Showing posts with label ရိုးရာအစားအစာ. Show all posts
Showing posts with label ရိုးရာအစားအစာ. Show all posts

Friday, September 14, 2012

မြေအိုးမြီးရှည်

4 comments



ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင် ...

ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများအတွက် မြေအိုးမြီးရှည် လုပ်နည်းလေးကို မျှဝေပေးပါရစေရှင် ...

ကျွန်မချက်ဖြစ်တဲ့ မြေအိုးမြီးရှည်လေးကတော့ လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက ပြင်ဦးလွင်မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု သွားတက်တုန်း ကျွန်မတို့သူငယ်ချင်းများနဲ့ အတူ ဆိုင်တစ်ဆိုင်မှာ သွားစားခဲ့တဲ့ ပုံစံမျိုးလေးပါနော် ...

ကျွန်မဘဝမှာ စစချင်း စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ပဲ ဆိုပါတော့နော် အဲ့ဒီမှာ စားခဲ့ပြီး ကြိုက်သွားပြီး ရန်ကုန် ပြန်ရောက်တော့လည်း ဆိုင်တွေမှာ မြေအိုးမြီးရှည်စားချင်လို့ မှာစားခဲ့ပါတယ် … ဒါပေမယ့်လေ လုံးဝကို အရသာမတူ၊ ပါဝင်ပစ္စည်းတွေလည်း မတူဘဲ လုံးဝကိုမှ စားလို့မရဘဲ ပြင်ဦးလွင်မှာ စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ကိုပဲ တမ်းတမိနေတော့တာပေါ့ ...

ဒီလိုနဲ့ အိမ်မှာလည်း မြေအိုးမြီးရှည်ကို အဆင်ပြေသလို မကြာခဏ ချက်စားဖြစ်တယ် … ဒါပေမယ့် ပို့စ်လည်း မတင်ဖြစ်ခဲ့ဘူး ... ဘလော့ဂ်ကို အမြဲတမ်းအားပေးနေတဲ့ မောင်နှမတစ်ယောက်က မြေအိုးမြီးရှည် လုပ်နည်းလေး မျှပေးပါဦးနော် ဆိုလို့ မနေ့မနက်က အစောထပြီး လုပ်ဖြစ်ခဲ့တာလေးကို မောင်နှမများ အားလုံးအတွက် မျှဝေပေးလိုက်ရပါတယ် ရှင် ...

လိုအပ်တဲ့ ပစ္စည်းတွေကတော့ အရည်အတွက် ကြက်ရိုးကို သန့်စင်ပြီး ကြက်သားမှုန့်၊ ဆားတို့နဲ့ နယ်ပြီး ချင်း၊ ကြက်သွန်ဖြူတို့နဲ့ အရည်ဖြူလေးတွေ ရလာတဲ့ အထိ ပြုတ်ပေးထားပါနော် ...

အခြား လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်၊ ဝက်၊ ပင်လယ်စာ (နှစ်သက်သလိုထည့်ပါ)၊ ငုံးဥ၊ ကြက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားလိပ်၊ (ရေခဲမှိုလို့ခေါ်တဲ့ ကျောက်ပွင့်ကိုလည်း ထည့်နိုင်ပါတယ်) အသီးအရွက်အစုံ (မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ဘရိုကိုလီ၊ မှို၊ မုန်လာဥနီ၊ ကြာစွယ်၊ ပဲပင်ပေါက်၊ ရွှေပဲသီး၊ ဘေဘီပြောင်းဖူး၊ ကန်စွန်းရွက် …. ကြိုက်နှစ်သက်ရာ) ပဲပြား၊ မာလာအနှစ် (သို့မဟုတ်) ရွှေပဲတံဆိပ် ငရုတ်သီးအနှစ်၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ရှားကော ပတ်ကော၊ ရှမ်းမုန်ညင်းချဉ် စတာတွေပါနော် ...

ထည့်လိုတဲ့ အသားတွေကို အနေတော် တုံးထားပေးပြီး ကြက်သားမှုန့်လေးနဲ့ နယ်ပေးထားပါ။ ဝက်ကလီစာကို ထည့်မယ်ဆိုရင် ကလီစာတွေကို မန်ကျည်းမှည့်နဲ့ အသေအချာ ဆေးကြောပြီးမှ ကြက်သားမှုန့်၊ ရှားကောပတ်ကောမှုန့်၊ သကြား၊ ပဲငံပြာရည် အကြည်တို့နဲ့ နယ်ပြီး နူးအောင် ပြုတ်ထားပေးပါ။ နူးအိပြီ ဆိုရင်တော့ ကိုယ်လိုသလောက် အရွယ် အစားလေးတွေ လှီးပေးထားပါ။

ငုံးဥပြုတ်ထားပေးပါ။ အခွံနွှာထားပေးပါ။ မှိုခြောက်ပန်းခြောက် ပဲလိပ်တို့ကို သန့်ရှင်းရေးလုပ်ပြီး တစ်ကြိမ် ပြုတ်ပစ်ပါ။ (ရေနွေးနဲ့ တစ်ကြိမ်ပြုတ်ပစ်မှသာ မှိုခြောက်ပန်းခြောက် ပဲလိပ်ခြောက်တို့မှာ ရှိနေတဲ့ အနံ့တွေ၊ အထူးသဖြင့် ပန်းခြောက်က အခုနောက်ပိုင်း လာတဲ့အခါ ကြာကြာ အထားခံအောင် အချဉ်မှုန့်နဲ့ နယ်တယ်လို့ ကျွန်မ ခံစားရပါတယ် ... ပန်းခြောက် ကို ရေနဲ့ စင်အောင်ဆေး၊ ဝတ်ဆံဖယ်ပြီး ဟင်းထဲ ထည့်လိုက်ပြီးတဲ့အခါ ဟင်းက အချဉ်အရသာရှိလာတာကို ကျွန်မ သတိထားမိလို့ပါ။) ပြီးမှ မှိုခြောက်ကို အရွယ်တော်ညှပ်၊ ပန်းခြောက်ကို ဝတ်ဆံလေးတွေဖယ်ပြီး အထုံးလေးထုံး၊ ပဲလိပ်ကို ချိုချဉ်ပုံလေး ချည်ပါ။ ပဲပြားလေးတွေ အရွယ်တော် တုံးထားပေးပါ။

အသီးအရွက်တွေကို သန့်စင်အောင် ရေဆေးပြီး အရွယ်တော် လှီးဖြတ်ပေးထားပါ။

ရယ်ဒီမိတ် မာလာအနှစ်ကို သုံးမယ်ဆိုရင် သတိပြုစရာ ရှိပါတယ် ... မာလာအနှစ်မှာ ၂ မျိုးရှိပါတယ်။ တစ်မျိုးက မာလာဟင်းချက်တဲ့အထဲမှာ သုံးမယ့် အဆီပါတဲ့ဟာပါ။ ငရုတ်သီးများပါတယ်။ (အသီးအရွက်၊ ကြက်သား၊ ငါး စတာတွေကို ချက်တဲ့ ဟာမျိုးပါ)။ နောက်တစ်မျိုးက Soup အတွက် သုံးတဲ့ မာလာအနှစ်ပါ။ သူက ဆီမပါ၊ ငရုတ်သီးပါဝင်မှု နည်းပါတယ်။ ဈေးဝယ်တဲ့အခါ အဲ့ဒီအထုပ်တွေရဲ့ နောက်ကျောက စာကို သေချာဖတ်ပြီး soup အတွက်လား၊ ဟင်းအတွက်လား ဆိုတာကို ရွေးဝယ်နိုင်ပါတယ်။ မောင်နှမတွေက အဆီပါတာနဲ့ စပ်တာကို ကြိုက်တတ်ရင် ဟင်းအနှစ်ထုပ်ကို သုံးသင့်ပြီး အစပ်သိပ်မစားနိုင်ဘူး၊ အဆီပါရင် သောက်ရတာ ခက်တယ်ဆိုတဲ့ မောင်နှမတွေကတော့ Soup အနှစ်ကို သုံးသင့်ပါတယ်။ ကျွန်မကတော့ ရွှေပဲတံဆိပ် ငရုတ်နှစ်ဗူးကို သုံးထားပါတယ်။ တစ်ခု သတိပေးချင်တာက ဟင်းရည်အိုးထဲကို မာလာဟင်းအနှစ် ထည့်ပြီးမှ ကျန်အရသာကို ထပ်ဖြည့်ပါ။ ငန်သွားမှာ စိုးလို့ပါ။

ကြက်ရိုးဟင်းရည်အိုး ပွက်ပွက်ဆူလာပြီ ဆိုရင် အသားတွေနယ်ထားတာကို ထည့်ပါမယ်၊ ပြီးတော့ ငရုတ်နှစ်/ မာလာအနှစ်ကိုထည့်ပါ။ မာလာအနှစ်ထည့်တဲ့အခါ လောဘမကြီးမိစေဖို့ သတိပေးပါရစေ။ (အရသာပေါ့တာက ထပ်ဖြည့်လို့ရတယ်၊ ငန်သွားရင်ကျ ဟင်းပျက်တတ်တယ်လေ) ကျွန်မက အချိုးအစားကို ဖော်ပြမထားဘူးဆိုတာက တစ်ယောက်နဲ့တစ်ယောက် သုံးမယ့်ပစ္စည်းချင်း မတူတဲ့အခါ အရသာမတူနိုင်လို့ ကိုယ့်စိတ်ကြိုက် အရသာရအောင် ကိုယ့်ရဲ့ လျှာစွမ်းနဲ့ပဲ မြည်းကြမယ်လေနော် ... ဟင်းပွက်ပွက်ဆူပြီ ဆိုရင် ပဲပြားနဲ့ အသီးအရွက်တွေ စိတ်ကြိုက်ထည့်ပါ။ ကလီစာတွေထည့်၊ ငုံးဥတွေထည့်ပါ။ အရသာ အပေါ့အငန် မြည်းပါ။ ကျွန်မက မုန်ညင်းချဉ်ကို ဒီအတိုင်း စားတာထက် ဟင်းရည်ထဲ ထည့်သောက်ရတာ ကြိုက်တာမို့ ကိုယ့်အတွက် ပွဲပြင်တဲ့အခါ မုန်ညင်းချဉ်ကိုပါ ဟင်းရည်ထဲ တစ်ခါတည်း ထည့်ပြီးပြင်လေ့ရှိပါတယ်။ အသီးအရွက်တွေကို ကိုယ်တစ်ခါစားခါနီးမှ တစ်ခါပြုတ်ပြီး ထည့်လို့ရတယ်နော် ...

မြီးရှည်ဖတ်က ရယ်ဒီမိတ်အခြောက်ထုပ်ကို အညွှန်းပါအတိုင်း ပြုတ်ပြီး သုံးလို့ရသလို အစိုကိုလည်း ဝယ်ပြီး သုံးလို့ရပါတယ်။

စားပွဲပြင်တဲ့အခါ မြေအိုးလေးယူ မြီးရှည်ဖတ်လေးထည့်၊ ဟင်းရည်ထည့်၊ ပွက်ပွက်ဆူအောင်တည်၊ အသီးအရွက်တွေ ထည့်၊ အရသာအပေါ့အငန်မြည်း၊ ကြိုက်တတ်ရင် ကြက်သွန်မြိတ်လေး ပါးပါးလှီးပြီးအုပ်၊ နှမ်းစေ့လေး ဖြူးဖို့တောင် မေ့သွားတယ် ... အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မြေအိုး မြီးရှည်လေး ရပါပြီနော် ... ခပ်စပ်စပ်လေး စားချင်ရင် ငရုတ်သီးထောင်းကြော်လေး ထည့်လိုက်ပါဦးနော် ...

မောင်နှမတွေ ကြိုက်နှစ်သက်မယ့် အခြား အဆာပလာများလည်း ထပ်ဖြည့်ပြီး သုံးဆောင်နိုင်ပါတယ်နော် ...

ဝက်ခေါက်ကြော်လေးနဲ့အတူ တွဲဖက်သုံးဆောင်ပါဦးလားလို့ ...

မောင်နှမများ အားလုံးလည်း ပိတ်ရက်မှာ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနဲ့ အတူ မြေအိုးမြီးရှည်လေး ချက်စားပြီး ကောင်းမွန်ပျော်ရွှင်သော အချိန်လေးများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ခြွေရင်း ...

Wednesday, August 22, 2012

ခေါင်းအုံးပုံ ကော်ပြန့်စိမ်း

5 comments

သုံးဆောင်ရန် အသင့်ဖြစ်နေတဲ့ ကော်ပြန့်စိမ်းလေးပါရှင်...

ကော်ပြန့်ရွက် (ညှပ်ခေါက်ဆွဲဖြစ်မယ့် အဖတ်ကြီး / ကွေ့တီရိုဖတ်) အပေါ် အဆာထည့်ပြီးပုံ …
အဆာထည့်ပြီးရင် ဒီလိုလေး ခေါက်ရမယ်နော် … ဘယ်အရင် … ညာထပ် …
ပြီးတော့ ကျန်တဲ့ နှစ်ဘက်အစကို သိမ်းပြီး ထုပ်လိုက်တော့ ခေါင်းအုံးပုံစံလေး ဖြစ်သွားရော …
ဒါလေးတွေက ခေါင်းအုံးဖြူလေးတွေ စီထားတာနဲ့ မတူဘူးလား …
အထဲက အဆာလေးတွေကိုရော မြင်ရအောင်လို့ ဒီလိုလေး ပြင် …

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင် … ဘလော့ဂ်မှာ ဟင်းအသစ် မတင်လည်းပဲ အမြဲတမ်း အလည်လာပေးနေကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်နော် … ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေး လုပ်ကျွေးပါရစေနော် …

ကျွန်မက ဒီမုန့်နာမည်ကို ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလို့ လွယ်လွယ်လေး နာမည်ပေးလိုက်ပေမယ့် ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ လာပြောသွားတာက တရုတ်လိုတော့ ဒီမုန့်ကို ဟွမ်းဟွမ်းလို့ ခေါ်တယ်လို့ ပြောတယ်နော် …

ဒီမုန့်လေးကို ကျွန်မ လွန်ခဲ့တဲ့ 2000 ခုနှစ်လောက်က ဗိုလ်တထောင်ဘုရားနားမှာ ရှိတဲ့ စာကြည့်တိုက်သင်တန်းကို သွားတက်တုန်း အဲ့ဒီသင်တန်းမှာ ခင်မင်ကြတဲ့ သူငယ်ချင်းများနဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ရင်း အဲ့ဒီမှာ စပြီး စားခဲ့ဖူးတာပါ … နောက်ပိုင်း သင်တန်းပြီးသွားတော့ ဒီမုန့်လေးနဲ့ ဝေးသွားရော …

ဒီလိုနဲ့ အလုပ်တွေ လုပ်ရင်း အချိန်တွေ ကုန်လွန်ရင်းနဲ့ အခု နေပြည်တော်မှာ တာဝန်ထမ်းနေရတာပေါ့ … နေပြည်တော်က Capital Hyper Mart မှာ ဒီမုန့်ရောင်းတယ် … သူငယ်ချင်းတစ်ယောက်က အဲ့ဒီမုန့်လေး ဝယ်စားမိပြီး စားကောင်းတယ် ပြောတယ် … နောက်ထပ် အလုပ်ထဲက ညီမလေးတစ်ယောက်က အမ အဲ့ဒီမုန့်ကို သိလား … လုပ်တတ်လား … လုပ်တတ်ရင် လုပ်ကျွေးပါဦး ဆိုပြီး ပြောတော့ ကျွန်မလည်း လွန်ခဲ့တဲ့ (၁ဝ) နှစ်ကျော်က စားခဲ့တဲ့ မုန့်လေးကို သတိရပြီး ပြန်လည် စမ်းသပ်ထားတာပါနော် …

