Saturday, August 30, 2008

သနပ်စုံ

3 comments
မင်္ဂလာပါရှင့့်  ဒီနေ့ကျွန်မရဲ့မောင်နှမများကို သနပ်စုံ လုပ်ကျွေးပါရစေနော်။ သတ်သတ်လွတ်စားတဲ့ သူတွေအတွက် အဓိက ရည်ရွယ်ပြီး လုပ်ပေးတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတဖို့ အသီးအရွက်တွေကိုလည်း အထိုက်အလျောက် စားသင့်တယ် မဟုတ်လား။ ဒီဟင်းအမယ်လေးကိုတော့ ကျွန်မအဘွားက ကျွန်မတို့ငယ်ငယ်လေးကတည်းက မနက်တိုင်း လုပ်ကျွေးနေကျပါ။ အဘွားအလွမ်းပြေ သနပ်စုံလုပ်စားကြည့်ကြရအောင်နော်။
သနပ်စုံ လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ပဲပင်ပေါက် (၅၀) ကျပ်သား
ကြက်သွန်နီ (၂၅) ကျပ်သား
ပဲသီး တစ်စည်းကို ၁၀ ချောင်းပါ (၃) စည်း
စပါးလင် လတ်လတ်ဆတ်ဆတ် (၃) ပင်
နှမ်းနက် (၂) ကျပ်ခွဲသား
ငရုတ်သီးအခြောက်တောင့်
ဆား
မန်ကျည်းသီး
ကြက်သွန်နီဆီချက်
ဟင်းခပ်မှုန့်တို့ပါနော်။


ပဲပင်ပေါက်မှာ ကပ်ငြိနေတဲ့ ပဲအခွံတွေကို ဖယ်ရှားပစ်ပြီး ပဲပင်ပေါက်ကို သန့်စင်အောင် ရေဆေးပြီး ဇကာထဲမှာ ရေစစ်ပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး လေးစိတ်ထိုးပေးထားပါ။ ပဲသီးကိုလည်း လက်တစ်ဆစ်စာအရွယ်လေးတွေရအောင် လှီးပေးထားပါ။ စပါးလင်ကို အပေါ်အရွက်ပိုင်းတွေ ဖယ်ရှားပစ်ပြီး အောက်ဘက်က ဖွံ့ဖွံ့ထွားထွား အပိုင်းကို ယူပါမယ်။ ရင့်တဲ့အပြင်ဖတ်တွေကို ဖယ်ရှားပစ်ပြီး အတွင်းပိုင်း အသားလေးတွေကို အကွင်းလိုက်လေးတွေရအောင် ခပ်ပါးပါးလေးလှီးပေးပါနော်။ နှမ်းအနက်ကိုလည်း မီးအသင့်အတင့်နဲ့ မွှေးနေအောင် လှော်ပေးထားပါ။ ငရုတ်သီးအခြောက်တောင့်ကိုလည်း ကြော်ပေးထားပါ။ ကြက်သွန်နီဆီချက်ကိုလည်း ကြော်ပေးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ရေထည့်၊ အဲ့ဒီရေထဲကို မန်ကျည်းသီး ကွမ်းသီးလုံးတစ်လုံးစာ ထည့်၊ မီးဖိုပေါ်တင်ပြီး ရေနွေးပွက်ပွက်ဆူအောင် တည်ပေးပါ။ ရေနွေးဆူပြီဆိုရင် နနွင်းမှုန့်လေး နည်းနည်းခပ်လိုက်ပြီး ကြက်သွန်ကို စထည့်ပြီး ရေနွေးဖျောပါ။ ကြက်သွန်နီထည့်ပြီး ၂ မိနစ်လောက်ကြာရင် ဆယ်ယူလိုက်ပါ။ ပြီးရင် ပဲသီးကိုထည့်ပြီး ပြုတ်ပြီး ပဲသီးတွေကို ဆယ်ပေးထားပါ။ ပြီးတော့မှ ကျန်တဲ့ရေထဲမှာ ပဲပင်ပေါက်တွေကို ကမန်းကတန်းထည့်ပြီး အိုးအဖုံးပိတ်ပြီး တည်ပေးပါ။ ပဲပင်ပေါက်တွေ ကျက်ပြီဆိုတာနဲ့ ဆယ်ယူလိုက်ပြီး အအေးခံထားပေးပါ။
အရွက်တွေအားလုံး အေးပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ပြုတ်ထားတဲ့ ကြက်သွန်၊ ပဲသီးနဲ့ ပဲပင်ပေါက်တွေကိုထည့်၊ စပါးလင်ထည့်၊ ဆီချက်ထည့်၊ ဆား၊ ဟင်းခပ်မှုန့်၊ နှမ်းလှော်တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ။ အရသာအပေါ့အငံကိုလည်း မြည်းပါ။ အရသာချဉ်ဖြုန်းဖြုန်းလေးရယ်၊ စပါးလင်လေးကို ၀ါးမိလို့ မွှေးတေးတေး ရှိန်းတိန်းတိန်းအရသာလေးရယ်၊ နှမ်းလှော်လေးကိုက်မိလိုက်ချိန်မှာ ထွက်လာတဲ့ နှမ်းလှော်မွှေး အနံ့လေးနဲ့ ဆိမ့်သက်သက်အရသာလေးရယ် ရသာပေါင်းစုံလေးလျှာဖျားမှာ တစ်လှည့်စီ နေရာယူနေသလို အစပ်ကြိုက်သူများကတော့ ငရုတ်သီးတောင့်လုံးကြော်ကို ဂျွတ်ကနဲနေ ၀ါးစားနိုင်ပါတယ်နော်။

Wednesday, August 27, 2008

ဝက်သားနှပ်

4 comments

မင်္ဂလာပါရှင့့်  ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ၀က်သားနှပ် ချက်ကျွေးပါမယ်နော်။ အိမ်မှာ အမေက ၀က်သားမစားပေမယ့် အကို့အိမ်မှာ ဘုရားအနေကစာတင်ပွဲ အလှူလုပ်မယ်ဆိုတော့ ဟင်းအမယ်စုံအောင် ချက်ခဲ့တဲ့ ဟင်းလေးပါ။ ချက်တဲ့နည်းကတော့ ကျွန်မရဲ့အဘွားချက်တဲ့ နည်းလေးပါနော်။ ၀က်သားနှပ်တဲ့အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့
ဝက်သား (၅၀) ကျပ်သား
ကြက်သွန်နီကြက်သွန်ဖြူ
ချင်း
နာနတ်ပွင့်
ရှာလကာရည် (အချဉ်အရသာပေါ် မူတည်ပြီး ထည့်ပါ။ ကျွန်မက မြန်မာဗီနီကာကို သုံးပါတယ်။ ၀က်သား ငါးဆယ်သားအတွက် ဗီနီကာ လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးစာ ထည့်ပါတယ်)
သကြား
ဆား
ဟင်းခတ်မှုန့်
ဆီတို့ပါနော်

ဝက်ခေါက်ကို မဖောက်ထုံးသုပ်လိမ်းပြီး အမျှင်တွေကို သန့်စင်အောင် ဇာဂနာနဲ့ နှုတ်ပေးပါ။ ပြီးရင် ၀က်သားကို ရေစင်အောင်ဆေးပြီး အရွယ်တော် အတုံးလေးတွေဖြစ်အောင် တုံးပေးပါနော်။ ပြီးရင် ၀က်သားကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ရှာလကာရည်တို့နဲ့ နယ်ပေးထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါတယ်။ ကြက်သွန်နီကိုအလုံးကြီးရင် လေးစိတ်ထိုးပါတယ်။ အလုံးသေးရင်တော့ အလုံးလိုက် ထည့်ဖို့ ပြင်ထားရပါမယ်။ ချင်းကိုတော့ ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ နာနတ်ပွင့်ဖတ် သုံးခုလောက်ကိုလည်း မညက်တညက်လေး ထောင်းလိုက်ပါနော်။
ပြီးရင် အိုးတစ်လုံးကိုယူပြီး အိုးထဲမှာ ဆီနည်းနည်းထည့်၊ ပြီးရင် သကြား (လက်ဘက်ရည်ဇွန်း ၃ ဇွန်း) ထည့်ပြီး မွှေပေးပါနော်။ သကြားပွက်လာပြီဆိုတဲ့အခါကျရင် နယ်ထားတဲ့ ၀က်သားကိုထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူနီ၊ ချင်းနဲ့ နာနတ်ပွင့်တို့ထည့်ပြီး အသားတွေနဲ့ သမအောင် မွှေ၊ အိုးအဖုံးအုပ်ပြီး အသားထဲက ထွက်လာမယ့်အရည်နဲ့ ပထမတစ်ရည် ခမ်းအောင် တည်ပေးပါ။ ပထမရည်ခမ်းသွားပြီဆိုရင် နောက်ထပ် လက်ဘက်ရည်ပန်းကန်လုံးနှစ်လုံးစာ ရေထပ်ထည့်ပြီး မီးအသင့်အတင့်နဲ့ ဟင်းအိုးကို တည်ပေးပါ။ တစ်ရည်ခမ်းတိုင်း အသားတွေကို အထက်အောက် နှံ့အောင် မွှေပေးပြီး နူးအိတဲ့အထိ မီးအသင့်အတင့်နဲ့ တည်ပေးပါ။ အသားတွေ နူးအိလာပြီဆိုရင် အပေါ့အငန် အရသာကို မြည်းပြီး လိုတဲ့အရသာကို ထည့်ဖြည့်ပါနော်။ ၀က်ခေါက်လေးတွေကလည်း နူးအိ၊ အဆီ၊ အသားတွေမှာလည်း ချိုချိုချဉ်ချဉ်လေးတွေနဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ၀က်သားနှပ်လေးရပါပြီနော်။

