Showing posts with label သတ်သတ်လွတ်. Show all posts
Showing posts with label သတ်သတ်လွတ်. Show all posts

Tuesday, August 31, 2010

မှိုပင်စိမ်းမွှေး အစပ်ချက်

9 comments

          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ တစ်လောတုန်းက အလုပ်ကများ၊ လူကလည်း နည်းနည်း နေမကောင်းဖြစ်သွားတာမို့ ဘလော့ဂ်ဘက်ရော ဖေ့်စ်ဘွတ်ခ် ဘက်ရော မလှည့်နိုင်ဖြစ်သွားတယ်နော်။ အချိန် အကြာကြီး ပစ်ထားလို့ စိတ်မဆိုးပါနဲ့နော်။ ဒီနေ့တော့ မောင်နှမတို့ကို သတ်သတ်လွတ်ဟင်းလျာလည်းဖြစ်၊ ထမင်းလည်းမြိန်စေမယ့် မှိုပင်စိမ်းမွှေး အစပ်ချက်လေး ချက်ကျွေးပါရစေဦးနော်။
          မှိုဝယ်လို့ရပြီဆိုရင် ကန်စွန်းရွက်နဲ့တွဲပြီး ကြော်လိုက်တာက အမြဲလိုလိုမို့ ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်ရအောင် မှိုကို ဟင်းလေးလို ချက်စားမယ်ဆိုပြီး ချက်ဖြစ်တဲ့ဟင်းလျာလေးပါနော်။ အမေက ကန်စွန်းရွက် နဲ့ကြော်မယ်တဲ့၊ လုကတော့ အမေရယ် အပြောင်းအလဲ ဖြစ်သွားရအောင် ချက်စားရအောင်နောလို့ဆိုတော့ သူပဲ ထွင်နိုင် လွန်းတယ်တဲ့။ မှိုကို အသုပ်လည်း လုပ်သေး၊ အရည်သောက်လည်း လုပ်သေး၊ အခု ဟင်းလိုမျိုး ချက်ဦးမယ်တဲ့။ စိတ်ကြိုက်ပဲ၊ သဘောရှိပဲတဲ့ ချက်ချင်သလိုသာချက်၊ တစ်ခါတည်း များများချက်၊ ဆွမ်းဟင်း လည်းလောင်းရအောင်၊ ထမင်းချိုင့်လည်းထည့်၊ အိမ်သားတွေအားလုံး စားကောင်းအောင်လို့ ချက်ပါတဲ့။ ပါမစ်ရပြီဆိုတော့ ချက်ပြီပေါ့နော်။
          လိုအပ်သောပစ္စည်းများကတော့ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ပင်စိမ်း ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီအနည်းငယ် တို့ပါနော်။
          ကောက်ရိုးမှိုအလုံးလေးတွေကို သန့်ရှင်းရေးလုပ်ပြီးတော့ လေးစိတ်ရအောင် လှီးပါနော်။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလေးလှီးပေးပါနော်။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါ။ ပင်စိမ်းရွက်လေးလည်း ရေဆေးပေးပြီး အညွန့်လေးတွေနဲ့ အရွက်လေးတွေ ခြွေယူထားပါနော်။
          အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်၊ မီးအားကိုလျှော့ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးစိမ်း တွေထည့်ပြီး ဆီသတ်၊ ငရုတ်သီးစိမ်းပါတာမို့ သတိထားပြီး မီးအားကို လျှော့နော် မဟုတ်ရင် မွှန်ကုန်မှာစိုးလို့နော်။ ပြီးရင် ခရမ်းချဉ်သီးတွေထည့်ပြီး ဆီသတ်၊ ခရမ်းချဉ်သီးက အားလုံး ကြေစရာမလိုတော့ နွမ်းပြီဆိုရင် မှိုလေးတွေထည့်၊ မီးအားကို ပုံမှန်ပြန်ထား၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲလေး ထည့်ပြီးတော့ အားလုံးသမအောင်မွှေပြီး ဒယ်အိုးဖုံးအုပ်ပြီး တည်ပေး ပါနော်။ သုံးမိနစ်လောက်ကြာရင် ဒယ်အိုးအဖုံးဖွင့်ပြီး တစ်ခါထပ်မွှေ၊ ပြီးတော့မှ မှိုအိပြီလား ကြည့်၊ အအိလိုသေးရင် ရေနွေးလေး နည်းနည်းလေးဖျန်းထည့်ပြီး အိအောင်ချက်၊ ပြီးတော့ အပေါ့အငန်မြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်ပြီး ပင်စိမ်းလေး အုပ်လိုက်ပါနော်။
          အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုပင်စိမ်းမွှေးအစပ်ချက်လေး ရပါပြီ နော်။ ရုံးကို ထမင်းချိုင့်ထည့်လာတော့ မိတ်ဆွေတွေက စားကောင်းတယ်ပြောလို့ အရမ်းကို ပျော်သွားတာ။ မောင်နှမတွေလည်း ချက်စားလို့ရအောင်လို့ နည်းလေး မျှဝေလိုက်ပါပြီနော်။ အားပေးကြပါဦးနော်။

Tuesday, May 4, 2010

ပဲကြိုက်ခင်ရဲ့ ပဲလိပ်ပြာနှပ်

7 comments

          ချစ်သောမောင်နှမများအားလုံး မြန်မာနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ကျွန်မတို့ မေတ္တာရပ်ဝန်း မီးဖိုဆောင်မှ ၀ိုင်းတော်သားများအားလုံးက ဆုမွန်ကောင်းချွေပါတယ်နော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ပဲလိပ်ပြာနှပ်လေး ချက်ကျွေးပါရစေဦးနော်။
          ကျွန်မတို့ မြန်မာလူမျိုးတွေက ပဲနှပ်ဆိုရင် သိပ်ကြိုက်တတ်ကြပါတယ်။ သတ်သတ် လွတ်စားသုံးတဲ့အခါမှာ ကုလားပဲနှပ်၊ ပဲကြီးနှပ်၊ ပဲလိပ်ပြာနှပ် စသည်ဖြင့် ပဲမျိုးစုံကို နှပ်ပြီး စိတ်ကြိုက် ချက်ပြုတ်စားတတ်ကြပါတယ်နော်။ 
ကျွန်မ ငယ်ငယ်တုန်းကတော့ ပဲဆိုရင် သိပ်မုန်းတာပဲ၊ အထူးသဖြင့် ပဲနှပ်ကိုပေါ့၊ နောက်ပြီး အိမ်မှာ ထမင်းဟင်းချက်ရင် ဖြစ်လေ့ဖြစ်ထရှိတာလေးကလေ ချဉ်ပေါင်ကြော် ကြော်တဲ့နေ့၊ ပဲနှပ်တဲ့နေ့၊ ပဲဟင်းချက်တဲ့နေ့တွေဆိုရင်လေ ထမင်းချက်တာ အလိုလိုနေရင်း ပျော့သွားတတ်တော့ ထမင်းပျော့ပျော့နဲ့ ပဲနှပ်အတွဲကို ဘယ်လိုမှ စားလို့မတတ်ခဲ့ပါဘူး။ 
ဒါပေမယ့်လေ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ ကျောင်းတက်ရတော့ ပဲမကြိုက် တတ်တဲ့ ကျွန်မဟာ ထမင်းမာသည်ဖြစ်စေ၊ ပျော့သည်ဖြစ်စေ အဆောင်ကကျွေးတဲ့ ပဲဟင်း မပါရင် မစားတတ်တော့တဲ့အထိကို ဖြစ်သွားပါတော့တယ်။
နေ့တိုင်း အဆောင်က ကျွေးတဲ့ ပဲဟင်းတွေစားပြီး လူကိုယ်လုံးကလည်း ၀ဖြီးလာ လိုက်တာ အတန်းကြီး အစ်ကို၊ အစ်မများက ကျွန်မ လမ်းလျှောက်လာရင် စည်းပိုင်းကြီး လိမ့်လာတယ်လို့ ချစ်စနိုးနဲ့ နောက်ကြပါတယ်။ ကျွန်မ စိတ်မဆိုးခဲ့ပါဘူး၊ တကယ်လည်း ၀လုံးပြီး Visit Myanmar Year ဖိုးဝရုပ်လို ဖြစ်နေတော့တာလေ။ 
ပထမနှစ်ဝက် ကျောင်းပိတ်လို့ အိမ်လည်း ပြန်ရော အိမ်က လူတွေက ကျွန်မကို ရုတ်တရက် မမှတ်မိဘဲ ကြောင်ကြည့်နေကြပါတယ်၊ ပြီးတော့မှ ဟယ့့်  ကျောင်းသွား တက်တဲ့ ခြောက်လအတွင်းမှာ ပဲဖော ဖောပြီး ပြန်လာတယ်ဆိုပြီး ၀ိုင်းနောက်ကြပါတယ်။ ကျွန်မအစ်ကိုကတော့ ကျွန်မကို ၀ပုတစ်တို ဒစ္စကိုလို့ ကျွန်မ မခံချိမခံသာဖြစ်အောင် နောက်ပါတယ်။ အဲ့ဒါ ပဲကြိုက်ခင်ဖြစ်ခဲ့ရတဲ့ ကျွန်မရဲ့ ဇာတ်လမ်းလေးပေါ့လေ။
          ပဲလိပ်ပြာနှပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲလိပ်ပြာ၊ ဆူးပုပ်ရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီနဲ့ နနွင်းမှုန့် အနည်းငယ်တို့ပါနော်။
          ပဲလိပ်ပြာအစိုကို ရေနဲ့ သန့်စင်အောင်ဆေးကြောပြီး ရေစိမ်ပေးထားပါတယ်နော်။ တကယ်လို့ ပဲလိပ်ပြာအစိုကို ၀ယ်လိုမရဘူးဆိုရင် ပဲလိပ်ပြာစေ့ကို ရေနွေးကြက်သီးနွေးနဲ့ တစ်ညသိပ်စိမ်ပေးရပါမယ်။ ပြီးရင်တော့ နောက်နေ့မှာ အဲ့ဒီရေတွေကို လှယ်ပစ်ပြီး နောက်ထပ် ရေနွေးကြက်သီးနွေးနဲ့ တစ်ရက် ထပ်စိမ်ပေးပါနော်။ ပဲလိပ်ပြာအခွံလေးတွေ ပွလာပြီဆိုရင်တော့ ရေနဲ့သန့်စင်အောင်ဆေးကြောပြီး ရေစစ်ပေးထားပါနော်။ ပဲလိပ်ပြာက ချက်တဲ့အခါ အခွံမသင်ဘဲ ချက်စားရတာ ပိုစားကောင်းလှပါတယ်။ အခွံပါ ပါတဲ့အတွက် ပဲစေ့တွေက ကွာထွက်သွားတာမျိုးမရှိဘဲ နှပ်လိုက်တဲ့အခါ ပဲစေ့လေးတွေက စေးစေးပိုင်ပိုင်နဲ့ အိအိထွေးထွေးလေးမို့ စားရတာ အရသာရှိလှပါတယ်။
          ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ ရေဆေးပြီး ကြက်သွန်နီအချို့ကို ကြက်သွန်ကြော် ကြော်ဖို့အတွက် ခပ်ပါးပါးလေး လှီးပေးထားပါနော်။ ကျန်တဲ့ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ညက်အောင် ထောင်းပေးထားပါနော်။ ဆူးပုပ်ရွက်နုလေးတွေကိုလည်း အခိုင်လိုက် သန့်စင်အောင် ရေဆေးပြီး အရွက်လေးတွေ ချွေပေးထားပါနော်။
          အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်ခပ်၊ ပြီးတော့ လှီးထားတဲ့ ကြက်သွန်နီတွေကို ကြော်ပေးပါနော်။ ကြက်သွန်နီ ဆီချက် ရလာပြီဆိုရင်တော့ ကြက်သွန်ကြော်ဖတ်လေးတွေကို ဆယ်ယူပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ပေးထားပါနော်။
ပြီးရင်တော့ ဒယ်အိုးတစ်လုံးထဲကို ပဲလိပ်ပြာရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီရယ်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ကို ထည့်ပြီး အားလုံး သမအောင် ရောမွှေပေးပါနော်။ ပြီးရင်တော့ ရေကို လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးထည့်ပြီး မီးဖိုပေါ်တင်၊ ဒယ်အိုး အဖုံးအုပ်၊ မီးအားပုံမှန်နဲ့ စပြီး နှပ်ပေးပါနော်။ ပထမတစ်ရည်ခမ်းသွားပြီ ဆိုရင်တော့ ကြက်သွန်စိမ်းနံ့တွေလည်း ပျောက်သွားပါ လိမ့်မယ်နော်။ ပြီးတော့မှ ပဲတွေကို အထက်အောက် နှံ့အောင်မွှေ၊ ဟင်းအိုးထဲကို ရေ လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး မီးအသင့်တင့်နဲ့ တည်ပေးပါနော်။ ဒီတစ်ရည်ခမ်းရင် ပဲတွေ သမအောင် မွှေပေး၊ ရေနောက်တစ်ခွက်ထပ်ထည့်၊ မီးအသင့်အတင့်နဲ့တည်၊ အဲ့ဒီလိုနဲ့ ပဲနူးတဲ့အထိ တည်ပေးပါနော်။ ပဲနူးလောက်ပြီဆိုရင်တော့ သန့်စင်ချွေဖြတ်ထားတဲ့ ဆူးပုပ်ရွက်နုလေး တွေကို အုပ်ပြီး အားလုံးသမအောင် ရောမွှေလိုက်တယ်ဆိုရင်ပဲ ဆူးပုပ်ရွက်နဲ့ သင်းသင်းလေး နဲ့ ပဲလိပ်ပြာနှပ် အိအိထွေးထွေးစေးစေးပိုင်ပိုင်လေးကို ရမှာပါနော်။ ပြီးရင်တော့ စားပွဲ ပြင်တဲ့အခါ ပဲနှပ်အပေါ်ကနေ ကြက်သွန်ကြော်လေးဖြူးထည့်ပြီး သုံးဆောင်လိုက်ရမယ်ဆိုရင် တော့ နတ်သုဒ်ဓာတမျှ ရသာထူးကဲလှတာကို လျှာဖျားက အရသာခံမိမှာ အသေအချာပါနော်။
          လိုက်ဖက်တဲ့ ဟင်းလေးတွေကတော့ ငရုပ်သီးဆားထောင်း/ဘာလချောင်ကြော် လေးရယ်၊ မြင်းခွာရွက်သုပ် သို့မဟုတ် မုန်လာဥပိုးတီသုပ်၊ ကြက်သား/ဆိတ်သား/ အမဲသားဟင်းတို့ပဲ ဖြစ်ပါတယ်နော်။ 
          ကျွန်မရဲ့ ချစ်သောမောင်နှမများလည်း တစ်ခါတလေ အလွမ်းပြေ ပဲနှပ်လေး ချက်စားကြပါဦးနော်။

