Saturday, January 10, 2009

ပြိုင်ပွဲဝင်ရွှေရင်အေး





ရွှေရင်အေးမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့ မုန့်လက်ဆောင်း၊ ပေါင်မုန့်၊ သာကူ၊ ကောက်ညှင်းဆန်၊ အုန်းသီးအရင့်၊ အုန်းစိမ်း၊ သကြား၊ ပင်ပွား၊ ပြောင်းဖူး၊ စပျစ်ခြောက်၊ ဒူးရင်းယို၊ ကြက်ဥ၊ နို့စိမ်း၊ အာဂါးကျောက်ကျောမှုန့် အစိမ်းထုပ်၊ ဆွမ်းမွှေးရွက်နဲ့ ဆားအနည်းငယ်တို့ပါနော်။

  • မုန့်လက်ဆောင်းဖတ်နဲ့ ပေါင်မုန့်ကိုတော့ အပြင်ကပဲ ၀ယ်လိုက်ပါတယ်။
  • သာကူပြင်လုပ်မှာမို့လို့ မြန်မာသာကူကိုပဲ ရွေးဝယ်လိုက်ပါတယ်။
  • ကာက်ညှင်းဆန်ကိုတော့ ၀ယ်ပြီးတော့မှ ဆန်ကြမ်းတွေကို ဖယ်ပစ်ပါတယ်။
  • အုန်းသီးအရင့်ကတော့ အုန်းနို့ရည်အတွက်ပါ။
  • အုန်းစိမ်းကတော့ အုန်းစိမ်းရည်ကို အုန်းနို့နဲ့ ရောစပ်ဖို့ရယ်နဲ့ ကျောက်ကျောထိုးတဲ့အခါ သုံးဖို့ပါ။ အုန်းစိမ်းအဖတ်ကိုတော့ ခပ်ရှည်ရှည်သွယ်သွယ်လေးရအောင် လက်ခြစ်နဲ့ ခြစ်ယူပြီး မျှော့ချောင်းအစား သုံးဖို့ပါ။
  • ကြက်ဥနဲ့ နို့စိမ်းကိုတော့ ကြက်ဥပေါင်းလေးလိုလုပ်ပြီး မျှော့ချောင်းအစားသုံးဖို့ပါ။ မာမာလေး ဖြစ်နေ ရအောင်လို့ ကြက်ဥပေါင်းလေး လုပ်တဲ့အထဲမှာ သာကူမှုန့်နည်းနည်းထည့်ပြီး ပေါင်းပါတယ်။
  • ပြောင်းဖူး၊ နို့စိမ်းနဲ့ စပျစ်ခြောက်ကို အာဂါးကျောက်ကျော အစိမ်းရောင်အထုပ်နဲ့ပေါင်းပြီး ပြောင်းဖူးနို့စိမ်း စပျစ်ခြောက် ကျောက်ကျောအတွက် သုံးဖို့ပါ။
  • အုန်းစိမ်းရည်၊ ပင်ပွား၊ ဒူးရင်းယိုကို အာဂါးကျောက်ကျောအစိမ်းရောင်အထုပ်နဲ့ပေါင်းပြီး အုန်းစိမ်းပင်ပွား ဒူးရင်းယို ကျောက်ကျောအတွက် သုံးဖို့ပါ။
  • အုန်းနို့ရည်နဲ့ ဆွမ်းမွှေးရွက်အရည်ကိုတော့ အုန်းနို့ဆွမ်းမွှေးကျောက်ကျောအတွက် သုံးဖို့ပါ။