အောက်ခံကော်ပြန့်ရွက် …
မုန့်အတွက် လိုအပ်တာကတော့ အပေါ်က ကော်ပြန့်ရွက်အတွက် ညှပ်ခေါက်ဆွဲဖတ်ကြီး (မြင်အောင် ပြောရရင် ညှပ်ခေါက်ဆွဲ ဖြစ်အောင် ကပ်ကျေးနဲ့ မဖြတ်ခင် လက်ကိုင်ပုဝါလို လေးထောင့်ကြီး ဖြစ်အောင် လုပ်ထားတဲ့ အဖြူရောင် အဖတ်ကြီး) ကို ဝယ်ရတာပါ၊ နေပြည်တော်မှာဆိုရင် မြို့မဈေးက မုန့်ဖတ်ဆိုင်မှာ ရနိုင်ပါတယ် … အာဟာရသုခဈေးမှာလည်း မုန့်ဖတ်ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ် … ကွေ့တီရိုဖတ်လို့လည်း တစ်ချို့က ခေါ်ကြတယ်နော် … အဲ့ဒီအရွက်ကို မိမိလိုချင်တဲ့ အရွယ်အစားရအောင် ဖြတ်ထားပေးပါနော် …

အဆာပြုလုပ်နည်း …
အဆာအတွက် လိုတဲ့ပစ္စည်းတွေကတော့ ကြက်သား/ဝက်သား/ပုစွန်/ကဏန်း/ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ မုန်လာဥနီ၊ ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်ကအကျဲ၊ နှမ်းဆီမွှေး၊ တရုတ်မာဆလာ၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်နဲ့ ဆီတို့ပါနော်။

ကြက်သားကို ခပ်သေးသေးလှီးပါ၊ ချင်း၊ ကြက်သွန်ဖြူတို့ကို နုတ်နုတ်စင်းပါ၊ ကြက်သွန်နီကို ဘလော့ခ်ပုံ အတုံးသေးလေးတွေ ရအောင် လှီးပါ၊ မုန်လာဥနီ ပါးပါးလှီးပါ၊ ပြီးရင် ကြက်သား၊ မုန်လာဥနီ၊ ကြက်သွန်ဖြူနီ ချင်းတို့ကို ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ နှမ်းဆီမွှေးအနည်းငယ်၊ တရုတ်မာဆလာအနည်းငယ်၊ ကော်မှုန့်၊ ဆီ၊ တရုတ်နံနံ၊ ငရုတ်ကောင်း အနည်းငယ်တို့နဲ့ သမအောင် ရောနယ်ပါ၊

ပြီးတော့ ဒယ်အိုးထဲ ဆီလေး နည်းနည်းထည့်ပြီး အဆာပလာတွေကို  ကြော်ပါ။ အဆာပလာတွေက ခဏလေးနဲ့ ကျက်ပါတယ် … ပြီးတော့ ကော်ရည်လေး ဖျော်ထားပေးပါ၊ ကော်ရည်ခပ်ပျစ်ပျစ်နဲ့ပဲ လုလုက လုပ်ထားပါတယ်၊ အထားခံရအောင်ရော၊ စားကောင်းရအောင်ရောမို့ပါ။ ကော်ရည် ဆမ်းလိုက်တဲ့ အချိန်ကျရင် မီးလျှော့လိုက်ပါ။ ကော်ရည် ပျစ်လာပြီဆိုရင် ပါးပါးလှီးထားတဲ့ တရုတ်နံနံကို ထည့်ပြီး အုပ်၊ မွှေပြီး မီးပိတ်လိုက်ရင် ရပြီ၊ အဆာတွေကို ခဏလေး အအေးခံထားလိုက်ပါ။

ဆိုင်က အဆာတွေက အသားနည်းတယ်၊ အရွက်များတယ်၊ ကော်ရည်ကျဲတယ်၊

မုန့်လေးတွေ ထုပ်ရအောင် …
ကွေ့တီရိုရွက်ကို လေးထောင့်ပုံလေးတွေ ရအောင် ဖြတ်ထား၊ ပြီးတော့ ပုံမှာ ပြထားသလိုပဲ ဗန်းတစ်ခုထဲ ထည့်ခင်းလိုက်ပါ၊ ပြီးတော့ အဖတ်ထဲကို အပေါ်ကနေ အဆာပလာထည့်၊ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းဆီ ခေါက်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေး ရပါပြီနော် … လုပ်ရတာ သိပ်လွယ်တာပဲ … အချိန်ကုန်လည်း သက်သာတယ် … ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်နော် … အချဉ်အတွက်က Chito ငရုတ်ဆီလေးနဲ့ပဲ တွဲလိုက်တယ် … ကြက်သွန်မြိတ်လေးလည်း ကိုက်စားလိုက်ပါဦးနော် … လုပ်ရတာ လွယ်လွန်းလို့ မောင်နှမတို့ အားလပ်ရက်မှာ လုပ်စားကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော် …

Monday, October 10, 2011

ဘာလချောင် ကြော်ကြရအောင်

8 comments
အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်နည်းလေး မျှဝေပေးပါရစေနော်။ ကျွန်မရဲ့ မိုက်ကရိုဝေ့ဖ်က 1100 W အားရှိပါ တယ်နော်။
ဘာလချောင်ကြော်ကိုတော့  အုန်းထမင်း၊ ပဲထောပတ်ထမင်း စတာတွေနဲ့ တွဲစားကြသလို နေ့စဉ် အစားအစာစားတဲ့အခါမှာလည်း ဘာဟင်းမှ မရှိရင်လည်း အလွယ်တကူစားလို့ရတယ်နော်။
လုလုတို့ရေဆင်းမှာ ကျောင်းတက်တုန်းက အဆောင်မှာနေတယ်ဆိုရင် ဘာလချောင်ကြော်ကို အိမ်ကနေ အမြဲယူသွားရတယ်နော်။
အဆောင်ကကျွေးတဲ့ ပဲဟင်း၊ သရက်ချဉ်သုပ်၊ အိမ်ကထည့်ပေးလိုက်တဲ့ ဘာလချောင်ကြော်နဲ့စားရတာ နတ်သုဒ္ဓါနဲ့ မလဲနိုင်ခဲ့ပါဘူးနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်ခြောက် (၂၅) ကျပ်သား၊ ကြက်သွန်နီ (၅၀) ကျပ်သား၊ ကြက်သွန်ဖြူ (၂၅) ကျပ်သား၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ငရုတ်သီးအကြမ်းဖတ် (၁၀) ကျပ်သား၊ သကြားအနည်းငယ်၊ ဆီ၊ ဆားနဲ့ နနွင်းမှုန့် အနည်းငယ်တို့ပါနော်။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ပါးပါးလေး လှီးပေးထားပါ၊ ပုစွန်ခြောက်လေးတွေကို ရေအနည်းငယ်စိမ်ပြီး တစ်ဝက်ကို မညက်တညက်ထောင်းပြီး ကျန်တစ်ဝက်ကို ညက်အောင်ထောင်းပါ။
ပန်ကန်းကန်လုံးကို ဆီ ၁၀ ကျပ်သားလောက်ထည့်၊ ပြီးရင် မိုက်ကရိုဝေ့ဖ်ထဲ ထည့်ပြီး ဆီကို ၇ မိနစ် အပူပေးပါ။ ဆီပူလာရင် နနွင်းမှုန့်ထည့်ပြီး လှီးထားတဲ့ကြက်သွန်နီတစ်ဝက်ကို ထည့်ပြီး မွှေပေးလိုက် ပါ။ ပြီးရင် ၁၀ မိနစ် အပူပေးပါ။ ၁၀ မိနစ်ပြည့်ရင် ကြက်သွန်တွေကို မွှေပေးပြီး နောက်ထပ် ၇ မိနစ် အပူပေးလိုက်ပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်နီလေးတွေက ၀ါရောင်သန်းနေပါပြီ။ အဲ့ဒီအပူနဲ့ပဲ ကြက်သွန်လေးတွေ ရွှေဝါရောင်သန်းလာတဲ့အထိ မွှေပေးပြီး ကြက်သွန်ကြော်ဖတ်တွေကို ဆယ်ပြီးတော့  ဆီစစ်ပေးထားပါ။ ဒီလိုနည်းနဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို ကြော်ပြီး ဇကာထဲထည့်ပြီး ဆီစစ်ထားလိုက်ပါနော်။ 
ကြက်သွန်တွေအားလုံးကြော်ပြီးသွားရင် ပုစွန်ခြောက်မညက်တညက်ကို အရင်ကြော်ပါ့မယ်နော်။ ပုစွန်ခြောက်ထဲကို သကြားလေးနည်းနည်းနဲ့ ဟင်းခပ်မှုန့်လေးနည်းနည်းထည့်ပြီး နယ်ပေးထားပါ။ ပြီးရင် ဖန်ပန်းကန်လုံးထဲ ဆီထည့်၊ ပြီးရင် ၇ မိနစ်လောက်အပူပေး၊ ဆီပူလာရင် နနွင်းမှုန့်လေး ထည့်ပြီး မွှေပေး၊   ပြီးရင်တော့ ပုစွန်ခြောက်တွေထည့်ပြီး ၇ မိနစ်ကနေ ၁၀ မိနစ်လောက် ထိ ကြော်ပေးပါ။   ပြီးရင်တော့ အားလုံး သမအောင်မွှေပြီးတော့ နောက်ထပ် ၃ မိနစ်လောက် အပူထပ်ပေးပါ။ ပြီးရင် အကျက်ညီအောင် မွှေပေးပါ။ အဲ့ဒါဆိုရင် ကြာကြာအထားခံပြီး စားရတာ မွမွလေးမို့ သိပ်ကောင်းပါတယ်နော်။ ပြီးရင်တော့ ပုစွန်ခြောက် တွေကို ဆယ်ပြီးတော့ ဆီစစ်ထားပါ။ ကြက်သွန်ကြော် ဆီစစ်ထားတဲ့အထဲက ထွက်လာတဲ့ ဆီတွေကိုလည်း ပြန်ထည့်ပြီး သုံးလို့ရတယ်နော်။ နောက် တစ်ခေါက်ကျရင် ဖန်ပန်းကန်က အပူရှိန်လည်း ရှိသေးတာမို့ အပူကို ၃ မိနစ်လောက်ထပ်ပေး၊ ဆီပူလာရင် နနွင်းမှုန့်ခပ်ပြီး ညက်အောင်ထေားထားတဲ့ ပုစွန်ခြောက်တွေထည့်၊ သကြားနဲ့ ဟင်းခတ် မှုန့်လေး နည်းနည်းစီထည့်ပြီး ၁၀ မိနစ်အရင် အပူပေးပါနော်။ ပြီးရင် ပန်ကန်းလုံးကို အပြင်ထုတ်ပြီး အထက်အောက် သမအောင်မွှေပြီး နောက်ထပ် ၇ မိနစ်လောက် ထပ်အပူပေးပါနော်။ ပြီးရင်တော့ ပုဇွန်ခြောက်တွေကို ဆယ်ပြီး ဆီစစ်ထားပါ။
နောက်ဆုံးတစ်ခေါက်အတွက် ဖန်ပန်ကန်လုံးထဲ စစ်ထားတဲ့ အထဲက ထွက်လာတဲ့ဆီတွေကို ထည့်၊ ပြီးတော့ အပူပေး၊ နောက်ဆုံးကျန်တဲ့ ငရုတ်သီးအကြမ်းဖတ်တွေ ထည့်ပြီး ၁၀ မိနစ်အပူပေးပါ၊ ပြီးရင် ငရုတ်သီးကြော်ပန်းကန်လုံးကို အပြင်ထုပ်ပြီး အားလုံးသမအောင် မွှေပေးပါ၊ ငရုတ်သီးတွေ အေးသွားရင် ကြွပ်သွားမှာနဲ့ အတော်ပဲပေါ့။
ပြီးတော့မှ ကြက်သွန်ကြော်နဲ့ ပုစွန်ခြောက်မွထောင်းကြော်တွေကို တစ်ခါရော၊ ငရုတ်သီးရယ်၊ ပုစွန်ခြောက်မညက်တညက်ထောင်းကြော်ရယ်၊ ကြက်သွန်ကြော်ရယ်နဲ့ တစ်ခါရောပေါ့နော်။ ၂ မျိုးစားလို့ရတာပေါ့နော်။ (ရောပြီးတဲ့ပုံကို ဓာတ်ပုံမရိုက်လိုက်ရဘူး၊ :P ဒီပုံလေးနဲ့ပဲ တင်းတိမ်ပေးပါနော်)
မိုက်ကရိုဝေ့ဖ်နဲ့ ကြော်တဲ့အတွက် ဆီကုန်သက်သာတယ်၊ အညှော်သက်သာတယ်၊ ဆီစင်တာလည်း သက်သာတယ်နော်။ နိုင်ငံခြားရောက်နေကြတဲ့ မောင်နှမတွေအတွက် ပိုပြီး အဆင်ပြေစေမယ်နော်။
ဘာလချောင်ကြော်လိုပဲ တခြား အမဲသား၊ ဆိတ်သား၊ ၀က်သား၊ ကြက်သား တို့ကိုလည်း ပြုတ်ပြီးရင် အသားတွေကို ထောင်းပြီး၊ မွှပြီး အခုနည်းအတိုင်း ကြော်နိုင်ပါတယ်နော်။ စမ်းသပ်ကြည့်ကြပါဦးနော်။ အကြိုက်တွေ့မှာ သေချာပါတယ်နော်။

Thursday, September 15, 2011

ကင်မ်ချီထမင်းကြော်

2 comments
ကင်မ်ချီထမင်းကြော်
ကိုယ်တိုင်လုပ် ကင်မ်ချီ
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါ။
ဘလော့ဂ်က ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတာမို့ ဘလော့ဂ်လေး ပွင့်တုန်း ရှိတာလေး ကမန်းကတမ်း တင်လိုက်တာပါ။
ကင်မ်ချီထမင်းကြော်လေးပါနော်။
ကင်မ်ချီက ကိုယ်တိုင်လုပ်တဲ့ ကင်မ်ချီပါ။ အဲ့ဒါကို ပါးပါးလေးတွေ လှီးပါတယ်။ ပြီးတော့ ပြည်ကြီးငါးရယ်၊ ပုစွန်ရယ်၊ ပဲပြားရယ်၊ ကြွက်နားရွက်မှိုရယ်၊ မုန်လာဥနီရယ်၊ တရုတ်နံနံတို့ရယ်ကို အရွယ်တော်လေးတွေ လှီးသင်ထားပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူလေးဓားပြားရိုက် ဆီပူထဲထည့် ဆီသတ်ပြီးတော့ ပဲပြားထည့်၊ ပြည်ကြီးငါးရယ် ပုစွန်ရယ်ထည့်၊ ပြီးတော့ မုန်လာဥနီရယ်၊ ကြွက်နားရွက်မှိုလေးရယ်ထည့်ကြော်၊ နည်းနည်းလေးနွမ်းသွားပြီဆိုတာနဲ့ ကင်မ်ချီထည့်၊ ထမင်းတွေထည့်၊ ကြက်သားမှုန့်လေးထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ကြော်။ ပြီးရင် အပေါ့အငန်မြည်း၊ အနံ့မွှေးရအောင်လို့ တရုတ်နံနံရွက်လေး ရိတ်ရိတ်ပါအောင် လှီးထားတာလေး ထည့်လိုက်တယ်။ အဲ့ဒါဆို ကင်မ်ချီထမင်းကြော် ချဉ်ငံစပ်လေး ရပြီနော်။ လွယ်တယ်၊ စားလို့ကောင်းတယ်နော်။ လုပ်စားကြည့်ကြပါဦးနော်။
ဖေ့စ်ဘွတ်ခ်က မောင်နှမတွေအတွက် ရေးထားပြီးသားပေမယ့် ဘလော့ဂ်မှာ မတင်ရသေးလို့ တင်ပေးလိုက်တာပါနော်၊
အားလုံးအဆင်ပြေကြပါစေ။

