Wednesday, November 28, 2007

ရှောက်သီးသုပ်

4 comments



ဟင်းချက်မကျွေးဖြစ်တာ ကြာပြီဆိုတော့ ဘာဟင်းချက်ရင်ကောင်းမလဲ အမျိုးမျိုးစဉ်းစားနေတာ။ ဟင်းတွေလည်း ချက်ရတာ မြန်မာဟင်းတွေချည်းဖြစ်နေလို့ ငြီးငွေ့နေမလား စိတ်ပူမိတာလည်း တစ်ပိုင်းပေါ့။ မြန်မာမုန့်တွေချည်း တင်ပေးပြန်ရင်လည်း ရေခြားမြေခြားရောက်နေတဲ့သူတွေအတွက် အခက်များကြုံနေမလာ့း့  စတဲ့ လားလားလား လားပေါင်းများစွာကို စဉ်းစားရင်းနဲ့ပဲ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက်လုပ်လိုက်တာ့ ရှောက်သီးသုပ်သုပ်ကျွေးဖို့ စိတ်ကူးရသွားတော့တယ်နော်။ ရာသီဥတုကလည်း နည်းနည်းအေးလာပြီဆိုတော့ ချွေးလေးစို့သွားရအောင်ရော၊ ကျွန်မအလုပ်က ကလေးမတွေကလည်း ရှောက်သီးသုပ်ဆိုတော့ သူတို့လည်းစားချင်တယ့့်  သုပ်ကျွေးပါဆိုပြီး ၀ိုင်းအားပေးကြတာရောမို့ အကောင်အထည်ဖေါ်လိုက်ရပါတော့တယ်နော့့်် 






ရှောက်သီးသုပ်တော့မယ်ဆိုတော့ လိုတာလေးတွေကို ကမန်းကတန်း ချရေးလိုက်ပါတယ်နော့့်
ရှောက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲဆံအလှော်၊ ပုဇွန်ခြောက်၊ ပဲမှုန့်အလှော်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်နဲ့ အချိုမှုန့်နဲ့ ငံပြာရည်အနည်းငယ်တို့ပါနော်။ ဂေါ်ဖီထုပ်ကြိုက်ရင်လည်း ထည့်လို့ရပါတယ်နော်။
ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါနော်။ ပြီးရင် ကြက်သွန်နီအခိုးတွေ သက်သာရအောင်လို့ ရေဆေးပြီး သေချာညှစ်ပစ်ပါနော်။ မြေပဲဆံအလှော်ကိုလည်း မညက်တညက်လေးထောင်းထားပေးပါ။ ပြီးရင် ပုဇွန်ခြောက်ကိုလည်း မညက်တညက်လေး ထောင်းထားပေးပါနော်။ ကြက်သွန်ဖြူကို ခပ်ပါးပါးလေးလှီးပြီးတော့ ဆီချက်ကြော်ထားပါ။ ဆီချက်ကြော်ပြီးရင်တော့ ပန်းကန်လုံးထဲထည့်ပြီး ဒယ်အိုးထဲမှာကျန်တဲ့ဆီလေးနည်းနည်းနဲ့ ငါးပိစိမ်းစားလေးကို လှိမ့်ပေးပါနော်။ ငါးပိစိမ်းစားမီးကင်ရင် အနံ့အရမ်းပြင်းမှာစိုးရင် အဲ့ဒီနည်းနဲ့ပဲ လုပ်လိုက်ပါနော်။ နောက်ဆုံး ရှောက်သီးကို အခွံသင်၊ ပြီးတော့ အတွင်းက အခွံကို အလယ်ကနေ ခွဲပြီးတော့ ရှောက်သီးအသားတွေကို ယူပါပြီး ဆားနည်းနည်းထည့်ထားတဲ့ရေထဲ ထည့်စိမ်ပါနော်။ နောက်ပြီးတော့မှ ရှောက်သီးအသားတွေကို ရေထဲကနေ ဆယ်ယူပြီး ရေနည်းနည်းညှစ်ပေးလိုက်ပါနော်။
အားလုံးအသင့်ဖြစ်ပြီးတော့မှ ပန်းကန်တစ်ချပ်ထဲမှာ ရှောက်သီးထည့်၊ ကြက်သွန်နီထည့်၊ မညက်တညက်ထောင်း ထားတဲ့ ပုဇွန်ခြောက်မှုန့်၊ မြေပဲမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ အချိုမှုန့်တို့ကို ထည့်ပြီး သေသေချာချာ နှံ့အောင်နယ်ပါနော်။ တချို့ကတော့ ဗိုက်နာသက်သာရအောင်လို့ ငရုတ်ကောင်းမှုန့် ထည့်ပြီး သုပ်တတ်ပါတယ်။ အပေါ့အငံကိုမြည်းပြီး အငံနည်းနည်းပေါ့ရင်တော့ ငံပြာရည်လေးနည်းနည်းထည့်သုပ်ပါနော်။ အရသာကြိုက်ပြီဆိုရင်တော့ ပန်းကန်လှလှလေးမှာ ထည့်၊ ပြီးတော့မှ အဖြူအစိမ်းကျောင်းသူလေးဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေးထည့်ပါနော်။
ကဲ့ ရှောက်သီးသုပ်ချဉ်ငံစပ်လေးနဲ့ ရေနွေးကြမ်းပူပူလေးဒါမှမဟုတ် ငရုတ်ကောင်းဟင်းခါးလေးနဲ့ တွဲပြီး အားပေးလိုက်ကြပါဦးနော့့်  ဦးရာလူစံနစ်နော့့် 

မုန့်ပျစ်သလက်

3 comments
ညီမလေးရွှေငြိမ်းမေးထားတဲ့ မုန့်ပျစ်သလက်လုပ်နည်းကိုပြောပြပါမယ်နော်။ ကျွန်မတို့ မော်လမြိုင်ဘက်ကတော့ မုန့်ပျစ်သလက်ကို မုန့်ပျစ်စလက်လို့ ခေါ်ကြပါတယ်။ တခြားအရပ်ဒေသက အခေါ်အဝေါ်နဲ့တော့ ကွဲမယ်လို့ ထင်တယ်နော်။ မုန့်ပျစ်သလက်ကိုတော့ ကျွန်မတို့ငယ်ငယ်တုန်းက နေ့လည်အဆာပြေအတွက် မုန့်ပျစ်သလက်လေးနဲ့ ရေနွေးကြမ်းလေးကို စားသောက်ခဲ့ကြတာပါ။ အခုလည်း အမှတ်တရအနေနဲ့ရော ညီမလေးရွှေငြိမ်းအတွက်ရော မုန့်ပျစ်သလက်လုပ်နည်းလေးကို ပြောပြပါဦးမယ်နော်။