ပေါင်မုန့်ပူတင်းပေါင်း

4 comments

မင်္ဂလာပါရှင့့်  ပေါင်မုန့်တွေဝယ်ပြီးရင် အများကြီးပိုနေတတ်လို့ အခက်တွေ့နေ့တဲ့ ခင်ဦးရေ့  လာလေပြီနော့့်  ခင်ဦးလိုပဲ ပေါင်မုန့်တွေ ၀ယ်ပြီး ပိုနေတဲ့အခါ ဘယ်လိုများ လုပ်ရပါလိမ့် ဆိုပြီး အကြံအိုက်နေတဲ့ ချစ်သောမောင်နှမများအတွက် ပေါင်မုန့်ပူတင်းလုပ်နည်းလေးကို မျှဝေလိုက်ပါတယ်နော်။
ပေါင်မုန့်ပူတင်းအတွက် လိုအပ်တဲ့ပစ္စည်းများကတော့
ပေါင်မုန့် ၁၀ ချပ်
ကြက်ဥ (၁၀) လုံး
နွားနို့ တစ်လီတာ
ထောပတ် ထမင်းစားဇွန်း (၃) ဇွန်း
သကြား (၁၅) ကျပ်သား (အချိုမကြိုက်ရင် လျော့ထည့်ပါနော်)
ဆား လက်ဘက်ရည်ဇွန်း (၁) ဇွန်းတို့ပါနော်။


ပေါင်မုန့်တွေကို ဘေးသားတွေ ဖယ်ပစ်ပြီး အတွင်းသားတွေကို သေးသေးလေးတွေဖြစ်အောင် ဖဲ့ပေးပါ။ စတီးဇလုံတစ်လုံးကိုယူပြီး ကြက်ဥထည့်ပြီး သေသေချာချာလေး ခေါက်ပေးပါ။ ကြက်ဥတွေ အားလုံး ပွလာပြီဆိုရင်တော့ နွားနို့ထည့်ပါ။ ထောပတ်၊ သကြားနဲ့ ဆားတို့ကို ထည့်ပြီး အားလုံးသမအောင် မွှေခေါက်ပေးပါ။
မီးဖိုပေါ် ဇောက်နက်နက်အိုးကြီးတစ်လုံးယူ သုံးပုံတစ်ပုံလောက်ထည့်ပါ။ ပြီးတော့မှ ပေါင်မုန့်နဲ့ အဆာပလာအားလုံးထည့်မွှေထားတဲ့ ဇလုံထဲကို ရေထည့် အိုးအဖုံးကိုပိတ်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါ။ မိနစ် ၂၀၊ နာရီဝက်လောက်ဆိုရင်တော့ ပေါင်မုန့်ပူတင်းပေါင်းလေးရပါပြီနော်။ တချို့ကတော့ အပေါ်မီးလေးနဲ့ ပူတင်းကို ပြန်ပြီး ပေါင်းတတ်ပါသေးတယ်နော်။ အဲ့ဒါဆိုရင်တော့ ပေါင်မုန့်ပူတင်းလေးရပါပြီနော်။
ကြိုက်တတ်ရင် အမွှေးနံ့တို့၊ စပျစ်ခြောက်တို့လည်း ထည့်လို့ရပါတယ်နော်။

Tuesday, August 26, 2008

ပဲကြော်မွမွလေး

6 comments

မင်္ဂလာပါရှင့့်  မုန့်ဟင်းခါးချက်စားတိုင်း ပဲကြော်စားချင်ကြတဲ့ မောင်နှမများအတွက် ပဲကြော်ကြော်နည်းလေး မျှဝေလိုက်ပါတယ်နော်။ ပဲကြော်ကြော်တဲ့အခါ မုန့်နှစ်စပ်နည်း အမျိုးမျိုးရှိကြပါတယ်။ ချက်ချင်းစားဖို့အတွက်ဆိုရင်တော့ တန်ပူရာမှုန့်နဲ့ ကြော်လို့ရပေမယ့် တန်ပူရာမှုန့်နဲ့ကြော်ရင် ခဏလေးနဲ့ ပျော့သွားတတ်တယ်နော်။ တစ်ခါတလေကျတော့လည်း ပဲကြော်ကို ၀ါးရတာ မာမာကြီးဖြစ်နေတာတို့ ပြင်းတွဲကြီး ဖြစ်နေတာတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒါမျိုးတွေ မဖြစ်စေဘဲ ပဲကြော်ကြွပ်ကြွပ်ရွရွမွမွလေး ဖြစ်အောင် ကြော်လို့ရမယ့် နည်းလေးကို လက်ဆင့်ကမ်းလိုက်ပါတယ်နော်။
ပဲကြော်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြမယ်နော်။
ကုလားပဲ နို့ဆီဗူး တစ်ဗူး
ဆန်မှုန့် နို့ဆီဗူး တစ်ဝက်
ကောက်ညှင်းမှုန့် နို့ဆီဗူးသုံးပုံတစ်ပုံ
ဂျုံမှုန့် နို့ဆီဗူး သုံးပုံတစ်ပုံ
ချင်း အနည်းငယ် (အနံ့မကြိုက်ရင်တော့ မထည့်ပါနဲ့နော်)
ဆား လက်ဘက်ရည်ဇွန်း တစ်ဇွန်း
စားဆိုဒါ လက်ဘက်ရည်ဇွန်း တစ်ဇွန်း
ရေ နို့ဆီဗူး သုံးခွက်
ဆီ လိုသလောက်
ဟင်းခပ်မှုန့် လက်ဘက်ရည်ဇွန်း နှစ်ဇွန်း (အိမ်မှာ မသုံးဘူးဆိုရင်တော့ မထည့်ပါနဲ့နော်)


ကုလားပဲကို မချက်ခင် သုံးနာရီလောက်ကတည်းက ရေနွေးလေးနဲ့ စိမ်ပေးထားပါနော်။ ချင်းကို အခွံနွှာ ရေဆေးပြီး ခြစ်လိုက်ပါ။ ပြီးရင် ဇလုံတစ်လုံးယူပြီး ရေစိမ်ထားတဲ့ ဇလုံထဲက ပဲတွေကို ဆယ်ယူထည့်ပါ။ ပြီးရင် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို ဖော်ပြထားတဲ့အချိုးအစားတွေအတိုင်း ထည့်ပြီး အားလုံးသမအောင်ေjavascript:void(0)ဖျာ်ပေးပါ။ အမှုန့်တွေအားလုံးလည်း ရေထဲမှာ သေချာပျော်ဝင်အောင် နှံ့အောင် နယ်ပေးပါနော်။ အမှုန့်တွေ ရေထဲမှာ သေချာမပျော်ဘူး မနှံ့ဘူးဆိုရင် အကြော်ကြော်တဲ့အခါမှာ စားမကောင်းဖြစ်တတ်ပါတယ်။ မုန့်နှစ်ရည်အဆင်သင့် ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် (ဒယ်အိုးကိုလည်း အောက်ခြေအပြန့် အညီဖြစ်တဲ့အိုး= ဒယ်အိုးအပြားကို သုံးပါ)၊ ဆီထည့်ပြီး ဆီပူအောင် စောင့်ပါ။ ဆီပူလာပြီဆိုရင် မီးအားကို အသင့်အတင့်ပဲထားပြီး ယောက်ချိုဇွန်းနဲ့ မုန့်နှစ်တွေကို ခပ်ပြီး ဒယ်အိုးထဲ ဖြန့်ထည့်ပေးပါနော်။ မုန့်နှစ်ဟာနေတဲ့နေရာလေးတွေကိုလည်း မုန့်ရည်ထပ်ခပ်ပြီး ထပ်ဖြည့်ပေးပါနော်။
ကြော်နေရင်းနဲ့ အောက်ဘက်က နည်းနည်းဝါရောင်သန်းလာပြီး လှန်လို့ရတဲ့အနေအထားလေးဖြစ်လာ ပြီဆိုရင် ဟိုဘက်လှန်ပေးပါ။ ဟိုဘက်ဒီဘက် အကျက်ညီအောင် မီးအသင့်အတင့်နဲ့ စိတ်ရှည်လက်ရှည်လေး ကြော်ပေးပါနော်။ အဲ့ဒီတော့မှ အကျက်လည်းညီသလို အရောင်လည်းလှပါမယ်။ အကြော်က သိပ်ကြီးနေတယ်လို့ ထင်ရင်တော့ အကြော်ကို အလယ်ကနေ တ၀က်ခေါက်လိုက်ပါနော်။ ဒါမှမဟုတ်ရင်လည်း ပဲကြော်တွေကို ယောက်မအပြားနဲ့ အပိုင်းလေးတွေရအောင် ခြမ်းပေးပါနော်။ အကျက်ညီပြီဆိုရင်တော့ ပဲကြော်တွေကို ဒယ်အိုးထဲကနေ ဆယ်ပြီး ဆီစစ်ဇကာလေးထဲ ထည့်ပေးထားပြီး အအေးခံထားပါနော်။
နောက်တစ်ဒယ်မကြော်ခင်မှာ မီးဖိုက မီးကိုလျော့၊ ပထမအိုးကြော်ထားတဲ့ ဆီအိုးထဲက အကြော်အစအနတွေကို ဆီစစ်ဇကာပါတဲ့ ယောက်မတွေနဲ့ ဆယ်ယူစစ်ထုတ်ပါ။ ဆီလိုအပ်တယ်ထင်ရင်လည်း ထပ်ထည့်ပါနော်။ အဲ့ဒီနည်းနဲ့ ပဲကြော်တွေကို ကြော်လို့ရပါပြီ။
ရလာတဲ့ ပဲကြော်တွေကို အအေးခံပြီးရင် တစ်ခါတည်း စားလို့ မကုန်ဘူးဆိုရင် ဘယ်လိုသိမ်းမလဲဆိုတာကိုလည်း ပြောပြပါဦးမယ်နော်။ ခြောက်သွေ့တဲ့ အ၀ကျယ် ပုလင်းသန့်သန့်တစ်ပုလင်း ကိုယူပြီး ပဲကြော်တွေကို အချပ်လိုက်ပဲဖြစ်ဖြစ်၊ အသင့်စားလို့ရအောင် ခြေပြီးတော့ပဲဖြစ်ဖြစ် ထည့်ပြီး ပုလင်းကို လေလုံအောင် ပိတ်ပြီးသိမ်းထားနိုင်ပါတယ်။ ပလတ်စတစ်အိတ်နဲ့လည်း လေလုံအောင်ပိတ်ပြီး သိမ်းနိုင်ပါတယ်။
တကယ်လို့ သိမ်းထားတဲ့ပဲကြော် မစားဖြစ်တာကြာလို့ ပျော့သွားတယ်ဆိုရင် စားမကောင်းဖြစ်တော့မယ် ဆိုပြီး စိတ်မပူပါနဲ့နော်။ လျှပ်စစ်မီးဖို ဒါမှမဟုတ် မီးသွေးမီးဖို ပေါ်မှာ အသားကင်တဲ့အခါ တင်တဲ့ ဇကာလေးကို တင်ပြီး မီးအားလျော့လျော့လေးနဲ့ ကင်ပေးလိုက်ပါ။ ပဲကြော်ထဲကနေ ဆီတွေ စိမ့်ထွက်လာပြီး ပဲကြော်လေးလည်း ကြွပ်ကြွပ်ရွရွမွမွလေးဖြစ်ပြီး စားကောင်းပါလိမ့်မယ်နော်။
မုန့်ဟင်းခါးချက်လို့ပဲဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲချက်လို့ပဲဖြစ်ဖြစ၊ အာပူလျှာပူချက်လို့ပဲဖြစ်ဖြစ် ပဲကြော်လေးနဲ့မှ စားချင်တဲ့ မောင်နှမများအားလုံး ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

