Saturday, January 26, 2008

မုန့်စိမ်းပေါင်းလုပ်စားရအောင်

7 comments

ကျွန်မမောင်နှမတွေနဲ့ ဒီပိတ်ရက်မှာ အလွန်အင်မတန်လက်ဝင်တဲ့ မုန့်စိမ်းပေါင်းကို လုပ်စားကြရအောင်နော်။ ကျွန်မကိုယ်တိုင်လည်း မုန့်ပဲသရေစာထဲမှာ မြန်မာမုန့်တွေကို အနောက်တိုင်းမုန့်တွေထက် ပိုပြီး နှစ်သက်ပါတယ်။ မြန်မာမုန့်တွေက အဓိကအားဖြင့် ဆန်ကိုအခြေခံပြီးလုပ်တာမို့ ဂျုံနဲ့လုပ်တဲ့မုန့်ထက် ပိုပြီးတော့ နှစ်သက်ပါတယ်။
မုန့်စိမ်းပေါင်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်၊ ပဲလွန်း၊ ထန်းလျက်၊ အုန်းသီး၊ ဆား၊ နှမ်းတို့ပါနော်။
ဆန်ကြမ်း နို့ဆီဗူး (၂)လုံးကို၊ ထန်းလျက် (၂၀) ကျပ်သား၊ ပဲလွန်း နို့ဆီဗူးတစ်ဝက်နဲ့ အုန်းသီးတစ်လုံးတို့ လိုအပ်ပါတယ်နော်။

ဆန်ကို သန့်စင်အောင် ပိတ်စနဲ့ ပွတ်တိုက်ပေးပြီး ဆန်မှုန့်ရအောင့် ကြိတ်ပါ။ အုန်းသီးကိုခြစ်ပြီး အုန်းနို့ညှစ်ထားပေးပါ။ အိုးတစ်လုံးကို ထန်းလျက်ထည့်၊ ရေလေးထည့်ပြီး ကျိုပေးပါ။ ထန်းလျက်ပျော်သွားတဲ့အခါ အမှိုက်သရိုက်နဲ့ သဲတွေမပါရအောင် စကာနဲ့ ထန်းလျက်ရည်ကို စစ်ပေးပါ။ ပြီးတော့မှ ထန်းလျက်ကို ညောင်စေးမကျတကျဖြစ်အောင် ကျိုပေးပါနော်။ ပဲလွန်းကိုလည်း ရေစင်အောင်ဆေးပြီး ရေခမ်းပြုတ်ထားပေးပါနော်။
မုန့်စိမ်းပေါင်းကို သုံးထပ်လုပ်မှာမို့ ဆန်မှုန့်နည်းနည်းကို ဆားလေးနည်းနည်းထည့်၊ ပြီးတော့ အုန်းနို့ပျစ်ပျစ်နဲ့ သမအောင် နယ်ပေးပါနော်။ နောက်ထပ်ဆန်မှုန့်နည်းနည်းကိုတော့ ပြုတ်ထားပြီးသား ပဲလွန်းနဲ့ နှံ့အောင် နယ်ပေးပေါနော်။ (တချို့က ပဲကို အလုံးမပျက်စားချင်ကြတာမို့ ဒီအဆင့်မှာ ပဲလွန်းကို ထည့်မနယ်ကြဘူး။) ကျန်တဲ့ဆန်မှုန့်တွေကိုတော့ ကျိုထားတဲ့ ထန်းလျက်ရည်ပျစ်ပျစ်နဲ့ သေသေချာချာနှံ့စပ်အောင် နယ်ပေးပါနော်။
အဲ့ဒီနယ်ပြီးသားမုန့်တွေကို ပထမအဆင့်အနေနဲ့ တစ်ခုချင်းကို ပိတ်စိမ်းပါးလေးတွေနဲ့ ထုပ်ပြီး ပေါင်းကြရအောင်နော်။ ပေါင်းတဲ့အခါ ကောက်ညှင်းပေါင်း ပေါင်းတဲ့ ပေါင်းချောင်နဲ့ပေါင်းလို့ရသလို၊ ဇောက်နက်တဲ့အိုးထဲမှာ ရေထည့်ပြီး အလယ်ကနေ ဇောက်နက်နက် ဇလုံ ဒါမှမဟုတ် ချိုင့်ကို ထည့်၊ အဖုံးပိတ်ပြီး ရေနွေးကိုဆူအောင်လုပ်ပြီး အချိန်ကြာကြာပေါင်းယူလို့ ရပါတယ်နော်။ ဒါမှမဟုတ် ထမင်းပေါင်းအိုးမှာ စကာပါတဲ့အဆင့်လေး ပါပါတယ်။ အဲ့ဒီထမင်းပေါင်းအိုးကို အောက်ကနေ ရေထည့်၊ အပေါ်က စကာပါတဲ့အဆင့်လေးကို ပိတ်စိမ်းပါးလေးခင်းပြီး ပိတ်စိမ်းပါးလေးအပေါ်ကနေမှ မုန့်နှစ်တွေကို ထည့်ပြီး ရေနွေးဆူအောင်လုပ်ပြီး ပေါင်းလို့လည်း ရပါတယ်နော်။
ပေါင်းပြီးတဲ့ မုန့်တွေကိုမှ တစ်ခါပြန်နယ်ပြီး စကာနဲ့ တိုက်ချပေးပါ။ မုန့်လေးတွေ မွမွလေးတွေဖြစ်ရအောင် စကာနဲ့ တိုက်ချရတာနော်။ စကာနဲ့တိုက်ချပြီးသားမုန့်တွေကိုလည်း တစ်မျိုးတစ်ပုံစီ သီးသန့်ထားပေးပါနော်။
နောက်ဆုံးအဆင့် မုန့်ပေါင်းဖို့ ပြင်ကြရအောင်နော့့်  မြန်မာမှာတော့ မုန့်စိမ်းပေါင်း ပေါင်းတဲ့အိုးဆိုပြီး သီးသန့်ရှိပါတယ်နော်။ မုန့်စိမ်းပေါင်းဆိုရင် ရေပုံးလေးကို မှောက်ထားတဲ့ ပုံစံမျိုးလေးပဲ မြင်ဖူးကြတယ်ဆိုတော့ မုန့်စိမ်းပေါင်းကို အဲ့ဒီလိုပေါင်းရမယ်လို့ပဲ မှတ်ယူကြတယ်လေ။ ကိုယ်က နိုင်ငံရပ်ခြားရောက်နေလို့ မုန့်စိမ်းပေါင်း ပေါင်းဖို့ အိုးကို ၀ယ်ဖို့ ဘယ်လိုလိမ့်မလဲနော်။ အဲ့ဒါဆိုရင်တော့ ပုံစံမလှပေမယ့် အလုံးလေးပဲဖြစ်ဖြစ်၊ လေးထောင့်ပုံစံလေးပဲဖြစ်ဖြစ် ရအောင် မုန့်ကိုထပ်တင်ပြီးပေါင်းနိုင်ပါတယ်။
မုန့်စိမ်းပေါင်းပေါင်းတဲ့ အိုးမှာ ကတ်ပြားလေးခံလိုက်ပြီးတော့ ပိတ်စိမ်းပါးလေး ခင်းပေးပါနော်။ အောက်ဆုံးအဆင့်ကနေ ထန်းလျက်နဲ့နယ်ထားတဲ့ မုန့်သားကိုထည့်ပါနော်။ ဒုတိယအဆင့်ကိုတော့ ပဲနဲ့နယ်ထားတဲ့ မုန့်ကိုထည့်ပြီး အပေါ်ဆုံးအဆင့်မှာတော့ အုန်းနို့ပျစ်ပျစ်နဲ့ နယ်ထားတဲ့ မုန့်အဖြူကို ထည့်ပါနော်။ အဲ့ဒီမုန့်နှစ်တွေကို ပေါင်းပေးရမယ်နော်။ ပြီးရင်တော့ အောက်ကနေ ရေနွေးငွေ့နဲ့ ပေါင်းပါနော်။ အဲ့ဒါဆိုရင်တော့ သရီးကာလာ သုံးရောင်ချယ် ချိုဆိမ့်မွှေးလှတဲ့ မုန့်စိမ်းပေါင်းပူပူနွေးနွေးလေးရပါပြီနော်။ အပေါ်ကနေ ခြစ်ထားတဲ့ အုန်းသီးလေးဖြူးပြီး နှမ်းထောင်းလေးဖြူးပြီး မုန့်ပွဲလေးပြင်လိုက်ပါနော်။ ဆောင်းတွင်းချမ်းအေးအေးမှာ အနံ့အရသာနဲ့ပြည့်စုံတဲ့ ပူပူနွေးနွေး မုန့်စိမ်းပေါင်းလေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ကြပါနော်။
(မှတ်ချက်။ ။မုန့်စိမ်းပေါင်းပေါင်းတဲ့ မုန့်ဖိုမှာ သွားရောက်လေ့လာပြီး ရေးပေးထားခြင်းဖြစ်ပါတယ်နော်။)

Friday, January 25, 2008

ချဉ်ပေါင်ဟင်းနဲ့ ငါးကျည်းကြော်

2 comments


ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို မြန်မာဟင်းတလှည့်ချက်ကျွေးပါဦးမယ်နော်။ နေမကောင်းဖြစ်ပြီး နာလန်ထကာစမှာ ဆီပြန်ဟင်းတွေမစားချင်ကြဘူးလေ။ ချဉ်ရည်ဟင်းစပ်စပ်လေးနဲ့ ငါးကြော်ကြွတ်ကြွတ်လေး စားချင်တတ်ကြတယ်မဟုတ်လား။ နေ့စဉ်ဆက်တိုင်း တရုတ်အစားအစာတွေ၊ fast food တွေ စားရတာများလာရင် တစ်ခါတလေ မြန်မာဟင်းကို လွမ်းတတ်ကြတယ်လေ။ အဲ့ဒီအတွက်ကြောင့် ဒီနေ့ ကျွန်မ ချဉ်ပေါင်ဟင်းနဲ့ ငါးကျည်းကြော် ချက်ကျွေးပါမယ်နော်။
ချဉ်ပေါင်းဟင်းအတွက် လိုအပ်တာတွေကိုတော့ ချဉ်ပေါင်၊ ငါးကြင်း၊ မျှစ်၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်သီးအရောင်တင်မှုန့်အနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ နနွင်းမှုန့်နဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။ ငါးကျည်းကြော်အတွက်ကတော့ ငါးကျည်း၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်နဲ့ ဆီတို့ပါ။
ငါးကျည်းတွေကို အကျိအချွဲတွေ ကုန်စင်သွားရအောင် မန်ကျည်းမှည့်၊ ဆားနဲ့ နယ်ပြီး ဆေးပေးပါ။ ပြီးရင် ငါးခေါင်းကို ဖြတ်ပစ်ပါ။ ငါးဗိုက်ထဲက အူနဲ့ သည်းခြေအိတ်ကို ဖယ်ထုပ်ပစ်ပါ။ ငါးကို ရေထပ်ဆေးပြီးတော့မှ ဓားနဲ့ မွှန်းပေးပါ။ (ငါးကို မွှန်းလိုက်တဲ့အတွက် ငါးကို နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်တို့နဲ့ နယ်တဲ့အခါ ပိုပြီး အရသာ ၀င်သလို ကြော်တဲ့အခါလည်း အကျက်ညီ အကြွပ်ညီစေသလို ဆီလည်း မပေါက်တော့ဘူးပေါ့။) ငါးကို နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ။
ချဉ်ပေါင်ရွက်တွေကို ချွေပြီး ရေဆေးပြီး ရေစစ်ထားပေးပါ။ ငါးကြင်းကိုလည်း အကြေးခွံခွာ၊ အတောင်ဖယ်ပစ်၊ ရေဆေး၊ အရွယ်တော်အတုံးလေးတွေတုံးပြီး ဆား၊ ငံပြာရည်နယ်ပေးထားပါ။ မျှစ်ကိုလည်း ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင်လှီးထားပေးပါ။ ငရုတ်သီးစိမ်းလေးတွေကိုလည်း ရေဆေးပြီး ထက်ခြမ်းခွဲထားပေးပါ။ နံနံပင်ကိုလည်း အမြစ်တွေဖယ်၊ မကောင်းတာတွေဖယ်ပြီး ရေဆေး၊ ရေစစ်ပေးထားပါ။ ငါးပိစိမ်းစားကိုလည်း ရေဖျော်ထားပေးပါနော်။ ကြက်သွန်ဖြူနီကိုလည်း အခွံနွှာပြီး ငရုတ်သီးအရောင်မှုန့်နဲ့ ရောထောင်းထားပေးပါ။အားလုံးအသင့်ဖြစ်ပြီဆိုရင် ငါးကြော်အရင်ကြော်ကြရအောင်နော်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် ငါးကျည်းတွေကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပေးပါ။ တစ်ဘက်က သေသေချာချာကျက်မှ နောက်တစ်ဖက်ကိုလှန်ပါနော်။ စိတ်လောအားကြီးပြီး တစ်ဖက်က မကျက်သေးဘဲ နောက်တစ်ဖက်ကို လှန်လိုက်ရင် ငါးအသားတွေ ဒယ်အိုးနဲ့ကပ်ပြီး ကျန်ခဲ့ပြီး ငါးကြော်မဟုတ်ဘဲ ငါးကြေဖြစ်သွားတတ်လို့ပါနော်။ ငါးကြော်ကို ဟိုဘက်ဒီဘက် သေချာကျက်အောင် ကြွပ်အောင် ကြော်ပြီးပြီဆိုရင်တော့ ဒယ်အိုးထဲက ဆယ်ပြီးတော့ ဆီစုပ်တစ်ရှူးလေးခင်းထားတဲ့ ပန်းကန်ပြားလေးထဲ ထည့်ထားလိုက်ပါနော်။
ငါးကြော်ထားတဲ့ ဆီကျန်တာ များနေရင် ခပ်ထားလိုက်ပြီး ဆီလေးနည်းနည်းနဲ့ ငရုတ်သီးဆီသတ်လိုက်ပါနော်။ ပြီးရင်တော့ နယ်ထားတဲ့ ငါးကြင်းလေးကိုထည့်ပြီး ဆီသတ်ပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်ခပ်ထားလိုက်ပါနော်။ ပြီးတော့မှ ချဉ်ပေါင်ရွက်တွေကိုထည့်ပြီး ကြေအောင် မွှေပေးပါ။ ချဉ်ပေါင်ကြေပြီဆိုတာနဲ့ မျှစ်ကိုထည့်ပြီး မွှေပေးပါ။ ပြီးတော့ ရေဖျော်ထားတဲ့ ငါးပိစိမ်းစားလေးကိုထည့်ပေးပြီး ချဉ်ပေါင်မျှစ်နဲ့ အတူ နှံ့အောင် မွှေပေးပါ။ ပြီးတော့မှ ရေထည့်၊ ဆား၊ အချိုမှုန့်လေးထည့်ပြီး ဟင်းအိုးပွက်ပွက်ဆူအောင်တည်ပေးပါ။ ဟင်းအိုးပွက်ပွက်ဆူလာတာနဲ့ ဆီသတ်ထားတဲ့ ငါးကိုထည့်၊ ထက်ခြမ်းခွဲထားတဲ့ ငရုတ်သီးစိမ်းတွေကိုထည့်ပြီး ပွက်အောင်တည်ပေးပါ။ ဟင်းအိုးပွက်လာတာနဲ့ အပေါ့အငံကိုမြည်းပြီး နံနံပင်လေး အုပ်လိုက်ရုံပါပဲနော်။
အဲ့ဒါဆိုရင်တော့ ချဉ်ပေါက်ရွက်ဟင်းနဲ့ ငါးကျည်းကြော်ကြွပ်ကြွပ်လေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီနော်။ အားပေးကြပါဦးမောင်နှမတို့ရေ့ 
(မှတ်ချက်။ ။ပြည်ပရောက်နေတဲ့မောင်နှမတွေချဉ်ပေါင်ရွက် ၀ယ်မရခဲ့ရင် spinach အရွက်ကို ၀ယ်ပြီး ပါးပါးလှီးပြီး နူးအောင်မွှေ၊ ပြီးတော့မှ မန်ကျည်းနှစ်လေးအုပ်ပြီး ချဉ်ပေါင်ရွက်အစားထိုးချက်စားလို့ရပါတယ်နော်။