မုန့်ပျစ်သလက်လုပ်ဖို့လိုအပ်တာတွေက ဆန်၊ ထန်းလျက်သန့်သန့်၊ အုန်းသီး၊ ဆားအနည်းငယ်တို့ပါနော်။ ဆန်ကို ရေစိမ်၊ ကြိတ်ပြီးတော့ စားဆော်ဒါလေးနည်းနည်းထည့်ပြီး မွှေထားပေးပါနော်။ နိုင်ငံရပ်ခြားရောက်နေတဲ့ သူတွေကတော့ ဆန်နှစ်အခဲလေးတွေကို အရည်ဖျော်ပေးရုံပါပဲနော်။ မုန့်နှစ်ကို ဖျော်တဲ့အခါ ခပ်ပျစ်ပျစ်ဖျော်စရာမလိုပါဘူး။ မပျစ်မကျဲလေး ဖျော်ထားပေးပါ။ ထန်းညက်ကိုလည်း အရည်ကျိုထားပါ။ ခပ်ကျဲကျဲပါပဲနော်။ အုန်းသီးကို ခပ်ဖွဖွလေးဖြစ်အောင် လက်ခြစ်လေးနဲ့ ခြစ်ထားပေးပါနော်။
မုန့်ပျစ်သလက်လုပ်ဖို့အတွက် ဒယ်အိုးအပြားမဟုတ်ဘဲ ဇောက်နည်းနည်းနက်ပြီး ၀ိုင်းတဲ့ ဒယ်အိုးမျိုးလိုပါတယ်။ မျက်စိထဲပေါ်အောင်ပြောရရင် အာပုံလုပ်တဲ့ ဒယ်အိုးမျိုးပါ။ မီးဖိုပေါ်ကို ဒယ်အိုးလေးတင်၊ ပြီးတော့မှ မုန့်နှစ်လေးကို ဒယ်အိုးထဲထည့်ပြီး ယောက်ချိုဇွန်းနဲ့ တိုရှည်အ၀ိုင်းဝိုင်းသလို ညီညီညာညာလေး ဖြန့်ပေးပါနော်။ ပြီးတာနဲ့ တဆက်တည်း ထန်းလျက်ရည်ဖြန့်ပေးပါနော်။ ပြီးရင်တော့ အပေါ်ကနေ ခြစ်ထားတဲ့ အုန်းသီးလေးတွေကို ဖြန့်ပြီးဖြူးပေးပါနော်။ ပြီးရင်တော့ မြေအိုးအဖုံးလေးနဲ့ ခဏလေးအုပ်ထားပေးလိုက်။ အဲ့ဒီအချိန်မှာ မုန့်သားနဲ့ ထန်းလျက်ရဲ့ အနံ့လေးက မွှေးကြိုင်သင်းပြီးထွက်လာပြီဆိုတာနဲ့ အဖုံးကိုဖွင့်ပြီး မုန့်ကလော်တဲ့ ထိပ်ကအပြားရှိတဲ့အတံလေးနဲ့ မုန့်ပတ်ပတ်လည်ကို ကလော်ပေးလိုက်ပါ။ ဒယ်အိုးကနေ မုန့်လွတ်လွတ်ကျွတ်ကျွတ်ထွက်လာပြီဆိုတာနဲ့ မုန့်ကို ခလယ်ကနေ ခေါက်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မုန့်ပျစ်သလက်ချိုချိုပူပူလေးရပါပြီနော်။ နောက်တစ်ခုလုပ်ဖို့ ပြင်မယ်ဆိုရင်တော့ ဒယ်အိုးကို ပြောင်နေအောင် အ၀တ်လေးနဲ့ သေချာသုတ်ပြီးတော့မှ နောက်တစ်ခု ထပ်လုပ်ပါနော်။
ပုံမရှိသေးလို့ ဒီအတိုင်းပဲ တင်ပေးလိုက်တယ်နော်။ နောက်အဆင်ပြေတဲ့အခါ ပုံပါတင်ပေးပါ့မယ်နော်။

Friday, November 23, 2007

ဘဲဥငါးခြောက်ဟင်း

0 comments
ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေအတွက် ဘဲဥငါးခြောက်ချက်လေး ချက်ပေးပါမယ်နော်။ ဘဲဥကုလားဟင်းလို့လည်း ခေါ်လို့ရပါတယ်နော်။ ဘဲဥမရှိရင်လည်း ကြက်ဥနဲ့ ချက်ရင်လည်း ဖြစ်ပါတယ်။ ငါးခြောက်ကိုလည်း ငါးရံ့ခြောက် ဒါမှမဟုတ် တခြားနှစ်သက်ရာ ငါးခြောက်အကောင်ကြီးသားဆိုရင် ဖြစ်ပါတယ်။ အာလူး ဒါမှမဟုတ် ခရမ်းကြွပ်သီးလေးတွေပါ ထည့်ပါတယ်။


ဘဲဥ ဒါမှမဟုတ် ကြက်ဥ၊ ငါးခြောက်၊ ခရမ်းကြွပ်သီးအပြင် တခြားလိုအပ်တာတွေကတော့ ငရုတ်သီးအခြောက် အပုတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်၊ ဆီ၊ မန်ကျည်းမှည့်နဲ့ မာဆလာတို့ပါနော်။
ဘဲဥကိုကျက်အောင်ပြုတ်ထားပါ။ ပြီးရင် ရေနွေးတွေသွန်ပြီး အအေးခံပြီး အခွံနွှာထားပါနော်။ ငါးခြောက်ကိုလည်း ဆားအပေါ့အငန်ကိုမြည်းပြီး ရေဆေးပြီး ကိုယ်လိုချင်တဲ့အရွယ်လေးဖြစ်အောင် တုံးပါနော်။ ခရမ်းကြွပ်သီးကိုလည်း ရေဆေး၊ အညှာခြွေပြီး ထက်ခြမ်းခြမ်းပေးပါနော်။ မန်ကျည်းမှည့်ကိုလည်း ရေနွေးလေးနဲ့ စိမ်ထားပေးပါ။ ငရုတ်သီးအခြောက်အပုတောင့်ကို အညှာခြွေ အစေ့ထုတ်ပြီး ရေစိမ်၊ ပြီးတော့မှ ရေစစ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပြီးတော့ ငရုတ်ဆုံထဲ ထည့်ထောင်းပေးပါနော်။
အားလုံးအဆင်သင့်ပြင်ပြီးသွားပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်နည်းနည်းထည့်၊ ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ငါးခြောက်ထည့်ပြီး ဆီသတ်ပေးပါ။ ငါးခြောက်နူးရအောင် ရေနည်းနည်းထည့်၊ အဖုံးအုပ်ပြီးတည်ပါ။ သုံးမိနစ်လောက်ကြာရင် အဖုံးဖွင့် ခရမ်းသီးထည့်၊ ဆား၊ အချိုမှုန့်ထည့်ပြီး မွှေပေး၊ ပြီးရင်အဖုံးအုပ်ထားပေးပါနော်။ ခရမ်းသီးနူးခါနီးလောက်မှာ ဘဲဥထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ မန်ကျည်းနှစ်လေးထည့်ပေးပါနော်။ ဟင်းရည်ကို ဆမ်းစားလို့ရအောင် ချက်မှာမို့ ရေကိုခပ်များများလေးထည့်ပေးပါ။ ပြီးရင်တော့ မီးနွေးနွေးလေးနဲ့ ခပ်ကြာကြာလေး တည်ပေးလိုက်ရင် ဘဲဥလေးထဲလည်း အရသာလေးဝင်ပြီး ခပ်မာမာထုပ်ထုပ်လေးနဲ့ စားလို့ ပိုကောင်းပါတယ်နော်။ ဟင်းရည်အနည်းအများကိုတော့ ကိုယ်ကြိုက်နှစ်သက်တဲ့အနေအထားရောက်ပြီဆိုရင်တော့ မာဆလာလေးအုပ်လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ငါးခြောက်ဘဲဥခရမ်းသီးချဉ်ရည်ဟင်း ရပါပြီနော်။ အားပေးကြပါဦးနော်။

