Wednesday, December 24, 2008

ချောကလက်ကျောက်ကျော


အားလုံးသော မောင်နှမများမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ချောကလက်ကျောက်ကျော လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော်။ အဲ့ဒီကျောက်ကျောကိုတော့ ကျွန်မတူမလေးရဲ့ မွေးနေ့မှာ ကျွန်မတို့ လုပ်ပေးခဲ့တာပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ အာဂါးကျောက်ကျော (၁) ထုပ်၊ လက်ဖ၀ါးအရွယ်ရှိတဲ့ ချောကလက်(၃) ပြား၊ သကြား (၂၀) ကျပ်သား၊ ရေ ၁ လီတာနဲ့ နို့စိမ်း တစ်ဗူးတို့ပါနော်။

စစချင်းမှာ သကြားတွေကို ရေနဲ့ ဖျော်ပြီး အမှိုက်သရိုက်တွေ မပါရလေအောင် သကြားရေတွေကို ရေစစ်နဲ့ စစ်ယူပါ။ ပြီးတော့မှ အဲ့ဒီသကြားရေထဲကို ကျောက်ကျောတစ်ထုပ် ထည့်ပြီး မွှေလိုက်ပါ။ ပြီးတဲ့အခါကျမှ မီးဖိုပေါ် ကျောက်ကျောအိုးကို တည်ပေးပါ။ စစချင်း တည်တဲ့အခါမှာ ကျောက်ကျောအိုးကို အဖုံးအုပ်ပြီး တည်ပေးပါ။ ရေဆူပြီဆိုတော့မှ နို့စိမ်းဗူး ဖောက်ထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးပါ။
မုန့်အိုး ထပ်ဆူလာပြီ ဆိုရင်တော့ ချောကလက်တွေကိုပါ ထည့်ပြီး မွှေပေးပါ။ ကျောက်ကျောခဲ၊ မခဲကိုတော့ ပန်းကန်ပြားလေးထဲ အစက်ချပြီး စမ်းသပ်ကြည့်ပါ။

စမ်းကြည့်လိုက်လို့ ခဲပြီဆိုရင်တော့ ကျောက်ကျောတွေကို ပုံစံခွက်လေးထဲပဲ ထည့်ထည့်၊ ဗန်းထဲပဲ ထည့်ထည့် ထည့်ပြီး အအေးခံလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချိုဆိမ့်သက်အရသာလေးနဲ့ ချောကလက်ကျောက်ကျောလေး ရပါပြီနော်။
(တူမလေးက ကလေးဆိုတော့ ကျောက်ကျောလေးတွေကို ပုံစံခွက်ထဲ ထည့်ပြီး အရုပ်လေးတွေ ပုံစံမျိုးစုံထွက်လာတာကို ကြိုက်တယ်လေ။ အဲ့ဒါနဲ့ ကျွန်မတို့ ပုံစံခွက်လေးတွေနဲ့ ထည့်ပြီး ခဲထားတဲ့ ချောကလက် ကျောက်ကျောလေးတွေပါ။)

0 comments:

Post a Comment