Friday, September 3, 2010

လက်ဖက်သုပ်

10 comments

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတွေကို လက်ဖက်သုပ်လေး လုပ်ကျွေး ပါမယ်နော်။ ပြည်ပမှာရှိတဲ့ မောင်နှမတွေက လက်ဖက်ကို အမြဲတမ်းရဖို့ ခဲယဉ်းတတ်ပါတယ်။ မမလုက တော့ တို့အမြဲတမ်းမရနိုင်တဲ့ လက်ဖက်နဲ့ နှိပ်စက်လေခြင်းလို့ အပြစ်မပြောရလေအောင် လက်ဖက်လုပ် နည်းလေးကိုလည်း မျှဝေပေးဦးမှာနော်။

လက်ဖက်ခြောက် (ဂရင်းတီးတော့မဟုတ်ဘူးပေါ့နော်) လက်တစ် ဆုပ်ကို ယူပြီး ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးပွက်ပွက်ဆူ လက်ဖက်ရည် ပန်းကန်လုံးတစ်လုံးခွဲကို လောင်း ထည့်ပြီး စိမ်လိုက်ရင် ပွတက်လာပါလိမ့်မယ်နော်။ ပြီးတဲ့အခါကျရင် အဲ့ဒီ ပွလာတဲ့လက်ဖက်ဇလုံကို ရေနွေးငွေ့နဲ့ နာရီဝက်လောက် ပေါင်းလိုက်ပါနော်။ နာရီဝက်ကြာရင် အောက်က အပူပေးတာကို ရပ်လိုက် ပြီးတော့ အဖုံးမဖွင့်သေးဘဲ အအေးခံထားလိုက်ပါနော်။ အေးပြီဆိုတော့မှ အိုးအဖုံးကို ဖွင့်လိုက်ပြီး လက်ဖက် ထဲက အရည်ကို နည်းနည်းညှစ်ထုတ်ပစ်လိုက်ပါနော်။ ပြီးရင် ရိုးရိုးလက်ဖက်နှပ်သလိုပဲ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ အချိုမှုန့်၊ပုစွန်ခြောက်တို့နဲ့ပြန်နှပ်လိုက်ပေါ့နော်။ ချဉ်ငံစပ်ပဲနှပ်နှပ်၊ ရိုးရိုးအဆိမ့်ပဲနှပ်နှပ်၊ နှပ်ချင်သလိုသာ နှပ်ပေတော့နော်။

အခုပြထားတဲ့ လက်ဖက်သုပ်လေးကတော့ 18 x 2 မွေးနေ့ပွဲတုန်းက ဧည့်ခံခဲ့တာ အဲ့ဒီပုံစံအတိုင်းပါပဲနော်။ ဒါကတော့ အကြော်စုံ (နှစ်ပြန်ကြော်)ကို မကြိုက်တတ်တဲ့သူတွေ၊ ပဲမကြိုက်တဲ့သူတွေ၊ သွားမှာ အပေါက် တွေပါလို့ အကြော်ဆိုရင် ၀ါးလို့မရဘူးဆိုတဲ့ မောင်နှမတွေအတွက် ရည်ရွယ်ပါတယ်နော်။

ကျွန်မက လက်ဖက်ဆိုရင် နှစ်ပြန်ကြော်နဲ့ စားရတာကို သိပ်မကြိုက်လို့ ဒီနည်းလေးနဲ့ လက်ဖက်သုပ် စားကြည့်ရင်း ကောင်းတယ်လို့ အိမ်သားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောလို့ မောင်နှမတွေကို မျှဝေလိုက်ရတာပါရှင်။

လက်ဖက်နှပ်တော့မယ်ဆိုရင် လက်ဖက်ညွန့်လေးတွေကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးပွက်ပွက် ဆူလောင်းထည့်ထားပြီး အဖုံးအုပ်ထားပြီး အနည်းဆုံး ၁၅မိနစ်ကနေ နာရီဝက်လောက်ထိ ထားလို့ ရပါတယ်။  ပြီးတော့မှ အဲ့ဒီအရည်တွေ သွန်ပစ်ပြီး လက်ဖက်ထဲက အရည်တွေကို ညှစ်ပစ်ပါ။ ပြီးတော့မှ လက်ဖက်ကို ဆား၊ ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက် မညက်တညက်လေးထောင်း၊ ဟင်းချိုမှုန့်တို့နဲ့ နာနာနယ်ပါ။ ပြီးရင်တော့ နှမ်းဆီလေးဆမ်းပြီး ခပ်ကြာကြာလေး စိမ်ပေးထားပါနော်။ ဒါကတော့ အဆိမ့်နှပ် ပေါ့နော်။ ဒါကတော့ လူကြီးတွေအကြိုက်များကြတယ်လေ။
  ~ ~ ~ ~ ~ ~ ~ ~ ~





လုံမပျိုတွေအကြိုက်ကတော့ ချဉ်ငံစပ်ရှယ်ပေါ့လေးပေါ့။ အဲ့ဒါကျတော့ လက်ဖက်နှပ် တဲ့အခါ ခုနကလိုပဲ အညွန့်လေးတွေကို ရေနွေးနဲ့စိမ်၊ အရည်တွေညှစ်ထုပ်ပြီး တော့မှ ငံပြာရည်အနည်းငယ်၊ ဆား၊ ဟင်းချိုမှုန့်၊ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်လေးကို မညက်တညက်လေးထောင်း၊ ရှောက်ရည်/သံပရာရည်၊ ငရုပ်သီးစိမ်း မညက်တညက်ထောင်းလေး တို့နဲ့နယ်ပေး၊ ပြီးတော့ ခရမ်းချဉ်သီးလေးရယ်၊ နံနံပင်လေးရယ် တို့ကို ပါးပါးလှီးပြီး ထည့်နယ်ပါနော်။ ပြီးတော့မှ နှမ်းဆီလေး ဆမ်းပြီး စိမ်ပေးထား။ စားခါနီး ၁ နာရီလောက် အလိုမှာ နှပ်ရင် ရပြီနော်။ အဲ့ဒီလက်ဖက်လေးကိုတော့ တစ်ဇွန်းလောက်စားလိုက်ရင် လျှာကို လည်ထွက်သွားမှာနော်။

မြေပဲဆန်ကို ပြုတ်တဲ့အခါ မြေပဲဆန်အခြောက်ကို သန့်စင်အောင် ရေဆေးပြီး တော့ မြေပဲဆန်မြုပ်အောင် ရေထည့်ပြီး rice cooker နဲ့ပဲ ပြုတ်ပေးပါ။ ပထမတစ်ရည် ကုန်သွားတဲ့ အခါကျရင် ပဲတွေကို အပေါ်အောက်လေး နှံ့အောင် မွှေပြီးတော့ ဆားလေးနည်းနည်းထည့်၊ ပြီးရင်နောက် တစ်ခါ ပဲမြုပ်အောင် ရေထည့်ပြီး ထပ်ပြုတ်ပေးပါနော်။ ပဲက လတ်ဆတ်တယ်၊ ဓာတုဆေးတွေလည်း မသုံးထားဘူးဆိုရင် နှစ်ရည်ခမ်းတာနဲ့ နူးပါတယ်။ ဒါပေမယ့် ရေခမ်းလို့ ခလုပ်တက်သွားတာနဲ့ အဖုံးကို မဖွင့်ဘဲ အငွေ့လုံအောင် ဒီအတိုင်းထားပြီး အေးတော့မှပဲ ဖွင့်ပါနော်။ တချို့မြေပဲဆန် တွေက ပိုးထိုးမှာ စိုးလို့ လှောင်လက် သမားတွေက ဆေးသုံးထားရင် တော်ရုံနဲ့ မနူးတတ်ပါဘူး။ ပဲက ဆတ်တောက်ကြီး ဖြစ်နေတတ်တာမို့ သတိထားပါနော်။

ပြလို့ပြောင်းဖူးကိုလည်း နူးနေအောင်ပြုတ်ပြီး အအေးခံပြီး ချွေပေး ထားပါနော်။

တညင်းသီး အစေးသီးကိုလည်း ပြုတ်တဲ့အခါ ပထမတစ်ကြိမ် ပွက်ပွက်ဆူလာပြီးရင် ရေတွေကို သွန်ပစ်လိုက်ပါနော်။ နောက် တစ်ကြိမ် ရေထပ်ထည့်ပြီး ပြုတ်ပါ။ အဲ့ဒီအတိုင်း ၃ ကြိမ်တိုင်တိုင်ပြုတ်ပြီး ပွက်ပွက်ဆူတဲ့အခါ ရေတွေ သွန်ပစ်လိုက်ပါ။ ပြီးရင် တညင်းသီးကို အခွံနွှာပြီး အလယ်မှာရှိတဲ့ အညှာလေး ကို ဖဲ့ပစ်လိုက်ပါ။ ပြီးတော့မှ တညင်းသီးတွေကို အိုးထဲထည့်၊ ရေမြုပ် အောင်ထည့်၊ ဆားလေးနည်းနည်း၊ ထန်းညက်ခဲလေး ၃ လုံးလောက် ပစ်ထည့်၊ ဆီလေးနည်းနည်းထည့်ပြီး rice cooker နဲ့ ပြုတ်လိုက်ပါနော်။ ရေခမ်းသွားလို့ ခလုပ်တက်သွားရင် ထုံးစံအတိုင်း မဖွင့်လိုက်ဘဲ အအေးခံထားလိုက်ပြီး အေးတော့မှ ပါးပါးလှီးထားလိုက်ပါနော်။

အားလုံးအသင့်ဖြစ်ရင်တော့ ကိုယ့်စိတ်ကြိုက်လေး ပြင်စားကြတာပေါ့နော်။ ပြလို့ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ တညင်းသီးပြုတ် တို့ ရှိသလို ကြက်သွန်ကြော်နှမ်းကြော်လေးနဲ့ သီဟိုဠ်ဆန်ကြော်တို့လည်း ရှိတာမို့ မောင်နှမတွေ  စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်နော်။

Thursday, August 19, 2010

ငါးဖယ်လုံးကော်ရည်

8 comments

          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ၁၈ x ၂ မွေးနေ့ပွဲမှာ ပရိတ်သတ်တွေကို တည်ခင်းဧည့်ခံခဲ့တဲ့ ကော်ရည်ခေါက်ဆွဲက ဓာတ်ပုံမရိုက်လိုက်ရဘူးလေ။ တစ်အိမ်လုံး လက်မလည်ရအောင် အလုပ်တွေက ရှုပ်နေတာဆိုတော့  ဓာတ်ပုံလည်း မရိုက်မိပါဘူး။ သူရိုက်နိုး၊ ကိုယ်ရိုက်နိုးနဲ့ပဲ ဘယ်သူ့ကင်မရာမှာမှ မပါလာမှန်းသိရတယ်။ အိမ်က ညီမလေးတွေက ဧည့်သည်လာရင် ဒီလိုပြောတယ်၊ အားလုံး သူ့လက်ရာချည်းပဲ၊ ဒါပေမယ့် တစ်အိမ်လုံး ဘယ်သူမှ မအိပ်ရဘူးလေတဲ့။ အဲ့ဒီလိုချစ်တာ။ သြဘာပေးတာ။ ဟိဟိ။

          ကျွန်မနေတဲ့နေရာက လှိုင်သာယာ၊ မီးခွက်ဈေးနားဆိုတော့ မွေးနေ့အလှူတုန်းက ရုံးက အဖွဲ့သားများထဲက အသက်ကြီးပုဂ္ဂိုလ်တွေက မလာနိုင်ဘူးလေ။ ဝေးတာကိုးနော့်။ အဲ့ဒါနဲ့ပဲ ရုံးအဖွဲ့သားများရယ်၊ ကျွန်မရုံးက လုပ်ဖော်ကိုင်ဖက် ညီမလေး တစ်ယောက်က မွတ်ဆလင်ဘာသာဝင်မို့လို့ သူတို့ညနေဘက် ၀ါဖြေရင် စားလို့ရအောင်လို့အတွက်ရယ် ရည်ရွယ်ပြီး ငါးဖယ်လုံးနဲ့ ကော်ရည်ချက်ပေးဖို့ ရုတ်တရက်ကြီး စီစဉ်ပေးလိုက်ပါတယ်။

          လိုအပ်တဲ့ပစ္စည်းတွေကတော့ ခေါက်ဆွဲ၊ ငါးဖယ်၊ ငါးဖယ်ရိုး၊ ပဲပြား၊ ကြွက်နားရွက်မှို၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ချင်း၊ ဟင်းခတ်မှုန့်၊ ဆား၊ သကြား၊ ရှာလကာရည်၊ ကြက်သွန်ကြော်၊ ငရုတ်ကောင်းမှုန့်တို့ပါနော်။

          အချဉ်အတွက်တော့ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစားနဲ့ ရှောက်သီး/သံပရာသီးတို့ပါနော်။ ငရုတ်သီးစိမ်းလေးတွေကို အညှာခြွေ၊ ရေဆေးပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲ ထည့်လိုက်ပါ၊ ပြီးတော့မှ ပြန်ဆယ်၊ အအေးခံပြီး မထူမပါးလေးလှီး၊ ဆားလေးနည်းနည်း၊ သကြားလေး နည်းနည်းနဲ့နယ်ပြီး ရှာလကာရည်လေးနဲ့ စိမ်ပေးထားပါနော်။ (ဒါကတော့ တစ်ညကြို လုပ်ထားရင် ပိုကောင်းပါတယ်နော်)။

          ပထမဆုံးမှာတော့ အိုးကြီးကြီးတစ်လုံးထဲမှာ ရေထည့်ပြီး ရေနွေးပွက်ပွက်ဆူအောင် တည်ပေးထားပါ။ အဲ့ဒီအချိန်မှာ ငါးဖယ်တွေကို ကြက်သွန်ဖြူချင်း၊ ဆား၊ သကြား၊ ဟင်းခတ် မှုန့်တို့နဲ့ ရောပြီး နာနာထောင်းပေးပါနော်။ ပြီးတော့မှ အလုံးလေးတွေ လုံးပေးထားပါ။ ပဲပြားကို လည်း ရေဆေးပြီး အတုံးသေးသေးလေးတွေ ဖြစ်အောင် တုံးပေးထားပါ။ ကြွက်နားရွက်မှိုကို ရေနွေးနဲ့ စိမ်၊ ရေအေးနဲ့ ဆေးပြီးတော့ မျှင်မျှင်လေးတွေ ရအောင် လှီးပေးထားပါ။ မုန်လာဥနီကို အခွံနွှာပြီး သေးသေးလေးတွေ ဖြစ်အောင် လှီးပေးထားပါ။ ကန်စွန်းရွက်တွေကိုတော့ အရိုးနဲ့ အရွက် သပ်သပ်စီ ချွေပေးထားပါနော်။ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်တို့ကိုလည်း သန့်စင်အောင် ရေဆေး၊ ရေစစ်ပြီးတော့မှ ပါးပါးလှီးပေးထား ပါနော်။

