Friday, February 24, 2012
အုန်းစိမ်းဒူးရင်းယိုကျောက်ကျောလေး လုပ်စားကြရအောင့့် 
Wednesday, August 24, 2011
မျက်နှာပန်းလှစေမယ့် ချစ်စရာ ငှက်ပျောသီးဆနွင်းမကင်းလေးများ
မေတ္တာရပ်ဝန်းမီးဖိုဆောင်မှာ ဟင်းလျာအသစ်တွေ မတင်ဖြစ်ပေမယ့် အမြဲတမ်းလာရောက် အားပေးနေတဲ့ မောင်နှမတွေကိုလည်း ကျေးဇူးအထူးတင်လျက်ပါနော်။
အမအလုပ်များတာသိပေမယ့် ဗန်းသေးသေးလေးနဲ့တစ်ယောက်စာလောက်ပဲဖစ်ဖြစ် လုပ်ကျွေးပါ လားဟင်တဲ့ 
Monday, August 23, 2010
နီဝါနှစ်လွှာ ငှက်ပျောသီးဆနွင်းမကင်း
Sunday, August 1, 2010
မော်လမြိုင် ဆန်ဘိန်းမုန့်လုပ်စားရအောင်
ချစ်သောမောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေ မေးထားတဲ့ ဘိန်းမုန့်ထဲက အလွယ်တကူလုပ်လို့ရပြီး စားလို့လည်းကောင်းမယ့် ဆန်ဘိန်းမုန့်လေး လုပ်စားရအောင်နော်။ အခုပြောပြမယ့်နည်းက ကျွန်မရဲ့ မွေးရပ်မြေက လုပ်တဲ့ ဘိန်းမုန့် လုပ်နည်းလေးပါနော်။ ရန်ကုန်မှာ ရောင်းတဲ့ ဘိန်းမုန့်လုပ်နည်းနဲ့ ကွဲပြားပါတယ်နော်။
ဆန်ဘိန်းမုန့်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန် နို့ဆီဗူးတစ်ဗူး၊ ထမင်းကြမ်းအနည်းငယ်၊ ကြက်ဥတစ်လုံး၊ စားဆိုဒါ လက်ဖက်စားဇွန်း (၁) ဇွန်း၊ သကြား အနည်းငယ်၊ အုန်းသီး တစ်ခြမ်း၊ မြေပဲ အနည်းငယ်၊ ဆားအနည်းငယ်၊ နှမ်းစေ့အနက် အနည်းငယ်၊ ထောပတ်/ဆီအနည်းငယ်တို့ပါနော်။
ဆန်ကိုမနက်ကျရင် ကြိတ်မယ်ဆိုရင် ညကတည်းက ရေစိမ်ထားပေါ့နော်။ ပြီးတော့မှ မုန့်ကြိတ်ပါနော်၊ မုန့်ကြိတ်တဲ့အခါ ထမင်းကြမ်းလေး ထည့်ကြိတ်မှ မုန့်ပွတယ်လို့ လူကြီးတွေက ဆိုကြတယ်နော်။ မုန့်ကြိတ်တဲ့အခါ မုန့်ရည်ပျစ်ပျစ်လေးဖြစ်နေအောင် ကြိတ်ပေးထားပါနော်။ ပြီးတော့မှ ဆိုဒါမှုန့်လေးရောပြီးတော့ အနည်းဆုံး သုံးနာရီလောက် မုန့်ကို နှပ်ပေးထားလိုက်ပါနော်။ ပြီးရင် ကြက်ဥတစ်လုံးလောက်ကို မွနေအောင်ခေါက်ပြီး မုန့်နှစ်ထဲ ထည့်နှပ်ပေးပြီး တစ်နာရီလောက် ထပ်နှပ်ပေးထားပါနော်။
မြေပဲနဲ့ နှမ်းကို လှော်ထားပေးပြီး မြေပဲကိုလေးစိတ်ကွဲလေးရအောင်ထုပေးထား၊ နှမ်းလေးကိုလည်း ပန်းကန်လုံးလေး တစ်လုံးထဲ ထည့်ပေးထားပါနော်။ အုန်းသီးလေးတွေကို မျှင်မျှင်လေးရနေအောင် ခြစ်ပေးထားပါနော်။
အားလုံးအသင့်ဖြစ်တဲ့အခါ မုန့်ဖုတ်ဖို့အတွက် မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် ထောပတ်လေးနည်းနည်း သုပ်လိုက်ပါနော်။ ပြီးရင် မုန့်ရည်ကို ဟင်းချိုခပ်တဲ့ ယောက်ချိုဇွန်း လတ် တစ်ဇွန်းစာလောက် ဒယ်အိုးထဲ လှလှပပ ထည့်လိုက်ပါနော်။ ပြီးရင် အပေါ်ကနေ မြေပဲဆန်ရယ်၊ နှမ်းအနက်စေ့လှော်လေးတွေရယ်၊ အုန်းသီးဖတ်လေးတွေရယ် ဖြူးလိုက်ပါ နော်။ ပြီးတော့မှ အပေါ်ကျဲကျဲ၊ အောက်မီးသင့်ရုံနဲ့ ဖုတ်ပေးပါနော်။ ၃ မိနစ်လောက်နေရင် မုန့်လေးတွေ ပွလာတဲ့အခါကျရင် မုန့်ကို ကလော်ပြီးတော့ ဗန်းထဲထည့်၊ ပူပူနွေးနွေးလေးနဲ့ ဆိမ့်ဆိမ့်လေး သုံးဆောင်နိုင်ပါတယ်နော်။ နောက်ထပ်မုန့်တစ်ခု ထပ်လုပ်တော့မယ်ဆိုရင် ဒယ်အိုးမှာ ကပ်နေတဲ့ မုန့်ဖတ်လေးတွေ မရှိတော့အောင် စုတ်တံလေးနဲ့ သုပ်ပစ်ပြီး၊ ထောပတ်လေး ထပ်သုပ်ပြီးတော့ နောက်တစ်ခု ထပ်လုပ်ပေါ့နော်။ မော်လမြိုင်ဘိန်းမုန့်က အချိုအရသာက ပါတယ်ဆိုရုံလေးပါပဲ၊ ဆိမ့်ဆိမ့်လေးပေါ့နော်။ ပြီးတော့ နှမ်းနက်စေ့လေးနဲ့ ဆိုတော့ အနံ့အရသာရော၊ မုန့်ရဲ့အလှကလည်း မုန့်ဖြူဖြူဖွေးလေးပေါ်မှာ မြေပဲဆန် ညိုတိုတိုရယ်၊ နှမ်းစေ့နက်လေးရယ်၊ အုန်းသီးမျှင်ဖြူဖြူလေးတွေနဲ့ဆိုတော့ ကြည့်ရတာ အမြင်လည်းလှတယ်၊ တစ်မျိုးလေးမို့လို့ လုပ်စားကြည့်ကြပါဦးလို့ မောင်နှမတွေကို တိုက်တွန်းလိုက်ပါတယ်နော်။ မမလုကတော့ ဒီပို့စ်အတွက် တင်စရာ ဓာတ်ပုံမရှိသေးပါ၊ ဘိန်းမုန့်လုပ်နည်းတောင်းဆိုထားတဲ့ မောင်နှမတွေအတွက် အကြွေးဆပ်ပေးတာပါနော်။ မောင်နှမတွေထဲက ဘိန်းမုန့်လုပ်ပြီးတဲ့သူဆီက ဓာတ်ပုံရရင် ပြန်တင်ပေးမှာမို့ ဘိန်းမုန့်လုပ်စားဖြစ်ရင် မုန့်လုပ်စဉ်မှာ တွေ့ရခဲ့ အခက်အခဲတွေနဲ့ကြုံရတဲ့ အတွေ့အကြုံရယ်၊ ဓာတ်ပုံလေးရယ် ပို့ပေးကြပါနော်။ မမလု မျှော်နေမယ်နော်မောင်နှမတို့ရေ့ 
(မမလုရေ့  ကျွန်တော်/ကျွန်မတို့က ဆန်ဘိန်းမုန့်လုပ်စားချင်ပါတယ်၊ ဆန်ကို မကြိတ်ဘဲ ဆန်မှုန့်ကိုသုံးရင် ရမလားဆိုရင်လည်း ရပါတယ်နော်။ ဆန်မှုန့်ကိုသုံးမယ့်အတွက် မုန့်ပွဖို့ ထမင်းကြမ်းကို ဘယ်လိုကြိတ်ပြီး ထည့်ရမလဲဟင့့် ဆိုရင်တော့ ဆန်မှုန့်ကို ခပ်ကျဲကျဲကျိုထားပြီး တစ်ရက်ကြိုတင်ပြီး အချဉ်ဖောက်ထားလိုက်ပါနော်၊ ပြီးတော့မှ မုန့်နှစ်ဖျော်တဲ့အထဲ ထည့်ပြီး သမအောင် မွှေလိုက်ပြီးရင် သုံးနာရီလောက် အနည်းဆုံးနှပ်ထားပေးလိုက်ရင် ရပါတယ်နော်။)
Sunday, June 20, 2010
ရွှေကြည်ဆနွင်းမကင်းလုပ်စားကြမလား
![]() |
Saturday, January 16, 2010
ပြောင်းဖူးကျောက်ကျော
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို အချိုပွဲတစ်မျိုးဖြစ်တဲ့ ပြောင်းဖူး ကျောက်ကျောလေး လုပ်ကျွေးပါဦးမယ်နော်။
ပြောင်းဖူးကျောက်ကျောလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အာဂါး ကျောက်ကျောမှုန့် အစိမ်းရောင် အထုပ် (၁) ထုပ်၊ ပြောင်းဖူး (၁၀) ဖူး၊ သကြား (၂၀) ကျပ်သား၊ ဆား ထမင်းစားဇွန်း (၁) ဇွန်း၊ နို့ဆီ (၁) ဗူး၊ ရေသန့် ၂ လီတာတို့ပါနော်။
ပြောင်းဖူးကို နို့စိမ်းနဲ့ ကျိုတဲ့အခါ ပူတင်းလေးလို့ ပျော့ပြောင်းနူးညံ့ပြီး တစ်မျိုး စားလို့ကောင်းသလို အခုတစ်ခါ နို့ဆီနဲ့ ကျိုတဲ့အခါမှာတော့ အနံ့အရသာတစ်မျိုးလေးနဲ့ တော်တော်လေး စားလို့ ကောင်းတယ်လို့ မောင်နှမတွေက ပြောပါတယ်။ အခု တစ်ခေါက် ပြောင်းဖူးကျောက်ကျောလုပ်ခဲ့တာက နေပြည်တော်သွားတုန်း ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် မောင်လေးအိမ်မှာ တည်းရင်း နဲ့ကျွန်မတို့ မောင်နှမတွေ လွတ်လပ်ရေးနေ့မှာ လုပ်စားခဲ့တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်နော်။ ဓာတ်ပုံရိုက်တာတော့ ကျွန်မက မကျွမ်းကျင်လှဘူးနော့်။ အဲ့ဒီတော့ သည်းခံပြီးတော့ ကြည့်ကြပါနော်။ :D
သကြားကို ရေသန့် လီတာဝက်နဲ့ အတူ ရောပြီး သကြားအရည်ပျော်သွားအောင် မီးဖိုပေါ် ခဏတင်ပြီး သကြားရည် ကျိုပေးပါ။ ပြောင်းဖူးကို အခွံခွာ၊ အမွေးတွေကို သန့်စင်ဖယ်ရှား၊ ရေနဲ့ စင်အောင်ဆေးပေးပါ။ ပြီးရင် ပြောင်းဖူးတွေကို Vegetable Slicer နဲ့ ခြစ်ယူပါ။ တကယ်တော့ ခြွေပြီးသား ပြောင်းဖူးကို ၀ယ်ခဲ့တယ်ဆိုရင်တော့ ဘလန်င်ဒါထဲ ထည့်ကြိတ်ပြီး နို့ရည်ရယူပါနော်။ အဲ့ဒါက လူပင်ပန်းသက်သာပြီး နို့ရည်လည်း ပိုရလွယ်ပါတယ်နော်။ ခြစ်ပြီးသား ပြောင်းဖူးတွေထဲကို ဆား ထမင်းစားဇွန်း ၁ ဇွန်းထည့်၊ ရေနွေး ထည့်ပြီး နယ်ပေးပါ။ ပြီးတော့မှ ပြောင်းဖူးနို့ရည်ရအောင် ညှစ်ယူပါ။ ပြောင်းဖူးနို့ရည် အကုန်ရဖို့ ရေနွေးထည့်ပြီး အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်နယ်ယူပြီး နို့ရည်ညှစ်ယူပါနော်။ (သတိထားရမယ့် အချက်ကတော့ ပြောင်းဖူးနို့ရည်+ သကြားရည်+ နို့ဆီ စုစုပေါင်းဟာ ၂ လီတာခွဲ ရှိဖို့ပါပဲနော်။) နို့ရည် ညှစ်တဲ့အခါ ပြောင်းဖူးဖတ်တွေ ပါမလာရအောင် ပိတ်ပါးစလေးနဲ့ အုန်းနို့ညှစ်သလိုပဲ ညှစ်ယူပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ကျောက်ကျောမှုန့်ထည့်၊ ပြီးရင် သကြားရည်ထည့် ပြီး ကျောက်ကျောမှုန့်တွေ အားလုံး ရေထဲ ပျော်ဝင်အောင် မွှေပေးပါ။ ပြီးရင် ပြောင်းဖူးနို့ရည်၊ နို့ဆီတို့ကို ထည့်ပေးပြီးအားလုံး သမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါနော်။