Thursday, January 24, 2008

ဆေးဘဲဥသုပ်

2 comments

ဒီနေ့ ကျွန်မရဲ့မောင်နှမတွေကို ဆေးဘဲဥသုပ်ကျွေးချင်တယ်။ ဆေးဘဲဥကို ဖီတန်လို့လဲ ခေါ်ကြပါတယ်။ ပြည်ပရောက်နေသူတွေလည်း အလွယ်တကူ ၀ယ်ယူလို့ရတဲ့အပြင် ဟင်းချက်သလို အချိန်ပေးစရာမလိုဘဲ အချိန်တိုအတွင်း ဟင်းတစ်ခွက်ဖြစ်အောင် လုပ်ယူနိုင်တဲ့အတွက် အချိန်ချွေတာရသူတွေအတွက် အဆင်ပြေသလို အသုပ်ဖြစ်တဲ့အတွက် ခံတွင်းလည်း မြိန်စေပါတယ်နော်။








ဆေးဘဲဥသုပ်ဖို့အတွက် လိုအပ်တာတွေကတော့ ဆေးဘဲဥနှစ်လုံး၊ ခရမ်းချဉ်သီးအလုံးကြီးတှစ်လုံး၊ ကြက်သွန်နီ အလုံးကြီး တစ်လုံး၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ အချိုမှုန့် ၊ သံပုရာသီး၊ နံနံပင်နဲ့ ဆီချက်တို့ပါ။
ဆေးဘဲဥကို အခွံနွှာပြီး မထူးမပါး လှီးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာရေးဆေးပြီး ပါးပါးလေးလှီးထားပေးပါ။ ပြီးတော့မှ ရေဆေး၊ ရေစင်အောင်ညှစ်ပြီးတော့ ရေစစ်ထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ခပ်ပါးပါးလေးလှီးပေးထားပါ။ နံနံပင်ကိုလည်း ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါ။ ဆီချက်ကတော့ အဆင်သင့်ရှိပြီးသားမို့ ချက်မနေတော့ဘူးနော်။ သံပုရာသီးကိုလည်း ရေဆေးပြီး လှီးထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို အရင်ထည့်ပါ။ ပြီးရင် ဆီချက်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ သံပုရာရည်လေးဆမ်းပြီး အားလုံးနှံ့အောင် နယ်ပေးပါ။ ပြီးမှ လှီးထားတဲ့ ဆေးဘဲဥကိုထည့်ပြီး အားလုံးသမသွားအောင် ခပ်ဖွဖွလေးနယ်ပေးပါနော်။ ပြီးရင် အရသာအပေါ့အငံကိုမြည်းပြီး လိုတာ ထပ်ထည့်ပါနော်။ နောက်တော့ ပန်းကန်တစ်ချပ်ကို ယူ၊ အသုပ်လေးကို အသာလေးထည့်၊ အပေါ်ကနေ နံနံပင်လေးအုပ်ပြီး ကြက်သွန်ကြော်လေးဖြူးလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင် ချဉ်ငံစပ်ဆိမ့်နဲ့ ဆေးဘဲဥသုပ်လေး ရပါပြီနော်။ ပန်းကန်လှလှနဲ့ ပွဲမပြင်ပေးနိုင်တာ ခွင့်လွှတ်ပါနော်။ အလှူနေ့က ဟင်းပွဲတွေကများနေလို့ စားပွဲဝိုင်း မဆန့်တာမို့ ပန်းကန်လုံးနဲ့ပဲ ထည့်ုလိုက်ရတယ်။ ချစ်မောင်နှမတွေလည်း ဟင်းချက်ဖို့ အချိန်မရတဲ့အခါ ဆေးဘဲဥသုပ်လေး သုပ်စားကြည့်ပါဦးနော်။

Wednesday, January 23, 2008

ကော်ပြန့်စိမ်း

1 comments
ကျွန်မရဲ့ချစ်မောင်နှမတွေအတွက် စားဖိုမှူးကြီး ဂျေရဲ့ ကော်ပြန့်စိမ်း summer roll နဲ့ ဧည့်ခံပါရစေဦးနော်။ ကော်ပြန့်စိမ်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ပြောပြပါရစေဦးနော်။ ၀က်သား - ကီလိုဝက်၊ စိမ်းစားဥ (၁.၅လက်မအရွယ်) - ၅လုံး၊ ကြက်သွန်ဖြူ - ၄မြွှာ၊ ဆား - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)၊ အချိုမှုန့် - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)၊ ပဲငံပြာရည်အကျဲ - ၂ဇွန်း၊ ကြက်သွန်နီမိတ် - ၅ပင် (၃ပင်ကို စိတ်၍ လိပ်တဲ့အထဲထည့်ပြီး ကျန်၂ပင်ကို ၂လက်မအရွယ် စိတ်၍ ကိုက်စားရန် သုံးပါသည်)၊ မုန်လာနီ (၄လက်မအရွယ်) - ၅ဥ၊ ဂေါ်ဖီထုပ် - (စိပ်ထားသော မုန်နာနီနှင့် ပမာဏတူ)၊ ဘိုစားပဲ - (စိပ်ထားသော မုန်နာနီနှင့် ပမာဏတူ)၊ ပဲပင်ပေါက် - (စိပ်ထားသော မုန်နာနီနှင့် ပမာဏတူ) (ကြိုက်လျှင်ထည့်ပါ၊ ရေထွက်သောကြောင့်လည်းကောင်း၊ ရက်ကြာကြာထားစားမရသောကြောင့်စာရေးသူမသုံးပါ)၊ ဘဲဥ(ကြက်ဥ) - ၃လုံး ( ပွအောင် ခေါက်ထားပါ )။ ပြုတ်ထားသောဂဏန်း အသား - ၃ဇွန်း (အနံ့ အတွက်အဓိကဖြစ်ပါသည်။ ပိုထဲ့နိုင်လျှင် ချိုပါသည် အချိုမှုန့်ပင် မလိုပါ)။ ကော်ပြန့်ရွက်ကိုတော့ တိုရှည်နဲ့ ခပ်ဆင်ဆင်တူတဲ့ အာပုံကို သုံးမှာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်နေသူတွေ ကတော့ rice paper ကို သုံးနိုင်ပါတယ်နော်။အဆာအတွက်ကတော့ ၀က်သား ဒါမှမဟုတ် ကြက်သားကို သန့်စင်အောင် ရေဆေးပြီး ခပ်နုပ်နုပ်လေးတွေဖြစ်အောင် စင်းပေးပါ။ မုန်လာဥနီ၊ ကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ စိမ်းစားဥကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ ဂေါ်ဖီထုပ်ကိုလည်း သေသေချာချာ ရေဆေးပြီး ခပ်ပါးပါးလှီးပါ။ ဘိုစားပဲကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးထားပေးပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ရေစစ်ထားပေးပါ။ အားလုံးကို သီးသန့် ထားရမည် ဖြစ်ပါသည်။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပြီး နှပ်နှပ်စင်းပါ။ ပဲပြားတခုကို အချပ် ၈ချပ်ရအောင်စိတ်ပါ။ ဘဲဥကို ပွအောင် ခေါက်ထားပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ်သာထည့်ပြီး အိုးအနှံ့  ဆီရောက်အောင် လှည့်မွှေပေးပါ။ ခေါက်ထားသော ဘဲဥကို ထဲ့ပြီး ခေါက်မုန့် ပုံစံအပြားဖြစ်ရန် ဒယ်အိုးကို လှည့်ပေးးပြီး ကြွတ်အောင် ကြော်ပါ။ လိုအပ်လျှင် ဆီအပေါ်မှ နဲနဲ လူးပေးပါ။ ဆယ်ပြီးပုဂံပြားထဲထဲ့ထားပါ။ ဘဲဥအရည် အားလုံးကို အချပ်ဝိုင်းဖြစ်ရန် ကြော်ပြီးပါက ထပ်မံ ဆီထည့်ပြီး ပဲပြားကြော်ပါ။ ကြွပ်အောင်ကြော်လျှင် ၀ါးသောအခါ ပါးညောင်းပါသဖြင့် အနည်းငယ် ညိုရောင်သန်းလျှင်ဆယ်ပြီးဆီစစ်ထားပါ။ ပြီးလျှင် နုတ်နုတ်စင်း ထားတဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ နဲနဲဝါလာ ပြီဆိုတာနဲ့ နုတ်နုတ်စင်းထားတဲ့အသားနှင့် ဂဏန်းအသား တွေကိုထည့်ပြီး ကြော်ပြီး ဖယ်ထားပါ။ ပြီးရင် လှီးထားတဲ့ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲနဲ့ ပဲပင်ပေါက်တို့ကို တခုချင်းထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပြီး ပုဂံပြားထဲထည့်ထားပါ။ ဟင်းရွက်တွေ အရည်ထွက်လို့ ကုန်အောင် ချက်ပါတယ်၊ ပြီးလျှင် အားလုံးပြန်ရောပြီး အပေါ့အငံမြည်းပါသည်။ တခုချင်းကြော်ရခြင်းမှာ တချို့ ဟင်းရွက်များ အရည်ထွက်လွန်းသောကြောင့်လည်းကောင်း မုန်လာနီအရောင် တခြားဟင်းရွက်သို့ မစွန်းသွားရန် လည်းကောင်းဖြစ်ပါသည်။

ဘဲဥကြော် အပြားဝိုင်းများကို ၁လက်မအရွယ် အမျှင်များဖြစ်ရန် ပါးပါးလှီးစိတ်ပါ။ ပဲပြားကိုလည်း ပါးပါးလှီးစိတ်ပါ။ ပုဂံထဲတွင် သီးသန့် ထားပါ။ ပြီးတော့မှ အဆာတွေကို ဒယ်အိုးထဲကနေ အဆာတွေကို အိုးထဲတွင် အအေးခံ အရည်စစ်ရန်ထားပြီးမှ ပန်းကန်ပြားကြီးကြီးတစ်ချပ်ထဲ ဇွန်းဖြင့် အရည်စစ် ခပ်ယူထားပြီး အအေးခံထားပါ။

ပုဂံပြားထဲတွင် ကော်ပြန့်ရွက်တစ်ရွက် ခင်း၊ ဆလပ်ရွက်ထိပ်ပိုင်းကို ဖြန့် ခင်း ဆလပ်ရွက်ပေါ် အစာကို ဇွန်း၂-၃ဇွန်း ခပ်ထဲ့ပါ။ (ဟင်းရွက်များ အရည်ထပ်ထွက်သောကြောင့် အိုးကိုစောင်းပြီး အရည်စစ်ပါ (သို့ ) အပေါ်ယံအသားများကို ခရင်း၂ချောင်းဖြင့် အရည်ညှစ်ထဲ့ပါ။) အဆာများကို ညီအောင်ညှိထဲ့ပါ။ပဲပြားကြော်၊ ဘဲဥကြော်အမျှင်နှင့် အသားကြော်များအပေါ်မှ ထပ်ထဲ့ပါ၊ ကော်ပြန့် အဖတ်ကို ပထမ အောက်ခြေမှ အရွက်ပေါ်အုပ်ပါ။ အုပ်ထားသော အဆာရှေ့ ဘက်တွင် ပဲငါးပိ အပျစ် အချိုရည်ကို ဇွန်းသေးတ၀က်ခန့် ထည့်ပြီး လက်ဘက်ရည်ဇွန်းဖင်ဖြင့် အရှည်လိုက်ပွတ်ပါ။ ပြီးမှ ဘေး၂ဖက် အစွန်းကိုထပ်ခေါက်ပြီးလိပ်ပါ။ အဆုံးရောက်ခါနီးလျှင် ကော်ပြန့် သားကို ငရုတ်ရည် အနီရောင်သုတ်လိမ်းပြီးကပ်လိုက်ပါ။ကော်ပြန့် မှာ အဖြူရောင် အလိပ်တွင် အညိုရောင် အနီရောင် တကွက်စီဖြင့် လှပသွားပါမည်။