Wednesday, December 9, 2009

ကင်မ်ချီလုပ်ကြရအောင်

11 comments



ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ အခုလိုအေးတဲ့ရာသီမှာ မုန်ညင်းဖြူထုပ်တွေကလည်း သိပ်ပေါတယ်လေ၊ အဲ့ဒီတော့ ကျွန်မတို့မောင်နှမတွေ စုပြီး တပျော်တပါး ကင်မ်ချီလုပ်ကြရအောင်နော်။ အရင်တုန်းကလည်း ကင်မ်ချီလုပ်နည်းကို http://lulucooking.blogspot.com/2007/09/kimchi.html အဲ့ဒီမှာ ရေးခဲ့ဖူးပြီးပါပြီ၊ အခုတစ်ခါ နည်းသစ်လေး တစ်မျိုးနဲ့ လုပ်ကြည့်ရအောင်နော်။

ကင်မ်ချီလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်ညင်းအဖြူထုပ် (၇) ထုပ်၊ ပန်းသီး (၃) လုံး၊ မုန်လာဥ အဖြူအသေး (၅)လုံး (ဒီမှာက အသေးပဲရတယ်နော်၊ အကြီးဆိုရင်တော့ (၂) လုံးလောက်ဆို ရပြီနော်)၊ မုန်လာဥနီ (၅) တောင့်၊ ကြက်သွန်ဖြူ (၁၅) မွှာ၊ ချင်း (၅) ကျပ်သား၊ ကောက်ညင်းမှုန့် ထမင်းစားဇွန်း (၅) ဇွန်း + ရေ လက်ဘက်ရည် ပန်းကန်လုံး (၂) လုံး ၊ ငရုတ်သီး အပုပွတောင့် (၂၅) တောင့်၊ အရှည်တောင့် (၁၅) တောင့် (မြန်မာမှာက ကိုရီးယားငရုတ်သီးမှုန့်ကို အလွယ်တကူ ၀ယ်ယူရခက်လို့ ငရုတ်သီးတောင့်ကို ကိုယ့်ဘာသာ ကိုယ်ထောင်းပါတယ်နော်)၊ ဆား၊ သကြား၊ အချိုမှုန့်တို့ပါနော်။

(၁) မုန်ညင်းဖြူထုပ်များကို သန့်စင်အောင် ရေနဲ့ဆေးကြောပေးပါနော်။ ပြီးရင် မုန်ညင်းဖတ်တွေကြားထဲကို ဆားဝင်အောင် ပက်ပြီးတော့ မုန်ညင်းထုပ်တွေကို ဇလုံထဲထည့်ပြီး ဆားရည်နဲ့ (၇) နာရီကြာ စိမ်ပေးထားပါနော်။ (လုလုကတော့ ညမအိပ်ခင် မုန်ညင်းတွေကို စိမ်ထားလိုက်ပြီး မနက်ကျတော့မှပဲ ရေဆေးတာ လုပ်ပါတယ်)

(၂) ပြီးရင်တော့ အဲ့ဒီမုန်ညင်းတွေကို ရေနဲ့ ဆေးပြီးတော့ ကြိုးတန်းလေးမှာ စစ်ပေးထားပါ။ (လုလုကတော့ မုန်ညင်းရေစစ်တာကို လေးနာရီလောက် ထားပါတယ်။ မုန်ညင်းတွေ ရေလုံးဝ စစ်သွားရင် ကင်မ်ချီလုပ်တဲ့အခါမှာ အရည်ထွက်တာနည်းပြီးတော့ ရေရှည်လည်း အထားခံပါတယ်)

(၃) မုန်လာဥနီ၊ မုန်လာဥဖြူနဲ့ ပန်းသီးတို့ကို အခွံနွှာ ရေဆေးပြီး အထူ ၁ စင်တီမီတာလောက်၊ အရှည် တစ်လက်မလောက် ထားပြီး လှီးပါတယ်၊ ပြီးရင် ခြောက်နာရီလောက် လေသလပ်ခံထားလိုက်ပါတယ်။

(၄) ငရုတ်သီးအပုတောင့် (အရောင်လှစေဖို့) အရှည်တောင့် (အစပ်အရသာရစေဖို့) နှစ်မျိုးစလုံးကို ကပ်ကျေးနဲ့ ညှပ်ပြီး ရေနွေးပွက်ပွက်ဆူမှာ စိမ်ပါတယ်၊ ပြီးတော့မှ ရေစစ်ပြီးတော့ ကြိတ်စက်နဲ့ အရင်ကြိတ်ပါတယ်၊ ရလာတဲ့ ခွဲခြမ်းဖတ်ကိုမှ ငရုတ်ဆုံမှာ ထည့်ပြီး ထောင်းပြီး သီးသန့်ပုံပေးထားပါ။

(၅) ချင်းနဲ့ ကြက်သွန်ဖြူကို အခွံနွှာထားပါတယ်၊ ပြီးရင်တော့ ကြိတ်စက်လေးနဲ့ ထည့်ကြိတ်လိုက်ပြီး သီးသန့် တစ်ပုံ ပုံပေးထားပါနော်။

(၆) ကောက်ညှင်းမှုန့်ကို ရေနဲ့ ရောဖျော်ပြီး သမအောင် မွှေပါ။ ပြီးရင် မီးဖိုပေါ်မှာ ကျိုပေးပါ။ ကောက်ညှင်းမှုန့် ကျိုနေတဲ့အချိန်မှာ တရစပ် ဖြေးဖြေးချင်း မွှေပေးနေဖို့ မမေ့ပါနဲ့နော်။ နောက်မဟုတ်ရင် ကောက်ညှင်းကျိုတာ အကျက်မညီဘဲ ဖြစ်ရင် ခဲတဲ့နေရာက ခဲ၊ ကျဲတဲ့နေရာက ကျဲဖြစ်သွားမှာ စိုးလို့ပါနော်။ ကျိုတဲ့နေရင်းနဲ့ ကောက်ညှင်းနံ့ သင်းသင်းလေးဖြစ်လာတဲ့အခါ မီးလျှော့ပြီး အကျက်ညီအောင်ကျိုပေးပါ။ ပြီးမှ မီးဖိုပေါ်ကနေ ချလိုက်ပြီး အေးသွားအောင် အအေးခံထားပေးပါနော်။

(၇) အားလုံးအသင့်ဖြစ်တဲ့အခါကျရင် လက်မှာ လက်အိတ်စွပ်ပါ။ ဇလုံကြီးကြီးတစ်လုံးထဲကို အမှတ်စဉ် (၃) ကနေ (၆) အထိ လုပ်ထားတဲ့ အဆာပလာတွေကိုထည့်ပါ။ ဆား၊ သကြား၊ အချိုမှုန့် ထည့်ပြီး အားလုံး သမအောင် ရောနယ်ပေးပါ။ ပြီးတော့မှ မုန်ညင်းထုပ်တစ်ထုပ်ချင်းစီကိုယူပြီးတော့ မုန်ညင်းဖတ် တစ်လွှာချင်းကို ခွာယူပြီး အနှစ်တွေကို သေချာနှံ့အောင်ထည့်ပေးပါနော်။ တစ်လွှာချင်းစီထည့်ပြီးရင် မုန်ညင်းတစ်ထုပ်လုံးကို အနှစ်တွေနဲ့ သေချာနှံ့အောင်ထုပ်ပြီးတော့ ဗူးသန့်သန့်ထဲကို စီစီရီရီထည့်ပေးပါနော်။ ပြီးတော့မှ လေလုံအောင် ပိတ်ထားပေးပြီး တစ်ရက်ထားပါ။ နောက်တစ်ရက်ကျရင် ကင်မ်ချီဗူးကို ဖွင့်ပြီး မုန်ညင်းထုပ်တွေကို အထက်အောက် လှန်ပေးပါနော်။ ပြီးတော့မှ နောက်တစ်ရက်ထပ်ထားပါ။ အခုလို အေးတဲ့ရာသီမှာ (၃) ရက် လောက်ထား လိုက်ပြီဆိုရင်တော့ အနံ့ရော အရသာပါပြည့်စုံလှတဲ့ ကင်မ်ချီရပါပြီ။ အသားကင်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။

အခု လုပ်နည်းလေးမှာ ပန်းသီးနဲ့ မုန်လာဥနီကိုထည့်ထားတဲ့အတွက် အနံ့ရော အရသာပါ ပိုပြီး ကောင်းမွန်စေတယ်လို့ ထင်မိပါတယ်။ နောက်ပြီး မုန်ညင်းကို အချိန်ယူပြီး ရေစစ်ထားတဲ့အတွက်ရယ်၊ မုန်လာဥဖြူ၊နီ၊ ပန်းသီး စတာတွေကို လေသလပ်ခံပြီးမှ ထည့်တဲ့အတွက် အဲ့ဒီအဖတ်လေးကို စားလိုက်တဲ့အခါမှာ လည်း ကြွတ်ကြွတ်လေးနဲ့ ပိုပြီး စားလို့ကောင်းပါတယ်နော်။ ပြီးတော့ ကျွန်မက ကြက်သွန်မြိတ်ကို တစ်ခါတည်း ထည့်ပြီး မတည်ပါဘူး၊ ဘာလို့လဲဆိုတော့ ကြက်သွန်မြိတ်က နည်းနည်းအနံ့ပြင်းတယ်လို့ ထင်လို့ပါ (ကျွန်မရဲ့စိတ်ကြောင့် ဖြစ်နိုင်ပါတယ်)။ ကင်မ်ချီဗူးကို ကျွန်မက နှစ်ရက်မြောက်တဲ့နေ့မှာ စပြီး ဖောက်ပါတယ်၊ မုန်ညင်းတွေ အထုပ်လိုက်ကို နှပ်ထားတာဖြစ်တဲ့အတွက် စစချင်း စားမယ့်အထုပ်တွေကို ကျွန်မ တစ်လက်မခွဲ အရှည်လောက်ထားပြီး အကွင်းလိုက် လှီးပြီးတော့ လက်တလော စားလို့ရအောင် ဗူးတစ်ခုထဲကို သီးသန့် ခွဲထည့်ထားပါတယ်။ ကျန်တဲ့ မုန်ညင်းထုပ်တွေကိုလည်း တစ်ထုပ်ချင်းကို အကွင်းလိုက် လှီးပြီး မူရင်းဗူးထဲမှာ ပြန်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်တယ်နော်။ အဲ့ဒါဆို ရေရှည်လည်း ထားလို့ရတယ်လေ။ နောက်ထပ် အချဉ်ကိုလည်း ထပ်ပြီး ထိမ်းသွားတာပေါ့နော်။ ရက်ကြာကြာထားတဲ့ ကင်မ်ချီကိုတော့ ကင်မ်ချီ ဟင်းရည် ချက်စားကြတာပေါ့နော်။

ချစ်သော မောင်နှမများအားလုံး အချိန်ရတဲ့အခါ ကင်မ်ချီလုပ်ကြည့်ကြပါဦးနော်။

Friday, May 8, 2009

သတ်သတ်လွတ်ခ၀ဲသီးကြော်ချက်

6 comments


မောင်နှမများအားလုံး မင်္ဂလာပါရှင်။ အင်တာနက်ကွန်နက်ရှင်မကောင်းတာရော၊ အလုပ်များတာရော၊ နေသိပ်မကောင်းတာရော အားလုံးပေါင်းပြီး ဘလော့ဂ်လေးကို ပစ်ထားရသလို ချစ်မောင်နှမတွေကိုလည်း နှုတ်ခွန်းမသီရတာကြာပါပြီနော်။ တစ်လကျော်လောက်ကြာအောင် မောင်နှမတွေကို ပစ်ထားသလို ဖြစ်ခဲ့တာကို လည်း ကျွန်မကို နားလည်ခွင့်လွှတ်ပေးဖို့ အရင်ဦးဆုံး တောင်းပန်ပါရစေနော်။
ဘလော့ဂ်ကို ကျွန်မ ၀င်တာ ၀င်လို့ကို မရသေးဘူးနော်။ Freedom နဲ့ ကျော်ကြတယ်ပြောတယ်၊ ကျွန်မက ကျော်လို့မရဘူးဖြစ်နေတယ်။ ဒါပေမယ့် ၀ိုင်းတော်သားများရဲ့ ကျေးဇူးကြောင့် ကျွန်မဘလော့ဂ်မှာ ဘယ်ညီမလေး၊ ဘယ်အမ၊ ဘယ်သူ၊ ဘယ်ဝါ လာအော်သွားတယ်ဆိုတာကိုတော့ သိခွင့်ရပါတယ်။ ဒီနေ့က စပြီး အားလပ်တိုင်း၊ အချိန်ရတိုင်း ယခင်အတိုင်းပဲ (မနှစ်တုန်းကအတိုင်း) ကျွန်မ ဟင်းအသစ်လေးတွေကို ချက်ကျွေး ပါဦးမယ်နော်။ အကြွေးလည်း တော်တော်ထူနေပါပြီ။ ကတိတွေလည်း ပျက်နေပါပြီ။ ခွင့်လွှတ်ကြပါနော်။
ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေကို သင်္ကြန်တုန်းက အိမ်မှာ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေ အတွက် ချက်ပေးခဲ့တဲ့ ခ၀ဲသီးကြော်ချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ခ၀ဲသီး၊ ကြာဇံ၊ ကြက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သကြား၊ ဆား၊ ပဲငံပြာရည်အနည်းငယ်၊ ဆီအနည်းငယ်နဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

ခ၀ဲသီးဝယ်ရင် ခ၀ဲသီးအနုအရင့်ကို ဘယ်လိုခွဲရမယ်ဆိုတာလေးကိုလည်း ပြောပြပါမယ်နော်။ ခ၀ဲသီးမှာ ပါတဲ့ အမြှောင်းလေးတွေရဲ့ အကျဉ်းအကျယ်နဲ့ ဇောက်အတိမ်အနက်၊ ခ၀ဲသီးရဲ့အရောင်တို့ကို ကြည့်ပြီး ရွေးရပါ မယ်နော်။ ခ၀ဲသီးရဲ့အရောင်က စိမ်းစိုနေပြီး အမြှောင်းကျဉ်းမယ်၊ ဇောက်နက်မယ်ဆိုရင် ခ၀ဲသီး နုပါတယ်နော်။ အရောင်အစိမ်းခြောက်ခြောက်၊ မြှောင်းကျယ်ပြီး ဇောက်တိမ်မယ်ဆိုရင်တော့ ခ၀ဲသီး ရင့်ပါတယ်။ ရင့်တဲ့ ခ၀ဲသီးက ပွပြီး အချိုဓာတ်ပေါ့ပါတယ်နော်။