ပြုလုပ်ပုံအဆင့်ဆင့်


ကောက်ညှင်းချက်ခြင်းအဆင့်
မုန့်လက်ဆောင်းနဲ့ ပေါင်မုန့်က အပြင်ကနေ ၀ယ်ထားတာမို့ သူတို့အတွက် မစဉ်းစားသေးဘဲ ကောက်ညှင်းကို အရင်ချက်ပါတယ်။ ကောက်ညှင်းချက်ကို ရေနဲ့သန့်စင်အောင်ဆေးပြီး ရေစစ်ထားပါတယ်။ အဲ့ဒီအချိန်မှာ အိုးတစ်လုံးထဲ ရေခပ်များများထည့်ပြီး မီးဖိုပေါ်တင်ပြီး ဆူအောင်တည်ပါတယ်။ ရေဆူလာပြီဆိုမှ ကောက်ညှင်းကို ထည့်ပါတယ်။ ကောက်ညှင်းတွေ ကပ်မနေအောင်လို့ အိုးကိုလည်း မကြာခဏ မွှေပေးရင်း ကောက်ညှင်းအထဲက ဆန်သားလေးကို ကြည့်ပြီး ဆန်သားအဖြူလေး နည်းနည်းလေးကျန်တဲ့အချိန်မှာ ရေငှဲ့လိုက်ပါတယ်။ ရေကိုကုန်အောင် သေချာငှဲ့ပြီးတော့မှ ကောက်ညှင်းကို အထက်အောက် သမအောင် သစ်သားယောင်းမလေးနဲ့ အသာအယာလှန်၊ လက်တစ်ဆစ်အရွယ် ဆွမ်းမွှေးရွက်လေး သုံးရွက်လောက်ထည့်ပြီး ကောက်ညှင်းကို မီးနွေးနွေးလေးနဲ့ အချိန်ယူပြီး နှပ်ပါတယ်။ ကောက်ညှင်းနပ်ပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချပြီး ၁၀ မိနစ်လောက် အအေးခံ၊ ကောက်ညှင်းအပူကို လက်နဲ့ ကိုင်နိုင်တဲ့အချိန်လောက်မှာ ကောက်ညှင်းတွေကို အ၀ိုင်းလေးတွေရအောင် ၀ိုင်းပါတယ်။

(၂) သာကူပြင်ပြုလုပ်ခြင်းအဆင့်
သာကူပြင်လုပ်ဖို့အတွက် စစချင်းမှာ မီးဖိုပေါ် အိုးတစ်လုံးတင်၊ ရေ (တစ်လီတာခွဲ) ထည့်ပြီး ရေဆူအောင်တည်ပါတယ်။ ရေဆူလာတဲ့အခါမှာ သကြားနည်းနည်း (၂ကျပ်ခွဲသား)နဲ့ ဆား (လက်ဘက်ရည်ဇွန်းတစ်ဇွန်း) ထည့်ပါတယ်။ ပြီးတော့မှ သာကူ (နို့ဆီဗူး ၁ ဗူး) ကို ရေဆေးပြီး ထည့်ပါတယ်။ ပြီးတော့မှ သာကူတွေကို ကျိုပါတယ်။ သာကူအထဲမှာအဖြူဆန်လေးတွေ ၇၅ ရာခိုင်နှုန်းလောက် ပျောက်ပြီဆိုရင် ကျန်တဲ့အဆန်လေးတွေဟာ သာကူထဲမှာရှိတဲ့အပူနဲ့တင် နပ်နိုင်တာမို့ အဲ့ဒီအချိန်မှာ သာကူတွေကို ခဲအောင်လုပ်ဖို့အတွက် ဗန်းထဲလောင်းထည့်ပြီး အအေးခံထားလိုက်ပါတယ်။ အေးတဲ့အခါကျရင် သာကူပြင် ရပါပြီနော်။