Monday, August 25, 2008

ခ၀ဲသီး ငရုတ်ပွကြော်

3 comments
မင်္ဂလာပါရှင့့်  အခုလို ရာသီမှာ ခ၀ဲသီးလေးတွေ သိပ်ပေါပါတယ်။ ခ၀ဲသီးကတော့ အချိုသီးရယ်၊ အခါးသီးရယ်ဆိုပြီး ရှိပါတယ်။ ဒါပေမယ့် အပြင်ပန်း အမြင်အနေအထားနဲ့တော့ ခ၀ဲသီးဟာ ချိုသလား၊ ခါးသလား ခွဲခြားလို့မရပါဘူး။ ခ၀ဲသီးအနုအရင့်ကိုသာ အပြင်ပန်းအမြင်နဲ့ ခွဲခြားနိုင်ပါတယ်။ ခ၀ဲသီးအခွံမှာ အပေါ်မှာ ဇောင်းလေးတွေပါပါတယ်။ ခ၀ဲသီးအခွံအရောင် စိမ်းစိုပြီး ဇောင်းလေးတွေဟာ နက်တယ်ဆိုရင် ခ၀ဲသီး နုပါတယ်။ ဇောင်းလေးတွေ တိမ်ပြီး အရောင်က အစိမ်းရောင်နည်းနည်းခြောက်တယ်ဆိုရင် ခ၀ဲသီး ရင့်ပါတယ်။ အဲ့ဒီနည်းနဲ့ ခ၀ဲသီးအနုအရင့်ကို ရွေးနိုင်ပါတယ်။
ခ၀ဲသီးငရုတ်ပွ ကုန်းဘောင်ကြော်အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို ပြောပြပါမယ်နော်။
ခ၀ဲသီး
ငရုတ်သီးအပွ
ကြက်သားအသား
ကြက်သွန်နီ
ငရုတ်သီးအခြောက်တောင့်
သကြား
ဆား
ဟင်းခတ်မှုန့်နဲ့
ဆီတို့ပါနော်။
ကြက်သားအသားချည်းသပ်သပ်ကို ရေဆေး၊ မထူမပါးလှီးပြီး ဆားအနည်းငယ်၊ သကြားအနည်းငယ် တို့နဲ့ နယ်ပေးထားပါ။
ခ၀ဲသီးကို အခွံနွှာ၊ ရေဆေးပြီး မထူမပါး ခပ်စောင်းစောင်းလေးတွေ ဖြစ်အောင် လှီးပေးပါ။ ငရုတ်သီး အပွတောင့်ကို အညှာခြွေပြီး ထက်ခြမ်းခွဲလိုက်ပါ။ ပြီးရင် အထဲက ငရုတ်သီးအစေ့တွေကို ဓါးနဲ့အသာ လှီးဖြတ်ပစ်ပါ။ ငရုတ်သီးအသားတွေကို မထူမပါးလှီးပေးပါ။ ကြက်သွန်နီကို အခွံနွှာပြီး လေးစိတ်ထိုးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ဒယ်အိုးထဲကို သကြားနဲ့ ဆား အနည်းငယ်စီကို ထည့်လိုက်ပါ။ ပြီးတော့မှ ဆီထည့်ပေးပါ။ ဆီပူလာပြီး ဆီထဲမှာ သကြားဆားတွေ အမြှုပ်လေး ထလာချိန်မှာ ငရုတ်သီးအခြောက်တောင့်ကို ထည့်ကြော်ပေးပါ။ မီးကို အနည်းဆုံးလျော့ချထားပြီး ကြော်ပေးပါ။ ငရုတ်သီးတွေ အကျက်ညီလာပြီဆိုရင်တော့ ကြက်သွန်နီထည့်ပြီး မွှေပေးပါ။ ကြက်သားကိုထည့်ပြီး မီးကို အသင့်အတင့်ဖြစ်အောင် ထားပြီး အားလုံး သမအောင် ရောမွှေပေးပါ။ ကြက်သားရပြီဆိုရင် လှီးထားတဲ့ ငရုတ်ပွနဲ့ ခ၀ဲသီးတွေကိုထည့်ပြီး အားလုံးသမအောင် ရောမွှေပေးပါ။ ဒယ်အိုးအဖုံးကို အုပ်စရာမလိုပါဘူး။ ကြက်သားရယ်၊ ငရုတ်ပွရယ်၊ ခ၀ဲသီးရယ် အားလုံးကို အနူးညီအောင်သာ ဂရုစိုက်ပြီး ကြော်ပေးပါ။ ရေထည့်စရာ မလိုပါဘူး။ မီးအသင့်အတင့်နဲ့ ကြော်ပေးနေတဲ့အတွက် အသီးတွေက ထွက်လာတဲ့ အရည်နဲ့တင် အသားရော အသီးတွေရော နူးပါတယ်နော်။ အရသာအပေါ့အငံအတွက် ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ကို လိုသလို မြည်းပြီး လိုအပ်တဲ့ အရသာတွေကို ထပ်ဖြည့် ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ အရသာရှိလှတဲ့ ခ၀ဲငရုတ်ပွကြော်လေးရပါပြီနော်။ အလုပ်များပြီး ဟင်းချက်ဖို့ အချိန်သိပ်မပေးနိုင်တဲ့ ချစ်မောင်နှမများအတွက် အချိန်ကုန်လည်းသက်သာ၊ အသားရော၊ အသီးအရွက်ရောပါ တစ်ခါတည်း စားနိုင်မယ့် ဟင်းလေးတစ်မယ်ပါနော်။ ထမင်းဖြူလေးနဲ့ဆို သိပ်လိုက်ဖက်ပါတယ်နော်။

ချဉ်ပေါင်ရွက်ခြောက်ချက်နည်း

4 comments

မင်္ဂလာပါနော်။ ဘလော့ဂ်မှာ လာမေးထားတဲ့ မသင်းနဲ့ အခြားမောင်နှမတွေအတွက်ပါ ချဉ်ပေါင်ရွက်ခြောက်ကို ချက်တဲ့နည်းလေးတွေကို မျှဝေလိုက်ပါတယ်နော်။ ချဉ်ပေါင်ရွက်အခြောက်ကို ဟင်းချက်တော့မယ်ဆိုရင် ကျွန်မကတော့ ချဉ်ပေါင်ရွက်အစိုကို ချက်တဲ့အတိုင်းလေး ဖြစ်ချင်တဲ့အခါမှာ မချက်ခင် (၂) နာရီလောက်ရေစိမ်လည်း ရပါတယ်။ ဒါမှမဟုတ်လို့ ဆောင်းတွင်းဆိုရင် ရေနံဆီဟီတာသုံးခဲ့တယ်ဆိုရင် ဟီတာရဲ့အပေါ်မှာ ရေအိုးတစ်လုံး တင်ထားရတဲ့အထဲ ချဉ်ပေါင်ရွက် ခြာက်တွေကို ထည့်ထားလိုက်ပါတယ်။ အဲ့ဒါဆိုရင် ချဉ်ပေါင်ရွက်ခြောက်တွေက ခဏလေးနဲ့ နူးသွားပါလိမ့်မယ်။ ရလာတဲ့ ချဉ်ပေါင်ရွက်ကိုမှ ကျွန်မက ကပ်ကြေးလေးနဲ့ ခပ်နုပ်နုပ်လေးတွေ ညှပ်ပေးပါတယ်။ အဲ့ဒီလို လုပ်လိုက်ရင် မြန်မာပြည်က ချဉ်ပေါင်ရွက် အရွက်နုလေးတွေကို မွှေလိုက်သလိုလေး ဖြစ်သွားပါတယ်။ အဲ့ဒါကိုမှ ကိုယ်ချက်လိုတဲ့ ဟင်းခတ် (ငါး၊ ပုစွန်၊ ပုစွန်ခြောက်၊ ၀က်သား) စသဖြင့်နဲ့ ရောချက်တာပေါ့နော်။ အချဉ်အရသာပေါ့တယ် ထင်ရင်တော့ မန်ကျည်းမှည့်လေးနည်းနည်းထပ်အုပ်ပေါ့နော်။ နောက်တစ်နည်းကတော့ ချဉ်ပေါင်ရွက်အခြောက်ကို စွန်ထန်လို ဟင်းချိုချက်တာပါ။ အဲ့ဒီလိုချက်တော့မယ်ဆိုရင်တော့ ချဉ်ပေါင်ရွက်ကို ရေဆေးရုံပဲ ဆေးပြီး စစ်ထားလိုက်ပါ။ အိုးတစ်လုံးယူ ရေထည့်၊ ပုစွန်ခြောက်လေးထည့်ပြီးတည်၊ ရေဆူပြီဆိုရင် ကြက်သွန်ဖြူလေး ဓါးပြားရိုက်ထည့်၊ ချင်းလေး အ၀ိုင်းဖတ်လေးဖြစ်အောင် လှီးထည့်၊ ဆားနဲ့ ဟင်းခတ်မှုန့်လေးထည့်ပြီးတော့မှ ချဉ်ပေါင်ရွက်ကို ခတ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ စွန်ထန်အလွမ်းပြေ ချဉ်ပေါင်ရွက်ခြောက်ဟင်းရည်သောက်ပေါ့နော်။ ကြိုက်တတ်ရင်တော့ ငရုတ်ကောင်းမှုန့်လေးခပ်လိုက်ဦးနော်။အဲ့ဒါဆိုရင် မသင်း ကျေနပ်မယ်ထင်ပါတယ်။

