Wednesday, September 24, 2008

သင်္ဘောသီးသုပ်

2 comments

မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို သင်္ဘောသီးသုပ်လေး သုပ်ကျွေးပါဦးမယ်။ မနေ့က အလုပ်ကနေ အိမ်အပြန် ထမင်းလည်း မစားချင်တော့ အိမ်မှာ ရှိတာလေးတွေနဲ့ အသုပ်လေး သုပ်စားဖြစ်ပါတယ်။ အဲ့ဒါကိုပဲ ချစ်မောင်နှမတွေကို ပြန်ပြီး ဝေငှပါဦးမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
သင်္ဘောသီး
ပဲကြာဇံ
အာလူး
ပဲပြား
ကြက်သွန်နီဆီချက်
မန်ကျည်းသီးအနှစ်
ငရုတ်သီးဆီချက်
ငံပြာရည်
ပုစွန်ခြောက်မှုန့်
ပဲမှုန့်အကျက်မှုန့်
ငရုတ်သီးအကျက်မှုန့်
ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

အာလူးကို ရေဆေး၊ ပြီးတော့ မီးဖိုပေါ် အိုးတစ်လုံးတင်၊ ရေလေး နည်းနည်းထည့်ပြီးတော့ အာလူးပြုတ်ပါတယ်။ ပြီးရင် ပဲကြာဇံကို ရေစိမ်ပေးထားပါနော်။ အာလူးပြုတ်နေတဲ့ အချိန်မှာ သင်္ဘောသီးကို အခွံနွှာ၊ ထက်ခြမ်းခွဲပြီး အထဲက အစေ့တွေကို ထုတ်ပစ်ပါတယ်။ ပြီးရင် သင်္ဘောခြစ်နဲ့ ခြစ်ယူပြီးတော့ သင်္ဘောသီးအသားတွေကို အထဲက အစေးရေတွေ ကုန်သွားအောင် ညှစ်ပစ်ပြီးတော့ ပန်းကန်တစ်ချပ်ထဲ ထည့်ပေးထားပါနော်။ သင်္ဘောသီးကိစ္စပြီးတဲ့အချိန်လောက်မှာ အာလူးလည်း နူးလောက်ပါပြီ။ မီးဖိုပေါ်က အိုးထဲကနေ အာလူးကို ဆယ်ယူပြီးတော့မှ ပဲကြာဇံတွေကိုထည့်ပြီး ပြုတ်ပေးပါ။ ပဲကြာဇံနူးပြီဆိုရင်တော့ ဇကာနဲ့ စစ်ယူ၊ ရေအေးနဲ့ ဆေးပေးပြီး ရေစစ်ထားပေးပါဦးနော်။ ပဲပြားကိုလည်း လှီးပြီးတော့ ဆားလေးနဲ့ နယ်ထားပေးပါ။ ပြီးတော့မှ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် ပဲပြားတွေကိုထည့်ပြီး ကြော်ပေးပါ။ ပဲပြားကြော်တဲ့အခါမှာ မီးအသင့်အတင့်နဲ့ အကျက်ညီအောင် ကြော်ပေးပါ။ ပဲပြားတအားကြွပ်သွားရင် မာသွားမှာ စိုးတာမို့ အရမ်းမကြွပ်အောင် ခပ်ပျော့ပျော့ပဲ ကြော်ပါတယ်။ ကြော်ပြီးသားပဲပြားတွေကို ဆယ်ယူ၊ ဆီစစ်ပြီးတော့ အအေးခံထားပေးလိုက်ပါ။ မန်ကျည်းသီးအနှစ်ကို ရေဆေးပေးပြီးတော့မှ ရေနွေးလေးနဲ့ စိမ်ပေးထားပါ။
အာလူးကို အခွံနွှာပြီးတော့ ပါးပါးလေးတွေ လှီးပေးပါ။ ပဲပြားကိုလည်း ခပ်ပါးပါးလေးလှီးပေးပါ။
ကျန်တာ့တွေဖြစ်တဲ့ ကြက်သွန်နီဆီချက်၊ ငရုတ်သီးဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်နဲ့ ငရုတ်သီးအကျက်မှုန့်တို့က အိမ်မှာ အသင့်ရှိပြီးသားမို့ အဆင်သင့်ဖြစ်နေပါပြီနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို သင်္ဘောသီး၊ ပဲပြား၊ အာလူးတို့ကိုထည့်၊ ငရုတ်သီး ဆီချက်၊ ကြက်သွန်နီဆီချက်၊ ငံပြာရည်၊ ပဲမှုန့်အကျက်၊ ငရုတ်သီးအကျက်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ မန်ကျည်းနှစ်ခပ်ပျစ်ပျစ်တို့ကို ထည့်ပြီး သမအောင် ရောနယ်ပေးပါ။ ပဲမှုန့်စေးစေးလေးနဲ့ သင်္ဘောသီးသုပ်လေးပေါ့နော်။ အပေါ့အငံအရသာကို မြည်းပြီး ကိုယ်လိုသလို အရသာကိုကဲထည့်ပြီးရင်တော့ သင်္ဘောသီးသုပ်စေးစေးလေးရပါပြီနော်။ ဗူးသီးဟင်းခါးလေးနဲ့ ဖြစ်ဖြစ်၊ ကောက်ညှင်းမွှေးလက်ဘက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ပဲဖြစ်ဖြစ် တွဲဖက်သုံးဆောင်ပါနော်။
ထမင်းမစားချင်တဲ့ ကျွန်မ သင်္ဘောသီးသုပ်တော့ နှစ်ပန်းကန်ကုန်အောင် စားလိုက်ဖြစ်တယ်။ အစာမကြေမှာစိုးတာမို့ ရှောက်ရွက်လေးလည်း ထည့်လိုက်သေးတယ်၊ ပြီးတော့ ကြက်သွန်ဖြူခပ်များများနဲ့ တွဲစားလိုက်တယ်။ ကျွန်မမောင်နှမတွေလည်း တစ်ခါတလေ ထမင်းမစားချင်ရင် သင်္ဘောသီးသုပ်လေး သုပ်စားကြည့်လိုက်ဦးနော်။

Tuesday, September 23, 2008

ပုစွန်သီးစုံချဉ်ရည်ဟင်း

2 comments
မင်္ဂလာပါရှင်။ ဟိုရက်က ကျွန်မ သိပ်နေမကောင်းတာနဲ့ ဟင်းအသစ်မတင်ဖြစ်ပါဘူး။ အခုလည်း ကိုယ် နည်းနည်းနွေးပြီး ခေါင်းကိုက်နေတယ်။ ဒါပေမယ့် လာမယ့်အပတ်မှာ ကျွန်မခရီးသွားမှာမို့ ဟင်းအသစ် ချက်ကျွေးနိုင်မှာ မဟုတ်တာကို တွေးပူပြီး အခုရက်လေးထဲမှာ ကိုယ်အဆင်ပြေတာလေးတွေ ချက်ကျွေးသွားမယ်လို့ ဆုံးဖြတ်လိုက်တာပါ။
ဒီနေ့မှာတော့ ပုစွန်သီးစုံချဉ်ရည်ဟင်းလေး ချက်ကျွေးဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့
ပုစွန်အကောင်လတ်
ခရမ်းသီး
ဗူးသီး
ခရမ်းချဉ်သီး
ရုံးပတီသီး
ရှမ်းနံနံ
မန်ကျည်းသီးမှည့်အနှစ်
ငရုတ်သီးအရောင်မှုန့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
နနွင်းမှုန့်
ဆား
ငါးပိစိမ်းစားအနည်းငယ်
ဟင်းခတ်မှုန့်အနည်းငယ်နဲ့
ဆီအနည်းငယ်တို့ပါနော်။
ပုစွန်ကို သန့်အောင် ရေဆေးပြီး ဦးခေါင်းက အခွံကို နွာပြီး ဦးခေါင်းခွံထိပ်က ဆူးတံလေးနဲ့ ပုစွန်ချေး ကို ထုတ်ပစ်ပါ။ ခြေလက်တွေကိုလည်း ဖယ်ရှားပစ်ပါ။ ပြီးရင် ပုစွန်ကို ဆားအနည်းငယ်နဲ့ နယ်ပေးထားပါ။ ဗူးသီး ကို အခွံနွှာ၊ ရေဆေးပြီး အရွယ်တော်အတုံးလေးတွေ တုံးထားပေးပါ။ ခရမ်းသီးကို ရေဆေး၊ အညှာဖြတ်၊ အလယ် ကနေ အလျားလိုက် ထက်ပိုင်းပိုင်း၊ ပြီးတော့မှ ကန့်လန့်ဖြတ် ထပ်ပိုင်းပေးပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး အလျားလိုက် ထက်ခြမ်းခြမ်းပေး၊ ပြီးတော့မှ ကန့်လန့်ဖြတ် ပြန်ပိုင်းဖြတ်ပေးပါ။ ရုံးပတီသီးကိုလည်း ရေဆေး၊ ထိပ်ဖြတ်၊ ခေါင်းဖြတ်ပြီး နှစ်ပိုင်းပိုင်းပေးပါ။ ရှမ်းနံနံကိုလည်း အမြစ်ဖြတ်၊ ရေဆေးပြီး တစ်လက်မအရှည်လောက် လေးတွေ ပိုင်းဖြတ်ပေးထားပါ။ မန်ကျည်းသီးမှည့်အနှစ်ကို ရေဆေးပြီး ရေနွေးနဲ့စိမ်ပေးထားပါ။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်နီကို လေးစိတ်ထိုးပေးထားပါ။ ငရုတ်ဆုံထဲမှာ ငရုတ်သီးအရောင်မှုန့်လေး လက်ဘက်စားဇွန်း ၃ ဇွန်းလောက်ထည့်၊ ကြက်သွန်ဖြူထည့်ပြီး ထောင်းပါ။ ကြက်သွန်ဖြူညက်ပြီဆိုရင်တော့ ကြက်သွန်နီထည့်ပြီး ညက်အောင်ထောင်းပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် အိုးတစ်လုံးတင်၊ အိုးပူလာရင် ဆီလေးထည့်၊ ဆီပူလာတာနဲ့ နနွင်း မှုန့်လေးထည့်၊ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်တွေ စိမ်းနံ့ ပျောက်သွားတာနဲ့တပြိုင်နက် ပုစွန်ထည့်ပြီး ဆီသတ်ပါ။ ပုစွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း ပုစွန်လေးတွေ ကွေးလာပြီဆိုတာနဲ့ ခရမ်းချဉ်သီး၊ ဗူးသီးနဲ့ ခရမ်းသီး၊ ဆား၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အားလုံးသမအောင်မွှေပြီး ငါးပိစိမ်းစားကို အရည်ဖျော်ထည့်ပြီး အဲ့ဒီအသီးတွေ နူးလာတဲ့အထိ အိုးအဖုံးအုပ်ပြီးတည်ပေးပါ။ အသီးလေးတွေ နူးလာပြီဆိုရင် တော့ ရုံးပတီသီးထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင်တော့ မန်ကျည်းနှစ်လေးတွေထည့်၊ ရေလေးကိုယ်လိုချင်သလောက်ထည့်ပြီး ဟင်းအိုးပွက်တဲ့အထိ တည်ပေးပါ။ ဟင်းအိုးပွက်ပြီဆိုရင်တော့ အပေါ့အငံကို မြည်းလိုက်ပြီး လိုအပ်တဲ့ အရသာတွေ ထပ်ဖြည့်ပေး၊ ပြီးတော့ ရှမ်းနံနံလေးအုပ်ပြီး ဟင်းအိုးချလိုက်ရုံပဲနော်။ အဲ့ဒါဆိုရင်တော့ ပုစွန်သီးစုံချဉ်ရည်ဟင်းလေး တစ်ခွက်ရပါပြီနော်။