Thursday, November 22, 2007

မယ်ဇလီဟင်းချို

1 comments
တန်ဆောင်မုန်းလပြည့်ညမှာ ကြယ်တာရာနက်ခတ်တွေ စုံလင်တဲ့အတွက် အဲ့ဒီအချိန်မှာ နွယ်မြက်သစ်ပင်တောင်မှ ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် မယ်ဇလီပင်က ပိုပြီး ဆေးဖက်ဝင်တယ်လို့ မှတ်ယူကြပြီး တန်ဆောင်မုန်းလပြည့်ညတွေမှာ မြန်မာလူမျိုးတွေက မယ်ဇလီဖူးသုပ်တို့ မယ်ဇလီဖူးဟင်းချိုတို့ လုပ်စားလေ့ရှိပြီး အိမ်နီးနားချင်းတွေကိုလည်း အလှူဒါမြောက်အောင် ပေးဝေတဲ့ဓလေ့တစ်ခုရှိပါတယ်နော်။ လာမယ့်စနေနေ့ တန်ဆောင်မုန်းလပြည့်နေ့ ကြယ်တာရာတွေစုံလင်လို့ ဆေးပေါင်းခတဲ့အချိန်မှာ စားဖို့အတွက် မယ်ဇလီဟင်းချို ချက်ပေးလိုက်ပါတယ်နော်။
မယ်ဇလီဟင်းချိုချက်ဖို့အတွက် မယ်ဇလီရွက်၊ ငါးခူ၊ ခရမ်းသီး၊ ပဲပြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ နီ၊ ဆီအနည်းငယ်နဲ့ ဆား၊ ငံပြာရည်၊ အချိုမှုန့်တို့ပါနော်။
မယ်ဇလီရွက်ကိုတော့ အပင်ကနေခူးတာမို့ အခါးဓါတ်သက်သာသွားအောင် ပြုတ်ပစ်ရပါတယ်။ ဆူတဲ့အခါမှာ အရွက်တွေကို ရေနွေးအိုးထဲကနေဆယ်ပြီးတော့ ရေအေးနဲ့သေချာနယ်ဆေးပစ်ပြီးတော့ အခါးရည်တွေထွက်သွားအောင် ညှစ်ထုတ်ပစ်ရပါတယ်။ သိပ်ခါးရင်လည်း ဟင်းရည်သောက်ရတာ အဆင်မပြေသလို အခါးဓါတ်မကျန်ခဲ့ရင်လည်း ဆေးဘက်ဝင်တဲ့အာနိသင်လေးတွေ ပျောက်ပျက်သွားမှာစိုးတာမို့ အရွက်ပြုတ်တဲ့အခါမှာ အရမ်းကြီးနူးအိနေအောင် မပြုတ်ရပါဘူး။
ငါးခူကိုတော့ သေသေချာချာရေနဲ့ဆေး၊ အကျိအချွဲတွေကုန်အောင် မန်ကျည်းနှစ်လေးနဲ့ နယ်ဆေးပေး၊ နှုတ်ခမ်းမွှေးတွေဖြတ်တောက်ပြီး သန့်ရှင်းအောင်ကိုင်ပြီးတော့ ဆား၊အချိုမှုန့်နဲ့နယ်ထားပေး၊ ပြီးရင်တော့ အိုးတစ်အိုးထဲ နယ်ထားတဲ့ငါးတွေထည့်၊ နနွင်းမှုန့်လေးနည်းနည်းထည့်၊ ငံပြာရည်လေးနည်းနည်းထည့်ပြီးတော့ မီးဖိုပေါ်တင်ပြီး ပြုတ်လိုက်ပါနော်။ ငါးပြုတ်တဲ့အခါကျရင်လည်း အနူးညီရအောင် ဟိုဘက်ဒီလက်လှန်ပေးဖို့လည်း မမေ့နဲ့ဦးနော်။ ငါးပြုတ်ရပြီဆိုရင် ငါးကိုပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထည့်ပြီးတော့မှ အအေးခံပြီး အရိုးနွှင်ပေးပါနော်။ အရိုးတွေကိုလည်း ငရုတ်ဆုံထဲထည့်ထောင်း၊ ရေထည့်ပြီး ဇကာလေးနဲ့ ရေစစ်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ အရိုးထဲကနေ အချိုရည်တွေအများကြီးရလာပါပြီနော်။
ခရမ်းသီးကို ရေဆေးပြီး လက်တစ်လုံးလောက်အရွယ်လေးတွေဖြစ်အောင် လှီးထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလေးလှီးပါ။ ကြက်သွန်ဖြူနီကို အခွံသင် ရေဆေးပြီး မညက်တညက်လေးဖြစ်အောင် ထောင်းထားပေးပါနော်။ ပဲပြားကိုလည်း ရေဆေးပြီး အတုံးသေးသေးလေးတွေဖြစ်အောင်လှီးပြီး ဆား၊ အချိုမှုန့်လေးနည်းနည်း နယ်ထားပေးပါ။
မီးဖိုပေါ်ကို ဒယ်အိုးတင်၊ ဆီလေးနည်းနည်းထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးနည်းနည်းထည့်၊ ထောင်းထားတဲ့ ကြက်သွန်တွေထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ခရမ်းချဉ်သီးထည့်၊ ခရမ်းသီးထည့်၊ ဆား၊ အချိုမှုန့်နည်းနည်းရယ်၊ အရိုးနွှင်ထားတဲ့ ငါးတွေထည့်ပြီးမွှေပါ။ ပြီးရင် ပဲပြားလေးတွေကိုပါထည့်လိုက်ပါ။ အဲ့ဒါဆိုရင်တော့ ပဲပြားလေးလည်းမာသွားပြီး ငါးလည်းဆီသတ်ပြီးသားဖြစ်သွားပါပြီ။
ဟင်းရည်တည်မယ့်အိုးကိုယူ၊ ရေသန့်ထည့်ပြီး ပွက်ပွက်ဆူအောင် မီးဖိုပေါ် တည်ပေးပါနော်။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ဆီသတ်ထားတဲ့အနှစ်တွေထည့်ပါ။ ဆား၊ အချိုမှုန့်နဲ့ ငံပြာရည်အနည်းငယ်လည်း ထည့်ပေးပါ။ ပြီးရင်တော့ မယ်ဇလီရွက်ပြုတ်တွေထည့်ပါနော်။ မီးအသင့်အတင့်နဲ့ အချိန်ယူပြီး ပွက်ပွက်ဆူအောင်၊ ဟင်းရည်ကျအောင်ထိ တည်ပေးပါနော်။ ဟင်းရည်အိုးပွက်ပွက်ဆူပြီး အရည်ကျပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ ခါးဆိမ့်သက်အရသာလေးနဲ့ ပူပူနွေးနွေး မယ်ဇလီဟင်းချိုလေးရပါပြီနော်။ ကျွန်မအဘွားကတော့ မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့ညမှာစားမယ်ဆိုရင်တော့ တစ်ရက်ကြိုပြီး အဖိတ်နေ့မှာကတည်းက ချက်ရင် ပိုပြီးစားကောင်းတယ်လို့ ပြောပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဟင်းချိုနဲ့ ဆေးပေါင်းခပြီး ကျန်းမာရွှင်လန်းနိုင်ကြပါစေနော်။ အဲ့  မေ့လို့  တန်ဆောင်မုန်းလပြည့်ညရဲ့ ၁၂ နာရီတိတိအချိန်မှာ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်၊ ဟင်းချို စားပြီးနောက် ထိန်ထိန်သာတဲ့ လမင်းကြီးကိုကြည့်ပြီး ကိုယ်လိုချင်တဲ့ဆုကို တောင်းရင် ပြည့်နိုင်တယ်လို့ ပြောကြပါတယ်။ အကိုးအကားတော့ ကျွန်မ မသိပါဘူး။ ကျွန်မတော့ လာမယ့်လပြည့်ညကျရင် အလိုချင်ဆုံး ဆုတစ်ခုကိုတော့ လမင်းကြီးကိုကြည့်ပြီး တောင်းကြည့်လိုက်မယ့့်  ပြည့် မပြည့်ကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ပါနော့့်