စားသောအခါတွင် ကြက်သွန်နီမိတ်ဖြင့်စားပါက ပိုမွှေးပါမည်။

Tuesday, January 22, 2008

ကဏန်းသားသီးစုံကြော်

0 comments


ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို ကဏန်းသားသီးစုံကြော်နဲ့ ဧည့်ခံပါရစေဦးနော်။ ကဏန်းသားသီးစုံကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ (baby corn) လို့ အများခေါ်ကြတဲ့ ပြောင်းဖူးသားလေးတွေ၊ မုန်လာဥနီ၊ ရွှေပဲသီး၊ ပဲပိုးတီ၊ ကြက်သွန်ဖြူ၊ နီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ဟင်းခပ်မှုန့်နဲ့ ဆီတို့ပါနော်။
ဂဏန်းအသားဗူးကတော့ ရယ်ဒီမိတ်ဗူးက ၀ယ်ထားတာမို့ ကဏန်းအသားတစ်ခုချင်းကို အပြင်က အုပ်ထားတဲ့ ပလတ်စတစ်ကိုခွါပြီး အရွယ်လေးတော်အနေလေးတွေဖြစ်အောင် လှီးထားပေးပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေဆေးပြီး ပန်းပွင့်ဖေါ်လှီးတာက လှီး၊ ခပ်ရှည်ရှည်မျှင်မျှင်လေးတွေဖြစ်အောင်လှီးပေးပါ။

ပြောင်းဖူးပေါက်စကိုတော့ ရေဆေးပြီး ခပ်စွေစွေလေးတွေဖြစ်အောင် လှီးထားပေးပါ။ ရွှေပဲသီးကိုလည်း အညှာဘက်ကနေ အောက်ဘက်ကို ဆွဲချပြီး ဘေးနှစ်ဘက် အမျှင်တွေပါ ပါအောင် ဖယ်ထုတ်ပစ်ပြီး ရေဆေးပြီး ရေစစ်ထားပါ။ ရေစစ်သွားရင်တော့ သူ့ကိုလည်း လက်တစ်လုံးအရွယ်လောက်လေးတွေ လှီးပေးပါ။ ပဲပိုးတီကိုတော့ ရေဆေးပြီး အလျားလိုက် ထက်ခြမ်းခြမ်းပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း အခွံနွှာပြီး ရေဆေးပေးထားပါ။ ပြီးရင်တော့ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး လေးစိတ်ထိုးပေးပါ။ ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုတာနဲ့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထည့်၊ ဆီပူလာပြီဆိုတာနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ လေးစိတ်ထိုးထားတဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီး နွမ်းလာတာနဲ့ တပြိုင်နက် ဂဏန်းသားတွေကိုထည့်ပြီး ကြော်ပေးပါ။ ပြီးရင် လှီးထားတဲ့ ပြောင်းဖူးပေါက်စကို ထည့်ပြီးမွှေပေးပါ။ တစ်မိနစ်လောက်နေရင်တော့ ပဲပိုးတီကိုထည့်ပြီး ဆက်ကြော်ပေးပါ။ ပြီးရင် မုန်လာဥနီကိုထည့်ပြီး နှံ့အောင်ကြော်ပေးပါ။ နောက်ဆုံးတော့ ရွှေပဲသီးကိုထည့်ပြီး ကြော်ပါ။ အပေါ့အငံအတွက် ပဲငံပြာရည်အကြည်နည်းနည်း၊ ဆား၊ သကြားလေးနဲ့ ဟင်းခပ်မှုန့်အနည်းငယ်ကိုထည့်ပြီး အသီးအရွက်အသား အကုန်နှံ့အောင် မွှေပေးပါ။ ပြီးရင် အပေါ့အငံမြည်းပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အသီးအရွက်ကြိုက်တတ်တဲ့ မောင်နှမတွေအတွက် ရည်ရွယ်ပြီး ချက်ပေးလိုက်ပါတယ်နော်။ အားပေးကြပါဦး ချစ်မောင်နှတို့ရေ့ 

Monday, January 21, 2008

နို့ကီဝီကျောက်ကျော

5 comments




ကျွန်မတို့ရပ်ကွက်မှာ အသံမစဲပဋ္ဌာန်းပွဲအတွက် ရွတ်ဖတ်ပူဇော်နေတဲ့ ဘုန်းဘုန်းတွေကို မနေ့က ကျွန်မတို့အိမ်မှာ အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီအထဲက အချိုပွဲထဲမှာ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ နို့ကီဝီကျောက်ကျောကျိုနည်းလေးကို ဝေမျှလိုက်ရပါတယ်ရှင်။ ဟင်းပွဲတွေနဲ့ ကျန်တဲ့အချိုပွဲဖြစ်တဲ့ စတော်ဘယ်ရီကျောက်ကျောနဲ့ အုန်းနို့ကျောက်ကျော၊ ပူတင်းတို့ကိုလည်း အခါအခွင့်သင့်တိုင်း တင်ပေးသွားမယ်နော်။
နို့ကီဝီကျောက်ကျောအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ကျော (တယ်လီဖုန်းတံဆိပ်) အထုပ်ကြီးတစ်ထုပ်၊ နွားနို့အစိမ်း (၃ လီတာ)၊ သကြား ၃၅ ကျပ်သားတို့ပါနော်။ ကျောက်ကျောမကျိုခင်မှာ ကျောက်ကျောအမှုန့်နဲ့ သကြားကို ရောသမပေးထားပါနော်။ ကီဝီသီးကိုလည်း အခွံနွှာထားပြီး ခပ်သေးသေးလေးတွေဖြစ်အောင် လှီးပေးထားပါ။


အားလုံးအသင့်ပြင်ထားပြီးပြီဆိုရင်တော့ အိုးတစ်လုံးသန့်သန့်ထဲကို နွားနို့ထည့်ပြီး မီးဖိုပေါ်တင်ပါ။ နွားနို့တွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ရောထားတဲ့ ကျောက်ကျောမှုန့်နဲ့ သကြားကို ထည့်ပြီး ကျိုပေးပါနော်။ မိနစ် ၂၀ လောက်ကြာရင်တော့ ကျောက်ကျောအရည်က ခပ်ပျစ်ပျစ်လေးဖြစ်လာပါပြီနော်။ ခဲမခဲ သိရအောင် ပန်းကန်ပြားလေးထဲကို ကျောက်ကျောရည်ကို အစက်လေးချကြည့်ပါ၊ ခဏလေးနေလို့ ခဲသွားပြီဆိုရင်တော့ ဗန်းထဲ ဒါမှမဟုတ် ကိုယ်ထည့်မယ့် ဗူးလေးတွေထဲကို ကျောက်ကျောကို ထည့်ပြီး အအေးခံပေးပါ။ ကျောက်ကျောကို ဗန်းထဲထည့်ပြီး ၅ မိနစ်လောက်နေရင် လှီးထားတဲ့ ကီဝီသီးတွေကို ကျောက်ကျောထဲ ထည့်ပြီး ကီဝီသီးတွေနဲ့ ကျောက်ကျောတွေ နှံ့သွားအောင် တူလေးနဲ့ အသာလေးမွှေပေးပြီး အအေးခံထားပေးပါနော်။ အေးသွားပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ လှီးပြီး ပန်းကန်ပြားလေးထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။ နွားနို့ရဲ့ ခပ်ဆိမ့်ဆိမ့်အရသာထဲမှာ ကီဝီသီးချိုချဉ်အရသာလေးနဲ့မို့ အအီပြေလေး သုံးဆောင်နိုင်ပါတယ်။ ချစ်မောင်နှမတို့လည်း အချိန်လည်းရမယ်၊ ၀ယ်ရခြမ်းရလည်း အဆင်ပြေမယ်ဆိုရင် နို့ကီဝီသီးကျောက်ကျောလေးကို ကျိုစားကြည့်ကြပါလားနော်။ အလုပ်တွေက အရမ်းများနေတော့ ဓါတ်ပုံကောင်းကောင်းမရိုက်လိုက်ရပါဘူးနော်။ ဗန်းထဲထည့်ပြီး အအေးခံထားတဲ့ပုံရယ်၊ ဒီနေ့ရုံးကိုယူလာပြီး သူငယ်ချင်းတွေအတွက် ကျွေးတဲ့ထဲက ပုံကိုပဲ ထည့်လိုက်တယ်နော်။ သိပ်တော့မလှဘူးနော်။

Saturday, January 19, 2008

ထမင်းကြော်

1 comments


ကျွန်မတို့နံနက်ခင်း အဆာပြေစာအတွက် ထမင်းကြော်လေး ကြော်စားကြရအောင်နော်။ ထမင်းကြော်ကို ပဲပြုတ်နဲ့ ကြော်တတ်သလို အသား၊ အသီးအနှံလေးတွေနဲ့လည်း ကြော်တတ်ပါတယ်နော်။ ဒီနေ့တော့ အသားရယ်၊ အသီးအနှံရယ်နဲ့ ထမင်းကြော် ကြော်ကြရအောင်နော်။
ထမင်းကြော်ဖို့အတွက် လိုအပ်တာကတော့ ချက်ပြီးသား ထမင်း၊ ကြက်သား၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်မဆလာ၊ ကြက်ဥတစ်လုံးနဲ့ ဆီတို့ပါနော်။ <

ထမင်းကို အတုံးလိုက်ဖြစ်မနေဘဲ ပွပွလေးဖြစ်အောင် မွထားပေးပါနော်။ ကြက်သားကို ရေစင်အောင်ဆေး ပါးပါးလေးတွေလှီးပြီး ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပေးထားပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေစင်အောင်ဆေးပြီး သေးသေးနုတ်နုတ်လေးတွေဖြစ်အောင် လှီးပေးထားပါ။ ဘိုစားပဲကိုလည်း ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါနော်။ ကြက်သွန်မြိတ်ကိုလည်း ရေဆေး၊ ရေစင်အောင်ခါပြီးတော့ ခပ်ပါးပါးလေးလှီးပေးထားပါနော်။ ကြက်ဥကိုလည်း ဆားလေးနည်းနည်း တရုတ်မာဆလာလေးနည်းနည်းနဲ့ သေသေချာချာ ခေါက်ပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် ဆီထည့်၊ ဆီပူလာပြီဆိုတာနဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီစိမ်းနံ့ပျောက်ပြီး နွမ်းလာပြီဆိုတာနဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သားနူးလောက်ပြီဆိုရင် လှီးထားတဲ့ မုန်လာဥနီကိုထည့်ပြီး ကြော်ပေးပါ။ မုန်လာဥနီ ကျက်ခါနီးလောက်မှာ လှီးထားတဲ့ ဘိုစားပဲကိုထည့်ပြီး ခပ်မြန်မြန်လေးကြော်ပေးပါ။ တဆက်တည်းဆိုသလို ခေါက်ထားတဲ့ ကြက်ဥကိုလည်း ထည့်ကြော်ပေးပါ။ ကြက်ဥကျက်တာနဲ့ တပြိုင်နက် ထမင်းကိုထည့်ပြီး အသီးအနှံအသားတွေနဲ့ ထမင်းကို နှံ့အောင် မွှေပေးပါ။ မီးပြင်းပြင်းလေးနဲ့ ခပ်မြန်မြန်လေးမွှေပြီး ကြော်ပေးပါ။ ထမင်းသားလေးတွေ ခပ်တောင့်တောင့်ဖြစ်လာတာနဲ့ အပေါ့အငံကိုမြည်းပါ။ အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုတာနဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေးတွေကိုအုပ်ပြီး နည်းနည်းမွှေပေးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမင်းကြော် ပူပူလေးရပါပြီနော်။
အချဉ်ကိုတော့ မိမိနှစ်သက်မယ့် သခွါးသီး ဒါမှမဟုတ် ကြက်သွန်နီလေးကို လှီး၊ ပြီးတော့ အချဉ်စိမ်ထားတဲ့ ငရုတ်သီးတောင့်လေးထည့်၊ ပြီးတော့ chito ငရုတ်ဆီလေးဆမ်းပြီး အချဉ်ပွဲပြင်နိုင်ပါတယ်။
ကဲ့  ကျွန်မရဲ့ ချစ်မောင်နှမများအားလုံး ပိတ်ရက်ရဲ့ မနက်ခင်းအဆာပြေစာအတွက် ထမင်းကြော်လေး ကြော်စားလိုက်ကြရအောင်နော့့်

Thursday, January 17, 2008

အော်ကွေ့ ကြည်လုပ်စားရအောင်

7 comments
ဒီနေ့တော့ ကျွန်မတို့ မော်လမြိုင်မှာ မုန်လာဥမုန့်လို့ခေါ်တတ်တဲ့ အော်ကွေ့ကြည်မုန့် လုပ်စားကြရအောင်နော်။ အဆာပြေစာတွေကြိုက်တဲ့ ညီမလေးသိမ့် မမနဲ့အတူ လာဝိုင်းကူနော်။ အော်ကွေ့ ကြည်ကို ကျွန်မတို့ ငယ်ငယ်တုန်းက ကျောင်းမုန့်စားတန်းမှာ အများဆုံး ၀ယ်စားဖူးတယ်။ မုန်လာဥမုန့်လို့ခေါ်ပေမယ့် မုန်လာဥနဲ့အပြင် ပိန်းဥ၊ ရွှေဖယုံသီးတို့နဲ့လည်း လုပ်ကြပါတယ်။ မုန်လာဥနဲ့က အနံ့တစ်မျိုးဖြစ်တာမို့ ဒီတစ်ခါတော့ ကျွန်မတို့ ပိန်းဥရယ် ရွှေဖယုံသီးရယ်တို့နဲ့ လုပ်စားကြရအောင်နော်။
အော်ကွေ့ကြည်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်နို့ဆီဗူး(၂) လုံး၊ ပိန်းဥ (၂၅) ကျပ်သား၊ ရွှေဖယုံသီး အခွံနဲ့အစေ့ထုတ်ပြီးသား (၂၅) ကျပ်သား၊ ပုဇွန်ခြောက် အနည်းငယ် (မထည့်လဲ ရပါတယ်နော်။ သတ်သတ်လွတ်စားမယ့်သူတွေအတွက် မလိုပါဘူးနော်)၊ ဆီအနည်းငယ်တို့ပါနော်။