Sunday, September 21, 2008

စားတော်ပဲပြုတ်သုပ်၊ မျှစ်စားတော်ပဲပြုတ်ကြော်

4 comments

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို စားတော်ပဲပြုတ်သုပ်ရယ်၊ စားတော်ပဲပြုတ် နဲ့ မျှစ်စို့ပေါက်လေးတွေ ကြော်ပြီး ကျွေးပါရစေနော်။ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေအတွက်ဆိုရင်လည်း အဆင်ပြေစေပါတယ်နော်။
စားတော်ပဲပြုတ်နည်း
http://lulucooking.blogspot.com/2007/09/blog-post_01.html ကိုတော့ ရေးပြီးခဲ့ပါပြီနော်။ အခုတော့ စားတော်ပဲပြုတ်ကိုသုပ်ပြီး နံပြားလေးနဲ့ စားဖို့ပဲဖြစ်ဖြစ်၊ ထမင်းဖြူပူပူလေးနဲ့ပဲဖြစ်ဖြစ်၊ ထမင်းကြမ်းလေးနဲ့ပဲဖြစ်ဖြစ် အဆာပြေစားလို့ရအောင် သုပ်ပေးပါမယ်နော်။
စားတော်ပဲပြုတ်သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
စားတော်ပဲပြုတ်
ကြက်သွန်နီ
ပဲဆီ
ဆားအနည်းငယ်တို့ပါနော်။



ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါ။ ကြက်သွန်နီအနံ့မွှန်တာ သက်သာချင်ရင် လှီးပြီးသား ကြက်သွန်နီတွေကို ရေထဲထည့်ဆေးပြီးတော့ ဆယ်ယူပြီး ရေစင်အောင် ညှစ်ပြီးစကာလေးထဲ ထည့်ပေးထားပါ။
ပန်းကန်တစ်ချပ်ယူ၊ စားတော်ပဲပြုတ်လေးထည့်၊ ကြက်သွန်နီလေးထည့်၊ ဆားလေးထည့်၊ ဆီလေးရွှဲရွှဲလေးဆမ်းပြီး နှံ့အောင် နယ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ပဲပြုတ်သုပ်လေးရပါပြီ။ ထမင်းကြမ်းနဲ့ စားစား၊ ထမင်းပူနဲ့ စားစား၊ ဒါမှမဟုတ် ရေနွေးကြမ်းလေးနဲ့ပဲ မြည်းမြည်း လိုက်ဖက်လှတဲ့ အတွဲပါနော်။


စားတော်ပဲနဲ့မျှစ်စို့ပေါက်လေးတွေကို ပါးပါးလှီးပြီး ရောကြော်တာကိုလည်း ငယ်ငယ်လေးကတည်းက အဘွားက ခဏခဏ ကြော်ကြော်ပေးလို့ သိပ်ကြိုက်ခဲ့တာ။ လိုအပ်တဲ့ပစ္စည်းတွေကတော့
စားတော်ပဲပြုတ်
မျှစ်နုနုလေး
ကြက်သွန်နီ ကြက်သွန်ဖြူ
ဆား
ဟင်းခတ်မှုန့်အနည်းငယ်
နနွင်းမှုန့်အနည်းငယ်
ပဲဆီတို့ပါနော်။
မျှစ်နုနုလေးတွေကို ရေစင်အောင်ဆေး၊ မျှစ်အောက်ပိုင်းက ခပ်ရင့်ရင့်အဖတ်လေးတွေကို ဖယ်ရှားပစ်ပြီး မျှစ်လေးတွေကို ဓားလေးနဲ့အလျှားလိုက်လေးတွေရအောင်အရင်လှီးပါ။ ပြီးတော့မှ တစ်ခါ ခပ်ပါးပါးလေးတွေ ရအောင် လှီးပေးထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။
အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတဲ့အခါ နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးရင် ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သွန်ဖြူနီ နွမ်းလာပြီဆိုရင်တော့ မျှစ်တွေထည့်ပြီး မွှေပေးပါ။ ဆားလေးနည်းနည်းနဲ့ ဟင်းခတ်မှုန့်နည်းနည်း ထည့်ပြီး ဒယ်အိုးအဖုံး ခဏအုပ်ပေးပါ။ မျှစ်ထဲကထွက်တဲ့ ရေခမ်းပြီး ဆီပြန်လာတဲ့အထိ ကြော်ပါ။ ဟင်းအိုး ဖျစ်ဖျစ်မြည်လာပြီ ဆိုရင်တော့ ဒယ်အိုးအဖုံးဖွင့်ပြီးတော့ စားတော်ပဲပြုတ်တွေကို ထည့်ပြီး အားလုံးသမအောင် ရောကြော်ပေးပါ။ အဲ့ဒါဆိုရင်တော့ အရသာဆိမ့်ဆိမ့်လေးနဲ့ မျှစ်စားတော်ပဲပြုတ်ကြော် ရပါပြီနော်။

Friday, September 19, 2008

ငါးနီတူသုပ်

2 comments
အားလုံးမင်္ဂလာပါရှင်။ ကျွန်မ ဒီတလောမှာ အလုပ်များသွားတဲ့အတွက် မောင်နှမတွေကို ဟင်းအသစ် ချက်မကျွေးဖြစ်ခဲ့ပါဘူးနော်။ အဲ့ဒီအတွက် ခွင့်လွှတ်ဖို့ အရင်တောင်းပန်ပါတယ်။ အလုပ်ကလည်းပင်ပန်း၊ လူက အစားကလည်းပျက်တော့ ဘာစားရမှန်းမသိအောင်ကို ဖြစ်ခဲ့မိတာပါ။ အဲ့ဒါနဲ့ပဲ အိမ်မှာ ရှိနေတဲ့ ငါးနီတူခြောက် လေးကို ချဉ်ငံစပ်လေး သုပ်စားဖို့ စိတ်ကူးရခဲ့တာပါ။
ငါးနီတူသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ငါးနီတူခြောက်
ငါးပိစိမ်းစား
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငရုတ်သီးစိမ်း
သံပုရာသီး
ငရုတ်ကောင်း
ဆားအနည်းငယ်တို့ပါနော်။



ငါးနီတူခြောက်ကို ခေါင်းနဲ့ ဗိုက်တွေကို ဖယ်ရှားပစ်ပါ။ ငါးပိစိမ်းစားကို မီးကင်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပေးပါ။ ငရုတ်သီးစိမ်းကို အညှာခြွေ၊ ရေဆေးပြီး ရေစစ်ပေးထားပါ။
ငါးခြောက်ကို သန့်စင်ပြီးတဲ့အခါမှာ မီးဖိုပေါ် ဒယ်အိုးတင်၊ ငါးခြောက် ထည့်ပြီး ငါးခြောက်ကို မီးအသင့်အတင့်နဲ့ ကြွတ်လာအောင် လှော်ပေးပါ။ နည်းနည်းတော့ ညှော်ပါတယ်။ ငါးခြောက်လှော်ပြီးတဲ့အခါ သီးသန့်ဖယ်ထားပေးပြီး အဲ့ဒီဒယ်အိုးနဲ့ပဲ ငရုတ်သီးတွေကို ထည့်ပြီး မီးခပ်နွေးနွေးနဲ့လှော်ပါမယ်။ ငရုတ်သီးတွေ ကျက်ပြီဆိုရင်လည်း သီးသန့်ဖယ်ပေးထားပါ။
ပြီးရင် ငရုတ်ဆုံထဲကို မီးကင်ထားတဲ့ ငါးပိစိမ်းစား၊ ကြက်သွန်ဖြူအနည်းငယ်၊ ငရုတ်သီးစိမ်းနဲ့ ငရုတ်ကောင်း တို့ကို ထည့်ထောင်းပါ။ သံပုရာသီးကိုလည်း အစိတ်လေးတွေ စိတ်ပေးထားပါ။
အားလုံးအသင့်ဖြစ်တဲ့အခါမှာ ဇလုံတစ်လုံးထဲကို လှော်ထားတဲ့ ငါးခြောက်ရယ်၊ လှီးထားတဲ့ ကြက်သွန်ဖြူ၊ နီ၊ ထောင်းထားတဲ့ အဆာပလာတွေရယ်၊ ဆားအနည်းငယ်၊ သံပုရာရည်နိုင်နိုင်ညှစ်ပြီး အားလုံး သမအောင်ရောနယ်ပေးပါ။ အရသာအပေါ့အငံကို မြည်းပါနော်။
အဲ့ဒါဆိုရင်တော့ စားရတာ ခံတွင်းမြိန်စေပြီး လျှာသွက်စေမယ့် ငါးနီတူခြောက်သုပ်လေး ရပါပြီနော်။ လိုက်ဖက်တဲ့ ဟင်းစပ်ကတော့ မျှစ်တာလပေါဟင်း၊ ကင်းပုံရွက်ကြော်ချက်၊ ပဲနီလေးကြာဇံဟင်းတို့နဲ့ပါနော်။
ကျွန်မမောင်နှမတွေလည်း ဟင်းတွေစားတာ ငြီးငွေ့တဲ့အခါ၊ ခံတွင်းပျက်တဲ့အခါ ငါးနီတူခြောက်သုပ်လေး လုပ်စားကြည့်ဦးနော်။

Saturday, September 13, 2008

ရေစိမ်မုန့်ဟင်းခါးဖတ်

6 comments
စားသုံးရန်အသင့်ပြင်ဆင်ထားသော မုန့်ပွဲ
မုန့်ပွဲပြင်ရန် အသင့်ရှိနေသော မုန့်ဖတ်များ

ဆယ်ယူပြီး မုန့်ဖတ်များ ရေအေးဖြင့် ဆေးနေပုံ

မုန့်ဖတ်များ ရေနွေးအိုးထဲမှ ဆယ်ယူနေပုံ
ရေစိမ်မုန့်ဟင်းခါး မုန့်ညှစ်နေပုံ (မွန်ရိုးရာ)
ရေစိမ်မုန့်ဟင်းခါး မုန့်နှစ်ထည့်နေ့ပုံ (မွန်ရိုးရာ)

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရေစိမ်မုန့်ဟင်းခါးဖတ်လုပ်နည်းလေး မျှဝေပါရစေနော်။ ဘလော့ဂ်ထဲမှာ ``ညီမလေး´´ က မေးထားတာမို့ ကျွန်မကိုယ်တိုင် လုပ်ထားတာ မဟုတ်သော်ငြားလည်း ငယ်ငယ်တုန်းက မော်လမြိုင်မှာနေတုန်းက တညင်းကုန်းရေတွင်းလမ်းချားမှာ မုန့်ဟင်းခါးဖတ် လုပ်တဲ့ ဆိုင်က လုပ်တဲ့နည်းလေးရယ်၊ မွန်ရိုးရာ ရေစိမ်မုန့်ဟင်းခါးဆိုင်က လုပ်နည်းလေးတွေရယ်ကို စုပေါင်းပြီး ပြောပြပါရစေနော်။
မုန့်ဖတ်လုပ်ဖို့အတွက် ဆန်က အဓိက လိုအပ်တာပါ။ ဆန်ကို တစ်ညသိပ်ရေစိမ်ပေးထားရပါမယ်။ မနက်ကျရင် ရေစစ်ပြီး မုန့်ကြိတ်ရပါတယ်။ ရလာတဲ့ မုန့်ကိုမှ ပိတ်အိတ်ထဲ လောင်းထည့်ပြီး ရေစစ်ပေးထား ရပါတယ်။ (ဆန်မှုန့်နဲ့ လုပ်မယ်ဆိုရင်တော့ ဆန်မှုန့်နဲ့ ရေကို မုန့်နှစ်အစေးပေါက်တဲ့အထိ ဖြည်းဖြည်းချင်း နယ်ပေးရပါမယ်။)


