော်ကိုင်ဖက် မောင်လေး၊ ညီမလေးတွေက အစုံပလုံစိအောင် လျှောက်ပြီး စီစဉ်ပေးတာတောင်မှ ဘာလက်ဆောင်ပစ္စည်းမှတောင် ၀ယ်ခဲ့ဖို့ အချိန်မရခဲ့ဘူး။ ဒါပေမယ့် မြန်မာအစားအစာကို တစ်ရက်မစားရရင် မနေနိုင်တဲ့ ကျွန်မ မြန်မာအစားအစာတွေကို ၁၀ ကီလိုလောက် သယ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လည် ၁၂ ခွဲလောက်မှာ ဂျာကာတာလေဆိပ်ကိုရောက်တယ်၊ လေဆိပ်မှာ ကျွန်မ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ လာကြိုကြပြီး ကျွန်မကို ဘိုဂေါလ်မြို့လေးကို ကားနဲ့ ခေါ်ပေးခဲ့တယ်။ လေဆိပ်ကနေ အလုပ်ကို ရောက်တော့ နေ့လည် ၂ နာရီ ၄၅ မိနစ်ရှိနေပြီနော်။ ရောက်ရောက်ချင်းမှာပဲ ကျွန်မကို လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးရဲ့ အိမ်မှာ အိမ်ခန်းစီစဉ်ပေးထားတယ်လို့ ကျွန်မအလုပ်က ဒါရိုက်တာက ပြောတဲ့အတွက် နေရေးထိုင်ရေးအတွက် ကျွန်မ စိတ်ပူပင်သောက သက်သာခဲ့ရပါတယ်။

အလုပ်ကနေ အိမ်ရောက်တော့ ကျွန်မရဲ့ အိမ်ရှင်က ညစာကို သူစီစဉ်ထားပါတယ်လို့ ပြောတော့လေ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ထမင်းကို တစ်နေ့လုံးမှာ တစ်နပ်လေးမှ မစားလိုက်ရရင် မတင်းတိမ်တဲ့ ကျွန်မရဲ့ မကောင်းတဲ့အကျင့်။ ထမင်းစား ချိန်မှာ သူတို့က ကျွန်မက အင်ဒိုနီးရှား အစားအစာတွေနဲ့ ဟင်းတွေ အစုံနဲ့ ကျွေးပါတယ်။ ဒါပေမယ့် ထမင်းကလေ တကယ့်ကို ကြောင်စာလေးမှ ကြောင်စာလေးပဲ။ အဲ့ဒီထမင်းနဲ့ ကျွန်မ ဘယ်လိုမှ မတင်းတိမ်နိုင်ဘူးလေ။ ဗိုက်အရမ်းဆာတဲ့အချိန် ငါးပိရည်လေးနဲ့ နယ်စားလိုက်ရမယ်ဆိုရင် သူတို့ ထည့်ပေးတဲ့ ထမင်းက ကျွန်မ သုံးလုပ်စာလောက်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မလေ ရှိသမျှ အသီးအရွက်တွေ အကုန်ထိုင်စားပစ်လိုက်တယ်။ ရှေ့လူတွေနောက်လူတွေ ကျွန်မ မကြည့်နိုင်တော့ဘူး။ ကျွန်မရဲ့ ၀မ်းထဲက အရမ်းကို မွတ်သိပ်နေပြီလေ။

အဲ့ဒီညက ကျွန်မရဲ့ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက် မောင်နှမတွေကို ကျွန်မ မေးလ်ပို့ခဲ့တယ်၊ ထမင်းမ၀တဲ့အကြောင်း ကိုပေါ့။ ထမင်းအရမ်းကြိုက်တဲ့ကျွန်မ၊ မြန်မာမုန့်ကလွဲရင် ကိတ်မုန့်၊ ပေါင်မုန့်၊ ပီဇာ ဘာကိုမှ မခုံမင်တဲ့၊ မနှစ်သက်တဲ့ ကျွန်မကို သနားကြားတယ်၊ စိတ်လည်း မကောင်းဖြစ်မိတယ်တဲ့။ ကျွန်မလည်း အိမ်ရှင်ကို ညနေ ရုံးဆင်းတော့ ပြောပြတယ်၊ ကျွန်မ ဆန်ရယ်၊ ထမင်းပေါင်းအိုးရယ် ၀ယ်ချင်ပါတယ်၊ ဟင်းသီးဟင်းရွက်နဲ့ ဟင်းချက်စရာ အသားငါးတွေ ၀ယ်ချင်ပါတယ်လို့လေ။ အိမ်ရှင်က ကျွန်မကို ဆန်မ၀ယ်ပါနဲ့၊ သူ့အိမ်မှာ ရှိတာကို စားပါလို့ပြောတယ်။ ကျွန်မ မနေနိုင်တော့ပါဘူး၊ ကျွန်မက ထမင်းစားကြီးတယ်ဆိုတဲ့အကြောင်း၊ မနေ့ညက ကျွန်မ ထမင်းမ၀ဘူးဆိုတဲ့အကြောင်းကို ရှက်ရှက်နဲ့ ပြောပြရပါတော့တယ်။ အဲ့ဒီတော့မှ အိမ်ရှင်လည်း ကျွန်မကို စိတ်ကြိုက်ဝယ်ခွင့်ပေးပါတော့တယ်။