ရေနွေးပွက်ပွက်ဆူလာရင် ချင်းနဲ့ ကြက်သွန်ဖြူတို့ကို မညက်တညက်လေးထောင်းပြီး ရေနွေးအိုးထဲ ထည့်ပေးပါ။  ပြီးရင် ငါးဖယ်ရိုးတွေကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ငါးဖယ်ရိုးအိုး ပွက်ပွက်ဆူပြီဆိုရင်တော့ ငါးအရိုးတွေ မပါအောင် ရေစစ်လေးနဲ့ အချိုရည် တွေကို သေချာစစ်ယူပြီးမှ အရိုးတွေကို လွှင့်ပစ်ပေးပါနော်။ ပြီးရင် ပွက်ပွက်ဆူအောင် ထပ် တည်ပေးပါ။ ဟင်းအိုးဆူပြီ ဆိုရင်တော့ လုံးထားတဲ့ ငါးဖယ်လုံးတွေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ငါးဖယ်လုံးလေး တွေက ဟင်းရည်အိုးထဲ ထည့်လိုက်တဲ့အချိန်မှာ ကျက်ပြီ ဆိုရင် ငါးဖယ်လုံးလေးတွေက ဟင်းအိုးအပေါ်တက်လာမှာနော်။ ပြီးရင်တော့ ဟင်းရည်အိုး ထဲကို တုံးထားတဲ့ ပဲပြားရယ်၊ ကြွက်နားရွက်မှိုလေးရယ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပေးပြီး ဟင်းရည်လေး နည်းနည်းကျအောင် တည်ပေးထားပါ။ ပြီးရင်တော့ ကော်မှုန့် တွေကို ရေဖျော်ထားပြီးတော့ ဟင်းရည်အိုးထဲ ထည့်ပေးပါ။ ကော်ရည်ကို ဟင်းအိုးထဲ ထည့်တဲ့ အချိန်မှာ ကော်ရည်တွေ တစ်နေရာထဲမှာ ကျပြီး ခဲမသွားရလေအောင် ဟင်းရည်အိုးကို သတိထားပြီး မွှေပေးပါ။  ကော်ရည်တွေ ပွက်ပွက် ဆူလာအောင် တည်ပေးပါ။ ငါးဖယ်ရိုး၊ ငါးဖယ်လုံးနဲ့ ချက်ထားတာမို့ ငါးညှီနံ့ဖြစ်နေမှာကို မစိုးနဲ့နော်။ ချင်းများများ၊ ကြက်သွန်ဖြူ နိုင်နိုင်ထည့်ထားတာမို့ ငါးနံ့မလွှမ်းနေပါဘူးနော်။ ငရုတ်ကောင်းမှုန့်လေးလည်း ထည့်ပေးလို့ ရတယ်နော်။

စားခါနီးကျမှ ဟင်းရည်အိုးထဲကို မုန်လာဥနီနဲ့ ကန်စွန်းရိုးကို အရင်ထည့်ပြီး တည်ပါ။ ကန်စွန်းရွက်ကိုတော့ နောက်ဆုံး မှ ထည့်ပြီး ဆူပြီဆိုရင် အပေါ့ အငန်မြည်းပြီး ဟင်းအိုးချလို့ ရပါပြီနော်။ အသီးအရွက်ထဲမှာက ကိုယ်စိတ်ကြိုက်ဖြစ်မယ့် အသီး အရွက်တွေလည်း ထည့်လို့ ရသေးတယ်နော်။ ဥပမာ မုန်ညင်း၊ ပဲပင်ပေါက်တို့ ပန်းမုန်လာတို့ပေါ့နော်။ ဒါ့အပြင် ငုံးဥတို့ ဖက်ထုပ်တို့လည်း ထည့်ချင်ရင် ထည့်လို့ရတယ်နော်။ ကိုယ့်စိတ်ကြိုက်ပေါ့နော်။

 မီးအုံးထားတဲ့ ငါးပိစိမ်းစားထဲကို ကြက်သွန်ဖြူထောင်းလေးထည့်၊ သံပုရာရည်ရွှဲရွှဲ လေးဆမ်းပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လုံးထဲကို ခေါက်ဆွဲထည့်၊ ကော်ရည်ခပ်ထည့်၊ ငါးဖယ်လုံး၊ ပဲပြား အဆာ ပလာနဲ့ ဟင်းသီးဟင်းရွက် မျှအောင် ခပ်ထည့်ပါ။ ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်ကြော်လေးထည့်၊ ကြက်သွန် မြိတ်၊ တရုတ်နံနံလေးထည့်ပြီး ပွဲပြင်ပေးပါ။ ပြီးရင်တော့  ကင်မ်ချီလေးနဲ့ ဖြစ်ဖြစ်၊ ငါးပိထောင်း မီးကင် သံပုရာရည်ဆမ်း၊ ငရုတ်ချဉ်လေးနဲ့ တွဲဖက်ပြီး ပူပူနွေးနွေးလေး သုံးဆောင်ပါနော်။

          အရင်တစ်ခါရေးဖူးတဲ့ အသားနဲ့ ချက်တဲ့ ကော်ရည်ခေါက်ဆွဲလင့်ခ်ကလေးကတော့

Wednesday, July 21, 2010

ငရုတ်ကောင်းမုန့်ဟင်းခါးပူပူမွှေးမွှေးလေး

6 comments
 
ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ညီမလေး လေဒီပပ မက်ဆေ့ခ်ျပို့ပြီးမေးထားတဲ့ချက်နည်းလေးကို မောင်နှမအားလုံး သိရှိရအောင်လို့ မျှဝေလိုက်ရပါတယ်ရှင်။

လိုအပ်တာတွေကတော့ ငါးရွှေ ဒါမှမဟုတ် ငါးခူ၊ (ဒါမှမဟုတ်ရင်လည်း seabass)၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငံပြာရည်၊ ငါးပိစိမ်းစားအနည်းငယ်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းစေ့၊ ငရုတ်သီးအကျက်မှုန့်၊ ဆားနဲ့ ဆီအနည်းငယ်တို့ပါနော်။

ငါးကို သေချာဆေးကြောပြီး ခေါင်းဖြတ်၊ ဗိုက်ခွဲပြီးကလီစာတွေထုတ်ပစ်၊ အရိအရွဲတွေ စင်အောင် ဆေးပစ်၊ ပြီးတော့မှ ငါးကို ဆား၊ နနွင်း၊ ငါးပိစိမ်းစားအနည်းငယ်တို့နဲ့ နယ်ထားပေးပါ။ စပါးလင် အနည်းဆုံး သုံးပင်လောက်ကို အရွက်တွေကို ရေဆေး၊ သေချာဖြတ်ပစ် ပြီးတော့မှ တစ်ပတ်လျှို ထုံးပေးပါ။ စပါးလင်အရင်းပိုင်းကိုလည်း ရေစင်အောင် ရွက်ကျိုရွက်ကြား သေချာဆေးကြောပြီး ဓားနောင့်နဲ့ ခပ်နာနာလေး ထုပေးလိုက်ပါ။ ပြီးတော့မှ ငါးပြုတ်တဲ့အခါ ရောပြုတ်ဖို့ အသင့်ပြင်ပေးထားပါ။ ငါးပြုတ်ဖို့အသင့်ဖြစ်ပြီ ဆိုရင်တော့ မီးဖို ပေါ်မှာ မီးအားပုံမှန်နဲ့ပဲ ငါးပြုတ်အိုးတည်ပေးပါ။ ငါးပြုတ်အိုးထဲကို နယ်ထားတဲ့ငါး၊ စပါးလင်၊ ငံပြာရည်အနည်းငယ်နဲ့ ရေကို အနည်းဆုံး ငါးမြုပ်တဲ့အထိ ထည့်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ကို တစ်ဘက်က ကျက်ပြီဆိုရင် ဟိုဘက်လှန်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ရပြီဆိုရင်တော့ ငါးပြုတ်ရည်ထဲကနေ ငါးကိုဆယ်ယူပြီး အအေးခံထားပါ။
ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံသင်ရမှာသင်၊ ရေဆေးရမှာကို ဆေးပြီးရင် စပါးလင်ကို ပါးပါးလှီး၊ ချင်းကိုလည်း အခွံသင်ပြီး မထူမပါးလှီးပေးထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း အခွံသင်ပြီး ဆီချက်ကြော်ဖို့အတွက် ပါးပါးလှီး သင့်တာလှီး၊ ဟင်းအိုးထဲထည့်ဖို့အတွက် ချင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူနီကို အတူရော ထောင်းဖို့လည်း ဖယ်သင့်တာဖယ်ပြီးတော့မှ ကြက်သွန်နီဥ ခပ်သေးသေးလေးတွေကို မုန့်ဟင်းရည်ထဲ ထည့်ခပ်ဖို့ အခွံနွှာရေဆေးပြီး သီးသန့်ဖယ်ထားပေးပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းစေ့ ကို ထောင်းပေးထားပါနော်။ မုန့်ဟင်းခါးအိုးထဲထည့်ချက်မယ့် အဆာပလာ တွေ ပြင်ထားပြီးရင်တော့ ငါးအရိုးနွှင်ပါနော်။ အသားတွေကို သီးသန့်ဖယ်ထားပြီး ငါးအရိုး တွေကို ငရုတ်ဆုံလေးထဲအသာထည့်ထောင်းပြီး အရိုးတွေကို ရေဇလုံလေးထဲထည့်ပြီး ရေငင်ယူပါနော်။

အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတည် ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးထည့်၊ ပြီးတော့ ပါးပါးလှီးထားတဲ့ကြက်သွန်ဖြူ တွေထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီချက်ကြော်ပါ။ ဆီချက်ကြော်နေစဉ်မှာ မွှေရင်းနဲ့ ကြက်သွန်အရောင်လေးရဲလာပြီဆိုရင် မီးပိတ်၊ ဆီချက်အိုး မီးဖိုပေါ်ကချပြီး ဆီအပူရှိန်နဲ့ ဆီချက်ကျက် အောင်ထားလိုက်ပါနော်။ ပြီးတော့မှ ပန်းကန်လုံး လေးထဲ ဆီချက်တွေကို ပြောင်း ထည့်ပေးပါ။ ပြီးရင် ဒယ်အိုးထဲကို ဆီလေးနည်းနည်း ထပ်ဖြည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ထဲက သုံးပုံနှစ်ပုံကို အရိုးနွှင်ပြီးသား ငါးသုံးပုံနှစ်ပုံဖြင့်ရောကာ ဆီသတ်ပြီး သီးသန့်ဖယ်ပေးပါနော်။

မုန့်ဟင်းရည်အိုးပြင်ရအောင်နော့့်  အိုးထဲမှာ ငါးပြုတ်ရည်ထည့်ပါ။ ပြီးလျှင်ရေထပ်ထည့်ပါ။ ပြီးရင် ဖယ်ထားတဲ့ ငါးနှင့်စပါးလင်ဂျင်း ကြက်သွန်ဖြူနီတို့ကိုထည့်ပြီးတည်ပေးပါ။ ဆား၊ ငံပြာရည်၊ ဟင်းချိုမှုန့်ထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဆီသတ်ထားသော ငါးများကိုထည့် ပါ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်ကောင်းကြက်သွန်ဖြူထောင်း ကို ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဟင်း အပေါ့အငံကို မြည်းကြည့် ပါ။ ကြက်သွန်နီအစိမ်းလေးများကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ အဲ့ဒါဆိုရင်တော့ ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ မုန့်ဟင်း ရည်အိုးရပြီနော်။ (ကြိုက်တတ်ရင်တော့ ဆန်လှော်မှုန့်၊ ရွှေကြည်မှုန့်တို့ ထည့်လို့ရပါတယ်နော်)။

ကျွန်မကတော့ ငရုတ်ကောင်းမုန့်ဟင်းခါးကို မုန့်ဖတ်သုပ်နဲ့ တွဲပြီး ဟင်းရည်များများလေး သောက်ရတာကို ပိုနှစ်သက်မိလို့ပါ။ အားပေးကြပါဦးနော်။ ရာသီဥတုကြောင့် ကွေးချင်သလိုလိုဖြစ်နေတဲ့ ကျွန်မရဲ့ မောင်နှမတွေအတွက် အဆင်ပြေသွားတယ်လေ။ ငရုတ်ကောင်းလေးနဲ့မို့ အခိုးတွေ အကုန်ပွင့်ကုန်ရော။ မောင်နှမတို့လည်း တစ်ခါတလေ အပြောင်းအလဲလေးဖြစ်အောင်လို့ ငရုတ်ကောင်းမုန့်ဟင်းခါးလေး ချက်စားကြည့်ကြပါဦးနော်။

Wednesday, May 19, 2010

မော်တလိန်းဂျက်ဆင်အလွမ်း

11 comments

ကျွန်မချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မအလယ်တန်းနဲ့ အထက်တန်းကျောင်း တက်စဉ်ကာလမှာ နေ့လည် မုန့်စားဆင်းချိန်မှာ စားဖြစ်ခဲ့တဲ့ ငှက်ပျောအူနိုင်းချင်းနဲ့ ချက်ထားတဲ့ မော်လမြိုင် မုန့်ဟင်းခါးလေး ချက်ကျွေးပါရစေဦးနော်။

ကျွန်မ မူလတန်းကျောင်းပြီးတော့ အလယ်တန်း တက်ရတော့မယ်ဆိုတော့ မော်လမြိုင်မှာ မော်တလိန်းဂျက်ဆင်လို့ လူသိများကြတဲ့ အမှတ် (၆) အ.ထ.က ကို ပြောင်းတက်ရတယ်လေ။ အဲ့ဒီကျောင်းမှာ နေ့လည် မုန့်စားဆင်းချိန်ဆိုရင် ကြက်ပတေ (http://lulucooking.blogspot.com/2008/05/blog-post.html မှာ ရေးဖူးပါတယ်နော်) ဒါမှမဟုတ် မုန့်ဟင်းခါးဟင်းရည်ကို အမြဲတမ်း ဝယ်စားနေကျလေ။