ရလာတဲ့ မုန့်နှစ်ကိုမှ မုန့်ဖတ်ဖြစ်အောင် လုပ်ရပါမယ်။ လက်ညှစ်မုန့်ဆုံထဲ မုန့်မထည့်ခင်မှာ မီးဖိုပေါ်မှာ အိုးကြီးကြီးတစ်လုံးနဲ့ ရေထည့်ပြီး ပွက်ပွက်ဆူအောင် အရင်တည်ပေးထားရပါတယ်။ ရေနွေးဆူပြီဆိုရင် အိုးအဖုံးကို အသာလေးဖွင့်ပါ။ မျက်နှာကို ရေနွေးငွေ့ လာမဟပ်အောင် သတိထားပါ။ ပြီးတော့မှ မုန့်နှစ်ကိုယူပြီး မုန့်နှစ်ညှစ်မယ့် ဆုံထဲကို ထည့်ရပါတယ်။ မုန့်ညှစ်ဆုံထဲ မုန့်နှစ်မထည့်ခင်မှာ ကိုယ်လိုချင်တဲ့ မုန့်နှစ်အမျှင်လေးတွေရအောင် အောက်ကနေ ဇကာလေးတွေ ခံရပါတယ်။ (ဥပမာ ကိုယ်လိုချင်တဲ့ မုန့်ဖတ်ဟာ အမျှင်တော်တော်လေးသေးသေးဆိုရင် ဇကာစိပ်စိပ်ကို ထည့်ရမှာဖြစ်ပါတယ်နော်။) ပြီးရင်တော့ မောင်းတံနဲ့ ဖိချလိုက်တဲ့အခါ မုန့်နှစ်လေးတွေက အမျှင်လေးတွေဖြစ်ပြီး ရေနွေးအိုးထဲကို ကျသွားပါလိမ့်မယ်။
ရေနွေးအိုးထဲကနေ မုန့်နှစ်လေးတွေကိုတော့ လက်ကိုင်တပ်ထားတဲ့ ဇကာ (မြင်သာအောင် ပြောရမယ်ဆိုရင် ၀ါးနှီးနဲ့ ယက်လုပ်ထားတဲ့ ဇကာခုံးကို လက်ကိုင်ရှည်ရှည်လေး အပေါ်ကနေ တပ်ပေးထား တော့ ရေပုံးလေးလို ဖြစ်နေပါတယ်။)နဲ့ ဆယ်ယူပေးပါ။ ဆယ်ယူလာတဲ့ မုန့်ဖတ်တွေကို ရေအေးအေးနဲ့ ဆေးပေးပါ။ မုန့်ဖတ်လေးတွေ အေးသွားတဲ့အထိ ဆေးကြောပေးပြီးတဲ့အခါကျရင်တော့ လက်ချောင်းလေးတွေနဲ့ မုန့်ဖတ်ကို ရေထဲကနေ ဆယ်ယူလိုက်ပြီး မုန့်ဖတ်ထည့်မယ့် ၀ါးနှီးခြင်းလေးထဲ တစ်ထပ်ချင်း စီပြီးထည့်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ မုန့်ပွဲအတွက် ရေစိမ်မုန့်ဖတ်အသင့်ဖြစ်ပါပြီရှင်။
(ဓာတ်ပုံတွေကို မြန်မာ့ဆန်စပါး စာအုပ်မှ ကူးယူဖော်ပြထားပါတယ်နော်။)

Friday, September 12, 2008

ပြောင်းဖူးပြုတ်သုပ်

4 comments
အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မ မောင်နှမတွေကို နေ့ခင်းနေ့လည်ပိုင်းမှာ ပဲဖြစ်ဖြစ်၊ ညခင်းဘက်မှာ သူငယ်ချင်းတွေ၊ မောင်နှမတွေစုံလို့ စကားလက်ဆုံကျရင်းဖြစ်ဖြစ် အဆာပြေတစ်ခုခု လုပ်စားဖို့ အလွယ်ကူဆုံး ပြောင်းဖူးသုပ်လေးကို သုပ်ကျွေးပါရစေဦးနော်။
ပြောင်းဖူးသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ပြောင်းဖူး (သကြားပြောင်း)
ကြက်သွန်နီ
ငရုတ်သီးစိမ်း
ဆား
နှမ်းဆီအနည်းငယ်တို့ပါနော်။

ပြောင်းဖူးကို အခွံနွှာ၊ အမွှေးလေးတွေ ဖယ်ရှားပြီး အဖူးလိုက် ရေဆေးလိုက်ပါနော်။ ပြီးရင် rice cooker ထဲကို ပြောင်းဖူးတွေထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ရေကို နည်းနည်းပဲထည့်ပြီး ပြောင်းဖူးကို ရေခမ်းပြုတ်ပါ။
(ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ ပြောင်းဖူးပြုတ်မလို့ ကော်ကျိုရေ့  ငါ့ကို ရေလေးထည့်ပေးပါဦးဆို ရေကို ပုံးလိုက် မ လာပြီး သွန်ထည့်မလို့တဲ့လေ၊ အိုးအပြည့် ရေကိုထည့်မလို့တဲ့။ အမလေ့း့  နင်လုပ်ခါမှ ငါ့ပြောင်းဖူးပြုတ်လည်း ပျက်တော့မယ်လို့ပြောတော့မှ အမ့ ပြောင်းဖူးပြုတ်ဖို့ ရေအပြည့်ထည့်ပြုတ်ရတာမဟုတ်ဘူးလားတဲ့။ အယ့့် နင်ကလည်းဟယ် ရေခမ်းလေးပြုတ်မှ ပိုကောင်းတာပေါ့။ ဆားလေးပါ တစ်ခါတည်း ထည့်ပြုတ်တော့ ပြောင်းဖူးအချို အရသာပေါ်တယ်လေလို့ ဆိုတော့ ဟုတ်လား အမတဲ့  ကျွန်တော် အခုမှ သိတယ်တဲ့ အေးရော :D)
ပြောင်းဖူးပြုတ်ကျက်ပြီဆိုရင်တော့ ပြောင်းဖူးတွေကို အအေးခံ၊ ကိုယ်လက်နဲ့ ခံနိုင်တဲ့ အပူဒဏ်လောက် ရောက်ပြီဆိုရင် ပြောင်းဖူးကို ထက်ပိုင်းပိုင်းပြီး ပြောင်းဖူးခြွေပေးပါ။ ခြွေလို့ရလာတဲ့ ပြောင်းဖူးတွေကို ဇလုံတစ်လုံး ထဲထည့်ပေးပါ။ ပြီးရင် ကြက်သွန်နီတွေကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထည့်ပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ပါးပါးညှပ်ထည့်ပေးပါ။ ပြီးရင်တော့ နှမ်းဆီအနည်းငယ်ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။
အဲ့ဒါဆိုရင်တော့ ပြောင်းဖူးရဲ့အရသာ ချိုချိုလေးရယ်၊ ငရုတ်သီးစိမ်းကိုက်မိလို့ စပ်စပ်လေးရယ်၊ ကြက်သွန်နီကြောင့် ရှိန်းတိန်းတိန်း အရသာလေးရယ်၊ နှမ်းဆီမွှေးမွှေးလေးရယ်ကြောင့် အနံ့အရသာ စုံလင်လှတဲ့ ပြောင်းဖူးသုပ်လေးရသွားပါပြီနော်။ ရေနွေးကြမ်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါတယ်ရှင်။

Thursday, September 11, 2008

ငါးခရမ်းကစော့သီးအစပ်ချက်

2 comments
မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ငါးရွှေကို ခရမ်းကစော့သီး၊ ငရုတ်သီးစိမ်းတို့နဲ့ အစပ်ချက်လေး ချက်ကျွေးပါရစေနော်။
ကျွန်မ ရုံးကအပြန် အိမ်ပြန်ရောက်တော့ ဇကာခုံးလေးထဲမှာ ခရမ်းကစော့သီးက အပြည့်။ အမေ့  ခရမ်းသီးတွေအများကြီး ဘာလုပ်မလို့လဲလို့မေးတော့ ´´ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ကြည့်ပြီး အဲ့ဒီဇာတ်ကား ထဲမှာ မင်းသား မင်းသမီးတွေ စပျစ်သီးခူးနေတာကို အားကျပြီး ခြံထဲက ခရမ်းကစော့ပင်က အသီးတွေကို အားရပါးရ ခူးထားတာတဲ့ ရီလိုက်ရတာ´´ နာဂစ်ဖြစ်တုန်းက ကျွန်မတို့ခြံထဲက ခရမ်းကစော့ပင်ခမျာ အရွက်အပွင့် အသီးအကုန် နာဂစ်နဲ့အတူပါသွားပြီး အပင်ကိုင်းလေးပဲ ကျန်ခဲ့တာ။ အခုကျတော့လည်း အသီးတွေရော အပွင့်တွေရော ခူးလို့ကို မနိုင်အောင် ပြန်ပြီး သီးပွင့်နေကြပြီလေ။
အိမ်ထောင်ကျသွားတဲ့ ညီမငယ်အိမ်မှာ စိုက်ထားတဲ့ မိုးမျှော်ငရုတ်ပင်ကလည်း ငရုတ်သီးတွေက တအားပဲ။ ခူးလို့ကို မနိုင်လောက်ကို ကိုင်းညွတ်သီးနေတာ။ ပိတ်ရက်တုန်းက ခူးပြီး အိမ်ကိုလာပို့ပေးထားတာ့ အစိမ်း တွေရော၊ အမှည့်တွေရော။ အမှည့်တွေကိုတော့ အခြောက်လှန်းထားတယ်။ စပ်ချက်ကတော့ ကမ်းကုန်ပဲ့
ညီမတစ်ယောက်ရဲ့ မိတ်ဆွေကလည်း ငါးရွှေတစ်ကောင် လက်ဆောင်လာပေးထားတော့ ကျွန်မလည်း ရှိတဲ့ ငါးရွှေရယ်၊ ခရမ်းကစော့သီးရယ်၊ ငရုတ်သီးစိမ်းရယ်ကို ချက်ဖို့ ပြင်လိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
ငါးရွှေ
ခရမ်းကစော့သီး
ကြက်သွန်ဖြူ ကြက်သွန်နီ
ချင်း
ငရုတ်သီးစိမ်း
နနွင်းမှုန့်
ဆား
ငါးပိစိမ်းစား
ဟင်းခတ်မှုန့်အနည်းငယ်
နနွင်းမှုန့်
ဆီအနည်းငယ်တို့ပါနော်။

ငါးရွှေကို ခေါင်းဖြတ်၊ ဗိုက်ခွဲ အတွင်းက ကလီစာတွေကို ထုတ်ပစ်ပြီး အကျိအချွဲတွေ ကုန်အောင် မန်ကျည်းသီးနဲ့ နယ်ဆေးပစ်ပါ။ ပြီးတော့မှ ကိုယ်လိုချင်တဲ့အရွယ်လေးတွေ ရအောင်တုံးပြီး ချင်းအရည်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့နဲ့ နယ်နှပ်ပေးထားပါ။
ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်းနဲ့ ချင်းတို့ကို အခွံနွှာ ရေဆေးပေးထားပါ။ ခရမ်းကစော့သီးကိုလည်း ရေဆေး၊ အညှာခြွေ၊ ထက်ခြမ်းခွဲပြီး ဆားရည်လေးထဲ စိမ်ပေးထားပါနော်။ ငရုတ်ဆုံထဲမှာတော့ ဆားလေး နည်းနည်းထည့်ပြီး ငရုတ်သီးစိမ်းတွေ ထည့်ထောင်း၊ ပြီးရင် ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထည့်ပြီး ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီလေးနည်းနည်းထည့်၊ ဆီပူလာရင် နနွင်းမှုန့် လေးခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ချင်းတွေကိုထည့်ပြီး ဆီသတ်၊ (နည်းနည်းတော့ ငရုတ်သီး ညှော်မယ်နော်) ငါးပိစိမ်းစားလေးကို ရေလေးနဲ့ ဖျော်ပြီးထည့်၊ ပြီးတော့မှ နယ်ထားတဲ့ ငါးတွေကိုထည့်ပြီး အားလုံးသမအောင် မွှေပေး၊ ဒယ်အိုးအဖုံးအုပ်ပြီး ပထမတစ်ရည်ခမ်းအောင် တည်ပေးပါနော်။ ရေခမ်းပြီ ဆိုရင်တော့ ခရမ်းကစော့သီးလေးတွေကိုထည့်ပြီး နည်းနည်းလေးမွှေပြီး ရေလေး လက်ဘက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးစာလောက်ထည့်ပြီး အဖုံးအုပ်ပြီး ထပ်တည်ပေးပါနော်။ အဲ့ဒီတစ်ရည်ခမ်းသွားတဲ့ အခါမှာ ဟင်းအိုးကို အပေါ့အငံမြည်း၊ လိုတဲ့အရသာထပ်ဖြည့်၊ အရည်ဆမ်းစားချင်တယ်ဆိုရင်တော့ ရေလေးထပ်ထည့်ပြီး ဆူအောင်တည်ပေးပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ ကြိုက်တတ်ရင် အချဉ်ထည့်ပါ။
အဲ့ဒါဆိုရင်တော့ ငါးရွှေခရမ်းကစော့သီးအစပ်ချက်လေး ရပါပြီနော်။ တို့စရာအစုံအလင်လေးနဲ့သာ ဆိုရင်တော့ ပိုပြီး ထမင်းမြိန်စေတာပေါ့ရှင်။ အားလုံးအဆင်ပြေပါစေနော်။

