Friday, September 19, 2008

ငါးနီတူသုပ်

အားလုံးမင်္ဂလာပါရှင်။ ကျွန်မ ဒီတလောမှာ အလုပ်များသွားတဲ့အတွက် မောင်နှမတွေကို ဟင်းအသစ် ချက်မကျွေးဖြစ်ခဲ့ပါဘူးနော်။ အဲ့ဒီအတွက် ခွင့်လွှတ်ဖို့ အရင်တောင်းပန်ပါတယ်။ အလုပ်ကလည်းပင်ပန်း၊ လူက အစားကလည်းပျက်တော့ ဘာစားရမှန်းမသိအောင်ကို ဖြစ်ခဲ့မိတာပါ။ အဲ့ဒါနဲ့ပဲ အိမ်မှာ ရှိနေတဲ့ ငါးနီတူခြောက် လေးကို ချဉ်ငံစပ်လေး သုပ်စားဖို့ စိတ်ကူးရခဲ့တာပါ။
ငါးနီတူသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ငါးနီတူခြောက်
ငါးပိစိမ်းစား
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငရုတ်သီးစိမ်း
သံပုရာသီး
ငရုတ်ကောင်း
ဆားအနည်းငယ်တို့ပါနော်။



ငါးနီတူခြောက်ကို ခေါင်းနဲ့ ဗိုက်တွေကို ဖယ်ရှားပစ်ပါ။ ငါးပိစိမ်းစားကို မီးကင်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပေးပါ။ ငရုတ်သီးစိမ်းကို အညှာခြွေ၊ ရေဆေးပြီး ရေစစ်ပေးထားပါ။
ငါးခြောက်ကို သန့်စင်ပြီးတဲ့အခါမှာ မီးဖိုပေါ် ဒယ်အိုးတင်၊ ငါးခြောက် ထည့်ပြီး ငါးခြောက်ကို မီးအသင့်အတင့်နဲ့ ကြွတ်လာအောင် လှော်ပေးပါ။ နည်းနည်းတော့ ညှော်ပါတယ်။ ငါးခြောက်လှော်ပြီးတဲ့အခါ သီးသန့်ဖယ်ထားပေးပြီး အဲ့ဒီဒယ်အိုးနဲ့ပဲ ငရုတ်သီးတွေကို ထည့်ပြီး မီးခပ်နွေးနွေးနဲ့လှော်ပါမယ်။ ငရုတ်သီးတွေ ကျက်ပြီဆိုရင်လည်း သီးသန့်ဖယ်ပေးထားပါ။
ပြီးရင် ငရုတ်ဆုံထဲကို မီးကင်ထားတဲ့ ငါးပိစိမ်းစား၊ ကြက်သွန်ဖြူအနည်းငယ်၊ ငရုတ်သီးစိမ်းနဲ့ ငရုတ်ကောင်း တို့ကို ထည့်ထောင်းပါ။ သံပုရာသီးကိုလည်း အစိတ်လေးတွေ စိတ်ပေးထားပါ။
အားလုံးအသင့်ဖြစ်တဲ့အခါမှာ ဇလုံတစ်လုံးထဲကို လှော်ထားတဲ့ ငါးခြောက်ရယ်၊ လှီးထားတဲ့ ကြက်သွန်ဖြူ၊ နီ၊ ထောင်းထားတဲ့ အဆာပလာတွေရယ်၊ ဆားအနည်းငယ်၊ သံပုရာရည်နိုင်နိုင်ညှစ်ပြီး အားလုံး သမအောင်ရောနယ်ပေးပါ။ အရသာအပေါ့အငံကို မြည်းပါနော်။
အဲ့ဒါဆိုရင်တော့ စားရတာ ခံတွင်းမြိန်စေပြီး လျှာသွက်စေမယ့် ငါးနီတူခြောက်သုပ်လေး ရပါပြီနော်။ လိုက်ဖက်တဲ့ ဟင်းစပ်ကတော့ မျှစ်တာလပေါဟင်း၊ ကင်းပုံရွက်ကြော်ချက်၊ ပဲနီလေးကြာဇံဟင်းတို့နဲ့ပါနော်။
ကျွန်မမောင်နှမတွေလည်း ဟင်းတွေစားတာ ငြီးငွေ့တဲ့အခါ၊ ခံတွင်းပျက်တဲ့အခါ ငါးနီတူခြောက်သုပ်လေး လုပ်စားကြည့်ဦးနော်။

2 comments:

  1. ငါးနီတူကို ငပလီ မှာ ပထမဆုံးစားဘူးတယ်။ အမဲရောင် ချီးလေးတွေထွင် ရတာ သတိပြုမိပါတယ်။ မခါးအောင်ပေါ့။ ငရုပ်သီး နဲ့ရော ကျော်တာလဲ စားဘူးတယ်။ ထမင်းနဲ့ စားဘို့ တော်တော် လိုက်ဖက်သလို ရေနွေးကြမ်းနဲ့ မြည်းဘို့ လဲ လုက်ဖက်ပါတယ်။ လုလု ရေ ရန်ကုန်ပြန်ရင် စားရမဲ့စာရင်းထဲတို့ ထားလိုက်ပါပြီ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ဟုတ်တယ် အန်တီမေရေ့ 
    ငါးနီတူရဲ့ ၀မ်းဗိုက်က ချေးတွေကို ထုပ်ပစ်မှ ကောင်းတာ။ နောက်မဟုတ်ရင် ခါးတတ်တယ်လေ။ ရန်ကုန်ပြန်ရောက်ရင် ပြောဦးနော်။ စားမယ့်ဟင်းအမယ်တွေက များလွန်းလို့ စားနိုင်ပါ့မလား မသိ

    ReplyDelete