ခ၀ဲသီးအခွံမနွှာခင် ကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်နဲ့ ပဲပြားခြောက်တို့ကို တစ်မျိုးကို ဇလုံတစ်ခုထဲစီထည့်ပြီး ရေစိမ်ပေးထားပါ။ ကြက်သွန်ဖြူနီတို့ကိုလည်း အခွံနွှာ၊ ရေဆေးပေးထားပါ။ ခ၀ဲသီးကို အခွံနွှာတဲ့အခါ မြောင်းလေးတွေကို ဓားနဲ့ အရင်ဦးဆုံး သပ်ချလိုက်ပါ။ အဲ့ဒါဆိုရင် မြောင်းတွေမရှိတော့ဘဲ အခွံသင်ရတာ လွယ်ကူသွားပါလိမ့်မယ်။ ပြီးရင် အခွံနွှာပြီးသား ခ၀ဲသီးကို ရေဆေးပြီး ဓားထက်ထက်ကလေးနဲ့ ခပ်စွေစွေလေး လှီးဖြတ်ပေးထားပါ။ အခု ကြာဇံတွေကလည်း အနံ့နည်းနည်းရှိတာမို့ ရေနဲ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပွတ်ပြီး ဆေးပေးပါ မှိုခြောက်ကိုလည်း ပထမတစ်ရေစိမ်ပြီးရင် ရေနွေးလေးနဲ့ စိမ်ပေးပြီး ပွလာတဲ့အခါကျမှ အရွယ်တော်လေးတွေ ရအောင် လှီးဖြတ်ပေးထားပါ ပန်းခြောက်ကိုလည်း ရေနဲ့ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ဆေး၊ ပြီးရင် အထဲက ၀တ်ဆံတွေကို ထုတ်ပစ်၊ အထုံးလေးတွေထုံးပေးပါ။ ပဲပြားခြောက်ကိုလည်း ရေနဲ့ သေချာအောင်ဆေးပြီး ရေစစ်ပေးထားပါ။

ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပေးပါ။ ကြက်သွန်နီကို လေးစိပ်စိပ်ပေးပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထမင်းစားဇွန်း တစ်ဇွန်းထည့်၊ ပြီးတော့မှ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကိုထည့်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားခြောက်တို့ကို အရင်ထည့်ပေးပါ။ ပြီးရင် သကြား၊ ဆား၊ ပဲငံပြာရည်အနည်းငယ်တို့ကိုထည့်၊ ရေလေးနည်းနည်းထည့်ပြီး အုပ်ပေးထားပါ။ သုံးမိနစ်လောက်ထားပြီးရင် ကြာဇံထည့်ပြီး သမအောင်မွှေ၊ ရေလေးနည်းနည်းထည့်ပြီး သုံးမိနစ်လောက် ထပ်တည်ပေးထားပါ။ ရေလည်းခမ်းလောက်ပြီ အထဲက အဆာပလာတွေလည်း နူးလောက်ပြီဆိုရင် ဒယ်အိုးအဖုံးကိုဖွင့်ပြီး ခ၀ဲသီးကိုထည့်၊ အားလုံးသမအောင် မွှေပေးပြီးတော့မှ ဒယ်အိုးအဖုံးကို ခဏလောက်အုပ်ပြီး တည်ပေးပါ။ ခ၀ဲသီးနူးလောက်ပြီဆိုရင် အပေါ့အငံမြည်း၊ လိုအပ်တဲ့အရသာကိုထပ်ဖြည့်၊ ရေစပ်စပ်လေးနဲ့ စားလို့ရအောင် ရေနွေး လက်ဘက်ရည် ပန်းကန်လုံးတစ်လုံးသာသာလောက်ဖြည့်ပြီး ပွက်အောင်တည်၊ ဟင်းအိုးဆူရင်တော့ မီးပိတ်ပြီး မီးဖိုပေါ်ကနေ ဟင်းအိုးချနိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ အရသာရှိလှတဲ့ သတ်သတ်လွတ် ခ၀ဲသီးကြော်ချက်လေး ရပါပြီနော်။ ခ၀ဲသီးကို ဒီအတိုင်းကြော်ချက် ချက်ရင်လည်း ရပေမယ့် ပိုပြီးတော့ စားမြိန်သွားရအောင် မှိုခြောက်ပန်းခြောက်လေးနဲ့ ကြာဇံဟင်းလေးလို ချက်ပေးလိုက်တာပါနော်။ ငရုတ်သီးဆားထောင်း၊ သရက်ချဉ်သုပ်၊ ဆီတိုဟူးလေးတို့နဲ့သာဆိုရင်တော့ အရမ်းကို ပြည့်စုံတဲ့ ထမင်းဝိုင်းလေး ဖြစ်သွားပါမယ်နော်။ ချစ်မောင်နှမတွေလည်း တစ်ခါတလေ ဟင်းပြောင်းအလဲလေးချက်ချင်ရင် ခ၀ဲသီးကြော်ချက်လေး ချက်စားကြည့်ပါဦးနော်။

Friday, April 10, 2009

သာမညအလွမ်းပြေ ဟင်းလေးများ

12 comments


အားလုံးသော မောင်နှမများမင်္ဂလာပါရှင်။ အင်တာနက်ကွန်နက်ရှင်က ပြုပြင်ဆဲကာလမို့ နှေးနေတုန်း ပါပဲနော်။ ဘလော့ဂ်လေးကို မမြင်ရတာလည်း ကြာသွားပြီ။ ၀ိုင်းတော်သားများရဲ့ ကျေးဇူးနဲ့ ဘယ်သူတွေ ဘာတွေလာအော်သွားတယ်ဆိုတာကိုတော့ သိနေရလို့ စိတ်ထဲ သက်တောင့်သက်သာဖြစ်မယ်လို့ထင်ပေမယ့် တကယ်တမ်း ကိုယ်တိုင်ကိုယ်ကျမြင်ချင်၊ ပြန်ပြောချင်ခဲ့မိတာတော့အမှန်ပါ။ ဒါပေမယ့်လည်း စိတ်ထဲကပဲ မြိုသိပ်ပြီးတော့ ကွန်နက်ရှင်ကောင်းမယ့်တစ်နေ့ကို စောင့်မျှော်နေမိကြောင်းပါ။

ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို သတ်သတ်လွတ်ဟင်းလျာလေးတွေနဲ့ချက်ကျွေးပါရ စဦးနော်။ ကျွန်မ ၁ဝ တန်းစာမေးပွဲဖြေပြီးတော့ ကျွန်မတို့မောင်နှမတွေကို ကျိုက်ထီးရိုးနဲ့ သာမည ဘုရားဖူး ခရီးစဉ်ကို အိမ်က အကြီးတွေက လိုက်ပို့ပါတယ်။ ကျိုက်ထီးရိုး ကင်ပွန်းစခန်းတောင်ခြေမှာ အမဝမ်းကွဲတွေရှိလို့ အစားအသောက်ကိစ္စအဆင်ပြေခဲ့ပါတယ်။ ကျိုက်ထီးရိုးကအပြန် သာမညတောင်ကို ၀င်ပြီး ဆရာတော်ကို ဝင်ဖူး ရပါတယ်။

သာမညကိုလည်းရောက်ရော ဓာတ်စက်ကြီးကတဆင့် ဘုရားဖူးဧည့်သည်များကို ထမင်းဖိတ်ခေါ်ကျွေးမွေးနေ တာကို ကြားရပါတယ်။ တစ်ပန်းကန်တည်းစားရမှာမဟုတ်ဘူးတဲ့၊ ကြိုက်သလောက် အ၀စားတဲ့။ ဆရာတော် ဘုရားက ဒါနပြုတာတဲ့။ ကျွန်မလည်း ကျိုက်ထီးရိုးက အပြန်ဆိုတော့ ကလေးပီပီ မောနေပြီလေ။ ဗိုက်လည်း ဆာလှပြီ။ ထမင်းကျွေးတဲ့အဆောင်ကိုသွားတော့လေ ဘုရားဖူးပရိသတ်တွေက နည်းတာမဟုတ်ဘူး။ ကျွေးမွေးဖို့ အချက်အပြုတ် သန့်ရှင်းရေး အစစအရာရာ ကူညီပေးနေတဲ့အဖွဲ့ကလည်း အင်အားတောင့် လိုက်တာ၊ စိတ်စေတနာအပြည့်နဲ့လည်း ချက်နေလိုက်ကြတာ။ အားရစရာကြီ့း့ 

ထမင်းဝိုင်းကိုကြည့်လိုက်တော့လည်း ကျွန်အကြိုက် မျှစ်ချဉ်ဟင်း၊ ညိုညိုအတုံးလေးတွေက ဘာပါလိမ့် ဆိုပြီး မေးကြည့်တော့ ၀ဥတဲ့။ သာမညရောက်မှ ၀ဥကို စပြီးစားဖူးတာ။ ပြီးတော့ ခရမ်းချဉ်သီးငါးပိချက်ပုံစံမျိုး လေး။ သတ်သတ်လွတ်ဆိုတော့ ဘယ်လိုလေးများ ချက်ထားသလဲဆိုပြီးတော့ စူးစမ်းချင်မိတာ။ ပြီးတော့ ငှက်ပျောဖူးချက်လေးရယ်၊ တို့စရာက ရေသဖန်းသီးကို ဆားရည်စိမ်ထားတာ။

ထမင်းဟင်းတွေအားလုံးက အငွေ့တထောင်းထောင်း ထနေတာ၊ အနံ့တွေကလည်း မွှေးကြိုင်နေတော့ ကျွန်မကို စားပါတော့ စားပါတော့လို့ နှိုးဆော်နေသလိုပဲ့  ပြီးတော့ ဆာလောင်နေတဲ့ ၀မ်းဗိုက်က ပိုးမျိုး ၈၀ ကလည်း တကျုပ်ကျုပ်နဲ့ အသံပေးလာာသလို ခံတွင်းထဲမှာလည်း သွားရေယိုလာပါတော့တယ်။ အဲ့ဒါနဲ့ပဲ ထမင်းဝိုင်းမှာထိုင်ပြီး စားဖို့ပြင်လိုက်ပါတယ်။ စစချင်းမှာ ကြီးတော်ကို ဟင်းလေးတွေ အရင် ဦးချလိုက်ပါတယ်။ (ကိုယ်က အရင်ဦးဆုံးစားချင်တာကို ဟန်ဆောင်ပြီး လူကြီးကို အရိုအသေပေးသလိုနဲ့ အရင်ဦးချလိုက်တာ :P)

ပြီးတော့ ၀ဥတုံးလေးတွေကို စားချင်စိတ်စောနေတာမို့ မျှစ်ချဉ်ဟင်းပန်းကန်ကို စပြီး ကိုင်လိုက်ပြီး ၀ဥတုံးလေးရယ် မျှစ်ဖတ်လေးရယ် ဟင်းရည်လေးရယ် အားလုံးမျှအောင် ခပ်ပြီး ပန်းကန်ထဲ ထည့်လိုက်ပါတယ်။ မျှစ်ချဉ်ဟင်းပြီးတော့ ငါးပိချက်ပန်းကန်ကို လှမ်းပြီး ငါးပိချက်တစ်ဇွန်းခပ်ပြီး ထမင်းပန်းကန်ထဲထည့်၊ ပြီးတော့ ငှက်ပျောဖူးဟင်း တစ်ဇွန်းခပ်ပြီး ပန်းကန်ထဲထည့်၊ သဖန်းသီးချဉ်တို့ကို ထည့်ပြီး စားဖို့ပြင်ပါတယ်။ ၀ဥလေးကို ဒီအတိုင်းစားကြည့်လိုက်တော့ ထုတ်ထုတ်လေးတော့ ၀ါးရတာ ကောင်းလိုက်တာ။ အနံ့က မျှစ်ချဉ်နဲ့ ပဲပုပ်နံ့လေးနဲ့။ အရသာချဉ်ဖြုံးလေး၊ ပဲပုပ်ပါတော့လေ အနံ့ရော အရသာပါ ပိုပြီး ဆွဲဆောင်မှု ရှိသလိုလို၊ မော်လမြိုင်သူက တောင်ပေါ်ဒေသအစားအစာဖြစ်တဲူ့ ပဲပုပ်ရဲ့ အနံ့နဲ့အရသာကို စစချင်းစားဖူးတာလို့ပဲ ဆိုပါတော့။ ငါးပိချက်လေးနဲ့ ထမင်းလေးနဲ့ နယ်စားကြည့်လိုက်တော့ မြေပဲကိုထောင်းပြီး ခရမ်းချဉ်သီးနဲ့ ချက်ထားတာ သတ်သတ်လွတ်ငါးပိချက်ကလေး၊ ကောင်းမှကောင်း၊ ဆိမ့်ချဉ်ငံစပ်ကလေး၊ ပြီးတော့ ငှက်ပျောဖူး ဟင်းလေးကို စားကြည့်တော့ ငှက်ပျောဖူးကို ငါးပေါင်းထုပ်လို ချက်ထားတာ၊ ဒါပေမယ့် သတ်သတ်လွတ်လေး စပါးလင်နံ့လေးနဲ့ ကြက်သွန်နီဥအလုံးလိုက်လေးနဲ့၊ စားရတာ အနံ့ရော အရသာပါကောင်းလိုက်တာ။ ဒီတုန်းက စားကောင်းကောင်းနဲ့ စားလိုက်တာ သုံးပန်းကန်တောင်မှ၊ အဲ့ဒီလို အစားပုပ်တာ။

နောက်တစ်နေ့မနက် အိပ်ယာနိုးတော့ မျက်နှာလေးက ဖောင်းကားမို့အစ်နေတာပဲ။ အစားတွေ နင်းကန် စားထားတာကိုး။ သာမညက အပြန် လက်ဆောင်ကတော့ ၀ဥရယ်၊ ပဲပုပ်ချပ်ရယ်ပေါ့။ အိမ်ရောက်တော့လည်း ၀ဥကို သုပ်စားတာရော၊ မျှစ်ချဉ်နဲ့ချက်တာရော အစုံလုပ်စားဖြစ်တယ်။ အဲ့ဒီသာမညက အလွမ်းပြေအစားအစာများကို သတိရတဲ့အနေနဲ့ ချက်စားကြရအောင်နော်။