(၃) ကြက်ဥပေါင်းပြုလုပ်ခြင်းအဆင့်
ကြက်ဥ (၁၀) လုံး၊ နို့စိမ်း (၁) ဗူး၊ သကြား လက်ဘက်ရည်ပန်းကန်လုံး (၁) လုံး၊ သာကူမှုန့် ထမင်းစားဇွန်း (၁) ဇွန်း၊ ဆား လက်ဘက်စားဇွန်း (၁) ဇွန်းတို့လိုပါတယ်။ ဇလုံကြီးကြီးတစ်လုံးထဲကို ကြက်ဥကို ပွလာအောင် သေသေချာချာခေါက်ပြီးနို့စိမ်းရောထည့်ပါတယ်။ ပြီးတော့မှ သာကူမှုန့်၊ သကြားနဲ့ ဆားတို့ကိုထည့်ပြီး သမအောင် ထပ်ခေါက်ပါတယ်။ ပြီးတော့ အိုးကြီးကြီးတစ်လုံးကို ယူ၊ ရေတ၀က်လောက် ထည့်၊ ပြီးတော့မှ ကြက်ဥပေါင်းလုပ်မယ့် ဇလုံကိုထည့်ပြီး ကြက်ဥကို ပေါင်းပါတယ်။ ကျွန်မကတော့ ၄၅ မိနစ်လောက်ကြာအောင် ထားပြီး ပေါင်းပါတယ်။ ပြီးရင်မီးခလုတ်ကို ပိတ်ပြီး ကြက်ဥပေါင်းဇလုံကို ရေနွေးအိုးထဲကနေ ဆယ်ယူပြီးတော့ လျှပ်စစ်မီးဖိုရဲ့ အပူရှိန်နဲ့ပဲ ကြက်ဥပေါင်းအိုးကို တင်ထားပါတယ်။ မီးဖိုကို အခြားကိစ္စတွေအတွက် သုံးပြီးရင်လည်း ကျန်တဲ့ အပူရှိန်နဲ့ ကြက်ဥပေါင်းအိုးကို တင်ထားပေးပါတယ်။ အဲ့ဒီလို လုပ်လိုက်ခြင်းအားဖြင့် ကြက်ဥပေါင်းလေးက ရေစစ်သွားတယ်၊ ပိုပြီး ကျစ်သွားပြီး လှီးရတဲ့အခါ လွယ်ကူစေပါတယ်။ ကြက်ဥပေါင်းကို အအေးခံထားပြီးတော့မှ ခပ်ရှည်ရှည်လေးတွေ လှီးယူပါတယ်၊ ပုံစံလေးလည်း ပေါ်အောင်လို့ ကျောက်ကျောလှီးဓားအတွန့်နဲ့ လှီးပြီး မျှော့ချောင်းအစား ကြက်ဥပေါင်းကို ထည့်သုံးပါတယ်။

(၄) အုန်းသီးခြစ်သည်/ညှစ်သည်
အုန်းသီးအရင့် (၇) လုံးနဲ့ အုန်းစိမ်း (၅) လုံးကို ခွဲပါတယ်။ အထဲက အုန်းရည်တွေကို ယူပါတယ်။ (အုန်းစိမ်းရည်ကို သီးသန့် ဖယ်ထားပါတယ်)။ ပြီးတော့မှ အုန်းသီးအရင့်ကို ခြစ်ပြီး အုန်းနို့ရည် ညှစ်ယူပါတယ်။ အုန်းနို့ရည်တွေကို သီးသန့်ထားပါတယ်။ အုန်းစိမ်းကိုတော့ အရည်ယူထားပြီးတော့ အုန်းစိမ်းက အသားဖတ် လေးတွေ (မြင်အောင်ပြောရရင် ပြည်ကြီးငါးကို ကိုင်သလိုဖြစ်နေတဲ့ အနေအထားလေးရှိ တဲ့အုန်းစိမ်းဖတ်လေး တွေ) ကို အုန်းသီးလက်ခြစ်နဲ့ ရှည်ရှည်လေးတွေ ရအောင် ခြစ်ယူပါတယ်။ အုန်းသီးနုဖတ်လေးတွေကို မျှော့ချောင်းအစား အသုံးပြုချင်တာဖြစ်တဲ့အတွက်ပါ။