ကျောက်ကျောစစချင်းကျိုတဲ့အခါ အိုးအဖုံးကို ပိတ်ထားပြီး ၁၀ မိနစ်ခန့် တည်ပေးပါ။ ပြီးရင် ပြောင်းဖူးနို့ရည်တွေ အောက်မှာ အနည်ထိုင်ပြီး ချိုးမကပ်သွားစေရအောင် မွှေပေးပါ။ ပြီးရင် အဖုံးပိတ်ပြီး ၅ မိနစ် လောက် တည်ပေးပါ။ နောက်ပိုင်းမှာ ၅ မိနစ် တစ်ခါလောက် အဖုံးဖွင့်လိုက် မွှေလိုက်လုပ်ပေးပါ။ ကျောက်ကျော အိုးပွက်ပွက်ဆူလာပြီဆိုရင်တော့ ပြောင်းဖူးနို့လေးတွေက အုန်းနို့ လိုပဲ ဥလေးတွေတဖြည်းဖြည်း ဖြစ်လာပါ လိမ့်မယ်။ နောက်ထပ် ၁၅ မိနစ်လောက် ကျိုပေးပြီး ကျောက်ကျောလေးတွေကို ပန်းကန်ပြား တစ်ချပ်ထဲ နည်းနည်းထည့်ပြီး အအေးခံကြည့်ပါ။ ၂ မိနစ်လောက်အတွင်း ခဲသွားတယ်ဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ် လိုချင်တဲ့ ပုံစံခွက်ထဲ ဒါမှမဟုတ် ဗန်းထဲလောင်းထည့်ပြီး အအေးခံပေးလိုက်ပါနော်။ ကျောက်ကျော အေးခဲသွားပြီဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ပြောင်းဖူးကျောက်ကျောလေးကို သုံးဆောင်နိုင်ပါပြီနော်။
အခုရာသီက ပြောင်းဖူးပေါတယ်နော်။ အခါအခွင့်သင့်ရင် ချစ်သောမောင်နှမများလည်း ပြောင်းဖူး ကျောက်ကျောလေးကို စမ်းပြီး လုပ်စားကြည့်ကြပါဦးနော်။
Sunday, November 1, 2009
ကျီးမနိုးပွဲညအတွက် ဟင်းလျာ
ကျီးမနိုးပွဲ (သူခိုးကြီးည)လို့လည်း လူသိများကြတဲ့ညမှာ တောရွာတွေမှာတော့ ကာလသားတစ်သိုက် အပျော် အနေနဲ့ တစ်ယောက်အိမ်က ပစ္စည်းကို တစ်ယောက်မသိအောင် ၀ှက်ကြ၊ နေရာရွှေ့ကြ လုပ်တတ်ကြပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်
အဲ့ဒီနေ့ညမှာ သူငယ်ချင်းများနဲ့ စုပြီး ချက်ပြုတ်စားသောက်နိုင်ဖို့ ဟင်းလျာလေးတွေ မျှဝေပေးလိုက်ပါ တယ်နော်။ ချက်မယ့်ဟင်းလျာတွေကတော့ ကြက်သားကာလသမီးချက်၊ ငါးဖယ်ကြက်သွန်နီကြော်၊ ဆီးဖြူသီး ထောင်း၊ မဲဇလီဖူးသုပ်၊ ပေါက်ပန်းဖြူရွက်သုပ်၊ ဟင်းခါးနဲ့ အချိုပွဲအဖြစ် အုန်းစိမ်းဆွမ်းမွှေးပင်ပွား ကျောက်ကျောတို့ပါနော်။

ကြက်သားကာလသမီးချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား၊ ဗူးသီး၊ ငရုတ်သီးအပုပွတောင့်၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအနည်းငယ်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ နနွင်းနဲ့ ဆီတို့ပါနော်။ (ကာလသမီးချက်မှာက စပါးလင်နဲ့ ငရုတ်သီးစိမ်း ထည့်ပါတယ်)
ကြက်သားကို ရှေးဦးစွာ သန့်စင်အောင် ဆေးကြောပြီး ဆားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ နှံ့အောင် နယ်ပေးထားပါ။ ဗူးသီးကို အခွံနွှာ၊ ရေဆေးပြီး လက်နှစ်လုံးအရွယ်လေး တွေ လှီးပေး ထားပါ။ စပါးလင်ကို ရေဆေး၊ ပါးပါးလှီးပြီး ညက်အောင်ထောင်းပါ။ ငရုတ်သီးအပုပွတောင့်ကို ကပ်ကျေးနဲ့ညှပ်၊ အစေ့ထုပ်ပြီးပြီး ရေနွေးနဲ့ သေချာဆေးပြီး ထောင်းပါ။ ပြီးလျှင် ငရုတ်သီးထောင်းထဲသို့ ချင်း၊ ကြက်သွန်ဖြူ၊ နီ တို့ကို အခွံနွှာ ရေဆေးပြီး ထည့်ထောင်းပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်အနည်းငယ် ထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်စပါးလင်တို့ကို ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ကြက်သားတွေကို ထည့်ပြီး အားလုံးသမအောင်မွှေပြီး အဖုံးအုပ်ပေးထားပါ။ ကြက်သားထဲက ထွက်လာတဲ့ရေနဲ့ ကြက်သားကို လုံးသလိုဖြစ်သွားပါမယ်။ ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆို
ဓားပြားရိုက်ပြီး ဟင်းအိုးထဲထည့်ခပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ စပါးလင်၊ ငရုတ်သီးစိမ်းနံ့သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ ကြက်သားကာလသမီးချက်လေး ရပါပြီနော်။
ငါးဖယ်ကြက်သွန်နီကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးဖယ် ၃၀ ဆယ်ကျပ်သား၊ ကြက်သွန်နီ ၁၀ကျပ်သား၊ ဆားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ချင်း၊ ကြက်သွန်ဖြူနဲ့ ဆီ တို့ပါနော်။ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာ ရေဆေးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပေးထားပါ။ ငရုတ်ဆုံထဲသို့ ချင်းကို အရင်ထည့်ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူကိုထည့်ထောင်းပြီး မညက်တညက်အချိန်မှာ ငါးဖယ်၊ ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ကိုထည့်ထောင်းပါ။ ငါးဖယ်ထောင်းလို့ စေးပိုင်လာပြီဆို ရင်တော့ ငါးဖယ်မကိုင်မီ လက်ကို ရေစင်အောင်ဆေး၊ ခြောက်အောင်သုပ်ပြီးတော့မှ လက်ကို ဆီဆွတ်လိုက်ပါ။ ပြီးရင် ဘေးနားမှာ ဇလုံသေးလေး တစ်ခုနဲ့ ရေအနည်းငယ်ထည့်ပေးထားပါ။ ပန်းကန်ပြားတစ်ချပ်ထဲသို့ငါးဖယ် များကို ထည့်ပြီး လှီးထားတဲ့ကြက်သွန်နီများနဲ့ ရောနယ်ပေးပါ။ အားလုံးသမပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ အရွယ်အစားအတိုင်း အ၀ိုင်းပြားလေးတွေ ပြားပေးပါ။ (ငါးဖယ်ကိုင်တဲ့အခါ လက်မှာ စေးကပ်သွားတတ်တဲ့ အတွက် ငါးဖယ်ဝိုင်းရ မခက်ရလေအောင် ရေဇလုံလေးထဲက ရေကို ဆွတ်ဆွတ်ပြီး ၀ိုင်းပေးပါနော်။)
ငါးဖယ်တွေ အားလုံး ရပြီဆိုရင်တော့ မီးဖိုပေါ် ဆီအိုးတင်၊ ဆီထည့်၊ ဆီကျက်ပြီဆိုတာနဲ့ ငါးဖယ်တွေ ထည့် ကြော်ပါ။ ငါးဖယ်ကြော်နေတဲ့အချိန်မှာ မီးကို အသင့်အတင့်နဲ့ပဲ ထားပြီးကြော်ပေးပါနော်။ နောက်မဟုတ်ရင်
အပြင်ကတူးပြီး အထဲက မကျက်ဘဲ နေမှာစိုးလို့ပါနော်။ မီးကို သတိထားပြီး ငါးဖယ်များကို ကြော်ပေးပါ။ တစ်ဘက်တည်း နီရဲလာအောင် မစောင့်ဘဲနဲ့ အကျက်ညီအောင် မကြာခဏ ဟိုဘက်ဒီဘက်လှန်ပေးပါနော်။ ကြက်သွန်နီပါတဲ့အတွက် ကြက်သွန်နီတွေ အရမ်းမတူးအောင်လည်း သတိထားရတာမို့ ကြော်တဲ့အခါ မီး အတိုးအလျော့ကို အရမ်းဂရုစိုက်ပြီး ကြော်ပေးပါနော်။ ငါးဖယ်ကြော်လေးတွေ ရွှေအိုရောင်ပြောင်းလာပြီ ဆိုရင်တော့ ဒယ်အိုးထဲကနေဆယ်ယူပြီး ဇကာထဲ ထည့်စစ်ထားပေးပါနော်။ ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ပြောင်းထည့်လိုက်ပါနော်။ ကြက်သွန်နီပါတဲ့အတွက် အနံ့ရော အရသာပါ လေးလေးပင်ပင် ရှိတဲ့အပြင် ငါးဖယ်ချည်းသပ်သပ်ကြော်သလို မာမနေဘဲ စားရတာ အလွန်အရသာ ရှိလှပါတယ်။ ထမင်းဖြူ လေးနဲ့ပဲ စားစား၊ ဟင်းခါးပူပူ ဒါမှမဟုတ် ရေနွေးကြမ်းလေးနဲ့ပဲဖြစ်ဖြစ်၊ အစ်ကိုမောင်တို့အကြိုက် ဘီယာလေး နဲ့ပဲ ဖြစ်ဖြစ် အလွန်လိုက်ဖက်လှပါတယ်နော်။
ဆီးဖြူသီးထောင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီးဖြူသီး နို့ဆီတစ်ဗူး၊ ငရုတ်သီးစိမ်း လက်ဆစ်ဆုပ် (အစပ်စားနိုင်သလောက်ထည့်ပါ)၊ ကြက်သွန်ဖြူ အမြွှာကြီး ၁၀ မွှာ၊ မြေပဲနဲ့ နှမ်း အနည်းငယ်စီ (မကြိုက်လို့ မထည့်ရင်လည်းရပါတယ်ဆီးဖြူသီးတွေကို သန့်စင်အောင် ရေဆေးပြီး ဓားထက်ထက်နဲ့ ထက်ခြမ်းခွဲပြီး အထဲက အစေ့ကို ထုတ်ပစ်ပါ။ ငရုတ်သီးစိမ်းများကို ရေဆေး၊ အညှာချွေပေးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပေးထားပါ။ မြေပဲနဲ့ နှမ်း တို့ကို လှော်ပေးထားပါ။ ဆီးဖြူသီးများကို အိုးတစ်လုံးထဲထည့်ပြီး အသီးများမြုပ်အောင်ရေထည့်ပြီး ပြုတ်ပေးပါ။ ပွက်ပွက်ဆူလာပါက ပထမရည်ကို သွန်ပစ်လိုက်ပါ။ (အရမ်းဖန်တဲ့ဓာတ်တွေ ထွက်သွားရအောင်လို့ပါ။) ပြီးရင် ရေအနည်းငယ်ထည့်ပြီး ရေခမ်းပြုတ်ပေးပါ။ ရေခမ်းပြီဆိုရင်တော့ ဆီးဖြူသီးတွေကို ပန်းကန်တစ်ချပ်ထဲ ထည့် ပေးထားပါ။ ငရုတ်သီးစိမ်းများကိုလည်း အိုးကင်းပူလှိမ့်နိုင်သလို ပြုတ်လိုက်လည်း ဖြစ်ပါတယ်။