Wednesday, November 21, 2007

Happy Birthday My Friend

0 comments

ခင်မင်ရပါသော သူငယ်ချင်း

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။
ဘ၀တစ်လျှောက်လုံး ဆန္ဒနဲ့ဘ၀ ထပ်တူကျပါစေနော်။

ငါးပိကောင်ကြက်ပေါင်သီးချက်

2 comments
ငါးပိကောင်ကိုတော့ လူတိုင်းသိကြပေမယ့် ကြက်ပေါင်သီးကို လူတိုင်းသိကြမယ်မထင်ပါဘူး။ ကြက်ပေါင်သီးကို မော်လမြိုင်ဘက်မှာတော့ နည်းမျိုးစုံလုပ်စားတတ်ကြပါတယ်။ နောင့့်  နောင့့်  နောင့့်  နဲ့ လက်တွန်းလှည်းလေးနဲ့ လှည့်ပြီး အချဉ်ပေါင်းရောင်းတဲ့အသည်မှာတောင်မှ ကြက်ပေါင်သီးပေါ်ချိန်ကျရင် ကြက်ပေါင်သီးအချဉ်ပေါင်း ပါစမြဲပါ။ ကြက်ပေါင်သီးကို ပြုတ်ပြီးလို့လည်း တို့တတ်သလို၊ ကြက်ပေါင်သီးအစိမ်းကို ကိုက်ပြီး ငါးပိစိမ်းစားလေးနဲ့တို့ပြီး စားရတာလည်း အရသာတစ်မျိုးပါနော်။

အခု အဲ့ဒီကြက်ပေါင်သီးကို ငါးပိကောင်နဲ့ချက်တဲ့နည်းလေးကို ချစ်မောင်နှမများကို ပြောပါရစေနော်။ လိုအပ်တာတွေကတော့ ကြက်ပေါင်သီး၊ ငါးပိကောင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနီ၊ ငရုတ်သီးအပုတောင့်၊ ဆီ၊ အချိုမှုန့်တို့ပါနော်။
ငါးပိကောင်ကို သိပ်မငံစေဖို့ ရေနဲ့ဆေးပြီး အချိုမှုန့်လေးနဲ့ နယ်ပေးထားပါနော်။ ကြက်ပေါင်သီးကို အညှာချွေပြီးတော့ ထွက်လာတဲ့အစေးတွေကို ဖယ်ထုတ်ပစ်ပါ။ ပြီးတော့မှ ကြက်ပေါင်သီးကို ခလယ်ကနေ ခွဲပြီး အထဲက အစေ့ကိုဖယ်ရှားပစ်ပါ။ ငရုတ်သီးအပုတောင့်ကို အသာလေးဖဲ့၊ ရေစိမ်၊ အစေ့ထုတ်၊ ရေစစ်ပြီး ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာပြီး ငရုတ်သီးနဲ့အတူ ရောထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် ခုနက ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေထည့်ပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ နယ်ထားတဲ့ ငါးပိကောင်ကို ထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ကြက်ပေါင်သီးထည့်ပြီး ငါးပိကောင်ရယ်၊ ဟင်းအနှစ်တွေရယ်နဲ့ နှံ့အောင်တခါတည်း မွှေပေးပါ။ ပြီးရင် ငါးရော၊ကြက်ပေါင်သီးပါ မြုပ်တဲ့အထိ ရေထည့်၊ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ရေခမ်းအောင် တည်ပေးပါနော်။ ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုရင်တော့ အဖုံးဖွင့်ပြီး ကြက်ပေါင်သီးနူးမနူးမြည်းကြည့်ပါနော်။ ကြက်ပေါင်သီးနူးပြီဆိုရင်တော့ ငါးပိကောင်ထဲက အငံအရသာက ကြက်ပေါင်သီးထဲကိုဝင်ပြီး ကြက်ပေါင်သီးထဲက အချဉ်အရသာက ငါးပိကောင်ထဲကိုဝင်ပြီး ချဉ်ဖြုန်းအရသာလေး ရပါတယ်။ အစပ်ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီးစိမ်းလေးတွေခွဲပြီးတော့ ဟင်းအပေါ်ကနေ အုပ်လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံပြီး ခံတွင်းလိုက်စေမယ့် ငါးပိကောင် ကြက်ပေါင်သီးချက်လေး ရပါပြီနော်။ ဒန့်သလွန်ရွက်ဟင်းခါးလေးရယ်၊ မြူရွက်နုသုပ်လေးနဲ့ဆိုရင် အရမ်းကို လိုက်ဖက်ပါတယ်နော်။ အားပေးကြပါဦးနော်။

Tuesday, November 20, 2007

စမူဆာ

4 comments


စမူဆာကို မြန်မာပြည်မှာတော့ လက်ဘက်ရည်ဆိုင်တိုင်းမှာလိုလို အလွယ်တကူဝယ်စားလို့ရပါတယ်။ စမူဆာကို ဒီအတိုင်း ငရုတ်ဆီနဲ့ တို့စားသလို ဂေါ်ဖီ၊ ခရမ်းချဉ်သီးတို့နဲ့ စမူဆာသုပ်လေးသုပ်ပြီး ရေနွေးကြမ်းလေးနဲ့ သောက်လိုက်ရရင်လည်း အရမ်းကို စားလို့ကောင်းပါတယ်။



စမူဆာလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ အာလူး၊ ကြက်သွန်နီ၊ ချင်း၊ နံနံစေ့၊ စမုံစေ့၊ မာဆလာ၊ ဆား၊ အချိုမှုန့်နည်းနည်း၊ စမူဆာလုပ်ဖို့ အပြင်က ထုပ်ရတဲ့အဖတ်တို့ ပါနော်။ နောက်ပြီးတော့ စမူဆာထုပ်တဲ့အခါ လိုတဲ့ကော်ရည်ဖျော်ဖို့ ဂျုံမှုန့်နဲ့ကော်မှုန့်နည်းနည်းလိုပါတယ်နော်။
စမူဆာထုပ်တဲ့အဖတ်ကိုတော့ အရင်ကဆိုဂျုံတွေနယ်ပြီး လုပ်ရပေမယ့် အခုနောက်ပိုင်း မြန်မာပြည်မှာတောင်မှ စမူဆာထုပ်မယ့်အဖတ်ကို လွယ်လွယ်ကူကူဝယ်လို့ရနေပါပြီနော်။
အာလူးကိုအခွံနွှာပြီး ရေဆေးပါ။ ပြီးတော့မှ အတုံးခပ်သေးသေးလေးတွေဖြစ်အောင် လှီးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ကန့်လန့်ဖြတ်အရင်လှီးပြီးမှ နောက်ထပ် အတုံးသေးသေးလေးတွေဖြစ်အောင်လှီးပါနော်။ ချင်းအနည်းငယ်၊ နံနံစေ့အနည်းငယ်၊ စမုံစေ့အနည်းငယ်တို့ကို မညက်တညက်လေးဖြစ်အောင် ရောထောင်းပေးပါ။ ပြီးရင်တော့ ဇလုံတစ်လုံးထဲမှာ လှီးထားတဲ့ အာလူးရယ်၊ ကြက်သွန်နီရယ်၊ ပြီးတော့ ထောင်းထားတဲ့ အမွှေးနံ့သာအစုံအလင်ရယ်၊ ဆား၊ အချိုမှုန့်နည်းနည်းထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးတော့မှ ဒယ်အိုးထဲ ဆီလေးနည်းနည်းထည့်ပြီး ခုနကနယ်ထားတဲ့ ရောသမမွှေတွေကို ထည့်ပြီးကြက်သွန်စိမ်းနံ့ပျောက်ပြီး အာလူးလေးတွေ နူးလာတဲ့အထိကြော်ပေးပါနော်။ ပြီးရင်တော့ အအေးခံထားပေးပါနော်။
ပြီးတော့မှ စမူဆာအရွက်ကို ယူပြီး အဲ့ဒီအရွက်ထဲ အဆာသွပ်ရပါမယ်။ စမူဆာရွက်က လေးထောင့်ရှည်ရှည်လေးဆိုတော့ အဲ့ဒီအရွက်လေးကိုပြီး ကတော့ပုံသဏ္ဍာန်ခေါက်လိုက်ပါ။ ပြီးတော့ အနားတွေကို ကော်နဲ့လိုက်သုပ်ပေးပါ။ ပြီးရင် အဆာထည့်ပေးပါ။ အဆာထည့်ပြီးရင် အပေါ်ကနေ ပိုနေတဲ့အပိုင်းလေးကို အောက်ကိုဆွဲချပြီးအုပ်ပေးလိုက်ပါ။ အရွက်မပြေသွားရအောင် ကော်ကပ်ပေးလိုက်ပါနော်။ ဒါဆိုရင်တော့ သုံးမြှောင့်ပုံသဏ္ဍာန်အဆာသွပ်ထားတဲ့ စမူဆာအဆာသွပ်ပြီးသား ဖြစ်သွားပါပြီနော်။ အခုနောက်ပိုင်း စမူဆာကို ကော်ပြန့်လိပ်သလို လိပ်တာကိုလည်း တွေ့လာရပါတယ်နော်။ သုံးမြှောင့်ပုံအဆာသွပ်ဖို့ မလွယ်ကူခဲ့ရင်တော့ ကော်ပြန့်လို အလိပ်လေးတွေလည်း လိပ်လို့ရပါတယ်နော်။
ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီများများထည့်ပြီး ဆီပူလာတဲ့အခါ မီးအသင့်အတင့်ထားပြီး အဆာသွပ်ပြီးသား စမူဆာတွေကို ဟိုဘက်ဒီဘက်အကျက်ညီအောင် ကြော်ပေးပါနော်။ အရောင်လေးက ရွှေညိုရောင်လေး သန်းလာပြီး ကြွပ်ကြွပ်ရွရွလေးဖြစ်မယ့်အချိန်လေးဆိုရင်တော့ ဆီပူထဲကနေဆယ်ပြီး ပန်းကန်ပြားကြီးတစ်ချပ်ထဲမှာ ဆီစုပ်တစ်ရှူးလေးအောက်ခံပြီး စမူဆာကို ထည့်လိုက်ပါ။ ဆီစစ်သွားပြီဆိုရင်တော့ ပန်းကန်ပြားသေးလေးထဲ ပြောင်းထည့်ပြီး အချဉ်ရည်နဲ့ တို့စားလို့ရပါပြီနော်။ အချဉ်ရည်ကိုတော့ စိတ်ကြိုက်ဖျော်နော်။ ကျွန်မတို့ကတော့ မန်ကျည်းနှစ်နဲ့ဖျော်တာကို ပိုနှစ်သက်ပါတယ်နော်။
ကြိုက်တတ်ရင်တော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီပါးပါးလှီးပြီး ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး၊ ချဉ်ငံစပ်လေး သုပ်စားလို့လည်း ရပါသေးတယ်ရှင်။ စမူဆာသုပ်တစ်ဇွန်းယူ၊ ဆတ်လတ်ရွက်လေးထဲ ထည့်ပြီးအုပ်ပြီး တစ်လုပ်စာလေးလုပ်ပြီး ပါးစပ်ထဲထည့်လိုက်၊ ပြီးတော့ ကြက်သွန်ဖြူလေးကိုက်လိုက်၊ ရေနွေးကြမ်းပူပူလေးနဲ့ဆို ကောင်းမှကောင်းနော်။ ချစ်မောင်နှမများလည်း အဆင်ပြေရင် စမူဆာကြော်နဲ့ စမူဆာသုပ်လေး လုပ်စားကြည့်ပါဦးနော်။
နုစံကို အကြွေးဆပ်တာပါနော်။ မေးထားတာ ၃ လလောက်ရှိပြီထင်ပါတယ်။