(၅) သကြားရည်ကျိုခြင်း
သကြားထဲမှာ အမှိုက်တွေ သဲတွေ မပါရအောင်လို့ သကြားရည်ကျို၊ အအေးခံပြီး ရေစစ်နဲ့ ပြန်စစ်ယူထားပါတယ်။ သကြားရည်ကိုတော့ အုန်းနို့ရည်ဖျော်စပ်ဖို့ရယ်၊ ကျောက်ကျောထဲ ထည့်ကျိုဖို့ရယ် အတွက်ပါ။

(၆) ကျောက်ကျောကျိုခြင်း
ရွှေရင်အေးထဲကို ထည့်ဖို့အတွက် ကျောက်ကျောကျိုတဲ့အခါ ထူးထူးဆန်းဆန်းလေးလည်းဖြစ်ရအောင်၊ ရွှေရင်အေးထဲမှာ ပါဝင်တဲ့အမယ်တွေထဲကနေလည်း ချော်ထွက်မသွားအောင် ဘယ်လိုကျောက်ကျောမျိုး ကျိုမယ်ဆိုတာကို တော်တော်လေး တိုင်ပင်စဉ်းစားကြရပါတယ်။ သူများနဲ့လည်း မတူချင်ဘူး၊ အရသာကလည်း ရွှေရင်အေးနဲ့ တွဲစားရင် လိုက်ဖက်ညီရမယ်၊ တီထွင်ဆန်းသစ်မှုလည်း ရှိရမယ်၊ (အမှတ်ပေးစည်းမျဉ်းထဲမှာကိုက တီထွင်ဆန်းသစ်မှုအတွက် အမှတ် - ၂၀ ပေးထားတယ်လေ) အဲ့ဒါကြောင့်မို့ ကျွန်မ အွန်လိုင်းက မောင်နှမ တော်တော်များများကို တိုင်ပင်ခဲ့ပါတယ်၊ အကြံဥာဏ်တွေလည်း တောင်းခဲ့ပါတယ်။ မောင်နှမတွေ၊ ၀ိုင်းတော်သား တွေရဲ့ အကြံကောင်းတွေ ပေါင်းစုလိုက်တဲ့အခါမှာ ကျောက်ကျော (၃) မျိုးကို စဉ်းစားလို့ ရခဲ့ပါတယ်။

(က) ပြောင်းဖူးနို့စိမ်းစပျစ်ခြောက် ကျောက်ကျော
လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ် (၁) ထုပ်၊ သကြားပြောင်းဖူး (၅) ဖူး၊ နို့စိမ်း (၁) ဗူး၊ စပျစ်ခြောက် (၂.၅) ကျပ်သား၊ သကြား (၂၀) ကျပ်သား၊ ဆား အနည်းငယ်တို့ပါ။

ပြောင်းဖူးတွေကို အပြင်က အခွံတွေကို ဓားထက်ထက်နဲ့ လှီးထုတ်လိုက်ပြီးတော့ ပြောင်းဖူး အသားတွေကို ခြစ်ယူပါတယ်။ ပြီးတော့မှ ပြောင်းဖူးအသားတွေကို ပိတ်ပါးစနဲ့ထုပ်ပြီး ပြောင်းဖူးနို့ရည်တွေကို ညှစ်ယူပါတယ်။ ပြီးတော့ ပြောင်းဖူးတွေကို ရေနွေးလေးနဲ့ နယ်နယ်ပြီးတော့ ပြောင်းဖူးနို့ရည်ကို ညှစ်ယူပါတယ်။ ပြောင်းဖူးနို့ရည်ဟာ ကျောက်ကျောတစ်ထုပ်အတွက် တစ်လီတာလိုအပ်ပါတယ်။