မျှစ်ချဉ်ဟင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မျှစ်ချဉ်၊ ၀ဥ၊ ပဲပုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုပွတောင့်၊ နနွင်းမှုန့်၊ ဆား၊ ဆီ၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ သကြားတို့ပါနော်။ မျှစ်ချဉ်ကို ပါးပါးရှည်ရှည်လေးတွေဖြစ်အောင် လှီးပြီး ရေစိမ်ထားပါ။ ၀ဥအတုံးလိုက်ကို ရေစင်အောင် ဆေးပြီးတော့ အံစာတုံးလို တစ်လက်မပတ်လည်အရွယ်လေးတွေ တုံးပေးပါ။ ပြီးရင် ၀ဥလေးတွေကို ဆား၊ သကြား၊ အချိုမှုန့်အနည်းငယ်တို့နဲ့ နယ်ပြီး ခဏနှပ်ထားပေးပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာထားပြီး ငရုတ်သီးအပု တောင့်နဲ့ထောင်းထားပေးပါနော်။ ငရုတ်သီးညက်တာနဲ့ ပဲပုပ်ချပ်တွေကို ထည့်ပြီး ထောင်းပေးပါ။ ပဲပုပ်ညက်ပြီဆိုရင် ကြက်သွန်တွေထည့်ထောင်းပေးပါ။

မျှစ်ချဉ်ကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်တို့နဲ့နယ်ပြီးတော့ မျှစ်ချဉ်ရေမြုပ်တဲ့အထိ ရေထည့်ပြီး ပွက်ပွက်ဆူ အောင် တည်ထားပေးပါနော်။ အဲ့ဒီတော့မှ မျှစ်ချဉ်လည်း ပွလာပြီး အချဉ်ဓါတ်တွေလည်း ထွက်လာတယ်လေ။ ဒီဘက်မှာ မီးဖိုပေါ် ဒယ်အိုးတစ်လုံးတင်၊ ဒယ်အိုးထဲကို ဆီနည်းနည်းလေးထည့်ပြီး ၀ဥတွေကို ထည့်ပြီး မီးနွေးနွေးနဲ့ အကြာကြီး မွှေပေးပါ။ ၀ဥထဲက ရေတွေထွက်သွားစေတဲ့အပြင် ခပ်တင်းတင်းလေးဖြစ်သွားတော့ ပိုစားကောင်းတာပေါ့နော်။ ပြီးရင် ၀ဥတွေကို ဒယ်အိုးဘေးနားကပ်ထားပြီး ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တွေကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ၀ဥတွေနဲ့ရောပြီး ဆီသတ်ပါ။ ဆီသတ်တာ နှံ့သွားပြီဆိုရင်တော့ မျှစ်ချဉ်အိုးထဲကို ဆီသတ်ထားတာတွေ လောင်းထည့်ပေးပါ။ ပြီးရင်တော့ မီးအသင့်အတင့်နဲ့ မျှစ်ချဉ်ဟင်းကို တည်ပေးထားပါ။ ပွက်ပွက်ဆူလာရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး လိုတဲ့အရသာဖြည့်ပြီး ဟင်းအိုးချလိုက်လို့ရပါတယ်နော်။ ကျွန်မတို့အိမ်မှာတော့ မျှစ်ချဉ်ဟင်းချက်တဲ့အခါတိုင်း တစ်ညသိပ် မီးနွေးနွေးနဲ့တည်ထားပြီးမှ စားလေ့ရှိပါတယ်။ မျှစ်ချဉ်ဟင်းက သတ်သတ်လွတ်ဆိုပေမယ့် ပဲပုပ်နံ့လေးသင်းသင်းလေးနဲ့မို့ အရမ်းအရသာရှိပါတယ်နော်။

မြေပဲငါးပိချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မြေပဲဆန်အစိမ်း၊ ခရမ်းချဉ်သီး၊ ပဲငံပြာရည်၊ ငရုတ် သီးအပုပွတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်အနည်းငယ်တို့ပါနော်။ မြေပဲဆန်အစိမ်းကို အခွာနွှာပြီး မညက်တညက်လေးဖြစ်အောင် ထောင်းပေးပါ။ ငရုတ်ဆုံမရှိလည်း ကြိတ်လို့ရပါတယ်နော်။ ပြီးတော့ ခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေး၊ ရေစစ်ထားပြီးတော့ ခရမ်းချဉ်သီး တွေကို ခပ်ပါးပါးလှီးလိုက်ပါတယ်။ ငရုတ်သီးအခြောက်တောင့်ကိုလည်း အစေ့ထုတ် ရေစိမ်ပြီး ညက်အောင် ထောင်းပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူနီကို အခွံနွှာပြီး ထည့်ထောင်းပါတယ်။ ငရုတ်သီးစိမ်းလေးတွေကိုလည်း ရေဆေးပြီး ထက်ခြမ်းခြမ်းထားလိုက်ပါတယ်။

အားလုံးအသင့်ဖြစ်ပြီဆိုတော့မှ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီလေးထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ တပြိုင်နက် ထောင်းထားတဲ့မြေပဲတွေကိုထည့်ပြီး ဆီသတ်ပေးပါ။ အဲ့ဒီအချိန်မှာ ဆားအနည်းငယ်၊ ပဲငံပြာရည်နဲ့ အချိုမှုန့်တို့ကိုလည်း ထည့်ပေးပါ။ ပြီးရင် မြေပဲတွေကို ဒယ်အိုးရဲ့ တစ်ဖက်နားကို ကပ်ထားပြီး ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပြီး မွှေပေးပါ။ ပြီးတော့မှ ခရမ်းချဉ်သီးနဲ့ မြေပဲကို ရောပြီး နောက်ထပ်မွှေပေးပါနော်။ ပြီးရင်တော့ ခရမ်းချဉ်သီးလည်း နူးသွားရအောင် အဖုံးအုပ်ထားပေးပါ။ ငါးမိနစ်လောက်ကြာရင် အဖုံးဖွင့်ပြီး ဟင်းအိုးမကပ်ရအောင်နဲ့ အထက်အောက် သမသွားအောင် တစ်ခါမွှေပြီး မီးဖိုကို မီးလျော့ပြီး ဒယ်အိုးအဖုံးအုပ်ပြီး နောက်ထပ် ငါးမိနစ်လောက် ထပ်တည်ပေးပါနော်။ ပြီးရင်တော့ ဆီအပြန် ရေအကျန်ကိုတော့ ကိုယ်နှစ်သက်သလောက်ထား၊ ငရုတ်သီးစိမ်းလေးအုပ်၊ အပေါ့အငံမြည်းပြီး ဟင်းအိုးချ လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ မြေပဲခရမ်းချဉ်သီးချက်ဟင်း တစ်ခွက်ရပါပြီ။

ငှက်ပျောဖူးနှပ်ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငှက်ပျောဖူး (၂)ဖူး၊ ကြက်သွန်ဖြူ ၅ မွှာ၊ ကြက်သွန်နီ (၁၀) လုံး၊ စပါးလင် (၃)ပင်၊ ဆန်မှုန့် ထမင်းစားဇွန်း (၂) ဇွန်း၊ ကော်မှုန့်ထမင်းစားဇွန်း (၁) ဇွန်း၊ နနွင်းမှုန့်အနည်းငယ်၊ မန်ကျည်းသီးမှည့်အနည်းငယ်၊ ဆီ၊ ပဲငံပြာရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။

ငှက်ပျောဖူးကို အပေါ်က အရင့်ပိုင်းတွေ နွှာပစ်ပြီး အတွင်းက အဖူးအနုပိုင်းလေးကို ပါးပါးလှီးပြီး မန်ကျည်းသီးထည့်ဖျော်ထားတဲ့ ရေထဲမှာ စိမ်ပေးပါ (အဲ့ဒီလို စိမ်လိုက်ခြင်းအားဖြင့် ငှက်ပျောဖူး မဲမသွားစေတဲ့ အပြင် ငှက်ပျောဖူးမှာရှိတဲ့ အစေးတွေလည်း သက်သာသွားစေပါတယ်)။ ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ စပါးလင်ကို အပြင်က အခွံကြမ်းတွေဖယ်ပစ်၊ အတွင်းက အနုပိုင်းလေးတွေကို ခပ်ပါးပါးလှီး ပေးထားပါ။ ကြက်သွန်နီထဲက အရွယ်တော်အလုံး နှစ်လုံးလောက်ကို ခပ်ပါးပါးလှီးပေးထားပြီး ကျန်တဲ့ အလုံးသေးလေးတွေကို ဒီအတိုင်း သပ်သပ်ဖယ်ထားပါ။ ပြီးရင် ငရုတ်ဆုံထဲကို စပါးလင်ထည့်ပြီး ထောင်းပေးပါ၊ စပါးလင်ညက်ပြီဆိုရင်တော့ ကြက်သွန်ဖြူထည့်ထောင်းပါ၊ ပြီးရင်တော့ ကြက်သွန်နီထည့်ထောင်းပေးပါ။ ပြီးတော့မှ ငှက်ပျောဖူးတွေကို ရေထဲကနေဆယ်ယူပြီး ရေစင်အောင် စကာထဲထည့်ပြီး ရေစစ်ပေးထားပါ။

ပြီးရင် အိုးတစ်လုံးယူ၊ အိုးထဲကို ငှက်ပျောဖူး၊ ထောင်းထားတဲ့ စပါးလင်ကြက်သွန်၊ ဆန်မှုန့်၊ကော်မှုန့်၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်၊ ဆီ၊ ကြက်သွန်နီအလုံးလိုက်တို့ကိုထည့်ပြီး အားလုံး သမအောင် နယ်ပေးပါ။ ပြီးတော့မှ မီးဖိုပေါ် အဲ့ဒီအိုးကိုတင်ပြီး မီးအသင့်အတင့်နဲ့ တည်ပေးပါ။ ပထမတစ်ကြိမ် ဟင်းအိုးဖျစ်ဖျစ်မည်လာ ပြီဆိုရင်တော့ အဖုံးဖွင့်ပြီး ဟင်းတွေကို သမအောင် အထက်အောက် မွှေပေးပါ။ ပြီးရင် ရေလေးနည်းနည်း ထပ်ထည့်၊ မီးလျှော့ပြီး ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါနော်။ ဆီပြန်ခါနီးကျရင် ဟင်းကို အပေါ့အငန်အရသာမြည်း၊ လိုတာထပ်ဖြည့်ပြီး ချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ငှက်ပျောဖူးနှပ်လေးရပါပြီနော်။

ငယ်ငယ်တုန်းက သာမညသွားတုန်းက ခရီးစဉ်အကြောင်း ပြောကြရင်း အမှတ်တရအနေနဲ့ ချက်စားဖြစ်ခဲ့တာလေးတွေပါနော်။ သင်္ကြန်အခါတွင်းမှာ သတ်သတ်လွတ်စားချင်တဲ့ မောင်နှမများအတွက် လည်း အဆင်ပြေနိုင်မယ် လို့ မျှော်လင့်ပါတယ်နော်။

Friday, January 2, 2009

မုန်လာဥသုပ်

1 comments

အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေနော်။ ဒီနေ့တော့ မောင်နှမတွေကို သတ်သတ်လွတ် အစားအစာလေးလည်းဖြစ် ခံတွင်းလည်း မြိန်စေမယ့် မုန်လာဥသုပ်လေး သုပ်ကျွေးပါရစေနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်လာဥ၊ ကြက်သွန်ဖြူနီဆီချက်၊ မြေပဲဆန်၊ နှမ်းဖြူ၊ နှမ်းနက်၊ ဆား၊ ဟင်းချိုမှုန့်အနည်းငယ်၊ သံပုရာသီး၊ ငရုတ်သီးစိမ်းအနည်းငယ်တို့ပါနော်။

မုန်လာဥအဖြူကို အခွံနွှာ ရေစင်အောင်ဆေးပြီး ကန့်လန့်အနေအထားနဲ့ သုံးပိုင်းပိုင်းပါတယ်။ ပြီးတော့မှ တစ်ပိုင်းစီကို အရှည်လိုက် ပါးပါးတွေရအောင် လှီးယူ၊ ပြီးတော့မှ အမျှင်လေးတွေရအောင် ပြန်လှီးပါတယ်။ ပြီးတော့မှ မုန်လာဥတွေကို ဇလုံတစ်လုံးထဲထည့်ပြီး ဆား၊ သကြားအနည်းငယ်၊ သံပုရာရည်ညှစ်ပြီး မသုပ်ခင် နာရီဝက်လောက် နှပ်ပေးထားပါ။ (မုန်လာထဲက ပအာသလိုလို၊ ရှိန်းသလိုလို အရသာလေးပျောက်သွားရအောင်လို့ပါ)

ကြက်သွန်ဖြူနီဆီချက်က ရှိပြီးသားမို့ မြေပဲဆန်လှော်နဲ့ နှမ်းဖြူလှော်ကို ပိုပြီးမွှေးသွားရအောင် ထပ်လှော်လိုက်ပါတယ်။ ပြီးတော့မှ မြေပဲဆန်နဲ့ နှမ်းကို မညက်တညက်လေး ထောင်းပါတယ်။ နှမ်းအနက်ကိုတော့ လှော်ပြီး သီးသန့်ဖယ်ထားလိုက်ပါတယ်။ ငရုတ်သီးစိမ်းလေးကို အညှာခြွေ၊ ရေဆေးပြီး ရိတ်ရိတ်ပါအောင်လှီးပေးထားပါ။

အားလုံး အသင့်ဖြစ်ပြီ ဆိုတော့မှ နှပ်ထားတဲ့ မုန်လာဥတွေကိုယူပြီး ဇလုံတစ်လုံးထဲထည့်၊ ပြီးရင် ထောင်းထားတဲ့ မြေပဲနဲ့နှမ်းကိုထည့်၊ ကြက်သွန်ဖြူနီဆီချက်ဆမ်း၊ ငရုတ်သီးစိမ်းထည့်၊ ဟင်းချိုမှုန့်နည်းနည်း ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ အပေါ့အငံ အရသာကို မြည်း၊ လိုတဲ့ အရသာလေး ကဲထည့်လိုက်ပါနော်။ ပြီးရင်တော့ ပန်းကန်ပြားလေးထဲ မုန်လာဥသုပ်လေးကိုထည့်၊ နှမ်းနက်လေးဖြူး၊ ကြက်သွန်ကြော်လေး ထပ်ဖြူးလိုက်ရင်ဖြင့် အသင့်စားသုံးနိုင်မယ့် သတ်သတ်လွတ် မုန်လာဥသုပ်လေး ရပါပြီနော်။