အားလုံးအသင့် ဖြစ်ရင် ငရုတ်ဆုံထဲကို ပုစွန်ခြောက်ကို အရင်ထောင်းပါမယ်။ ပုစွန်ခြောက်ပြီးရင် ကြက်သွန်ဖြူ ထည့်ပါ။ ပြီးရင် မြေပဲနဲ့ နှမ်းလှော်တို့ကိုထည့်ထောင်းပါ။ သူတို့ မညက်တညက် ဖြစ်လာပြီဆိုရင် ငရုတ်သီး စိမ်း၊ ဆီးဖြူသီးတို့ကိုထည့်ပြီး ထောင်းပါ။ အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ကို ထည့်ပြီး အားလုံးသမအောင် ထောင်းပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်ဖန်စပ်လေးနဲ့ ဆီးဖြူသီးထောင်းလေး ရပါပြီ နော်။ ကြာကြာအထားခံရအောင် ဆီးဖြူသီးထောင်းအပေါ်မှာ ပဲဆီမွှေးမွှေးလေး ဆမ်းလိုက်ပါနော်။ ဆီပြန်ဟင်း များနဲ့ လိုက်ဖက်လှတဲ့ ဆီးဖြူးသီးထောင်းလေးပါနော်။
မဲဇလီဖူးသုပ်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့ မဲဇလီဖူး၊ ပုစွန်ခြောက်၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်မယ်ဇလီဖူးကို ခူးပြီးတဲ့အခါ သန့်စင်အောင် ရေနဲ့ ဆေးကြောပေးပါ။ ပြီးတော့မှ မီးဖိုပေါ်မှာ အိုးတစ်လုံးတင်၊ ရေတစ်ဝက်သာသာလောက်ထည့်၊ ပြီးရင် မယ်ဇလီဖူးတွေထည့်ပြီး ပြုတ်ပါ။ ပထမတစ်ရည် ပွက်ပွက်ဆူလာရင် အဲ့ဒီရေတွေကို သွန်ပစ်ပြီးတော့မှ နောက်တစ်ရေ ထပ်ထည့်ပြီး ထပ်တည်ပေးပါ။ သုံးကြိမ်မြောက် ရေလဲပြီးတဲ့ အခါကျရင်တော့ မယ်ဇလီအဖူးတွေကို နူးအောင် ပြုတ်ပေးပါ။ (ခါးတာကြိုက်ရင်တော့ ၂ ကြိမ်မြောက်ရေလဲ ပြီးတဲ့ အခါနူးေ
မယ်ဇလီဖူးပြုတ်ထားတဲ့ အချိန်မှာ ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေး၊ ထက်ခြမ်းခြမ်း ပါးပါးလှီးပေး ထား ပါ။ မြေပဲနဲ့ နှမ်းကို လှော်ပေးထားပါ။ မယ်ဇလီဖူးပြုတ် နူးပြီဆိုရင်တော့ ရေတွေငှဲ့ပစ်ပြီး မယ်ဇလီဖူးတွေ ကို ဇကာနဲ့ ရေစစ်ပေးထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊
ပြီးတော့ ကြက်သွန်နီတွေ ထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပါ။ တဖြည်းဖြည်း မွှေနေရင်းနဲ့ ကြက်သွန်လေး တွေ ရွှေဝါရောင် ပြောင်းပြီဆိုရင် မီးဖိုပေါ်ကနေ ဒယ်အိုးချပြီး ကြက်သွန်နီဖတ်လေးတွေကို အမြန်ဆယ်ယူပါ။ ဆီကိုတော့ ဒယ်အိုးထဲမှာပဲ အအေးခံလိုက်ပါနော်။ ပုစွန်ခြောက်ကို မညက်တညက်ထောင်းပါ။ ပြီးရင် မြေပဲနဲ့ နှမ်းကိုလည်း မညက်တညက်လေးတွေ ဖြစ်အောင်ထောင်းပေးပါ။ မယ်ဇလီဖူးလေးတွေကိုလည်း ငရုတ်ဆုံထဲ
ထည့်ပြီး ကြေသွားအောင် နည်းနည်းထောင်းလိုက်ပါ။ (ညက်စရာမလိုပါဘူး) အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို မယ်ဇလီဖူး၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ကြက်သွန်နီဆီချက်တို့ကို ထည့်ပြီ
ပေါက်ပန်းဖြူရွက်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့ ပေါက်ပန်းဖြူရွက်၊ ခရမ်းချဉ်သီးတစ်လုံး၊ ဆီချက်၊ ပုစွန်ခြောက်မှုန့်အနည်းငယ်၊ မြေပဲလှော်နှင့် နှမ်းလှော်ထောင်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။ပေါက်ပန်းဖြူရွက်များကို ရေနွေးပွက်ပွက်ဆူထဲတွင် ထည့်ပြုတ်ပေးပါ။ အရွက်ပြုတ်ထားတဲ့အချိန်မှာ အိုးအဖုံး မအုပ်ပါနဲ့။ ပြီးရင် အရွက်တွေကို ဆယ်ယူပြီးတော့ ရေအေးအေးနဲ့ ဆေး၊ အရည်တွေ စင်အောင်ညှစ်ပြီး
ခပ်ပါးပါးလေးတွေရအောင် လှီးပေးပါ။ ခရမ်းချဉ်သီးကိုပါးပါးလှီးပေးပါ
အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို ပါဝင်ပစ္စည်းအကုန်ထည့်ပြီး နှံ့အောင်နယ်ပေးပါ။ အရသာ အဆိမ့်ကို ကြိုက်နှစ်သက်သူတွေအတွ
ရှောက်ရည် သို့မဟုတ် သံပုရာရည်လေးထည့်ပြီး သုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မြူရွက်သုပ် အလွမ်းပြေ ပေါက်ပန်းဖြူရွက်သုပ်လေး ရပါပြီနော်။
ဟင်းခါးအတွက်ကတော့ ကြက်ရိုးလေးရယ်၊ ငါးဖယ်လုံးအနည်းငယ်ကို ဟင်းရည်တည်ပါတယ်။ ဟင်းရည် ပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်း ထောင်းထည့်ပြီး တည်ပေးပါ။ ဟင်းရည်အိုး နည်းနည်း ကျလာပြီဆိုရင် ပဲပြားလိပ်လေးရယ်၊ ကြာဇံလေးအနည်းငယ်ရယ်၊ ဂေါ်ဖီဖတ် အနည်းငယ်ရယ် ထည့်လိုက် ရုံပါပဲနော်။ ပွက်ပွက်ဆူပြီဆိုရင် အပေါ့အငံအရသာမြည်း၊ လိုတဲ့အရသာကို ထပ်ဖြည့်ပြီး ဟင်းအိုးချလိုက်ရုံ ပါပဲနော်။ လွယ်လည်းလွယ်တယ်၊ သောက်လို့လည်းကောင်းတဲ့ဟင်းခါးေ
အချိုပွဲအတွက်ကတော့ လုပ်ရတာလည်းလွယ်ကူပြီး စားလို့လည်းကောင်းမယ့် ဆွမ်းမွှေး အုန်းစိမ်း ပင်ပွား ကျောက်ကျောလေး လုပ်စားကြရအောင်နော်။လိုအပ်တာတွေကတော့ ဆွမ်းမွှေးရွက်၊ ပင်ပွား၊ အုန်းစိမ်း၊ သကြား၊ ဆားအနည်းငယ်နဲ့ ကျောက်ကျောမှုန့်တို့ ပါနော်။ လူရိုင်းခေါင်းတံဆိပ် 25 ဂရမ်ကျောက်ကျောတစ်ထုပ်ဆိုရင် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ညီမျှပါတယ်။
အဲ့ဒီကျောက်ကျောတစ်ထုပ်ဆိုရင် သကြား ၂၅ ကျပ်သားနဲ့ ရေတစ်လီတာခွဲသုံးရပါမယ်။
ဆွမ်းမွှေးရွက် (pandan leaf) ၅ ရွက်ကို ပါးပါးလှီး၊ ကြိတ်ပြီးတော့ ရလာတဲ့အရည်ကို ညှစ်ယူပေးထားပါ။ ပင်ပွားတွေကို ရေစိမ်ပေးထားပါ။ သကြားနဲ့ ရေလီတာဝက်ကို အရင်ရောကျိုပြီး ရေစစ်နဲ့ စစ်ပေးလိုက်ရင်
သကြားထဲမှာ ပါလာတတ်တဲ့ အမှိုက်သရိုက်တွေကို သန့်စင်ပြီးသားဖြစ်သွားပါလိမ့်
ကျီးမနိုးပွဲညမှာ ချစ်မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။
Friday, August 14, 2009
မွေးနေ့ အမှတ်တရ




မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့ ကျွန်မ ၃၅ နှစ်ပြည့်မွေးနေ့ပါ။ မွေးနေ့မှာ ရုံးက လုပ်ဖော် ကိုင်ဖက်တွေကို တစ်ခုခု လုပ်ကျွေးမယ်ဆိုပြီး အချိန်ကလည်း သိပ်မရတာမို့ အချိန်ယူပြီးချက်ပြုတ်ရတဲ့အစား အစာမျိုးမဟုတ်ဘဲ ချက်ပြုတ်ရ လွယ်ကူပြီး စားလို့လည်း မြိန်စေမယ့် ပုန်းရည်ကြီးထမင်းသုပ်လေးပဲ လုပ်ကျွေး ဖြစ်ခဲ့ပါတယ်နော်။ အရည်သောက်လေးကတော့ ဗူးသီးနဲ့ ကြာဇံဟင်းခါးလေးပေါ့နော်။ အချိုပွဲကတော့ ဆားငန်သီးကျောက်ကျောနဲ့ လက်ဘက်သုပ်လေးပေါ့နော်။
ပုန်းရည်ကြီးထမင်းသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ (လူအယောက် ၂၅) စာအတွက် ပုန်းရည်ကြီး အနှစ်ထုပ် ၂ဝ ထုပ်၊ ဆန် တစ်ပြည်ကို ချက်ထားတဲ့ထမင်း၊ ဘဲဥအလုံး ၂၅၊ ကြက်သွန်ဖြူဆီချက်ကြော်၊ နှမ်းဆီ၊ ဆား၊ အချိုမှုန့်၊ ပုစွန်ခြောက်မှုန့်၊ မန်ကျည်းနှစ် ခပ်ပျစ်ပျစ်တို့ပါနော်။
အသီးအရွက်အနေနဲ့ကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဂျူးမြစ်၊ မုန်လာဥနီနဲ့ ပင်စိမ်းတို့ပါနော်။
ပုန်းရည်ကြီးအနှစ်တွေကို ဇလုံတစ်လုံးထဲ ဖောက်ထည့်ပြီး ရေနွေးလက်ဘက်ရည်ပန်းကန်လုံး တစ်လုံး ထည့်ပါတယ်။ ပြီးတော့ ဆားနဲ့ ဟင်းချိုမှုန့်ကို ထည့်ပြီး အားလုံးသမအောင် မွှေပေးပါတယ်။ ပြီးတော့မှ နှမ်းဆီ ၂၅ ကျပ်သားကို ထည့်ပြီး အားလုံး သမအောင်မွှေပြီး နှပ်ထားလိုက်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းဖြင့် ပုန်းရည်ကြီးတွေက ခပ်ပျစ်ပျစ် အရည်လေးတွေလို ဖြစ်သွားပြီး ထမင်းနဲ့ နယ်လို့အဆင်ပြေစေမှာဖြစ်ပါတယ်။