ပြီးရင်တော့ သကြားကို ရေလီတာဝက်နဲ့ ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါတယ်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ပြောင်းဖူးနို့ရည်၊ နို့စိမ်းတစ်ဗူး၊ သကြားရည်၊ ဆားအနည်းငယ်နဲ့ ကျောက်ကျောတို့ကို ထည့်၊ သမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀) မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။ ပြီးရင် အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ အဲ့ဒီအချိန်မှာ ကျောက်ကျောထည့်မယ့် ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို စပျစ်ခြောက်လေးတွေ ထည့်ထားပေးပါနော်။ ပြီးတော့မှ အိုးအဖုံးကို ဖွင့်ထားပြီး ကျောက်ကျောအိုးကို (၁၅) မိနစ်လောက် အဆက်မပြတ်မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့ ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အရသာလည်း ရှိ၊ အရောင်အဆင်းလည်း လှတဲ့ ပြောင်းဖူးနို့စိမ်းစပျစ်ခြောက်ကျောက်ကျောလေး ရပါပြီနော်။

(ခ) အုန်းစိမ်းပင်ပွားဒူးရင်းယိုကျောက်ကျော
လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ် (၁) ထုပ်၊ အုန်းစိမ်းရည် (၂) လီတာ၊ ပင်ပွားစေ့အခြောက် ထမင်းစားဇွန်း (၁) ဇွန်း၊ ဒူးရင်းယို (၅) ကျပ်သား၊ သကြား (၂၀) ကျပ်သား၊ ဆားအနည်းငယ်တို့ပါနော်။

ပင်ပွားစေ့တွေကို ကျောက်ကျောမကျိုခင် ၃ နာရီလောက်ကတည်းက ကြိုတင်ပြီး ရေစိမ်ပေး ထားပါ။ ပထမတစ်ရေစိမ်ပြီးတဲ့အခါ ပင်ပွားတွေ ပွလာတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ ပင်ပွားစေ့တွေကို ဆယ်ယူပြီးတော့ နောက်တစ်ရေလဲပေးထားပါနော်။ ဒူးရင်းယိုလေးတွေကိုလည်း အ၀ိုင်းလေးတွေ ရအောင် လှီးပြီးတော့မှ ငုံးဥအနှစ်လေးလိုဖြစ်အောင် လုံးပေးထားပါ။ အုန်းစိမ်းရည်ကိုလည်း အသင့်ပြင်ပေးထားပါ။ ပြီးရင်တော့ သကြားကို ရေလီတာဝက်နဲ့ ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါတယ်။

အားလုံးအသင့်ဖြစ်ပြီဖြစ်ရင်တော့ အိုးတစ်လုံးထဲကို အုန်းစိမ်းရည်၊ သကြားရည်၊ ကျောက်ကျောမှုန့်၊ ပင်ပွား၊ ဆားအနည်းငယ်တို့ ထည့်ပြီး အားလုံးသမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀) မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။ ပြီးရင် အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ အဲ့ဒီအချိန်မှာ ကျောက်ကျောထည့်မယ့် ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို ဒူးရင်းယိုလေးတွေ ထည့်ထားပေးပါနော်။ ပြီးတော့မှ အိုးအဖုံးကို ဖွင့်၊ ပင်ပွားတွေကို ထည့်ပြီး ကျောက်ကျောအိုးကို (၁၅) မိနစ်လောက် အဆက်မပြတ်မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့ ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အရသာလည်းရှိ အမြင်လည်း လှတဲ့ အုန်းစိမ်းပင်ပွားဒူးရင်းယိုကျောက်ကျောလေး ရပါပြီနော်။

(ဂ) အုန်းနို့ဆွမ်းမွှေးကျောက်ကျော
လိုအပ်တဲ့ပစ္စည်းတွေကတော့ လူရိုင်းခေါင်းတံဆိပ် အုန်းနို့ကျောက်ကျောအစိမ်းထုပ် (၁) ထုပ်၊ အုန်းနို့ရည် (၂) လီတာ၊ ဆွမ်းမွှေးရွက်ကို ထောင်းပြီး ညှစ်ထားတဲ့အရည် ထမင်းစားဇွန်း (၂) ဇွန်း၊ သကြား (၂၀) ကျပ်သား၊ ဆားအနည်းငယ်တို့ပါနော်။