Saturday, November 15, 2008

ဗယာကြော်သုပ်

7 comments

မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဗယာကြော်၊ စမူဆာတို့ကို ပဲဟင်းရည်လေးနဲ့ သုပ်တာလေး လုပ်ကျွေးပါဦးမယ်နော်။ ရာသီဥတုကလည်း ဆောင်းလေအေးလေးတိုးဝှေ့လို့ အေးလာချိန်မှာ ပူပူရှိန်းရှိန်းစပ်စပ်အစားအစာလေးတစ်ခုလောက် လုပ်စားရင်ကောင်းတဲ့ အစားအစာလေး တစ်မျိုးပါ။
ဗယာကြော်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ဗယာကြော်၊ စမူဆာကြော်၊ ဂေါ်ဖီထုပ်၊ ပဲမှုန့်အစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်သီး၊ ဆား၊ ငရုတ်သီးကြော်၊ ဟင်းခတ်မှုန့်၊ ပူဇီနံ၊ ပျဉ်းတော်သိမ်၊ မာဆလာအမွှေး၊ မာဆလာအစပ်၊ ငရုတ်သီးအလှော်မှုန့်၊ နနွင်းမှုန့်အနည်းငယ် တို့ပါနော်။


ဗယာကြော်ကြော်နည်းကိုတော့ http://lulucooking.blogspot.com/2008/02/blog-post_04.html မှာ ရေးပေးထားပြီး ဖြစ်သလို စမူဆာကြော်နည်းကိုလည်း http://lulucooking.blogspot.com/2007/11/blog-post_20.html မှာ ရေးထားပေးပါတယ်။ ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်နီ ၃လုံးလောက်နဲ့ ကြက်သွန်ဖြူတို့ကို မညက်တညက်လေး ထောင်းပေးထားပါ။ ကျန်တဲ့ ကြက်သွန်နီကိုတော့ အစိမ်းအတိုင်း ထည့်စားလို့ရအောင် ပါးပါးလှီး ရေဆေးပြီး ရေစစ်ပေးထားပါနော်။ဂေါ်ဖီထုပ်၊ ပျဉ်းတော်သိမ်ရွက်နဲ့ ပူစီနံရွက်တို့ကိုလည်း ရေဆေးပြီး ရေစစ်ပေးထားပါ။ ဂေါ်ဖီကို ပါးပါးလေးတွေလှီးထား၊ ပူစီနံကိုလည်း အနေတော်လေးတွေရအောင် ချွေပေးထားပါ။ ပဲဟင်းရည်ချက်နည်းကို ပြောပြပါမယ်နော်။ ပဲမှုန့်အစိမ်းကို ရေအေးနဲ့ ဖျော်ပြီး အားလုံးကြေသွား အောင် လက်နဲ့ခြေပြီး နယ်ပေးပါ။ နောက်မဟုတ်ရင် ပဲမှုန့်တွေက ရေနဲ့ထိပြီး အလုံးလေး တွေ ဖြစ်နေတတ်တာမို့နော်။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးကိုယူ ဆီနည်းနည်းထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ထောင်းထားတဲ့ ကြက်သွန်ဖြူနီကိုထည့်ပြီးဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်ရွက်ကို ထပ်ထည့်ပြီး ဆီသတ်၊ ပြီးတော့ ခပ်ပျစ်ပျစ်ဖျော်ထားတဲ့ ပဲရည်တွေထည့်ပြီး အားလုံးသမအောင် မွှေပေး၊ အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့်လေးထည့်ပြီး ပဲစိမ်းနံ့ပျောက်တဲ့အထိ မီးအသင့်အတင့်နဲ့ အရင်ကျိုပေးပါ။ အောက်ကနေ ပဲ မကပ်အောင်လည်း ပဲခပ်ပျစ်ပျစ်ဖြစ်လာပြီဆိုရင် ရေနွေးလေးထပ်ဖြည့်ပြီး သတိထားကျိုပါနော်။ ပဲစိမ်းနံ့ပျောက်သွားပြီဆိုရင် အရသာကိုထပ်မြည်း၊ မာဆလာလေး အုပ်၊ မီးနွေးနွေးလေးနဲ့ ပဲဟင်းအိုးကို တည်ထားလိုက်ပါနော်။ အားလုံးအသင့်ဖြစ်ပြီဆိုရင် ပန်းကန်လုံးထဲကို ဗယာကြော် နှစ်ခု၊ စမူဆာ နှစ်ခုလောက်ညှပ်ထည့်၊ ပဲဟင်းရည် ပူပူလေးဆမ်းထည့်၊ ပါးပါးလှီးထားတဲ့ ဂေါ်ဖီနဲ့ ကြက်သွန်နီကိုထည့်၊ ပူစီနံကိုလည်း ထည့်၊ ဆားနည်းနည်း၊ ရှောက်ရည်လေးညှစ် (မန်ကျည်းနှစ်ထည့်ရင်လည်း ရပါတယ်)၊ ငရုတ်သီးအလှော်မှုန့်လေး ထည့်၊ ပြီးတော့ မာဆလာလေးထည့်ပြီး အားလုံးသမအောင် မွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မာဆလာနံ့ သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ သတ်သတ်လွတ် စမူဆာ၊ ဗယာကြော်သုပ်လေးရပါပြီနော်။
(ကြိုက်တတ်ရင် ကုလားပဲလုံးဖြူနဲ့ အာလူးကိုလည်း ပြုတ်၊ ဆီသတ်ပြီး သုပ်တဲ့အထဲ ထည့်စားလို့ ရပါတယ်နော်)

Friday, October 17, 2008

တရုပ်ပဲငပိကြော်

1 comments

မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ကျွန်မ အလုပ်များနေတာရော၊ အလုပ်ကိစ္စအတွက် ခရီးသွားနေတာ ရယ်ကြောင့် ပို့စ်အသစ်မတင်ဖြစ်တာကြာသွားပါပြီ။ ဘလော့ဂ်ဘက်တောင် မ၀င်နိုင်တဲ့အခြေအနေထိ အလုပ် များခဲ့တာမို့ ကျွန်မဘက်က ပျက်ကွက်ခဲ့တာတွေကို ခွင့်လွှတ်ပေးပါနော်။
ဒီနေ့တော့ ကျွန်မမောင်နှမတွေကို တရုတ်ပဲငပိလေးကို ကြော်ကျွေးပါမယ်နော်။ တရုတ်ပဲငပိကြော်ဖို့ အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
တရုတ်ပဲငပိ (၁၅) ကျပ်သား
ကြက်သွန်ဖြူ (၁၀) မွှာ
ကြက်သွန်နီအလုံးသေး (၃) လုံး
ချင်း လက်တစ်ဆစ်
ငရုတ်သီးစိမ်း (လိုသလောက်)
ခရမ်းချဉ်သီး (၅) လုံး
သကြား
မန်ကျည်းသီးအနှစ် (ကွမ်းသီးလုံးခန့်)
နနွင်းမှုန့်
ဆီ တို့ပါနော်။

တရုတ်ပဲငပိကတော့ ဈေးထဲက၀ယ်တဲ့အထုပ်လေးကိုပဲ ဖွင့်ပြီး ပန်းကန်လုံးတစ်လုံးထဲ သွန်ထည့်ထား ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းတို့ကို အခွံနွှာပြီး ရေဆေးပေးထားပါနော်။ ကြက်သွန်နီကို အကွင်းလိုက် လှီး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ချင်းကိုတော့ အ၀ိုင်းလိုက်အရင်လှီးပြီးတော့မှ ကန့်လန့်ဖြတ် ခပ်ပါးပါး အမျှင်လေးတွေရအောင် လှီးပေးထားပါနော်။ ခရမ်းချဉ်သီး ငါးလုံးကို ရေဆေးပြီး အကွင်းလိုက် မထူမပါး လှီးပေးထားပါ။ ငရုတ်သီးတွေကိုလည်း အညှာခြွေ၊ ရေဆေးပြီး ထားပေးပါ။ မန်ကျည်းသီးအနှစ်ကိုလည်း ပန်းကန်လုံး တစ်လုံးထဲထည့်ပြီး ရေနွေးကြက်သီးနွေးနဲ့ စိမ်ပေးပြီး အနှစ်ခပ်ပျစ်ပျစ်လေးရအောင် နယ်ထားပါ။
အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်ပေးပါ။ ပြီးတော့မှ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်နွမ်းပြီး စိမ်းနံ့ပျောက်ပြီဆိုတာနဲ့ ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးလေး နွမ်းလာပြီဆိုရင် တရုတ်ပဲငပိတွေကိုထည့်၊ သကြားလေးထည့်ပြီး အားလုံးသမအောင် မွှေပြီး ဒယ်အိုးအဖုံးလေး ခဏလောက် အုပ်ပေးထားပါ။ ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုတာနဲ့ မန်ကျည်းသီးအနှစ်လေးတွေကိုထည့်၊ သမအောင်မွှေပေးပါ။ ပြီးရင်တော့ ငရုတ်သီးစိမ်းလေးတွေထည့်ပြီး မွှေ၊ အရသာ အပေါ့အငံကို မြည်းပေးပြီး လိုအပ်တဲ့ အရသာကို ထပ်ဖြည့်ပေးပါနော်။ တရုတ်နံနံကြိုက်တတ်ရင် အပေါ်ကနေ ထည့်အုပ်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ တရုတ်ပဲငပိကြော်လေး ရပါပြီနော်။ သတ်သတ်လွတ်စားတဲ့ သူတွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်နော်။
တကယ်လို့များ ပဲငပိကြော်ကို ကြာကြာအထားခံချင်ရင်တော့ ကြက်သွန်ကို ဆီသတ်တဲ့အခါမှာ နည်းနည်း ပိုနွမ်းပါစေ၊ ပြီးတော့ ခရမ်းချဉ်သီးမထည့်ပါနဲ့။ ကြိုက်တတ်ရင် ငရုတ်သီးခွဲကြမ်းကို ထည့်ပြီး အားလုံး ခြောက်နေအောင် မီးအေးအေးနဲ့ကြော်ပေးပါနော်။ အဲ့ဒါဆိုရင် ရေရှည်အထားခံပါတယ်။ ထမင်းပူပူလေးနဲ့ နယ်စားနိုင်သလို၊ ညှပ်ခေါက်ဆွဲသုပ်၊ နန်းကြီးသုပ်တဲ့အခါမှာလည်း ကြိုက်တတ်ရင် ထည့်စားနိုင်ပါတယ်နော်။

Sunday, September 21, 2008

စားတော်ပဲပြုတ်သုပ်၊ မျှစ်စားတော်ပဲပြုတ်ကြော်

4 comments

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို စားတော်ပဲပြုတ်သုပ်ရယ်၊ စားတော်ပဲပြုတ် နဲ့ မျှစ်စို့ပေါက်လေးတွေ ကြော်ပြီး ကျွေးပါရစေနော်။ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေအတွက်ဆိုရင်လည်း အဆင်ပြေစေပါတယ်နော်။
စားတော်ပဲပြုတ်နည်း
http://lulucooking.blogspot.com/2007/09/blog-post_01.html ကိုတော့ ရေးပြီးခဲ့ပါပြီနော်။ အခုတော့ စားတော်ပဲပြုတ်ကိုသုပ်ပြီး နံပြားလေးနဲ့ စားဖို့ပဲဖြစ်ဖြစ်၊ ထမင်းဖြူပူပူလေးနဲ့ပဲဖြစ်ဖြစ်၊ ထမင်းကြမ်းလေးနဲ့ပဲဖြစ်ဖြစ် အဆာပြေစားလို့ရအောင် သုပ်ပေးပါမယ်နော်။
စားတော်ပဲပြုတ်သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
စားတော်ပဲပြုတ်
ကြက်သွန်နီ
ပဲဆီ
ဆားအနည်းငယ်တို့ပါနော်။



ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါ။ ကြက်သွန်နီအနံ့မွှန်တာ သက်သာချင်ရင် လှီးပြီးသား ကြက်သွန်နီတွေကို ရေထဲထည့်ဆေးပြီးတော့ ဆယ်ယူပြီး ရေစင်အောင် ညှစ်ပြီးစကာလေးထဲ ထည့်ပေးထားပါ။
ပန်းကန်တစ်ချပ်ယူ၊ စားတော်ပဲပြုတ်လေးထည့်၊ ကြက်သွန်နီလေးထည့်၊ ဆားလေးထည့်၊ ဆီလေးရွှဲရွှဲလေးဆမ်းပြီး နှံ့အောင် နယ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ပဲပြုတ်သုပ်လေးရပါပြီ။ ထမင်းကြမ်းနဲ့ စားစား၊ ထမင်းပူနဲ့ စားစား၊ ဒါမှမဟုတ် ရေနွေးကြမ်းလေးနဲ့ပဲ မြည်းမြည်း လိုက်ဖက်လှတဲ့ အတွဲပါနော်။


စားတော်ပဲနဲ့မျှစ်စို့ပေါက်လေးတွေကို ပါးပါးလှီးပြီး ရောကြော်တာကိုလည်း ငယ်ငယ်လေးကတည်းက အဘွားက ခဏခဏ ကြော်ကြော်ပေးလို့ သိပ်ကြိုက်ခဲ့တာ။ လိုအပ်တဲ့ပစ္စည်းတွေကတော့
စားတော်ပဲပြုတ်
မျှစ်နုနုလေး
ကြက်သွန်နီ ကြက်သွန်ဖြူ
ဆား
ဟင်းခတ်မှုန့်အနည်းငယ်
နနွင်းမှုန့်အနည်းငယ်
ပဲဆီတို့ပါနော်။
မျှစ်နုနုလေးတွေကို ရေစင်အောင်ဆေး၊ မျှစ်အောက်ပိုင်းက ခပ်ရင့်ရင့်အဖတ်လေးတွေကို ဖယ်ရှားပစ်ပြီး မျှစ်လေးတွေကို ဓားလေးနဲ့အလျှားလိုက်လေးတွေရအောင်အရင်လှီးပါ။ ပြီးတော့မှ တစ်ခါ ခပ်ပါးပါးလေးတွေ ရအောင် လှီးပေးထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။
အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတဲ့အခါ နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးရင် ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သွန်ဖြူနီ နွမ်းလာပြီဆိုရင်တော့ မျှစ်တွေထည့်ပြီး မွှေပေးပါ။ ဆားလေးနည်းနည်းနဲ့ ဟင်းခတ်မှုန့်နည်းနည်း ထည့်ပြီး ဒယ်အိုးအဖုံး ခဏအုပ်ပေးပါ။ မျှစ်ထဲကထွက်တဲ့ ရေခမ်းပြီး ဆီပြန်လာတဲ့အထိ ကြော်ပါ။ ဟင်းအိုး ဖျစ်ဖျစ်မြည်လာပြီ ဆိုရင်တော့ ဒယ်အိုးအဖုံးဖွင့်ပြီးတော့ စားတော်ပဲပြုတ်တွေကို ထည့်ပြီး အားလုံးသမအောင် ရောကြော်ပေးပါ။ အဲ့ဒါဆိုရင်တော့ အရသာဆိမ့်ဆိမ့်လေးနဲ့ မျှစ်စားတော်ပဲပြုတ်ကြော် ရပါပြီနော်။