ဆန်ကို ရေနဲ့သန့်စင်အောင်ဆေးထားပေးပါ။ ပိန်းဥ (သို့မဟုတ်) ရွှေဖယုံသီးတို့ကိုလည်း ပါးပါးသေးသေးလေးတွေဖြစ်အောင် လှီးထားပြီး သီးသန့်ခွဲပေးထားပါ။ ပုဇွန်ခြောက်ကိုလည်း ကြိတ်ထားပေးပါ။ ပြီးတော့မှ ဆန်တစ်ဝက်နဲ့ ပိန်းဥ (သို့မဟုတ်)ဲရွှေဖယုံသီးတို့နဲ့အတူရောပြီး မုန့်ကြိတ်ပါ။ မုန့်နှစ်ရအောင် ကြိတ်ပြီးသား မုန့်ရည်ကို မုန့်အိတ်ထဲထည့်ပြီး မုန့်အိတ်ကို ထိပ်ကနေ ကြိုးနဲ့ချည်ပြီး မုန့်ရည်စစ်ပေးပါနော်။ မုန့်ရည်တွေ စစ်သွားတဲ့အခါ မုန့်နှစ်တွေကို ကြိတ်ထားတဲ့ ပုဇွန်ခြောက်နဲ့အတူ ရောနေပေးပါနော်။ ပြီးရင် အဲ့ဒီမုန့်နှစ်တွေကို ပေါင်းပေးရမယ်နော်။ မုန့်နှစ်တွေပေါင်းတဲ့အခါ မုန့်နှစ်ကို ခပ်ဝိုင်းဝိုင်း ပုံစံခွက်ထဲထည့်ပြီး ရေနွေးပွက်ပွက်ဆူအိုးထဲထည့်ပြီး နာရီဝက်လောက်အနည်းဆုံးထားပြီးပေါင်းပေးပါနော်။ ပိန်းဥနဲ့ ကြိတ်ထားတဲ့ မုန့်သားက ဖြူပြီး ထုတ်ထုတ်လေးဖြစ်နေပါလိမ့်မယ်။ ရွှေဖယုံသီးနဲ့ပေါင်းထားတဲ့ မုန့်သားကတော့ လိမ္မော်ရောင်သန်းပြီး ခပ်အိအိလေးဖြစ်နေပါမယ်နော်။ ပြီးတော့မှ ပေါင်းပြီးသား မုန့်နှစ်ကိုမှ လက်တစ်လုံးလောက်အထူယူပြီး လှီးပေးပါနော်။
မီးဖိုပေါ်မှာ ဒယ်အိုးအပြန့်လေးကိုတင် ဒယ်အိုးပူလာပြီဆိုရင် ဆီလေးနည်းနည်းထည့်၊ ဆီပူလာပြီဆိုရင်တော့ ခုနကလှီးထားတဲ့ မုန့်သားတွေကို ဒယ်အိုးပေါ်မှာ ဖြန့်ချပြီး ကြော်ပေးပါနော်။ ဟိုဘက်ဒီဘက်အကျက်ညီအောင် မီးအသင့်အတင့်နဲ့ ကြော်ပေးပါနော်။ ကျက်သွားပြီဆိုရင်တော့ ဒယ်အိုးထဲကနေ အကြော်တွေကို ဆယ်ပြီး ဆီစုပ်တစ်ရှူးလေးခင်းထားတဲ့ ပန်းကန်ပြားထဲ ထည့်ပေးပါနော်။
ပြီးရင်တော့ မုန့်ကြော်လေးတွေကို ယူပြီး ကပ်ကျေးလေးနဲ့ ညှပ်ပြီး ပန်းကန်ပြားထဲ ထည့်ပေးပါ။ ပြီးတော့ အပေါ်ကနေ အချဉ်ရည် ဆမ်းပြီး ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါတယ်ရှင်။ ပိန်းဥအော်ကွေ့ကြည်က စေးစေးထုတ်ထုတ်လေးနဲ့ စားရတာအရသာတစ်မျိုးဖြစ်ပြီး ရွှေဖယုံသီးအော်ကွေ့ ကြည်ကတော့ အရသာချိုချိုလေးနဲ့ အိအိမွှေးမွှေးပါနော်။ ကောက်ညှင်းမွှေးလက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ အဆာပြေသုံးဆောင်ပါဦးနော်။

Wednesday, January 16, 2008

ကြက်ဟင်းခါးသီး အစာသိပ်

4 comments
ဒီနေ့ ကျွန်မမောင်နှမတွေကို ကြက်ဟင်းခါးသီးငါးဖယ်အစာသိပ်ဟင်းလေး ချက်ကျွေးပါရစေ။ ငါးဖယ်နဲ့မှ မဟုတ်ပါဘူး။ မိမိကြိုက်နှစ်သက်မယ့် ပုဇွန်၊ ပုဇွန်ခြောက်၊ ၀က်သား၊ အမဲသား စတာတွေနဲ့လည်း အစာသိပ်လို့ရပါတယ်နော်။ အခါးကြောက်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် ကြက်ဟင်းခါးသီးကို အခါးသက်သာစေပြီး အိအိလေး စားလို့ရအောင် ချက်တဲ့နည်းလေး ပြောပါရစေနော်။
ကြက်ဟင်းခါးသီးအစာသိပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဟင်းခါးသီး၊ ငါးဖယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီး၊ ငံပြာရည်၊ ဆား၊ သကြားနဲ့ ဆီအနည်းငယ်တို့ပါနော်။ ကြက်ဟင်းခါးသီးကို အသီးအရွယ်ကိုကြည့်ပြီး အလယ်ကနေ နှစ်ပိုင်း သို့မဟုတ် သုံးပိုင်း ပိုင်းပါ။ ပြီးရင် အလယ်က အစေ့တွေကို ဖယ်ထုပ်ပစ်ပါ။ ပြီးရင် ဆန်ဆေးရေနဲ့ တစ်နာရီလောက် စိမ်ပေးထားပါနော်။ ငါးဖယ်ကို ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ အချိုမှုန့်လေးနည်းနည်းနဲ့ ထောင်းပေးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ခပ်သေးသေးဖြစ်အောင်လှီးထားပေးပါ။ ငရုတ်သီးအရောင်မှုန့်နဲ့ ကြက်သွန်ဖြူ၊နီလေးကိုလေး ထောင်းပေးထားပါဦးနော်။ ပြီးတော့မှ ထောင်းထားတဲ့ငါးဖယ်နဲ့ ခပ်သေးသေးဖြစ်အောင် လှီးထားတဲ့ ကြက်သွန်နီ၊ ငရုတ်သီးကြက်သွန်ထောင်းနဲ့ ငံပြာရည်အနည်းငယ်တို့ကို ပန်းကန်တစ်လုံးထဲထည့်ပြီး သမအောင် ရောနယ်ပေးပါ။ အဆာတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ဆန်ဆေးရေစိမ်ထဲကနေ ကြက်ဟင်းခါးသီးတွေကို ဆယ်ယူပြီးတော့ ရေလေးနဲ့ ဆေးပြီး ရေစစ်ပါ။ ပြီးတော့မှ ကြက်ဟင်းသီးထဲကို ငါးဖယ်အဆာတွေကို ဇွန်းနဲ့ ထည့်ပေးပါ။ အဆာတွေ အပြင်ကိုလျှံမထွက်အောင် သတိထားပြီး အဆာသွပ်ပေးပါနော်။ ဟင်းအနှစ်ရစေဖို့အတွက် အဆာနည်းနည်းကို သီးသန့်ချန်ထားပေးပါနော်။
ဒယ်အိုးထဲကို အဆာသွပ်ထားတဲ့ ကြက်ဟင်းခါးသီးတွေကိုစီစီရီရီထည့်ပါ။ ပြီးတော့ သပ်သပ်ဖယ်ထားတဲ့ အဆာတွေကို ထည့်ပါ။ ပြီးတော့မှ ကြက်ဟင်းခါးသီးတစ်ဝက်လောက်မြုပ်တဲ့အထိ ရေထည့်ပေးပါ။ ဆီလည်းထည့်ပေးပြီး အဖုံးဖုံးလိုက်ပါနော်။ ဟင်းအိုးပြင်တာ အသင့်ဖြစ်ပြီဆိုရင်တော့ မီးအသင့်အတင့်နဲ့ မီးဖိုပေါ် ဟင်းအိုးတင်ပြီး တည်ပေးပါနော်။ ကြက်ဟင်းခါးသီးတွေ ဟိုဘက်ဒီဘက်အကျက်ညီအောင်ရော၊ ကြေမသွားအောင်ရော သတိထားပြီး ချက်ပေးပါနော်။ ကြက်ဟင်းခါးသီးလည်းနူးပြီ၊ ဆီလည်းပြန်ပြီဆိုရင်တော့ အပေါ့အငံမြည်းပြီး ဟင်းအိုးချရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ အဆာများများနဲ့ ကြက်ဟင်းခါးသီးအစာသိပ်ဟင်းလေး ရပါပြီနော်။ ကျွန်မမောင်နှမတွေလည်း စမ်းပြီး ချက်ကြည့်ပါဦးနော်။

Saturday, January 12, 2008

ကော်ပြန့်ကြော်

1 comments
ဒီနေ့ စနေနေ့ပိတ်ရက်မို့ ကော်ပြန့်ကြော် ကြော်စားကြရအောင်နော်။ ကော်ပြန့်ကို ကြော်မစားချင်ရင်လည်း ကော်ပြန့်စိမ်းလို လုပ်စားလို့ရပါတယ်နော်။
ကော်ပြန့်ကြော်ဖို့အတွက် လိုအပ်တာတွေကတော့ ကော်ပြန့်ရွက်၊ မုန်လာဥနီ၊ ဘိုစားပဲ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ စိမ်းစားဥ၊ ကြက်သား/၀က်သား၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တရုတ်မာဆလာ၊ ကော်မှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ အချိုမှုန့်နဲ့ ဆီ တို့ပါနော်။


ကော်ပြန့်ရွက်ကိုတော့ တိုရှည်နဲ့ ခပ်ဆင်ဆင်တူတဲ့ အာပုံကို သုံးမှာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်နေသူတွေ ကတော့ rice paper ကို သုံးနိုင်ပါတယ်နော်။ အဆာအတွက်ကတော့ ၀က်သား ဒါမှမဟုတ် ကြက်သားကို သန့်စင်အောင် ရေဆေးပြီး ခပ်နုပ်နုပ်လေးတွေဖြစ်အောင် စင်းပေးပါ။ ပြီးတော့မှ နုတ်နုတ်စင်းထားတဲ့အသား၊ စိမ်းစားဥနဲ့ ကြက်သွန်ဖြူတို့ကို ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အကျဲတို့နဲ့ နယ်ပြီးနှပ်ထားပေးပါ။ ကြက်သွန်ဖြူနဲ့ စိမ်းစားဥကိုလည်း အခွံနွှာ၊ ရေဆေးပြီး ၀က်သားနဲ့အတူ နုတ်နုတ်စင်းပေးထားပါ။ မုန်လာဥနီကို အခွံနွှာရေဆေးပြီး သေးသေးလေးတွေ ဖြစ်အောင် လှီးထားပေးပါ။ ဂေါ်ဖီထုပ်ကိုလည်း သေသေချာချာ ရေဆေးပြီး ခပ်ပါးပါးလှီးပါ။ ဘိုစားပဲကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးထားပေးပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ရေစစ်ထားပေးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး လေးထောင့်တုံးသေးသေးလေးတွေဖြစ်အောင် လှီးထားပေးပါ။ တရုတ်နံနံကိုလည်း ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပေးပါ။ ကော်မှုန့်ကိုလည်း ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီး နွမ်းပြီဆိုတာနဲ့ နုတ်နုတ်စင်းထားတဲ့အသားတွေကိုထည့်ပြီး ကြော်ပါ။ ပြီးရင် လှီးထားတဲ့ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲနဲ့ ပဲပင်ပေါက်တို့ကို ထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပေးပါ။ ဟင်းရွက်တွေ အရည်မထွက်အောင်၊ အရမ်းမပျော်သွားအောင်သတိထားပြီး ကြော်ပေးပါနော်။ အပေါ့အငံမြည်း၊ မာဆလာနဲ့ တရုတ်နံနံလေး အုပ်ပြီး အဆာအိုးကို ချလို့ရပါပြီနော်။ ပြီးတော့မှ အဆာတွေကို ဒယ်အိုးထဲကနေ အဆာတွေကို ပန်းကန်ပြားကြီးကြီးတစ်ချပ်ထဲ ခပ်ယူထားပြီး အအေးခံထားပါနော်။
ပြီးတော့မှ ကော်ပြန့်ရွက်တွေကို ခင်းပြီးတော့ အဆာတွေကို ဇွန်းနဲ့ခပ်ပြီး အရှည်လိုက်လေး ညီညီညာညာ ထည့်ပေးပါနော်။ ပြီးတော့ ကော်ပြန့်ရွက် ဘေးနှစ်ဘက်ကို အသာလေးခေါက်ပြီး အလျားလိုက်လေး လိပ်ပေးပါ။ ကော်ပြန့်လိပ်ကြော်တဲ့အခါ ပြေထွက်မသွားအောင် ကော်ပြန့်လိပ်အဆုံးနားမှာ ကော်ရည်လေးနဲ့သုပ်ပြီး လိပ်ပေးပါနော်။ ပြီးတော့မှ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူလာပြီဆိုရင် မီးအသင့်အတင့်နဲ့ ကော်ပြန့်လိပ်တွေကို ကြော်ပါနော်။ အကျက်ညီအောင်ရော၊ မတူးအောင်ပါ သတိထားပြီး ကြော်ပါနော်။
အချဉ်အတွက်တော့ chito ငရုတ်ရည်လေးထဲကို ကြက်သွန်ဖြူလေး နည်းနည်းထောင်းထည့်ပြီး ချင်းခြစ်ထားတာလေး နည်းနည်းထည့်လိုက်ပါတယ်။
အဲ့ဒါဆိုရင်တော့ ကော်ပြန့်ကြော် ပူပူနွေးနွေးလေးနဲ့ အချဉ်ရည်လေး တို့ပြီး သုံးဆောင်နိုင်ပါပြီရှင်။

Friday, January 11, 2008

ကြက်ရိုးခွေးတောက်ရွက်ဟင်းချို

0 comments

ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ကြက်ရိုးနဲ့ ခွေးတောက်ရွက်ဟင်းချို ချက်ကျွေးမယ်နော်။ ခွေးတောက်ရွက် ကို မြန်မာအမည် ခွေးတောက် (ခွေးများကို တောက်စေသည်လို့ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်)၊ ရုက္ခဗေဒ အမည်ကတော့ Dregea Voulubilis Benth.လို့ ခေါ်ဆိုပြီး မျိုးရင်းကတော့ Asclepiadaceae ဖြစ်ပါတယ်။
ခွေးတောက်ရွက်က ခန္ဓာကိုယ်မှာရှိတဲ့ ချိုး (အရက်၊ ကွမ်း၊ ဆေးလိပ်) တွေ ကျတယ်လို့လည်း ပြောကြတော့ အိမ်က အစ်ကိုက ခဏခဏ ချက်ခိုင်းပါတယ်။ သူကတော့ ကွမ်းသမားဆိုတော့ ကွမ်းချိုးကျအောင်လို့ပေါ့လေ။ ခွေးတောက်ရွက်ကို ကြိတ်ပြီးတော့ ရေ ဒါမှမဟုတ် အရက်တို့နဲ့ ရောပြီး လိမ်းပေးရင်လည်း ပြင်ပထိခိုက်ရှနာနဲ့ ယောင်ယမ်းနာတွေကို သက်သာပျောက်ကင်းတယ်လို့လည်း ဆိုကြပြန်ပါသေးတယ်နော်။ ခွေးရူးပြန်ဆေး၊ ထိခိုက်ဒဏ်ရာနဲ့ အပူလောင်ခြင်းတွေအတွက်လည်း အသုံးပြုကြပါသေးတယ်နော်။ ခွေးတောက်ရွက်ကို ဘဲဥနဲ့ ကြော်စားရင်လည်း ခွန်အားကို တိုးပွါးစေပါတယ်တဲ့။

