
အခု အဲ့ဒီကြက်ပေါင်သီးကို ငါးပိကောင်နဲ့ချက်တဲ့နည်းလေးကို ချစ်မောင်နှမများကို ပြောပါရစေနော်။ လိုအပ်တာတွေကတော့ ကြက်ပေါင်သီး၊ ငါးပိကောင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနီ၊ ငရုတ်သီးအပုတောင့်၊ ဆီ၊ အချိုမှုန့်တို့ပါနော်။
ငါးပိကောင်ကို သိပ်မငံစေဖို့ ရေနဲ့ဆေးပြီး အချိုမှုန့်လေးနဲ့ နယ်ပေးထားပါနော်။ ကြက်ပေါင်သီးကို အညှာချွေပြီးတော့ ထွက်လာတဲ့အစေးတွေကို ဖယ်ထုတ်ပစ်ပါ။ ပြီးတော့မှ ကြက်ပေါင်သီးကို ခလယ်ကနေ ခွဲပြီး အထဲက အစေ့ကိုဖယ်ရှားပစ်ပါ။ ငရုတ်သီးအပုတောင့်ကို အသာလေးဖဲ့၊ ရေစိမ်၊ အစေ့ထုတ်၊ ရေစစ်ပြီး ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာပြီး ငရုတ်သီးနဲ့အတူ ရောထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် ခုနက ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေထည့်ပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ နယ်ထားတဲ့ ငါးပိကောင်ကို ထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ကြက်ပေါင်သီးထည့်ပြီး ငါးပိကောင်ရယ်၊ ဟင်းအနှစ်တွေရယ်နဲ့ နှံ့အောင်တခါတည်း မွှေပေးပါ။ ပြီးရင် ငါးရော၊ကြက်ပေါင်သီးပါ မြုပ်တဲ့အထိ ရေထည့်၊ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ရေခမ်းအောင် တည်ပေးပါနော်။ ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုရင်တော့ အဖုံးဖွင့်ပြီး ကြက်ပေါင်သီးနူးမနူးမြည်းကြည့်ပါနော်။ ကြက်ပေါင်သီးနူးပြီဆိုရင်တော့ ငါးပိကောင်ထဲက အငံအရသာက ကြက်ပေါင်သီးထဲကိုဝင်ပြီး ကြက်ပေါင်သီးထဲက အချဉ်အရသာက ငါးပိကောင်ထဲကိုဝင်ပြီး ချဉ်ဖြုန်းအရသာလေး ရပါတယ်။ အစပ်ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီးစိမ်းလေးတွေခွဲပြီးတော့ ဟင်းအပေါ်ကနေ အုပ်လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံပြီး ခံတွင်းလိုက်စေမယ့် ငါးပိကောင် ကြက်ပေါင်သီးချက်လေး ရပါပြီနော်။ ဒန့်သလွန်ရွက်ဟင်းခါးလေးရယ်၊ မြူရွက်နုသုပ်လေးနဲ့ဆိုရင် အရမ်းကို လိုက်ဖက်ပါတယ်နော်။ အားပေးကြပါဦးနော်။
ပုံကြည့်ပြီး အဝစားသွားတယ်အမလုလု။ ငယ်ငယ်က ကြက်ပေါင်သီးကို အစိမ်းမှုန့်ဆေးသကြားနဲ့နယ်ထားတဲ့ အချဉ်ပေါင်းစားတာ သတိရပြီး သွားရည်တောင်ကျလာပြီ။ ဒီကိုလာတိုင်း "ဗိုက်ဆာလိုက်တာ ဆာလိုက်တာ" ဖြစ်နေပြီ။
ReplyDeleteဟုတ်တယ်နော်။ ကြက်ပေါင်သီးအချဉ်ပေါင်းကို အရမ်းကြိုက်တယ်။ အမြဲတမ်းလာအားပေးတဲ့အတွက် ကျေးဇူးပါနော်။
ReplyDelete