Wednesday, September 10, 2008

ပုန်းရည်ကြီး

3 comments

အားလုံးမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ပုန်းရည်ကြီးသုပ် လုပ်ကျွေးပါရစေ။
ပုန်းရည်ကြီးမှာ အချဉ်နဲ့ အဆိမ့်ဆိုပြီး အရသာနှစ်မျိုးရှိပါတယ်။ နောက်ပြီး ပုန်းရည်ကြီးမှာ အနှစ်နဲ့ အမှုန့် ဆိုပြီးလည်း ခွဲခြားထားပါသေးတယ်။ မြန်မာပြည်မှာတော့ ပုန်းရည်ကြီးအနှစ်ကို အလွယ်တကူ ၀ယ်ယူရနိုင် ပေမယ့် တစ်တိုင်းတစ်ပြည်ရောက်နေတဲ့သူတွေအတွက်ကတော့ ပုန်းရည်ကြီးအမှုန့်ကိုသာ ရေရှည်အထားခံ အောင် ၀ယ်ယူစားသုံးကြရပါတယ်။ ပုန်းရည်ကြီးအမှုန့်မှာလည်း အဆိမ့်ရယ်၊ အချဉ်ရယ် ရှိပါတယ်။ ဒါပေမယ့် ပုန်းရည်ကြီးအမှုန့်ထုပ်တွေဟာ များသောအားဖြင့် အဆိမ့်တွေ ဖြစ်နေတတ်ကြပါတယ်။ နောက်ပြီး ပုန်းရည်ကြီး အမှုန့်ကိုပဲ အာသာပြေအောင် စားရတဲ့သူတွေကတော့ ပုန်းရည်ကြီးအနှစ်ကိုသာ သုပ်စားချင်တဲ့ အာသိသ ရှိတတ်ကြပါတယ်။ အဲ့ဒီတော့ ပုန်းရည်ကြီးအမှုန့်ကို အနှစ်အရသာလေးလည်း ဖြစ်ရအောင်၊ ကိုယ်စားချင်တဲ့ အချိန်မှာ အလွယ်တကူ စားလို့လည်း ရအောင် ဘယ်လိုတွေ လုပ်ရမလဲဆိုတာလေး ပြောပြပါမယ်နော်။
များသောအားဖြင့် ပုန်းရည်ကြီးအမှုန့်ထုပ်ကို အနှစ်ဖြစ်အောင် လုပ်တဲ့အခါမှာ ရေနွေးပွက်ပွက်ဆူထဲကို ပုန်းရည်ကြီးအမှုန့်ထည့်ပြီး ပျစ်နေအောင် ဖျော်ပြီး သုပ်စားဖို့ ပြင်တတ်ကြပါတယ်။ တစ်ခါတလေမှာ ကြုံတွေ့ရ တာက ပဲမှုန့်တွေကို ဒီအတိုင်းစားရသလိုဖြစ်ပြီး ပဲမှုန့်တွေ မနပ်ဘဲ ဗြုပ်စိလေးတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုမျိုးမဖြစ်ရလေအောင် ပုန်းရည်ကြီးအမှုန့်ကို အနှစ်လုပ်ပြီး ရေရှည်လည်း အထားခံအောင်၊ ကိုယ်ကြိုက်တဲ့အချိန်မှာ အလွယ် တကူ သုပ်စားလို့ရအောင် လုပ်နည်းလေးကို မျှဝေပေးပါရစေနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
ပုန်းရည်ကြီးအမှုန့် လက်ဖက်ရည်ဇွန်း (၅) ဇွန်း
ရေနွေး လက်ဘက်ရည်ပန်းကန်လုံး (၂) လုံး
နနွင်းမှုန့်၊
ငရုတ်သီးအရောင်မှုန့် (မကြိုက်ရင် မသုံးပါနဲ့)
ဆား သကြား
ဟင်းခတ်မှုန့်
မြေပဲဆီ တစ်ဆယ်သားတို့ပါနော်။


(က) ပုန်းရည်ကြီးအမှုန့်ကို အနှစ်ပြုလုပ်နည်း
ပုန်းရည်ကြီးအမှုန့်ကို ရေနွေးပွက်ပွက်ဆူနဲ့ ရောကျိုပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်ပြီး ဆီပူလာရင် နနွင်းမှုန့်နည်းနည်းခပ်ထည့်၊ ပြီးရင် ငရုတ်သီးအရောင်မှုန့်လေး ထည့်ပြီး မွှေ၊ ပြီးတာနဲ့ တစ်လက်စနှပ်ထားတဲ့ ပုန်းရည်ကြီးတွေကို ထည့်ပါ။ ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ကို ထည့်ပြီး မွှေပါ။ ပြီးရင် ရေ လက်ဖက်ရည်ပန်းကန်တစ်ဝက်လောက် ထပ်ထည့်ပြီး မီးနွေးနွေးနဲ့ ပုန်းရည်ကြီးကို ကျိုပေးပါ။ ရေခမ်းပြီဆိုရင်တော့ ပုန်းရည်ကြီးကျိုအိုးကို မီးဖိုပေါ်က ချပြီး အအေးခံထား လိုက်ပါ နော်။ အဲ့ဒါဆိုရင် ပုန်းရည်ကြီးမှုန့်ကလည်း ကျက်သွားပြီ၊ အဲ့ဒီပုန်းရည်ကြီး အနှစ်ကလေးကို အအေးခံပြီး အေးသွားတဲ့အခါ ပုလင်းသန့်သန့်၊ ဒါမှမဟုတ် ကြွေပန်းကန်လုံးသန့်သန့်ထဲ ထည့်ထားရင် ရေရှည်လည်း အထားခံသလို ကိုယ်စားချင်တဲ့အချိန်မှာ အလွယ်တကူ သုပ်စားနိုင်တာပေါ့နော်။ တကယ်လို့ အချဉ်ကြိုက်တယ် ဆိုရင်လည်း မန်ကျည်းသီးအနှစ်လေးထည့်ပြီး ကျိုလို့ရသလို၊ စားခါနီး အသုပ်သုပ်တော့မှ သံပုရာရည်၊ ရှောက်ရည်ညှစ်စားလို့လည်း ရပါတယ်နော်။

(ခ) ပုန်းရည်ကြီးသုပ်
ပုန်းရည်ကြီးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ပုန်းရည်ကြီးအနှစ်
ကြက်သွန်ဖြူ
ကြက်သွန်နီ ငရုတ်သီးစိမ်း
ဆား
ဟင်းခတ်မှုန့်
ဆီ တို့ပါနော်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီကို ရေဇလုံထဲထည့်၊ ရေဆေးပြီး ဇကာနဲ့ ဆယ်ယူစစ်ထားပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် ညှပ်ပေးထားပါ။
ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို ပုန်းရည်ကြီးအနှစ်ရယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီတို့ ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ အပေါ့အငံ အရသာကို မြည်း၊ ကိုယ်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အလွယ်တကူ သုံးဆောင်လို့ရပါပြီနော်။ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေအတွက်လည်း လွယ်ကူပြီး အရသာတွေ့စေမယ့် အသုပ်တစ်ပွဲပါနော်။

(ဂ) ပုန်းရည်ထမင်းသုပ်
ငယ်ငယ်တုန်းက ကြီးမေက ကျွန်မကို အမြဲတမ်း ပုန်းရည်ကြီးထမင်းသုပ်ကျွေးလေ့ရှိပါတယ်။ ထမင်း ပူပူလေးပေါ်မှာ ပုန်းရည်ကြီးဆီစိမ်လေးကိုထည့်၊ ကြက်သွန်နီလေးပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်းလေး ညှပ်ထည့်၊ ဆား၊ ဟင်းခတ်မှုန့်လေးနည်းနည်း၊ ပုစွန်ခြောက်မှုန့်လေး ထည့်၊ ကြက်သွန်နီဆီချက်လေးထည့်၊ သံပုရာရည်ေး ညှစ်ပြီး အားလုံးသမအောင် နယ်၊ ကြက်ဥ မကျက်တကျက်ကြော်လေးနဲ့၊ ကြက်သွန်ဖြူလေးနဲ့ စားကြည့်ပါနော်။ အရမ်းကို စားလို့ကောင်းတဲ့ ပုန်းရည်ထမင်းသုပ်လေး ရပါမယ်နော်။ ရေနွေးကြမ်း ပူပူလေးနဲ့ စားကြည့်၊ သိပ်ကောင်းတာ။ ဟင်းစား ၀ယ်ထားတာလည်းမရှိဘူး၊ ဟင်းချက်ဖို့ အချိန်လည်း မလောက်ဘူးဆိုရင် အလွယ်တကူနဲ့ အရသာရှိရှိဖြစ်စေမယ့် ပုန်းရည်ထမင်းသုပ်လေး လုပ်စားကြည့်ကြဦးနော်။

Tuesday, September 9, 2008

ငါးခေါင်းဟင်းချို (မွန်ချက်)

2 comments

အားလုံးမင်္ဂလာပါရှင်။ ကျွန်မမောင်နှမတွေကို ဒီနေ့တော့ ငါးခေါင်းဟင်းကို မွန်ချက်လေး ချက်ပေးပါမယ်နော်။ မွန်ချက်ဆိုတော့ မရမ်းပြား၊ ငရုတ်သီးစိမ်းကတော့ ဇာတ်လိုက်ကျော်ပေါ့။
ငါးခေါင်းဟင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေကို အရင်ပြောပြမယ်နော်။
(၁) ငါးခေါင်း ၃ ကီလို + ငါးစီပေါင်း အနည်းငယ်
(၂) မရမ်းပြား ၂၀ ဂရမ် (မရမ်းပြားမရှိခဲ့ရင် သံပုရာသီး သို့မဟုတ် ရှောက်သီး သုံးနိုင်ပါတယ်)
(၃) ကြက်သွန်ဖြူ ၁၀ မွှာ (ဓါးပြားထုပါ)
(၄) ငရုတ်သီးစိမ်း (ကုလားအော်၊ မိုးမျှော်) အစပ်စားနိုင်သလောက်ထည့်ပါ
(၅) ကြက်သွန်နီ အလုံးကြီး ၁ လုံး
(၆) ပုဇွန်ငါးပိစိမ်းစား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
(၇) ငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
(၈) ဟင်းခတ်မှုန့် အနည်းငယ်
(၉) နံနံပင် (သို့မဟုတ်) ရှမ်းနံနံ
(၁၀) စပါးလင်နဲ့ ဂျင်းအနည်းငယ်စီ (နုတ်နုတ်စင်းထားနော်)
(၁၁) ဆား လက်ဘက်ရည်ဇွန်း ၅ ဇွန်းတို့ပါနော်။