အခုတော့ ကြက်ရိုးနဲ့ ခွေးတောက်ရွက်ဟင်းချိုချက်မှာမို့ လိုအပ်တာတွေကို အရင်ပြောပြပါမယ်နော်။ ကြက်ရိုး၊ ခွေးတောက်ရွက်၊ ပဲငံပြာရည်အကျဲ၊ ပုဇွန်ငံပြာရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်တို့ပါနော်။
ကြက်ရိုးကို သန့်စင်အောင် ရေဆေးပြီး အရွယ်တော်အတုံးလေးတွေ တုံးပါ။ ကြက်သွန်ဖြူနဲ့ ချင်းကို အခွံနွှာပြီး မညက်တညက်လေး ထောင်းပါ။ ပြီးတော့မှ ကြက်ရိုးကို ထောင်းထားတဲ့ ချင်းကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကျဲ၊ ပုဇွန်ငံပြာရည်လေးတို့နဲ့နယ်ပါ။ ခွေးတောက်ရွက်ကို သန့်စင်အောင်ရေဆေးပြီး အရွယ်တော်လေးတွေဖြစ်အောင် ဖဲ့ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲ နယ်ထားတဲ့ ကြက်သားတွေကိုထည့်၊ ရေထည့်ပြီး နူးအောင်ပြုတ်ပါ။ ကြက်သားတွေနူးပြီဆိုရင်တော့ ခွေးတောက်ရွက်တွေ ထည့်ပါနော်။ ပွက်ပွက်ဆူရင်တော့ အပေါ့အငံမြည်းပြီး ဟင်းအိုးချပြီး ချိုခါးဆိမ့် ခွေးတောက်ကြက်ရိုးဟင်းချိုလေးကို အသင့်သုံးဆောင်နိုင်ပါပြီနော်။

Wednesday, January 9, 2008

ငါးဖယ်ကပတ်

1 comments

ဒီနေ့တော့ မောင်နှမတွေအတွက် ငါးဖယ်ကပတ်ချက်ကျွေးပါမယ်။ (ဆိတ်သား/အမဲသား/သိုးသား/ကြက်သား) စတဲ့ အသားတွေနဲ့ချက်ရင်လည်း ရပါတယ်နော်။ ငါးဖယ်ကပတ်ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးဖယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ပူစီနံ (ဇီယာ)၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းအပွ၊ ငရုတ်သီးအရောင်မှုန့်၊ ငံပြာရည်၊ ဆား၊ သကြားနဲ့ အချိုမှုန့်တို့ပါနော်။ ခြစ်ပြီးသားငါးဖယ်ကို ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့ ရောထောင်းပေးပါနော်။ ပြီးတော့မှ ငါးဖယ်ကို အလုံး ဒါမှမဟုတ် အပြားတွေဖြစ်အောင် လုပ်ထားပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး အကွင်းလိုက်လေးတွေဖြစ်အောင်လှီးထားပေးပါ။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး အကွင်းလိုက် လှီးထားပေးပါ။ ပူစီနံတွေကို အရင့်ပိုင်းတွေဖယ်ထုတ်ပစ်ပြီး ရေဆေးပြီး ရေစစ်ထားပေးပါ။ ငရုတ်သီးစိမ်းအပွတောင့်ရှည်ကို ရေဆေးပြီး ခပ်စွေစွေလေး လှီးထားပေးပါ။ ငရုတ်သီးအရောင်မှုန့်နဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုလည်း ထောင်းပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် ငါးဖယ်ကို ထည့်ကြော်ပါ။ ကြော်ပြီးသား ငါးဖယ်တွေကို ဒယ်အိုးထဲကနေ ဆယ်ပြီး ဆီစစ်ထားပါ။ ပြီးရင်တော့ ထောင်းထားတဲ့ ငရုတ်သီးတွေကို ထည့်ပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ကြက်သွန်နီအကွင်းလိုက်တွေကို ထည့်ပါ။ ကြက်သွန်နီတွေ နွမ်းသွားပြီဆိုရင်တော့ ခရမ်းချဉ်သီးကိုထည့်ပါ။ ခရမ်းချဉ်သီးထည့်ပြီး သိပ်မကြာခင်မှာ ငါးဖယ်ကြော်တွေကိုထည့်ပါ။ ပြီးရင် ဆား၊ သကြား၊ အချိုမှုန့်နဲ့ ငံပြာရည်ထည့်ပြီး သေချာနှံ့အောင်မွှေပြီး အဖုံးအုပ်ထားပါနော်။ သုံးမိနစ်လောက်နေပြီးရင်တော့ ဟင်းအိုးအဖုံးဖွင့် ပြီးရင် ငရုတ်သီးစိမ်းနဲ့ ပူစီနံကိုထည့်ပြီး မွှေပါ။ ပြီးရင် အပေါ့အငံကိုမြည်းပြီး ချနိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ ပူစီနံနံ့သင်းသင်းနဲ့ ချိုချဉ်ပြုံးအရသာလေးနဲ့ ငါးဖယ်ကပတ်ရပါပြီနော်။

Tuesday, January 8, 2008

ဝက်သားပေါင်း

3 comments



ဝက်သားပေါင်းစားချင်တယ်လို့ ပြောထားတော့ ညီမလေးအမွန်အတွက် ၀က်သားပေါင်းလုပ်နည်းလေးကို ပြောပြပါရစေနော်။ ၀က်သားပေါင်းလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သားအသား၊ ကြက်သွန်ဖြူ၊ကြက်ဥ၊ ချင်း၊ ဆား၊ သကြား၊ ကော်မှုန့် (corn flour)၊ ဂျုံမှုန့် (wheat flour)၊ အချိုမှုန့်၊ နှမ်းဆီ၊ တရုတ်မာဆလာ၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကြည်နဲ့ ဖက်ထုပ်ရွက် (rice paper) တို့ပါနော်။
ဝက်သားပေါင်းနည်းအမျိုးမျိုးရှိတဲ့အထဲက ကျွန်မတို့အိမ်မှာ လူဦးရေများများနဲ့ လုပ်စားဖြစ်တဲ့ နည်းတွေကို ပြောပြပါမယ်နော်။
ဝက်သားအသားသက်သက် (၅၀) ကျပ်သား ကို သန့်ရှင်းအောင် ရေဆေးပြီး နုတ်နုတ်စင်းပါနော်။ ပြီးရင် ချင်း (ခြစ်ပြီးသား စားပွဲတင်ဇွန်း ၃ ဇွန်း) နဲ့ ကြက်သွန်ဖြူ (ခြစ်ပြီးသား စားပွဲတင်ဇွန်း ၅ ဇွန်း)ကိုလည်း ပြင်ထားပေးပါ။ ဂျုံမှုန့် စားပွဲတင်ဇွန်း (၃) ဇွန်းနဲ့ ကော်မှုန့် စားပွဲတင်ဇွန်း (၃) ဇွန်းကိုလည်း ပြင်ပေးထားပါ။ ပဲငံပြာရည်အပျစ် (၃) ဇွန်းနဲ့ အကြည် (၃) ဇွန်းပြင်ပေးထားပါ။ တရုတ်မာဆလာ လက်ဖက်ရည်ဇွန်း (၁) ဇွန်း ပြင်ပေးထားပါနော်။ ဆား၊ သကြားနဲ့ အချိုမှုန့်တို့ကိုလည်း ပြင်ပေးထားပါ။ ကြက်ဥ(၅)လုံးကိုလည်း အနှစ်ကိုဖယ်ပြီး အကာတွေချည်း ယူထားပေးပါ။ နှမ်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်းကိုလည်း ပြင်ပေးထားပါ

(ကက) ဇလုံတစ်ခုထဲကို ၀က်သားနုတ်နုတ်စင်းထားတာတွေထည့်ပါ။ ပြီးရင်တော့ ဆား၊ သကြား၊ အချိုမှုန့်၊ ခြစ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ပဲငံပြာရည်၊နှမ်းဆီ၊ တရုတ်မာဆလာတို့ကို ထည့်ပြီး အားလုံး သမအောင် နယ်ပေးပါ။ ပြီးရင် ကြက်ဥအကာတွေကိုပါထည့်ပြီး သမအောင် မွှေပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါနော်။ (ကမ္ဘောဒီးယားဝက်သားပေါင်းကတော့ အထက်မှာ ကျွန်မဖေါ်ပြခဲ့တဲ့အတိုင်း ပါဝင်ပစ္စည်းရော လုပ်ပုံကိုင်နည်းပါ အတူတူပါပဲရှင်။ ထူးခြားတာကတော့ အဲ့ဒီဝက်သားနုတ်နုတ်စင်းထဲမှာ သူတို့က ငါးဆားနယ်နည်းနည်းကိုပါ ရောပြီး နုတ်နုတ်စင်းထည့်ပါတယ်။ ကျွန်မ အရမ်းကို အံ့သြသွားပါတယ်။ ၀က်သားနဲ့ ငါးဆားနယ် ဘယ်လိုများ လိုက်ဖက်မလဲလို့လေ။ ဒါပေမယ့် အရသာရော အနံ့ပါ ထူးထူးခြားခြားလေး ဖြစ်နေတာကို စားကြည့်တဲ့အခါမှ သိရပါတယ်။ ကြိုက်တတ်ရင် စမ်းသပ်ကြည့်လို့ရအောင် ထည့်ရေးပေးလိုက်တာပါနော်။)

ပထမတစ်နည်းကတော့ ၀က်သားတွေကို ဇလုံထဲထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းတဲ့နည်းကို ပြောပြပါမယ်နော်။
မီးဖိုပေါ် အိုးတစ်လုံးတင်၊ အဲ့ဒီအိုးထဲ ရေထည့်ပြီး ၀က်သားဇလုံကိုထည့်ပါ။ ပြီးရင် အပေါ်က အိုးအဖုံးဖုံးပြီး ရေနွေးငွေ့နဲ့ ၀က်သားပေါင်းပေးပါနော်။ ကြက်ဥအကာများရင် များသလို ၀က်သားပေါင်းက ပွတက်လာပါလိမ့်မယ်နော်။ ရေနွေးပွက်ပွက်ဆူတဲ့အချိန်ကစပြီး အနည်းဆုံး ၁၅ မိနစ်လောက် ပေါင်းပေးပါ။ ၀က်သားပေါင်းကျက်ပြီဆိုရင်တော့ ရေနွေးအိုးအဖုံးကိုဖွင့်ပြီး ခဏစောင့်ပါနော်။ (မျက်နှာက ချက်ချင်း အိုးနား မကပ်လိုက်နဲ့နော်။ မျက်နှာကို ရေနွေးငွေ့အပူတွေ ဟပ်ကုန်မှာစိုးလို့။ ) ပြီးတော့မှ ၀က်သားပေါင်းဇလုံကို ထုပ်ယူလိုက်ပြီးတော့ အပေါ်ကနေ တရုတ်နံနံ၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရာကို ဖြူးပါ။
အချဉ်အတွက်ကတော့ ငရုတ်ဆီကြိုက်နှစ်သက်ရင် ငရုတ်ဆီနဲ့ တို့စားနိုင်သလို သံပုရာရည် ဒါမှမဟုတ် ရှောက်ရည်ထဲကို ငရုတ်ကောင်းမှုန့်ရယ်၊ ဆားလေးနည်းနည်းရယ်၊ သကြားလေးနည်းနည်းရယ်ထည့်ပြီး မွှေလိုက်ပါ။ ငရုတ်သီးအပွတောင့်တွေကို ရေဆေးပြီး အစေ့တွေဖယ်ကာ လေးထောင့်တုံးလေးတွေဖြစ်အောင် လှီးပေးထားပါ။ ခရမ်းသီး ခပ်နုနုချိုချိုလေးတွေကို ရေဆေးပြီး အစိမ်းအတိုင်း အ၀ိုင်းလေးတွေ ဖြစ်အောင်လှီးပေးထားပါ။ ဆတ်လတ်ရွက်ကိုလည်း ရေဆေး၊ ရေစစ်ပြီး ပြင်ထားပေးပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလည်း ပြင်ပေးထားပါ။
ပြီးတော့မှ ၀က်သားပေါင်းကို ဓားနဲ့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေဖြစ်အောင်လှီးပြီး ဆတ်လတ်ရွက်လေးကို အောက်ခံ၊ ပြီးတော့ ငရုတ်ပွနဲ့ ခရမ်းသီးလေးကိုထည့်၊ ၀က်သားပေါင်းကို ငရုတ်ကောင်းမှုန့်အချဉ်နဲ့ တို့ပြီး အပေါ်ကနေတင်ပြီး ဆတ်လတ်ရွက်နဲ့ ပြန်ထုပ်လိုက်ပြီး အလွယ်တကူ သုံးဆောင်နိုင်ပါတယ်။ ကြိုက်တတ်ရင်တော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုပါ ကိုက်စားပါနော်။