အုန်းသီးအရင့်တစ်လုံးကို ခြစ်ပြီး အဲ့ဒီအုန်းသီးကို အုန်းနို့ရည် (၂) လီတာ ရအောင် ညှစ်ပေးပါ။ တကယ်လို့ ရယ်ဒီမိတ် အုန်းနို့ဗူးကို သုံးမယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်နော်။ သကြားကို ရေလီတာဝက်နဲ့ ကျိုပြီး အမှိုက်တွေ မပါအောင် စစ်ယူပါတယ်။

အားလုံးအသင့်ဖြစ်ပြီဖြစ်ရင်တော့ အိုးတစ်လုံးထဲကို အုန်းနို့ရည်၊ သကြားရည်၊ ကျောက်ကျောမှုန့်၊ ဆားအနည်းငယ်တို့ထည့်ပြီး အားလုံးသမအောင် မွှေပြီး မီးဖိုပေါ် တင်ပေးပါ။ ကျောက်ကျောအိုး အဆူမြန်အောင် အိုးအဖုံးပိတ်ပြီး တည်ပေးပါတယ်။ အချိန် (၁၀) မိနစ်လောက်ကြာတဲ့အခါ အိုးအဖုံးဖွင့်ပြီး ကျောက်ကျောအိုး ကပ်မသွားအောင် မွှေပေးပါတယ်။ ပြီးရင် ဆွမ်းမွှေးရွက်အရည်ထည့်၊ အိုးအဖုံးပြန်ပိတ်ပြီး (၅) မိနစ်လောက် ကြာအောင် ထပ်တည်ပါတယ်။ ပြီးတော့မှ အိုးအဖုံးကို ဖွင့်ပြီး ကျောက်ကျောအိုးကို (၁၅) မိနစ်လောက် အဆက်မပြတ်မွှေပေးပါတယ်။ ပြီးရင်တော့ ကျောက်ကျောကို ပန်းကန်ပြားလေးတစ်ခုထဲ ထည့်ပြီး အအေးခံကြည့်ပြီး ခဲ၊ မခဲ စမ်းသပ်ပါ။ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်ထည့်ချင်တဲ့ ပုံစံခွက် ဒါမှမဟုတ် ဗန်းထဲကို လောင်းထည့်လိုက်ပြီး အအေးခံထားလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အရသာလည်းရှိ အရောင်လေးစိမ်းဖန့်ဖန့်လေးနဲ့ ဆွမ်းမွှေးနံ့သင်းသင်းလေးနဲ့ အုန်းနို့ ဆွမ်းမွှေးကျောက်ကျောလေး ရပါပြီနော်။

(၇) ပေါင်မုန့်
ပါင်မုန့်ကို အပြင်က ၀ယ်ပြီးသုံးတာဆိုပေမယ့် အလှအပလေးတွေဖြစ်သွားရအောင်လို့ ပေါင်မုန့်ကို ဘေးသားတွေမပါအောင် အ၀ိုင်းပုံလေးတွေရအောင် ဖြတ်လိုက်ပါတယ်။

(၈) မုန့်လက်ဆောင်းဖတ်
မုန့်လက်ဆောင်းဖတ်ကိုတော့ အပြင်က ၀ယ်တာပါ။ အေးသွားရအောင်လို့ မုန့်လက်ဆောင်းဖတ် တွေကို ဇလုံတစ်လုံးထဲထည့်ပြီး ရေခဲတုံးလေးနဲ့ စိမ်ထားလိုက်ပါတယ်။