ငါးခေါင်းကို ရေစင်အောင်ဆေးပြီး ငါးဦးခေါင်းရဲ့ ပါးစောင်နားမှာရှိတဲ့ အကြေးခွံကိုတွေ အသေအချာ ဖယ်ရှားပေးပါ။ ပြီးရင် ငါးပါးဟက်တွေကိုလည်း အသေအချာ အကျိအချွဲတွေ ကုန်အောင် ဆားနဲ့ နယ်ပြီး ဆေးပေးပါ။ ငါးစီပေါင်းတွေကိုလည်း ရေနဲ့ သေချာဆေးပေးပါ။ ပြီးတဲ့အခါ သူ့ကို ဆား၊ အချိုမှုန့်၊ ချင်းရည်၊ ငါးပိစိမ်းစားအနည်းငယ်၊ ငံပြာရည်လေးနဲ့ နယ်ထားလိုက်နော်။
စပါးလင်ကို အကြမ်းဖတ်တွေဖယ်ရှားပစ်ပြီး ထိပ်ပိုင်းအရွက်တွေကို ရေစင်အောင်ဆေးပြီးအထုံးထုံးထားပါ။ ကျန်အရင်းပိုင်းကို ခပ်နုတ်နုတ်လှီးထားပေးပါ။ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး ဖယ်ထားပါ။
ပြီးရင် ငရုတ်ဆုံထဲကို စပါးလင်၊ ချင်း၊ ငရုတ်သီးစိမ်း၊ မရမ်းပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထည့်ထောင်းပေးပါ။ ရှမ်းနံနံကိုလည်း သန့်စင်အောင်ရေဆေးပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် ဟင်းရည်အိုးလေး စတည်ရအောင်နော်။ အိုး ခပ်ကြီးကြီးကိုယူနော် ... ရေ ၂ လီတာလောက်ထည့်ပြီး ဆူအောင်တည်ပေးပါနော်။ ပြီးရင် ထောင်းထားတဲ့ မရမ်းပြား၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီကို ထည့်လိုက်ပါ။ အနံ့မွှေးရအောင် ထုံးထားတဲ့ စပါးလင်အရွက်တွေကိုလည်း ထည့်ပေးပါ။ ဆား၊ ငံပြာရည် အချိုမှုန့်လေးတွေလဲ ထည့်နော်။ အဲ့ဒီ ပွက်ပွက်ဆူလာအောင် စောင့်နော်။ ဟင်းအိုးပွက်ပွက်ဆူလာပြီဆိုရင် အရသာလေးကို မြည်းလိုက်ပြီးတော့ ခုနက နယ်ထားတဲ့ ငါးတွေကိုထည့်လိုက်ပါ။ အဖုံးလေးအုပ်ထားလိုက်ပြီး ဟင်းအိုးပွက်လာတဲ့အထိ တည်ပေးပါနော်။
ဟင်းအိုးပွက်လာပြီဆိုတာနဲ့ အပေါ့အငံ လေးကိုလဲ မြည်းလိုက်ဦးနော်။ မြည်းလိုက်တာနဲ့ လျှာကနေ အရသာပေါင်းစုံကို ထိတွေ့မိပါတော့မယ်။ ဖြေးဖြေးမြည်းနော် ။ ငရုတ်သီးစပ်တော့ သီးမှာစိုးရတယ် ၊ချဉ်ငံစပ်လေးပေါ့၊ ကိုယ့်စိတ်ကြိုက်အရသာရပြီဆိုရင်တော့ ရှမ်းနံနံလေးအုပ်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ငါးခေါင်းဟင်းချို ချဉ်ငံစပ်လေးရပါပြီနော်။ ငါးစီပေါင်းလေးကလည်း ထုပ်ထုပ်လေးနဲ့ စားလို့တော်တော်လေးကောင်းပါတယ်နော်။ မောင်နှမတွေလည်း ငါးခေါင်းဝယ်လာတဲ့အခါ အသစ်အဆန်းလေးလည်းဖြစ်အောင်၊ အရသာလည်း လျှာလည်သွားရအောင် မွန်ချက်လေး ချက်စားကြည့်လိုက်ဦးနော်။

Sunday, September 7, 2008

မာလာဟင်း

8 comments
အားလုံးမင်္ဂလာပါရှင်။ ဒီနေ့ဥပုသ်နေ့လည်းဖြစ်တဲ့အတွက် ကျွန်မတို့အိမ်မှာ ဆွမ်းချိုင့်အတွက် ပြင်ဆင်ရတယ်၊ ဥပုသ်စောင့်မယ့်အမေ့လည်း စားလို့အဆင်ပြေအောင်၊ အကိုနဲ့မောင်လေးကလည်း ဆန်းဒေးပိတ်ရက်မို့ အိမ်လာမယ်ဆိုတော့ လူစုံတုန်းလေး မာလာဟင်းလုပ်ဖြစ်ခဲ့တာပါနော်။ အဲ့ဒါနဲ့ တစ်ဆက်တည်း မာလာဟင်းချက်နည်းမေးထားတဲ့ ကူးကူး၊ မြတ်လေးပန်းတို့နဲ့ မောင်နှမအားလုံးတို့အတွက် ကျွန်မ မာလာဟင်းလုပ်နည်းလေး မျှဝေပါရစေနော်။
မာလာဟင်းလို့ ဆိုပေမယ့် အသီးအရွက်တွေကို ရေနွေးဖျောပြီး မာလာဟင်းအနှစ်နဲ့သုပ်ရတာပါ။
လိုအပ်တဲ့ပစ္စည်းတွေကတော့ အမယ်များပေမယ့် ကိုယ်ဝယ်လို့လွယ်မယ်၊ ဈေးနှုန်းလည်း သက်သာတဲ့အမယ်မျိုးကိုသာ ရွေးဝယ်ပြီး ထည့်လို့ရပါတယ်။ ကျွန်မ လိုအပ်တဲ့အမယ်တွေအားလုံးကိုတော့ ချရေးပေးပါ့မယ်။ ဒါပေမယ့် အကုန်မထည့်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်မကိုယ်တိုင် အရွက်အမယ်အစုံ ၀ယ်မရလို့ မထည့်ပါဘူး။ (ကျွန်မတို့မိသားစု ဒီနေ့လူစုံတော့ ၁၅ ယောက်ရှိတယ်။ အိမ်မှာ ၁၅ ယောက်စာ ချက်တယ်ဆိုပေမယ့် အခု လိုအပ်တဲ့ပစ္စည်းတွေကိုပြောတဲ့အခါမှာ အတိအကျမပြောတော့ဘူး၊ အသီးအရွက်နဲ့ အခြားအခြောက်အခြမ်းကို စိတ်ကြိုက် လိုသလောက်ထည့်နိုင်ပါတယ်။ အနှစ်လုပ်တဲ့နေရာမှာတော့ ကျွန်မ ၅ ယောက်စာ ပြင်ဆင်တဲ့ နှုန်းနဲ့ ပြောပြပါမယ်။ ဒါပေမယ့် ကိုယ်နှစ်သက်ရင် နှစ်သက်သလို အဆာပလာ၊ အရသာ၊ အမွှေးနံ့သာတို့ကို ကဲပြီးထည့်သုံးနိုင်ပါတယ်။ ဥပမာ အချိုမှုန့်မစားတဲ့သူအတွက်ဆိုရင် ခနောကြက်သားမှုန့်ကို ပြောင်းသုံးလို့ရပါတယ်)
(က) ပါဝင်တဲ့အသီးအရွက်အမယ်တွေကတော့
မုန်ညင်းဖြူ၊
ကိုက်လန်၊
ကန်စွန်းရွက်၊
ကြာစွယ်၊
ပဲပင်ပေါက်၊
မုန်လာဥနီ၊
အာလူး၊
ကြက်သွန်မြိတ် (မကြိုက်ရင်မထည့်လည်းရပါတယ်)
ပန်းမုန်လာထုပ် (ဘရိုကိုလီဆိုရင် ပိုကောင်းပါတယ်)တို့ပါနော်။
(ခ) အခြားလိုအပ်တာတွေကတော့
ပဲပြားခြောက်ခေါက်ဆွဲအမျှင်
ပဲပြားခြောက်အလိပ်
ဝဥခေါက်ဆွဲအကြည် (အညိုရောင်၊ အစိမ်းဖျော့ရောင်ရှိပါတယ်။ ကြိုက်တာသုံးပါ)
ကျောက်ပွင့် အဖြူ (ရေခဲမှိုလို့လည်း ခေါ်ကြပါတယ်)
ကြွက်နားရွက်မှို
ခတ္တာပန်းခြောက် (မကြိုက်တတ်ရင် မထည့်ပါနဲ့) တို့ပါနော်။
(ဂ) ဟင်းအနှစ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ဦးစာအတွက် ပြင်ဆင်ခြင်း
ကြက်သား အသားကောင်းကောင်း (၂၅) ကျပ်သား
ပဲပြား (၂) တုံး
ငရုတ်သီးခွဲကြမ်းမှုန့်(ငါးကျပ်သား)
မြေပဲ (ငါးကျပ်သား)
နှမ်း (နှစ်ကျပ်ခွဲသား)
ကြက်သွန်ဖြူ (ဥတစ်လုံးမျိုး ၁၀ ဥ)
ကြက်သွန်နီ (အရွယ်တော်အလုံး ၃ လုံး)
ချင်း
ဆား
သကြား
အချိုမှုန့်
ကော်မှုန့် (မကြိုက်ရင် မသုံးပါနဲ့နော်)
ခနောကြက်သားမှုန့်
နနွင်းမှုန့်
ဆီ (ပဲဆီ ၁၅ ကျပ်သား+ နှမ်းဆီမွှေး လက်ဘက်ရည်အကြမ်းပန်းကန်လုံးတစ်လုံး)
ရယ်ဒီမိတ်မာလာဟင်းအနှစ်ထုပ် (၁) ထုပ်တို့ပါနော်။