ဘဲဥတွေကိုတော့ ဟတ်ဖရိုက်ကြော်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူဆီချက် ထပ်ကြော်ထားပါတယ်။ အသီးအရွက်အနေနဲ့ ထည့်စားဖို့အတွက် ဂျူးမြစ်ကို ရေများများနဲ့ သေချာဆေးပြီး ရေစိမ်ထားပါတယ်။ ပြီးတော့မှ ခေါင်းဖြတ်၊ အမြစ်တွေကို ကပ်ကျေးလေးနဲ့ သေချာဖြတ်ပြီးတော့မှ ရေထပ်ဆေးပါတယ်။ ပြီးရင် ပင်စိမ်းရွက်ကို သဲတွေစင်အောင် သေချာ ရေနဲ့ ဆေးပါတယ်။ ပြီးတော့မှ အညွန့် အရွက်လေးတွေကို တစ်လုပ်စာ အရွယ်လေးတွေ ရအောင် ဖြတ်ထားပါတယ်။ မုန်လာဥနီကိုလည်း ရေဆေး၊ အခွံနွှာပြီး အပွင့်ဖော်တဲ့ဟာကို ဖော်ပါတယ်။ အရှည်လိုက်လေးတွေလည်း ဖြတ်ထားပါတယ်။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပြီး ရေစစ်ထားပါတယ်။ ကြက်သွန်နီကိုတော့ အခွံနွှာ ရေဆေးပြီးတော့ အကွင်းလိုက် လှီးထားပါတယ်။ ငရုတ်သီးစိမ်းကိုလည်း အညှာချွေ၊ ရေဆေးပြီးတော့ ခပ်ပါးပါးလေးတွေ ဖြစ်အောင် ညှပ်ထားပါတယ်။ မန်ကျည်းသီးမှည့်ကိုလည်း ရေနွေးနဲ့ ခပ်ပျစ်ပျစ် ဖျော်ထားပေးပါတယ်။
အားလုံး အသင့်ဖြစ်ပြီ ဆိုရင်တော့ ထမင်းတွေကို အသာအယာဖွယူပြီး ပန်းကန်ကြီးကြီးတစ်ချပ်ထဲ ထည့်ပါတယ်။ ပြီးတော့ ပုန်းရည်ကြီး၊ ဆား၊ ပုစွန်ခြောက်မှုန့်၊ မန်ကျည်းနှစ်၊ လှီးထားတဲ့ ငရုတ်သီးစိမ်း၊ ဟင်းချိုမှုန့်၊ နှမ်းဆီနဲ့ ကြက်သွန်ဖြူဆီချက်တို့ကို ထည့်ပြီး အားလုံး သမအောင် နယ်ပေးပါတယ်။ အရသာကတော့ ကိုယ့်စိတ်ကြိုက်ပေါ့နော်။(ချဉ်ငံစပ်လား၊ အဆိမ့်သုပ်လား၊ မိမိစိတ်ကြိုက် ထည့်ပါနော်)
အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပုန်းရည်ကြီး ထမင်းသုပ်လေး ရပါပြီနော်။ ပြီးရင်တော့ အသုပ်ကို ပန်းကန်လေးတစ်ချပ်ထဲထည့်၊ ပြီးတော့ ဘဲဥကြော်ကတော့ ကိုတာစနစ်ပဲနော်၊ တစ်ယောက်တစ်လုံး၊ အသီးအရွက်ကတော့ စိတ်ကြိုက်သာထည့်စား။ အရမ်းလိုက်ဖက်တယ်နော်။ ဂျူးမြစ်လေးက တကျွတ်ကျွတ်၊ ပင်စိမ်းလေးက ရှိန်းရှိန်းမွှေးမွှေးလေး၊ မုန်လာဥနီလေးက ချိုချိုလေးနဲ့ အရမ်းကို အရသာပြည့်စုံလှတဲ့အပြင် အသီးအရွက်တွေလည်း စုံလင်လှတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်နော်။
ဟင်းခါးအတွက်ကတော့ ဗူးသီးဟင်းခါးထဲကို ကြာဇံလေးခပ်ထားတဲ့ ဟင်းခါးလေးပါနော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဗူးသီး၊ ပုစွန်ခြောက်၊ ကြာဇံ၊ ငါးပိစိမ်းစားအနည်းငယ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ပါနော်။ ဗူးသီးကို အခွံနွှာ၊ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါတယ်။ ကြာဇံကို ရေစိမ်ထားပါ၊ ပြီးရင် လေးလက်မ အရှည်လောက် ရအောင် ဖြတ်ထားပေးပါ။ ပုစွန်ခြောက် လက်တစ်ဆုပ်ကို မညက်တညက်ထောင်းပါတယ်၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါတယ်။ အားလုံးအသင့်ဖြစ်ပြီဆိုရင် အိုးတစ်လုံးထဲ ရေထည့်၊ ပုစွန်ခြောက်မှုန့်၊ ငါးပိစိမ်းစား၊ ဆား၊ ကြက်သားမှုန့်တို့ ထည့်ပြီး မီးဖိုပေါ်တင်ပြီး ဆူအောင်တည်ပါနော်။ ဟင်းခါးရည် ပွက်ပွက်ဆူလာပြီဆိုရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ပွက်ပွက်ဆူပြီး ဟင်းရည်နည်းနည်းကျအောင် တည်ပေးပါ။ ပြီးရင် ဗူးသီးနဲ့ ကြာဇံကိုထည့်၊ ဟင်းအိုးအဖုံးအုပ်ပြီး တည်ပေးပါ။ ဟင်းအိုး ပွက်ပွက်ဆူလာရင် ငရုတ်ကောင်းမှုန့်လေး ခပ်လိုက်ပြီး အရသာ အပေါ့အငံကိုမြည်း၊ လိုအပ်တဲ့အရသာကို ထပ်ဖြည့်ပြီး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချလိုက်ပါနော်။ အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဗူးသီးဟင်းခါးခါး ပူပူလေး ရပါပြီနော်။
အချိုပွဲအတွက်ကတော့ ဆားငန်သီး ကျောက်ကျောလေးပေါ့နော်။ အာဂါးကျောက်ကျော အပြာရောင် အထုပ်ကို သုံးထားပါတယ်။ ကျောက်ကျော (၁) ထုပ်ကို သကြား ၂ဝ ကျပ်သား၊ ဆားငန်သီးအနှစ် လက်ဘက်ရည် ပန်းကန်လုံး တစ်လုံးခွဲ၊ ရေသန့် တစ်လီတာခွဲတို့ ထည့်ပြီး ကျိုပါတယ်နော်။ ၂၅ မိနစ် လောက်ပဲ အချိန်ကြာပါတယ်နော်။ ကျောက်ကျောကို မလှီးရဘဲ တစ်လုပ်စာလေးတွေ အသင့်ဖြစ်ရအောင် ပုံစံခွက်လေးထဲ ထည့်ပြီး ခဲပါတယ်နော်။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ဆို ကောင်းကောင်းခဲပါပြီနော်။ ဒါကတော့ အအီပြေ ကျောက်ကျောလေးပေါ့နော်။
နောက်ဆုံးပိတ်ကတော့ မြန်မာ့ရိုးရာ အစားအစာထဲမှာ သူမပါရင် မပြီးတဲ့ ပွဲတိုင်းကျော် လက်ဘက်နှပ်လေးပါနော်။ ဒီတစ်ခါတော့ ချင်း(ဂျင်း)အချဉ်နှပ်လေးကိုပါ ထည့်ပေးထားတယ်နော်။
ကျွန်မချစ်သော မောင်နှမများ၊ ကျွန်မနဲ့ အနေနီးကပ်စွာ မနေရပေမယ့် ကျွန်မမွေးနေ့မှာ မောင်နှမအားလုံးကို ကျွေးချင်ပါတယ်။ အပြင်မှာ တွေ့ဖို့ ခက်ခဲနေတာကြောင့် ဘလော့ဂ်ကနေပဲ ကျွန်မရဲ့ မောင်နှမများအားလုံးကို စေတနာအပြည့်နဲ့ ကျွေးလိုက်ပါတယ်နော်။
မွေးနေ့ ဆုတောင်းပေးတဲ့ ၀ိုင်းတော်သားများအားလုံး၊ ကျွန်မမွေးနေ့ အတွက် ဆုမွန်ကောင်းတွေ ချွေပေးကြတဲ့ ချစ်သော မောင်နှမများအားလုံးကို ကျွန်မအထူးကျေးဇူးတင်ပါတယ်နော်။ တကယ့်ကို လှိုက်လှိုက် လှဲလှဲကြီး ကြည်နူးရတာပါ။ ၀မ်းနည်းဝမ်းသာ ဖြစ်ရတယ်။ အပြင်မှာ တကယ့်ကို တွေ့ကြရရင် သိပ်ကောင်းမှာပဲနော်။ ချစ်သော မောင်နှမများ အားလုံးလည်း ကျန်းမာ ပျော်ရွှင်ကြပါစေနော်။
အဲ့  မေ့လို့  ထမင်းသုပ်ပန်းကန်နဲ့ ဟင်းချိုပန်းကန်လေးက လုလု မတ်လတုန်းက ဂျပန်သွားတုန်းက မမဝါ က အမှတ်တရ လက်ဆောင်ပေးထားတာ။ ကြုံတုန်းကြွားတာပါနော်။ ဆရာတစ်ယောက်က ပြောတယ်။ သမီးရဲ့ recipe ကို နာမည် ဘယ်လိုပေးမလဲတဲ့။ အားလုံးက ၀ိုင်းစဉ်းစားပေးကြပါတယ်။ ကိုရီးယားပဲခေါက်ဆွဲကို ကျာကျာမြောင်လို့ခေါ်တယ်တဲ့။ အခု recipe ကို လာလာပြောင်တဲ့လေ။ လာသမျှ အကုန်ပြောင်အောင် စားကြလို့တဲ့လေ။ တော်တော်နောက်ကြတယ်နော်။
Wednesday, June 24, 2009
ဒညင်းသီးအုန်းနို့ဆီဆမ်း

အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရာသီစာ တညင်းသီးကို ပြုတ် ထောင်းပြီး အုန်းဆီချက်နဲ့ ဆမ်းထားတာလေး လုပ်ကျွေးပါဦးမယ်နော်။ တညင်းသီး မကြိုက်တတ်တဲ့ မောင်နှမများနဲ့ တညင်းသီးကြိုက်ပေမယ့် ၀ယ်လို့မရနိုင်တဲ့ မောင်နှမများ ဒီတစ်ခါ ခွင့်လွှတ်ပါနော်။
ကျွန်မတို့ မိသားစုထဲမှာ တညင်းသီးမကြိုက်တဲ့သူ တစ်ယောက်မှ မရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တော့ မတူကြပါဘူး။ ကျွန်မရယ်၊ အမေရယ်၊ ကျွန်မအစ်ကိုရယ်က တညင်းသီးနုနု (အရည်တည်) လေးတွေကို ချဉ်ပေါင်ဟင်း ပျစ်ပျစ်လေးနဲ့ ငါးပိရည်ကို ငရုတ်သီးစိမ်းနဲ့ ဖျော်ထားတာနဲ့ နယ်ပြီး တို့စားရတာ ကြိုက်သလို တညင်းသီး ဆားရည်စိမ်ကိုလည်း အရမ်းကြိုက်ပါတယ်။ ကျွန်မညီမလေး၊ မောင်လေးနဲ့ တူ၊ တူမလေးတွေကျတော့ တညင်းသီးကို ပြုတ်ပြီးတော့ ဆီပြန်ဟင်းထဲထည့်ချက်မလား၊ တာလပေါဟင်းချက်မလား၊ လက်ဘက်ထဲ ထည့်နှပ်မလား၊ ဒီအတိုင်း ဆီနဲ့ဆားနဲ့ တို့စားမလား၊ အခုလို တညင်းသီးပြုတ်ပြီး ထောင်း၊ အုန်းနို့ဆီချက်ပြီးတော့ စားမလား အလွန်ကြိုက်ကြပါတယ်။ အဲ့ဒီတော့ မဲခွဲလိုက်တော့ မဲသာတဲ့ဘက်အတိုင်းပဲ ကျွန်မ စေးတဲ့ တညင်းသီးကို ၀ယ်ပြီး အကောင်အထည်ဖော်ရပါ တော့တယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ တညင်းသီး အလုံး (၂၅)၊ အုန်းသီး တစ်လုံး၊ ထန်းလျက် (၅) လုံးနဲ့ ဆားအနည်းငယ်တို့ပါနော်။
တညင်းသီးအစေးမျိုး အလုံးခပ်ကြီးကြီးကို ရေစင်အောင်ဆေး၊ ပြီးရင် အိုးတစ်လုံးထဲထည့်၊ ရေကို ခပ်များများထည့်ပြီး တည်ပေးပါ။ ပထမအကြိမ် တညင်းသီးအိုးတည်တဲ့အခါ ပွက်ပွက်ဆူအောင် မီးပြင်းပြင်းနဲ့ တည်နိုင်ပါတယ်။ ပြုတ်အိုးတည်ထားတဲ့အချိန်မှာ အုန်းသီးခြစ်ပြီး အုန်းနို့ရည်ညှစ်ပေးထားပါ။ အုန်းနို့ရည်ညှစ်တဲ့အခါ ရေသိပ်မထည့်ဘဲ အားစိုက်ပြီး အုန်းနို့ချည်းသီးသန့်ရအောင် ညှစ်ပေးထားပါနော်။ အုန်းနို့ညှစ်ပြီးတဲ့အချိန်နဲ့ တညင်းသီးပြုတ်အိုးဆူမယ့်အချိန်က အံကိုက်ပါပဲနော်။
