Friday, November 23, 2007

ဘဲဥငါးခြောက်ဟင်း

ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေအတွက် ဘဲဥငါးခြောက်ချက်လေး ချက်ပေးပါမယ်နော်။ ဘဲဥကုလားဟင်းလို့လည်း ခေါ်လို့ရပါတယ်နော်။ ဘဲဥမရှိရင်လည်း ကြက်ဥနဲ့ ချက်ရင်လည်း ဖြစ်ပါတယ်။ ငါးခြောက်ကိုလည်း ငါးရံ့ခြောက် ဒါမှမဟုတ် တခြားနှစ်သက်ရာ ငါးခြောက်အကောင်ကြီးသားဆိုရင် ဖြစ်ပါတယ်။ အာလူး ဒါမှမဟုတ် ခရမ်းကြွပ်သီးလေးတွေပါ ထည့်ပါတယ်။


ဘဲဥ ဒါမှမဟုတ် ကြက်ဥ၊ ငါးခြောက်၊ ခရမ်းကြွပ်သီးအပြင် တခြားလိုအပ်တာတွေကတော့ ငရုတ်သီးအခြောက် အပုတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်၊ ဆီ၊ မန်ကျည်းမှည့်နဲ့ မာဆလာတို့ပါနော်။
ဘဲဥကိုကျက်အောင်ပြုတ်ထားပါ။ ပြီးရင် ရေနွေးတွေသွန်ပြီး အအေးခံပြီး အခွံနွှာထားပါနော်။ ငါးခြောက်ကိုလည်း ဆားအပေါ့အငန်ကိုမြည်းပြီး ရေဆေးပြီး ကိုယ်လိုချင်တဲ့အရွယ်လေးဖြစ်အောင် တုံးပါနော်။ ခရမ်းကြွပ်သီးကိုလည်း ရေဆေး၊ အညှာခြွေပြီး ထက်ခြမ်းခြမ်းပေးပါနော်။ မန်ကျည်းမှည့်ကိုလည်း ရေနွေးလေးနဲ့ စိမ်ထားပေးပါ။ ငရုတ်သီးအခြောက်အပုတောင့်ကို အညှာခြွေ အစေ့ထုတ်ပြီး ရေစိမ်၊ ပြီးတော့မှ ရေစစ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပြီးတော့ ငရုတ်ဆုံထဲ ထည့်ထောင်းပေးပါနော်။
အားလုံးအဆင်သင့်ပြင်ပြီးသွားပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်နည်းနည်းထည့်၊ ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ငါးခြောက်ထည့်ပြီး ဆီသတ်ပေးပါ။ ငါးခြောက်နူးရအောင် ရေနည်းနည်းထည့်၊ အဖုံးအုပ်ပြီးတည်ပါ။ သုံးမိနစ်လောက်ကြာရင် အဖုံးဖွင့် ခရမ်းသီးထည့်၊ ဆား၊ အချိုမှုန့်ထည့်ပြီး မွှေပေး၊ ပြီးရင်အဖုံးအုပ်ထားပေးပါနော်။ ခရမ်းသီးနူးခါနီးလောက်မှာ ဘဲဥထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ မန်ကျည်းနှစ်လေးထည့်ပေးပါနော်။ ဟင်းရည်ကို ဆမ်းစားလို့ရအောင် ချက်မှာမို့ ရေကိုခပ်များများလေးထည့်ပေးပါ။ ပြီးရင်တော့ မီးနွေးနွေးလေးနဲ့ ခပ်ကြာကြာလေး တည်ပေးလိုက်ရင် ဘဲဥလေးထဲလည်း အရသာလေးဝင်ပြီး ခပ်မာမာထုပ်ထုပ်လေးနဲ့ စားလို့ ပိုကောင်းပါတယ်နော်။ ဟင်းရည်အနည်းအများကိုတော့ ကိုယ်ကြိုက်နှစ်သက်တဲ့အနေအထားရောက်ပြီဆိုရင်တော့ မာဆလာလေးအုပ်လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ငါးခြောက်ဘဲဥခရမ်းသီးချဉ်ရည်ဟင်း ရပါပြီနော်။ အားပေးကြပါဦးနော်။

0 comments:

Post a Comment