(ဃ) ပြင်ဆင်ချက်ပြုတ်ခြင်း
ညက မောင်နှမတတွေ တီဗီကြည့်ကြ၊ စကားပြောကြ၊ မီးပူတိုက်ကြနဲ့ ကိုယ်စီအလုပ်လုပ်ကြရင်း အကိုက ဒီနေ့မနက်ပိုင်းကို ဆွမ်းဟင်းချိုင့်ပို့ရမှာကို သတိရပြီး မနက်စောစောမှ ၀ဥခေါက်ဆွဲကို ရေစိမ်ရင် အနူးကြာမှာစိုးလို့ တပ်လှန့်ပါတယ်။ နင်တို့ခေါက်ဆွဲရေစိမ်ထားကြဦးနော်တဲ့။ ဟုတ်ကဲ့ဆိုပြီး ကျွန်မညီမ အလတ်မက ခေါက်ဆွဲကို ရေထစိမ်ပါတယ်။ ပြီးတော့ မနက်ကျရင် ရေစိမ်ရမယ့် အခြောက်အခြမ်းတွေဖြစ်တဲ့ ကျောက်ပွင့်အဖြူ၊ ကြွက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားခြောက်ခေါက်ဆွဲနဲ့ ပဲပြားလိပ်တို့ကို မောင်နှမတတွေ တစ်ယောက်တစ်လက် ၀ိုင်းကူရင်း အဆင့်သင့်ပြင်ထားပါတယ်။ အမေက အိပ်ရာဝင်ခါနီး ခေါက်ဆွဲကို ကြည့်လိုက်တော့ ခေါက်ဆွဲက တော်တော်မာသေးတာမို့ ဒီအတိုင်းပဲ ရေစိမ်ထားပြီး အိပ်ရာဝင်ကြလို့ မှာပြီး အမေအိပ်ရာဝင်သွားပါတယ်။ အမေလည်းအိပ်ရာဝင်သွားပြီဆိုပြီး မောင်နှမတွေ တီးတိုးတီးတိုးနဲ့ တွတ်ထိုးနေတာ အမေက အိပ်ရာထဲကနေ ကလေးတွေ မအိပ်ကြသေးဘူးလား၊ မအိပ်သေးရင်လည်း ပတ်ဝန်းကျင်ကိုအားနာဦးတဲ့ သတိပေးတော့ မောင်နှမတွေ ဇက်ကလေးပုသွားပြီး အိပ်ရာဝင်ဖို့ အသီးသီးပြင်ကြပါတယ်။ မောင်လေးကတော့ မမကြီး မနက်ကျ နှိုးဦးတဲ့။
မနက်ကျတော့ အိပ်ယာနိုးနိုးချင်း ရင်တမမနဲ့ ခေါက်ဆွဲဇလုံကိုသွားကြည့်မိတယ်၊ တော်ပါသေးရဲ့ ခေါက်ဆွဲတွေ ဘာမှမဖြစ်သေးဘူး (ပျော့ပြဲတာတွေဖြစ်မသွားတာမို့ အသက်ရှူချောင်သွားပါတယ်)။ ပြီးတော့မှ မျက်နှာသစ်၊ သွားတိုက်ပြီး ခေါက်ဆွဲတွေကို ဆယ်ယူထားပြီး တခြားအခြောက်အခြမ်းတွေကို တစ်မျိုးစီကို ဇလုံတစ်လုံးစီမှာထည့်ပြီး ရေနဲ့တစ်ရည် ဆေးပြီးတော့ ရေနွေးကြက်သီးနွေးနဲ့ စိမ်ပါတယ်။ ပန်းခြောက်က အပွလွယ်တာမို့ ပန်းခြောက်ပွလာတာနဲ့ တပြိုင်နက် ရေထပ်ဆေး၊ ပန်းခြောက်ထဲက ၀တ်ဆံတိုင်တွေကို ဖယ်ရှားပြီးပြီး ပန်းခြောက်တွေကို ထုံးချည်လိုက်ပါတယ်။ ကြွက်နားရွက်မှိုခြောက်၊ ကျောက်ပွင့်တို့ကို တစ်ကိုက်စာအရွယ်တော်လေးတွေ ဖြစ်အောင် ညှပ်ထားပါတယ်။ ပဲပြားလိပ်နဲ့ ပဲပြားခြောက်ခေါက်ဆွဲကလည်း ရေစိမ်တာနဲ့ ပွလာတာမို့ ပြီးတာနဲ့ ရေသွန်ပြီး ပဲပြားခေါက်ဆွဲဖတ်လေးတွေကို ခြောက်လက်မအရှည်လောက်ရအောင် ကပ်ကြေးနဲ့ ညှပ်ပါတယ်။
အဲ့ဒါတွေကို တစ်ယောက်ကလုပ်နေတဲ့အချိန်မှာ ညီမအငယ်မက မုန်ညင်း၊ ကန်စွန်း၊ ကိုက်လန်စတာတွေကို ရေစင်အောင်ဆေး၊ သုံးလက်မအရွယ်လေးတွေဖြစ်အောင် ဖြတ်တောက်ပြီး ရေစိမ်ထားပေးပါတယ်။ မုန်လာဥနီနဲ့ အာလူးကို အခွံနွှာ၊ ရေဆေးပြီး အတွန့်လေးတွေရအောင် ကျောက်ကျောလှီးတဲ့ဓားလေးနဲ့ အရှည်လိုက်ရော အ၀ိုင်းလေးပါရအောင် လှီးပါတယ်။
အကိုကတော့ ကြက်သားတွေကို ရေစင်အောင်ဆေး၊ အရေခွံနွှာပြီး တောက်တောက်စင်းပါတယ်။ ပြီးတော့မှ ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူရယ်၊ ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့ ရောနယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီဥတွေကိုလည်း အခွံနွှာရေဆေးပြီး နုပ်နုပ်စင်းထားပါတယ်။ ပဲပြားကိုလေး သေးသေးလေးတွေဖြစ်အောင် နုပ်နုပ်စင်းပြီးဆား၊ သကြားနဲ့ နယ်ပေးထားပါ။
မောင်လေးကတော့ မြေပဲကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်ပါတယ်။ နှမ်းကို သန့်စင်ပေးပါတယ်။ ငရုတ်သီးအကြမ်းမှုန့်ကိုလည်း တစ်ခါကြိတ်လိုက်ပါတယ်။ ပြီးတော့မှ ပန်းကန်လုံးတစ်ခုစီထဲ ထည့်ပေးထားပါတယ်။
အားလုံးပြင်ဆင်နေတဲ့အချိန်မှာ ကျွန်မက အိုးခပ်ကြီးကြီးတစ်လုံးကို ယူ၊ ရေတစ်ဝက်လောက်ထည့်ပြီး မီးအားကောင်းကောင်းနဲ့ ရေနွေးတည်ဖို့ မီးဖိုပေါ်တင်ပါတယ်။ ရေနွေးပွက်ပွက်ဆူလာတဲ့အခါကျရင် ခေါက်ဆွဲဖတ်တွေကို ထည့်ပြီး အဖုံးအုပ်ထားပါတယ်။ ခေါက်ဆွဲဖတ်တွေ ပွက်ပွက်ဆူလာတဲ့အခါ အပေါ်အောက် နှံ့အောင် မွှေ၊ အဖုံးအုပ်ပေးပြီး နောက်ထပ် ငါးမိနစ်လောက်ထပ်တည်ပေးပါ။ နောက်တစ်ခေါက် ထပ်ပြီး ဆူလာတဲ့အခါ ခေါက်ဆွဲ အိ၊ မအိမြည်းကြည့်ပါ။ ခေါက်ဆွဲအိပြီဆိုရင်တော့ ခေါက်ဆွဲဖတ်တွေကို ဆယ်ယူပြီး အဲ့ဒီကျန်တဲ့ ရေနွေးထဲမှာပဲ ကျောက်ပွင့်၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားလိပ်တို့ကို ထည့်ပြီး ဆူအောင်တည်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ခုနက ခေါက်ဆွဲဖတ်တွေကို ရေအေးနဲ့ဆေးပြီး စကာနဲ့ စစ်ပေးထားပါ။ ပြုတ်အိုးဆူရင်တော့ အထဲက အဖတ်တွေကို ဇကာနဲ့ ဆယ်ယူပြီး အအေးခံထားပေးပါ။
ဒုတိယအနေနဲ့ ဟင်းအနှစ်ပြင်ဆင်ပါ့မယ်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတဲ့အခါ နနွင်းမှုန့်လေး နည်းနည်းခပ်လိုက်ပြီးတော့ နုပ်နုပ်စင်းထားတဲ့ ကြက်သွန်နီကို အရင်ထည့်ပါတယ်။ ကြက်သွန်နွမ်းတာနဲ့ နုပ်နုပ်စင်းထားတဲ့ ကြက်သားတွေနဲ့ ပဲပြားတွေကိုထည့်ပြီး သမအောင်မွှေပါတယ်။ ၃ မိနစ်လောက် ကြာရင် ကြိတ်ထားတဲ့ မြေပဲတွေကိုပါထည့်ပြီး အားလုံးသမအောင်မွှေပြီး ကြော်ပေးပါတယ်။ ဆီများတဲ့အတွက် ကြော်ရတာအဆင်ပြေပါတယ်။ ကျက်ခါနီးရင် မွှေရတာ ပိုပြီး သွက်လာသလို အရောင်ကလည်း တဖြည်းဖြည်းရွှေအိုရောင်ဘက်ကို ပြောင်းလာပါတယ်။ အဲ့ဒီအချိန်မှာ ကြိတ်ထားတဲ့ ငရုတ်သီးမှုန့်တွေကိုပါ ထည့်ပြီး ကြော်ပေးပါ။ (တချို့က ငရုတ်သီးကို ဒီအချိန်မှ ထည့်ရင် ကျက်ပါ့မလား၊ အစောကြီးကတည်းက ဘာလို့မထည့်တာလဲလို့ မေးနိုင်ပါတယ်။ အစောကြီးကတည်းက ထည့်ရင် ငရုတ်သီးညှော်နံ့ပိုပြင်းသလို ငရုတ်သီးကျွမ်းသွားမှာလည်း စိုးရပါတယ်။ အခုနေမှ ထည့်လည်း ငရုတ်သီးက ကျက်ပါတယ်နော်။) ပြီးရင် မာလာဟင်းရယ်ဒီမိတ်အနှစ်ထုပ်ကိုထည့်ပြီး သမအောင်မွှေပေး၊ နောက်ဆုံးကတော့မှ နှမ်းကိုထည့်၊ အပေါ့အငံအတွက် ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပေး၊ ပြီးတော့ရင် နှမ်းဆီမွှေးလေးအုပ်ပြီး မီးဖိုပေါ်ကနေ ဟင်းအနှစ်အိုး ချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ဆီရွှဲရွှဲ၊ အရောင်ရဲရဲ၊ အနံ့ကတော့ မွှေးကြိုင်နေပြီး စပ်စပ်ဆိမ့်ဆိမ့်လေး အရသာရှိတဲ့ ဟင်းအနှစ်ရပါပြီ။
ကော်မှုန့်ထမင်းစားဇွန်းတစ်ဇွန်းကို ရေလီတာဝက်ရယ်၊ ဆားလေး၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ကျိုပေးထားပါ။ ကော်ရည်ခပ်ကျဲကျဲအတွက်ပေါ့နော်။ (တချို့ကတော့ မကြိုက်တတ်ပါဘူး။ မကြိုက်ရင် မထည့်ပါနဲ့နော်)
အသီးအရွက်တွေပြုတ်ဖို့ပဲ ကျန်ပါတော့တယ်။ အိုးတစ်လုံးထဲ ရေတ၀က်လောက်ထည့်၊ အဖုံးအုပ်၊ မီးဖိုပေါ်တင်ပြီး ရေနွေးအိုးဆူအောင်တည်ပါ။ ရေနွေးအိုးဆူပြီဆိုရင်တော့ အနူးကြာမယ့် အာလူး၊ မုန်လာဥနီ တို့ကို အရင်ထည့်ပြီး အဖုံးခဏအုပ်ပြီးတည်ထားပါတယ်။ ခဏနေလို့ ပွက်ပြီဆိုရင် မုန်ညင်းအရိုးပိုင်းတွေ၊ ကြာစွယ်တွေထည့်ပြုတ်၊ ပြီးရင် ကန်ဇွန်းရွက်၊ မုန်ညင်းရွက်စတာတွေကို ထည့်ပြုတ်ပြီး အရမ်းမနူးသွားခင်၊ အရွက်အရောင် ခပ်စိမ်းစိမ်းလေးတွေအချိန်မှာ ဇကာနဲ့ ဆယ်ယူပြီး၊ ရေခဲရေနဲ့ စိမ်ပေးပြီးတော့မှ ဇကာနဲ့ ရေစစ် ပေးလိုက်ပါနော်။ ရေခဲရေနဲ့ စိမ်လိုက်တဲ့အတွက် အရွက်အရောင်လည်း စိမ်းစိမ်းလေးတွေပဲ ဖြစ်နေစေတဲ့အပြင် အသီးအရွက်တွေက ကျွတ်ကျွတ်လေးနဲ့ စားလို့ပိုကောင်းပါတယ်နော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဟင်းနယ်ဖို့အတွက် ဇလုံကြီးကြီးတစ်လုံး (ကျွန်မတို့အိမ်မှာတော့ လူများလွန်းလို့ လင်ဗန်းကြီးထဲ ထည့်နယ်ရတယ် :P) ထဲကို အသီးအရွက်တွေရယ်၊ ခေါက်ဆွဲနဲ့ အခြား အဆာပလာတွေရယ်၊ ကော်ရည်လေးရယ်၊ ပြီးတော့ ဟင်းအနှစ်တွေထည့်ပြီး အားလုံးကို သမအောင် မွှေပါတယ်။ နယ်တဲ့အခါ ဟင်းရွက်တွေ ကြေမသွားရအောင် ညှပ်နဲ့နှံ့အောင်လုပ်ပေးပါနော်။ အရသာအပေါ့အငံကိုလည်း မြည်းပြီး လိုတဲ့အရသာကို ထပ်ဖြည့်ပါနော်။ အချဉ်အတွက်ကတော့ ကျွန်မက သံပုရာရည်ထည့်ပြီး တစ်ခါတည်း နယ်လိုက်ပါတယ်။ အဲ့ဒီလို မကြိုက်ကြဘူးဆိုရင်တော့ မန်ကျည်းနှစ်အချဉ် ခပ်စပ်စပ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။ အဲ့ဒါဆိုရင်တော့ မာလာဟင်းရပါပြီနော်။ ဆွမ်းချိုင့်ထဲလည်းလှူလိုက်ရတယ်။ အမေလည်း ပျော်သလို ကျွန်မတို့ မောင်နှမတွေလည်း အရမ်းပျော်ပါတယ်။
ချက်နည်း ကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်။ ကျွန်မတို့ မိသားစုအကြိုက် ချက်ထားတာမို့ ဆိုင်က ချက်နည်းနဲ့ တူမှာမဟုတ်ပါဘူး။ ကျွန်မရဲ့ မောင်နှမတွေအားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