Saturday, August 23, 2008

အုန်းထမင်း

7 comments


မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို အုန်းထမင်းချက်နည်းလေးပြောပြပါရစေနော်။ အုန်းထမင်းချက်နည်း မေးထားတဲ့ မောင်နှမတွေအတွက် ထမင်းချက်တဲ့ပေါင်းအိုးနဲ့ အုန်းထမင်း ချက်နည်းလေး ကို ပြောပြပါမယ်နော်။
အုန်းထမင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ဆန်နို့ဆီဗူး (၃) လုံး
အုန်းနို့ရည် (၁) ဗူး
ရေ
ဆား လက်ဘက်ရည်ဇွန်း (၁) ဇွန်း
သကြား လက်ဘက်ရည်ဇွန်း (၁) ဇွန်း (အချိုကြိုက်ရင်ပိုထည့်ပါနော်)
ကြက်သွန်နီ ဥကြီးကြီး ၂ လုံး
ဆီ ထမင်းစားဇွန်း ၁ ဇွန်းတို့ပါနော်။



ဆန်ကို သန့်စင်အောင် ရေဆေးပေးပါ။ ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး လေးစိတ် စိတ်ပေးပါ။ ပြီးရင် အလယ်ကနေ ကန့်လန့်ထပ်စိတ်ပေးပါ။

အိုးတစ်လုံးကိုယူ မီးဖိုပေါ်တင် ဆီထည့်၊ အုန်းနို့ဗူးကို ဖောက်ပြီးထည့်၊ ပြီးရင် ဆားနဲ့ သကြားကို ထည့်ပေးပါ။ ပြီးရင် မီးအသင့်အတင့်နဲ့ အဲ့ဒီအုန်းနို့ကို သုံးခွက် ၂ ခွက်တင်ရအောင်ကျိုပေးပါ။ ရလာတဲ့ အုန်းနို့ရည်ကိုလည်း ပန်းကန်လုံးထဲ ထည့်ပေးထားပါ။

ဆေးထားတဲ့ ဆန်ကို rice cooker ထဲထည့်၊ ရေကို နို့ဆီဗူး ၂ လုံးခွဲနဲ့ ကျိုထားတဲ့ အုန်းနို့ရည်ကို ထည့်ပါ။ ပြီးရင် လှီးထားတဲ့ ကြက်သွန်တွေကို ထည့်ပြီး ထမင်းပေါင်းအိုးခလုပ်ကို နှိပ်လိုက်ရုံပါပဲနော်။

ထမင်းအိုး ပွက်လာတဲ့အချိန်ကျရင်တော့ ထမင်းအိုးကို အထက်အောက် နှံ့အောင် မွှေပေးပါနော်။

ထမင်းအိုး ခလုပ်တက်တက်ပြီးချင်းမှာလည်း ထမင်းမခူးလိုက်နဲ့ဦးနော်။ အနည်းဆုံး ၁၅ မိနစ်၊ မိနစ် ၂၀ လောက် နှပ်ပေးထားလိုက်ဦးနော်။ ပြီးမှ ထမင်းခူးပါနော်။

အုန်းထမင်းနဲ့ တွဲစားတတ်တဲ့် ဟင်းတွေကတော့ ကြက်သားဟင်း၊ အမဲနှပ်၊ သခွားသီးသနပ်၊ ဘာလချောင် ကြော်၊ သခွားသီး၊ တညင်းသီးပြုတ်၊ ချဉ်ပေါင် (သို့မဟုတ်) ကင်ပွန်းချဉ်ရွက် ဟင်းရည်တို့ပါနော်။

ကျွန်မတို့အိမ်မှာတော့ အုန်းထမင်းချိုးနဲ့ မုန့်ဟင်းခါးကို တွဲစားတတ်ပါတယ်။ အုန်းထမင်းနဲ့ ဒူးရင်းသီးနဲ့နယ်၊ သကြားလေးဆားလေးထည့်ပြီး နယ်စားတတ်ပါတယ်။ သရက်သီးမှည့်နဲ့လည်း စားတတ်ပါတယ်။ တစ်ခါတလေတော့ အမဲသားကြွပ်ကြော်၊ ကြက်သားကြွပ်ကြော်တို့နဲ့လည်း စားတတ်ပါတယ်။

အုန်းထမင်းအိမ်မှာချက်ဖြစ်တဲ့နေ့ကျမှ ဓာတ်ပုံတင်ပေးမယ်နော်။ အခုတော့ အင်တာနက်ထဲက အုန်းထမင်းပုံလေးနဲ့ပဲ အာသာဖြေလိုက်ဦးနော်။

မှတ်ချက်။ ဆန်ပျော့မယ်လို့ ထင်ရင် ရေလျော့ထည့်ပါနော်။ ရိုးရိုးဆန်ကို ဘာစမာတီဆန်လေး ရောပြီးချက်ရင် ထမင်းသား ပိုလှပါတယ်နော်။

Wednesday, August 20, 2008

နို့စိမ်းခေါက်ဆွဲ

8 comments

အားလုံးမင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို
နို့စိမ်းခေါက်ဆွဲလေး ချက်ကျွေးပါရစေ ဦးနော်။
အုန်းနို့ခေါက်ဆွဲစားချင်တယ်၊ ဒါပေမယ့် သွေးတိုးတော့ အုန်းနို့နဲ့
မတည့်ဘူးလို့ ဆိုလာတဲ့ ကျွန်မရဲ့ ဦးငယ်အတွက် ချက်ကျွေးဖြစ်ခဲ့တာပါ။

နို့စိမ်းခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြပါမယ်နော်။
ခေါက်ဆွဲ - ၁ ပိသာ + နန်းလုံး ၅၀ ကျပ်သား
ကြက်သား- ၁ ပိသာ
ပဲသွေး အတုံး ၂၀
နို့စိမ်းနှစ်ဗူး
ကုလားပဲ ၃၅ ကျပ်သား + မွှေးပဲမှုန့်အထုပ်ကြီး တစ်ထုပ်
ကြက်သွန်နီအရွယ်တော်အလုံး ၅၀ ကျပ်သားခန့်
ကြက်သွန်ဖြူ၊
ချင်းအနည်းငယ်
ဆီ
ငံပြာရည်
ဟင်းခပ်မှုန့်
သကြား
ရေသဖန်းရွက် (အုန်းနို့နံ့မွှေးတဲ့အရွက်)
နနွင်းမှုန့်အနည်းငယ်
ငရုတ်သီးအရောင်မှုန့်အနည်းငယ်
ငရုတ်သီးအကျက်မှုန့်
ပဲပင်ပေါက်၊ ပဲပြား
ပဲသီး၊ သံပုရာသီး တို့ပါနော်။