(၉) အုန်းနို့ရည်ဖျော်စပ်ခြင်း
အုန်းသီး (၅) လုံးက ရတဲ့ အုန်းနို့ရည် (၄) လီတာကို အုန်းစိမ်း ရည် (၂) လီတာခွဲ၊ သကြားနှစ်ပိသာကျိုရည် (၁) လီတာ၊ ဆားအနည်းငယ်တို့ထည့်ပြီး ဖျော်စပ်ပါတယ်။ အချိုကြိုက်တဲ့သူတွေ အဆင်ပြေစေဖို့ သကြားကျိုရည်ကို သီးသန့်ထားပါသေးတယ်။ အုန်းနို့ရည်နဲ့ အုန်းစိမ်းရည်ကို ရောပြီး ဖျော်စပ်ပေးတဲ့အတွက် အုန်းနို့ရည်အနံ့ရော အရသာပါ ပိုမိုကောင်းမွန်စေပါတယ်။ အုန်းသီးရှာလပတ် အနံ့အရသာလိုမျိုးရပါတယ်။

(၁၀) မုန့်ပွဲပြင်ဆင်ခြင်း
ပန်းကန်ထဲမှာ မုန့်လက်ဆောင်းဖတ်လေးတွေကို အရင်ထည့်ပါတယ်။ ပြီးတော့ ကောက်ညှင်း၊ ပေါင်မုန့်၊ သာကူပြင်၊ ကျောက်ကျော၊ အုန်းစိမ်းဖတ်၊ ကြက်ဥပေါင်း စတာတွေကို စီစီရီရီလေး ထည့်ပါတယ်။ ပြီးတော့မှ အုန်းနို့ရည်ကိုထည့်ပါတယ်။ ရေသန့်ရေခဲတုံးလေး ၂ တုံးထည့်ပါတယ်။ အချိုကြိုက်သူတွေအတွက် သကြားကျိုရည် နည်းနည်းထပ်ထည့်ပါတယ်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့လည်း ပြည့်စုံ၊ အရောင်အဆင်း လေးကလည်း စားချင်စဖွယ်ကောင်းတဲ့ ရွှေရင်အေးလေး ရပါပြီနော်။

ဒီပြိုင်ပွဲလေးအတွက် အစစအရာရာ ကူညီပေး၊ အကြံဥာဏ်ပေးကြတဲ့ မောင်နှများအားလုံးကို ကျေးဇူးတင်ပါတယ်နော်။

7 comments:

  1. ပြိုင်ပွဲဝင်ရွှေရင်အေးကိုဖတ်ရတာ မောသွားတာပဲ
    လုပ်ရတဲ့လူတော့ ဘယ်လောက်မောမလဲမသိဘူး
    မမလု ဒုတိယဆုရတဲ့အတွက် ဂုဏ်ယူပါတယ်နော်
    နောက်ထပ်လည်း ဟင်းတွေချက်ကျွေးပါဦး
    ညီမလေး

    ReplyDelete
  2. ညီမလေးရေ
    မမလုလုတို့ ပြိုင်ပွဲဝင်မယ့်နေ့က အတော်လေး ပင်ပန်းကြပါတယ်။ မမတို့က ၀ါသနာရှင်အနေနဲ့ဝင်ပြိုင်တာလေ။ တကယ်တမ်းလာပြိုင်ကြတာ ရွှေရင်အေးဆိုင်ကြီးတွေက လာပြိုင်ကြတာ။ ကိုယ့်ကိုယ်ကို အားငယ်မိခဲ့တယ်။ ဒါပေမယ့် ဆုရတော့လည်း အရမ်းပျော်သွားတာ။ ပင်ပန်းတာတွေတောင် ဘယ်ရောက်သွားလဲမသိတော့ဘူး။ အားပေးတဲ့အတွက် ကျေးဇူးပါနော် ညီမလေး။

    ReplyDelete
  3. ရွှေရင်အေးကို အရမ်း အရမ်း ကြိုက်တာ။ ဒီလောက်ကြီးတောင် အဆင့်ဆင့် လုပ်ရတာဆိုတော့ စားရတာတောင် အားနာသွားပြီ မမရေ..