Saturday, September 6, 2008

မြီးရှည်အရည်ဖျော်

3 comments
အားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမများကို ဟင်းအသစ်ချက်မကျွေးဖြစ်တာ ရက်အနည်းငယ် ကြာသွားတဲ့ အတွက် ပျက်ကွက်တာကို ပထဦးဆုံး တောင်းပန်ပါရစေနော်။ အိမ်က တူမအကြီးမလေး နေမကောင်းဖြစ်နေတာရော၊ ပြိုင်ပွဲတစ်ခုမှာ ၀င်ပြိုင်ရင်း ဆီမီးဖိုင်နယ်လ်ပွဲရောက်မှ ကိုယ်နိုင်နေလျက်နဲ့ တစ်စုံတစ်ခုမှားယွင်းမှုကြောင့် ရှုံးသွားရတဲ့ကိစ္စလေးတွေအတွက် ကျွန်မစိတ်ထိခိုက်သွားလို့ပါနော်။ ပြိုင်ပွဲကိစ္စအတွက် ကျွန်မ စိတ်ထဲခံစားရတာတွေများသွားတဲ့အတွက် ကျွန်မ ဟင်းချက်ကျွေးဖို့ ပျက်ကွက်သွားပါတယ်။ ဒီနေ့ကျွန်မရဲ့ မောင်နှမတွေကို မြီးရှည်အရည်ဖျော်လုပ်နည်းလေးကို ချက်ကျွေးပါရစေဦးနော်။ နေကောင်းစပြုလာတဲ့ တူမတော်ကလည်း ထမင်းမစားချင်ဘူး၊ မြီးရှည်ကို အရည်လေးနဲ့ စားချင်တယ်ဆိုတော့ သူ့ကိုချက်ကျွေးရင်းနဲ့ ချစ်မောင်နှမများကိုလည်း မျှဝေပေးလိုက်ရပါတယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
မြီးရှည်ဖတ်၊
အသားကောင်းကောင်းဝက်သား၊
ဝက်နံရိုး၊
ခရမ်းချဉ်သီး၊
နာနတ်ပွင့်အနည်းငယ်၊
မြေပဲလှော်၊ (မကြိုက်ရင်မထည့်ပါနဲ့)
ပဲငံပြာရည်အပျစ်၊
ပဲငံပြာရည်အကျဲ၊
ဆား၊
သကြား၊
ငရုတ်သီးခွဲခြမ်း၊
နံနံပင်၊
ကြက်သွန်မြိတ်၊
ငရုတ်ကောင်းမှုန့်၊
ဟင်းခတ်မှုန့်အနည်းငယ်နဲ့
ဆီတို့ပါနော်။

ဟင်းရည်အတွက် ၀က်နံရိုးကို အရွယ်တော်လေးတွေဖြစ်အောင် တုံးပြီး ရေထည့်ပြီး မီးဖိုပေါ်တင်ပြီး တစ်ရည်ပွက်အောင် တည်ပြီး အဲ့ဒီတစ်ရည်ကို သွန်ပစ်လိုက်ပါ။ ပြီးတော့မှ ၀က်နံရိုးကို ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့နယ်၊ မီးဖိုပေါ် အိုးတင်ပြီးတော့ ဂျင်းအ၀ိုင်းလိုက်လှီးထည့်ပြီး ပထမလုံးရေလေးနဲ့ တစ်ရေ ခမ်းအောင်တည်ပါ။ ပထမတစ်ရည်ခမ်းပြီဆိုမှ နောက်ထပ် ဟင်းရည်အိုးထဲ ရေထပ်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူပြီး နံရိုးနူးတဲ့အထိ တည်ပေးပါ။ နံရိုးနူးလောက်ပြီဆိုမှ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းရည်အိုးကို ဆူအောင် တည်ပေးထားပါ။ ကြိုက်တတ်ရင်တော့ ဟင်းရည်အိုးထဲကို တရုတ်နံနံပင်အရိုးလေးတွေ ထုထည့်ပေးပါဦးနော်။

အသားဟင်းအတွက် ၀က်သားကို ရွေးပါတယ်။ ၀က်သားကို အဆီအခေါက်မပါ၊ အသားချည်းသပ်သပ် တောက်တောက်စင်းပြီး ဆား၊ အချိုမှုန့်၊ သကြား၊ ချင်းနုပ်နုပ်စင်းတို့နဲ့ ရောနယ်ပါ။ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကို ထောင်းပါ။ ခရမ်းချဉ်သီးပါးပါးလှီးပြီး နုပ်နုပ်စင်းပါ။ အဆင်သင့် ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကို ထည့်ပြီး ဆီသတ်၊ နာနတ်ပွင့်လေး နှစ်ဖတ်လောက်ထည့်ပြီး မွှေပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်တက်လာပြီဆိုရင် တော့ နုတ်နုတ်စင်းထားတဲ့ အသားလေးတွေထည့်ပြီး မွှေပါ။ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှစ်မျိုးလုံးထည့်ပါ။ ငံပြာရည်နည်းနည်းလောက်ထည့်ပါ။ ရေနည်းနည်းလောက်ထည့်၊ ခဏတည်ထားပြီး အသားလည်း နူး၊ ဆီလည်းပြန်လာပြီဆိုလျှင် ဟင်းအနှစ်ကျက်ပါပြီ။

တခြား မရှိမဖြစ် လိုအပ်တဲ့ အဆာပလာတွေကတော့ မြေပဲလှော်ကို အခွံနွှာပြီး မညက်တညက်လေး ထောင်းထားပေးပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ကြော်၊ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးထဲ ပြောင်းထည့်၊ ပြီးတော့မှ ငရုတ်သီးခွဲခြမ်းမှုန့်ကို ဆီထဲ လှိမ့်ပြီး ငရုတ်သီးကြော်လေးလုပ်၊ အရမ်းမတူးခင်မှာ အမြန်ချလိုက်နော်။ ပဲငံပြာရည် အပျစ်ကို ပန်းကန်လုံးထဲထည့်၊ ပြီးတော့ဟင်းချိုရည်လေး နည်းနည်းနဲ့ စပ်ထားပါ။ကြက်သွန်မြိတ်၊ နံနံပင် ပါးပါးလှီးထားပါ။

စားပွဲပြင်ခါနီးတဲ့အခါ စကာလေးထဲကို မြီးရှည်ဖတ်ထည့်၊ ပြီးတော့မှ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုရည်အိုးထဲ ထည့်ပြီး တူနဲ့ မြီးရှည်ဖတ်တွေကို ဟိုဘက်ဒီဘက်လှည့်ပေးပါနော်။ မြီးရှည်ဖတ်အိပြီ ဆိုရင်တော့ ရေစစ်ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ထည့်ပါနော်။
စားပွဲပြင်မယ်ဆိုရင် မုန့်ဖတ်လေးထည့်၊ ဟင်းရည်ပူပူလေးကိုထည့်၊ ၀က်နံရိုးနူးအိအိလေးပါအောင် ခပ်ထည့် ပါနော်။ ပြီးတော့အသားဟင်းထည့်၊ မြေပဲလှော်ထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးကြော်လေးထည့်ပြီး စားရုံပဲနော်။ ဟင်းရည်ပူပူလေးကို ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်လေး ဖြူးပြီး မုန်ညင်းချဉ်နဲ့ တွဲဖက်စားသုံးပါနော်။ အားပေးကြပါဦးနော်။