ကြက်သားကို သန့်စင်အောင် ရေဆေးပြီး အရိုးသပ်သပ်၊ အသားသပ်သပ်
သီးသန့်လှီးပေးပါ။ ကြက်သားအသားတွေကို ခပ်သေးသေးအတုံးလေးတွေရအောင် တုံးပါ၊
ကြက်ရိုးတွေကိုလည်း အရွယ်တော် အတုံးလေးတွေတုံးပါ။ ပြီးတော့မှ ကြက်သားရော
အရိုးပါ တစ်ပန်းကန်စီ ဟင်းခတ်မှုန့်၊ ဆားနဲ့ သကြားတို့နဲ့ ရောနယ်ပေးပါ။
ပြီးရင် ချင်းကိုအခွံနွှာ၊ ရေဆေး၊ ညက်အောင်ထောင်းပြီး အရည်ညှစ်ပြီး
ကြက်သားတွေနဲ့ ရောနယ်ပြီး နှပ်ထားပေးပါ။
ပဲသွေးကို ရေဆေးပြီး ဆား၊ သကြား၊ ငံပြာရည်အနည်းငယ်၊ ချင်းတို့နဲ့
နယ်ပေးထားပါ။ ပဲပြားကိုလည်း ရေဆေးပြီး အလျားလိုက်လှီး၊ ဆား၊ သကြားလေးနဲ့
နယ်ပေးထားပါ။
ကုလားပဲကို မချက်ခင် လေးနာရီလောက်ကတည်းက ရေစိမ်၊ ပြီးရင်
နူးအောင်ပြုတ်ပြီး ကုလားပဲတွေကို ချေပေးပါ။
ကြက်သွန်နီ ခုနစ်လုံးလောက်နဲ့ ကြက်သွန်ဖြူသုံးလုံးတို့ကို အခွံနွှာ၊
ရေဆေးပြီး ငရုတ်သီးအရောင်မှုန့်နဲ့အတူ ရောထောင်းပေးပါ။
ပဲပင်ပေါက်၊ ပဲသီးတို့ကိုလည်း သန့်ရှင်းရေးလုပ်ပြီး ရေစစ်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင်
နနွင်းမှုန့်လေး ခတ်ပြီး ပဲပြားတွေကို အရင်ကြော်ပေးပါ။ ရလာတဲ့
ပဲပြားတွေကို ပန်းကန်တစ်ချပ်ထဲ သီးသန့်ထည့်ပေးထားပါ။ ပဲပြားကြော်ပြီးရင်
လက်ကျန်ဆီနဲ့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေထည့်ပြီး ဆီသတ်ပါနော်။
ဆီသတ်နံ့မွှေးလာပြီဆိုရင် ငံပြာရည်လေးနည်းနည်းထည့်၊ ပြီးရင် နယ်နှပ်ထားသော
ကြက်သားနဲ့ ကြက်ရိုးများကို ထည့်ပြီး မွှေပေးပါ။ ပြီးရင် ကြက်သားထဲက
ထွက်လာမယ့်ရေနဲ့ တစ်ရေခန်းအောင် တည်ပေးပါနော်။ ပထမတစ်ရည် ခန်းပြီဆိုရင်
ဟင်းအိုးထဲက ကြက်ရိုးတွေကို ဆယ်ယူပြီး ဇလုံတစ်လုံးထဲ ထည့်ပေးထားပါ။
ကျန်တဲ့ ကြက်သားတွေထဲကို နယ်ထားတဲ့ ပဲသွေးတွေထည့်ပြီး ဆီပြန်အောင်
တည်ပေးပါ။ ဆီပြန်ပြီဆိုရင်တော့ နောက်ထပ် ရေနည်းနည်းထပ်ထည့်ပြီး
ကြက်သားနူးအောင်ထိ တည်ပေးပါ။ ကြက်သားပဲသွေးဟင်းကို ဆီကျန်ရေကျန်ဟင်းလေး
ဖြစ်အောင် တည်ပေးပြီးမီးဖိုပေါ်ကနေ ချပေးပါနော်။
ဒုတိယအနေနဲ့ ဟင်းရည်အိုးပြင်ပါမယ်။ အိုးထဲကို ရေနဲ့ ပဲမှုန့်တွေထည့်ပြီး
ပဲမှုန့်တွေကို ရေနဲ့ သမပြီး ပဲမှုန့်အားလုံး ရေထဲမှာ ပျော်ဝင်အောင်
ထည့်ပေးပါ။ ပဲမှုန့်တွေ ပွစိပွစိတွေ ဖြစ်နေရင် မကောင်းပါဘူး။
ပဲရည်ဖျော်ပြီးရင် မီးဖိုပေါ် တင်၊ ပဲရည်အိုးကို တင်ပြီး ပွက်ပွက်ဆူအောင်
တည်ပေးပါ။ ပဲဟင်းရည် မဝေကျအောင်လည်း သတိထားပါ။ အောက်က တူးမသွားအောင်လည်း
သတိထားပြီး မွှေမွှေပေးပါ။ ပဲစိမ်းနံ့ပျောက်ပြီဆိုရင်တော့ ပဲဟင်းအိုးထဲကို
ထောင်းထားတဲ့ ကုလားပဲအနှစ်၊ နို့စိမ်းဗူး၊ ဆား၊ သကြားနဲ့
ဟင်းခတ်မှုန့်တို့ထည့်ပြီး ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးဆူလာပြီဆိုရင်
ကြက်သွန်ဥလေးတွေရယ်၊ ဆီသတ်ထားတဲ့ ကြက်ရိုးရယ်၊ ကြက်သားဟင်းအိုးထဲက
ပဲသွေးတစ်ဝက်ရယ်ကို ထည့်ပေးပါ။ ပဲပြားကြော်ကိုလည်း မထူမပါးလှီး ပြီးရင်
ဟင်းရည်အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ကြက်ရိုးတွေလည်း
နူးပြီး အပေါ့အငံအရသာနဲ့ ဟင်းရည်အပျစ်အကျဲကို စိတ်ကြိုက်ပြင်ပေးပါ။
အုန်းနို့နံ့လေး မွှေးချင်ရင် ရေသဖန်းရွက်
(အုန်းနို့နံ့သင်းတဲ့အရွက်)လေးကို ထည့်ပြီး ခဏနေရင် ပြန်ဆယ်ယူလိုက်ပါ။
အဲ့ဒါဆိုရင်တော့ အုန်းနို့နံ့သင်းသင်းနဲ့ အရသာရှိလှတဲ့
နို့စိမ်းခေါက်ဆွဲဟင်းရည်လေး အသင့်ဖြစ်ပါပြီနော်။
ပဲပင်ပေါက်ကို ဒယ်အိုးတစ်လုံးထဲထည့်ပြီး လှော်လိုက်ပါ။ ပဲပင်ပေါက်တွေ
နည်းနည်းလေးနွမ်းသွားပြီ ဆိုရင် ချလိုက်တော့နော်။ သံပုရာသီးကို
အစိတ်လေးတွေဖြစ်အောင်စိတ်ပေးပါ။ ပဲသီးကို ပါးပါးလေးတွေဖြစ်အောင်
လှီးပေးထားပါ။ ကြက်သွန်နီတွေကို ခပ်ပါးပါးလေးတွေဖြစ်အောင်လှီးပေးထားပါ။

မုန့်ပွဲပြင်ဖို့ ပန်းကန်တစ်ချပ်ယူ၊ ခေါက်ဆွဲထည့် (ကျွန်မက
ခေါက်ဆွဲမကြိုက်ပါ၊ နန်းလုံးပဲကြိုက်လို့ နန်းလုံးပဲထည့်ပါတယ်။ ပြီးရင်
နို့စိမ်းပဲဟင်းရည်လေးဆမ်း၊ ကြက်သားဟင်းထည့်၊ ပဲပင်ပေါက်လေးထည့်၊
ပဲသီးလေးထည့်၊ ပဲသွေးလည်းထည့်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ အချဉ်ကတော့
ကိုယ့်စိတ်ကြိုက်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်နော်။

Friday, August 15, 2008

မှိုထမင်းသုပ်

5 comments

မင်္ဂလာပါရှင်။ ဒီနေ့ ကျွန်မရဲ့ မွေးနေ့မှာ ၀ိုင်းတော်သားများနဲ့အတူ ၀ိုင်းဝန်းဆုတောင်းပေးကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။

မွေးနေ့မှာ သူများလို ကိတ်မုန့်လည်း မလှီးဖြစ်ဘူး။ ထူးထူးဆန်းဆန်းလေးလည်းဖြစ်အောင်၊ အကုန်အကျလည်း သက်သာအောင်၊ စားလို့လည်းကောင်းအောင်၊ အ၀လည်း စားလို့ရအောင် မှိုထမင်းသုပ်နဲ့ ကြက်သားကြော်လေး လုပ်ကျွေးပါခဲ့တာလေးကို မျှဝေပေးလိုက်ပါတယ်နော်။

မှိုထမင်းသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို ပြောပြပါမယ်နော်။

ဆန် နို့ဆီဗူး (၄) လုံး

ကောက်ရိုးမှိုအလုံး (၂၅) ကျပ်သား

ကြက်သား ရင်အုပ်သား၊ ပေါင်သား (၇၅) ကျပ်သား
ကြက်သွန်ဖြူ (၂၀) ကျပ်သား

ကြက်သွန်နီ (၃၀) ကျပ်သား

ချင်း

ငရုတ်သီးအပုအပွတောင့် (၁၅) ကျပ်သား

ပုဇွန်ခြောက် (၁၅) ကျပ်သား

ငရုတ်သီးအစိမ်း

သံပုရာသီး

ငံပြာရည်

ဆီ

နနွင်း

ဆား

သကြား

အချိုမှုန့်

နံနံပင်၊ ဂျူးမြစ်၊ ကြက်သွန်မြိတ်တို့ပါနော်။


ဆန်နို့ဆီဗူး(၄)လုံးကို သန့်စင်အောင် ရေဆေးပြီး ပေါင်းအိုးနဲ့ တည်ပေးထားပါ။ ထမင်းသား မပျော့မမာစေဘဲ အနေတော်ဖြစ်အောင် ချက်ပေးပါ။

ကောက်ရိုးမှိုအလုံးမှာ ကပ်ငြိနေတဲ့ ကောက်ရိုးမျှင်လေးတွေကို ဓားနဲ့အသာအယာသန့်ရှင်းရေး လုပ်၊ ရေနဲ့စင်ကြယ်အောင်ပွတ်ဆေးပြီး ရေစစ်ပေးပါ။ ပြီးရင် မှိုလုံးလေးတွေကို ဓားနဲ့ ထက်ခြမ်းခြမ်းပေးထားပါ။

ကြက်သားကို ရင်အုပ်သားနဲ့ ပေါင်သားတို့ကို ရွေးဝယ်ပြီး သန့်ရှင်းရေးပြုလုပ်ပြီး ရေစင်အောင်ဆေးပေးပါ။ ပြီးရင် ကြက်သားကို ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့အတူ ချင်းရည်လေးပါညှစ်ထည့်ပြီး နယ်ပေးထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ အလုံးလိုက်ရေဆေးပြီး ပါးပါးလေးတွေ လှီးပေးထားပါ။

ငရုတ်သီးအပုအပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေနွေးပူပူနဲ့ လောင်းချပြီး ဆေးပစ်လိုက်ပြီးမှ နောက်တစ်ရေ အသစ်လဲပြီး ငရုတ်သီးကို စိမ်ပေးပါ။ ပြီးရင် ငရုတ်ဆုံထဲကို ငရုတ်သီးတွေ ထည့်ပြီး ညက်အောင် ထောင်းပေးပါ။

ပုစွန်ခြောက်ကိုလည်း ညက်အောင်ထောင်းပေးထားပါ။

နံနံပင်၊ ဂျူးမြစ်နဲ့ ကြက်သွန်မြိတ်၊ သံပုရာသီး တို့ကိုလည်း သန့်ရှင်းရေးလုပ်ပြီး ရေစင်အောင်ဆေး ပေးပြီး ရေစစ်ထားပါ။ သံပုရာသီးကိုလည်း အစိတ်လေးတွေ စိတ်ပေးထားပါ။

မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်ပြီးတော့ ကြက်သားတုံးတွေကို ဒယ်အိုးထဲ စီစီရီရီထည့်ပါ။ ကြက်သားမကပ်စေအောင် ဆီများများနဲ့ ကြော်ပေးပါ။ တစ်ဘက်ကျက်ရင် နောက်တစ်ဘက်ကိုလှန်ပေးပါ။ အဲ့ဒီလိုနဲ့ ကြက်ကြော်လေးကို အရောင်နီနီလေးနဲ့ အကျက်ညီ အကြွပ်ညီအောင် ကြော်ပြီးရင် ဇကာတစ်ခုထဲထည့်ပြီး ဆီစစ်ပေးထားပါ။ ကြက်သားကြော်တွေ ပျော့မသွားအောင် ပူနေတဲ့ ကြက်သားတုံးတွေ တစ်ခုနဲ့တစ်ခု မထပ်မိစေနဲ့နော်။

ကြက်သားကြော်ပြီးရင် အဲ့ဒီဆီတွေကို တခြားဒယ်အိုးတစ်လုံးထဲ ပြောင်းထည့်ပြီး ဆီပူအောင်တည်ပြီး ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပြီး ငရုတ်ဆီ ချက်ပေးပါ။ ငရုတ်ဆီကျက်ပြီဆိုရင် ဇလုံတစ်လုံးထဲ ပြောင်းထည့်ပေးထားပါနော်။