ကျွန်မတို့ကျောင်းမှာ နေ့လည် မုန့်စားဆင်းချိန်ဆို မုန့်ဈေးတန်းမှာ အသုပ်၊ မြန်မာမုန့်၊ အချဉ်ထုပ်၊ သကြားလုံး စတာတွေအပြင် မုန့်ဟင်းခါးရည်ကို သပ်သပ်ရောင်းတဲ့ ဆိုင်လေးလေးရှိတယ်လေ။ မုန့်ဟင်းခါးဟင်းရည်တစ်ပွဲ (၂၅ ပြားပဲ ပေးရတယ်) လို့ မှာလိုက်ရင် အဲ့ဒီဟင်းရည်ထဲမှာ မန်ကျည်းရည်လေး ထည့်ပေးတယ်၊ ပြီးတော့ ငရုတ်သီး အကျက်မှုန့်လေးရယ်၊ ကြက်သွန်ဖြူ ဆီချက်ကြော်လေးရယ်၊ နံနံပင်လေး၊ ပူစီနံ၊ ပဲသီး စသဖြင့် ရာသီပေါ်အလိုက် ထည့်ပေးတယ်နော်။ မုန့်ဟင်းခါးဟင်းရည်က ငါးရယ်၊ ငှက်ပျောအူကို ငှက်ပျောခေါင်းပါ ပါအောင်ချက်ထားတာ၊ ငှက်ပျောအူ၊ ငှက်ပျောခေါင်း ကလည်း နူးအိပြီး အရသာကို ရှိနေတာပဲ။ ကျွန်မရဲ့ အစ်ကိုဆို သိပ်ကြိုက်တာ။ တစ်နေ့ကျတော့ ကျွန်မတို့ မောင်နှမတွေ စုံတုန်း အစ်ကိုက တို့ငယ်ငယ်တုန်းက စားခဲ့တဲ့ ငှက်ပျောအူနိုင်းချင်း မုန့်ဟင်းခါးလေး ချက်စားကြရအောင်တဲ့လေ။ လုပ်လိုက်လေ ကြာသလားလို့ပေါ့နော်။ အဲ့ဒါနဲ့ပဲ မောင်နှမတွေ တစ်ယောက်တစ်လက်နဲ့ ဝိုင်းချက်လိုက်တာ ငါးနဲ့ ငှက်ပျောအူ နိုင်းချင်း ချက်ထားတဲ့ မော်လမြိုင်မုန့်ဟင်းခါးလေး ကျက်သွားပါလေရောလေ။ ဒီချက်နည်းလေးကိုလည်း ငှက်ပျောအူကြိုက်တတ်ပြီး ငှက်ပျောအူလည်း ဝယ်ရလွယ်တဲ့ ဒေသမှာရှိတဲ့ မောင်နှမတွေ ချက်စားလို့ရအောင် မျှဝေပါရစေဦးနော်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ငါးရွှေ ဒါမှမဟုတ် ငါးခူ၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောအူ (ခေါင်းအပါအဝင်)၊ ငံပြာရည်၊ ငါးပိစိမ်းစားအနည်းငယ်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဆားနဲ့ ဆီအနည်းငယ်တို့ပါနော်။ မုန့်ဟင်းခါးနဲ့ တွဲဖက်စားသုံးမယ့် ပဲကြော် (http://lulucooking.blogspot.com/ 2008/08/blog-post_26.html မှာ ရေးဖူးပါတယ်နော်)၊ ဘဲဥပြုတ်၊ မုန့်ဟင်းခါးဖတ်၊ နံနံပင်နဲ့ ပဲတောင့်ရှည်တို့လည်း ပါပါတယ်နော်။

ငါးကို သေချာဆေးကြောပြီး ခေါင်းဖြတ်၊ ဗိုက်ခွဲပြီးကလီစာတွေထုတ်ပစ်၊ အရိအရွဲတွေ စင်အောင် ဆေးပစ်၊ ပြီးတော့မှ ငါးကို ဆား၊ နနွင်း၊ ငါးပိစိမ်းစားအနည်းငယ်တို့နဲ့ နယ်ထားပေးပါ။ စပါးလင် အနည်းဆုံး သုံးပင်လောက်ကို အရွက်တွေကို ရေဆေး၊ သေချာဖြတ်ပစ်ပြီးတော့မှ တစ်ပတ်လျှို ထုံးပေးပါ။ စပါးလင်အရင်းပိုင်းကိုလည်း ရေစင်အောင် ရွက်ကျိုရွက်ကြား သေချာဆေးကြောပြီး ဓားနောင့်နဲ့ ခပ်နာနာလေး ထုပေးလိုက်ပါ။ ပြီးတော့မှ ငါးပြုတ်တဲ့အခါ ရောပြုတ်ဖို့ အသင့်ပြင်ပေးထားပါ။ ငါးပြုတ်ဖို့အသင့်ဖြစ်ပြီ ဆိုရင်တော့ မီးဖိုပေါ်မှာ မီးအားပုံမှန်နဲ့ပဲ ငါးပြုတ်အိုးတည်ပေးပါ။ ငါးပြုတ်အိုးထဲကို နယ်ထားတဲ့ငါး၊ စပါးလင်၊ ငံပြာရည်အနည်းငယ်နဲ့ ရေကို အနည်းဆုံး ငါးမြုပ်တဲ့အထိ ထည့်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ကို တစ်ဘက်က ကျက်ပြီဆိုရင် ဟိုဘက်လှန်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ရပြီဆိုရင်တော့ ငါးပြုတ်ရည်ထဲကနေ ငါးကိုဆယ်ယူပြီး အအေးခံထားပါ။

ငှက်ပျောအူကိုလည်း အပြင်ခွံက အမျှင်တွေ သင်ပစ်ပြီး ခပ်ပါးပါးလှီးပေးပါနော်။ ငှက်ပျောအူတွေ မည်းမသွားရအောင် အိုးတစ်လုံးထဲ ရေထည့်၊ ပြီးတော့ နနွင်းမှုန့်လေး ထည့်ပြီး လှီးပြီးသား ငှက်ပျောအူတွေကို အစေးတွေ ထွက်သွားအောင်လို့ စိမ်ထားပေးနိုင်ပါ တယ်နော်။ ပြီးရင်တော့ ငှက်ပျောအူတွေကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပထမ တစ်ရည် ပွက်ပွက်ဆူရင် သွန်ပစ်ပြီး၊ နောက်တစ်ရည်ကျမှ ငှက်ပျောအူတွေ နူးအိသွားအောင် တည်ပေးပါနော်။ ငှက်ပျောအူတွေ နူးအိသွားပြီဆိုရင် အရည်တွေ သွန်ပစ်၊ ရေအေးအေးနဲ့ ဆေးပြီး ရေစစ်ပေးထားပါနော်။

ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံသင်ရမှာသင်၊ ရေဆေးရမှာကို ဆေးပြီးရင် စပါးလင်ကို ပါးပါးလှီး၊ ချင်းကိုလည်းအခွံသင်ပြီး မထူမပါးလှီးပေးထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း အခွံသင်ပြီး ဆီချက်ကြော်ဖို့အတွက် ပါးပါးလှီး သင့်တာလှီး၊ ဟင်းအိုးထဲထည့်ဖို့အတွက် ချင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူနီကို အတူရော ထောင်းဖို့လည်း ဖယ်သင့်တာဖယ်ပြီးတော့မှ ကြက်သွန်နီဥ ခပ်သေးသေးလေးတွေကို မုန့်ဟင်းရည်ထဲ ထည့်ခပ်ဖို့ အခွံနွှာရေဆေးပြီး သီးသန့်ဖယ်ထားပေးပါနော်။

မုန့်ဟင်းခါးအိုးထဲထည့်ချက်မယ့် အဆာပလာတွေ ပြင်ထားပြီးရင်တော့ ငါးအရိုးနွှင် ပါနော်။ အသားတွေကို သီးသန့်ဖယ်ထားပြီး ငါးအရိုးတွေကို ငရုတ်ဆုံလေးထဲ အသာထည့်ထောင်းပြီး အရိုးတွေကို ရေဇလုံလေးထဲထည့်ပြီး ရေငင်ယူပါနော်။

အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတည် ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့် လေးထည့်၊ ပြီးတော့ ပါးပါးလှီးထားတဲ့ကြက်သွန်နီတွေထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီချက်ကြော်ပါ။ ဆီချက်ကြော်နေစဉ်မှာ မွှေရင်းနဲ့ ကြက်သွန်အရောင်လေးရဲလာပြီဆိုရင် မီးပိတ်၊ ဆီချက်အိုး မီးဖိုပေါ်ကချပြီး ဆီအပူရှိန်နဲ့ ဆီချက်ကျက် အောင်ထားလိုက်ပါနော်။ ပြီးတော့မှ ပန်းကန်လုံးလေးထဲ ဆီချက်တွေကို ပြောင်းထည့်ပေးပါ။ (ကြက်သွန်ဖြူနီ ဆီချက် ချက်နည်းလင့်ခ်က http://lulucooking.blogspot.com/2009/09/blog-post.html ဒီမှာပါ နော်။)

ပြီးရင် ဒယ်အိုးထဲကို ဆီလေးနည်းနည်းထပ်ဖြည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ထဲက သုံးပုံနှစ်ပုံကို အရိုးနွှင်ပြီးသား ငါးသုံးပုံနှစ်ပုံဖြင့်ရောကာ ဆီသတ်ပြီး သီးသန့်ဖယ်ပေးပါနော်။

မုန့်ဟင်းရည်အိုးပြင်ရအောင်နော့့်  အိုးထဲမှာ ငါးပြုတ်ရည်ထည့်ပါ။ ပြီးရင်ရေထပ်ထည့်ပါ။ ဆီမသတ်ဘဲ ဖယ်ထားသော ငါးနှင့်စပါးလင်ဂျင်း ကြက်သွန်ဖြူနီ တို့ကိုထည့်ပြီးတည်ပေးပါ။ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်ပါ။ ပွက်ပွက်ဆူလာရင် ဆီသတ်ထားတဲ့ ငါးတွေကိုထည့်ပေးပါနော်။ ပြီးရင် ငှက်ပျောအူတွေကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင် ဟင်းရည်အပေါ့အငံကို မြည်းကြည့်ပါ။ ကြက်သွန်နီအစိမ်းလေးများကို ထည့်ပါ။ ကြိုက်တတ်ရင် ငရုတ်ကောင်း မှုန့်အနည်းငယ် ထည့်ပါ။ အဲ့ဒါဆိုရင်တော့ မုန့်ဟင်းရည်အိုးရပြီနော်။

မြန်မာပြည်မှာတော့ မုန့်ဖတ်ဝယ်ရတာ လွယ်တယ်လေ။ ပြည်ပက မောင်နှမ များအတွက် မုန့်ဖတ်ပြုတ်ဖို့က ပထမဦးဆုံးအိုးထဲမှာ ရေထည့် ပွက်ပွက်ဆူအောင်တည်ပါ။ မုန့်ဖတ်ရဲ့အပျော့အမာကို မသိသေးတဲ့အတွက် ပထမအကြိမ်တွင် မုန့်ဖတ်အနည်းငယ်ကိုပဲ ထည့်ပြုတ်ပါနော်။ ပြီးလျှင်မုန့်ဖတ်ကိုမွှေပေးပါ။ မမွှေမိရင် မုန့်ဖတ်တွေပူးကပ်သွားပြီး မနပ်ဘဲ စားမရဖြစ်သွားတတ်ပါတယ်။ သတိထားပြီး မုန့်ဖတ်ကိုပြုတ်ပြီး ရေအေးအေးဖြင့် ဆေးပါ။ စကာနဲ့စစ်သည့်အခါ မုန့်ဖတ်အေးနေအောင် ရေဆေးပြီးမှ စစ်ပါ။ မုန့်ဖတ်ကို သတိထား ပြုတ်ပါနော်။ မုန့်ဖတ်အေးသည်အထိ ရေဆေးရန်သတိပြုပါ။ အနွေးဓာတ်ကျန်နေပါက မုန့်ဖတ်များ ပူးသွားပြီး စားမကောင်းဖြစ်တတ်ပါတယ်နော်။

နံနံပင်၊ ကြက်သွန်မြိတ်၊ ပဲသီးတို့ကို ရေစင်အောင်ဆေးကာ အလောတော်လှီးထားပါ။ ကြက်ဥပြုတ်များ လှီးထားပါ။ ငရုတ်သီးအကျက်မှုန့်များပြင်ထားပါ။ ငံပြာရည်ချထားပါ။ သံပုရာသီးများစိတ်ထားပေးပါ။ ကိုယ်နှစ်သက်မယ့် အရသာဖြစ်အောင် ပြင်ဆင်ပြီး စားပေါ့နော်။
မုန့်ပွဲပြင်ဖို့ ပန်းကန်တစ်လုံးယူ၊ မုန့်ဖတ်ထည့်၊ ဟင်းရည်ပူပူလေးထည့်၊ ပြီးတော့မှ အပေါ်ကနေ ဆီချက်ထည့်၊ နံနံပင်၊ ပဲသီး၊ ငရုတ်သီးအကျက်မှုန့်၊ ဘဲဥ၊ ပဲကြော်၊ ငံပြာရည်လေး နည်းနည်းထည့်၊ သံပုရာရည်လေး ညှစ်ထည့်လိုက်ပါတယ်။ အဲ့ဒါဆိုရင်တော့ မော်လမြိုင်မုန့်ဟင်းခါးလေး ရပါပြီနော်။

ဒီတစ်ခါတော့ ငှက်ပျောအူနိုင်းချင်း၊ ငါးအရသာ ချိုချိုလေးနဲ့ မော်လမြိုင်မုန့်ဟင်းခါး ရပါပြီနော်။ မုန့်ဟင်းခါးတစ်ပွဲ စားပြီးရင်တော့ ငှက်ပျောအူများများနဲ့ မုန့်ဟင်းခါးရည်တစ်ပွဲလောက်တော့ သောက်ဦးမယ်လေနော်။ မော်တလိန်း အလွမ်းပြေပေါ့နော်။ မောင်နှမများအားလုံးကိုလည်း ငှက်ပျောအူနိုင်းချင်းနဲ့ချက်ထားတဲ့ မော်လမြိုင်မုန့်ဟင်းခါးလေး လာစားလှည့်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Friday, March 19, 2010

ပန်းသေးခေါက်ဆွဲကြော်

9 comments
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို ပန်းသေး ခေါက်ဆွဲကြော်လေး လုပ်ကျွေးပါရစေနော်။ စီဘောက်စ်ကနေတဆင့် မဆင့်က မေးထားတာ တော်တော်ကြာကြာရှိပြီမို့ စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့ မဆင့်အတွက်ရော မောင်နှမများအားလုံးအတွက် ရော မျှဝေပေးလိုက်ပါတယ်နော်။
ပန်းသေး တရုတ်နဲ့မွတ်ဆလင်တို့ ပေါင်းစပ်ထားတဲ့လူမျိုးတွေကို ခေါ်တယ်လို့ ယေဘုယျအားဖြင့် ကျွန်မ သိထားတာပါနော်။ ကျွန်မအသိမှားနေတယ်ဆိုရင်လည်း ပြင်ဆင်ဖြည့်စွက်ပေးဖို့ ဒီနေရာကနေပဲ မောင်နှမများကို တောင်းဆိုပါတယ်နော်။

ပန်းသေးခေါက်ဆွဲဆိုတာကို ပန်းသေးလူမျိုးတွေအဓိက စားသုံးကြတဲ့အစားအစာတစ်မျိုးလို့ ကျွန်မ ယူဆပါတယ်။ ကျွန်မ ၇ တန်းတုန်းက မေမြို့ကို ရောက်တဲ့အခါတုန်းက ပန်းသေးခေါက်ဆွဲကြော်ကို စပြီး စားခဲ့ဖူး ပါတယ်။ နောက်ပိုင်း ရန်ကုန်မှာလည်း ပန်းသေးခေါက်ဆွဲကြော်ဆိုတာတွေကို လှည်းလေးတွေနဲ့ တွန်းရောင်းတဲ့ ဆိုင်တွေမှာ တွေ့ဖူးသလို၊ မြို့ထဲမှာလည်း ဆိုင်ကြီးကြီးတွေမှာ ရောင်းတာကို စားဖူးခဲ့ပါတယ်။