Friday, September 12, 2008

ပြောင်းဖူးပြုတ်သုပ်

4 comments
အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မ မောင်နှမတွေကို နေ့ခင်းနေ့လည်ပိုင်းမှာ ပဲဖြစ်ဖြစ်၊ ညခင်းဘက်မှာ သူငယ်ချင်းတွေ၊ မောင်နှမတွေစုံလို့ စကားလက်ဆုံကျရင်းဖြစ်ဖြစ် အဆာပြေတစ်ခုခု လုပ်စားဖို့ အလွယ်ကူဆုံး ပြောင်းဖူးသုပ်လေးကို သုပ်ကျွေးပါရစေဦးနော်။
ပြောင်းဖူးသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ပြောင်းဖူး (သကြားပြောင်း)
ကြက်သွန်နီ
ငရုတ်သီးစိမ်း
ဆား
နှမ်းဆီအနည်းငယ်တို့ပါနော်။

ပြောင်းဖူးကို အခွံနွှာ၊ အမွှေးလေးတွေ ဖယ်ရှားပြီး အဖူးလိုက် ရေဆေးလိုက်ပါနော်။ ပြီးရင် rice cooker ထဲကို ပြောင်းဖူးတွေထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ရေကို နည်းနည်းပဲထည့်ပြီး ပြောင်းဖူးကို ရေခမ်းပြုတ်ပါ။
(ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ ပြောင်းဖူးပြုတ်မလို့ ကော်ကျိုရေ့  ငါ့ကို ရေလေးထည့်ပေးပါဦးဆို ရေကို ပုံးလိုက် မ လာပြီး သွန်ထည့်မလို့တဲ့လေ၊ အိုးအပြည့် ရေကိုထည့်မလို့တဲ့။ အမလေ့း့  နင်လုပ်ခါမှ ငါ့ပြောင်းဖူးပြုတ်လည်း ပျက်တော့မယ်လို့ပြောတော့မှ အမ့ ပြောင်းဖူးပြုတ်ဖို့ ရေအပြည့်ထည့်ပြုတ်ရတာမဟုတ်ဘူးလားတဲ့။ အယ့့် နင်ကလည်းဟယ် ရေခမ်းလေးပြုတ်မှ ပိုကောင်းတာပေါ့။ ဆားလေးပါ တစ်ခါတည်း ထည့်ပြုတ်တော့ ပြောင်းဖူးအချို အရသာပေါ်တယ်လေလို့ ဆိုတော့ ဟုတ်လား အမတဲ့  ကျွန်တော် အခုမှ သိတယ်တဲ့ အေးရော :D)
ပြောင်းဖူးပြုတ်ကျက်ပြီဆိုရင်တော့ ပြောင်းဖူးတွေကို အအေးခံ၊ ကိုယ်လက်နဲ့ ခံနိုင်တဲ့ အပူဒဏ်လောက် ရောက်ပြီဆိုရင် ပြောင်းဖူးကို ထက်ပိုင်းပိုင်းပြီး ပြောင်းဖူးခြွေပေးပါ။ ခြွေလို့ရလာတဲ့ ပြောင်းဖူးတွေကို ဇလုံတစ်လုံး ထဲထည့်ပေးပါ။ ပြီးရင် ကြက်သွန်နီတွေကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထည့်ပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ပါးပါးညှပ်ထည့်ပေးပါ။ ပြီးရင်တော့ နှမ်းဆီအနည်းငယ်ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။
အဲ့ဒါဆိုရင်တော့ ပြောင်းဖူးရဲ့အရသာ ချိုချိုလေးရယ်၊ ငရုတ်သီးစိမ်းကိုက်မိလို့ စပ်စပ်လေးရယ်၊ ကြက်သွန်နီကြောင့် ရှိန်းတိန်းတိန်း အရသာလေးရယ်၊ နှမ်းဆီမွှေးမွှေးလေးရယ်ကြောင့် အနံ့အရသာ စုံလင်လှတဲ့ ပြောင်းဖူးသုပ်လေးရသွားပါပြီနော်။ ရေနွေးကြမ်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါတယ်ရှင်။

Wednesday, September 10, 2008

ပုန်းရည်ကြီး

3 comments

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ပုန်းရည်ကြီးသုပ် လုပ်ကျွေးပါရစေ။
ပုန်းရည်ကြီးမှာ အချဉ်နဲ့ အဆိမ့်ဆိုပြီး အရသာနှစ်မျိုးရှိပါတယ်။ နောက်ပြီး ပုန်းရည်ကြီးမှာ အနှစ်နဲ့ အမှုန့် ဆိုပြီးလည်း ခွဲခြားထားပါသေးတယ်။ မြန်မာပြည်မှာတော့ ပုန်းရည်ကြီးအနှစ်ကို အလွယ်တကူ ၀ယ်ယူရနိုင် ပေမယ့် တစ်တိုင်းတစ်ပြည်ရောက်နေတဲ့သူတွေအတွက်ကတော့ ပုန်းရည်ကြီးအမှုန့်ကိုသာ ရေရှည်အထားခံ အောင် ၀ယ်ယူစားသုံးကြရပါတယ်။ ပုန်းရည်ကြီးအမှုန့်မှာလည်း အဆိမ့်ရယ်၊ အချဉ်ရယ် ရှိပါတယ်။ ဒါပေမယ့် ပုန်းရည်ကြီးအမှုန့်ထုပ်တွေဟာ များသောအားဖြင့် အဆိမ့်တွေ ဖြစ်နေတတ်ကြပါတယ်။ နောက်ပြီး ပုန်းရည်ကြီး အမှုန့်ကိုပဲ အာသာပြေအောင် စားရတဲ့သူတွေကတော့ ပုန်းရည်ကြီးအနှစ်ကိုသာ သုပ်စားချင်တဲ့ အာသိသ ရှိတတ်ကြပါတယ်။ အဲ့ဒီတော့ ပုန်းရည်ကြီးအမှုန့်ကို အနှစ်အရသာလေးလည်း ဖြစ်ရအောင်၊ ကိုယ်စားချင်တဲ့ အချိန်မှာ အလွယ်တကူ စားလို့လည်း ရအောင် ဘယ်လိုတွေ လုပ်ရမလဲဆိုတာလေး ပြောပြပါမယ်နော်။
များသောအားဖြင့် ပုန်းရည်ကြီးအမှုန့်ထုပ်ကို အနှစ်ဖြစ်အောင် လုပ်တဲ့အခါမှာ ရေနွေးပွက်ပွက်ဆူထဲကို ပုန်းရည်ကြီးအမှုန့်ထည့်ပြီး ပျစ်နေအောင် ဖျော်ပြီး သုပ်စားဖို့ ပြင်တတ်ကြပါတယ်။ တစ်ခါတလေမှာ ကြုံတွေ့ရ တာက ပဲမှုန့်တွေကို ဒီအတိုင်းစားရသလိုဖြစ်ပြီး ပဲမှုန့်တွေ မနပ်ဘဲ ဗြုပ်စိလေးတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုမျိုးမဖြစ်ရလေအောင် ပုန်းရည်ကြီးအမှုန့်ကို အနှစ်လုပ်ပြီး ရေရှည်လည်း အထားခံအောင်၊ ကိုယ်ကြိုက်တဲ့အချိန်မှာ အလွယ် တကူ သုပ်စားလို့ရအောင် လုပ်နည်းလေးကို မျှဝေပေးပါရစေနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
ပုန်းရည်ကြီးအမှုန့် လက်ဖက်ရည်ဇွန်း (၅) ဇွန်း
ရေနွေး လက်ဘက်ရည်ပန်းကန်လုံး (၂) လုံး
နနွင်းမှုန့်၊
ငရုတ်သီးအရောင်မှုန့် (မကြိုက်ရင် မသုံးပါနဲ့)
ဆား သကြား
ဟင်းခတ်မှုန့်
မြေပဲဆီ တစ်ဆယ်သားတို့ပါနော်။


(က) ပုန်းရည်ကြီးအမှုန့်ကို အနှစ်ပြုလုပ်နည်း
ပုန်းရည်ကြီးအမှုန့်ကို ရေနွေးပွက်ပွက်ဆူနဲ့ ရောကျိုပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်ပြီး ဆီပူလာရင် နနွင်းမှုန့်နည်းနည်းခပ်ထည့်၊ ပြီးရင် ငရုတ်သီးအရောင်မှုန့်လေး ထည့်ပြီး မွှေ၊ ပြီးတာနဲ့ တစ်လက်စနှပ်ထားတဲ့ ပုန်းရည်ကြီးတွေကို ထည့်ပါ။ ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ကို ထည့်ပြီး မွှေပါ။ ပြီးရင် ရေ လက်ဖက်ရည်ပန်းကန်တစ်ဝက်လောက် ထပ်ထည့်ပြီး မီးနွေးနွေးနဲ့ ပုန်းရည်ကြီးကို ကျိုပေးပါ။ ရေခမ်းပြီဆိုရင်တော့ ပုန်းရည်ကြီးကျိုအိုးကို မီးဖိုပေါ်က ချပြီး အအေးခံထား လိုက်ပါ နော်။ အဲ့ဒါဆိုရင် ပုန်းရည်ကြီးမှုန့်ကလည်း ကျက်သွားပြီ၊ အဲ့ဒီပုန်းရည်ကြီး အနှစ်ကလေးကို အအေးခံပြီး အေးသွားတဲ့အခါ ပုလင်းသန့်သန့်၊ ဒါမှမဟုတ် ကြွေပန်းကန်လုံးသန့်သန့်ထဲ ထည့်ထားရင် ရေရှည်လည်း အထားခံသလို ကိုယ်စားချင်တဲ့အချိန်မှာ အလွယ်တကူ သုပ်စားနိုင်တာပေါ့နော်။ တကယ်လို့ အချဉ်ကြိုက်တယ် ဆိုရင်လည်း မန်ကျည်းသီးအနှစ်လေးထည့်ပြီး ကျိုလို့ရသလို၊ စားခါနီး အသုပ်သုပ်တော့မှ သံပုရာရည်၊ ရှောက်ရည်ညှစ်စားလို့လည်း ရပါတယ်နော်။

(ခ) ပုန်းရည်ကြီးသုပ်
ပုန်းရည်ကြီးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ပုန်းရည်ကြီးအနှစ်
ကြက်သွန်ဖြူ
ကြက်သွန်နီ ငရုတ်သီးစိမ်း
ဆား
ဟင်းခတ်မှုန့်
ဆီ တို့ပါနော်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီကို ရေဇလုံထဲထည့်၊ ရေဆေးပြီး ဇကာနဲ့ ဆယ်ယူစစ်ထားပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် ညှပ်ပေးထားပါ။
ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို ပုန်းရည်ကြီးအနှစ်ရယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီတို့ ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ အပေါ့အငံ အရသာကို မြည်း၊ ကိုယ်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အလွယ်တကူ သုံးဆောင်လို့ရပါပြီနော်။ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေအတွက်လည်း လွယ်ကူပြီး အရသာတွေ့စေမယ့် အသုပ်တစ်ပွဲပါနော်။

(ဂ) ပုန်းရည်ထမင်းသုပ်
ငယ်ငယ်တုန်းက ကြီးမေက ကျွန်မကို အမြဲတမ်း ပုန်းရည်ကြီးထမင်းသုပ်ကျွေးလေ့ရှိပါတယ်။ ထမင်း ပူပူလေးပေါ်မှာ ပုန်းရည်ကြီးဆီစိမ်လေးကိုထည့်၊ ကြက်သွန်နီလေးပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်းလေး ညှပ်ထည့်၊ ဆား၊ ဟင်းခတ်မှုန့်လေးနည်းနည်း၊ ပုစွန်ခြောက်မှုန့်လေး ထည့်၊ ကြက်သွန်နီဆီချက်လေးထည့်၊ သံပုရာရည်ေး ညှစ်ပြီး အားလုံးသမအောင် နယ်၊ ကြက်ဥ မကျက်တကျက်ကြော်လေးနဲ့၊ ကြက်သွန်ဖြူလေးနဲ့ စားကြည့်ပါနော်။ အရမ်းကို စားလို့ကောင်းတဲ့ ပုန်းရည်ထမင်းသုပ်လေး ရပါမယ်နော်။ ရေနွေးကြမ်း ပူပူလေးနဲ့ စားကြည့်၊ သိပ်ကောင်းတာ။ ဟင်းစား ၀ယ်ထားတာလည်းမရှိဘူး၊ ဟင်းချက်ဖို့ အချိန်လည်း မလောက်ဘူးဆိုရင် အလွယ်တကူနဲ့ အရသာရှိရှိဖြစ်စေမယ့် ပုန်းရည်ထမင်းသုပ်လေး လုပ်စားကြည့်ကြဦးနော်။

Saturday, August 30, 2008

သနပ်စုံ

3 comments
မင်္ဂလာပါရှင့့်  ဒီနေ့ကျွန်မရဲ့မောင်နှမများကို သနပ်စုံ လုပ်ကျွေးပါရစေနော်။ သတ်သတ်လွတ်စားတဲ့ သူတွေအတွက် အဓိက ရည်ရွယ်ပြီး လုပ်ပေးတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတဖို့ အသီးအရွက်တွေကိုလည်း အထိုက်အလျောက် စားသင့်တယ် မဟုတ်လား။ ဒီဟင်းအမယ်လေးကိုတော့ ကျွန်မအဘွားက ကျွန်မတို့ငယ်ငယ်လေးကတည်းက မနက်တိုင်း လုပ်ကျွေးနေကျပါ။ အဘွားအလွမ်းပြေ သနပ်စုံလုပ်စားကြည့်ကြရအောင်နော်။
သနပ်စုံ လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ပဲပင်ပေါက် (၅၀) ကျပ်သား
ကြက်သွန်နီ (၂၅) ကျပ်သား
ပဲသီး တစ်စည်းကို ၁၀ ချောင်းပါ (၃) စည်း
စပါးလင် လတ်လတ်ဆတ်ဆတ် (၃) ပင်
နှမ်းနက် (၂) ကျပ်ခွဲသား
ငရုတ်သီးအခြောက်တောင့်
ဆား
မန်ကျည်းသီး
ကြက်သွန်နီဆီချက်
ဟင်းခပ်မှုန့်တို့ပါနော်။


