Thursday, January 17, 2008

အော်ကွေ့ ကြည်လုပ်စားရအောင်

ဒီနေ့တော့ ကျွန်မတို့ မော်လမြိုင်မှာ မုန်လာဥမုန့်လို့ခေါ်တတ်တဲ့ အော်ကွေ့ကြည်မုန့် လုပ်စားကြရအောင်နော်။ အဆာပြေစာတွေကြိုက်တဲ့ ညီမလေးသိမ့် မမနဲ့အတူ လာဝိုင်းကူနော်။ အော်ကွေ့ ကြည်ကို ကျွန်မတို့ ငယ်ငယ်တုန်းက ကျောင်းမုန့်စားတန်းမှာ အများဆုံး ၀ယ်စားဖူးတယ်။ မုန်လာဥမုန့်လို့ခေါ်ပေမယ့် မုန်လာဥနဲ့အပြင် ပိန်းဥ၊ ရွှေဖယုံသီးတို့နဲ့လည်း လုပ်ကြပါတယ်။ မုန်လာဥနဲ့က အနံ့တစ်မျိုးဖြစ်တာမို့ ဒီတစ်ခါတော့ ကျွန်မတို့ ပိန်းဥရယ် ရွှေဖယုံသီးရယ်တို့နဲ့ လုပ်စားကြရအောင်နော်။
အော်ကွေ့ကြည်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်နို့ဆီဗူး(၂) လုံး၊ ပိန်းဥ (၂၅) ကျပ်သား၊ ရွှေဖယုံသီး အခွံနဲ့အစေ့ထုတ်ပြီးသား (၂၅) ကျပ်သား၊ ပုဇွန်ခြောက် အနည်းငယ် (မထည့်လဲ ရပါတယ်နော်။ သတ်သတ်လွတ်စားမယ့်သူတွေအတွက် မလိုပါဘူးနော်)၊ ဆီအနည်းငယ်တို့ပါနော်။

ဆန်ကို ရေနဲ့သန့်စင်အောင်ဆေးထားပေးပါ။ ပိန်းဥ (သို့မဟုတ်) ရွှေဖယုံသီးတို့ကိုလည်း ပါးပါးသေးသေးလေးတွေဖြစ်အောင် လှီးထားပြီး သီးသန့်ခွဲပေးထားပါ။ ပုဇွန်ခြောက်ကိုလည်း ကြိတ်ထားပေးပါ။ ပြီးတော့မှ ဆန်တစ်ဝက်နဲ့ ပိန်းဥ (သို့မဟုတ်)ဲရွှေဖယုံသီးတို့နဲ့အတူရောပြီး မုန့်ကြိတ်ပါ။ မုန့်နှစ်ရအောင် ကြိတ်ပြီးသား မုန့်ရည်ကို မုန့်အိတ်ထဲထည့်ပြီး မုန့်အိတ်ကို ထိပ်ကနေ ကြိုးနဲ့ချည်ပြီး မုန့်ရည်စစ်ပေးပါနော်။ မုန့်ရည်တွေ စစ်သွားတဲ့အခါ မုန့်နှစ်တွေကို ကြိတ်ထားတဲ့ ပုဇွန်ခြောက်နဲ့အတူ ရောနေပေးပါနော်။ ပြီးရင် အဲ့ဒီမုန့်နှစ်တွေကို ပေါင်းပေးရမယ်နော်။ မုန့်နှစ်တွေပေါင်းတဲ့အခါ မုန့်နှစ်ကို ခပ်ဝိုင်းဝိုင်း ပုံစံခွက်ထဲထည့်ပြီး ရေနွေးပွက်ပွက်ဆူအိုးထဲထည့်ပြီး နာရီဝက်လောက်အနည်းဆုံးထားပြီးပေါင်းပေးပါနော်။ ပိန်းဥနဲ့ ကြိတ်ထားတဲ့ မုန့်သားက ဖြူပြီး ထုတ်ထုတ်လေးဖြစ်နေပါလိမ့်မယ်။ ရွှေဖယုံသီးနဲ့ပေါင်းထားတဲ့ မုန့်သားကတော့ လိမ္မော်ရောင်သန်းပြီး ခပ်အိအိလေးဖြစ်နေပါမယ်နော်။ ပြီးတော့မှ ပေါင်းပြီးသား မုန့်နှစ်ကိုမှ လက်တစ်လုံးလောက်အထူယူပြီး လှီးပေးပါနော်။
မီးဖိုပေါ်မှာ ဒယ်အိုးအပြန့်လေးကိုတင် ဒယ်အိုးပူလာပြီဆိုရင် ဆီလေးနည်းနည်းထည့်၊ ဆီပူလာပြီဆိုရင်တော့ ခုနကလှီးထားတဲ့ မုန့်သားတွေကို ဒယ်အိုးပေါ်မှာ ဖြန့်ချပြီး ကြော်ပေးပါနော်။ ဟိုဘက်ဒီဘက်အကျက်ညီအောင် မီးအသင့်အတင့်နဲ့ ကြော်ပေးပါနော်။ ကျက်သွားပြီဆိုရင်တော့ ဒယ်အိုးထဲကနေ အကြော်တွေကို ဆယ်ပြီး ဆီစုပ်တစ်ရှူးလေးခင်းထားတဲ့ ပန်းကန်ပြားထဲ ထည့်ပေးပါနော်။
ပြီးရင်တော့ မုန့်ကြော်လေးတွေကို ယူပြီး ကပ်ကျေးလေးနဲ့ ညှပ်ပြီး ပန်းကန်ပြားထဲ ထည့်ပေးပါ။ ပြီးတော့ အပေါ်ကနေ အချဉ်ရည် ဆမ်းပြီး ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါတယ်ရှင်။ ပိန်းဥအော်ကွေ့ကြည်က စေးစေးထုတ်ထုတ်လေးနဲ့ စားရတာအရသာတစ်မျိုးဖြစ်ပြီး ရွှေဖယုံသီးအော်ကွေ့ ကြည်ကတော့ အရသာချိုချိုလေးနဲ့ အိအိမွှေးမွှေးပါနော်။ ကောက်ညှင်းမွှေးလက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ အဆာပြေသုံးဆောင်ပါဦးနော်။