ကျွန်မက ဆီပြန်ဟင်းတွေနဲ့စာရင် ဘာဖြစ်ဖြစ် အသုပ်တွေစားရတာကို ကြိုက်တယ်။ ဘာတွေ့တွေ့ အသုပ်ကောက်သုပ်ပစ် လိုက်တာပဲ။ အဲ့ဒါကြောင့်မို့ မြန်မာကလာကတည်းက ကျောက်ပွင့်၊ ကြက်နားရွက်မှို၊ ငွေနှင်းမှိုခြောက်အပြင် အစားအသောက်တွေ အစုံသယ်လာခဲ့တာ။ လက်ပံပွင့်ခြောက်နဲ့ ဆီးသီးခြောက်တောင် ပါသေးတယ်။ နောက်ရက်တွေကျမှ ချက်ပြီးရင် မောင်နှမတွေကို မျှဝေပေးဦးမယ်နော်။

အင်ဒိုနီးရှားရောက် ဒုတိယမြောက်ရက်မှာတော့ ကျွန်မရဲ့ ညစာကို အသုပ်နဲ့စားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ၀ယ်လာတဲ့ ကြက်သားကို ဆေးကြောသန့်စင်ပြီး ဆား၊ သကြားအနည်းငယ်နဲ့ နယ်ပါတယ်။ ပြီးတော့မှ ဒယ်အိုးထဲ ထည့်ပြီး ကြက်သားကို လှော်လိုက်ပါတယ်။ ကြက်သားထဲကနေ အရည်တွေထွက်လာပါလိမ့်မယ်၊ အဲ့ဒီအရည်ကုန်သွားပြီဆိုတော့မှ ရေလေးနည်းနည်းချင်းစီထည့်၊ ဒယ်အိုး အဖုံးအုပ်ပြီး ရေအားလုံး ခမ်းသွားပြီး ကြက်သားကျက်တဲ့အထိ တည်ပေးပါ တယ်နော်။ ရေခမ်းသွားပြီဆိုရင်တော့ ကြက်သားတွေကို ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး အအေးခံထားပါတယ်။

ကြက်သားကိုလည်း အသားမျှင်လေးတွေ ရအောင် နွှင်ယူပါတယ်။

ကြက်သား ပြုတ်ထားစဉ်မှာ ကျောက်ပွင့်၊ ကြက်နားရွက်မှိုနဲ့ ပဲကြာဆံတို့ကို သီးသန့်စီ ရေစိမ်ပါတယ်။ ပြီးတော့ ရေနွေး ပွက်ပွက်ဆူထဲကို ပဲကြာဆံအရင်ထည့်ပြုတ်ပါတယ်၊ ကြာဆံနူးပြီဆိုရင် ကြွက်နားရွက်မှိုနဲ့ ကျောက်ပွင့်ကို ထည့်ပြုတ်ပါတယ်။ ပြီးတော့မှ အားလုံးကို ရေအေးအေးနဲ့ သေချာဆေးပြီး အနေတော်အရွယ်လေးတွေဖြစ်အောင် ဖြတ်တောက်ပေးပါတယ်။

မုန်လာဥနီကိုလည်း ပုံစံမျိုးစုံ စိတ်ကူးတည့်ရာလျှောက်လှီးပြီးထည့်ပါတယ်။ ကြက်သွန်ဖြူ ၃ မွှာနဲ့ ကြက်သွန်နီ ခပ်သေးသေး တစ်လုံးလောက်ကိုလည်း ပါးပါးလှီးပြီး ထည့်လိုက်ပါတယ်။ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံ နည်းနည်းစီ လှီးထားပါတယ်။ သံပရာသီးလေးတွေလည်း စိတ်ထားပါတယ်။ ငရုတ်သီးကတော့ အိမ်ကနေ သယ်လာတဲ့ ငရုတ်သီး အလှော်မှုန့်ရယ်၊ ဒီက ငရုတ်သီးရယ်ကို နည်းနည်းစီ မျှထည့်ဖို့ ပြင်ထားပါတယ်။

အားလုံးအသင့်ဖြစ်တော့ ဇလုံတစ်လုံးထဲကို အပေါ်က အဆာပလာတွေ အကုန်ထည့်ပါတယ်၊ ငံပြာရည် ထည့်ပါတယ်။ ဆားရယ်၊ သကြားအနည်းငယ်လည်း ထည့်ပါတယ်၊ သံပရာရည်ညှစ်ထည့်ပြီး အားလုံးကို ရောနယ်ပါတယ်။ အရသာအပေါ့အငန်ကို မြည်းပြီး လိုအပ်တာထပ်ဖြည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးနဲ့ တရုတ်နံနံလေး ဖြူးထည့်ပါတယ်။