Saturday, November 17, 2007

ပုဇွန်ကင် မွှေးမွှေးလေး

4 comments

ပုဇွန်ကို ချက်စားရတာထက်၊ သုပ်စားတာရယ်၊ ကင်စားတာရယ်ကို ကြိုက်ပါတယ်။
ပုဇွန်ကင်တဲ့အခါမှာ ထွက်လာတဲ့ အနံ့မွှေးမွှေးလေးရယ်၊ ပြီးတော့
ပူပူနွေးနွေးအချိန်လေးမှာ သံပုရာရည်လေး နည်းနည်းဆမ်းပြီး တို့စားရတဲ့
အရသာကိုလည်း သိပ်နှစ်သက်ပါတယ်။
အခုတော့ ကျွန်မသိပ်ကြိုက်တဲ့ ပုဇွန်ကင်အကြောင်းကို ပြောပါပြမယ်နော်။




ပုဇွန်ကင်ဖို့အတွက် မီးသွေးမီးဖိုနဲ့ဆိုရင် အဆင်ပြေပါတယ်နော်။
ပုဇွန်တွေကို ရေသန့်စင်အောင်ဆေးပြီး ရေစစ်ထားပါတယ်။ မီးတက်လာတာ
ညီပြီဆိုရင်တော့ မီးဖိုပေါ် ကင်ဖို့ ဇကာလေးကိုတင်၊ ပြီးတော့မှ အပေါ်ကနေ
ပုဇွန်လေးတွေကို တန်းစီပြီး ကင်ပေးပါနော်။ အကျက်ညီပြီး မတူးသွားရလေအောင်
ဟိုဘက်ဒီဘက် လှန်ပေးဖို့လည်း မမေ့နဲ့နော်။ ကျက်ခါနီးပြီဆိုရင်တော့
ပုဇွန်လေးတွေက ကွေးကွေးလေးနဲ့ နီရဲရဲလေးဖြစ်လာပြီး အနံ့ကလည်း
မွှေးကြိုင်ပြီး ထွက်လာတော့တာပါပဲနော်။
ပန်းကန်ပြားထဲမှာ ရှောက်ရွက်လေးတွေ ခင်းပြီး ကျက်သွားတဲ့
ပုဇွန်ကင်လေးတွေကို တန်းစီပြီး ထည့်ပေးပါ။ ပုဇွန်ကင်က အပူနဲ့
ရှောက်ရွက်နဲ့ အတွေ့မှာ ရှောက်ရွက်နဲ့ အနံ့ရှိန်းရှိန်းမွှေးမွှေးလေးက
ပုဇွန်ကင်ထဲကို စိမ့်ဝင်သွားပြီး စားတဲ့အခါမှာ ပိုပြီး
ခံတွင်းတွေ့လှပါတယ်။
တချို့ကတော့ ပုဇွန်ကင်ကို ဒီအတိုင်းစားတတ်သလို တချို့ကလည်း
သံပုရာရည်လေးနဲ့ ငံပြာရည်လေးကို ရော၊ ငရုတ်သီးစိမ်းလေးနဲ့၊ ကြက်သွန်ဖြူ
မညက်တညက်ထောင်းပြီးစပ်ထားတဲ့ အချဉ်ရည်လေးနဲ့
တွဲဖက်သုံးဆောင်တတ်ကြပါသေးတယ်။
ပုဇွန်ကင်မွှေးမွှေးလေးကို အားပေးကြဦးနော်။

လူတိုင်းစွဲမက် မြန်မာ့လက်ဖက်

0 comments

မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအရ ကွမ်း၊ ဆေး၊ လက်ဖက်ဆိုတာ ဧည့်ခံပွဲတွေမှာ မပါမဖြစ်ပါပဲနော်။ ကျွန်မတို့ မြန်မာလူမျိုးတွေမှာလည်း ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် လက်ဖက်ကို မကြိုက်တဲ့သူ မရှိသလောက်ပါပဲနော်။ အကြောင်းအမျိုးမျိုးနဲ့ လက်ဖက်ကို ရှောင်ရတဲ့သူတွေသာ ရှိမယ်၊ မြင်ရင်တွေ့ရင်တော့ နည်းနည်းဖြစ်ဖြစ်တော့ စားလိုက်မိတာပဲလေ။ အဲ့ဒီလောက် ညှို့အားကောင်းတဲ့ လက်ဖက်ကို မူဟန်သွယ်သွယ် နှပ်ကြတာကို ပြောပါရစေနော့်။



ဘိုးဘိုးဘွားဘွားတို့ကြိုက်တဲ့ အဘိုးကြီးသုပ်



သက်ကြီးရွယ်အိုတွေကတော့ လက်ဖက်ညွန့်လေးကို ဆားလေး၊ အချိုမှုန့်လေးနည်းနည်းနဲ့ နယ်ပြီးတော့ ဆီလေးနဲ့ စိမ်ပြီး လက်ဖက်အစ်လေးထဲ ထည့်ထားတတ်တယ်။ ပုဇွန်ခြောက်လေးလည်း ပါသေးတာပေါ့။ တချို့ကတော့ လက်ဖက်နှပ်ထဲ ကြက်သွန်ဖြူလေးကို ထောင်းထည့်တတ်သလို၊ တချို့ကလည်း ကြက်သွန်ဖြူဥလေးအတိုင်း သီးသန့်ထည့်ထားတတ်တယ်။ ကျွန်မရဲ့ အဘွားကတော့ လက်ဖက်အစ်လေး အမြဲထားတတ်တဲ့ အလေ့အကျင့်ရှိပြီး လက်ဖက်လေးတမြုံ့မြုံ့နဲ့ စာဖတ်လိုက်၊ တောက်တိုမယ်ရလေးတွေလုပ်လိုက်နဲ့ လုပ်နေတတ်တယ်။ အဘွားရဲ့ လက်ဖက်အစ်ထဲမှာတော့ ကြက်သွန်ကြော်၊ နှမ်းလေးတော့ တခါတလေ ပါတတ်တယ်။ ပဲကြော်တွေတော့ မပါဘူး။ သွားကလည်း သိပ်မကောင်းတော့ဘူးလေ။ တခါတလေ ပဲကြော်နဲ့ စားချင်ရင်တော့ ကျွန်မတို့မောင်နှမတွေက ပဲကြော်တွေကို ငရုတ်ဆုံလေးထဲ ထည့်ထောင်းပေးရတယ်။

ချဉ်စပ်လက်ဖက်

လက်ဖက်ညွန့်လေးကို ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတွေထည့်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါတယ်။ ပုဇွန်ခြောက်နည်းနည်းပါ ထောင်းတဲ့အထဲ ထည့်တတ်ပါတယ်။ ပြီးတော့မှ ထောင်းထားတဲ့ လက်ဖက်ထဲကို သံပုရာရည်လေးညှစ်ပြီး ချဉ်ငံစပ်လက်ဖက်နှပ်လေး လုပ်ကြပါတယ်။ တချို့ကတော့ လက်ဖက်အညွန့်လိုက်လေးကိုပဲ ကြိုက်နှစ်သက်တတ်ကြတာမို့ မထောင်းဘဲ လက်နဲ့အသာနယ်ပြီး နှပ်တတ်ကြပါတယ်။

