Friday, January 11, 2008

ကြက်ရိုးခွေးတောက်ရွက်ဟင်းချို


ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ကြက်ရိုးနဲ့ ခွေးတောက်ရွက်ဟင်းချို ချက်ကျွေးမယ်နော်။ ခွေးတောက်ရွက် ကို မြန်မာအမည် ခွေးတောက် (ခွေးများကို တောက်စေသည်လို့ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်)၊ ရုက္ခဗေဒ အမည်ကတော့ Dregea Voulubilis Benth.လို့ ခေါ်ဆိုပြီး မျိုးရင်းကတော့ Asclepiadaceae ဖြစ်ပါတယ်။
ခွေးတောက်ရွက်က ခန္ဓာကိုယ်မှာရှိတဲ့ ချိုး (အရက်၊ ကွမ်း၊ ဆေးလိပ်) တွေ ကျတယ်လို့လည်း ပြောကြတော့ အိမ်က အစ်ကိုက ခဏခဏ ချက်ခိုင်းပါတယ်။ သူကတော့ ကွမ်းသမားဆိုတော့ ကွမ်းချိုးကျအောင်လို့ပေါ့လေ။ ခွေးတောက်ရွက်ကို ကြိတ်ပြီးတော့ ရေ ဒါမှမဟုတ် အရက်တို့နဲ့ ရောပြီး လိမ်းပေးရင်လည်း ပြင်ပထိခိုက်ရှနာနဲ့ ယောင်ယမ်းနာတွေကို သက်သာပျောက်ကင်းတယ်လို့လည်း ဆိုကြပြန်ပါသေးတယ်နော်။ ခွေးရူးပြန်ဆေး၊ ထိခိုက်ဒဏ်ရာနဲ့ အပူလောင်ခြင်းတွေအတွက်လည်း အသုံးပြုကြပါသေးတယ်နော်။ ခွေးတောက်ရွက်ကို ဘဲဥနဲ့ ကြော်စားရင်လည်း ခွန်အားကို တိုးပွါးစေပါတယ်တဲ့။

အခုတော့ ကြက်ရိုးနဲ့ ခွေးတောက်ရွက်ဟင်းချိုချက်မှာမို့ လိုအပ်တာတွေကို အရင်ပြောပြပါမယ်နော်။ ကြက်ရိုး၊ ခွေးတောက်ရွက်၊ ပဲငံပြာရည်အကျဲ၊ ပုဇွန်ငံပြာရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်တို့ပါနော်။
ကြက်ရိုးကို သန့်စင်အောင် ရေဆေးပြီး အရွယ်တော်အတုံးလေးတွေ တုံးပါ။ ကြက်သွန်ဖြူနဲ့ ချင်းကို အခွံနွှာပြီး မညက်တညက်လေး ထောင်းပါ။ ပြီးတော့မှ ကြက်ရိုးကို ထောင်းထားတဲ့ ချင်းကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကျဲ၊ ပုဇွန်ငံပြာရည်လေးတို့နဲ့နယ်ပါ။ ခွေးတောက်ရွက်ကို သန့်စင်အောင်ရေဆေးပြီး အရွယ်တော်လေးတွေဖြစ်အောင် ဖဲ့ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲ နယ်ထားတဲ့ ကြက်သားတွေကိုထည့်၊ ရေထည့်ပြီး နူးအောင်ပြုတ်ပါ။ ကြက်သားတွေနူးပြီဆိုရင်တော့ ခွေးတောက်ရွက်တွေ ထည့်ပါနော်။ ပွက်ပွက်ဆူရင်တော့ အပေါ့အငံမြည်းပြီး ဟင်းအိုးချပြီး ချိုခါးဆိမ့် ခွေးတောက်ကြက်ရိုးဟင်းချိုလေးကို အသင့်သုံးဆောင်နိုင်ပါပြီနော်။

0 comments:

Post a Comment