ကျွန်မက ထမင်းပူပူလေးကို အဲ့ဒီအသုပ်နဲ့ ရေနွေးကြမ်းနဲ့ စားတာကို ကြည့်ပြီး ကျွန်မ အိမ်ရှင် မိသားစုက အသုပ်ကို မြည်းကြည့်ချင်တယ်လို့ ပြောပါတယ်။ မြည်းပါဆိုတော့ သူတို့လည်း ပန်းကန်လေးတွေနဲ့ ထည့်ပြီး မြည်းတယ်၊ပြီးတော့ သူတို့ သိပ်ကြိုက်တယ်လို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ပြီးတော့ ဟင်းသီးဟင်းရွက်၊ အသား အစုံအပြည့်အစုံပါပြီး အချိန်ကုန် လည်း သက်သာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ နောက်ရက်ကျရင် ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို မြည်းဖို့ သုပ်သွားပါလား လို့လည်း အကြံပေးပါတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း နောက်နေ့ ရုံးသွားတော့ နေ့လည်စာအတွက် အသုပ်သုပ်သွားပါတယ်။ အားလုံးက အသုပ်ကို ကြိုက်လို့ဆိုပြီး ၀ိုင်းပြီးအားပေးကြတယ်။ ပြီးတော့ မြန်မာအစားအစာတွေ စားဖူးရအောင် တစ်နေ့လောက် ပါတီလုပ်ရ အောင်ဆိုပြီး ပြောလာတော့ ၂၀-၀၁-၁၀ ရက် (ဗုဒ္ဓဟူးနေ့)မှာ ပါတီလေး လုပ်ဖြစ်ခဲ့တာပါနော်။

မြန်မာအစားအစာစစ်စစ်တော့ မဟုတ်ခဲ့ပေမယ့် သူတို့တောင်းဆိုတဲ့အတိုင်း ကျောက်ပွင့်ပဲကြာဆံ ကြက်သားသုပ်နဲ့အတူ တခြားသောအတွဲအဖက်များနဲ့အတူ အင်ဒိုနီးရှားရောက် မြန်မာအသုပ်သည်လက်သစ် ကျွန်မလုလုရဲ့ လက်ရာလေးတွေနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ (သူတို့က ကြက်သွန်ဖြူကြက်သွန်နီကို အသုပ်ထဲ ထည့်ရင် အနံ့ပြင်းလို့ဆိုပြီး မစားတတ်လို့ ပါတီနေ့က အသုပ်မှာ မထည့်ဘဲ သုပ်ခဲ့ပါတယ်။) အချိုပွဲကတော့ ပြောင်းဖူးကျောက်ကျောပေါ့။

အသားတွေငါးတွေနဲ့ ဟင်းပွဲကြီး မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်လှပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး diet လုပ်ချင်တဲ့သူတွေ အတွက် အဆင်ပြေစေတယ်လေ။ အခုတော့ ကျွန်မရဲ့ အင်ဒိုနီးရှား အမေအိမ်မှာ နေ့တိုင်း အဲ့ဒီအသုပ်ကို မဖြစ်မနေ သုပ်ပေးနေရ ပါတယ်။ သူတို့ သိပ်ကြိုက်တယ်ဆိုလို့ ကျွန်မလည်း ၀မ်းသာလှပါတယ်။ ကလေးနှစ်ယောက်က ကျွန်မဟင်းချက်ပြီဆို အနားမှာ ရစ်သီရစ်သီလုပ်နေပါတယ်၊ ဘာဟင်းချက်မလဲ စောင့်ကြည့်နေပြီး ကျက်တာနဲ့ စားပါတော့တယ်၊ မြန်မာပြည်က သယ်လာတဲ့ ဘာလချောင်ကြော်လည်း သူတို့က မုန့်လိုပဲ စားကြတော့ ကုန်ပြီနော်။ မနက်ဖြန်တောင် ထပ်ကြော်ပေးရဦးမယ်။

တကယ်တော့ အစားအသောက်ချက်ပြုတ်ကျွေးမွေးရတာလည်း ကုသိုလ်ကောင်းမှုတစ်မျိုးပါပဲလို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ပီတိဖြစ်မိရင်း အသက်ရှင်နေသေးသရွေ့ ကျန်းမာရေးနဲ့ ညီညွတ် မျှတအောင် နေထိုင်စားသောက်နိုင်မယ့် ဟင်းလျာလေးတွေကို ကြိုးစားချက်ပြုတ်ပြီး ကျွန်မချစ်သော မောင်နှမများအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား မျှဝေပေး သွားပါမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ ကျန်းမာမှလည်း လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာ မဟုတ်လားနော်။

ချစ်သောမောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။