Monday, October 29, 2007

ငါးဖယ်လုံး အစပ်ချက်



ဒီနေ့တော့ ချစ်မောင်နှတွေအတွက် ငါးဖယ်လုံးအစပ်ချက်နည်းလေး လက်ဆင့်ကမ်းပါရစေဦးနော်။ ငါးဖယ်ခြစ်ကိုတော့ ကိုယ့်ဘာသာခြစ်လဲ ရတယ်။ ခြစ်ပြီးသားကို ဈေးကနေ အလွယ်တကူဝယ်ရင်လည်း ရတယ်နော်။ ငါးဖယ်လုံးအစပ်ဟင်းချက်ဖို့အတွက် လိုအပ်တာလေးတွေကို အရင်ပြောပါရစေနော်။

ငါးဖယ်ခြစ်ရယ်၊ ကြက်သွန်ဖြူနီ၊ ချင်း၊ ငရုတ်သီးအရောင်မှုန့်၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား၊ အချိုမှုန့်၊ ကော်မှုန့်နည်းနည်း၊ ဆီ နဲ့ ရှမ်းနံနံတို့ပါနော်။
ငါးဖယ်ခြစ်ပြီးသားကို ထောင်းဖို့အတွက် ချင်း၊ ကြက်သွန်ဖြူကို အခွံနွှာပါ။ ပြီးရင် ချင်းကို အရင်ညက်အောင်ထောင်းပေးပါနော်။ ပြီးတော့မှ ကြက်သွန်ဖြူကို ခပ်များများ ခပ်ညက်ညက်လေးထောင်းပေးပါနော်။ ပြီးတော့မှ ငါးဖယ်ကို ထည့်ပြီး ဂျင်း၊ ကြက်သွန်ဖြူတို့နဲ့ သမအောင် ထောင်းပေးပါနော်။ ထောင်းနေတဲ့အချိန်မှာလည်း ဆား၊ သကြားနဲ့ အချိုမှုန့်နည်းနည်းထည့်ထောင်းပေးပါနော်။ ငါးဖယ်ကိုထောင်းတဲ့အခါမှာ ငါးဖယ်အသားတွေ စေးပိုင်သွားမှ ကောင်းတာမို့ အထောင်းညက်ဖို့ လိုပါတယ်။ စားတဲ့အခါမှာ ပိုပြီး ထုပ်ထုပ်လေးဖြစ်ရအောင်လို့လည်း ကော်မှုန့်လေးနည်းနည်းထည့်ထောင်းပေးပါနော်။ ပြီးရင်တော့ ငါးဖယ်လုံးလေးတွေကို ကိုယ်ကြိုက်တဲ့ ပုံစံလေးတွေနဲ့ လုံးပေါ့နော်။ အခု လုလုကတော့ အလုံးလေးတွေပဲ လုံးလိုက်တယ်လေ။ ငါးဖယ်ကိုလည်း မကြော်ဘဲ အစိမ်းအတိုင်းလေးပဲ ချက်မှာမို့ ဟင်းချက်ဖို့အတွက် လိုအပ်တာလေးတွေ ပြင်ဆင်လိုက်ပါတယ်နော်။ ငရုတ်သီးအရောင်မှုန့်နဲ့ ကြက်သွန်ဖြူနီထောင်းတယ်၊ ငရုတ်သီးစိမ်းလေးကို မထူမပါးလေးဖြစ်အောင် ကပ်ကျေးလေးနဲ့ ညှပ်တယ်။ ရှမ်းနံနံလေးတွေကို ရေသန့်နေအောင်ဆေးပြီး လက်တစ်လုံးလောက်လေးတွေဖြစ်အောင် လှီထားလိုက်တယ်။


အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ကို ဆီသတ်၊ ငံပြာရည်လေး နည်းနည်းထည့်ပြီး ဆီသတ်ရင်တော့ ပိုမွှေးတာပေါ့နော်။ ပြီးရင်တော့ ငါးဖယ်လုံးလေးတွေကို တန်းစီထည့်ပြီး ဆီသတ်ပေးပါနော်။ သေသေချာချာလေးမွှေပေးပြီးတော့ လုံးရေလေးထည့်ပြီး ပွက်ပွက်ဆူအောင် ဒယ်အိုးကို အဖုံးအုပ်ပြီး တည်ပေးပါနော်။ လုံးရေလေးခန်းသွားပြီဆိုရင်တော့ ညှပ်ထားတဲ့ ငရုတ်သီးစိမ်းလေးတွေထည့်၊ ရေလေးနည်းနည်းပါထပ်ထည့်ပြီး ငရုတ်သီးလည်းကျက်၊ ငါးဖယ်ထဲကိုလည်း ငရုတ်သီးစိမ်းရဲ့ အနံ့ရော အရသာပါ ၀င်သွားအောင် တည်ပေးပါနော်။ ဆီပြန်ကြိုက်ရင်တော့ ရေခမ်းတဲ့အထိ တည်ပေးပြီး ဆီကျန်ရေကျန်လေးကြိုက်တတ်တဲ့သူကတော့ ရေလေးကျန်တဲ့အချိန်မှာ ဟင်းအိုးအပေါ့အငံကိုမြည်းပြီး အရသာသင့်ပြီးဆိုရင် ရှမ်းနံနံလေးအုပ်ပြီးး ဟင်းအိုးကို မီးဖိုပေါ်ကနေ ချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ငါးဖယ်လုံး အစပ်ချက်လေး ရပါပြီနော်။ မကြော်ဘဲ ငါးဖယ်လုံးအစိမ်းအတိုင်းချက်ထားတဲ့အတွက်လည်း အရသာ ပိုရှိပြီး ထုပ်ထုပ်လေးနဲ့ ၀ါးလို့လည်း ကောင်းပါတယ်နော်။ အားပေးကြပါဦးနော်။

4 comments:

  1. စားချင်လိုက်တာ မမလုရယ်...
    ဒီတခါ ငါးဖယ်ဝယ်ပြီး ချှက်စားဦးမယ်..

    ReplyDelete
  2. မလုလု

    ငါးဖယ်က ခြစ်ပြီးသားဒီမှာ ၀ယ်လို့မရရင် ဘယ်လိုငါးမျိုးနဲ့ ငါးဖယ် ခြစ်လုပ် လို့ရပါသလဲရှင် ကျေးဇူးပါ။

    မမိုးယံ

    ReplyDelete