ဒုတိယနည်းကတော့ (ကက) အတိုင်း ပြုပြင်ထားတဲ့ အသားတွေကို (rice paper) နဲ့ ထုပ်ရမှာဖြစ်ပါတယ်။ rice paper က မာနေတာမို့ အသားနဲ့ မထုပ်ခင်မှာ ရေနဲ့စိမ်ရမှာဖြစ်ပါတယ်။ ပန်းကန်ပြားတစ်ချပ်ထဲကို့  rice paper ထည့်ပြီး အပေါ်ကနေ ရေဖျန်းပေးပါ။ အဲ့ဒီအရွက်ပျော့သွားတဲ့အခါ လက်မနဲ့ လက်ညှိုး အဲ့ဒီအရွက်ကိုထည့်ပြီးတော့ အပေါ်ကနေ ၀က်သားကို ဇွန်းလေးနဲ့ ယူပြီး ဖက်ထုပ်ရွက်ရဲ့ အလယ်ထဲကို ဇွန်းလေးနဲ့ အသာလေး ဖိထည့်ပေးပါနော်။ အသားတွေကို အများကြီး မထည့်ရဘူးနော်။ ပြီးတော့မှ အပေါ်ကနေ ဖက်ထုပ်ရွက်လေးတွေကို နှုတ်ခမ်းသပ်လိုက်ပါနော်။ တချို့ကလည်း အဲ့ဒီဝက်သားလုံးအပေါ်ကနေ ပဲစိမ်းလုံးလေးတွေ၊ ပြောင်းဖူးစေ့လေးတွေ ထည့်တတ်ပါတယ်နော်။ ကိုယ်လိုချင်တဲ့ အလုံးအရေအတွက် ရအောင်လုံးပါနော်။ ပြီးတော့မှ ကြိမ်ခြင်းလေးတွေရှိရင် ကြိမ်ခြင်းလေးထဲကို အောက်ကနေ ဂေါ်ဖီထုပ် ဒါမှမဟုတ် မုန်ညင်းဖြူ ခံထည့်၊ အပေါ်ကနေ ၀က်သားထုပ်လေးတွေ တန်းစီထည့်ပြီး ကြိမ်ခြင်းအဖုံးအုပ်ပြီး ရေနွေးငွေ့နဲ့ ၁၅ မိနစ်လောက် ပေါင်းပေးပါနော်။ နှစ်ထပ်ပေါင်းအိုးနဲ့လည်း ပေါင်းလို့ရပါတယ်နော်။ တကယ်လို့ ပေါင်းအိုးမရှိခဲ့ရင်လည်း ပထမနည်းအတိုင်း ရေနွေးငွေ့နဲ့ ပေါင်းနိုင်ပါတယ်။
သူ့အတွက် အချဉ်စပ်နည်းကတော့ ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း (၅) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၁) ဇွန်း၊ ခြစ်ထားတဲ့ ချင်း လက်ဘက်ရည်ဇွန်း (၁) ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်းတစ်ဝက်တို့နဲ့ အတူရောဖျော်ပါ။ ကြိုက်တတ်ရင် ကြက်သွန်မြိတ်၊ တရုတ်နံနံတို့နဲ့အတူ တွဲဘက်သုံးဆောင်နိုင်ပါတယ်နော်။

Monday, January 7, 2008

ဘဲပေါင်း

2 comments

ဒီနေ့တော့ ကျွန်မတို့ ဘဲသားပေါင်းစားကြရအောင်နော်။ ဘဲကို တစ်ကောင်လုံးပေါင်းလို့ရသလို ဘဲကို ခပ်ကြီးကြီး အတုံးလေးတွေ တုံးပြီးလည်း ပေါင်းလို့ရပါတယ်။ ဘဲပေါင်းဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဘဲသား၊၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကြွက်နားရွက်မှို (jew's ear fungus)၊ ပန်းခြောက် (dry lily buds)၊ ပဲပြားလိပ် (dry bean curd)၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကြည်၊ ရှာလကာရည်အနည်းငယ်၊ တရုတ်ပဲငါးပိ (black bean paste) အနည်းငယ်၊ ဆား၊ သကြား၊ အချိုမှုန့်နဲ့ တရုတ်မဆလာအနည်းငယ် တို့ပါ။
ဒီတစ်ခေါက်တော့ ကျွန်မက ဘဲကို ခုတ်ထစ်ပြီး အတုံးလေးတွေတုံးပြီး ပေါင်းမှာဖြစ်ပါတယ်။ (ဒါပေမယ့် ဘဲတစ်ကောင်လုံးကို ပေါင်းချင်တဲ့သူတွေ ပေါင်းလို့ရအောင် နည်းလမ်းလေးလည်း မျှဝေပေးမှာဖြစ်ပါတယ်။ ဘဲသားခပ်နုနုအကောင်တစ်ကောင်ကို ရေစင်စင်ဆေး၊ အမွှေးအမျှင်တွေသန့်စင်အောင် ဖယ်ရှားပစ်ပစ်ပါ။ ပြီးတော့ ရင်ကိုမခွဲဘဲကို အဆီဘူးအပေါ်ဘက်နားလေးကနေ တစ်လက်မလောက် အရာပေးပြီး ခွဲလိုက်ပါ။ ပြီးတော့မှ အူအသည်းတွေကို အသားလေး နှုတ်ယူပစ်ပါ။) ဘဲတစ်ကောင်လုံး (ကောင်လုံးဖြစ်ဖြစ်၊ အတုံးဖြစ်ဖြစ်) ကို ဆားလက်ဘက်ရည်ဇွန်း ၃ဇွန်း၊ အချိုမှုန့်လက်ဘက်ရည်ဇွန်း ၁ဇွန်းခွဲ၊ သကြား လက်ဘက်ရည်ဇွန်း ၂ ဇွန်း၊ ရှာလကာရည် ၂ဇွန်း၊ ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်းတို့နဲ့ သေသေချာချာ နှံ့အောင် နယ်ပေးပါ။ ချင်းကို အခွံနွှာ ရေဆေးပြီး ခပ်ပါးပါးအပြားလိုက်လေးတွေဖြစ်အောင်လှီးပါ။ ပြီးတော့မှ အမျှင်လေးတွေဖြစ်အောင် ခပ်ရိတ်ရိတ် ထပ်လှီးပေးပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ကြက်သွန်နီကို ဘလော့ဂ်တုံးလေးတွေဖြစ်အောင် လှီးထားပေးပါ။ ကြွက်နားရွက်မှိုခြောက်ကို သေသေချာချာ ရေနွေးနဲ့စိမ်ပြီး အရွယ်တော်လေးတွေဖြစ်အောင် ညှပ်ပေးပါ။ ပန်းခြောက်ကို ရေစိမ်၊ အထဲက ၀တ်မှုန်တိုင်လေးတွေကို ထုတ်ပစ်ပြီး အထုံးလေးတွေဖြစ်အောင် ထုံးပေးထားပါ။ ပဲပြားခြောက်ကို ရေစိမ်ထားပေးပါ။

အကောင်လိုက်ပေါင်းမယ်ဆိုရင်တော့ သမအောင်နယ်ထားတဲ့အဆာတွေဖြစ်တဲ့ ချင်း၊ ကြက်သွန်ဖြူ၊ တရုတ်မာဆလာ၊ ကြက်သွန်နီ၊ ပဲငါးပိ သုံးဇွန်းတို့ကို ဘဲကို ဓါးနဲ့ခွဲထားတဲ့ နေရာကနေ ထည့်ပါနော်။ အဆာသွပ်ပြီးတာနဲ့ အဲ့ဒီခွဲထားတဲ့နေရာကို နှီးနဲ့ ပြန်ယက်ပြီး ပိတ်ပေးပါ။ ပြီးတော့မှ ပဲငံပြာရည်အပျစ်အကျဲ လက်ဘက်ရည်ဇွန်း (၃) ဇွန်းစီကို ရေ လက်ဘက်ရည်တစ်ပန်းကန်လုံးနဲ့ ရော၊ တရုတ်ပဲငါးပိ စားပွဲတင်ဇွန်းတစ်ဇွန်း၊ လက်ဘက်ရည်ဇွန်းတစ်ဇွန်းထည့်၊ ရှာလကာရည် စားပွဲတင်တစ်ဇွန်းလောက်နဲ့ ရောဖျော်ပြီး ဘဲတစ်ကောင်လုံးနဲ့ ရောပြီး pressure cooker ထဲ ထည့်ပြီး ၁၀ မိနစ်ပေါင်းပေးပါ။ ၁၀ မိနစ်ပြည့်ပြီးရင် ပေါင်းအိုးကို ၅ မိနစ်လောက်ခဏအအေးခံပြီး ဘဲကို ဟိုဘက်ဒီဘက်လှည့်ပေးပါ။ ဒီနည်းနဲ့ ၁၀ မိနစ်တစ်ကြိမ် သုံးကြိမ် ပေါင်းပေးပါ။ သုံးကြိမ်ပြည့်ပြီးလို့ အအေးခံပြီးပြန်ဖွင့်တဲ့အခါ မှိုခြောက်ပန်းခြောက်နဲ့ ပဲလိပ်ခြောက်ကို ထည့်ပေးပြီး နောက်ထပ် ၁၀ မိနစ်ထပ်ပေါင်းပေးပါ။ အဲ့ဒါဆိုရင်တော့ နူးအိပြီး ချိုဆိမ့်နေတဲ့ ဘဲကောင်လုံးပေါင်းကို ရပါလိမ့်မယ်နော်။
ဘဲသားတုံးလေးတွေကိုပေါင်းမယ်ဆိုရင်တော့ ဘဲသား၊ ချင်း၊ ကြက်သွန်ဖြူနီ၊ တရုတ်မာဆလာ၊ တရုတ်ပဲငါးပိ၊ ပဲငံပြာရည်အပျစ်အကျဲ၊ ရှာလကာရည်တို့နဲ့ အတူ နယ်ပြီး ပေါင်းအိုးထဲကိုထည့်ပြီး ရေအနည်းငယ်ထည့်ပြီး ပေါင်းပေးပါ။ သူ့ကိုလည်း ဘဲကောင်လုံးပေါင်းသလို သုံးကြိမ်ပေါင်းပေးပါ။ နောက်တော့မှ မှိုခြောက်ပန်းခြောက်နဲ့ ပဲလိပ်ခြောက်ကိုထည့်ပြီး ၁၀ မိနစ်ထပ်ပေါင်းပေးပါ။ အဲ့ဒါဆိုရင် မှိုခြောက်ပန်းခြောက်တွေရော ပဲပြားလိပ်တွေ ဘဲသားနဲ့အတူ နူးအိနေပြီး အရသာရှိလှတဲ့ ဘဲသားပေါင်းကို ရပါမယ်နော်။ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ရှိရင် အပေါ်ကနေဖြူးပြီး သုံးဆောင်ပါနော်။

Sunday, January 6, 2008

မုန့်ပိန္နဲစေ့လုပ်စားရအောင်

1 comments
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပဲ မုန့်ပိန္နဲစေ့လို့ မော်လမြိုင်ကခေါ်တဲ့ မုန့်ကို ရန်ကုန်မှာတော့ မုန့်ကြာစေ့လို့ခေါ်ပါတယ်။ ဒီနေ့ပိတ်ရက်ဆိုတော့ ကျွန်မတို့မောင်နှမတွေ စုပြီး မုန့်ပိန္နဲစေ့ လုပ်စားကြရအောင်နော်။ အဲ့ဒီမုန့်ကတော့ အလုံးလေးတွေ လုံးရမှာမို့ မောင်နှမတွေ တက်ညီလက်ညီနဲ့ ၀ိုင်းပြီး လုံးကြမှ ဖြစ်မယ်နော်။ အဲ့ဒီတော့ မုန့်လုံးလေးတွေ လုံးဖို့အတွက် တန်းစီကြပါ။ အဲ့  တစ်ခုတော့ ကြိုပြောမယ်နော် လက်ဆေးလာခဲ့နော့့်  မုန့်ဝိုင်းလုံးဖို့အတွက် ပထမဆုံးဘယ်သူအရင်ရောက်လဲ ကြည့်မယ်နော့့် 
မုန့်ပိန္နဲစေ့လုပ်စားဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကောက်ညှင်း၊ ဆန်ကြမ်း၊ ထန်းလျက် (jaggery)၊၊ အုန်းသီးတို့ လိုအပ်ပါတယ်။ အချိုးကတော့ မုန့်လုံးရေပေါ်လုပ်သလို ကောက်ညှင်းတစ်ပြည်ကို ဆန်ကြမ်းတစ်လုံးထည့်ပါတယ်။ မုန့်သားကြိတ်ဖို့ အခက်အခဲရှိသူတွေကတော့ ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်ကို သုံးပြီး မုန့်လုပ်လို့ရပါတယ်နော်။ကောက်ညှင်းနဲ့ဆန်ကြမ်းကိုရောပြီး ရေဖြင့် သန့်စင်အောင် ဆေးပြီး စစ်ထားပါ။ ပြီးလျှင် မုန့်ကြိတ်ပါ။ မုန့်ရည်ရလာတဲ့အခါကျရင် မုန့်အိတ်ထဲကို မုန့်ရည်တွေထည့်ပြီး မုန့်အိတ်ကို ကြိုးချည်ပြီး မုန့်ရည်ကို တစ်ညသိပ် စစ်ထားပေးပါ။ စစ်သွားတဲ့ မုန့်တွေကိုမှ သေချာနယ်ပေးပါ။ မုန့်သားမနယ်ခင် လက်ကို စင်အောင်ဆေးပြီးမှ နယ်ပါ။ မုန့်သားနယ်တာ နပ်လောက်ပြီဆိုရင် မုန့်လုံးလုံးဖို့ ပြင်ပါမယ်။ ကောက်ညှင်းမှုန့် (glutinous rice flour) နဲ့ ဆန်မှုန့် (rice flour) ကိုသုံးပြီး မုန့်နှစ်စပ်မယ်ဆိုရင် မုန့်သားမာမာကြိုက်တတ်ရင် ဆန်မှုန့်များများပိုထည့်ပြီး မုန့်သားအိအိလေးကြိုက်တတ်ရင် ဆန်မှုန့်နည်းနည်းလျော့ထည့်ပါ။ ပုံမှန်အတိုင်းဆိုရင် ကောက်ညှင်းငါးဆ ဆန်တစ်ဆ ထည့်တတ်ကြပါတယ်။ ကောက်ညှင်းမှုန့်နဲ့ဆန်မှုန့်ကို ရေနဲ့စပ်ပြီး မုန့်သားနယ်တဲ့အခါမှာ ရေကို ချိန်ထည့်ပါ။ ရေများသွားရင် မုန့်လုံးလို့မရဘဲ ချော်ထွက်နေတတ်ပါတယ်။ ရေကို ဖြည်းဖြည်းချင်းထည့်ပြီး ကောက်ညှင်းဆန်မှုန့်နဲ့ ရေ သမသွားအောင် နယ်ပေးပါနော်။ အဲ့ဒါဆိုရင် အဆင်ပြေမှာပါ။