ပန်းသေးခေါက်ဆွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ခေါက်ဆွဲ အစို၊ ကြက်ရင်ပုံသား ဒါမှမဟုတ် အရိုးဖယ်ထားတဲ့ ကြက်ပေါင်သား၊ တိုဟူးပဲပြား၊ ကြက်ဥ၊ ထိုင်ဝမ် မုန်ညင်း (baby bok choy)၊ မုန်လာဥနီ၊ သံပရာသီး၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးအရောင်မှုန့်၊ ဟင်းချက်အနှစ် (curry paste or curry powder)၊ ငံပြာရည်၊ လေးညင်းပွင့် (clove) အနည်းငယ်၊ ငရုတ်ကောင်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ ပါနော်။

ခေါက်ဆွဲအစိုမရခဲ့ဘူးဆိုရင်လည်း ကြက်ဥခေါက်ဆွဲကို ပြုတ်ပြီး သုံးလို့ရပါတယ်နော်။ ခေါက်ဆွဲပြုတ် မယ့်အခါကျရင် အိုးတစ်လုံးထဲ ရေထည့်၊ ပွက်ပွက်ဆူအောင်တည်၊ ရေနွေးဆူလာရင် ခေါက်ဆွဲထည့်ပြီးပြုတ်၊ ငါးမိနစ်လောက်ကြာရင် ခေါက်ဆွဲနူးလောက်ပြီဆိုရင် ခေါက်ဆွဲဖတ်တွေကို ရေအေးအေးနဲ့ ဆေးပြီး စစ်ထားပေးပါနော်။ ခေါက်ဆွဲဖတ်တွေ ကပ်မသွားရအောင်လို့ ရေစစ်သွားပြီးတဲ့ အခါကျရင်တော့ ဆီလေးနဲ့ နည်းနည်းလူးပေးထားပါနော်။

ကြက်သားဟင်းချက်ဖို့ ပြင်ကြရအောင်နော်။ ကြက်သားကို သန့်စင်အောင်ဆေးကြောပြီးတဲ့အခါ ကြက်သားကို လက်သုံးလုံးအရွယ်လောက် တုံးပေးထားပါ။ တိုဟူးပဲပြားကိုလည်း ခပ်ထူထူလေး လှီးပေးထားပါ။ ပြီးရင် ကြက်သားရယ် ပဲပြားရယ်ကို ဇလုံတစ်ခုစီမှာ ထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်နဲ့ နယ်ပေးထားပါနော်။ ကြက်သွန်ဖြူနီကို အခွံနွှာ ရေဆေးပြီးတဲ့ အခါကျရင် အဖြူအနီတို့ကို နုတ်နုတ်စင်းပေးထားပါနော်။ ချင်းကိုခြစ်ထားပေးပါနော်။ လေးညှင်းပွင့်နဲ့ ငရုတ် ကောင်းတို့ကိုလည်း အမှုန့် ကြိတ်ပေးထားပါနော်။ ကြက်ဥကိုလည်း ခလောက်ထားပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ်ထည့်၊ ပြီးရင် ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ လေးညှင်းပွင့်နဲ့ ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သွန်တွေ နွမ်းလာပြီ ဆိုရင်တော့ ရေနွေးလေးနဲ့ ဖျော်ထားတဲ့ ငရုတ်သီးအရောင်မှုန့်ရယ်၊ ဟင်းချက်အနှစ်ရယ်၊ ငံပြာရယ်အနည်းငယ် ရယ်ထည့်ပြီး ဆီသတ်ပေးပါနော်။ ပြီးရင်တော့ ကြက်သားတွေကို ထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သားထဲက ထွက်လာတဲ့ အရည်ခမ်းပြီဆိုရင်တော့ ပဲပြားတွေထည့်ပြီး အသာလေးမွှေပေးပါ။ ပြီးရင် ရေကိုနည်းနည်းချင်းစီ ထည့်ပြီး ကြက်သားနူးအောင်တည်၊ ကြက်သားနူးပြီဆိုရင် အရသာအပေါ့အငန်ကိုမြည်းပြီး ရေနွေးလေး နည်းနည်းထပ်ထည့်၊ ဆူအောင်တည်ပြီး ကြက်သားဟင်းကို ရေကျန်ဆီကျန် အချိန်လေးမှာပဲ မီးဖိုပေါ်က ချလိုက်ပါနော်။ ဟင်းချက်အနှစ်က spices မျိုးစုံပါတာမို့ ကြက်သားဟင်းနံ့လေးက သင်းနေသလို ငရုတ်ရောင်ရဲရဲလေး နဲ့ ဆီကျန်ရေကျန်ချက်ထားတာမို့ ကြက်သားဟင်းလေးက စားချင်စဖွယ်လေး ဖြစ်နေပါတယ်။

ခေါက်ဆွဲကြော်ဖို့ ပြင်ကြရအောင်နော်။ ကြက်သွန်နီကို လေးစိပ်ထိုးပေးထားပါနော်။ ထိုင်ဝမ်မုန်ညင်းကို ရေစင်အောင်ဆေးပြီး ခပ်ရှည်ရှည်လေး လှီးပေးထားပါ၊ မုန်လာဥနီကိုလည်း အခွံနွှာ ရေဆေးပြီးတော့ ခပ်သေးသေးလှီးပေးထားပါနော်။ နံနံပင်ကို လည်း သန့်စင်အောင် ရေဆေး၊ ရေစစ်ပြီး ခပ်းပါးပါး လှီးပေးထားပါနော်။ သံပရာသီးကိုတော့ အစိပ်လေးတွေ ရအောင် လှီးပေးထားပါနော်။

ခေါက်ဆွဲကြော်ဖို့အတွက် ပြင်ကြရအောင်နော်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်ဥကို ထည့်ကြော်ပေးပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်ဖယ်ထားပါနော်။ ပြီးရင် ဆီနည်းနည်းထပ်ထည့်ပြီးတော့ ကြာသွန်နီကို အရင်ဆီသတ်ပေးပါ။ ကြက်သွန်နီနွမ်းပြီဆိုရင်တော့ မုန်လာဥနီ၊ မုန်ညင်းစိမ်းတို့ကို ထည့်ပြီး ကြော်ပေးပါ။ ဆား၊ ဟင်းခတ်မှုန့်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။ အရွက်တွေ နွမ်းပြီဆိုရင်တော့ ခေါက်ဆွဲတွေထည့်ပြီး အားလုံးသမအောင် ရောမွှေကြော်ပေး ပါနော်။ ပြီးရင်တော့ အရသာ အပေါ့အငန်ကို မြည်း လိုအပ်တာ ထပ်ဖြည့်ပြီး စိတ်ကြိုက်အရသာဖြစ်ပြီဆိုရင် ခေါက်ဆွဲကြော် ရပါပြီနော်။ (ကျွန်မ တစ်ခါစားဖူးတဲ့ ပန်းသေးခေါက်ဆွဲကြော်ဆိုင်ကတော့ ကြက်သားဟင်းအရည်ကို ခေါက်ဆွဲကြော်တဲ့အထဲ ထည့်ပြီး ကြော်ပါတယ်၊ အဲ့ဒီနည်းက ကျွန်မပိုသဘောကျမိပါတယ်၊ ကြက်သားဟင်းအနှစ်က အနံ့နဲ့ အရသာတွေ ခေါက်ဆွဲထဲ ပိုနှံ့ပြီး ပိုစားကောင်းတာမို့ပါနော်။)

စားပွဲပြင်မယ်ဆိုရင်တော့ ခေါက်ဆွဲကြော်ကို ပန်းကန်ထဲထည့်၊ ပြီးရင် ကြက်သားဟင်းရည်လေးကို ဆမ်း၊ ပြီးတော့ ကြက်ဥ ကြော်ကို ထည့်၊ အပေါ်ဆုံးက ကြက်သားနဲ့ ပဲပြားတုံး လေးတွေကို ထည့်ပေးပါနော်။ ပြီးတော့မှ နံနံပင်လေးဖြူးပြီး သံပုရာသီး စိပ်လေး ထည့်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပန်းသေးခေါက်ဆွဲကြော် ရပါပြီရှင်။

မဆင့်လည်း ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။ ချစ်သော မောင်နှမများအားလုံးလည်း ဒီပိတ်ရက်မှာ သူငယ်ချင်းတွေ၊ မိသားစုများနဲ့ ပန်းသေးခေါက်ဆွဲကြော်လေး လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေနော်။ ကျွန်မရဲ့ ပန်းသေးခေါက်ဆွဲကြော်နည်းနဲ့ မတူတဲ့နည်းများရှိရင်လည်း မောင်နှမများဆီက အကြံဥာဏ်များလည်း ပေးခဲ့ကြပါဦးလို့ ဖိတ်ခေါ်ပါတယ်နော်။

ဟင်းပွဲဓာတ်ပုံတော့ မရှိဘူးနော်။ စိတ်မဆိုးပါနဲ့နော်။

Friday, March 12, 2010

ဂဏန်းပေါင်း

7 comments

             ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို  ကဏန်းပေါင်း လေး လုပ်ကျွေးပါရစေဦးနော်။ 

            ကဏန်းပေါင်းလုပ်ရတာ အရမ်းကို လွယ်ကူလှပြီး စားလို့ကောင်းတာမို့ မောင်နှမတွေကို လက်ဆင့်ကမ်း မျှဝေလိုက်တာပါနော်။

            လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း၊ အချဉ်လုပ်ဖို့အတွက် တရုပ်နံနံ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အနည်းငယ်၊ ဆား၊ သကြားအနည်းငယ်နဲ့ သံပရာသီးတို့ပါနော်။

            ကဏန်းကို ဘရှပ်နဲ့ တိုက်ချွတ်ပြီး ရေနဲ့သန့်စင်အောင်ဆေးကြောပါတယ်။ ပြီးရင် ခြေချောင်းလေး တွေရဲ့ အဖျားပိုင်းတွေကို ဖယ်ပစ်ပါတယ်။ ပြီးတော့ ကဏန်းကို ပက်လက်လှန်လိုက်ပြီး  တြိဂံပုံလေးလိုဖြစ်နေတဲ့ အပိုင်းကို ဖယ်ရှားပစ်လိုက်ပါတယ်နော်။ ပြီးရင် ဂဏန်းရဲ့ အခွံမာကို ခွာပစ်ပြီး ပါးဟက်လိုဟာတွေကို ဖယ်ရှားပစ်ပါတယ်။ ပြီးတော့မှ သန့်စင်အောင် ရေနဲ့ ပြန်ဆေးပါတယ်နော်။

            ကဏန်းပေါင်းဖို့အတွက် ပေါင်းအိုးထဲ ရေထည့်ပါတယ်။ ပြီးတော့မှ အပေါ်ကနေ ဇကာလေး တင်ပြီး ကဏန်းတွေကို စီစီရီရီထည့်ပါနော်။ ပြီးရင် အဖုံးအုပ်ပြီး စပေါင်းပါတယ်။ ၁၅ မိနစ်လောက်ကြာရင် ကဏန်းတွေ နီရဲလာတာကို တွေ့ရပါမယ်နော်။ အဲ့ဒီအချိန်ကျရင် ကဏန်းတွေကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပါတယ်နော်။ ပြီးတော့ ၁၀ မိနစ် ထပ်ပေါင်းပါတယ်နော်။ ၁၀ မိနစ်ပြီးရင်တော့ ကောင်းမွန်စွာ ကျက်နေပြီဖြစ်တဲ့ ကဏန်းပေါင်းကို ရရှိမှာ ဖြစ်ပါတယ်နော်။ 

            အချဉ်အတွက် တရုတ်နံနံရယ်၊ ကြက်သွန်ဖြူရယ်၊ ငရုတ်သီးစိမ်းရယ်ကို သန့်စင်အောင် ရေဆေးပြီးတော့ ပါးပါးလေးတွေ ရအောင်လှီးပါတယ်။ ရလာတာကို ပဲငံပြာရည်အနည်းငယ်၊ ဆားနဲ့ သကြားအနည်းငယ်စီ ထည့်ပါတယ်နော်။ ပြီးရင် သံပရာရည်ကို ထည့်ပြီး ကောင်းမွန်စွာ သမအောင် ရောမွေပေး ပါတယ်နော်။ တကယ်လို့ တရုတ်နံနံ အနံ့ကို မကြိုက်တဲ့သူဆိုရင်တော့ နံနံပင်ထည့်လို့ရသလို၊ မကြိုက်ရင်လည်း ငရုတ်သီးစိမ်း ကြက်သွန်ဖြူနဲ့ပဲ လုပ်လည်းရပါတယ်နော်။

            အချဉ်လည်း အသင့်ဖြစ်ပြီဆိုရင်တော့ ကဏန်းပေါင်း ပူပူနွေးနွေးလေးကို ချဉ်ငံစပ်အရသာလေးနဲ့ မွှေးကြိုင်လှတဲ့ အချဉ်လေးနဲ့ အသင့်သုံးဆောင်နိုင်ပါပြီနော်။

            ပုံလေးကတော့ အင်ဒိုနီးရှားအမေကို မနေ့ညက လုပ်ကျွေးခဲ့တဲ့ ဂဏန်းပေါင်းလေးပါနော်။ ကဏန်းအပြင် ပင်လယ်စာကြိုက်တတ်တဲ့သူများအနေနဲ့ ပုစွန်၊ ခရု စတာတွေကိုလည်းအခုလိုပဲ ပေါင်းစားရင် သိပ်ပြီး အရသာရှိလှပါတယ်နော်။ 

            ပင်လယ်စာကြိုက်တတ်တဲ့ မောင်နှမများ၊ ပင်လယ်စာနဲ့ တည့်တဲ့မောင်နှမများ တစ်ခါတလေ အပျင်းပြေ ကဏန်းပေါင်းလေး လုပ်စားကြည့်ပါဦးနော်။

Friday, March 5, 2010

ချပါတီလား ပူရီလား

5 comments

အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါလို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်ဝိုင်းတော်သားများအားလုံးက နှုတ်ခွန်း ဆက်သပါတယ်ရှင်။ ဒီနေတော့ မောင်နှမများကို နံနက်ခင်းအဆာပြေ စားလို့ရအောင်၊ မိသားစုတွေ မောင်နှမတွေ စုံရင် တစ်ခုခု လုပ်စားလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ အိန္ဒိယအစားအစာတစ်ခုဖြစ်တဲ့ ချပါတီ လုပ်စားကြရအောင်နော်။

ချပါတီလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဂျုံမှုန့် လက်ဖက်ရည် ပန်းကန်လုံး သုံးလုံး၊ ဆီ ဒါမှမဟုတ် ထောပတ် (ဂီး) စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း (ဒိန်ချဉ်မသုံးချင်ရင်တော့ စားဆိုဒါ လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းဖျားလေးယူပြီး ထည့်ပေးပါ)၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေနွေးနွေးလေး (လက်အပူခံနိုင်မယ့် အနွေးဓာတ်) လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးတို့ပါနော်။