ပြီးရင် ကြက်သွန်ဖြူနီဆီချက်ကြော်ဖို့ ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့် ထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီတွေကို အရင်ထည့်ကြော်ပေးပါ။ ကြက်သွန်နီတွေ နည်းနည်းနွမ်းလာပြီဆိုရင် ကြက်သွန်ဖြူပါထည့်ပြီး ကြော်ပေးပါ။ မီးအားသိပ်မပြင်းစေဘဲ မီးအသင့်အတင့်နဲ့ ကြက်သွန်တွေကို သေချာ အကျက်ညီအောင် မွှေပေးပါ။ ကြက်သွန်အရောင် ရွှေရောင်လေးပြောင်းလာပြီဆိုရင်တော့ ကြက်သွန်ကြော်အဖတ်တွေကို ဆီထဲကနေ ဆယ်ယူပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ပေးပြီး အအေးခံထားပါ။ ဆီတွေကိုလည်း ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး အအေးခံထားပေးပါ။

ဆီချက်ကြော်တဲ့ ဒယ်အိုးထဲနဲ့ပဲ မှိုထည့်ပြီး လုံးပေးပါ။ မှိုထဲကို ဆား၊ သကြားလေးနည်းနည်း၊ အချိုမှုန့်လေး ထည့်ပြီး လုံးပေးပါ။ မှိုက နူးညံ့တာမို့ ခဏလေးနဲ့ နူးတယ်နော်။ အဲ့ဒါဆိုရင် မှိုရပြီနော်။

ထမင်းလည်းကျက်ပြီ၊ မှိုလည်း ရပြီ၊ ငရုတ်ဆီကျက်၊ ကြက်သွန်ဖြူနီဆီကျက်လည်းရပြီ၊ ကြက်သားကြော်လည်း ကျက်ပြီ၊ ထမင်းသုပ်ဖို့ ကျန်တာတွေလည်း အားလုံးအသင့်ဖြစ်ပြီဆိုရင် ထမင်းသုပ်ဖို့ ပြင်ကြရအောင်နော်။

ဇလုံတစ်လုံးထဲကို ထမင်းထည့်၊ မှိုထည့်၊ ငရုတ်သီးဆီကျက်၊ ကြက်သွန်ဆီချက်အရည်တို့ထည့်၊ ဆား၊ ငံပြာရည်၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်ထည့်၊ ပြီးရင် သံပုရာရည်ညှစ်ထည့်၊ ကြိုက်တတ်ရင် ငရုတ်သီးစိမ်းလေးတွေကို ညှပ်ထည့်ပြီး အားလုံးကို နှံ့အောင် နယ်ပေးပါ။ အရသာအပေါ့အငံကိုလည်း ကိုယ်ကြိုက်တတ်သလိုလေး ကဲထည့်ပေးပါ။ အဲ့ဒါဆိုရင် မှိုထမင်းသုပ် ချဉ်ငံစပ်လေးရပါပြီ။

ပန်းကန်ပြားတစ်ချပ်ထဲကို မှိုထမင်းသုပ်လေးထည့်၊ အပေါ်က ကြက်သွန်ကြော်ဖြူး၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ဂျူးမြစ်တို့ထည့်၊ ကြက်သားကြော်လေးတွေကို အသားထွင်ပြီး ထည့်ပေး၊ ကြိုက်တတ်ရင် မြေပဲဆံကြော်လေးဖြူးထည့်ပေးလိုက်ရင်ဖြင့် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုထမင်းသုပ်လေး ရပြီနော်။

သတ်သတ်လွတ်မှိုထမင်းသုပ်ဆိုရင်တော့ ပုဇွန်ခြောက်၊ ငံပြာရည်မထည့်ဘဲ သုပ်ပေးပါနော်။

Thursday, August 14, 2008

For Ma Ma Lu

12 comments

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး
လိုတာတွေ အကုန်ပြည့်ပါစေ။ဘလော့ဂ်မောင်နှမတွေအတွက်
ဟင်းနည်းတွေလည်း အများကြီးရေးပေးနိုင်ပါစေ။

ဝိုင်းတော်သားများ။

သခွားသီးသနပ်သုပ် (မော်လမြိုင်စတိုင်လ်)

1 comments

မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မ ငယ်ငယ်တုန်းက အဘွားက အိမ်မှာ မကြာခဏလုပ်ကျွေးဖူးတဲ့ သနပ်စုံလေးထဲက သခွားသီးသနပ်ကို အမှတ်တရအနေနဲ့ လုပ်ကျွေးပါမယ်နော်။

သခွားသီးသနပ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
လက်ဖျံရိုးအရွယ် သခွားသီး (၃) လုံး
ရှာလကာရည် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁) လုံး
ဆား စားပွဲတင်ဇွန်း (၁) ဇွန်း
အချိုမှုန့် လက်ဖက်ရည်ဇွန်း (၃) ဇွန်း
ပုစွန်ခြောက်မှုန့် စားပွဲတင်ဇွန်း (၅) ဇွန်း
ကြက်သွန်နီကြော် လက်ဖက်ရည်ပန်းကန်လုံး (၃) လုံး
ဆီချက်အရည် လက်ဖက်ရည်ပန်းကန်လုံး (၁/၂) လုံး
နှမ်းအနက် လှော်ပြီးသား (၃) ကျပ်သားနဲ့
ငရုတ်သီးအခြောက်တောင့်လုံးကြော် တို့ပါနော်။


သခွားသီးကို ရေစင်အောင်ဆေး ထက်ခြမ်းခွဲပြီး ကန့်လန့်ဖြတ် ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးပါ။ သခွားသီးတွေ အားလုံး လှီးပြီးပြီဆိုရင် ဇလုံတစ်လုံးထဲထည့်ပြီး သခွားသီးတွေကို ရှာလကာရည်နဲ့ ဆားနဲ့ အတူရောနယ်ပေးပါ။ ပြီးရင် သခွားသီးတွေကို ပိတ်ပါးစနဲ့ ထုပ်ပြီး လုံအောင်ပိတ်လိုက်ပါ။

ဇလုံအကြီးတစ်လုံးကိုယူ၊ ပြီးတော့ ပန်းကန်ပြားတစ်ချပ်ကို ဇလုံထဲ မှောက်ထည့်လိုက်ပါ။ ပြီးရင် အပေါ်ကနေ သခွားသီးအိတ်ကို တင်ပြီး သခွားသီးအိတ်ရဲ့အပေါ်ကနေမှ ကျောက်ပျဉ်ဖိ၊ ကျောက်ပျဉ်ပေါ်ကမှ ငရုတ်ဆုံကို တင်ပြီး အနည်းဆုံး နှစ်နာရီလောက် ဖိထားပေးလိုက်ပါ။ အပေါ်က အလေးချိန်ရဲ့ ဖိအားနဲ့ သခွားသီးထဲက အရည်တွေ စိမ့်ထွက်လာမှာနော်။ အရည်တွေကို သပ်သပ်ဖယ်ထားလိုက်။ သုပ်စားခါနီးကျရင် သခွားသီးတွေထည့်ထားတဲ့ အိတ်ထဲက သခွားသီးတွေကို ယူပြီး မြည်းကြည့်လိုက်ပါ။ ကျွတ်ကျွတ်ကျွတ်ကျွတ်နဲ့ ၀ါးလို့စားလို့ကောင်းပါတယ်နော်။ (သခွားရည်ကိုတော့ ခေါင်းလျှော်မယ့်ရက်ဆို ခေါင်းမလျှော်ခင် တစ်နာရီလောက်အလိုမှာ အဲ့ဒီသခွားရည်ကို လိမ်းပြီးမှ ခေါင်းလျှော်ရင် အဲ့ဒါ ဦးရေကိုအေးစေတယ်)

နှမ်းအနက်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်မှာ မီးအေးအေးနဲ့ လှော်ပေးပါ။ နှမ်းလှော်နံ့လေး သင်းလာရင်တော့ အကျက်ညီအောင် သေချာမွှေပေးပြီးတော့ မီးဖိုပေါ်က နှမ်းလှော်အိုးကို ချပြီး ပန်းကန်လုံးထဲ ပြောင်းထည့်ပေးပါ။ နောက်ပြီး ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာပြီဆိုရင် ငရုတ်သီးအခြောက်တောင့်ထည့်ပြီး မီးနွေးနွေးနဲ့ကြော်ပေးပါ။ ငရုတ်သီးကြော်ရပြီဆိုရင်လည်း ပန်းကန်ထဲပြောင်းထည့်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ရင် ဇလုံအကြီးကြီးထဲမှာ သခွားသီးတွေထည့်၊ ဆား၊ အချိုမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်အရည်၊ ကြက်သွန်နီကြော်တွေ ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင် အရသာကို မြည်းကြည့်ပါ။ ပြီးတော့မှ နှမ်းလှော်မွှေးမွှေးလေးထည့်ပြီး မွှေပါ။ ပြီးသွားရင်တော့ ပန်းကန်ပြားလေးထဲ သခွားသီးသနပ်သုပ်လေးကို ထည့်၊ အပေါ်ကနေ ကြက်သွန်နီကြော်လေးထည့်ဖြူးပေးပါ။ ငရုတ်သီးတောင့်လုံးကြော်လေးထည့်ပါ။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ သခွားသီးသနပ်သုပ်လေး ရပါပြီနော်။ အအီလည်းပြေ၊ ခံတွင်းလည်း မြိန်စေတဲ့ သခွားသီးသနပ်သုပ်လေးပါနော်။

(မှတ်ချက်။ သတ်သတ်လွတ် စားသုံးသူများအတွက် ဆိုရင်တော့ ပုစွန်ခြောက်မှုန့်မထည့်ဘဲ သုပ်စားနိုင်ပါတယ်နော်။)

