Wednesday, September 10, 2008

ပုန်းရည်ကြီး


အားလုံးမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ပုန်းရည်ကြီးသုပ် လုပ်ကျွေးပါရစေ။
ပုန်းရည်ကြီးမှာ အချဉ်နဲ့ အဆိမ့်ဆိုပြီး အရသာနှစ်မျိုးရှိပါတယ်။ နောက်ပြီး ပုန်းရည်ကြီးမှာ အနှစ်နဲ့ အမှုန့် ဆိုပြီးလည်း ခွဲခြားထားပါသေးတယ်။ မြန်မာပြည်မှာတော့ ပုန်းရည်ကြီးအနှစ်ကို အလွယ်တကူ ၀ယ်ယူရနိုင် ပေမယ့် တစ်တိုင်းတစ်ပြည်ရောက်နေတဲ့သူတွေအတွက်ကတော့ ပုန်းရည်ကြီးအမှုန့်ကိုသာ ရေရှည်အထားခံ အောင် ၀ယ်ယူစားသုံးကြရပါတယ်။ ပုန်းရည်ကြီးအမှုန့်မှာလည်း အဆိမ့်ရယ်၊ အချဉ်ရယ် ရှိပါတယ်။ ဒါပေမယ့် ပုန်းရည်ကြီးအမှုန့်ထုပ်တွေဟာ များသောအားဖြင့် အဆိမ့်တွေ ဖြစ်နေတတ်ကြပါတယ်။ နောက်ပြီး ပုန်းရည်ကြီး အမှုန့်ကိုပဲ အာသာပြေအောင် စားရတဲ့သူတွေကတော့ ပုန်းရည်ကြီးအနှစ်ကိုသာ သုပ်စားချင်တဲ့ အာသိသ ရှိတတ်ကြပါတယ်။ အဲ့ဒီတော့ ပုန်းရည်ကြီးအမှုန့်ကို အနှစ်အရသာလေးလည်း ဖြစ်ရအောင်၊ ကိုယ်စားချင်တဲ့ အချိန်မှာ အလွယ်တကူ စားလို့လည်း ရအောင် ဘယ်လိုတွေ လုပ်ရမလဲဆိုတာလေး ပြောပြပါမယ်နော်။
များသောအားဖြင့် ပုန်းရည်ကြီးအမှုန့်ထုပ်ကို အနှစ်ဖြစ်အောင် လုပ်တဲ့အခါမှာ ရေနွေးပွက်ပွက်ဆူထဲကို ပုန်းရည်ကြီးအမှုန့်ထည့်ပြီး ပျစ်နေအောင် ဖျော်ပြီး သုပ်စားဖို့ ပြင်တတ်ကြပါတယ်။ တစ်ခါတလေမှာ ကြုံတွေ့ရ တာက ပဲမှုန့်တွေကို ဒီအတိုင်းစားရသလိုဖြစ်ပြီး ပဲမှုန့်တွေ မနပ်ဘဲ ဗြုပ်စိလေးတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုမျိုးမဖြစ်ရလေအောင် ပုန်းရည်ကြီးအမှုန့်ကို အနှစ်လုပ်ပြီး ရေရှည်လည်း အထားခံအောင်၊ ကိုယ်ကြိုက်တဲ့အချိန်မှာ အလွယ် တကူ သုပ်စားလို့ရအောင် လုပ်နည်းလေးကို မျှဝေပေးပါရစေနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
ပုန်းရည်ကြီးအမှုန့် လက်ဖက်ရည်ဇွန်း (၅) ဇွန်း
ရေနွေး လက်ဘက်ရည်ပန်းကန်လုံး (၂) လုံး
နနွင်းမှုန့်၊
ငရုတ်သီးအရောင်မှုန့် (မကြိုက်ရင် မသုံးပါနဲ့)
ဆား သကြား
ဟင်းခတ်မှုန့်
မြေပဲဆီ တစ်ဆယ်သားတို့ပါနော်။


(က) ပုန်းရည်ကြီးအမှုန့်ကို အနှစ်ပြုလုပ်နည်း
ပုန်းရည်ကြီးအမှုန့်ကို ရေနွေးပွက်ပွက်ဆူနဲ့ ရောကျိုပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်ပြီး ဆီပူလာရင် နနွင်းမှုန့်နည်းနည်းခပ်ထည့်၊ ပြီးရင် ငရုတ်သီးအရောင်မှုန့်လေး ထည့်ပြီး မွှေ၊ ပြီးတာနဲ့ တစ်လက်စနှပ်ထားတဲ့ ပုန်းရည်ကြီးတွေကို ထည့်ပါ။ ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ကို ထည့်ပြီး မွှေပါ။ ပြီးရင် ရေ လက်ဖက်ရည်ပန်းကန်တစ်ဝက်လောက် ထပ်ထည့်ပြီး မီးနွေးနွေးနဲ့ ပုန်းရည်ကြီးကို ကျိုပေးပါ။ ရေခမ်းပြီဆိုရင်တော့ ပုန်းရည်ကြီးကျိုအိုးကို မီးဖိုပေါ်က ချပြီး အအေးခံထား လိုက်ပါ နော်။ အဲ့ဒါဆိုရင် ပုန်းရည်ကြီးမှုန့်ကလည်း ကျက်သွားပြီ၊ အဲ့ဒီပုန်းရည်ကြီး အနှစ်ကလေးကို အအေးခံပြီး အေးသွားတဲ့အခါ ပုလင်းသန့်သန့်၊ ဒါမှမဟုတ် ကြွေပန်းကန်လုံးသန့်သန့်ထဲ ထည့်ထားရင် ရေရှည်လည်း အထားခံသလို ကိုယ်စားချင်တဲ့အချိန်မှာ အလွယ်တကူ သုပ်စားနိုင်တာပေါ့နော်။ တကယ်လို့ အချဉ်ကြိုက်တယ် ဆိုရင်လည်း မန်ကျည်းသီးအနှစ်လေးထည့်ပြီး ကျိုလို့ရသလို၊ စားခါနီး အသုပ်သုပ်တော့မှ သံပုရာရည်၊ ရှောက်ရည်ညှစ်စားလို့လည်း ရပါတယ်နော်။