မုန့်လုံးတဲ့အခါကျရင် မုန့်သားကို အနေတော်လောက်လေးယူပြီး မုန့်သားလေးတွေကို အလုံးလေးဖြစ်အောင်လုံးပါ။ မီးဖိုပေါ် ရေနွေးအိုး ပွက်ပွက်ဆူအောင်တည်ထားပါ။ လုံးပြီးသားမုန့်လုံးလေးတွေကို ရေပွက်ပွက်ဆူထဲထည့်ပါ။ မုန့်လုံးလေးတွေ ကျက်ပြီဆိုရင်တော့ မုန့်လုံးလေးတွေက ရေပေါ်ကို ပေါလောပေါ်လာပါမယ်။ အဲ့ဒီကျက်သွားတဲ့ မုန့်လုံးလေးတွေကို ဆယ်ယူပြီးတော့ ရေအေးထဲ ထည့်စိမ်ပြီးတော့မှ ရေစစ်ထားလိုက်ပါ။

ထန်းလျက် (၂၅) ကျပ်သားကို ရေ တစ်လီတာ ထည့်ပြီး ကျိုပေးပါ။ ကျိုပြီးတဲ့အခါမှာ သဲတွေ၊ အမှိုက်တွေ ကင်းစင်အောင် ထန်းညက်ရည်ကို ပိတ်စလေးနဲ့ စစ်ပေးပါနော်။ ထန်းလျက်ရည်ကို ပွက်အောင် ကျိုပေးပါ။ ဆားလေး နည်းနည်းထည့်ပြီး ကျိုပေးပါနော်။ အုန်းသီးကိုလည်း လက်ခြစ်လေးနဲ့ ခြစ်ပေးထားပါ။
ပြီးတော့မှ ထန်းလျက်ရည်အိုးထဲကို မုန့်ပိန္နဲစေ့လေးတွေကိုထည့်ပြီး မွှေပေးပါ။ (တချို့ကတော့ အုန်းနို့ရည်ကိုပါ ထည့်ပြီး ထန်းလျက်ရည်ထဲ ထည့်ကျိုပါတယ်။) ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခြစ်ထားတဲ့ အုန်းသီးလေးတွေဖြူးပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီနော်။

Saturday, January 5, 2008

ဝက်သားကုန်းဘောင်ကြီးကြော်

2 comments

<

ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမတွေကို ၀က်သားကုန်းဘောင်ကြီးကြော်လေး ချက်ကျွေးပါရစေဦးနော်။ တခါတလေ ဟင်းအပြောင်းအလဲလေး ဖြစ်အောင် မြန်မာလို ဆီပြန်ဟင်းမချက်ဘဲ ကုန်းဘောင်ကြီးကြော်လိုက်ရအောင်နော်။ ၀က်သားကုန်းဘောင်ကြီးကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သားအသားကောင်းကောင်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီဥကြီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ တရုတ်ပဲငံပြာရည်အပျစ်၊ အကျဲ၊ ချင်း၊ ကော်မှုန့် (corn flour) ၊ ဂျုံမှုန့် (wheat flour)၊ သကြား၊ အချိုမှုန့်အနည်းငယ်၊ တရုတ်နံနံ၊ ဆားအနည်းငယ်နဲ့ ဆီတို့ပါနော်။

ဝက်သားကို သန့်စင်အောင် ရေဆေးပြီး လေးထောင့်အတုံးလေးတွေ တုံးပါ။ ပြီးတော့မှ ကော်မှုန့်၊ ဂျုံမှုန့်၊ ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ ရောနယ်ပြီး နှပ်ပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး လေးထောင့်ဘလော့ဂ်တုံးလေးတွေဖြစ်အောင် တုံးထားပေးပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးပြားရိုက်ပေးထားပါ။ ချင်းကို အခွံနွှာ၊ ရေဆေးပြီး အချောင်းလေးတွေဖြစ်အောင် ပါးပါးလှီးပေးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး အကွင်းလိုက်လေးတွေ လှီးပေးထားပါ။ တရုတ်နံနံကိုလည်း ရေဆေးပြီးမထူမပါးလေး လှီးပေးထားပါနော်။ ငရုတ်သီးအခြောက်တောင့်ကိုလည်း အညှာခြွေပြီး သန့်ရှင်းရေးလုပ်ထားပေးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ငရုတ်သီးအခြောက်တောင့်တွေကို ကြွပ်အောင် ကြော်ပေးပါ။ အကျက်ညီပြီး ကျွမ်းမသွားရအောင် ငရုတ်သီးကို ဟိုဘက်ဒီဘက်လှန်၊ မီးအသင့်တင့်နဲ့ ကြော်ပေးပါ။ ကြွပ်ပြီဆိုရင်တော့ ငရုတ်သီးတောင့်တွေကို ဆီအိုးထဲကနေ ပန်းကန်တစ်ချပ်ထဲ ဆယ်ထည့်ထားပေးပါ။ ပြီးရင်တော့ ဆီထဲကို ပါးပါးလှီးထားတဲ့ ချင်းရယ်၊ ကြက်သွန်ဖြူဓါးပြားရိုက်ရယ်ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူစိမ်းနံ့ပျောက်ပြီး နွမ်းတာနဲ့ နယ်နှပ်ထားတဲ့ အသားတွေကိုထည့်ပြီး ကြော်ပေးပါ။ အသားနူးရအောင် ရေနည်းနည်းထည့်ပြီး အဖုံးအုပ်ပြီး ခဏလောက် နှပ်ပေးထားပါ။ အသားနူးလောက်ပြီဆိုရင်တော့ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးပါ။ (ကြိုက်တတ်ပြီး ၀ယ်ထားတာ အဆင်သင့်ရှိရင်တော့ ငရုတ်ပွ၊ မှို စသော အခြားအသီးအရွက်များထည့်နိုင်ပါတယ်) ပြီးရင်တော့ ပဲငံပြာရည်အပျစ်နည်းနည်းနဲ့ အကျဲနည်းနည်းစီထည့်ပြီး မွှေပေးပါ။ ကြက်သွန်နီကိုလည်း အရမ်းကြီးနွမ်းအောင် မကြော်နဲ့နော်။ အရသာ အပေါအငံကို မြည်းပြီး ဖယ်ထားတဲ့ ငရုတ်သီးတောင့်ကြော်ကိုထည့်၊ တရုတ်နံနံလေး အုပ်ပြီး သုံးဆောင်နိုင်ပါတယ်နော်။ အဲ့ဒါဆိုရင်တော့ ၀က်သားကုန်းဘောင်ကြီးကြော် ရပါပြီနော်။ အားပေးကြပါဦးနော်။

Friday, January 4, 2008

ပြည် မလိုင်လုံး

2 comments
ကျွန်မကိုယ်တိုင် ပြည်ပကို နှစ်တိုလေးရောက်လိှု့ မြန်မာအစားအစာကို အငမ်းမရဖြစ်တဲ့အခါမှာ မြန်မာအစားအစာချက်ပြုတ်နည်းတွေကို သိချင်၊ တတ်ချင်ခဲ့ပါတယ်။ အဲ့ဒီလို ငတ်လာတဲ့အခါကျမှာ ကျွန်မတို့ တတ်သမျှ မှတ်သမျှနဲ့ မြန်မာအစားအစာတွေကို ချက်ကြတော့တာပါပဲနော်။ နောက်ပြီး ကိုယ်ကျင်လည်ရတဲ့ အသိုင်းအ၀ိုင်းမိတ်ဆွေတွေကြားမှာ ကိုယ့်နိုင်ငံရဲ့အစားအစာပါလို့ ချက်ပြီးကျွေးရတာလည်း ကျွန်မတို့အတွက် ဂုဏ်ယူစရာတစ်ခုအနေနဲ့ ရှိတတ်နေလေတော့လည်း ကျွန်မ မြန်မာအစားအစာတွေကို ကောင်းကောင်းမွန်မွန် ချက်တတ်ချင်လာတာပေါ့နော်။ နောက်ဆုံး ကျွန်မ အစားအစာပြိုင်ပွဲတွေမှာ ကိုယ့်နိုင်ငံကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်ခွင့်လေးတွေ ရလာတဲ့အခါကျတော့ ပိုပြီး ပီတိဖြစ်လာရသလို ကိုယ်ချက်လိုက်တဲ့အစားအစာကို စားလိုက်တဲ့သူတွေရဲ့ မျက်နှာပြင်မှာ ပီတိကျေနပ်တဲ့ပုံရိပ်လွှာလေးတွေကို မြင်လိုက်ရတဲ့အခါ ကျွန်မ နှလုံးသားတစ်ခုလုံး နွေးထွေးသွားပြီး အရမ်းကို ဂုဏ်ယူကျေနပ်မိခဲ့ပါတယ်။ ကျွန်မနဲ့ ၀ါသနာတူ မောင်နှမတွေ အနေနဲ့ ဟင်းချက်နည်းလေးတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်းဖြစ်ချင်တယ်ဆိုတော့ ကျွန်မလည်း မြန်မာအစားအစာချက်ပြုတ်နည်းတွေကို ဘလော့ဂ်တစ်ခုအနေနဲ့ တည်တည်တံ့တံ့ရှိစေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့ အခုအချိုပွဲလေးကိုတော့ ကျွန်မရဲ့ဘလော့ဂ်မောင်နှမ ကိုဂျေကြီးက မျှဝေလာတဲ့အတွက် ချစ်မောင်နှမတွေအချိုပွဲအတွက် ၀မ်းပန်းတသာမျှဝေလိုက်ပါတယ် နည်းပေးတဲ့ ကိုဂျေ ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့့်  ကောင်းရင် လုလုဖို့လဲ လာပို့ကြပါ ... မကောင်းရင် ကိုဂျေ့ကိုသွားရန်တွေ့ကြပါ့  လင့်ခ်ပါပေးထားပါတယ်ရှင့့်  ဟိ ဟိ (နောက်တာနော်ကိုဂျေ) :P
ကိုယ့်ဘာသာကိုယ် လုပ်မစားကြည့်ရသေးခင် ၀မ်းပန်းတသာနဲ့ လက်ဆင့်ကမ်းလိုက်ပါတယ်ရှင့့်  <
လိုအပ်သော ပစ္စည်းများ
- နို့ မှုန့်  ၁ခွက်
- ဂျုံမှုန့်  ၄ပုံ ၁ပုံ ခွက်
- နွားနို့  ၄ပုံ ၁ပုံ ခွက်- ထောပတ် ၃ဇွန်း
- ဘတ်ကင်ဆိုဒါ ၂ပုံ၁ပုံ (ကာဖီဇွန်းအသေး)
- သိကြား (သို့ ) သကြား ၁ခွက် (အချိုကို စိတ်ကြိုက်ထဲ့ပါ)

ပြင်ဆင်ခြင်း အဆင့်ဆင့်
- နို့မှုန့် ၊ဂျုံမှုန့် ၊ ဘတ်ကင်ဆိုဒါ ရှိသမျှ အမှုန့်များကို နံ့ စပ်အောင် ရောမွှေပါ။
- ခပ်နွေးနွေး ဖြစ်သော နွားနို့ ထပ်မံရောမွှေပြီး ၁၀မိနစ်ခန့်  အုပ်ထားရပါမည်။
- သကြားကို ကြိုထားရပါသည်
- မုန့် ဖတ်ကို နံ့ စပ်သွားအောင် နယ်ထားပါ။ ပြီးလျှင် ၁ကျပ်သားလုံးခန့် အလုံးများလုံးပါ၊
- မီးဖို တွင် ဆီအိုးကို အပူရှိန် အနည်းငယ် မီးအေးအေးဖြင့် တည်ထားပါ။
- မုန့် လုံးဖတ်များကို ဆီထဲတွင် မီးအေးအေးဖြင့် ညိုလာသည်အထိ လှိမ့်ပေးပြီး ကြော်ပါ။ - နီရဲကာ ညိုလာသောအခါ သကြားရည်ထဲတွင် စိမ်ထားရပါမည်။