    မမက Belgium မှာ နေတာပါလား။ Profile မှာ တွေ့လို့ပါ။ ချိုသင်း အမတွေလဲ Belgium မှာ နေတာမို့ ရင်းနှီးချင်လို့ မေးတာပါနော်။ စပ်စုတယ် မထင်ပါနဲ့နော်။

    ReplyDelete
  4. မမိုးချိုရေ
    အလည်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။
    ရွှေရင်အေးက အဆင့်ဆင့်လုပ်ရတာဆိုပေမယ့် စားလို့ အရမ်းကောင်းတာလေ။ စားချင်တော့လည်း မောတယ်မထင်မိဘူးပေါ့။
    ကျွန်မက Belgium မှာ နေတာမဟုတ်ပါဘူးနော်။
    ရန်ကုန်မှာပဲ နေတာပါနော်။

    ReplyDelete
  5. မလုရေ..ရွှေရင်အေးအတွက် ရေးထားတဲ့ပို့စ်ဖတ်ရင်း စားလည်း စားချင်တယ်.. ကျောက်ကျောအစုံနဲ့ ကောက်ညှင်းများများ ထည့်ပြီး စားချင်တာ.. မစားရတာ ကြာပြီ.. မလု ဆုရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်.. :)

    တကယ်လို့ အဆင်ပြေမယ်ဆိုရင်သာကူဆနွင်းမကင်းတို့ ကောက်ညှင်းဆနွင်းမကင်းလို့ လုပ်ကျွေးပါလား..

    မလုရဲ့ ရှမ်းခေါက်ဆွဲချက်နည်းကတော့ အမအတွက် အတော်အသုံးကျတယ်.. စာရွက်လေး ပရင့်ထုတ်ထားပြီး ချက်ခါနီး ကြည့်ပြီး ချက်လိုက်ယုံပဲ.. ;)

    ReplyDelete
  6. မနုစံရေ
    အမြဲတမ်းအလည်လာပြီး လက်တွေ့လည်း ချက်ပြုတ်စားသောက်နေတဲ့ ၀ါသနာတူချင်းမို့လို့ မမြင်ဖူးပေမယ့် စိတ်ထဲက ညီအမအရင်းလို ခင်မင်မိပါတယ်။
    မနုစံပြောတဲ့ဆနွင်းမကင်းမုန့်တွေကိုလည်း လုပ်ပြီး တင်ပေးပါဦးမယ်နော်။
    ဂျပန်မှာတော့ အခုအချိန်အေးနေတော့ ရွှေရင်အေး စားနိုင်မှာမဟုတ်လောက်ဘူး။ ကျောက်ကျောလောက်ပဲ ကျိုစားပေါ့နော်။
    ရှမ်းခေါက်ဆွဲကို ဂျပန်တွေလည်း အရမ်းကြိုက်တာနော်။ မလုကျောင်းတက်စဉ်က Lab က ဆရာတွေ၊ သူငယ်ချင်းတွေကို ချက်ကျွေးဖူးတယ်။ သူတို့ကြိုက်ကြတယ်။ အချဉ်အတွက်တော့ Takana ကိုပဲ ပြန်သုပ်လိုက်တာလေ။
    မနုစံကိုလည်း ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  7. မလုရေ။ ကျွန်မမွေးနေ့မှာ Blogလာလည်တဲ့ လူတွေကို မလုရဲ့ ရွှေရင်အေးနဲ့ ဧည့်ခံချင်လို့ပါ၊ ညွှန်လိုက်မယ်နော်။ အမြဲတမ်းစောင့်ဖတ်ပြီး တိတ်တိတ်လေးပဲ ပြန်ပြန်သွားဖြစ်တာ များပါတယ်။ ခွင့်ပြုပါနော်။ ကျေးဇူး အထူး

    ReplyDelete