Tuesday, October 23, 2007

နန်းကြီးသုပ်


ဒီနေ့ပိတ်ရက် တနင်္ဂနွေနေ့မို့ မောင်နှမတွေအကုန်လုံး စုစုရုံးရုံးလည်းဖြစ်နေပြန်တော့ မနက်ခင်းစာကို အလွယ်တကူနဲ့ စိုစိုပြေပြေလေးဖြစ်သွားရအောင် နန်းကြီးသုပ်လေးလုပ်စားမယ်လို့ တိုင်ပင်ကြပြီး လုပ်စားဖြစ်တာလေးကို လက်ဆင့်ကမ်းလိုက်ပါရစေဦးနော်။

နန်းကြီးသုပ်အတွက် လိုအပ်တာတွေကတော့ နန်းကြီးဖတ်၊ အနှစ်များများနဲ့ချက်ထားတဲ့ ကြက်သားဟင်း၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက်၊ ပဲသီး၊ သံပုရာသီး၊ ကြက်သွန်မြိတ်၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်နဲ့ ငံပြာရည်တို့ပါ။ ကြိုက်တတ်မယ်၊ အလွယ်တကူအဆင်သင့်လည်း ရှိနေမယ်ဆိုရင်တော့ ငါးဖယ်၊ ကြက်ဥပြုတ်၊ နံနံပင်တို့ပါ ထည့်ပါနော်။


ကြက်သားဟင်းအတွက် ကြက်သားကို ရေဆေး၊ အတုံးသေးသေးလေးတွေဖြစ်အောင်တုံး၊ ပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်နဲ့ ပဲငံပြာရည်အပျစ်လေး နည်းနည်းထည့်ပြီး သေချာနယ်ထားပါနော်။ ပြီးရင်တော့ ကြက်သွန်ဖြူနီနဲ့ ချင်းကို အခွံနွှာပြီးတော့ ငရုတ်သီးနဲ့ရောထောင်းပါနော်။ ဟင်းအနှစ်များများရအောင် ကြက်သွန်နီကို ပိုပြီး ထည့်ပေးပါနော်။

ဆီချက်ချက်ဖို့အတွက် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ခပ်ပါးပါးလေးတွေလှီးထားပါ။

ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ပဲသီးနဲ့၊ ကြက်သွန်မြိတ်တို့ကိုလည်း ရေသေချာဆေးပြီး ရေစစ်ထားပါနော်။ ပြီးရင်တော့ ဂေါ်ဖီထုပ်ကို ပါးပါးလှီးပါနော်။ ပဲပင်ပေါက်ကို ရေနွေးဖျောပြီး ရေစစ်ထားပါ။ ပဲသီးနဲ့ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါနော်။ သံပုရာသီးကိုလည်း ရေဆေးပြီး အစိပ်လေးတွေ စိပ်ထားပါနော်။ နန်းကြီးဖတ်ကိုတော့ ဈေးကနေပဲ အလွယ်တကူဝယ်လိုက်ပါတယ်နော်။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေး နည်းနည်းခပ်ပြီးတော့ ကြက်သွန်နီဖြူနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါနော်။ ကြက်သွန်ကြော်လေး ခပ်ထွေးထွေးလေး ဖြစ်လာပြီ၊ အရောင်လေးကလည်း ရွှေအိုရောင်လေး ပြောင်းလာပြီဆိုရင်တော့ ဆီပူထဲကနေ ကြက်သွန်ကြော်လေးတွေကို ဆီနဲ့တူတူဆယ်ပြီး ပန်းကန်လုံးလေးထဲ ထည့်ထားလိုက်ပါနော်။ အဲ့ဒါဆို ကြက်သွန်ဖြူနီဆီချက်ကြော်ရပြီ။