Thursday, January 3, 2008

ကြေးအိုးပူပူလေး လုပ်စားကြရအောင်

3 comments


၂၀၀၈ ဆောင်းတွင်း အေးအေးချမ်းချမ်းလေးမှာ မောင်နှမတွေဆုံပြီး ကြေးအိုးလေး လုပ်စားကြရအောင် ဆိုပြီး ကျွန်မတို့မိသားစု ကြေးအိုး လုပ်စားဖြစ်ခဲ့ကြပါတယ်။
ကြေးအိုးလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြေးအိုးကြာဇံ၊ (ဆန်ပြားကြိုက်တတ်ရင်လည်း ဆန်ပြားပါထည့်နော်) ၀က်နံရိုး(အရိုးရောအသားပါတွဲလျက်ပါ)၊ ၀က်သား၊ ၀က်ကလီစာ၊ ငါးဖယ်၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ကြက်သားမှုန့်၊ တိုဟူး၊ ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ချင်း၊ မုန်ညင်း၊ တုံယမ်းအနှစ်၊ ဘဲဥ၊ နှမ်းဆီမွှေး၊ ငရုတ်ကောင်းမှုန့်နဲ့ တခြား မိမိနှစ်သက်မယ့် အရွက်၊ အသား၊ ဥ ကြိုက်နှစ်သက်ရာကို ထည့်နိုင်ပါတယ်နော်။ အချဉ်ရည်အတွက်တော့ chito ငရုတ်ဆီရယ်၊ ငရုတ်သီးစိမ်းရယ်၊ သကြားရယ်၊ ဆားအနည်းငယ်ရယ်၊ ရှာလကာရည်ရယ်တို့ လိုအပ်ပါတယ်။ ကျွန်မ ချက်လိုက်တဲ့အထဲမှာတော့ ငုံးဥလည်း မပါဘူး၊ ဦးဏှောက်လည်း မပါဘူး။ ဖက်ထုပ်ကြော်လည်း မပါသလို ကြက်ဥလည်း မပါလိုက်ဘူး။ ဟီ့း့ 
ဟင်းရည်အတွက် အဆီလုံးဝမပါတဲ့ ၀က်နံရိုးတွေကို အတုံးတုံးပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်၊ ဂျင်းထောင်းရည်တို့နဲ့ နယ်ထားပေးပါ။ ပြီးတော့မှ အိုးတစ်အိုးထဲကို ၀က်နံရိုးတွေကိုထည့်၊ အရိုးမြုပ်ရုံ ရေထည့်ပြီး ပထမတစ်ကြိမ် တည်ပေးပါ။ ရေခမ်းလောက်ပြီဆိုရင်တော့ ဟိုဘက်ဒီဘက်လှန်ပြီးတော့ အိုးပြည့်လုနီးပါး ရေထည့်ပြီး အရိုးထဲက အချိုရည်တွေထွက်အောင် တတ်နိုင်သလောက် ကြာနိုင်သလောက် ကြာအောင် တည်ပေးထားပါ။
အသားပြင်ဆင်နည်း
ဝက်သားကိုလည်း အသားကောင်းကောင်းတွေကို နုပ်နုပ်စင်းပြီးတော့ ကော်မှုန့်၊ ဂျုံမှုန့်၊ ဘဲဥအကာရည်၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူတောက်တောက်စင်း၊ ချင်းနုပ်နုပ်စင်း၊ ငရုတ်ကောင်းမှုန့်တို့နဲ့အတူ ရောနယ်ထားပါ။ ၀က်ကလီစာတွေကိုလည်း သန့်ရှင်းရေးလုပ်ထားပြီး မထူမပါးလေးတွေဖြစ်အောင် လှီးထားပြီး ဆား၊ သကြားတို့နဲ့ နယ်ပေးပါ။ ငါးဖယ်ကိုလည်း ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ အချိုမှုန့်၊ သကြားတို့နဲ့အတူရောထောင်းပြီး ကော်မှုန့်၊ ဂျုံမှုန့်၊ နှမ်းဆီမွှေး၊ ဘဲဥအကာတို့နဲ့အတူ ရောနယ်ထားပေးပါ။
ကြာဇံပြင်ဆင်နည်း
ကြာဇံကိုတော့ ကျွန်မတို့မိသားစုက ကြေးအိုးကြာဇံဆိုပြီး တရုတ်ကလာတဲ့ ကြာဇံကို သုံးပါတယ်။ ဆန်ပြားကိုတော့ သိပ်မကြိုက်လို့ မသုံးဖြစ်ပါဘူး။ ကြာဇံကို ရေထဲမှာ ၁၀ မိနစ်လောက် စိမ်ထားပြီးတော့ ဆယ်ယူပြီး ဇကာနဲ့ စစ်ထားပေးပါ။
အချဉ်ရည်ပြင်ဆင်နည်း
အချဉ်အတွက် ငရုတ်သီးစိမ်းကို နုတ်နုတ်စင်းပြီး ဆား၊ သကြားနဲ့ ရှာလကာရည်နည်းနည်းတို့နဲ့ စိမ်ပေးထားပါ။ စားတဲ့အခါကျမှ chito ငရုတ်ဆီနဲ့အတူ ငရုတ်သီးချဉ်ကိုရောထည့်ပါ။
အဆာပလာများ ပြင်ဆင်နည်း
တိုဟူးပဲပြားကို ရေဆေးပြီး ကိုယ်လိုသလောက်အရွယ်လေးတွေဖြစ်အောင် တုံးပေးထားပါ။ မုန်ညင်းရွက်ကို ရေဆေးပြီး အရွယ်တော်လေးတွေဖြစ်အောင် ဖြတ်တောက်ပေးထားပါ။ ဖက်ထုပ်ကြိုက်တတ်လျှင် ကြော်ထားပေးပါ။ ငုံးဥထည့်မယ်ဆိုရင် ပြုတ်ပြီး အခွံနွှာထားပေးပါ။
စားပွဲပြင်ဆင်နည်း
အားလုံးပြင်ဆင်ပြီးလို့ စားတော့မယ်ဆိုရင်တော့ အိုးလေးထဲကို ၀က်ရိုးပြုတ်ရည်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ဆူပါစေ။ ဟင်းရည်အိုးပွက်ပွက်ဆူလာပြီဆိုရင်တော့ အမြန်ဆုံးနည်းနဲ့ လှီးထားတဲ့ကလီစာတွေပစ်ထည့်၊ တိုဟူးထည့်၊ နယ်ထားတဲ့ အသားတွေလုံးပြီးထည့်၊ ငါးဖယ်တွေလုံးပြီးထည့်၊ ဆား၊ ကြက်သားမှုန့်ထည့်၊ ပြီးတော့ ကြာဇံတွေထည့်၊ အသားတွေရော ကြာဇံပါ အကျက်ညီအောင် တူတစ်စုံနဲ့ ဟိုဘက်ဒီဘက်လှန်ပေး၊ ပြီးတော့ မုန်ညှင်းရွက်တွေထည့်ပြီး အပေါ့အငံမြည်းပြီး ကမန်းကတမ်းချလိုက်ပါနော်။ ငုံးဥပြုတ်တို့ ကြက်ဥတို့ထည့်ချင်ရင်လည်း ထည့်လို့ရပါတယ်နော်။
ကျွန်မကတော့ ချဉ်စပ်ကြိုက်သူမို့ တုံယမ်းအနှစ်လေး ထည့်လိုက်ပါသေးတယ်။
အခုလို ဆောင်းတွင်း အေးအေးမှာ ထမင်းမစားချင်ဘူ့း့  စွပ်ပြုတ်ပူပူနွေးနွေးလေး သောက်ချင်တယ်ဆိုရင်တော့ ကြေးအိုးလေး လုပ်သောက်ကြည့်ကြပါလားဟင့့်

Wednesday, January 2, 2008

ငါးဖယ်သုပ်

0 comments


ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ငါးဖယ်သုပ် သုပ်ကျွေးပါရစေ။ ငါးဖယ်ကို ပြည်ပမှာနေထိုင်တဲ့သူတွေအတွက် ၀ယ်ရခက်ချင် ခက်နေပါလိမ့်မယ်။ ငါးဖယ်မရှိလည်း တခြားရေချိုငါးတစ်မျိုးမျိုးကို ခြစ်ပြီး ငါးဆုပ်လုပ်လို့ရပါတယ်နော်။ ငါးဖယ်သုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးဖယ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ သံပုရာသီးတို့ပါနော်။
ထုလေမာလေ ငါးဖယ်မျိုးလို့ ဆိုတဲ့အတိုင်း ငါးဖယ်ကို အသားခြစ်ယူပြီးတဲ့အခါ ငရုတ်ဆုံထဲမှာ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်လေးတို့နဲ့ ခပ်မာမာလေးဖြစ်အောင် ထုထောင်းပေးပြီးမှ အပြားဝိုင်းဝိုင်းလေးတွေဖြစ်အောင်လုပ်ထားပါ။ ကြက်သွန်ဖြူကြက်သွန်နီကို အခွံနွှာ၊ ပါးပါးလှီးထားပေးပါ။ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကိုလည်း ရေစင်အောင်ဆေးထားပေးပါနော်။



ငါးဖယ်ကြော်ဖို့အတွက် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် ငါးဖယ်တွေထည့်ပြီး ကြော်ပါ။ ငါးဖယ်စစ်စစ်ကို ကြော်တဲ့အခါ ပွတက်လာတာကို တွေ့ရမယ်နော်။ အကျက်ညီပြီး မီးမကျွမ်းရလေအောင် ဟိုဘက်ဒီဘက်လှန်ပေးပါဦးနော်။ ကြော်ပြီးသွားရင်တော့ ပန်းကန်တစ်ချပ်ထဲ ဆီစုပ်စက္ကူခံပြီး အပေါ်ကနေ ငါးဖယ်ကြော်တွေထည့်ပြီး ဆီစစ်ပေးထားပါနော်။ ငါးဖယ်ကြော်တွေ အေးသွားတဲ့အခါ ဓါးနဲ့ မထူမပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ ကျန်တဲ့ဆီနဲ့ လှီးထားတဲ့ ကြက်သွန်ဖြူ ကြက်သွန်နီကိုထည့်ပြီး ဆီချက်ကြော်ပေးပါ။ ဆီချက်ကြော်ကိုလည်း ပန်းကန်လုံးတစ်လုံးထဲ သီးသန့်ဖယ်ထားပေးပါနော်။ ခရမ်းချဉ်သီးကို မထူမပါးလှီးထားပေးပါ။ ငရုတ်သီးစိမ်းနဲ့ နံနံပင်တို့ကိုလည်း လှီးပေးထားပါနော်။ (တချို့က ခရမ်းချဉ်သီးမထည့်ပါဘူး၊ ဂေါ်ဖီထုပ်ပါးပါးလှီးပြီး ပဲမှုန့်အကျက်မှုန့်နဲ့ သုပ်လေ့ရှိပါတယ်)။ ကြက်သွန်နီကိုလည်း ခပ်ပါးပါးလှီးပြီးတော့ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲကို လှီးထားတဲ့ ငါးဖယ်ရယ်၊ ခရမ်းချဉ်သီးရယ်၊ ကြက်သွန်စိမ်းရယ်၊ ငရုတ်သီးစိမ်းတို့ကို ထည့်၊ ပြီးတော့ ဆီချက်ကိုထည့် ငံပြာရည်နဲ့ အချိုမှုန့်နဲ့ သံပုရာရည်လေးတို့ကို ထည့်ပြီး သေချာနှံ့အောင် နယ်ပါ။ ပြီးရင်တော့ အပေါ့အငံကိုမြည်းပြီး ကိုယ်နှစ်သက်သလိုပြင်ပြီး အပေါ်ကနေ နံနံပင်လေး အုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ် ငါးဖယ်သုပ်လေး ရပါပြီနော်။ ကြာဇံဟင်းခါး၊ ကြာရိုးဟင်းခါး၊ ဗူးသီးဟင်းခါး တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

Tuesday, January 1, 2008

ဝက်သားသရက်သီးသနပ်

0 comments




ကျွန်မရဲ့မောင်နှမတွေကို ၀က်သားသရက်သီးသနပ်ဟင်း ချက်ကျွေးပါရစေနော်။ ၀က်ခေါင်းသားက တခြားနေရာက အဆီတွေနဲ့ မတူပါဘူး။ အဆီပြင်က ခပ်မာမာ၊ ၀ါးတဲ့အခါမှာလည်း ထုပ်ထုပ်နဲ့ အရိုးနုတွေလည်း ပါတာမို့ ၀က်ခေါင်းကို ဟင်းချက်စားကြ၊ သုပ်စားကြ၊ ပြုတ်စားကြ အမျိုးမျိုး လုပ်စားကြပါတယ်။ အခု အဲ့ဒီ ၀က်ခေါင်းသားကို သရက်သီးသနပ်နဲ့ ချက်နည်းလေးကို ပြောပြပါရစေနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်ခေါင်းသား (နားရွက်၊ နှုတ်ခမ်း ပါရင် ပိုကောင်းပါတယ်)၊ သရက်သီးသနပ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုပွတောင့်၊ ဆား၊
ဝက်ခေါင်းသားကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ မီးနဲ့ အရင်ကင်လိုက်ပါ။ ပြီးတော့မှ ဘရိတ်ဒါးလေးနဲ့ အခေါက်ပေါ်ကနေ ခြစ်ချပြီး ရေဆေးပေးပါ။ ပြီးရင်တော့ ကိုယ်လိုချင်တဲ့အရွယ်လောက် အတုံးလေးတွေ တုံးပြီး ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါနော်။ ကြက်သွန်ဖြူနီတို့ကိုလည်း အခွံနွှာ ရေဆေးပြီး ငရုတ်သီးအပုတောင့်နဲ့ ရောထောင်းထားပေးပါနော်။ ချင်းကိုလည်း ပါးပါးလေးတွေဖြစ်အောင် လှီးထားပေးပါ။ ကြက်သွန်ဖြူနဲ့ အနီကိုလည်း မထူမပါးလှီးထားပြီး သပ်သပ်ဖယ်ထားပေးပါနော်။ သရက်သီးသနပ်ကိုလည်း ခပ်ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးနည်းနည်းခပ်၊ ပြီးတော့ ထောင်းထားတဲ့ငရုတ်သီးကြက်သွန်ကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ပါးပါးလှီးထားတဲ့ ချင်းရယ်၊ ကြက်သွန်ဖြူနီရယ်ကိုထည့်ပြီး ထပ်မွှေပါ။ ကြက်သွန်စိမ်းနံ့ပျောက်လောက်ပြီဆိုရင် နယ်ထားတဲ့ ၀က်သားတွေကိုထည့်ပြီး သေချာနှံ့အောင်မွှေပေးပြီး အဖုံးအုပ်ပြီး တည်ပေးပါ။ ၃ မိနစ်လောက်နေလို့ ဟင်းအိုးဖျစ်ဖျစ်မြည်လာတဲ့အခါ ဟင်းအိုးအဖုံးကိုဖွင့်ပြီး ရေလေးနည်းနည်းထပ်ထည့်ပြီး အဖုံးအုပ်ပြီး ထပ်တည်ပေးပါ။ ရေခမ်းခါနီးကျရင် သရက်သီးသနပ်ကိုထည့်ပြီး ၀က်သားတွေနဲ့ နှံ့အောင် ယောက်မနဲ့ မွှေပေးပါ။ ပြီးရင်တော့ ရေလေးထည့်ပြီး ဆီပြန်အောင်တည်ပေးပါ။ ဆီပြန်ပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး ဟင်းအိုးချရုံပါပဲနော်။ အဲ့ဒါဆိုရင့်တော့ မအီတော့တဲ့ ၀က်သားသရက်သီးသနပ်ဟင်းလေး ရပါပြီနော်။ ပဲနီလေးကြာဇံဟင်းနဲ့ တွဲဖက်သုံးဆောင်ပါနော်။

Sorry

2 comments

မမလုဘလော့ဂ်ဖတ်သူများသို့

အရင် templateမှာ ထည့်ထားတဲ့ headerကပုံရယ်။
footer ကပုံရယ်က ripwayကို hostလုပ်ပြီးတင်ထားတာပါ။
အခု အဲဒီsiteက ဘာထကြောင်လဲမသိဘူး။ link လို့မရပါဘူး။
အခုအဲဒီပုံတွေကြောင့် blogကိုကြည့်မယ်ဆို
ဒီလို ပေါ်နေပါတယ်။

နှစ်သစ်ကူးမို့လည်း အသစ်လေးဖြစ်ချင်တာလဲ
ပါတယ် templateအသစ်လေး ပြောင်းလိုက်ရင် ကောင်းမလားလို့
လက်ဆော့မိတာပါ။ ဖတ်ရတာအဆင်မပြေဘူးသိလို့
စိတ်မကောင်းပါဘူး။ အရင်ပုံတွေပြန်ရဖို့ ကြိုးစားအု့းမယ်။
အခုတော့ သည်းခံပြီးဖတ်လိုက်ပါနော်။ ပြန်ပြောင်းပေးပါမယ်။
အဆင်မပြေတာအတွက် ဆောရီးပါနော်။

အမွန်