ပဲပင်ပေါက်မှာ ကပ်ငြိနေတဲ့ ပဲအခွံတွေကို ဖယ်ရှားပစ်ပြီး ပဲပင်ပေါက်ကို သန့်စင်အောင် ရေဆေးပြီး ဇကာထဲမှာ ရေစစ်ပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး လေးစိတ်ထိုးပေးထားပါ။ ပဲသီးကိုလည်း လက်တစ်ဆစ်စာအရွယ်လေးတွေရအောင် လှီးပေးထားပါ။ စပါးလင်ကို အပေါ်အရွက်ပိုင်းတွေ ဖယ်ရှားပစ်ပြီး အောက်ဘက်က ဖွံ့ဖွံ့ထွားထွား အပိုင်းကို ယူပါမယ်။ ရင့်တဲ့အပြင်ဖတ်တွေကို ဖယ်ရှားပစ်ပြီး အတွင်းပိုင်း အသားလေးတွေကို အကွင်းလိုက်လေးတွေရအောင် ခပ်ပါးပါးလေးလှီးပေးပါနော်။ နှမ်းအနက်ကိုလည်း မီးအသင့်အတင့်နဲ့ မွှေးနေအောင် လှော်ပေးထားပါ။ ငရုတ်သီးအခြောက်တောင့်ကိုလည်း ကြော်ပေးထားပါ။ ကြက်သွန်နီဆီချက်ကိုလည်း ကြော်ပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ရေထည့်၊ အဲ့ဒီရေထဲကို မန်ကျည်းသီး ကွမ်းသီးလုံးတစ်လုံးစာ ထည့်၊ မီးဖိုပေါ်တင်ပြီး ရေနွေးပွက်ပွက်ဆူအောင် တည်ပေးပါ။ ရေနွေးဆူပြီဆိုရင် နနွင်းမှုန့်လေး နည်းနည်းခပ်လိုက်ပြီး ကြက်သွန်ကို စထည့်ပြီး ရေနွေးဖျောပါ။ ကြက်သွန်နီထည့်ပြီး ၂ မိနစ်လောက်ကြာရင် ဆယ်ယူလိုက်ပါ။ ပြီးရင် ပဲသီးကိုထည့်ပြီး ပြုတ်ပြီး ပဲသီးတွေကို ဆယ်ပေးထားပါ။ ပြီးတော့မှ ကျန်တဲ့ရေထဲမှာ ပဲပင်ပေါက်တွေကို ကမန်းကတန်းထည့်ပြီး အိုးအဖုံးပိတ်ပြီး တည်ပေးပါ။ ပဲပင်ပေါက်တွေ ကျက်ပြီဆိုတာနဲ့ ဆယ်ယူလိုက်ပြီး အအေးခံထားပေးပါ။
အရွက်တွေအားလုံး အေးပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ပြုတ်ထားတဲ့ ကြက်သွန်၊ ပဲသီးနဲ့ ပဲပင်ပေါက်တွေကိုထည့်၊ စပါးလင်ထည့်၊ ဆီချက်ထည့်၊ ဆား၊ ဟင်းခပ်မှုန့်၊ နှမ်းလှော်တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ။ အရသာအပေါ့အငံကိုလည်း မြည်းပါ။ အရသာချဉ်ဖြုန်းဖြုန်းလေးရယ်၊ စပါးလင်လေးကို ၀ါးမိလို့ မွှေးတေးတေး ရှိန်းတိန်းတိန်းအရသာလေးရယ်၊ နှမ်းလှော်လေးကိုက်မိလိုက်ချိန်မှာ ထွက်လာတဲ့ နှမ်းလှော်မွှေး အနံ့လေးနဲ့ ဆိမ့်သက်သက်အရသာလေးရယ် ရသာပေါင်းစုံလေးလျှာဖျားမှာ တစ်လှည့်စီ နေရာယူနေသလို အစပ်ကြိုက်သူများကတော့ ငရုတ်သီးတောင့်လုံးကြော်ကို ဂျွတ်ကနဲနေ ၀ါးစားနိုင်ပါတယ်နော်။

Wednesday, March 12, 2008

သတ်သတ်လွတ်မုန့်ဟင်းခါး

4 comments
သတ်သတ်လွတ်မုန့်ဟင်းခါးအတွက် လိုအပ်တဲ့ပစ္စည်းများကတော့ ကုလားပဲ၊ ငှက်ပျောအူ၊ ရွှေကြည်မှုန့်၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအရောင်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ဆီနဲ့ အချိုမှုန့်တို့ပါ။
ကုလားပဲကို မနက်ချက်မယ်ဆိုရင် ညကတည်းက ရေဆေးပြီး စိမ်ထားပေးပါ။ မနက်ကျရင် ကုလားပဲပြုတ်မယ့်အိုးထဲကို ကုလားပဲတွေကို ထည့်၊ နနွင်းမှုန့်အနည်းငယ်နဲ့ ရေထည့်ပြီး နူးအောင်ပြုတ်ပါ။ ရေခမ်းပြုတ်နိုင်ရင် ပိုကောင်းပါတယ်။ ကုလားပဲပြုတ်နေစဉ် ဆားမထည့်ရပါဘူးနော်။ ကုလားပဲနူးသွားပြီဆိုနဲ့ ကုလားပဲတွေကိုအအေးခံပြီး ထောင်းပါ။ (တချို့ကလည်း မထောင်းဘဲ ဇကာနဲ့ တိုက်ချပါတယ်)။ ရွှေကြည်မှုန့် ကိုလည်း ရေလေးနဲ့ ဖျော်ထားပေးပါ။ ကုလားပဲနဲ့ ရွှေကြည်မှုန့်အချိုးက သုံးဆ တစ်ဆပါ။ စပါးလင်ကို အပြင်က ရင့်တဲ့အခွံတွေဖယ်၊ ရေဆေးပြီး ပါးပါးလေးတွေလှီးပေးထားပါ။ ချင်းကို အခွံနွှာရေဆေးပြီး မထူမပါးလှီး ပေးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုလည်း အခွံနွှာ၊ ရေဆေးပေးထားပါ။ ကြက်သွန်ဖြူတချို့ကို ကြက်သွန်ကြော်လုပ်ဖို့ ခပ်ပါးပါးလေးလှီးပေးထားပါ။ ကျန်တဲ့ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုတော့ မထူမပါး လှီးပေးထားပါ။ ကြက်သွန်နီဥတချို့ကိုလည်း ထက်ခြမ်းခြမ်းပေးထားပါ။ ငှက်ပျောအူကို အရင့်ပိုင်းတွေ ဖယ်ရှားပစ်ပြီး အနုပိုင်းတွေကိုပါးပါးလှီးပေးပါ။ ငှက်ပျောအူတွေ မဲမသွားအောင် အိုးတစ်လုံးထဲ ရေထည့်ပြီး နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတ၀က်လောက်ထည့်ပြီး လှီးပြီးသားငှက်ပျောအူတွေကိုထည့်စိမ်ပေးပါ။

မီးဖိုပေါ်ကို ငှက်ပျောအူအိုးတင်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။ ဆူလာပြီဆိုရင် ငှက်ပျောအူတွေကို ဟိုဘက်ဒီဘက်လှန်ပြီး ထပ်တည်ပေးပါ။ ငှက်ပျောအူနူးလောက်ပြီဆိုရင်တော့ ရေတွေကိုငှဲ့ထုတ်ပစ်ပြီး ငှက်ပျောအူတွေကို ရေနဲ့ဆေးပြီး ဇကာနဲ့ ရေစစ်ပေးထားပါ။

ငရုတ်ဆုံထဲကို ချင်းအရင်ထည့်ပြီးထောင်းပါ။ ချင်းညက်ခါနီးကျရင် လှီးထားတဲ့ စပါးလင်တွေကိုထည့်ပြီး ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကိုထည့်ပြီးထောင်းပါ။ ပြီးရင် ငရုတ်သီးအရောင်မှုန့်လေး နည်းနည်းထည့်ပြီး အားလုံးသမအောင် ရောထောင်းပေးပါ။ ပြီးရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးချင်းစပါးလင်ကြက်သွန်တို့ကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ထောင်းထားတဲ့ကုလားပဲထဲက တ၀က်ရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ်ထည့်ပြီး ဆီသတ်ပြီး မီးဖိုပေါ်ကနေ ဒယ်အိုးကိုချထားပေးပါ။

အိုးတစ်လုံးထဲကို ရေထည့်၊ ပြီးရင် ထောင်းထားတဲ့ပဲ၊ ဖျော်ထားတဲ့ ရွှေကြည်၊ ဆီသတ်ထားတဲ့ ပဲနဲ့အမွှေးကြိုင်စုံ၊ ဆား၊ သကြား၊ အချိုမှုန့်တို့ထည့်ပြီး အိုးကို မီးဖိုပေါ်တင်ပြီး ဟင်းရည်အိုးဆူအောင်တည်ပါ။ ဟင်းအိုးဆူလာပြီဆိုရင် ငှက်ပျောအူတွေကိုထည့်ပြီး ဆူအောင် ထပ်တည်ပါ။ ငှက်ပျောအူဖတ်က အချိုအငံအရသာတွေကို စုပ်ယူတတ်တာမို့ ဟင်းအိုးဆူလာရင် အပေါ့အငံမြည်းပြီး လိုအပ်တဲ့အရသာတွေကို ထပ်ဖြည့်ပေးပါ။ ပြီးတော့မှ ကြက်သွန်နီတွေကိုထည့်ပေးပြီး ဟင်းအိုးကို မီးနွေးနွေးနဲ့ တည်ထားပေးလိုက်ပါ။ ဟင်းအိုးလည်း ပွက်ပြီဆိုရင် ကြက်သွန်နီလည်း နူးလောက်ပြီ။ အဲ့ဒီအခါ အပေါ့အငံကိုထပ်မြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ငရုတ်ကောင်းမှုန့်လေးခပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ သတ်သတ်လွတ် မုန့်ဟင်းခါးရပါပြီနော်။

မှတ်ချက်။ ။ မြေပဲကြိုက်တတ်ပါက မြေပဲထည့်နိုင်ပါတယ်နော်။

Saturday, February 23, 2008

ဟင်းနုနွယ်ဆူးပုတ်ကြော်

1 comments
ဒီတစ်ခါတော့ သတ်သတ်လွတ်စားနေတဲ့မောင်နှမတွေရယ်၊ diet လုပ်နေသူတွေ၊ အသီးအရွက်ဆိုရင် သိပ်ကြိုက်တတ်တဲ့ မောင်နှမတွေအတွက် ဟင်းနုနွယ်ဆူးပုတ်ကြော်လေး ကြော်ကျွေးပါရစေဦးနော်။ ဟင်းနုနွယ်ကို ကြော်စားစား၊ သုပ်စားစား၊ ဟင်းချိုရည်ပဲလုပ်သောက်သောက်၊ ဟင်းနုနွယ်ရိုးနီကို ကုလားပဲနဲ့ ချဉ်ရည်ဟင်းပဲချက်ချက် ကျွန်မ သိပ်ကြိုက်ပါတယ်။ သွေးအားနည်းတတ်တဲ့ ကျွန်မအဖို့ ဟင်းနုနွယ်ကို နည်းမျိုးစုံအောင် ချက်စားရတာမို့ ရေနွေးဖျောပြီး ငါးပိရည်နဲ့ တို့စားရင်တောင် ကြိုက်ပါတယ်။ အခု ဟင်းနုနွယ်ကို ဆူးပုတ်ရွက်နဲ့ ကြော်ပါ့မယ်နော်။ ဆူးပုတ်ရွက်ကိုလည်း ရေနွေးဖျောပြီးတို့သလို ပဲကြီးဆူးပုတ်ကလည်း ခွဲမရတဲ့အတွဲပါနော်။ ကန်ဇွန်းရွက်၊ ဖလံတောင်ဝှေးတို့ကိုလည်း ဆူးပုတ်နဲ့အတူရောကြော်သလို ဆူးပုတ်ကို ဘဲဥနဲ့ကြော်စားတာလည်း ရှိကြသေးတယ်လေ။
အခုတော့ ဟင်းနုနွယ်ဆူးပုတ်ကြော်ဖို့ လိုအပ်တာလေးတွေကို ပြောပြမယ်နော်။ ဟင်းနုနွယ်ရွက်၊ ဆူးပုတ်အရွက်နုလေးတွေရယ်၊ ကြက်သွန်ဖြူရယ်၊ ကြက်သွန်နီရယ်၊ ဆား၊ ပဲငံပြာရည်အကြည်၊ ဆီနဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။ ဟင်းနုနွယ်ကို သင်တဲ့အခါ ပင်စည်ကအမျှင်လေးတွေကို သေချာဖယ်ပစ်ရတာမို့ လက်ဝင်လှတယ်ဆိုပေမယ့် မိသားစုတွေ၊ သူငယ်ချင်းတွေ စကားပြောရင်း တစ်ယောက်တစ်လက်နဲ့ ၀ိုင်းကူရင် ခဏလေးပါနော်။ ပြီးတော့မှ ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါနော်။ ဆူးပုတ်ရွက်ကိုလည်း ရေစင်အောင်ဆေးပြီး အညွန့်လေးတွေကိုလည်း ချွေပြီးတော့ ရေစစ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး အခွံနွှာထားပေးပါ။ ကြက်သွန်နီကိုလည်း အခွံနွှာပြီး တခြမ်းကို မထူမပါးလေး လှီးပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုတာနဲ့ မီးဖိုပေါ်ဒယ်အိုးတင်၊ ပြီးရင်ဆီထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ မထူမပါးလှီးထားတဲ့ ကြက်သွန်နီတို့ကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်တွေနွမ်းပြီး စိမ်းနံ့ပျောက်ပြီဆိုတာနဲ့ ဟင်းနုနွယ်ရွက်တွေကိုထည့်ပါ။ တဆက်တည်းဆိုသလို မီးအပူရှိန်ကိုမြင့်ထားပြီး ဆားနဲ့ အချိုမှုန့်လေးနည်းနည်းကိုထည့်ပြီး မွှေပေးပါ။ ဟင်းနုနွယ်က နည်းနည်းမာတာမို့ နူးသွားရအောင် ရေလေးနည်းနည်းထည့်ပြီး ခဏလောက်အဖုံးအုပ်ပေးထားပါနော်။ ၂ မိနစ်လောက်နေရင် အဖုံးဖွင့်ပြီး ဆူးပုတ်ရွက်နုလေးတွေကိုထည့်ပြီး ဟင်းနုနွယ်တွေနဲ့ သမအောင် ရောကြော်ပေးပါ။ (ဆူးပုတ်ရွက် ရင့်တယ်လို့ ထင်ရင်တော့ ဟင်းနုနွယ်နဲ့အနူးညီအောင် ရေမထည့်မီထည့်ပြီး အဖုံးအုပ်ပေးပါနော်။) ပြီးရင်တော့ အပေါ့အငံ အရသာလေးမြည်းပြီး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချနိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ ဟင်းနုနွယ်ဆူးပုတ်ကြော်လေး ရပါပြီနော်။

