Tuesday, October 30, 2007

ဘဲတညင်းချက်


တညင်းသီးစားပြီး တက်လိုက်တာ၊ ပြီးတော့ အနံ့ကလဲ နံလိုက်တာလို့
ညည်းကြပေမယ့် တညင်းသီးကို မကြိုက်တဲ့သူ ခပ်ရှားရှားရယ်ပါနော်။
တညင်းသီးနုနုလေးကို အစိမ်းလိုက်လေး ငါးပိရည်ကျိုမွှေးမွှေးလေးနဲ့
တို့စားတတ်ကြသလို တညင်းသီးကိုပြုတ်အခွံနွှာပြီး မညက်တညက်လေး
ထောင်းပြီး အုန်းနို့ဆီချက်လေးနဲ့ စားတတ်ကြပြန်ပါတယ်။ တချို့ကျတော့လည်း
တညင်းသီးပြုတ်စေးစေးလေးကို မထူမပါးလေး လှီးပြီး လက်ဘက်နှပ်တဲ့အထဲ
ထည့်နှပ်တတ်ကြပြန်တယ်။ အဲ့ဒါကိုတော့ တညင်းလက်ဖက်တဲ့လေ။ တချို့ကလည်း
ဘာလချောင်ကြော်ထဲ တညင်းသီးထည့်ကြော်ပြီး တညင်းသီး ဘာလချောင်ဆိုပြီး
အသစ်ထွင်ပြီး ချက်ပြုတ်ကြော်လှော်ကြပြန်သေးတယ်နော်။ တညင်းဝက်လုပ်ပြီး
မီးကင်လို့တစ်မျိုး၊ ကြော်လို့တစ်ဖုံ နည်းမျိုးစုံအောင် ချက်ပြုတ်စားတတ်ကြသလို
တာလပေါဟင်းချက်တဲ့အခါမှာလည်း တညင်းသီးက မပါမဖြစ်ပါပဲတဲ့နော်။


ဒီနေ့တော့ အသုံးကြွယ်တဲ့တညင်းသီးကို ဘဲသားလေးနဲု့ချက်ပုံချက်နည်းလေးကို
ဝေငှပေးပါရစေနော်။
ဘဲသားရယ်၊ တညင်းသီးရယ်၊ ငရုတ်သီးအရောင်မှုန့်၊ ကြက်သွန်ဖြူနီ၊ ချင်း၊ ဆား၊
နနွင်း၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ဆီအနည်းငယ်တို့ကို အသင့်ပြင်ထားပါနော်။
ဘဲသားကိုကိုင်တဲ့အခါမှာ အရေခွံက အမွှေးတွေကို သေချာလေးပြောင်စင်အောင်
ရေနွေးလေးနဲ့ ဆေးပြီး သေချာ နှုတ်ပေးပါနော်။ ပြီးတော့မှ အရွယ်လေးတွေကို
အလတ်တုံးလေးတွေလောက် တုံး၊ ပြီးတော့မှ ဆား၊ နနွင်းမှုန့်နည်းနည်း၊ သကြား၊
အချိုမှုန့်နည်းနည်း၊ ပဲငံပြာရည်အပျစ်တို့နဲ့ သေချာနယ်ပြီး
နှပ်ထားပေးပါနော်။
ဘဲသားနယ်ပြီးနှပ်ထားတဲ့အချိန်မှာ တညင်းသီးပြုတ်ဖို့အတွက် ဒယ်အိုးထဲရေထည့်
တညင်းသီးတွေကို ရေဆေးပြီးထည့်၊ မီးဖိုပေါ်တင်ပြီး ပြုတ်ပါ။ ပထမ တစ်ရေ
ပွက်ပွက်ဆူလာပြီဆိုရင်တော့ အဲ့ဒီရေတွေကို သွန်ပစ်ပြီး
နောက်ထပ်ရေထပ်ထည့်ပြီး ထပ်တည်ပေးပါနော်။ ရေလည်း ခမ်းခါနီးပြီဆိုရင်တော့
ထန်းလျက်တစ်ခဲနှစ်ခဲလောက် ပစ်ထည့်လိုက်ပြီး ရေခမ်းအောင် ထပ်တည်ပေးပါနော်။
ရေခမ်းသွားပြီဆိုရင်တော့ အအေးခံထားလိုက်ပြီးမှ အခွံတွေကို နွှာထားလိုက်ပါ။
ပြီးရင်တော့ ငရုတ်သီးထောင်းဖို့အတွက် ပြင်ပါ။ ငရုတ်သီးအရောင်မှုန့်လေးရယ်၊
ဂျင်းနည်းနည်းရယ်၊ ကြက်သွန်ဖြူ၊ နီတို့ကို ထောင်းပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့
ဆီလေးနည်းနည်းထည့် ဆီပူလာပြီဆိုရင် အသင့်ထောင်းထားတဲံ
ငရုတ်သီးကြက်သွန်ကိုထည့်ပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့လေး
မွှေးလာပြီဆိုရင်တော့ နယ်ထားတဲ့ ဘဲသားတွေကိုထည့်ပြီး ငရုတ်သီးဆီသတ်နဲ့
သေချာသမအောင်မွှေပြီး ဆီသတ်ပေးပါနော်။ ပြီးရင်တော့ လုံးရေလေး
နည်းနည်းထည့်ပြီး အဖုံးအုပ်ပြီး တည်ထားပေးပါနော်။
လုံးရေလေးခမ်းပြီဆိုရင်တော့ နောက်ထပ် ရေထပ်ထည့်ပြီး မွှေပေးပါ၊ ပြီးရင်
ဒညင်းသီးတွေကိုထည့်ပြီး တညင်းသီးရော ဘဲသားပါနူးတဲ့အထိ တည်ပေးပါနော်။
ရေခမ်းပြီး ဆီပြန်ပြီဆိုရင်တော့ ဟင်းအရသာ အပေါ့အငံကိုသေချာမြည်း၊
ဘဲသားရော တညင်းသီးရောရဲ့ နူးမနူးကို မြည်းပြီး
ကိုယ်ကြိုက်တဲ့အချိန်လေးမှာ မီးဖိုပေါ်ကနေ ချလိုက်ရုံပါပဲနော်။
အဲ့ဒါဆိုရင်တော့ အရသာရှိလှတဲ့ ဘဲတညင်းဟင်းလေး ရပါပြီနော်။
အားပေးကြပါဦးနော်။

0 comments:

Post a Comment