ပထမတစ်ရည်ဆူသွားပြီဆိုရင် အဲ့ဒီရေတွေကို သွန်ပစ်၊ ရေအသစ်ထည့်ပြီး ဒုတိယအကြိမ် ပြုတ်အိုးတည်ပေးပါ။ ဒုတိယအကြိမ် ဆူပြီးဆိုရင်လည်း ပထမအကြိမ်အတိုင်းပဲ ပြုတ်ရည်တွေကို သွန်ပစ်ပါ။ အဲ့ဒီအချိန်မှာ တညင်းသီးတွေက အခွံတွေ ကြွပ်စပြုနေပြီဖြစ်တာမို့ အခွံတွေ ချွတ်ပစ်လိုက်ပါ။ ပြီးရင် တညင်းသီးကို ထက်ခြမ်းခွဲလိုက်ပြီး အလယ်မှာ ရှိတဲ့ အညှာလေးကို ဖယ်ပစ်လိုက်ပါ။ (တညင်းသီးအညှာကို ဖယ်လိုက်ခြင်းဖြင့် အကြောတက်တာ သက်သာစေတယ်လို့ အဖွားက ပြောပါတယ်)
ပြီးရင် တညင်းသီးခြမ်းလေးတွေကို ဒယ်အိုးထဲထည့်၊ ဆားလေး လက်ဘက်စားဇွန်းတစ်ဝက်လောက်ထည့်၊ ထန်းလျက်ငါးလုံးထည့်၊ ရေကိုတော့ တညင်းသီးမြုပ်ရုံထည့်ပြီး မီးနွေးနွေးနဲ့ တည်ပေးပါ။ တညင်းသီးအိုး တည်ထားစဉ်မှာ နောက် မီးဖိုတစ်လုံးမှာ အုန်းနို့ရည်ကို ဆားလေး အနည်းငယ်ခပ်ပြီး ကျိုပေးပါ။ အုန်းနို့ရည်က ကျိုရင်းနဲ့ နောက်ဆုံး အုန်းဆီနံ့လေးသင်း၊ ရေခမ်း၊ အုန်းနို့ဥတွေ တက်လာပြီး အုန်းနို့ဆီဖြစ်လာရင် မီးဖိုပေါ်က ချလိုက်ပါနော်။ တညင်းသီးအိုးလည်း ရေခမ်းတဲ့အခါကျရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါနော်။
တညင်းသီးတွေ လက်နဲ့ကိုင်နိုင်လောက်တဲ့ အပူဒဏ်ရှိပြီဆိုရင် တညင်းသီးတွေကို တစ်ခြမ်းချင်းယူပြီး ငရုတ်ဆုံထဲထည့်ပြီး အ၀ိုင်းမပျက်ဘဲ စေးပိုင်ပိုင်လေးဖြစ်အောင် ထုထောင်းပေးပါ။ ထောင်းပြီးသား တညင်းသီးတွေကို အုန်းနို့ဆီအိုးထဲထည့်ပြီး နှစ်လိုက်၊ ပြီးတော့မှ ပန်းကန်ထဲကို စီစီရီရီနဲ့ ထည့်ပေးလိုက်ပါ နော်။ အဲ့ဒါဆိုရင်တော့ ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ တညင်းသီး အုန်းဆီဆမ်းရပါပြီနော်။ အကြောမတက်ရလေအောင် မြင်းခွာရွက်ခြောက်ကို လက်ဘက်ခြောက်အစားခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ တွဲဘက် သုံးဆောင်ပါနော်။
(တညင်းသီးစားပြီးရင်တော့ ခံတွင်းမနံရလေအောင် ဆန်ကို နည်းနည်းဝါးစားလိုက်ပါ။ ဒါမှမဟုတ် သကြား စားပေးပါ။ အိမ်သာသုံးပြီးရင်တော့ ရေများများသုံးပေးပါ။)
Wednesday, March 18, 2009
ပြည်ကြီးငါးကောက်ညှင်းအဆာသွပ်

ချစ်မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ကျွန်မ ခရီးကနေ စနေနေ့ညက ပြန်ရောက်ပါပြီနော်။ ခရီးစဉ် တစ်လျှောက်လုံးမှာ ပင်ပန်းခဲ့ပေမယ့် အစစအရာရာ အားလုံး အဆင်ပြေချောမွေ့ အောင်မြင်ခဲ့လို့ ၀မ်းသားပီတိ ဖြစ်မိပါတယ်။ ဒါ့အပြင် မ၀ါနဲ့ ညီမလေးမြရွက်ဝေတို့ကလည်း ကျွန်မကို လာပြီး အဖော်လုပ်ပေးကြတော့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ မ၀ါနဲ့ ညီမလေး မြရွက်ဝေတို့မှာ ချမ်းချမ်းစီးစီးထဲ လာကြရသေးတယ်။ တကယ့်ကို ကျေးဇူးအထူးတင်ပါတယ်နော်။ တွေ့ရတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ရပါတယ်နော်။
ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ပြည်ကြီးငါးကောက်ညှင်းသွပ်လေး လုပ်ကျွေးပါဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး (၅၀) ကျပ်သား၊ ကောက်ညှင်းဆန် လက်ဖက်ရည်ပန်းကန်လုံး (၂) လုံး၊ အုန်းနို့မှုန့် ထမင်းစားဇွန်း (၅) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း တို့ပါနော်။ ပြီးတော့ သွားကြားထိုးတံလေးတွေကိုလည်း အသင့်ပြင်ထားပေးပါနော်။
ပထမဦးဆုံး ကောက်ညှင်းဆန်ကို ရေစင်အောင် ဆေးကြောပြီး ဇလုံတစ်လုံးထဲ ထည့်ကာ ရေနွေးနဲ့ စိမ်ပေးထားပါ။ ပြီးရင် ပြည်ကြီးငါးကို သန့်စင်အောင် ဆေးကြောရပါမယ်၊ အပြင်က အခွံတွေ ဖယ်ရှားပစ်ရသလို အတွင်းမှာရှိတဲ့ အညစ်အကြေးတွေနဲ့ မျက်လုံးတို့ကို ဖောက်ထုပ်ပစ်ရပါမယ်။ ပြီးတော့မှ ပြည်ကြီးငါးတွေကို သံပုရာရည်လေးညှစ်၊ နယ်ထားပြီး နာရီဝက်လောက် ထားပေးပါနော်။ ပြီးရင်တော့ ငါးတွေကို သေချာသန့်စင်အောင် ဆေးပစ်ပြီး စကာထဲထည့်ပြီး ရေစစ်ပေးထားပါ။ ပြီးရင် ကောက်ညှင်းဆန်တွေကိုလည်း ရေထဲကနေ ဆယ်ယူပြီး ဇကာထဲ ထည့်ပေးပြီး ရေစစ်ပေးထားပါနော်။
ကောက်ညှင်းဆန်တွေကို ဇလုံတစ်လုံးထဲ ထည့်ပြီး အုန်းနို့မှုန့်ရယ်၊ သကြားရယ်၊ ဆားရယ်နဲ့ သမအောင် နယ်ပေးပါ။ ပြည်ကြီးငါးတွေကို ယူပြီး ပြည်ကြီးငါးရဲ့ ကိုယ်လုံးထဲကို ကောက်ညှင်းလေးတွေ ထည့်ပေးပါ။ ကောက်ညှင်းတွေကို အရမ်းကြီး ကြပ်အောင် မထည့်ရပါဘူး။ ကောက်ညှင်းကျက်ပြီး ပွလာမှာမို့လို့ ပြည်ကြီးငါးအရွယ်အစားပေါ် မူတည်ပြီး ကောက်ညှင်းကို ချင့်ချိန်ထည့်ပေးပါ။ ပြီးရင် ကောက်ညှင်းတွေ ထွက်ကျ မလာအောင် ကောက်ညှင်းထည့်ပြီးတဲ့ အပေါက်ကို သွားကြားထိုးတံလေးနဲ့ ပိတ်လိုက်ပါ။ အဲ့ဒီနည်းနဲ့ပဲ ပြည်ကြီးငါးတွေထဲကို ကောက်ညှင်းတွေထည့်ပြီး စီစီရီရီ ထည့်ပေးထားပါနော်။
အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ ပြည်ကြီးငါးတွေကို ဒယ်အိုးထဲ စီစီရီရီထည့်ပေးပါ။ ကောက်ညှင်းကျက်ဖို့ လိုတဲ့အတွက် ရေထည့်ပြီး တည်ဖို့လိုပါတယ်။ ရေလည်းအခမ်း၊ အထဲက ကောက်ညှင်းလည်း အကျက်ဖြစ်စေဖို့အတွက် ရေကို ချင့်ချိန်ပြီးထည့်ဖို့ လိုပါတယ်။ ဒယ်အိုးအရွယ်အစားပေါ် မူတည်ပြီး ပြည်ကြီးငါး ဘယ်နှကောင်ဆန့်သလဲဆိုတဲ့အပေါ်လည်း မူတည်တဲ့အတွက် ကျွန်မကတော့ ရေထည့်တာကို အလောမကြီးစေချင်ပါဘူး။ ကျွန်မကတော့ ပထမဦးဆုံး လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ ရေကိုထည့်ပြီး မီးအသင့်အတင့်နဲ့ တည်ပါတယ်။ ငါးမိနစ်လောက် ကြာတဲ့အခါမှာ ပြည်ကြီးငါးတွေကို ဟိုဘက်ဒီဘက် လှန်ပေးပါတယ်။ မီးကို လျှော့ပြီးတော့ ကျန်တဲ့ရေနဲ့ နူးအောင်တည်ပါတယ်နော်။ ရေလိုသေးမယ်ထင်ရင်တော့ ရေနွေးကို နည်းနည်းချင်းဆီ ထည့်ပေးပြီး တည်ပေးပါနော်။ ရေလည်း ခမ်းပြီးဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပြည်ကြီးငါး ကောက်ညှင်းအဆာသွပ်လေး ရပါပြီနော်။ အုန်းနို့နံ့ သင်းသင်းလေးနဲ့ ခပ်ဆိမ့်ဆိမ့်အရသာရှိပါတယ်။ အိမ်မှာတော့ ဒီအတိုင်းပဲ စားလိုက်ကြတာ အချဉ်လေးတောင် မလုပ်လိုက်ရဘူး။ အချဉ်လေးနဲ့ စားချင်ရင်တော့ ပဲငံပြာရည် အကြည် ၃ ဇွန်း၊ ရှာလကာရည်အချဉ် ၁ဇွန်းခွဲ၊ ကြက်သွန်ဖြူလေး ခြစ်ထည့်၊ ငရုတ်သီးစိမ်းလေး ပါးပါးလှီးထည့်ပြီး သုံးဆောင်ပါနော်။ ကြိုက်တတ်ရင်တော့ ဂျူးမြစ်လေးကိုက်လိုက်၊ ကြက်သွန်မြိတ်လေး ကိုက်လိုက်လုပ်ပါနော်။ အဲ့ဒါဆိုရင် ပြည်ကြီးငါး ကောက်ညှင်း အဆာသွပ်လေး ရပါပြီနော်။
PS : အဲ့ဒီပန်းကန်လေးက မ၀ါ လက်ဆောင်ထည့်ပေးလိုက်တဲ့အထဲမှာ တစ်ခုအပါအ၀င်ပေါ့။ ကြွားတာ :P
Saturday, January 10, 2009
ပြိုင်ပွဲဝင်ရွှေရင်အေး




ရွှေရင်အေးမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့ မုန့်လက်ဆောင်း၊ ပေါင်မုန့်၊ သာကူ၊ ကောက်ညှင်းဆန်၊ အုန်းသီးအရင့်၊ အုန်းစိမ်း၊ သကြား၊ ပင်ပွား၊ ပြောင်းဖူး၊ စပျစ်ခြောက်၊ ဒူးရင်းယို၊ ကြက်ဥ၊ နို့စိမ်း၊ အာဂါးကျောက်ကျောမှုန့် အစိမ်းထုပ်၊ ဆွမ်းမွှေးရွက်နဲ့ ဆားအနည်းငယ်တို့ပါနော်။
- မုန့်လက်ဆောင်းဖတ်နဲ့ ပေါင်မုန့်ကိုတော့ အပြင်ကပဲ ၀ယ်လိုက်ပါတယ်။
- သာကူပြင်လုပ်မှာမို့လို့ မြန်မာသာကူကိုပဲ ရွေးဝယ်လိုက်ပါတယ်။
- ကာက်ညှင်းဆန်ကိုတော့ ၀ယ်ပြီးတော့မှ ဆန်ကြမ်းတွေကို ဖယ်ပစ်ပါတယ်။
- အုန်းသီးအရင့်ကတော့ အုန်းနို့ရည်အတွက်ပါ။
- အုန်းစိမ်းကတော့ အုန်းစိမ်းရည်ကို အုန်းနို့နဲ့ ရောစပ်ဖို့ရယ်နဲ့ ကျောက်ကျောထိုးတဲ့အခါ သုံးဖို့ပါ။ အုန်းစိမ်းအဖတ်ကိုတော့ ခပ်ရှည်ရှည်သွယ်သွယ်လေးရအောင် လက်ခြစ်နဲ့ ခြစ်ယူပြီး မျှော့ချောင်းအစား သုံးဖို့ပါ။
- ကြက်ဥနဲ့ နို့စိမ်းကိုတော့ ကြက်ဥပေါင်းလေးလိုလုပ်ပြီး မျှော့ချောင်းအစားသုံးဖို့ပါ။ မာမာလေး ဖြစ်နေ ရအောင်လို့ ကြက်ဥပေါင်းလေး လုပ်တဲ့အထဲမှာ သာကူမှုန့်နည်းနည်းထည့်ပြီး ပေါင်းပါတယ်။
