Saturday, December 27, 2008

ခရမ်းသီးမီးဖုတ်ကြော်


ချစ်မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ခရမ်းသီးမီးဖုတ်ပြီးကြော် ကျွေးပါမယ်နော်။ ခရမ်းသီးမီးဖုတ်ကြော်ဖို့အတွက် ကျွန်မက မီးဖုတ်ရ အဆင်ပြေမယ့် ခရမ်းသီးအရှည်မျိုးကို ရွေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ခရမ်းသီး (၅) လုံး၊ ကြက်သွန်ဖြူ (၂) လုံး၊ ကြက်သွန်နီအလုံးကြီး (၃) လုံး၊ ကြက်ဥ (၂) လုံး၊ ဆား၊ သကြားအနည်းငယ်၊ ဆီ၊ နနွင်းမှုန့်အနည်းငယ်တို့ပါနော်။

ခရမ်းသီးငါးလုံးကို ပထမဦးဆုံး သန့်စင်အောင် ရေနဲ့ဆေး၊ အ၀တ်သန့်သန့်နဲ့ ရေတွေကို စင်အောင် သုပ်ပစ်ပြီးတော့မှ ခက်ရင်းနဲ့ ခရမ်းသီးကို ထိုးဖောက်ပေးပြီး မီးသွေးမီးဖိုမှာ မီးအသင့်အတင့်နဲ့ ဖုတ်ပေးပါ။ ခရမ်းသီးကို မီးဖုတ်တဲ့အခါ အကျက်ညီအောင်နဲ့ တူးမသွားအောင် ဟိုဘက်ဒီဘက်လှည့်ပြီး ဖုတ်ပေးပါ။ ခရမ်းသီးမီးဖုတ်ပြီးတဲ့အခါ ပန်းကန်ပြားကြီးကြီးတစ်ချပ်ထဲ ထည့်ထားပြီး အအေးခံထားပါ။ ခရမ်းသီးအအေးခံထား တဲ့အချိန်မှာ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ ရေဆေးပြီး တစ်ဝက်ကို ကြက်သွန်ကြော်ကြော်ဖို့ ပါးပါးလှီးပါ။ ကျန်တစ်ဝက်ထဲက ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။ ကြက်ဥနှစ်လုံးကို ဇလုံတစ်လုံးထဲထည့်၊ ဆားနည်းနည်းနဲ့ သကြားနည်းနည်းထည့်ပြီး ခေါက်ထားပေးပါ။

ခရမ်းသီးအေးလောက်ပြီဆိုရင် ခရမ်းသီးကိုအခွံနွှာပြီး ကန့်လန့်ဖြတ် သုံးပိုင်းပိုင်းပါ။ ပြီးတော့မှ ခရမ်းသီးထဲကို ဆားနဲ့ သကြားတို့ထည့်ပြီး ခရမ်းသီးအားလုံးကြေအောင် နှံ့အောင် ခေါက်ပေးပါ။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနီတွေကို ထည့်ပြီး ဆီချက်ကြော်ပေးပါ။ ကြက်သွန်လေးတွေ ရွှေဝါရောင် သန်းလာပြီဆိုရင်တော့ ဆယ်ယူပြီး သပ်သပ်စီထားပါ။ ပြီးတော့မှ အဲ့ဒီဆီနဲ့ပဲ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ လေးစိတ်ထိုးထားတဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီး နွမ်းလာတာနဲ့ တပြိုင်နက် ခရမ်းသီးတွေကို ထည့်ပြီး ကြော်ပေးပါ။ ခရမ်းသီးကြော်တဲ့အခါမှာ ခရမ်းသီးထဲ အရသာတွေဝင်ပြီး အိအိဆိမ့်ဆိမ့်လေးဖြစ်အောင် မီးအသင့်အတင့်နဲ့ စိတ်ရှည်လက်ရှည်ကြော်ပေးပါ။ ခရမ်းသီးကြော်နံ့လေး သင်းလာပြီဆိုရင်တော့ ကြက်ဥတွေကိုထည့်ပြီး အားလုံး သမအောင် ရောကြော်ပေးပါ။ ကျွန်မက ခရမ်းသီးတွေနဲ့ ကြက်ဥတွေ အားလုံးနှံ့သွားပြီးဆိုတော့မှ မီးကိုအနိမ့်ဆုံးဖြစ်အောင်ထားပြီး ခရမ်းသီးကြော် ဒယ်အိုးကို ခဏလောက် နှပ်ထားလိုက်တယ်။ နည်းနည်းလေးချိုးကပ်သွားတဲ့အခါ အနံ့ပိုသင်းပြီး စားလို့ ပိုကောင်းလို့လေ။

ပြီးတော့မှ ခရမ်းသီးကြော်ကို ပန်းကန်လေးထဲခပ်၊ အပေါ်ကနေ ကြက်သွန်ကြော်လေးတွေ ဖြူးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အိအိဆိမ့်ဆိမ့်အရသာလေးနဲ့ မွှေးကြိုင်လှတဲ့ ရနံ့သင်းလေးနဲ့ ခရမ်းသီးမီးဖုတ်ကြော်လေး ရပါပြီနော်။

0 comments:

Post a Comment