တညင်းလက်ဖက်နှပ်

လက်ဖက်ညွန့်ကို ဆီ၊ ဆား၊ အချိုမှုန့်လေးနဲ့ နယ်ပြီးနှပ်ထားတဲ့အထဲမှာ တညင်းသီးပြုတ် စေးစေးလေးတွေကို လှီးထည့်ပြီး နှပ်တာပါ။ လက်ဖက်ကလည်း တက်တတ်တယ်၊ တညင်းသီးကလည်း တက်တတ်တယ်၊ တက်စာတွေချည်းပဲဆိုပေမယ့် အတက်ကို အတက်နဲ့ ဖြေရတယ်ဆိုတဲ့ စကားအတိုင်းပဲ တညင်းလက်ဖက်ကို တခါတလေ သုပ်စားကြပါသေးတယ်။

ပြောင်းဖူးဘဲဥလက်ဖက်နှပ်

ကျွန်မမေမေကတော့ အဘိုးကြီးသုပ်လိုမျိုးနှပ်ထားတဲ့ လက်ဖက်နှပ်ထဲကို ထောပတ်ပြောင်းဖူးစေးစေးလေးတွေ ထည့်တတ်သလို၊ ဘဲဥပြုတ်မွှေးမွှေးလေးတွေလည်း ထည့်ပြီး အဆိမ့်သုပ်လေး သုပ်တတ်ပါသေးတယ်။ ကြက်သွန်ကြော်နှမ်းနဲ့ မြေပဲဆံကြော်လေးထည့်ပြီး သုပ်တတ်ပါတယ်။

ပျိုမေတို့ကြိုက်တဲ့ လက်ဖက်သုပ်

ချဉ်စပ်လက်ဖက်နှပ်ထဲကို ခရမ်းချဉ်သီးလေးပါးပါးလှီး၊ ပြီးတော့ နံနံပင်လေးတွေပါ ထည့်ပြီးနှပ်တတ်ကြပါတယ်။ ပျဉ်းမနားဘက်ကတော့ လက်ဖက်သုပ်ထဲကို ဂေါ်ဖီထုပ်ပါးပါးလှီး၊ ငရုပ်သီးစိမ်းလေးတွေ လှီးပြီး ထည့်သုပ်တတ်ကြပါတယ်နော်။

လက်ဖက်ထမင်း

အခုနောက်ပိုင်း ကျောင်းကင်န်တင်းန်းတွေမှာ လက်ဖက်ထမင်းဆိုပြီး ခေတ်စားလာပါတယ်။ ထမင်းလေးထဲကို ကြက်သွန်ကြော်၊ နှမ်းလေး၊ အကြော်စုံလေး ထည့်ပြီးနယ်၊ အပေါ့အငံကိုတော့ သုံးဆောင်သူအကြိုက် ထည့်ပါတယ်။ ပြီးတော့မှ တချို့ဆိုင်မှာတော့ ကြက်ဥကြော်လေးအပေါ်ကနေ ထည့်ပေးတတ်ပါသေးတယ်။ ပြီးတော့မှ ခရမ်းချဉ်သီးအကွင်းလိုက်လေးရယ်၊ ငရုတ်သီးစိမ်းတောင့်လေးရယ်၊ ကြက်သွန်ဖြူအမွှာလေးတွေပါ ထည့်ပေးတတ်ပါတယ်။
ဒီလောက်ဆိုရင်တော့ သိသမျှတတ်သမျှ စားဖူးသမျှ လက်ဖက်သုပ်နည်းပေါင်းစုံကို မောင်နှမတွေကို လက်ဆင့်ကမ်းလိုက်ရပါတယ်နော်။
အဲ့  မေ့လို့နော့့်  လက်ဖက်တစ်လှည်း ထန်းညက်တစ်ခဲတဲ့။ အဲ့ဒီတော့ လက်ဖက်စားပြီး မတက်ရလေအောင် ထန်းညက်ခဲလေးစားဖို့တော့ မမေ့နဲ့နော်။

Friday, November 16, 2007

ငါးအရိုးနူးပေါင်း

3 comments
အလှူလုပ်ရင် ငါးပေါင်းလေးပါရင် ဧည့်သည်တွေကို ဧည့်ခံရတာ အဆင်ပြေတယ်။

ဝက်သား၊ ကြက်သားဟင်းအစုံပါပေမယ့် ငါးဟင်းကျတော့ အရိုးများရင်
ဧည့်သည်တွေသုံးဆောင်ရတာ အနှောင့်အယှက်ဖြစ်စေမှာစိုးတဲ့အတွက်
ငါးအရိုးနူးပေါင်းကို ချက်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ ငါးသလောက် ဒါမှမဟုတ်
ငါးကြင်းငါးမြစ်ချင်းစတဲ့ ငါးတွေကို အရိုးနူးအောင် ပေါင်းတဲ့နည်းလေးကို
လက်ဆင့်ကမ်းလိုက်ပါရစေကွယ့့် 

ငါးပေါင်းတော့မယ်ဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ငါး၊ ငါးသလောက်၊
ငါးမြစ်ချင်း၊ ငါးကြင်း ကြိုက်ရာကို ရွေးလို့ရပါတယ်။ ခရမ်းချဉ်သီး၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုပွတောင့်၊ စပါးလင်၊ နနွင်း၊ ချင်း၊
ငံပြာရည်၊ ဆား၊ သကြား၊ ရှလကာရည်နဲ့ ဆီတို့ပါ။