- ပြောင်းဖူး၊ နို့စိမ်းနဲ့ စပျစ်ခြောက်ကို အာဂါးကျောက်ကျော အစိမ်းရောင်အထုပ်နဲ့ပေါင်းပြီး ပြောင်းဖူးနို့စိမ်း စပျစ်ခြောက် ကျောက်ကျောအတွက် သုံးဖို့ပါ။
- အုန်းစိမ်းရည်၊ ပင်ပွား၊ ဒူးရင်းယိုကို အာဂါးကျောက်ကျောအစိမ်းရောင်အထုပ်နဲ့ပေါင်းပြီး အုန်းစိမ်းပင်ပွား ဒူးရင်းယို ကျောက်ကျောအတွက် သုံးဖို့ပါ။
- အုန်းနို့ရည်နဲ့ ဆွမ်းမွှေးရွက်အရည်ကိုတော့ အုန်းနို့ဆွမ်းမွှေးကျောက်ကျောအတွက် သုံးဖို့ပါ။
ပြုလုပ်ပုံအဆင့်ဆင့်
ကောက်ညှင်းချက်ခြင်းအဆင့်
မုန့်လက်ဆောင်းနဲ့ ပေါင်မုန့်က အပြင်ကနေ ၀ယ်ထားတာမို့ သူတို့အတွက် မစဉ်းစားသေးဘဲ ကောက်ညှင်းကို အရင်ချက်ပါတယ်။ ကောက်ညှင်းချက်ကို ရေနဲ့သန့်စင်အောင်ဆေးပြီး ရေစစ်ထားပါတယ်။ အဲ့ဒီအချိန်မှာ အိုးတစ်လုံးထဲ ရေခပ်များများထည့်ပြီး မီးဖိုပေါ်တင်ပြီး ဆူအောင်တည်ပါတယ်။ ရေဆူလာပြီဆိုမှ ကောက်ညှင်းကို ထည့်ပါတယ်။ ကောက်ညှင်းတွေ ကပ်မနေအောင်လို့ အိုးကိုလည်း မကြာခဏ မွှေပေးရင်း ကောက်ညှင်းအထဲက ဆန်သားလေးကို ကြည့်ပြီး ဆန်သားအဖြူလေး နည်းနည်းလေးကျန်တဲ့အချိန်မှာ ရေငှဲ့လိုက်ပါတယ်။ ရေကိုကုန်အောင် သေချာငှဲ့ပြီးတော့မှ ကောက်ညှင်းကို အထက်အောက် သမအောင် သစ်သားယောင်းမလေးနဲ့ အသာအယာလှန်၊ လက်တစ်ဆစ်အရွယ် ဆွမ်းမွှေးရွက်လေး သုံးရွက်လောက်ထည့်ပြီး ကောက်ညှင်းကို မီးနွေးနွေးလေးနဲ့ အချိန်ယူပြီး နှပ်ပါတယ်။ ကောက်ညှင်းနပ်ပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချပြီး ၁၀ မိနစ်လောက် အအေးခံ၊ ကောက်ညှင်းအပူကို လက်နဲ့ ကိုင်နိုင်တဲ့အချိန်လောက်မှာ ကောက်ညှင်းတွေကို အ၀ိုင်းလေးတွေရအောင် ၀ိုင်းပါတယ်။
(၂) သာကူပြင်ပြုလုပ်ခြင်းအဆင့်
သာကူပြင်လုပ်ဖို့အတွက် စစချင်းမှာ မီးဖိုပေါ် အိုးတစ်လုံးတင်၊ ရေ (တစ်လီတာခွဲ) ထည့်ပြီး ရေဆူအောင်တည်ပါတယ်။ ရေဆူလာတဲ့အခါမှာ သကြားနည်းနည်း (၂ကျပ်ခွဲသား)နဲ့ ဆား (လက်ဘက်ရည်ဇွန်းတစ်ဇွန်း) ထည့်ပါတယ်။ ပြီးတော့မှ သာကူ (နို့ဆီဗူး ၁ ဗူး) ကို ရေဆေးပြီး ထည့်ပါတယ်။ ပြီးတော့မှ သာကူတွေကို ကျိုပါတယ်။ သာကူအထဲမှာအဖြူဆန်လေးတွေ ၇၅ ရာခိုင်နှုန်းလောက် ပျောက်ပြီဆိုရင် ကျန်တဲ့အဆန်လေးတွေဟာ သာကူထဲမှာရှိတဲ့အပူနဲ့တင် နပ်နိုင်တာမို့ အဲ့ဒီအချိန်မှာ သာကူတွေကို ခဲအောင်လုပ်ဖို့အတွက် ဗန်းထဲလောင်းထည့်ပြီး အအေးခံထားလိုက်ပါတယ်။ အေးတဲ့အခါကျရင် သာကူပြင် ရပါပြီနော်။
(၃) ကြက်ဥပေါင်းပြုလုပ်ခြင်းအဆင့်
ကြက်ဥ (၁၀) လုံး၊ နို့စိမ်း (၁) ဗူး၊ သကြား လက်ဘက်ရည်ပန်းကန်လုံး (၁) လုံး၊ သာကူမှုန့် ထမင်းစားဇွန်း (၁) ဇွန်း၊ ဆား လက်ဘက်စားဇွန်း (၁) ဇွန်းတို့လိုပါတယ်။ ဇလုံကြီးကြီးတစ်လုံးထဲကို ကြက်ဥကို ပွလာအောင် သေသေချာချာခေါက်ပြီးနို့စိမ်းရောထည့်ပါတယ်။ ပြီးတော့မှ သာကူမှုန့်၊ သကြားနဲ့ ဆားတို့ကိုထည့်ပြီး သမအောင် ထပ်ခေါက်ပါတယ်။ ပြီးတော့ အိုးကြီးကြီးတစ်လုံးကို ယူ၊ ရေတ၀က်လောက် ထည့်၊ ပြီးတော့မှ ကြက်ဥပေါင်းလုပ်မယ့် ဇလုံကိုထည့်ပြီး ကြက်ဥကို ပေါင်းပါတယ်။ ကျွန်မကတော့ ၄၅ မိနစ်လောက်ကြာအောင် ထားပြီး ပေါင်းပါတယ်။ ပြီးရင်မီးခလုတ်ကို ပိတ်ပြီး ကြက်ဥပေါင်းဇလုံကို ရေနွေးအိုးထဲကနေ ဆယ်ယူပြီးတော့ လျှပ်စစ်မီးဖိုရဲ့ အပူရှိန်နဲ့ပဲ ကြက်ဥပေါင်းအိုးကို တင်ထားပါတယ်။ မီးဖိုကို အခြားကိစ္စတွေအတွက် သုံးပြီးရင်လည်း ကျန်တဲ့ အပူရှိန်နဲ့ ကြက်ဥပေါင်းအိုးကို တင်ထားပေးပါတယ်။ အဲ့ဒီလို လုပ်လိုက်ခြင်းအားဖြင့် ကြက်ဥပေါင်းလေးက ရေစစ်သွားတယ်၊ ပိုပြီး ကျစ်သွားပြီး လှီးရတဲ့အခါ လွယ်ကူစေပါတယ်။ ကြက်ဥပေါင်းကို အအေးခံထားပြီးတော့မှ ခပ်ရှည်ရှည်လေးတွေ လှီးယူပါတယ်၊ ပုံစံလေးလည်း ပေါ်အောင်လို့ ကျောက်ကျောလှီးဓားအတွန့်နဲ့ လှီးပြီး မျှော့ချောင်းအစား ကြက်ဥပေါင်းကို ထည့်သုံးပါတယ်။
(၄) အုန်းသီးခြစ်သည်/ညှစ်သည်
အုန်းသီးအရင့် (၇) လုံးနဲ့ အုန်းစိမ်း (၅) လုံးကို ခွဲပါတယ်။ အထဲက အုန်းရည်တွေကို ယူပါတယ်။ (အုန်းစိမ်းရည်ကို သီးသန့် ဖယ်ထားပါတယ်)။ ပြီးတော့မှ အုန်းသီးအရင့်ကို ခြစ်ပြီး အုန်းနို့ရည် ညှစ်ယူပါတယ်။ အုန်းနို့ရည်တွေကို သီးသန့်ထားပါတယ်။ အုန်းစိမ်းကိုတော့ အရည်ယူထားပြီးတော့ အုန်းစိမ်းက အသားဖတ် လေးတွေ (မြင်အောင်ပြောရရင် ပြည်ကြီးငါးကို ကိုင်သလိုဖြစ်နေတဲ့ အနေအထားလေးရှိ တဲ့အုန်းစိမ်းဖတ်လေး တွေ) ကို အုန်းသီးလက်ခြစ်နဲ့ ရှည်ရှည်လေးတွေ ရအောင် ခြစ်ယူပါတယ်။ အုန်းသီးနုဖတ်လေးတွေကို မျှော့ချောင်းအစား အသုံးပြုချင်တာဖြစ်တဲ့အတွက်ပါ။
(၅) သကြားရည်ကျိုခြင်း
သကြားထဲမှာ အမှိုက်တွေ သဲတွေ မပါရအောင်လို့ သကြားရည်ကျို၊ အအေးခံပြီး ရေစစ်နဲ့ ပြန်စစ်ယူထားပါတယ်။ သကြားရည်ကိုတော့ အုန်းနို့ရည်ဖျော်စပ်ဖို့ရယ်၊ ကျောက်ကျောထဲ ထည့်ကျိုဖို့ရယ် အတွက်ပါ။
(၆) ကျောက်ကျောကျိုခြင်း
ရွှေရင်အေးထဲကို ထည့်ဖို့အတွက် ကျောက်ကျောကျိုတဲ့အခါ ထူးထူးဆန်းဆန်းလေးလည်းဖြစ်ရအောင်၊ ရွှေရင်အေးထဲမှာ ပါဝင်တဲ့အမယ်တွေထဲကနေလည်း ချော်ထွက်မသွားအောင် ဘယ်လိုကျောက်ကျောမျိုး ကျိုမယ်ဆိုတာကို တော်တော်လေး တိုင်ပင်စဉ်းစားကြရပါတယ်။ သူများနဲ့လည်း မတူချင်ဘူး၊ အရသာကလည်း ရွှေရင်အေးနဲ့ တွဲစားရင် လိုက်ဖက်ညီရမယ်၊ တီထွင်ဆန်းသစ်မှုလည်း ရှိရမယ်၊ (အမှတ်ပေးစည်းမျဉ်းထဲမှာကိုက တီထွင်ဆန်းသစ်မှုအတွက် အမှတ် - ၂၀ ပေးထားတယ်လေ) အဲ့ဒါကြောင့်မို့ ကျွန်မ အွန်လိုင်းက မောင်နှမ တော်တော်များများကို တိုင်ပင်ခဲ့ပါတယ်၊ အကြံဥာဏ်တွေလည်း တောင်းခဲ့ပါတယ်။ မောင်နှမတွေ၊ ၀ိုင်းတော်သား တွေရဲ့ အကြံကောင်းတွေ ပေါင်းစုလိုက်တဲ့အခါမှာ ကျောက်ကျော (၃) မျိုးကို စဉ်းစားလို့ ရခဲ့ပါတယ်။
(က) ပြောင်းဖူးနို့စိမ်းစပျစ်ခြောက် ကျောက်ကျော
လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ် (၁) ထုပ်၊ သကြားပြောင်းဖူး (၅) ဖူး၊ နို့စိမ်း (၁) ဗူး၊ စပျစ်ခြောက် (၂.၅) ကျပ်သား၊ သကြား (၂၀) ကျပ်သား၊ ဆား အနည်းငယ်တို့ပါ။
ပြောင်းဖူးတွေကို အပြင်က အခွံတွေကို ဓားထက်ထက်နဲ့ လှီးထုတ်လိုက်ပြီးတော့ ပြောင်းဖူး အသားတွေကို ခြစ်ယူပါတယ်။ ပြီးတော့မှ ပြောင်းဖူးအသားတွေကို ပိတ်ပါးစနဲ့ထုပ်ပြီး ပြောင်းဖူးနို့ရည်တွေကို ညှစ်ယူပါတယ်။ ပြီးတော့ ပြောင်းဖူးတွေကို ရေနွေးလေးနဲ့ နယ်နယ်ပြီးတော့ ပြောင်းဖူးနို့ရည်ကို ညှစ်ယူပါတယ်။ ပြောင်းဖူးနို့ရည်ဟာ ကျောက်ကျောတစ်ထုပ်အတွက် တစ်လီတာလိုအပ်ပါတယ်။
ပြီးရင်တော့ သကြားကို ရေလီတာဝက်နဲ့ ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါတယ်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ပြောင်းဖူးနို့ရည်၊ နို့စိမ်းတစ်ဗူး၊ သကြားရည်၊ ဆားအနည်းငယ်နဲ့ ကျောက်ကျောတို့ကို ထည့်၊ သမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀) မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။ ပြီးရင် အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ အဲ့ဒီအချိန်မှာ ကျောက်ကျောထည့်မယ့် ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို စပျစ်ခြောက်လေးတွေ ထည့်ထားပေးပါနော်။ ပြီးတော့မှ အိုးအဖုံးကို ဖွင့်ထားပြီး ကျောက်ကျောအိုးကို (၁၅) မိနစ်လောက် အဆက်မပြတ်မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့ ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အရသာလည်း ရှိ၊ အရောင်အဆင်းလည်း လှတဲ့ ပြောင်းဖူးနို့စိမ်းစပျစ်ခြောက်ကျောက်ကျောလေး ရပါပြီနော်။