Tuesday, August 12, 2008

ကြက်သားအာလူးအုန်းနို့ချက်

0 comments

ကြက်သားအာလူးအုန်းနို့ချက်
မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မမောင်နှမတွေကို ကြက်သားအာလူးအုန်းနို့ဟင်းလေး ချက်ကျွေး ပါရစေဦးနော်။ အိမ်မှာ ဟင်းဂျီးများလုပ်တတ်တဲ့ ကျွန်မတူမလေးတွေအတွက် ချက်ကျွေးဖြစ်တဲ့ ဟင်းလေးပါနော်။ ``တီတီရေ့  တစ်ခါတလေ ဟင်းအထူးအဆန်းလေး ချက်ကျွေးပါလား။ ထမင်းချိုင့်ထဲ ဟင်းအထူးအဆန်း ထည့်သွားရင် မီးမီးသူငယ်ချင်းတွေကြားထဲ မျက်နှာရတယ် တီတီရဲ့လို့ တူမလေးက ပြောတော့ တူမလေးအလိုကျ ချက်ကျွေးရခဲ့ရတဲ့ဟင်းလေးပါ´´။
ကြက်သားအာလူးအုန်းနို့ဟင်းဆိုတဲ့အတိုင်း လိုအပ်တဲ့အဆာပလာတွေကို ပြောပြမယ်နော်။
ကြက်သား ရင်အုပ်သား (၃၅) ကျပ်သား၊
အာလူးအရွယ်တော်အလုံး (၇) လုံး၊
အုန်းနို့ဦးရည် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၃) လုံး၊
ကြက်သွန်နီ အနေတော်အလုံး (၅) လုံး၊
ကြက်သွန်ဖြူ (၁၀) မွှာ၊
ငရုတ်သီးအခြောက်အပုပွတောင့် (၇) တောင့်၊
ချင်း အနည်းငယ်၊
ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊
ဆား အနည်းငယ်၊
ဟင်းခတ်မှုန့်အနည်းငယ်၊
သကြားအနည်းငယ်၊
နနွင်းမှုန့်အနည်းငယ်နဲ့
ဆီအနည်းငယ် တို့ပါ။ more...


Sunday, August 10, 2008

သခွားသီးရှူးရှဲသုပ်

5 comments

မင်္ဂလာပါရှင့့်  မိုးကအေးအေး၊ ၀တ္ထုစာအုပ်လေးတစ်အုပ်နဲ့
အိမ်မှာကွေးနေရတဲ့ အချိန်မှာ ၀တ္ထု စာအုပ်လည်းပြီးရော ဗိုက်ထဲက ဆာလာတာကို
သတိထားမိလာတော့ မောင်နှမတွေကို တစ်ခုခုလုပ်စားရအောင် လို့
နှိုးဆော်လိုက်တော့ မနက်က အမေဈေးသွားရင် သခွားသီး၊ ပင်စိမ်းနဲ့
ပုဇွန်လေးတွေ ၀ယ်လာပြီး လှော်ထားတာကို သတိရတော့ သခွားသီးသုပ်လေး
သုပ်စားကြမလားဆိုပြီး တိုင်ပင်ကြမိတယ်။
သခွားသီးရှူးရှဲသုပ်လေးလုပ်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်ကြပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေက သခွားသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်၊
ပင်စိမ်း၊ သံပုရာသီး၊ ငံပြာရည်၊ ဆား၊ သကြား၊ သီဟိုဠ်ဆံ၊ ငရုတ်သီးစိမ်း၊
ငရုတ်သီးအကျက်မှုန့်တို့ပါနော်။

သခွားသီးနွှာသူက နွှာ၊ ပုစွန်လှော်လေးကို အခွံနွှာသူက နွှာ၊
ပင်စိမ်းအရွက်လေးတွေ ရေဆေး၊ ငရုတ်သီးစိမ်းအတောင့်လေးတွေ ရေဆေး၊
ကြက်သွန်ဖြူနီကို အခွံနွှာ၊ ကြက်သွန်နီကို ပါးပါးလှီး၊ ရေဆေးပြီး
စစ်ထားပါတယ်။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး မညက်တညက်လေး ထောင်းထား၊
သီဟိုဠ်ဆံကိုလည်း မညက်တညက်ထောင်းထား၊ စသဖြင့် တစ်ယောက်တစ်လက်
ဝိုင်းကူကြတာပေါ့။ သခွားသီးက အခွံနွှာပြီးတဲ့အခါ သခွားသီးကို
ထက်ခြမ်းမခွဲဘဲ အလုံးလိုက်ကို ခြစ်လိုက်ရင် အမျှင်ရှည်ရှည်လေးတွေ ရတဲ့
အုန်းသီးခြစ်တဲ့ ခြစ်လေးနဲ့ ခြစ်ပါတယ်။ အလယ်အူတိုင်နားရောက်ရင်တော့
ရပ်လိုက်ပါတယ်။ ပုစွန်လှော်တစ်ဝက်ကို အကောင်လိုက်ဖယ်ထားပြီး တစ်ဝက်ကို
မညက်တညက်လေးဖြစ်အောင် ထောင်းလိုက်ပါ
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ သခွားသီးတွေကို ဇလုံတစ်ခုထဲထည့်၊
ကြက်သွန်နီထည့်၊ ပြီးတော့ ထောင်းထားတဲ့ ပုစွန်၊ ကြက်သွန်ဖြူ၊
ငရုတ်သီးစိမ်းပါးပါးညှပ်ထည့်၊ ပင်စိမ်းရွက်ပါးပါးလှီးထည့်၊ ငရုတ်သီး
အကျက်မှုန့်ထည့်၊ သကြား၊ ငံပြာရည်၊ သံပုရာရည်ရွှဲရွှဲလေးဆမ်းပြီး
အကောင်လိုက်ချန်ထားတဲ့ ပုစွန်တွေပါ ထည့်ပြီး အားလုံးသမအောင် ရောမွှေပါ။
အသုပ်အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လေးထဲထည့်၊
ကောက်ညှင်းလက်ဘက်ခြောက် ရေနွေးကြမ်းပူပူမွှေးမွှေးလေးနဲ့ မောင်နှမတတွေ
တစ်ယောက်တစ်လက် ၀ိုင်းတွယ်ကြတာ။ သခွားသီး လက်မောင်းလောက်ရှိတဲ့ အလုံးကြီး
သုံးလုံးကို သုပ်တာ လက်ကိုမလည်ဘူး။ ၄ နှစ်အရွယ် တူမလေးကလည်း အဒေါ်တွေ
အဖေတွေအမေတွေနဲ့အပြိုင် ၀င်လုစားတာ။ မျက်ရည်တွေ နှပ်နှပ်တွေပါ ထွက်လို့။
အစပ်မစားတဲ့ တူမတော် ဖက်တီးမလေးတွေတောင် ကောင်းတယ်ဆိုပြီး စားလိုက်၊
စပ်လို့ မျက်ရည်တွေထွက်၊ ရေနွေးတွေသောက်လိုက်၊ စားလိုက်နဲ့လေ။ အရသာကတော့
ချိုချဉ်ငံစပ်ခပ်ပြင်းပြင်းပဲ။ အရမ်းမိုက်တယ်။ ပင်စိမ်းနံ့က
မွှေးမွှေးသင်းသင်းလေး၊ သီဟိုဠ်ဆံက ခပ်ဆိမ့်ဆိမ့်အရသာ ချိုချဉ်ငံစပ်အရသာက
လျှာဖျားမှာ တလှည့်စီနေရာယူနေကြတာ။ ကလေးတွေမပြောနဲ့ ကိုယ်ကိုယ်တိုင်တောင်
စပ်လွန်းလို့ မျက်ရည်ပါ လည်တယ်။ ချွေးပါထွက်ပြီး
အခိုးပါပွင့်ထွက်သွားတယ်။
အွန်လိုင်းပေါ်က ကျွန်မရဲ့ ချစ်မောင်နှမတွေလည်း အဆင်ပြေတဲ့အခါ
သခွားသီးရှူးရှဲသုပ်လေး သုပ်စားကြည့်ပါဦးနော်။

Monday, August 4, 2008

ဂျူးဖူးကြော်

1 comments

အားလုံးမင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမတွေကို ဂျူးဖူး (Chinese chives) ကြော်ကျွေးပါ့မယ်နော်။ အခုလို မိုးရာသီမှာ ပုစွန်ကလည်း ပေါတယ်လေ။ ပုစွန်လေးလည်း ပေါတုန်း၊ ဂျူးဖူးလေးလည်း ဈေးထဲမှာ တွေ့တုန်း၊ ဂျူးဖူးကို ပုစွန်လေးနဲ့ ကြော်ဖို့ စိတ်ကူးရမိပါတယ်။
ဂျူးဖူးကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂျူးဖူး၊ ပုစွန်၊ ကြက်သွန်နီ၊ ပဲငံပြာရည်အကျဲ၊ ဆား၊ အချိုမှုန့်၊ သကြားအနည်းငယ်နဲ့ ဆီတို့ပါနော်။
ဂျူးဖူးကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ပြီးရင် တစ်လက်မခွဲအရွယ်လေးတွေရအောင် လှီးဖြတ်ပေးပါ။ ပုစွန်ကိုလည်း အခွံနွှာ၊ ရေဆေးပြီး ပဲငံပြာရည်အကျဲ၊ သကြားလေးနဲ့ နယ်ပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး မထူမပါး အကွင်းလိုက်လေးတွေ လှီးပေးပါနော်။



အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီနည်းနည်းလေးထည့်၊ ဆီပူလာပြီဆိုရင် ကြက်သွန်နီတွေထည့်ပြီး ဆီသတ်၊ ကြက်သွန်နီတွေနွမ်းသွားပြီး စိမ်းနံ့ပျောက်သွားတာနဲ့ ပုစွန်တွေကိုထည့်ပြီး မွှေပေး၊ ပုဇွန်လေးတွေ ရဲလာပြီဆိုရင်တော့ ဂျူးဖူးတွေထည့်ပြီး ကြော်ပေးပါ။ အရသာအတွက် ဆား၊ သကြား၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ကြော်ပေးပါနော်။ ဂျူးဖူးတွေအားလုံးနွမ်းပြီဆိုရင် အပေါ့အငံကိုမြည်း၊ လိုတဲ့အရသာကို ထပ်ဖြည့်ပြီး မီးဖိုပေါ်က ချပေးလိုက်ရုံပဲနော်။ ဂျူးဖူးကြော်တဲ့အခါမှာ ပုစွန်မှ မဟုတ်ပါဘူး၊ အခြား အသားတွေနဲ့လည်း ကြော်လို့ရပေမယ့် ပုစွန်နဲ့ကြော်တာကတော့ အလိုက်ဖက်ဆုံးလို့ ကျွန်မက ထင်ပါတယ်။ အရသာလည်း ရှိသလို ဂျူးဖူးစိမ်းစိမ်းလေးတွေကြား ပုစွန်ရဲရဲလေးတွေနဲ့ဆိုတော့ အမြင်လည်းလှတယ် ချိုလည်းချိုတယ်လေ။ ဟင်းချက်ဖို့အချိန်ရှားပါးတဲ့ မောင်နှမတွေအတွက်လည်း ဒီဟင်းလေးက ချက်ရတာ အချိန်လည်းမယူဘူး၊ ငါးမိနစ်အတွင်း ကျက်နိုင်တာမို့ ဂျူးဖူးဝယ်လို့ရတဲ့အခါ ကြော်စားကြည့်လိုက်ကြဦးနော်။ ညစာကို ထမင်းများများ မစားချင်ဘူး၊ အသီးအရွက်လောက်ပဲ စားချင်တယ်ဆိုရင်လည်းဂျူးဖူးကြော်လေးချည်းပဲ စားကြည့်ပေါ့နော်။