ငါးကိုတော့ အကြေးခွံချွတ်၊ သေချာရေဆေးပြီး
ကိုယ်လိုချင်တဲ့အရွယ်ပမာဏဖြစ်အောင်တုံးပါ။ ပြီးရင် ဆား၊ သကြား၊ အချိုမှုန့်၊
ငံပြာရည်၊ နနွင်းမှုန့်စတာတို့နဲ့ သေချာနှံ့အောင် ရောနယ်ပြီးနှပ်ထားပါနော်။
နာရီဝက်လောက် ကြာအောင်ထားပြီးရင်တော့ ရှလကာရည်ထည့်ပြီး နောက်ထပ်
နာရီဝက်လောက်ကြာအောင် ထားပေးပါနော်။ အဲ့ဒီအချိန်မှာတော့
ငရုတ်သီးအခြောက်အပုပွတောင့်ကို ရေစိမ်၊ အစေ့ထုတ်ပြီး ကြက်သွန်ဖြူ၊နီ၊ ချင်း၊
စပါးလင်ပါးပါးလှီးတို့နဲ့ ရောထောင်းပေးပါနော်။ ကြက်သွန်ဖြူနီတို့ကို
အခွံနွှာပြီး ကြက်သွန်ဖြူကိုဆိုရင် ကျောဘက်ကနေထားပြီး လေးခြမ်းလောက်စီ
လှီးပေးပါနော်။ ကြက်သွန်နီကိုလည်း အလုံးလိုက်လေးတွေ ထည့်ချင်လည်း ထည့်လို့ရတယ်။
ဒါမှမဟုတ်ရင်လည်း နည်းနည်းထူထူလေးတွေ လှီးထားပေးပါနော်။ ခရမ်းချဉ်သီးတွေကိုလည်း
မထူမပါးလေး လှီးထားပေးပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ pressure cooker အိုးကိုယူ ပြီးတော့ အောက်မှာ
စပါးလင်အရွက်လေးတွေကို ခင်းပေးပါနော်။ တချို့က ကြံရွက်နုနုလေးတွေကို ခင်းကြတယ်
(အနူးလွယ်အောင်လို့)။ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေရယ်၊
နှပ်ထားတဲ့ငါးတွေရယ်၊ မထူမပါးလှီးထားတဲ့ ကြက်သွန်ဖြူနီတွေရယ်၊
ခရမ်းချဉ်သီးတွေရယ်ကို ထည့်ပြီး ရောသမမွှေပြီး pressure cooker ထဲမှာထည့်ထားတဲ့
စပါးလင်အရွက်တွေမှာ ဖြန့်ခင်းပေးပါနော်။ ပြီးရင် ဆီထည့်ပေးပါ။ ဆီကိုတော့
ကိုယ်ကြိုက်မယ့်အနေလေးပဲထည့်ပါနော်။ ပုံထဲမှာက အလှူအတွက်ဆိုတော့
ဆီများများလေးနဲ့ ပေါင်းထားတာမို့ပါနော်။ (ငါးအကောင်သေးတွေကို
ပေါင်းမယ်ဆိုရင်တော့ ငါးအသားတွေမကြေရလေအောင် ဆီနဲ့ နည်းနည်းကြော်ပြီးတော့မှ
ပေါင်းလေ့ရှိပါတယ်နော်။)
ပြီးရင်တော့ မီးအသင့်အတင့်ထားပြီး pressure cooker ထဲမှာ နာရီဝက်ပေါင်းပါ။
နာရီဝက်ကြာပြီးရင်တော့ မီးဖိုပေါ်က ခဏချ၊ ၁၀ မိနစ်လောက်စောင့်ပြီး အဖုံးဖွင့်၊
ငါးအသားတုံးလေးတွေကို မပဲ့မကြေသွားရလေအောင် အသာလေး အထက်အောက်လှန်ပေးပြီး
နောက်ထပ် နာရီဝက်ထပ်ပေါင်းပါ။ ပြီးရင်တော့ နောက်တစ်ခါ အအေးထပ်ခံပြီး
အရိုးနူးမနူးကြည့်၊ မနူးသေးဘူးဆိုရင်တော့ ရေနည်းနည်းထပ်ထည့်ပြီး နောက်ထပ် ၁၅
မိနစ်လောက် ထပ်ပေါင်းပေးလိုက်ရင်တော့ အသားရော အရိုးပါနူးပါပြီ။ ပြီးရင်တော့
ပေါင်းအိုးကို အအေးခံပြီး ငါးအတုံးလေးတွေကို မပဲ့မကြေရအောင် အသာအယာခပ်ထည့်ပြီး
အသင့်သုံးဆောင်နိုင်ပါပြီနော်။ တချို့ကတော့ အဲ့ဒီငါးပေါင်းကိုပဲ ဂေါ်ဖီထုပ်လေး
ပါးပါးလှီး၊ ကြက်သွန်စိမ်းပါးပါးလှီး၊ ငရုပ်သီးစိမ်း၊ ရှောက်ရွက်၊
သံပရာရည်လေးညှစ်ပြီး အသုပ်သုပ်စားတတ်ကြပါသေးတယ်နော်။ ချစ်မောင်နှမတွေလည်း
ငါးပေါင်းလေးစားချင်တယ်ဆိုရင်တော့ စမ်းသပ်ကြည့်လိုက်ကြပါဦးနော်။

Wednesday, November 7, 2007

အုန်းစိမ်းကျောက်ကျော

6 comments

ကျွန်မဘလော့ဂ်မှာ ပို့အသစ်မတင်ပေးနိုင်တောင် အလည်လာပေးနေကြတဲ့ ချစ်မောင်နှမတွေအတွက် အုန်းစိမ်းကျောက်ကျောကျိုနည်းလေးကို ပြောပါရစေနော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကျောက်ကျောအမှုန့်တစ်ထုပ် (တယ်လီဖုန်းတံဆိပ်ကို သုံးထားတာပါနော်၊) အုန်းသီးစိမ်း (ဇွန်းခြစ်) လေးလုံး၊ သကြား (၃၅) ကျပ်သား တို့ပါနော်။ ကျောက်ကျောမကျိုခင်မှာ ကျောက်ကျောအမှုန့်နဲ့ သကြားကို ရောသမပေးထားပါနော်။ အုန်းသီးစိမ်းကို အခွံနွှာပြီး အုန်းရည် (၃ လီတာ) ကို အိုးတစ်လုံးထဲမှာ သီးသန့်ထည့်ထားပေးပါနော်။ အုန်းသီးအနုလေးတွေကိုတော့ ခပ်ဖွဖွလေးတွေခြစ်ပြီး သီးသန့်ဖယ်ထားပေးပါနော်။

အားလုံးအသင့်ပြင်ထားပြီးပြီဆိုရင်တော့ အိုးတစ်လုံးသန့်သန့်ထဲကို အုန်းရည်ထည့်ပြီး မီးဖိုပေါ်တင်ပါ။ အုန်းရည်တွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ရောထားတဲ့ ကျောက်ကျောမှုန့်နဲ့ သကြားကို ထည့်ပြီး ကျိုပေးပါနော်။ ၁၀ မိနစ်လောက်မှာတော့ ခြစ်ထားတဲ့ အုန်းသီးနုလေးတွေထည့်ပြီး မွှေပေးပါနော်။ နောက်ထပ် ၅ မိနစ်လောက်ကြာရင်တော့ ကျောက်ကျောအရည်က ခပ်ပျစ်ပျစ်လေးဖြစ်လာပါပြီနော်။ ခဲမခဲ သိရအောင် ပန်းကန်ပြားလေးထဲကို ကျောက်ကျောရည်ကို အစက်လေးချကြည့်ပါ၊ ခဏလေးနေလို့ ခဲသွားပြီဆိုရင်တော့ ဗန်းထဲ ဒါမှမဟုတ် ကိုယ်ထည့်မယ့် ဗူးလေးတွေထဲကို ကျောက်ကျောကို ထည့်ပြီး အအေးခံပေးပါ။ အေးသွားပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ လှီးပြီး ပန်းကန်ပြားလေးထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။ အုန်းစိမ်းနဲ့ ကျိုတဲ့အတွက် အုန်းနို့လို သွေးမတက်သလို အုန်းစိမ်းရည်အနံ့လေးက သင်းသင်းလေးဖြစ်နေတာရယ်၊ အုန်းသီးနုနုလေးတွေက ထန်းသီးဆံလေးကို စားရသလိုမျိုးမို့ အရသာတစ်မျိုးထူးတာမို့ အချိန်ရခဲ့ရင်၊ လိုအပ်တာလေးတွေလည်း ၀ယ်ရခြမ်းရ အဆင်ပြေမယ်ဆိုရင်တော့ အုန်းစိမ်းကျောက်ကျောလေး ကျိုစားကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်နော်။