ဂျုံမှုန့်ရယ်၊ ဆားရယ်၊ ဒိန်ချဉ်တို့ရယ်ကို သမအောင် ရောပြီး ရေကို နည်းနည်းချင်းစီထည့်ပြီး သမအောင် နယ်ပေးပါ။ ဂျုံနယ်တဲ့အခါမှာ ရေမများအောင် သတိထားပြီး ရေကို နည်းနည်းချင်း ဖျန်းဖျန်းပြီး နယ်ပေးပါ။ ဂျုံမှုန့်လုံးလေးတွေလို မြင်နေရမယ်ဆိုရင်တော့ နယ်တာ လိုသေးတယ်၊ ရေနည်းနည်းဖျန်းပြီး အားလုံး သမ အောင် နယ်ပေးပါ။ ဂျုံက အနယ်နာလေ မုန့်သားကောင်းလေ ဖြစ်တာမို့ ခပ်နာနာ နယ်ပေးနိုင်လေ မုန့်သားပိုပြီး ညက်ညက်အိအိလေးကို စားရမှာ ဖြစ်ပါတယ်နော်။ ဂျုံလုံးကြီးကို လက်သီးတွေနဲ့ ထိုးပြီး နယ်ပေးတာမျိုးပေါ့နော်။

နယ်ပြီးသားဂျုံကို ပိတ်ပါးစလေး ရေဆွတ် အုပ်ပေးထားပြီး နာရီဝက်ကနေ တစ်နာရီလောက် (နွေးတဲ့နိုင်ငံအတွက်နော်)။ အေးတဲ့နိုင်ငံအတွက်ကတော့ အနည်းဆုံး ၂ နာရီကနေ ၃ နာရီ အကြာထိ နှပ်ထားပေးပါနော်။ အဲ့ဒီလို နှပ်ပေးထားခြင်းဖြင့် မုန့်သားကို ပိုမိုနူးညံ့ကောင်းမွန်စေပါတယ်နော်။

ပြီးရင် ဂျုံသားတွေကို ယူပြီး ဂေါက်သီးလုံးအရွယ်လောက် အလုံးလေးတွေ လုံးပေးပါ။ ပြီးရင် အဲ့ဒီဂျုံလေးတွေအပေါ် ဂျုံမှုန့်လေးတွေ ဖြူးပေးပါနော်။ ဂျုံမှုန့်လေးတွေ ဖြူးပေးထားလိုက်ရင် မုန့်သားတွေ လေသလပ်ပြီး ခြောက်သွားမှာ မစိုးရတော့ဘူးပေါ့နော်။

ပြီးရင်တော့ ဂျုံလုံးလေးတွေကို တစ်လုံးချင်းစီယူပြီးတော့ ဒလိမ့်တုံးလေးနဲ့ ဂျုံကိုပြားအောင် လှိမ့်ပေးပါနော်။ ဂျုံပြားရအောင် လှိမ့်တဲ့အခါမှာ အောက်ခံပြားမှာ ဂျုံတွေကပ်မနေရင်အောင် ဆီနည်းနည်းသုပ်ပေးပါနော်။ ပြီးတော့မှ ဂျုံကို ဒလိမ့်တုံးနဲ့ လှိမ့်ပါ။ ဒလိမ့်တုံးမရှိရင် ပုလင်းကို အသုံးပြုပြီး လှိမ့်လို့ရပါတယ်နော်။ ချပါတီတစ်ခုရဲ့ အရွယ်အစားကတော့ လက်ဖက်ရည်အချိုအောက်ခံပန်းကန်ပြားအရွယ်လောက်ရှိပါတယ်နော်။

ဂျုံလုံးလေးကနေ ဂျုံပြားလေးတွေအဖြစ်ကို ရောက်လာပြီဆိုရင်တော့ ဒယ်ပြားဝိုင်းမှာ ဆီ/ထောပတ် (နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်နော်) အနည်းငယ် သုတ်ပြီး မီးဖိုပေါ်မှာ မီးအသင့်အတင့်ထားပြီး ဒယ်ပြားဝိုင်းကို တင်ပေးပါ။ ဒယ်ပြားပူလာပြီဆိုရင်တော့ ဂျုံပြားလေးတွေ ထည့်ပြီးတော့ ဒယ်အိုးထဲ အသာထည့်ပေးပါ။ (မုန့်ကို အိုးကင်းပူတိုက်တဲ့သဘောပါပဲနော်)။ (တကယ်တမ်းတော့ တစ်ယောက်က ဂျုံပြားအောင် လှိမ့်ပေးပြီး တစ်ယောက်က ကြော်တယ်ဆိုရင် ပိုပြီး အဆင်ပြေစေပါတယ်။ တစ်ယောက်တည်း သမားဆိုရင်တော့ ဂျုံတွေအရင်ပြားပြီးတော့မှ ကြော်ရမှာဖြစ်ပါတယ်နော်)

မုန့်သားအရောင်ပြောင်းလာပြီဆိုရင်တော့ မုန့်ကလော်တံလေးနဲ့ တစ်ဘက်ကိုလှန်ပေးလိုက်ပါနော်။ ၁ မိနစ်လောက် အကြာဆိုရင်တော့ ကောင်းကောင်းမွန်မွန် ကျက်ပြီဖြစ်တဲ့ ချပါတီကို ရရှိပါပြီနော်။

ချပါတီလုပ်မယ်လို့ ရည်ရွယ်ထားပေမယ့် ပူရီမှ စားချင်ပါတယ်လို့ ပူဆာတဲ့သူရှိလာရင်လည်း စိတ်ငြိုငြင်တော် မမူလိုက်ပါနဲ့နော်။ ဂျုံပြားကို ဆီများများနဲ့ ကြော်ထည့်ရမှာ ဖြစ်တာမို့ ဒယ်အိုးထဲ ဆီများများထည့်၊ ဆီပူလာရင် မီးကို အသင့်အတင့်ထားပြီး ကြော်ပေးရမှာပါနော်။ ပူရီကြော်တဲ့အခါ ပိုပြီး ပွပွလေးဖြစ်စေချင်ရင် ကြက်ဥတစ်လုံးကို ခွဲ၊ အနှစ်ကိုဖယ်ပြီး အကာကို နာနာခေါက်ပြီး ဂျုံနယ်တဲ့အထဲ ထည့်နယ်ပေးလိုက်ရင်တော့ ပူရီပွပွရွရွလေးကို ရမှာဖြစ်ပါတယ်နော်။

ချပါတီက ခပ်မာမာ၊ ပူရီက ခပ်ကြွပ်ကြွပ်ရွရွမွမွလေးပါနော်။ ဆီရှောင်ချင်တယ်ဆိုရင်တော့ ချပါတီကို စားသင့်ပြီး ခပ်ပွပွရွရွလေးကို စားချင်တယ်ဆိုရင်တော့ ပူရီကို လုပ်စားပါနော်။ သူတို့နဲ့ တွဲဘက်စားသုံးလေ့ရှိကြတဲ့ ဟင်းတွေကတော့ အာလူးကုလားဟင်း၊ ကြက်သားအာလူးမာဆလာဟင်း၊ သီးစုံကုလားဟင်းပျစ်ပျစ်၊ နို့ခဲဟင်းတို့ပါနော်။ တချို့ကလည်း နို့မလိုင်၊ ဒိန်ချဉ်၊ သကြားတို့နဲ့ စားတတ်ကြပါတယ်နော်။

တိုရှည်လောက် လုပ်ရတာ လက်မ၀င်ဘဲ နံနက်ခင်းစာ အဆာပြေအဖြစ်စားစား၊ တစ်နေ့ကုန် ဒါပဲ စားမယ်လို့ ဆုံးဖြတ်ထားပြီးတော့ စားစား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ စုပြီး တစ်ယောက်တစ်လက် ပျော်ရွှင်စွာ အတူ စားစား လုပ်စားရတာ ပျော်ဖို့ကောင်းတဲ့နည်းလေးပါနော်။  မောင်နှမများအားလုံး ပိတ်ရက်မှာ ချပါတီ၊ ပူရီနဲ့ ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်နိုင်ကြပါစေနော်။

ကျွန်မက အခု ပြည်ပကို (ကာလတို) ရောက်နေတဲ့အတွက် ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ မုန့်ပုံတွေ မရှိပါဘူးနော်။ လုပ်နည်းကတော့ ကျွန်မတို့မိသားစု ချက်စားနေကျ နည်းလေးပါနော်။ အဲ့ဒီတော့ ကျွန်မ အင်တာနက်ကပုံကို ရှာဖွေပြီး တင်ပေးပါတယ်နော်၊ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။

Wednesday, March 3, 2010

တိုရှည်လုပ်စားကြရအောင်

14 comments
ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို တိုရှည်လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော်။ အမမိုးချိုက ဒယ်ပြားရှိတယ် တိုရှည်လုပ်နည်းလေး သိရင် မျှပါဦးဆိုတော့။ တိုရှည်လေး လုပ်ကြမယ်နော်။
ကျွန်မတို့ ငယ်ငယ်တုန်းက ကျွန်မတို့ အိမ်ရှေ့မှာ တိုရှည်ရောင်းတဲ့အမကြီး မရှီလာဆိုတာ ရှိတယ်နော်။ ကျွန်မ ငယ်ငယ်လေးကတည်း အခုအချိန်ထိ သူက ကျွန်မတို့ အိမ်ရှေ့မှာ တိုရှည်လာရောင်းနေတာပဲနော်။ သူ့ဆီမှာ တိုရှည်ကိုလေ ပလိန်းစားမလား၊ ကြက်ဥနဲ့လုပ်တာ စားမလား၊ သကြားဖြူးစားမလား၊ တိုရှည်ထဲမှာ ပဲမှုန့်ရယ်၊ ငရုတ်သီးမှုန့်လေးတွေနဲ့ စားမလား၊ ထောပတ်နဲ့ လုပ်တာစားမလား၊ ဒါမှမဟုတ် ပဲပြုတ်လေးတွေ ကြက်သွန်မြိတ်လေးတွေ မာဆလာလေးထည့်ပြီး စားမလား၊ ဟင်းရည်နဲ့ စားမလား မျိုးစုံရတယ်နော်။ ကျွန်မတို့လည်း သူ့ဆီမှာဆို အစ်မတစ်ယောက်လိုပဲ ဂျီကျပြီး ကိုယ်လုပ်ချင်သလို လုပ်နေကျ၊ ချွဲနေကျလေ။ အခုလည်း မရှီလာသို့ အလွမ်းပြေအနေနဲ့ တိုရှည်လုပ်စားကြရအောင်နော်။

တိုရှည်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံး၊ မတ်ပဲ (black gram or black bean လို့ ခေါ်ပါတယ်နော်) လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်၊ ပဲနံ့သာစေ့ အနည်းငယ်၊ ဆား၊ ဆီ၊ ကြက်ဥတို့ပါနော်။ (တကယ်လို့ ကိုယ်က ဆီအစား ထောပတ်ကိုသုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်နော်။)

ဆန်ရယ် မတ်ပဲရယ် ပဲနံ့သာစေ့ရယ်ကို ရေနဲ့သန့်ရှင်းအောင် ဆေးကြောပြီး သုံးနာရီကနေ ငါးနာရီထိ ရေစိမ်ပေးထားပါနော်။ ပြီးရင် ရေတွေကို သွန်ပစ်ပြီး ဆန်နဲ့ ပဲနဲ့ကို မုန့်ကြိတ်ဆံမှာ ကြိတ်ပါ။ ပြည်ပရောက် မောင်နှမများအတွက်ကတော့ (food processor) နဲ့ကြိတ်ပါနော်။ မုန့်ကြိတ်တဲ့အခါ မုန့်သားညက်စေဖို့အတွက် ရေကို နည်းနည်းချင်းထည့်ပြီး ကြိတ်ပေးပါ။ ပြီးတော့ ရလာတဲ့ မုန့်နှစ်တွေကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ရပါမယ်နော်။ ဖျော်ပြီးတဲ့ မုန့်နှစ်ကိုမှ ဆားနည်းနည်းထည့်၊ ပြီးရင် ဗူးသန့်သန့် ဒါမှမဟုတ် ကြွေဇလုံသန့်သန့်ထဲထည့်၊ လေလုံအောင်ပိတ်ပြီးတော့ အလင်းရောင်မရတဲ့နေရာမှာ တစ်ညအိပ်ထားပေးပါနော်။ မုန့်ရည်ကို အချဉ်ဖောက်သလို လုပ်မှာဖြစ်တဲ့အတွက် မုန့်နှစ်ကို ရေခဲသေတ္တာမထည့်ရပါဘူးနော်။ နောက်တစ်နေ့မနက်မှာတော့ တိုရှည်လုပ်ဖို့ အသင့်ဖြစ်နေတဲ့ မုန့်နှစ်ကို ရမှာဖြစ်တယ်နော်။

တိုရှည်လုပ်ဖို့အတွက် အသင့်ပြင်ထားရမှာကတော့ မကပ်တဲ့ဒယ်ပြားဝိုင်း၊ မုန့်ကလော်တံယောက်ပြား၊ ဆီသုတ်လိမ်းရလွယ်မယ့် စုတ်တံ၊ ပိတ်စလေးတွေကို ဖုလုံးလေးလို ထုပ်ထားတဲ့ အ၀တ်စ (မုန့်ဒယ်အိုး သန့်ရှင်းရေးလုပ်ဖို့)တို့ပါနော်။

တိုရှည်လုပ်ဖို့ မီးဖိုပေါ် ဒယ်ပြားဝိုင်းတင်၊ မီးကို အသင့်အတင့်ထား၊ ပြီးရင် ဒယ်အိုးကောင်းကောင်းပူပြီဆိုရင်တော့ ဒယ်ပြားဝိုင်းအနှံ့ စုတ်တံလေးနဲ့ ဆီသုတ်ပေးပါနော်။ ပြီးရင် မုန့်နှစ်ကို ယောက်ချိုဇွန်းနဲ့ ခပ်ပြီး ဒယ်ပြားဝိုင်းပေါ်မှာ အလယ်ကနေပြီး စက်ဝိုင်းပြီးဖြန့်ပြီး ထမင်းစားပန်းကန်အရွယ်အစား လောက်ရောက်အောင် မုန့်နှစ်ကို ဒယ်ပြားဝိုင်းထဲ ထည့်ပေးပါနော်။ ပြီးရင် မုန့်နှုတ်ခမ်းသားပတ်လည်နားတစ်လျှောက်ကို ဆီ ဒါမှမဟုတ် ထောပတ်လေးတွေ လိမ်းပေးပါ။ မုန့်သားအားလုံး ဆီနှံ့သွားအောင် ဒယ်အိုးကိုလည်း လက်ကိုင်ကနေ နည်းနည်း ကိုင်ပြီး ဟိုဘက်ဒီဘက်လှည့် ကစားပေးပါနော်။ ပြီးရင်တော့ မုန့်သားခြောက်ပြီး ရွှေညိုရောင်ပြောင်းလာပြီဆိုရင်တော့ မုန့်ရဲ့ ဘေးနှုတ်ခမ်းသားလေးတွေကနေ မုန့်ကလော်တံ ယောက်ပြားနဲ့ အသားလေး ပတ်ပတ်လည် ကလော်ပေးပြီး မုန့်ကို တစ်ဘက်လှန်ပေးပြီး မုန့်သားကျက်အောင် မိနစ်ဝက်လောက်ထားပြီး ယောက်ပြားလေးနဲ့ အသာဖိပေးပါ။ မုန့်သားကျက်ပြီ ဆိုရင်တော့ မုန့်ကို ခလယ်ကနေ ခေါက်ချိုးချိုးပြီး ပန်ကန်းပြားထဲ ထည့်ပေးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ တိုရှည်တစ်ခု ရပါပြီနော်။ နောက်ထပ်မုန့်တစ်ခု ထပ်မလုပ်ခင် ဒယ်ပြားဝိုင်းကို အ၀က်ထုပ်လေးနဲ့ သန့်ရှင်းရေးလုပ်ပေးပါနော်။ ပြီးမှ ဒယ်အိုးထဲ ဆီထည့်ပြီး တိုရှည်တွေကို တစ်ခုပြီးတစ်ခု လုပ်သွားရုံပါနော်။ အဲ့ဒါဆို တိုရှည်ရပြီနော်။