(ခ) ပုန်းရည်ကြီးသုပ်
ပုန်းရည်ကြီးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ပုန်းရည်ကြီးအနှစ်
ကြက်သွန်ဖြူ
ကြက်သွန်နီ ငရုတ်သီးစိမ်း
ဆား
ဟင်းခတ်မှုန့်
ဆီ တို့ပါနော်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီကို ရေဇလုံထဲထည့်၊ ရေဆေးပြီး ဇကာနဲ့ ဆယ်ယူစစ်ထားပေးပါနော်။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် ညှပ်ပေးထားပါ။
ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို ပုန်းရည်ကြီးအနှစ်ရယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီတို့ ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ အပေါ့အငံ အရသာကို မြည်း၊ ကိုယ်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အလွယ်တကူ သုံးဆောင်လို့ရပါပြီနော်။ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေအတွက်လည်း လွယ်ကူပြီး အရသာတွေ့စေမယ့် အသုပ်တစ်ပွဲပါနော်။

(ဂ) ပုန်းရည်ထမင်းသုပ်
ငယ်ငယ်တုန်းက ကြီးမေက ကျွန်မကို အမြဲတမ်း ပုန်းရည်ကြီးထမင်းသုပ်ကျွေးလေ့ရှိပါတယ်။ ထမင်း ပူပူလေးပေါ်မှာ ပုန်းရည်ကြီးဆီစိမ်လေးကိုထည့်၊ ကြက်သွန်နီလေးပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်းလေး ညှပ်ထည့်၊ ဆား၊ ဟင်းခတ်မှုန့်လေးနည်းနည်း၊ ပုစွန်ခြောက်မှုန့်လေး ထည့်၊ ကြက်သွန်နီဆီချက်လေးထည့်၊ သံပုရာရည်ေး ညှစ်ပြီး အားလုံးသမအောင် နယ်၊ ကြက်ဥ မကျက်တကျက်ကြော်လေးနဲ့၊ ကြက်သွန်ဖြူလေးနဲ့ စားကြည့်ပါနော်။ အရမ်းကို စားလို့ကောင်းတဲ့ ပုန်းရည်ထမင်းသုပ်လေး ရပါမယ်နော်။ ရေနွေးကြမ်း ပူပူလေးနဲ့ စားကြည့်၊ သိပ်ကောင်းတာ။ ဟင်းစား ၀ယ်ထားတာလည်းမရှိဘူး၊ ဟင်းချက်ဖို့ အချိန်လည်း မလောက်ဘူးဆိုရင် အလွယ်တကူနဲ့ အရသာရှိရှိဖြစ်စေမယ့် ပုန်းရည်ထမင်းသုပ်လေး လုပ်စားကြည့်ကြဦးနော်။

3 comments:

  1. ပုန်းရည်ကြီးဟာ ကိုယ်ရဲ့ အနှစ်သက်ဆုံး စားစရာပါ။

    အမှုန့်  ထုပ် ကို သိပ် အားမရဘူး။

    ဒါပေမဲ့အဆင်ပြေတော့လည်းဝယ်စားရတာပေါ့။

    ReplyDelete
  2. မလုရေ.. ပုန်းရည်ကြီးကို အရမ်းကြိုက်တာ.. ပုန်းရည်ကြီးသုပ်ပြီး ထမင်းနဲ့ နယ်စားတာ။ မလုပြောသလို ပုန်းရည်ကြီးထမင်းတော့ မစားဖူးဘူး.. လုပ်စားကြည့်ဦးမယ်.. :)

    ReplyDelete
  3. မမေဗမာရေ့ 
    ကျွန်လည်း ပုန်းရည်ကြီး အနှစ်ကို ပိုကြိုက်တာ။ နောက်ဆုံး ကြံရာမရတော့လည်း အမှုန့်ကို အနှစ်ဖြစ်အောင် လုပ်ပြီး စားတာပေါ့။ :D
    မရှက်သုံးပါးထဲမှာ ငတ်မရှက်က ပိုဆိုးတယ် ထင်တယ်နော်။ :)

    မ နုစံရေ့  ပုန်းရည်ကြီး ထမင်းသုပ် အဆင်ပြေတဲ့အခါ လုပ်စားကြည့်နော်။ အားတဲ့အခါ ပို့စ်အသစ်တင်ပါဦးနော် :)

    ReplyDelete