(ခ) အုန်းစိမ်းပင်ပွားဒူးရင်းယိုကျောက်ကျော
လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ် (၁) ထုပ်၊ အုန်းစိမ်းရည် (၂) လီတာ၊ ပင်ပွားစေ့အခြောက် ထမင်းစားဇွန်း (၁) ဇွန်း၊ ဒူးရင်းယို (၅) ကျပ်သား၊ သကြား (၂၀) ကျပ်သား၊ ဆားအနည်းငယ်တို့ပါနော်။
ပင်ပွားစေ့တွေကို ကျောက်ကျောမကျိုခင် ၃ နာရီလောက်ကတည်းက ကြိုတင်ပြီး ရေစိမ်ပေး ထားပါ။ ပထမတစ်ရေစိမ်ပြီးတဲ့အခါ ပင်ပွားတွေ ပွလာတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ ပင်ပွားစေ့တွေကို ဆယ်ယူပြီးတော့ နောက်တစ်ရေလဲပေးထားပါနော်။ ဒူးရင်းယိုလေးတွေကိုလည်း အ၀ိုင်းလေးတွေ ရအောင် လှီးပြီးတော့မှ ငုံးဥအနှစ်လေးလိုဖြစ်အောင် လုံးပေးထားပါ။ အုန်းစိမ်းရည်ကိုလည်း အသင့်ပြင်ပေးထားပါ။ ပြီးရင်တော့ သကြားကို ရေလီတာဝက်နဲ့ ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါတယ်။
အားလုံးအသင့်ဖြစ်ပြီဖြစ်ရင်တော့ အိုးတစ်လုံးထဲကို အုန်းစိမ်းရည်၊ သကြားရည်၊ ကျောက်ကျောမှုန့်၊ ပင်ပွား၊ ဆားအနည်းငယ်တို့ ထည့်ပြီး အားလုံးသမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀) မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။ ပြီးရင် အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ အဲ့ဒီအချိန်မှာ ကျောက်ကျောထည့်မယ့် ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို ဒူးရင်းယိုလေးတွေ ထည့်ထားပေးပါနော်။ ပြီးတော့မှ အိုးအဖုံးကို ဖွင့်၊ ပင်ပွားတွေကို ထည့်ပြီး ကျောက်ကျောအိုးကို (၁၅) မိနစ်လောက် အဆက်မပြတ်မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့ ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အရသာလည်းရှိ အမြင်လည်း လှတဲ့ အုန်းစိမ်းပင်ပွားဒူးရင်းယိုကျောက်ကျောလေး ရပါပြီနော်။
(ဂ) အုန်းနို့ဆွမ်းမွှေးကျောက်ကျော
လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ် (၁) ထုပ်၊ အုန်းနို့ရည် (၂) လီတာ၊ ဆွမ်းမွှေးရွက်ကို ထောင်းပြီး ညှစ်ထားတဲ့အရည် ထမင်းစားဇွန်း (၂) ဇွန်း၊ သကြား (၂၀) ကျပ်သား၊ ဆားအနည်းငယ်တို့ပါနော်။
အုန်းသီးအရင့်တစ်လုံးကို ခြစ်ပြီး အဲ့ဒီအုန်းသီးကို အုန်းနို့ရည် (၂) လီတာ ရအောင် ညှစ်ပေးပါ။ တကယ်လို့ ရယ်ဒီမိတ် အုန်းနို့ဗူးကို သုံးမယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်နော်။ သကြားကို ရေလီတာဝက်နဲ့ ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါတယ်။
အားလုံးအသင့်ဖြစ်ပြီဖြစ်ရင်တော့ အိုးတစ်လုံးထဲကို အုန်းနို့ရည်၊ သကြားရည်၊ ကျောက်ကျောမှုန့်၊ ဆားအနည်းငယ်တို့ထည့်ပြီး အားလုံးသမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀) မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။ ပြီးရင် ဆွမ်းမွှေးရွက်အရည်ထည့်၊ အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ ပြီးတော့မှ အိုးအဖုံးကို ဖွင့်ပြီး ကျောက်ကျောအိုးကို (၁၅) မိနစ်လောက် အဆက်မပြတ်မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့ ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အရသာလည်းရှိ အရောင်လေးစိမ်းဖန့်ဖန့်လေးနဲ့ ဆွမ်းမွှေးနံ့သင်းသင်းလေးနဲ့ အုန်းနို့ ဆွမ်းမွှေးကျောက်ကျောလေး ရပါပြီနော်။
(၇) ပေါင်မုန့်
ပါင်မုန့်ကို အပြင်က ၀ယ်ပြီးသုံးတာဆိုပေမယ့် အလှအပလေးတွေဖြစ်သွားရအောင်လို့ ပေါင်မုန့်ကို ဘေးသားတွေမပါအောင် အ၀ိုင်းပုံလေးတွေရအောင် ဖြတ်လိုက်ပါတယ်။
(၈) မုန့်လက်ဆောင်းဖတ်
မုန့်လက်ဆောင်းဖတ်ကိုတော့ အပြင်က ၀ယ်တာပါ။ အေးသွားရအောင်လို့ မုန့်လက်ဆောင်းဖတ် တွေကို ဇလုံတစ်လုံးထဲထည့်ပြီး ရေခဲတုံးလေးနဲ့ စိမ်ထားလိုက်ပါတယ်။
(၉) အုန်းနို့ရည်ဖျော်စပ်ခြင်း
အုန်းသီး (၅) လုံးက ရတဲ့ အုန်းနို့ရည် (၄) လီတာကို အုန်းစိမ်း ရည် (၂) လီတာခွဲ၊ သကြားနှစ်ပိသာကျိုရည် (၁) လီတာ၊ ဆားအနည်းငယ်တို့ထည့်ပြီး ဖျော်စပ်ပါတယ်။ အချိုကြိုက်တဲ့သူတွေ အဆင်ပြေစေဖို့ သကြားကျိုရည်ကို သီးသန့်ထားပါသေးတယ်။ အုန်းနို့ရည်နဲ့ အုန်းစိမ်းရည်ကို ရောပြီး ဖျော်စပ်ပေးတဲ့အတွက် အုန်းနို့ရည်အနံ့ရော အရသာပါ ပိုမိုကောင်းမွန်စေပါတယ်။ အုန်းသီးရှာလပတ် အနံ့အရသာလိုမျိုးရပါတယ်။
(၁၀) မုန့်ပွဲပြင်ဆင်ခြင်း
ပန်းကန်ထဲမှာ မုန့်လက်ဆောင်းဖတ်လေးတွေကို အရင်ထည့်ပါတယ်။ ပြီးတော့ ကောက်ညှင်း၊ ပေါင်မုန့်၊ သာကူပြင်၊ ကျောက်ကျော၊ အုန်းစိမ်းဖတ်၊ ကြက်ဥပေါင်း စတာတွေကို စီစီရီရီလေး ထည့်ပါတယ်။ ပြီးတော့မှ အုန်းနို့ရည်ကိုထည့်ပါတယ်။ ရေသန့်ရေခဲတုံးလေး ၂ တုံးထည့်ပါတယ်။ အချိုကြိုက်သူတွေအတွက် သကြားကျိုရည် နည်းနည်းထပ်ထည့်ပါတယ်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့လည်း ပြည့်စုံ၊ အရောင်အဆင်း လေးကလည်း စားချင်စဖွယ်ကောင်းတဲ့ ရွှေရင်အေးလေး ရပါပြီနော်။
ဒီပြိုင်ပွဲလေးအတွက် အစစအရာရာ ကူညီပေး၊ အကြံဥာဏ်ပေးကြတဲ့ မောင်နှများအားလုံးကို ကျေးဇူးတင်ပါတယ်နော်။
Wednesday, December 24, 2008
ချောကလက်ကျောက်ကျော

အားလုံးသော မောင်နှမများမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ချောကလက်ကျောက်ကျော လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော်။ အဲ့ဒီကျောက်ကျောကိုတော့ ကျွန်မတူမလေးရဲ့ မွေးနေ့မှာ ကျွန်မတို့ လုပ်ပေးခဲ့တာပါ။
လိုအပ်တဲ့ပစ္စည်းတွေကတော့ အာဂါးကျောက်ကျော (၁) ထုပ်၊ လက်ဖ၀ါးအရွယ်ရှိတဲ့ ချောကလက်(၃) ပြား၊ သကြား (၂၀) ကျပ်သား၊ ရေ ၁ လီတာနဲ့ နို့စိမ်း တစ်ဗူးတို့ပါနော်။
စစချင်းမှာ သကြားတွေကို ရေနဲ့ ဖျော်ပြီး အမှိုက်သရိုက်တွေ မပါရလေအောင် သကြားရေတွေကို ရေစစ်နဲ့ စစ်ယူပါ။ ပြီးတော့မှ အဲ့ဒီသကြားရေထဲကို ကျောက်ကျောတစ်ထုပ် ထည့်ပြီး မွှေလိုက်ပါ။ ပြီးတဲ့အခါကျမှ မီးဖိုပေါ် ကျောက်ကျောအိုးကို တည်ပေးပါ။ စစချင်း တည်တဲ့အခါမှာ ကျောက်ကျောအိုးကို အဖုံးအုပ်ပြီး တည်ပေးပါ။ ရေဆူပြီဆိုတော့မှ နို့စိမ်းဗူး ဖောက်ထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးပါ။
မုန့်အိုး ထပ်ဆူလာပြီ ဆိုရင်တော့ ချောကလက်တွေကိုပါ ထည့်ပြီး မွှေပေးပါ။ ကျောက်ကျောခဲ၊ မခဲကိုတော့ ပန်းကန်ပြားလေးထဲ အစက်ချပြီး စမ်းသပ်ကြည့်ပါ။
စမ်းကြည့်လိုက်လို့ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ပုံစံခွက်လေးထဲပဲ ထည့်ထည့်၊ ဗန်းထဲပဲ ထည့်ထည့် ထည့်ပြီး အအေးခံလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချိုဆိမ့်သက်အရသာလေးနဲ့ ချောကလက်ကျောက်ကျောလေး ရပါပြီနော်။
(တူမလေးက ကလေးဆိုတော့ ကျောက်ကျောလေးတွေကို ပုံစံခွက်ထဲ ထည့်ပြီး အရုပ်လေးတွေ ပုံစံမျိုးစုံထွက်လာတာကို ကြိုက်တယ်လေ။ အဲ့ဒါနဲ့ ကျွန်မတို့ ပုံစံခွက်လေးတွေနဲ့ ထည့်ပြီး ခဲထားတဲ့ ချောကလက် ကျောက်ကျောလေးတွေပါ။)
Thursday, December 18, 2008
ကန်ဇွန်းဥဆနွင်းမကင်း

ချစ်မောင်နှမများအားလုံး မင်္ဂလာပါနော်။ ပြီးတဲ့ခဲ့ တနင်္ဂနွေပိတ်ရက်တုန်းက အိမ်မှာ လုပ်စားဖြစ်ခဲ့တဲ့ ကန်စွန်းဥဆနွင်းမကင်းလုပ်နည်းလေးကို မျှဝေပေးပါမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကန်စွန်းဥ တစ်ပိဿာ၊ ဂျုံမှုန့် (၂၀) ကျပ်သား၊ သကြား (၂၅) ကျပ်သား၊ အုန်းသီး (၂) လုံး၊ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ကြက်ဥ (၆) လုံး၊ ဘိန်းစေ့ (၂.၅) ကျပ်သား၊ ဆီ (၁၅) ကျပ်သားနဲ့ ထောပတ် (၂၅) ကျပ်သားတို့ပါနော်။