ပြီးရင် ကြက်သားဟင်းချက်ဖို့အတွက် တလက်စတည်း ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာတာနဲ့ ထောင်းထားတဲ့ ငရုတ်သီးကိုထည့်ပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့မွှေးလာရင် ငံပြာရည်လေးနည်းနည်းထည့်ပြီး ဆီသတ်ပေးပါနော်။ ပြီးမှ နယ်ပြီးနှပ်ထားတဲ့ ကြက်သားတွေကို ထည့်ပြီး ဆီသတ်ပေးပါနော်။ ဟိုဘက်ဒီဘက်သေချာနှံ့အောင်လည်း မွှေပေးပါနော်။ လုံးရေလေးနည်းနည်းထည့်ပြီး ဆီပြန်တဲ့အခါ ကြက်သားနူးမနူးကြည့်ပြီး နူးတဲ့အထိ တည်ပေးပါနော်။ ဟင်းအနှစ်လေး ခပ်များများနဲ့ အရသာရှိတဲ့ ကြက်သားဟင်းလေးရတဲ့အထိ တည်ပေးပါနော်။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဇလုံတစ်ခုထဲကို နန်းကြီးဖတ်ထည့်၊ ပြီးတော့ လှီးထားတဲ့ ဂေါ်ဖီဖတ်ထည့်၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ပဲသီးတွေထည့်၊ ပြီးတော့ ကြက်သွန်စိမ်းလေးလှီးထားတာလေးလည်းထည့်ဦးနော်။ ပြီးတော့မှ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအလှော်မှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ ဆီချက်၊ ကြက်သားဟင်း၊ သံပုရာရည်လေးထည့်ပြီး သေသေချာချာနှံ့အောင်နယ်ပေးပါနော်။ အားလုံးနှံ့သွားပြီးဆိုရင်တော့ အရသာ အပေါ့အငံကိုမြည်း၊ ကိုယ်ကြိုက်တတ်တဲ့အရသာလေးကို ကဲထည့်ပြီး အပေါ်ကနေ ပန်းကန်ပြားလေးထဲကို အသုပ်တွေပြောင်းထည့်၊ ပြီးတော့မှ အပေါ်ကနေ ကြက်သားဟင်းလေးနည်းနည်းထပ်ထည့်၊ ကြက်သွန်မြိတ်နဲ့ ပဲသီးလှီးထားတာလေးတွေ ဖြူးလိုက်ရင်တော့ အနံ့အရသာရှိလှတဲ့ နန်းကြီးသုပ်ရပါပြီနော်။ ဟင်းခါးလေးနဲ့ပဲဖြစ်ဖြစ် ရေနွေးကြမ်းလေးနဲ့ပဲဖြစ်ဖြစ် သုံးဆောင်ပါနော်။

3 comments:

  1. ဒီမှာတော့ ရတဲ့ "အူဒွန်"နဲ့ လုပ်ပလိုက်တယ်။ :p

    ReplyDelete
  2. ကျွန်တော်တို့ရှမ်းပြည်ဖက်မှာတော့....ရှမ်းခေါက်ဆွဲ၊ ဆီချက်၊ မြီးရှည်ပဲစားကျတာများလို့..နန်းကြီးသုပ်ရောင်းတဲ့ ဆိုင်နည်းပါတယ်။ ကျွန်တော်ကတော့..ခရီးထွက်တိုင်း..ရှမ်းပြည်ကျော်သွားတာနဲ့.ဘယ်မြို့ရောက်ရောက် နန်းကြီးသုပ်နဲ့မုန်းဟင်းခါးအမြဲတမ်းစားဖြစ်တယ်... လက်သန်းလုံးနီးပါးလောက် မုန့်တီဖတ်နဲ့သုပ်တာကိုလဲကြိုက် သလို၊ နန်းသေးသုပ်လို့ခေါ်တဲ့ မုန့်ဟင်းခါးဖတ်သုပ်တာကိုလဲ..ဖေးဘရိတ်ပါပဲဗျာ....

    ReplyDelete