တိုရှည်ကို ကြက်ဥနဲ့ စားချင်တယ်ဆိုရင် ကြက်ဥကို မုန့်နှစ်နဲ့အတူ ရောခလောက်ပြီး ထည့်လို့ရသလို ကြက်ဥကို သီးသန့် ခလောက်ထားပြီးမှ မုန့်နှစ်ထည့်ပြီး ကြက်ဥထည့်ပြီး မုန့်လုပ်ကြပါတယ်နော်။ ထောပတ်နဲ့ စားချင်တယ်ဆိုရင်တော့ ဆီအစား ထောပတ်လေးထည့်ပြီး အီအီဆိမ့်ဆိမ့်တိုရှည်လေး လုပ်စားနိုင်ပါတယ်နော်။

တကယ်လို့မှ တိုရှည်ကို အာလူးပဲဟင်းနဲ့ စားချင်တယ်ဆိုရင်တော့ အာလူး၊ ကုးလားပဲ၊ မုန်လာဥနီ (ခရမ်းသီးပေါက်စ၊ ရုံးပတီသီးနု၊ ခရမ်းချဉ်သီး အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်လို့ရပါသေးတယ်နော်)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီး အရောင်မှုန့်၊ ငရုတ်သီးတောင့်လုံးကြော်၊ ကရဝေးရွက်၊ မာဆလာ၊ နနွင်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ အသင့်ပြင်ထားပေးပါနော်။

ကုလားပဲကို ၆ နာရီလောက် ရေစိမ်ပြီး နူးအောင်ပြုတ်ပေးထားပါနော်။ အာလူး၊ မုန်လာဥနီတို့ကို အခွံနွှာ ရေဆေးပြီး ခပ်သေးသေး တုံးထားပေးပါ။ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပြီး ငရုတ်ရောင်မှုန့်နဲ့ ရောထောင်းပေးထားပါ။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးရင် ငရုတ်ကြက်သွန်တို့ ကို ဆီသတ်ပေးပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ကရဝေးရွက်လေးထည့်၊ အာလူးနဲ့ မုန်လာဥနီတို့ကို ထည့်ပြီး ဆီသတ်ပေး၊ ပြီးရင် ကုလားပဲပြုတ်လေးထည့်၊ ဆားနဲ့ ဟင်းခတ်မှုန့်ထည့်၊ ပြီးရင် ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးလောက် ထည့်ပြီးတည်ပေးပါနော်။ အာလူးလည်းနူး၊ ပဲလည်းနူးအိနေပြီဆိုရင် ဟင်းအပေါ့အငန်မြည်း၊ မာဆလာလေး အုပ်၊ ဟင်းရည်ကို အပျစ်အကျဲ ကိုယ်စားချင်တဲ့စိတ်ပေါ် မူတည်ပြီး ရေချန်ပြီး မီးဖိုပေါ်ကနေ ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ တိုရှည်နဲ့ တွဲစားနိုင်မယ့် ပဲအာလူးဟင်းလေးရပါပြီနော်။

ချစ်သော မောင်နှမများအားလုံးလည်း တိုရှည်မုန့်နှစ်တစ်မျိုးတည်းနဲ့ တိုရှည်အမယ်ပေါင်းများစွာကို စိတ်ကြိုက်လုပ်စားနိုင်ပါစေ လို့ ရည်ရွယ်ဆန္ဒပြုမိပါတယ်။

အမမိုးချိုသင်းလည်း ဒယ်ပြားဝိုင်းကြီးအကြောင်းပြုပြီး တိုရှည်ကောင်းမှု ပြုနိုင်ပါစေနော် အဲ့လေ တိုရှည်လုပ်စားနိုင်ပါစေလို့ ပြောတာပါနော်။

တိုရှည်ပုံကို အင်တာနက်ကနေ ရှာဖွေယူပါတယ်နော်။

Thursday, February 18, 2010

မုန့်လင်မယားလုပ်စားကြရအောင်

17 comments


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ စီဘောက်စ်ထဲမှာ ညီမလေး ချော မေးထားတဲ့ မုန့်လင်မယားလုပ်စားကြရအောင်နော်။ ကျွန်မတို့ မော်လမြိုင်ဘက်မှာတော့ မုန့်အုပ်ကလေးလို့ ခေါ်တယ်နော်။ ရန်ကုန်ရောက်တော့မှ မုန့်လင်မယားလို့ ခေါ်မှန်းသိရတာနော်။

မုန့်လင်မယားလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်မှုန့်ညက်၊ ရေ၊ ချင်း၊ ကြက်သွန်မြိတ်၊ စားတော်ပဲပြုတ်၊ ငုံးဥ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီတို့ပါနော်။ စားတော်ပဲပြုတ်ကို အလွယ်တကူ ၀ယ်လို့မရတဲ့သူတွေအတွက် စားတော်ပဲပြုတ်လုပ်နည်းကို ဒီမှာ http://lulucooking.blogspot.com/2007/09/blog-post_01.html ရေးခဲ့ပြီးပါပြီနော်။

ဆန်မှုန့်လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးထည့်မယ်ဆိုရင် ရေက လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲကနေ နှစ်လုံးထိ ထည့်ပြီး ဆန်မှုန့်တွေအားလုံး ပျော်ဝင်သွားအောင် ဖျော်ပေးပါနော်။ မုန့်သားအပျော့အမာ ကိုယ့်စိတ်ကြိုက်ပေါ် မူတည်ပြီးတော့ပေါ့နော်။ ပြီးရင် ချင်းကို ခြစ်ပြီး ချင်းရည်ကို မုန့်နှစ်ရည်ထဲ ညှစ်ထည့်ပေးပါ။ ကြက်သွန်မြိတ်လေးတွေကို ရိတ်ရိတ်ပါအောင် လှီးထည့်ပေးပါနော်။ ဆားလေး၊ သကြားလေးအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ထည့်ပြီး အားလုံးသမအောင် မွှေခေါက်ပေးထားပါနော်။ ငုံးဥလေးတွေ အသင့်ထားပေးထားပါ။ ဆီကို ပန်းကန်လုံးလေး တစ်လုံးထဲ ထည့်ပေးထားပါ။ ပြီးရင် ဆီစုပ်တံလေးပါ ထားပေးထားပါနော်။ (တချို့ကလည်း မုန့်ရည်ဖျော်တဲ့အထဲမှာ အုန်းနို့ရည်ပါထည့်ပြီး လုပ်တတ်ပါသေးတယ်နော်။ ကိုယ့်စိတ်ကြိုက်ထည့်ပြီး ဖျော်စပ် စားသုံးလို့ရပါတယ်နော်။)

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မုန့်မကပ်ရအောင်လို့ မုန့်လုပ်မယ့်အိုးကို ဆီနဲ့ အရင် သုပ်လိမ်းပေးပါနော်။ မုန့်အိုးပူလာပြီဆိုရင် မုန့်ရည်တွေကို အိုးထဲကနေ မွှေခပ်ပြီး မုန့်အိုးလေးထဲ တစ်ခွက်ချင်းဖြည့်ပေးပါနော်။ ပြီးရင် ငုံးဥလေးရယ် ပဲပြုတ်လေးရယ် ထည့်ပေးပါနော်။ မီးအပူရှိန်နဲ့ အောက်က မုန့်သာကျက်လို့ ကြွတက်လာပြီဆိုရင်တော့ ဇွန်းလေးနဲ့ မုန့်တွေ ခွာယူပြီး ဟိုဘက်ကို လှန်ပေးလိုက်ပါ။ အဲ့ဒီလိုနဲ့ မုန့်တွေ ကျက်လာတဲ့အခါ မုန့်နှစ်ခုကို တစ်ခုပေါင်းပြီး အပေါ်ကနေ ထပ်ပေးလိုက်တော့ ပူပူနွေးနွေးနဲ့ အရသာရှိတဲ့ မုန့်လင်မယားလေး ရပါပြီနော်။ မုန့်တစ်ခါကျက်သွားပြီးတိုင်း မုန့်ခွက်လေးတွေကို ဆီလေးသုပ်လိုက်၊ ပြီးတော့ မုန့်ရည် ထပ်ဖြည့်ပြီး ဆက်လုပ်ပေးပေါ့နော်။ မိသားစုများရင်၊ သူငယ်ချင်းများရင် လုပ်တဲ့လူအလှည့်မရောက်ဘဲ ကုန်တဲ့ မုန့်ပါနော်။

ကြိုက်တတ်မယ်ဆိုရင်တော့ နှမ်းလှော်လေးကို ဆားလေးနည်းနည်းနဲ့ထောင်းပြီးဖြူးစားပါနော်။ ပိုပြီး အရသာရှိပြီး မွှေးတာပေါ့နော်။ ရေနွေးကြမ်းလေးနဲ့ သောက်ပြီး စားလိုက်ရလို့ကတော့ အင်မတန်မှ အရသာရှိလှပါတယ်နော်။ အချိုရည်ကြိုက်တတ်တဲ့ သူတွေလည်း အချိုရည်နဲ့ တွဲဖက်သုံးဆောင်ပါနော်။ မြန်မာပြည်မှာတော့ နေရာအနှံ့မှာ ၀ယ်စားလို့ရပါတယ်နော်။

မြန်မာမုန့်လင်မယားပြီးတော့ ဂျပန်မုန့်လင်မယားလုပ်နည်းလေးပါ လက်ဆင့်ကမ်းပါရစေဦးနော်။ ဂျပန်မှာ ကျောင်းတက်ခဲ့စဉ် ကာလက ဂျပန်သူငယ်ချင်းတွေဆီကနေ အဲ့ဒီမုန့် လုပ်နည်းလေးကို စပ်စုစိန်လုပ်ခဲ့သမျှကို ဖေါက်သည် ပြန်ချပါရစေဦးနော့့်  ဂျပန်မှာတော့ ဘာပဲလုပ်စားချင်ချင် လိုအပ်တဲ့အမယ်တွေက ရယ်ဒီမိတ်တွေ ရှိပြီးသားဆိုတော့ လုပ်ရကိုင်ရတာ သိပ်အဆင်ပြေပါတယ်။
လိုအပ်တာတွေကတော့ မုန့်နှစ်အတွက် တိုကိုယာကိအမှုန့်ထုပ်၊ ကြက်ဥ၊ ရေဘ၀ဲ၊ ကွန်းညခု (Konyaku) (မြန်မာလို ၀ဥနဲ့ ခပ်ဆင်ဆင် တုန်တုန်တုန်တုန် အတုံးလေးတွေ)၊ ဂေါ်ဖီထုပ်၊ ကြက်သွန်မြိတ်၊ အချဉ်စိမ်ထားပြီးသားအနီရောင် ဂျင်းလေးတွေ၊ Dashi လို့ခေါ်တဲ့ ငါးအမှုန့်တစ်မျိုး၊ ပြီးတော့ Moyonnaise၊ ပြီးတော့ ၊ ပြီးတော့ Takoyaki အချိုရည်၊ ရေညှိမှုန့်အထုပ် စတာတွေပါနော်။

မုန့်ရည်အတွက် အမှုန့်ကို ရေနဲ့အရင်ဖျော်၊ ပြီးတော့ ကြက်ဥခေါက်ထည့်ရပါမယ်။ မုန့်နှစ်တွေ သေချာကြေအောင် ခေါက်ပေးပါ။ ရေဘ၀ဲကို သန့်စင်အောင်ဆေးပြီး ပြုတ်၊ ပြီးတော့ မထူမပါးလေးတွေ လှီးလိုက်ပါနော်။ ကွန်းညခုကိုလည်း ခပ်သေးသေး အတုံးလေးတွေဖြစ်အောင် တုံးပါ။ ဂေါ်ဖီထုပ်ကို ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပါ။ ကြက်သွန်မြိတ်တွေကို ရေဆေး၊ ပြီးတော့ အမြစ်လေးတွေ ပါတဲ့ဘက်ကို ညီအောင်စီပြီးတော့ သားရေကွင်းနဲ့ချည်၊ ရေခါလိုက်၊ ပြီးတော့မှ ခပ်ပါးပါးလေးတွေ လှီးထားလိုက်ပါ။ ဂျင်းအနီရောင်လေးတွေကို ရေစစ်ထားလိုက်ပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မုန့်လုပ်မယ့်အိုးလေးကို ပလပ်ထိုးလိုက်ပြီး အိုးပူလာတဲ့အထိစောင့်၊ အိုးပူလာပြီဆိုရင်တော့ အိုးကို ဆီလေးသုပ်၊ ပြီးတော့မှ အိုးထဲက အခွက်လေးထဲကို မုန့်နှစ်လေးတွေ လိုက်ဖြည့်ထည့်၊ ပြီးတော့မှ ရေဘ၀ဲထည့်၊ ကွန်းညခုထည့်၊ ဂျင်းထည့်၊ ဂေါ်ဖီထုပ်ဖတ်လေးတွေထည့်၊ ကြက်သွန်မြိတ်လေးတွေ ဖြူးပေးလိုက်ပါနော်။ ၂ မိနစ်လောက်နေရင် တုတ်ချောင်းလေးတွေနဲ့ ဟိုဘက်လှန်ပေးလိုက်၊ ခဏလောက်နေရင် ဒီဘက်ပြန်လှန်လိုက်ပါနော်။ ဟိဟိ့  အလုံးလေး ဖြစ်သွားပြီ။ ကျက်သွားပြီနော်။

အဲ့ဒါဆိုရင် ပန်းကန်ထဲကို အဲ့ဒီမုန့်လုံးလေးကို ထည့်၊ ပြီးတော့မှ အပေါ်ကနေ Takoyaki အချိုရည်လေး ဆမ်း၊ Moyonnaise လေးဆမ်း၊ ငါး Dashi လေးထည့်၊ ပြီးတော့မှ အပေါ်ဆုံးကနေ ရေညှိမှုန့်လေးဖြူးလိုက်ရင်တော့ အဆင်သင့်စားသုံးနိုင်တဲ့ တာကိုရကိ ပူပူမွှေးမွှေးချိုချိုလေး ရပါပြီရှင်။

ကျွန်မ မုန့်ပုံတွေ မရှိလို့ အင်တာနက်ကတဆင့် မုန့်ပုံတွေကို ကူးယူဖော်ပြထားပါတယ်နော်။

မုန့်လင်မယားပုံကို http://masumon.blogspot.com/2008/11/blog-post_16.html အဲ့ဒီလင့်ခ်ကနေ ယူထားပါတယ်နော်။ မမဆုမွန် ခွင့်ပြုပါနော်။

တာကိုယာကိပုံကိုတော့ http://tokyo5.wordpress.com/2009/01/19/ ဒီလင့်ခ်ကနေ ယူထားတာပါနော်။

မောင်နှမများအားလုံး ပိတ်ရက်မှာ မုန့်လင်မယားလုပ်စားကြရင်း ပျော်ရွှင်နိုင်ကြပါစေနော်။