Saturday, August 2, 2008

ရွှေတောင်ခေါက်ဆွဲ

8 comments
မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မဘလော့ဂ်မှာ မဂျူဝယ်လ်မေးထားတဲ့ ရွှေတောင်ခေါက်ဆွဲချက်နည်း လေးကို ပြောပြပါရစေနော်။
ရွှေတောင်ခေါက်ဆွဲချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ခေါက်ဆွဲအပြား၊ ကြက်သား၊ အုန်းနို့ဦးရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ မုန့်ကြွပ်ကြော်၊ ငရုတ်သီးအရောင်မှုန့်၊ ငံပြာရည်၊ ဆား၊ သကြား၊ အချိုမှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ သံပုရာသီးနဲ့ ဆီ၊ ကြက်သွန်မြိတ်တို့ပါနော်။
ရွှေတောင်ခေါက်ဆွဲအတွက် ဂျုံခေါက်ဆွဲ အပြားဖတ်ကို ရွေးပါတယ်။ ခေါက်ဆွဲအလုံးထက်စာရင် ပိုပြီး စားကောင်းပါတယ်။ ကြက်သားကိုတော့ အရိုးအသားခွဲပြီး သီးသန့်ဖယ်ပေးထားပါ။ ကြက်သားအသားတွေကို လက်တစ်လုံးခန့်အရွယ်တွေရအောင် လှီးထားပေး၊ ကြက်ရိုးတွေကိုလည်း အရွယ်တော်လေးတွေရအောင် ခုတ်ထစ်ပြီး ဆား၊ သကြား၊ အချိုမှုန့်နဲ့ သေချာနှံအောင်နယ်ပေးထားပါနော်။ ကြက်သွန်ဖြူ၊ နီနဲ့ ချင်းတို့ကို အခွံနွှာပြီး ရေဆေးပေးထားပါ။ ချင်း၊ ကြက်သွန်ဖြူ၊ နီတို့ကို ငရုတ်သီးအရောင်မှုန့်နဲ့အတူ မညက်တညက်လေး ထောင်းပေးထားပါနော်။ ကြက်သွန်နီအစိမ်းအနည်းငယ်ကိုလည်း ပါးပါးလှီး၊ ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါနော်။ ကြက်သွန်မြိတ်လေးတွေကိုလည်း ရေဆေးပေးထားပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ မုန့်ကြွပ်ကြော်ဖို့ အရင်ပြင်ပါ့မယ်။ မုန့်ကြွပ်ဖတ်မရှိရင် ခေါက်ဆွဲဖတ်ကိုပဲ ကြော်လို့ရပါတယ်နော်။ မုန့်ကြွပ်ကြော်ဖို့ ဆီပူလာပြီဆိုရင် မုန့်ကြွပ်ဖတ် ထည့်ပြီး မီးအသင့်အတင့်နဲ့ မတူးအောင်ကြော်ပြီး ဇကာတစ်ခုထဲမှာ မုန်ကြွပ်ကြော်တွေထည့်ပြီး ဆီစစ်ပေးထားပါ။ မုန့်ကြွပ်တွေဆည်ပြီးသွားပြီဆိုရင် အဲ့ဒီဆီဒယ်အိုးထဲမှာပဲ နနွင်းမှုန့်လေးခပ်ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တွေထည့်ပြီး ဆီသတ်ပါနော်။ ကြက်သွန်တွေနွမ်းပြီး စိမ်းနံ့ပျောက်ပြီဆိုရင် နယ်ထားတဲ့ ကြက်သားအသားတွေထည့်ပြီး ဆီသတ်ထားတဲ့ ငရုတ်သီးအနှစ်တွေနဲ့ သမအောင်မွှေပြီး ကြက်သားထဲက ထွက်လာမယ့်အရည်နဲ့ အဖုံးအုပ်ပြီး တစ်ရည်တည်ပေးပါ။ ပထမတစ်ရည် လုံးရေခမ်းသွားပြီဆိုရင် နောက်ထပ် ရေနည်းနည်းထပ်ထည့်ပြီး ကြက်သားနူးအောင် တည်ပေးပါ။ ဟင်းအိုး ရေခမ်းခါနီးကျရင် ဟင်းအပေါ့အငံမြည်းပြီး လိုတဲ့အရသာထပ်ဖြည့်ပေးပါ။ ဟင်းအိုးအရောင်လှအောင်ရော၊ အချိုဓာတ်ရအောင်ရောဆိုရင် ပဲငံပြာရည်အပျစ် နည်းနည်းထည့်ပေးပြီး မီးပိတ်ပြီး ဟင်းအိုးချပေးပါနော်။
အုန်းနို့ဦးရည်ကို အုန်းဆီဖြစ်အောင် ချက်ဖို့အတွက် အိုးတစ်လုံးထဲမှာ အုန်းနို့ဦးရည်တွေကိုထည့်၊ ဆားလေးနည်းနည်းထည့်ပြီး အုန်းနို့ရည်ခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ။ အုန်းနို့ဥလေးတွေရလားပြီး ဆီပြန်လာပြီဆိုရင်တော့ မီးပိတ်ပြီး အုန်းနို့ဆီကို သပ်သပ်ပန်းကန်လုံးတစ်လုံးထဲ ထည့်ပေးထားပါနော်။ ကြက်ရိုးတွေကိုလည်း ချင်းအ၀ိုင်းဖတ်လေးတွေလှီးပြီး အိုးတစ်လုံးထဲရေထည့် ကြက်ရိုးထည့်ပြီး ပြုတ်ပေးထားပါ။ ကြက်ရိုးပြုတ်ရည်ပွက်ပွက်ဆူလာပြီဆိုရင် သင့်တော်တဲ့အရသာလေးထည့်ပြီး ကြက်သွန်ဖြူဓားပြားရိုက်ပြီး ထည့်ပေးပါ။ ကြက်ရိုးပြုတ်ကတော့ ကြာကြာတည်ပေးနိုင်လေ ကောင်းလေပဲနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မုန့်ပွဲပြင်မယ်နော်။ ပန်းကန်တစ်ချပ်ထဲကို ခေါက်ဆွဲဖတ်ထည့်၊ ပြီးရင် ကြက်သားဟင်းလေးထည့်၊ အုန်းနို့ချက်လေးဆမ်း၊ ကြက်သွန်နီလေးထည့်၊ (ကြိုက်တတ်ရင် ပဲပင်ပေါက်လေး ရေနွေးဖျောပြီး ထည့်) ငံပြာရည်၊ ပဲမှုန့်အကျက်၊ ငရုတ်သီးအလှော်မှုန့်လေးထည့်၊ အချိုမှုန့်နဲ့ သံပုရာရည်လေး ညှစ်ထည့်ပြီး အားလုံးနှံ့အောင်နယ်ပေးပါ။ အရသာကိုလည်း ကိုယ်လိုချင်တဲ့အရသာရအောင် ပြုပြင်ပေးပါနော်။ နောက်ဆုံးကျမှ မုန့်ပန်းကန်ပေါ်မှာ မုန့်ကြွပ်ကြော်လေးဖြူး၊ ကြက်သွန်မြိတ်လေးဖြူးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ရွှေတောင်ခေါက်ဆွဲသုပ်လေးရပါပြီနော်။ ကြက်ရိုးဟင်းချိုလေးကိုတော့ ငရုတ်ကောင်းမှုန့်လေး ဖြူးပြီးသုံးဆောင်ပါနော်။ ကျွန်မကတော့ ရွှေတောင်ခေါက်ဆွဲကို အုန်းဆီနဲ့ချက်တာမို့ အီတယ်လို့ ထင်မိပါတယ်။ အဲ့ဒါကြောင့်မို့ ကြက်ရိုးဟင်းခါး ပွက်ပွက်ဆူလာပြီဆိုရင် ကြက်သွန်ဖြူဓားပြားရိုက်ထည့်တဲ့ အချိန်မှာ ငရုတ်သီးစိမ်းလေးတွေ မညက်တညက်လေး ထောင်းထည့်လိုက်သေးတယ်။ ပြီးတော့မှ ဟင်းချိုပန်းကန်လုံးထဲကို ငံပြာရည်လေးရယ် သံပုရာရည်ချဉ်ချဉ်လေးညှစ်ထည့်လိုက်တယ်။ အဲ့ဒီတော့ ကြက်ရိုး ဟင်းခါးချဉ်ငံစပ်လေးရယ်၊ ရွှေတောင်ခေါက်ဆွဲအီအီလေးရယ် လိုက်ဖက်သွားတာမို့လေ။
ကျွန်မရဲ့ မောင်နှမတွေလည်း အအီအဆိမ့်ကြိုက်တတ်တဲ့သူအတွက် အီအီဆိမ့်ဆိမ့်လေး၊ ချဉ်ငံစပ် ကြိုက်တတ်တဲ့သူတွေအတွက် ချဉ်ငံစပ် ရွှေတောင်ခေါက်ဆွဲလေးကို ကြက်ရိုးဟင်းခါး ပူပူလေးနဲ့ ချက်စားကြည့်ကြပါဦးနော်။ မဂျူဝယ်လ်လည်း ကျေနပ်မယ်လို့ ထင်ပါတယ်နော်။ လိုတာရှိရင်လည်း ပြောပါနော်။