Wednesday, September 3, 2008

ငါးဖယ်ချဉ်သုပ်စားရအောင်

2 comments
မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့မှာတော့ ငါးဖယ်ချဉ်လုပ်နည်းလေးနဲ့ ငါးဖယ်ချဉ်သုပ်နည်းလေးကို မျှဝေပေးပါရစေနော်။
ငါးဖယ်ချဉ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို အရင်ဦးဆုံး ပြောပါရစေနော်။
ငါးဖယ်ခြစ်ပြီးသား (၂၅) ကျပ်သား
ကောက်ညှင်းမှုန့် စားပွဲတင်ဇွန်း (၅) ဇွန်း
ဆား
အချိုမှုန့်အနည်းငယ် (မသုံးလည်း ရပါတယ်)
စပါးလင်
စလူရွက်
ဝါးနှီး တို့ပါနော်။
ငါးဖယ်အကောင်လိုက်ဆိုရင်လည်း ဓားပါးပါးလေးနဲ့ ၀မ်းဗိုက်ပိုင်းနားကနေ စပြီး လွှာချလိုက်ပါ။ ပြီးရင်တော့ ကမာခွံနဲ့ဖြစ်ဖြစ်၊ ဇွန်းနဲ့ဖြစ်ဖြစ် ခြစ်ယူပါ။ ငါးဖယ်ခြစ်တွေ ရပြီဆိုရင်တော့ ပန်းကန်ပြားတစ်ခုထဲ ထည့်ပေးထားပါ။ စပါးလင်ကို ဘေးက အရွက်ခြောက်တွေ၊ အပေါ်ပိုင်းအရွက်တွေ ဖယ်ရှားပစ်ပြီး စပါးလင်တွေကို ပါးပါးနုတ်နုတ်ဖြစ်အောင် လှီးပေးပါ။ ကောက်ညှင်းမှုန့်တွေကိုလည်း အသင့်ပြင်ပေးထားပါ။ စလူရွက်တွေကိုလည်း ရေနဲ့ သန့်စင်ပြီးတော့ ခြောက်အောင် အ၀တ်သန့်သန့်နဲ့ ခြောက်သွေ့အောင် သုပ်ပေးထားပါ။
အားလုံးအသင့်ဖြစ်တဲ့အခါ ကြိတ်စက် (ငရုတ်သီး၊ ကြက်သွန်စတာတွေကို ကြိတ်တဲ့အခါ သုံးပါတယ်) လေးကိုယူပြီး စပါးလင်ကို အရင်ထည့်ပြီး ကြိတ်ပေးပါ။ ရလာတဲ့ စပါးလင်တွေကို ငါးဖယ်အသားတွေနဲ့ နှံ့အောင်နယ်ပေးပါ။ ဆားနဲ့ အချိုမှုန့်အနည်းငယ်တို့ကိုလည်း ထည့်နယ်ပေးပါ။ ပြီးရင်တော့ ကြိတ်စက်ထဲ အားလုံးရောနယ်ထားတာတွေကို ထည့်ပြီး ကြိတ်ပါ။ အထပ်ထပ်အခါခါ ကြိတ်ပေးပြီးတဲ့အခါကျရင် ရလာတဲ့ ငါးဖယ်တွေကို လင်ဗန်းတစ်ချပ်ထဲထည့်ပြီး လက်တစ်ဆုပ်စာ ကိုင်အရွယ်လောက်ရအောင် ကိုင်ပြီး လင်ဗန်းပေါ်ကို ပေါက်ပေးပါ။ အဲ့ဒါဆိုရင်တော့ ငါးဖယ်စေးစေးပိုင်ပိုင်လေး ရလာပါမယ်နော်။
ငါးဖယ်ထုပ်ဖို့အတွက် အသုံးပြုမယ့်ပစ္စည်းများအားလုံးကို သန့်ရှင်းအောင် ကိုင်တွယ်ဖို့ သတိပြုပါနော်။ ငါးဖယ်ကို မကိုင်ခင်မှာ လက်ကို စင်ကြယ်အောင် ဆေးပြီးတော့ ဇလုံတစ်လုံးထဲ ရေသန့်သန့် ထည့်ပေးထားပါ။ ငါးဖယ်ကို မကိုင်ခင်မှာ လက်ကို ရေဆွတ်ပြီးတော့မှ စလူရွက်ပေါ်မှာ ငါးဖယ်လေးတွေကို ထည့်ပေးပြီး တင်းတင်းကြပ်ကြပ်လေးဖြစ်အောင် နှီးနဲ့ စည်းပေးပါ။ အဲ့ဒီငါးဖယ်ထုပ်ကိုမှ ခြောက်သွေ့တဲ့နေရာသန့်သန့်မှာ ထားပေးပါ။ ရာသီဥတုအပေါ် မူတည်ပြီး ၃ ရက်ကနေ တစ်ပတ်အတွင်းမှာ ငါးဖယ်ချဉ်ရပါပြီနော်။ ငါးဖယ်ချဉ်သွားပြီဆိုတော့မှ ကြာကြာခံချင်ရင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီးစားရင် ၁၀ ရက်၊ နှစ်ပတ်လောက်တော့ အသာလေး အထားခံပါတယ်နော်။
ငါးဖယ်ချဉ်သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ငါးဖယ်ချဉ်
ခရမ်းချဉ်သီး
ကြက်သွန်နီကြော်
နံနံပင်
ရှောက်ရွက်
ကြက်သွန်နီ
ဟင်းခပ်မှုန့်အနည်းငယ်
ငရုတ်သီးစိမ်းတို့ပါနော်။
ငါးဖယ်ချဉ် (သုံးရက်အကြာမှာ စစချင်းချဉ်တဲ့ ငါးဖယ်ကို သုပ်မှာဖြစ်ပါတယ်) ကို အရှည် လက်တစ်ဆစ်ခန့်၊ အထူလက်တစ် ခဲတံလုံးခန့်အရွယ်ရအောင် လှီးပေးပါ။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး မထူမပါးလှီးပေးပါ။ နံနံပင်နဲ့ ရှောက်ရွက်ကို ရေဆေး၊ ရေစစ်ပေးပြီး ပါးပါးလှီးပေးထားပါ။ ကြက်သွန်နီကိုလည်းအခွံနွှာ၊ ထက်ခြမ်းခွဲ၊ ပါးပါးလှီး၊ ရေဆေးပြီး ရေစင်အောင် စစ်ပေးထားပါ။ ကြက်သွန်နီကြော်ကတော့ အဆင်သင့်ရှိတာမို့ ဒီတစ်ခါမှာ ကြက်သွန်နီကြော်နည်းကို ထည့်မရေးတော့ပါဘူးနော်။ ငရုတ်သီးလေးတွေကိုလည်း၊ အညှာခြွေ၊ ရေဆေးပြီး ပါးပါးလေးတွေရအောင် လှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ထဲကို ငါးဖယ်ထည့်၊ ခရမ်းချဉ်သီးထည့်၊ ကြက်သွန်စိမ်းထည့်၊ အချိုမှုန့်နည်းနည်းထည့်၊ ရှောက်ရွက်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ကြော်ထည့်ပြီး အားလုံးကို သမအောင် မွှေပြီး သုပ်စားကြည့်ပါဦးနော်။ ဒီတစ်ခါ ငါးဖယ်ချဉ်သုပ်က ဆီမထည့်ဘဲ တမူထူးပြီး ကြက်သွန်ကြော်၊ ခရမ်းချဉ်သီးလေးနဲ့ သုပ်ထားတာပါနော်။ ဒီအတိုင်းစားပြီး ရေနွေးကြမ်းပူပူလေးသောက်ရင် အရသာ သိပ်ကောင်းတာပါပဲနော်။ ကျွန်မမောင်နှမတွေလည်း အဆင်ပြေတဲ့အခါ ငါးဖယ်ချဉ်လုပ်နည်းလေးကို စမ်းသပ်လုပ်ကြည့်ကြပြီး အသစ်အဆန်းဟင်းအမယ်လေးတွေ စားလို့ရအောင် စမ်းလုပ်ကြည့်ကြပါဦးနော်။
(PS ဒီည အိမ်ပြန်ရင် ငါးဖယ်ချဉ်ကို ငံပြာရည်ကြော်လုပ်ဦးမယ်။ ပြီးမှ ပို့စ်တင်ပေးမယ်နော်။ ကြိုတင် သွားရည်ကျထားကြပါကုန့့် :P:P)

Monday, September 1, 2008

ငါးချဉ်ငံစပ်အကြွပ်ကြော်

4 comments

မင်္ဂလာပါရှင့့်  ဒီနေ့မှာတော့ ကျွန်မရဲ့ ချစ်မောင်နှမများကို ငါးကြော်နည်းတစ်မျိုး လက်ဆင့်ကမ်းပါရစေနော်။ ပင်လယ်ငါးတွေဟာ ရေချိုငါးနဲ့ ယှဉ်လိုက်ရင် အနံ့ပြင်းတယ်၊ ညှီတယ်ဆိုပြီး စားတာ နည်းကြပါတယ်။
အဲ့ဒီငါးကို အညှီနံ့လည်း သက်သာပြီး စားလို့ကောင်းအောင် ကြော်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။
ငါးကြော်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့
ပင်လယ်ငါး
ချင်း
ကြက်သွန်ဖြူ
ကြက်သွန်နီ
သံပုရာသီး
ငရုတ်သီးအခြောက်အပုပွတောင့်
ငရုတ်သီးခြောက်အရှည်တောင့်
ဆား
ငံပြာရည်
နနွင်းမှုန့်
ဟင်းခတ်မှုန့်
ဆီတို့ပါနော်။


ငါးကို အပေါ်ယံက ရှိတဲ့ အခွံမာတွေ လှီးပစ်ပါ။ ဆူးတောင်တွေကိုလည်း ခုတ်ပစ်ပါ။ ငါးဗိုက်ကို ခွဲထုတ်ပြီး အထဲက ကလီစာတွေ ထုတ်ပစ်ပါ။ ငါးဦးခေါင်းပိုင်းကိုလည်း ဖယ်ရှားပစ်ပါ။ ပြီးရင် ငါးကို ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါ။ ငါးအကောင်ကြီးရင် ငါးကို အလယ်ရိုးမပါရလေအောင် အလျားလိုက် လှီးပြီး အရွယ်တော် အပိုင်းလေးတွေရအောင် ပိုင်းပေးပါ။ ပြီးတော့မှ ငါးတွေကို ဇလုံတစ်လုံးထဲထည့်ပြီး နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့နဲ့ နယ်ပေးထားပါ။
ကြက်သွန်ဖြူနဲ့ ချင်းတို့ကို အခွံနွှာ၊ ညက်အောင်ထောင်းပြီး အရည်ညှစ်ယူပါ။ ငရုတ်သီးအခြောက်အပုပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်၊ ရေနွေးနဲ့စိမ်ပြီး ညက်အောင်ထောင်းပါ။ ပြီးရင် ငရုတ်သီးအနှစ်ရအောင် ယူပါ။ သံပုရာသီးကို အစိတ်လေးတွေ စိတ်ပေးထားပြီး သံပုရာရည် ညှစ်ယူထားပါ။ နယ်ထားတဲ့ ငါးတွေထဲကို ချင်း၊ ကြက်သွန်ဖြူရည်၊ ငရုတ်နှစ်၊ သံပုရာရည်တို့နဲ့ သမအောင် ရောနယ်ပေးပါ။ လက်ပူမှာစိုးရတဲ့အတွက် တစ်ခါသုံး ပလတ်စတစ်လက်အိတ်ဝတ်ပြီး ငါးထဲ အရသာဝင်အောင် နယ်ပေးပြီး နာရီဝက်၊ တစ်နာရီလောက် နှပ်ပေးထားပါ။
ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေးပြီး ထက်ခြမ်းခြမ်း၊ ပါးပါးလှီးပေးထားပါ။
ငရုတ်သီးအခြောက်အရှည်တောင့်ကိုလည်း အညှာခြွေထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ငရုတ်သီးအခြောက်တောင့်လေးတွေကို မီးအသင့်အတင့်နဲ့ကြော်၊ ငရုတ်သီးကြော်ရပြီဆိုရင် ဆယ်ထားလိုက်နော်။ ပြီးတော့မှ ဆီအိုးထဲကို နနွင်းမှုန့်လေးခပ်ပြီး ကြက်သွန်နီကြော် ကြော်ပေးပါ။ ကြက်သွန်နီကြော်တဲ့အခါ မီးအသင့်အတင့်နဲ့ ကြက်သွန်တွေအားလုံး ဆီထဲမှာ အကျက်ညီအောင် ကြော်ပေးပါ။ ကြက်သွန်နီတွေ ရွှေဝါရောင် သန်းလာတဲ့အခါ ဆယ်ယူ၊ ဆီစစ်ပေးထားပါနော်။
ကြက်သွန်ကြော် ကြော်ပြီးတဲ့အခါ ငါးကြော်ဖို့ ဆီခပ်များများထည့်ပြီး မီးဖိုပေါ် ဒယ်အိုးတည်ပါမယ်။ ဆီပူလာတဲ့အခါ ငါးတွေကို တစ်တုံးနဲ့တစ်တုံး မကပ်ရလေအောင် သေသေချာချာ စီပြီး ဆီအိုးထဲ ထည့်ပေးပါ။ မီးအသင့်အတင့်နဲ့ စိတ်ရှည်လက်ရှည်ကြော်ပါ။ တစ်ဖက်က ငါးအသားမာလာပြီဆိုမှ နောက်တစ်ဖက်ကို အသာအယာ လှန်ပေးပါ။ ဆီများများထဲမှာ ထည့်ကြော်ရတဲ့အတွက် ဆီပေါက်မှာ မစိုးရိမ်ရတော့သလို ဒယ်အိုးမှာ ကပ်နေမှာကိုလည်း မစိုးရိမ်ရပါဘူး။ (တစ်ခုတော့ရှိတယ်နော်။ ငါးအသားတစ်ဘက်က မမာသေးဘဲ၊ နီရောင်မသန်းသေးဘဲနဲ့တော့ ဟိုဘက်ဒီဘက် မလှန်လိုက်နဲ့။ လှန်လိုက်ရင်တော့ အသားတွေ ကြေပဲ့ထွက်ကုန်ပြီး စားကောင်းတော့မှာမဟုတ်ဘူးနော်။ ဆီထဲမှာလည်း ပဲ့ထွက်လာတဲ့ ငါးအသားစတွေက မဲတူးကုန်မှာ စိုးရတယ်နော်။ )
အကျက်ညီပြီဆိုတော့မှ ငါးကြော်တွေကို ဒယ်အိုးထဲကနေဆယ်ယူပြီး၊ ဇကာထဲမှာ ဆီစစ်ပေးထားပါနော်။
ပြီးတော့မှ ပန်းကန်တစ်ခုထဲ ငါးကြော်တွေကို ထည့်၊ အပေါ်ကနေ ကြက်သွန်နီကြော်တွေကို ထည့်၊ ငရုတ်သီးတောင့်လုံးကြော်လေးတွေထည့်၊ နံနံပင်လေးအုပ်ပြီး ဟင်းပွဲပြင်နိုင်ပါပြီနော်။
အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ငါးကြော်မွမွလေး ရပါပြီနော်။ လိုက်ဖက်တဲ့ ဟင်းတွေကတော့ ဗူးသီး ပုတတ်စာဟင်းခါး၊ ပဲနီလေးဟင်းချို၊ အသီးအရွက်ကြော်တို့ပါနော်။