7 comments:

  1. မုန်လာဥမုန့်ကို ဖားအံရောက်မှ စားဖူးတာ၊ အရမ်းကြိုက်တာဘဲ။ လုပ်စားချင်တယ်အမရေ။ ပိန်းဥရော ရွှေဖရုံသီးရော ရှိပေမယ့် ဆန်ကြိတ်ဖို့တော့ မလွယ်ဘူး။ စားချင်လိုက်တာ ဟင့်!

    ReplyDelete
  2. ချက်နည်းမသိလို့ ဆရာမရေ.. အရည်နဲ့ ကြိုတာ မဖြစ်လို့  မစားရတာ ကျေးဇူးပါဘဲ

    ReplyDelete
  3. ဂွတ်ဂွတ် ဂွတ် ဂွတ်...

    အဲဒါပဲ ပြောတတ်တော့တယ်ဗျာ

    စားဦးမယ်. ဒီတစ်ပါတ် ကျရင်

း)

    ReplyDelete
  4. အမရေ...အော်တွေ့ကြည်က အုကိုက်ဆုံးအစားအစာထဲမှာပါပါတယ်။ အော်ကွေ့ကြည်က အချဉ်ရည်ကောင်းမှလဲ ပိုစားကောင်းပါတယ်။ ကျွန်မကတော့ အချဉ်ရေကို ထန်းညက်ရည် နည်းနည်းထည့်ပြီး ဖျော်ပါတယ်။ အမရဲ့ အချဉ်ဖျော်တဲ့ version လေးကိုလည်းသိချင်ပါတယ်။ ၂၀၀၀ မတိုင်ခင်တုန်းကတော့ မြို့ထဲက Apple စတိုးဘေးကလမ်း (လမ်းနာမည် မသိတော့ပါ)ထဲမှာ တရုတ်ကြီးလင်မယားကြော်ရောင်းတာ အရမ်းကိုကောင်းပါတယ်။ သူတို့က လေးထောင့်လေးတွေ ကြော်တာ။ ကြွပ်ကြွပ်လေးတွေ။ လသာလမ်းတဝိုက်ကတော့ ဝိုင်းဝိုင်းလေးတွေ..ပြီးတော့ နည်းနည်းပျော့တယ်။ အခုတော့မသိတော့ပါဘူး. အဲ့ဒါတွေက ၂၀၀၀ မတိုင်ခငါစားဖူးတာတွေပါ။ :D

    ReplyDelete
  5. Hi a ma,
    Can you please post the picture step by step so that it make us see more vividly? Thanks a lot sis...

    ReplyDelete
  6. i made it for ur structure ,, but it very hard and cant eat .. why? can u explain ?

    ReplyDelete
  7. လုလု ရေ စားချင်တယ်

    ReplyDelete