ပထဦးဆုံး ကန်ဇွန်းဥတွေကို သေသေချာချာ အခွံနွင်၊ ရေဆေးပြီးတော့ ရေခမ်း နူးအောင်ပြုတ်ပေးပါ။ (ကန်ဇွန်းဥကတော့ ကျွန်မ၀ယ်လို့ရခဲ့တာက ငချိပ်မျိုးပါ၊ ရွှေဝါကန်စွန်းဆိုရင် ပိုပြီး နူးညံ့ပါတယ်)။ ကန်ဇွန်းဥ ပြုတ်ထားချိန်မှာ အုန်းသီးနှစ်လုံးကို ခြစ်ပြီးတော့ အုန်းသီးဖတ်တွေကို ရေနွေးလေးနဲ့ရောနယ်ပြီး ဦးရေကို သီးသန့်ဖယ်ပေးထားပါ။ ပြီးတော့မှ ကျန်တဲ့အုန်းသီးဖတ်တွေကို ရေနွေးလက်ဖက်ရည်ပန်းကန်လုံး (၂) လုံးလောက်နဲ့နယ်ပေးထားပါ။ ကြက်ဥ (၆)လုံးကိုလည်း ခြောက်သွေ့နေတဲ့ပန်းကန်လုံးထဲ ထည့်ပြီး ညက်အောင် ခေါက်ပေးထားပါ။ ကျန်တဲ့ပစ္စည်းတွေအားလုံးကိုလည်း အသင့်ပြင်ထားပေးပါနော်။
ကန်ဇွန်းဥပြုတ်နူးပြီဆိုရင်တော့ အအေးခံပြီး ကန်ဇွန်းဥတွေကို ချေပြီးတော့ စေးပိုင်နေအောင် နယ်ပေးပါ။ ပြီးတော့ လင်ပန်းကြီးကြီးတစ်ချပ်ယူပြီး နယ်ထားတဲ့ ကန်ဇွန်းဥရယ်၊ ဂျုံမှုန့်ရယ်၊ သကြားရယ်၊ ဆားရယ်၊ ဆိုဒါရယ်၊ အုန်းသီးဖတ်နဲ့ အုန်းရည်တွေရယ်၊ ကြက်ဥတွေရယ်ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ အဲ့ဒီလို မုန့်နယ်တဲ့အခါ တစ်နာရီလောက် အချိန်ယူရပါတယ်။ မုန့်တွေစေးပိုင်နေအောင် နယ်ရတာမို့လေ။ အဲ့ဒီလို နယ်ရင်းနဲ့ပဲ ဆီနဲ့ ထောပတ်တို့ကို နည်းနည်းချင်းစီထည့်ပြီး နယ်သွားပေးပါ။ မုန့်အားလုံးနယ်ပြီးရင်တော့ မုန့်ဖုတ်မယ့်အိုးအတွင်းသားအားလုံးကို ထောပတ်ဆီနဲ့ နှံ့အောင် သုပ်ပြီးမှ နယ်ထားတဲ့ မုန့်တွေကို ညီညာပြန့်ပြူးအောင်ရော၊ လေခိုတာတွေ မရှိအောင်ရော ဖိပြီးထည့်ပေးပါ။ (မုန့်ထည့်ပြီးတဲ့အခါမှာ မုန့်သားရဲ့အပေါ်မှာ အနည်းဆုံး လက်နှစ်လုံးလောက်တော့ အိုးနေရာ ချန်ပေးထားပါ၊ ဒါမှ မုန့်ဖုတ်တဲ့အခါ မုန့်သားပွလာဖို့ နေရာကျန်မှာပါ။) ပြီးတော့မှ အပေါ်ကနေ အုန်းနို့ဦးရေကို ညီညီညာညာဆမ်းပေးပြီး မီးသွေးမီးဖိုမှာ အောက်မီးနည်းနည်း၊ အပေါ်မီးများများနဲ့ဖုတ်ပေးပါ။ မုန့်အိုးတည်ပြီး နာရီဝက်လောက်နေရင် မုန့်အိုးကို ဖွင့်ပြီး ဘိန်းစေ့လေးတွေဖြူး ပေးပါ။ ပြီးတော့မှ နောက်ထပ် နာရီဝက်လောက်ကြာအောင် ထပ်ဖုတ်ပေးပါ။ မုန့်ဖုတ်တဲ့အချိန်မှာ ထွက်လာတဲ့ မွှေးအီနေတဲ့ အနံ့လေးက စားချင်စိတ်ကို နှိုးဆွပေးနေသလိုပဲ။ မုန့်ကျက်မကျက်သိချင်ရင် မုန့်အိုးထဲကို ဓားဦးချွန်လေးနဲ့ ထိုးကြည့်ပါ။ ဓားဦးချွန်မှာ မုန့်လေးတွေ ကပ်နေသေးရင် မုန့်အကျက်လိုနေသေးပြီး မုန့်သားတွေ မကပ်တော့ဘူးဆိုရင်တော့ မုန့်ကျက်ပါပြီနော်။
ရလာတဲ့ မုန့်ကိုမှ အအေးခံပြီးတော့မှ လိုချင်တဲ့ပုံစံလေးတွေ လှီးစားရုံးပါပဲနော်။ ချစ်ညီမလေး piggy htet နဲ့ အခြားသော မောင်နှမများအားလုံးလည်း ဒီတစ်ခါတော့ ကန်ဇွန်းဥ ဆနွင်းမကင်းလေး လုပ်စားကြည့်ပါဦး နော်။
(အိမ်မှာ မုန့်ဖုတ်တဲ့နေ့က မုန့်အိုးက ကြပ်သွားလို့ မုန့်ဖုတ်တဲ့အချိန်မှာ အဆီတွေက အပြင်ကို လျှံကျလာတယ်။ ဘိန်းစေ့တွေပါ ပါကုန်ရော၊ နည်းနည်းလည်း တူးတဲ့နေရာက တူးသွားတယ်၊ အဲ့ဒါကြောင့်မို့ ပုံထဲမှာ နေရာစုံက မုန့်သားကို လှီးထည့်ပြထားတာ :D)
(ကျွန်မယောင်းမကတော့ ကျွန်မကို ပြောနေပြီ့  အလုပ်ထွက်ပြီး ထမင်းဆိုင်ဖွင့်ရင်ဖွင့်၊ ဒါမှမဟုတ် မုန့်ဆိုင်ဖွင့် ပါလားတဲ့။ အလုပ်ဖွင့်ရက်ရော ပိတ်ရက်ရော တစ်မျိုးပြီးတစ်မျိုးလုပ်စားနေလို့တဲ့။ အဲ့ဒီလို အားပေးတာ :D)
Wednesday, December 17, 2008
လက်ဖက်လုပ်နည်း (Pickled Tea)

မောင်နှမများအားလုံးမင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို လက်ဖက်သုပ်တဲ့ လက်ဖက်လုပ်နည်းနဲ့ ပလို့ပြောင်းဖူးလေး ရတာနဲ့ သုပ်စားဖြစ်ခဲ့တဲ့ လက်ဖက်သုပ်လုပ်နည်းလေးကို ပြောပြပါဦးမယ်။
လက်ဖက်လုပ်နည်းကိုတော့ FAO, UNDP နဲ့ MOF တို့ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Value-Added Food Products Processing for Micro-Income Generation of Rural Communities in Myanmar စာအုပ်လေးထဲမှာ ဖော်ပြထားတာကို အနီးစပ်ဆုံး ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်။
သုပ်စားဖို့ ပြုလုပ်ထားသော လက်ဖက် (Pickled Tea)
မြန်မာနိုင်ငံမှာ Pickled Tea ဟာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ လက်ဖက်ပင်က လက်ဖက်ရွက်နုလေးတွေကို ခူးဆွတ်ပြီးတဲ့အခါ ဒယ်အိုးထဲထည့်ပြီး လှော်ပေးရပါမယ်၊ ပြီးတော့ အောက်မှာ ၀ါးဖျာခံပြီးတော့ လက်နဲ့ နယ်ပေးဖိပေးရပါမယ်။ အဲ့ဒီလို လက်နဲ့နယ်ပေးပြီးတဲ့လက်ဘက်အရွက်လေးတွေကို မြေအိုးထဲကို လေမခိုအောင် ဖိသိပ်ထည့်ပေးပြီးတော့ အပေါ်ကနေ အဖုံးအုပ်ပြီး အလေးအပင်တွေနဲ့ ဖိထားပေးပြီးမြေကြီးထဲ မြှုပ်ထားပေးရပါမယ်။ လပေါင်းများစွာကြာတဲ့အခါမှာတော့ အဲ့ဒီလက်ဖက်အိုးကို မြေကြီးထဲကနေ ထုတ်ယူ၊ ပြီးတော့ လက်ဖက်အသားတွေကို ၀ါးခြင်းတောင်းလေးတွေထဲမှာ ဖိသိပ်ထည့်ပေး ပြီးတော့ ဈေးကွက်ထဲမှာ ရောင်းချကြပါတယ်။ အဲ့ဒီလက်ဖက်ကိုတော့ မိုးရာသီမှာ ပြုလုပ်ကြပြီး လက်ဖက်ခြောက်ကိုတော့ ခြောက်သွေ့တဲ့ရာသီမှာ ပြုလုပ်ကြပါတယ် ပလို့ပြောင်းဖူးနဲ့ လက်ဖက်သုပ်
အခုလို ဆောင်းရာသီ (ဘုရားစူးဆောင်းရာသီ) မှာ ပလို့ပြောင်းဖူးစေးစေးလေးတွေ ထွက်လာပါပြီ။ အဲ့ဒီ ပလို့ပြောင်းဖူးလေးတွေနဲ့ သုပ်တဲ့ လက်ဖက်သုပ်လေးကိုလည်း လုပ်ကျွေးပါရစေနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ လက်ဖက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ပုစွန်ခြောက်၊ အချိုမှုန့်၊ သံပုရာသီး၊ ပြောင်းဖူးပြုတ်၊ နှမ်းလှော်၊ ကြက်သွန်ကြော်၊ မြေပဲလှော်၊ သီဟိုဠ်ဆန်လှော်နဲ့ မြေပဲဆီတို့ပါနော်။
လက်ဖက်အသားကို အခါးသက်သာသွားအောင် နည်းနည်းညှစ်လိုက်ပါ။ ပြီးရင် ငရုတ်ဆုံထဲမှာ ပုစွန်ခြောက်ကို အရင်ထောင်းပါ။ ပုစွန်ခြောက်မညက်တညက်ဖြစ်တဲ့အခါ ငရုတ်သီးစိမ်းလေးတွေ ထည့်ထောင်း ပါ။ ငရုတ်သီးစိမ်းပြီးရင် ကြက်သွန်ဖြူထည့်ပြီးထောင်းပါ။ ပြီးရင် အဲ့ဒီအထဲကို လက်ဘက်ရယ်၊ ဆားနဲ့အချိုမှုန့် လေး ထည့်ပြီးထောင်းပါ။ ပြီးတော့မှ ထောင်းထားတဲ့ လက်ဖက်ထဲကို သံပုရာရည်ညှစ်ထည့်ပြီး သမအောင် မွှေပါ။ (အဲ့ဒီလက်ဖက်နှပ်ထဲကို ကြိုက်တတ်ရင် ခရမ်းချဉ်သီးနဲ့ နံနံပင်ထည့်ပြီး နှပ်ပေးပါ။)
ပလို့ပြောင်းဖူးတွေကို အခွံနွှာ၊ ပြောင်းဖူးမွှေးတွေ ဖယ်ရှားပစ်ပြီး ရေနဲ့အရင်ဆေးပေးပါ။ ပြီးရင် အိုးတစ်လုံးထဲ ပြောင်းဖူးတွေထည့်၊ ရေကိုလည်း ပြောင်းဖူးနူးရုံထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ပါ။ ပြောင်းဖူးပြုတ်ရပြီဆိုရင်တော့ အအေးခံပြီး ပြောင်းဖူးစေ့လေးတွေ ခြွေပေးထားပါ။
ကျန်တဲ့ နှမ်း၊ ကြက်သွန်ဖြူကြော်၊ မြေပဲလှော်၊ သီဟိုဠ်ဆန်လှော်တို့ကိုလည်း အသင့်ပြင်ပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ထဲမှာ လက်ဖက်လေးက တစ်ကန့်၊ ပြောင်းဖူးပြုတ်၊ နှမ်း၊ ကြက်သွန်ကြော်၊ မြေပဲလှော်၊ သီဟိုဆန်လှော်တို့ကို တစ်ကန့်စီထည့်ပြီး ပြင်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ လက်ဖက်သုပ်လေးရပါပြီနော်။ ရေနွေးကြမ်းလေးနဲ့ တွဲဘက်သုံးဆောင်ရင်ဖြစ်ဖြစ်၊ ထမင်းဖြူလေးနဲ့တွဲဘက် သုံးဆောင်ရင်ပဲဖြစ်ဖြစ် သိပ်လိုက်ဖက်တဲ့ အစားအစာတစ်မျိုးပါနော်။ မောင်နှမများလည်း ပလို့ပြောင်းဖူးလေးရတဲ့အခါ လက်ဖက်ချဉ်စပ်လေးနဲ့ တွဲဘက်သုံးဆောင်ကြည့်ပါဦးနော်။