Tuesday, February 5, 2008

သတ်သတ်လွတ်ပဲပြားသုပ်

2 comments
နာက သတ်သတ်လွတ်စားတာနော်၊ ပဲပြားသိပ်ကြိုက်တာနော်လို့ ဆိုလာတဲ့ ကျွန်မရဲ့ မောင်နှမထဲက တစ်ယောက်အတွက် ပဲပြားကို သုပ်လို့တစ်မျိုး၊ အချိုချက်လို့တစ်ဖုံ၊ အစာသိပ်လုပ်လို့တစ်သွယ် ချက်ကြမယ်နော်။ အခုတော့ ပဲပြားသုပ်နည်းလေးကို ပြောပြပါမယ်နော်။
ပဲပြားသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြောပြမယ်နော်။ ပဲပြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သခွါးသီး၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ နံနံပင်၊ ဆား၊ အချိုမှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ ပဲငံပြာရည်အကျဲ၊ မန်ကျည်းသီးနဲ့ ဆ်ီတို့ပါနော်။

ပဲပြားကို ရေဆေးပြီး အလယ်ကနေ နှစ်ပိုင်းပိုင်းလိုက်ပါနော်။ ပြီးတော့မှ နောက်ထပ် အစိပ်လေးတွေဖြစ်အောင် လှီးပြီး ဆားလေးနဲ့ အချိုမှုန့်လေးနဲ့ နယ်ပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ခပ်ပါးပါးလေး လှီးပေးထားပါ။ သခွါးသီးကိုလည်း ရေဆေးပြီး အ၀ိုင်းလိုက်အရင်လှီးပါ။ ပြီးတော့မှ အ၀ိုင်းလေးတွေကို ကန့်လန့်ဖြတ် ခပ်ရှည်ရှည် ပြန်လှီးပေးပါနော်။ ပြီးရင် ဂေါ်ဖီဖတ်တွေကို တစ်ဖတ်ချင်းခွါ၊ ဆားရေထဲမှာ ၁၅ မိနစ်လောက် အနည်းဆုံးစိမ် (ပိုးသတ်ဆေးတွေ၊ အပင်ဟော်မုန်းတွေရဲ့ အန္တရာယ်ကင်းအောင်)၊ ပြီးတော့မှ ရိုးရိုးရေနဲ့ပြန်ဆေးပြီး ပါးပါးလှီးပြီး ရေစစ်ထားနော်။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး စစ်ထားပါ။ မန်ကျည်းသီးကိုလည်း ရေနွေးလေးနဲ့ ၁၀ မိနစ်လောက်စိမ်ထားပြီးမှ နယ်ပြီး အနှစ်ရအောင် စစ်ယူပါနော်။



မီးဖိုပေါ်ဒယ်အိုးတင်၊ ပြီးရင်ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်ထည့်ပြီး ကြက်သွန်ဖြူနီကိုထည့်ပြီး ကြော်ပါ။ မီးအရမ်းမပြင်း အရမ်းမနည်းစေဘဲ မီးအသင့်အတင့်နဲ့ ကြော်ပေးပါ။ ကြက်သွန်ီတွေ တူးမသွားအောင်နဲ့ အကျက်ညီအောင် မွှေပေးဖို့လည်း မမေ့နဲ့နော်။ ရွှေအိုရောင်သန်းလာပြီဆိုရင်တော့ မီးဖိုပေါ်ကနေချပြီး ဒယ်အိုးထဲမှာရှိတဲ့ ဆီချက်တွေကို ဆက်မွှေပေးပါနော်။ ပြီးတော့မှ ပန်းကန်လုံးတစ်လုံးထဲကို ကြက်သွန်ကြော် အဖတ်တွေ ဆယ်ထည့်ပြီး အေးတော့မှ ဆီတွေကို ပေါင်းထည့်ပေးပါနော်။ ပြီးတော့မှ အိုးတစ်လုံးကို မီးဖိုပေါ် တင်၊ အိုးက ခပ်ကျက်ကျက်ပူပြီဆိုရင် ပဲပင်ပေါက်တွေကို ထည့်ပြီး မီးပြင်းပြင်းနဲ့ လှော်ပေးပါ။ (ပဲပင်ပေါက် ရေနွေးဖျောရင် အာဟာရဓါတ်တွေ လျော့သွားမှာ စိုးလို့ လှော်ပြီးသုံးတာပါနော်။) ပြီးတော့မှ ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားလိုက်ပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲ ကြော်ထားတဲ့ ပဲပြားတွေကို ညှပ်ထည့်၊ ပြီးတော့မှ လှီးထားတဲ့ သခွါးသီး၊ ဂေါ်ဖီ၊ ပဲပင်ပေါက်တို့ကိုထည့်၊ ပြီးတော့ မန်ကျည်းနှစ်ထည့်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ အချိုမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်နဲ့ ဆီချက်နိုင်နိုင်ထည့်ပြီး နယ်ပေးပါ။ အရသာအတွက်ကတော့ ကိုယ်နှစ်သက်မယ့်အတိုင်း ထည့်ပါနော်။ ချဉ်ငံစပ်နှစ်သက်ရင် ချဉ်ငံစပ်ထည့်ပေါ့နော်။ အဲ့ဒါဆိုရင်တော့ သတ်သတ်လွတ် ပဲပြားသုပ် ရပါပြီနော်။ သတ်သတ်လွတ်သမားတွေအတွက်တင် မကဘဲ သတ်သတ်မလွတ်သူတွေကတော့ ပဲငံပြာရည်အစား ငံပြာရည်နဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး သုပ်စားနိုင်ပါတယ်နော်။

သတ်သတ်လွတ်မှိုကြော်

1 comments
သတ်သတ်လွတ်စားတဲ့ ချစ်မောင်နှမတွေအတွက် ရည်ရွယ်ပြီး မှိုကြော်လေး ကြော်ပေးပါရစေနော်။ မှိုမှာ သဘာဝအလျှောက် ပေါက်တဲ့မှိုနဲ့ စိုက်ပျိုးမှိုဆိုပြီး ရှိပါတယ်။ တောင်ပို့မှိုကျတော့ နွေအကုန်မိုးအကူးရာသီမှာ စတင်ပြီး ပေါက်တတ်ပါတယ်။ ကောက်ရိုးမှို၊ ငွေနှင်းမှိုစတာတွေကတော့ စိုက်ပျိုးမှိုတွေပါနော်။ အခု ကျွန်မကြော်တဲ့အခါမှာ သုံးမယ့်မှိုကတော့ ကောက်ရိုးမှိုပါ။
မှိုကြော်တဲ့အခါမှာ လူကြီးသူမတွေက အဆိပ်အတောက်ကင်းအောင် ကန်ဇွန်းရွက်လေးထည့်ကြော် ဒါမှမဟုတ်ရင် ငရုတ်သီးစိမ်းလေးထည့်ကြော်ဆိုပြီး အမြဲသတိပေးလေ့ရှိပါတယ်။ အခု မှိုကြော်ဖို့ လိုအပ်တာလေးတွေကတော့ ကောက်ရိုးမှို၊ ကန်ဇွန်းညွန့် နည်းနည်း၊ ငရုတ်သီးစိမ်းအနည်းငယ်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ အချိုမှုန့်အနည်းငယ်နဲ့ ဆီတို့ပါ။

ကောက်ရိုးမှိုက ခူးပြီးခါစမှာ လုံးလုံးဖူးဖူးလေးတွေဖြစ်နေပေမယ့် နောက်တစ်ရက်ကျရင် အပွင့်လေးတွေ ပွင့်အာ ထွက်သွားပါတယ်။ မှိုပွင့်နဲ့ မှိုအခြေက ကောက်ရိုးမျှင်လေးတွေကို ဖယ်ရှားပစ်ဖို့ မှိုပွင့်လေးကို လက်တစ်ဖက်ကကိုင်၊ ရေဇလုံကို အောက်မှာခံထားပြီး မှိုကို ရေဆွတ်ပြီး သွားပွတ်တံအဟောင်းလေးနဲ့ အသာအယာ ပွတ်ဆေးပေးပါ။ ပြီးရင်တော့ မှိုပွင့်လေးတွေကို ရေစင်အောင်ဆေး၊ ထက်ခြမ်းခွဲပြီး ရေစစ်ပေးထားပါ။ ကန်ဇွန်းညွန့်လေးတွေကိုလည်း ရေစင်အောင်ဆေး၊ လိုအပ်သလို ဖြတ်တောက်ပြီး ရေစစ်ပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်းကိုလည်း ရေဆေးပြီး ထက်ခြမ်းခွဲပေးထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး ဓားပြားရိုက်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်ပြီး ဆီထည့်ပါနော်။ ဆီပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းပြီဆိုရင်တော့ မှိုကိုထည့်ပြီး မွှေပေးပါ။ မီးပြင်းပါစေနော်။ ဆား၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အကျဲအနည်းငယ်နဲ့ အချိုမှုန့်အနည်းငယ်ထည့် မွှေပြီး အဖုံးခဏလောက် အုပ်ထားလိုက်ပါနော်။ ၂ မိနစ်လောက်နေလို့ မှိုနူးသွားပြီဆိုရင်တော့ ဒယ်အိုးဖုံးပြန်ဖွင့်ပြီး ကန်ဇွန်းရွက်ထည့်ပြီး မှိုတွေနဲ့ နှံ့အောင် ကြော်ပေးပါ။ ကန်ဇွန်းရွက်နွမ်းတာနဲ့ တပြိုင်နက် ငရုတ်သီးစိမ်းလေးအုပ်ပြီး မွှေပေးပါ။ ဆား၊ အချိုမှုန့်အနည်းငယ်ထပ်ထည့်ပြီး အပေါ့အငံအရသာကိုမြည်းပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေး သတ်သတ်လွတ် မှိုကြော်လေး ရပါပြီနော်။ သတ်သတ်လွတ်စားတတ်တဲ့ မောင်နှမတွေအတွက် ဟင်းတစ်ခွက်ပါနော်။

Saturday, February 2, 2008

ခရမ်းချဉ်သီးပန်ထွေဖျော်

3 comments
သတ်သတ်လွတ်ဟင်းလျာတွေကို ကြိုက်နှစ်သက်တတ်တဲ့ သူငယ်ချင်း အခွံ (ခွန်လင်းချစ်သူ)က ဟင်းသီးဟင်းရွက် သတ်သတ်လွတ်ဟင်းလေးတွေ ချက်ကျွေးပါဦးလို့ ဆိုလာတာကြောင့် ကျွန်မ ဒီနေ့ ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်ကျွေးပါ့မယ်။ ခရမ်းချဉ်သီးပန်ထွေဖျော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအလှော်ထောင်း၊ ပဲပုပ်၊ ဆား၊ အချိုမှုန့်နဲ့ ပူစီနံ အနည်းငယ်တို့ပါနော်။
ခရမ်းချဉ်သီး၊ ပူစီနံ၊ ငရုတ်သီးစိမ်းတို့ကို ရေဆေးပြီးရေစစ်ပေးထားပါ။ ခရမ်းချဉ်သီးကို မီးသွေးမီးဖိုထဲ ထည့်ပြီး မီးအုံးပေးပါ။ မီးအုံးဖို့ အခက်အခဲရှိရင် ဒယ်အိုးထဲ ခရမ်းချဉ်သီးတွေကို ထည့်၊ ရေလေးထည့်ပြီး ရေခမ်းပြုတ်ပေးပါနော်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာပြီး ရေဆေးပေးထားပါ။ ပြီးတော့မှ ကြက်သွန်နီကို မထူမပါးလှီးပြီး ရေဆေးပြီး ရေစစ်ပေးထားပါ။ ကြက်သွန်ဖြူကိုလည်း ဓားပြားရိုက်ပေးထားပါ။ ပဲပုတ်တစ်ချပ်ကိုလည်း ဟိုဘက်ဒီဘက်လှန် အကျက်ညီအောင် မီးကင်ပြီး မညက်တညက်လေး ထောင်းထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း မထူမပါးလှီးပေးထားပါ။ (မီးအုံးပြီး သို့မဟုတ် လှော်ပြီးထည့်လျှင်လည်း ရပါတယ်နော်။) ပူစီနံကိုလည်း အညွန့်လေးတွေ ချွေပြီးထည့်ပေးပါ။ ပူစီနံ မကြိုက်တဲ့သူတွေကတော့ နံနံပင် ဒါမှမဟုတ် ကြက်သွန်မြိတ်ထည့်လို့ရပါတယ်နော်။ ခရမ်းချဉ်သီးရပြီဆိုရင် အအေးခံ၊ ပြီးတော့ အပြင်က အခွံလေးကို နွှာ၊ အသားတွေကို ဇွန်းလေးနဲ့ အသာအယာခြစ်ယူပြီး ပန်းကန်လုံးထဲ ထည့်ထားပေးပါ။ ပြီးတော့ ထောင်းထားတဲ့ ပဲပုတ်လေးကိုထည့်၊
မထူမပါးလှီးထားတဲ့ ကြက်သွန်နီနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်၊ လှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေထည့်၊ ငရုတ်သီးအလှော်မှုန့်လေးလည်း ထည့်၊ အားလေး၊ အချိုမှုန့်လေးထည့်ပြီး ပူစီနံအုပ်ပြီးမွှေလိုက်ပါနော်။ ပဲပုတ်ထောင်းနံ့သင်းသင်းလေး၊ အရသာချဉ်ပြုံးပြုံးလေးနဲ့ သတ်သတ်လွတ်ခရမ်းချဉ်သီးပန်ထွေဖျော်လေး ရပါပြီနော်။ တို့စရာအနေနဲ့ ဘရိုကိုလီပြုတ်၊ ကိုက်လန်ဖူးပြုတ်၊ မုန်ညင်းဖူးပြုတ်တို့နဲ့ လိုက်ဖက်ပါတယ်နော်။