Monday, August 6, 2007

ခရမ်းသီးမီးဖုတ်သုပ်


စာအုပ်စင်ရှင်းရင်း ရန်ကုန်ကယူလာတဲ့ အမေ့ရဲ့ ဟင်းချက်နည်းမှတ်စုလေးကို
ပြန်ရှာတွေ့တယ်။ အမေ့လက်ရာအလွမ်းပြေလေးတွေပေါ့။
အဲဒီထဲက ခရမ်းသီးမီးဖုတ်သုပ်နည်းကို လက်ဆင့်ကမ်းလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ
ခရမ်းသီးရှည် ၂လုံး
ငရုပ်သီးတောင့်ရှည် ၂ တောင့် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ ၃-၅မြွှာ (ပါးပါးလှီးထားပါ)
မြေပဲလှော်ထောင်း စားပွဲတင်ဇွန်း ၃ ဇွန်း
သီဟိုဠ်ဆံလှော်ထောင်း စားပွဲတင်ဇွန်း ၃ ဇွန်း
နှမ်းလှော်ထောင်း စားပွဲတင်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ

ချက်ပြုတ်နည်းအဆင့်ဆင့်

ခရမ်းသီးကို မီးဖုတ်ပါ။ ခရမ်းသီးကို ကောင်းကောင်းမွန်မွန်
ကျက်အောင် ၅ မိနစ်မှ ၇ မိနစ်ထိ ကြာအောင် မီးဖုတ်ပါ။
အနံ့သင်းသင်းလေးထွက်လာလျှင် ခရမ်းသီးကောင်းမွန်စွာကျက်ပါပြီ။
(အခွံလေးတွေ တူးနေမယ်၊ ခရမ်းသီးထဲက အရည်တွေ ထွက်လာပါလိမ့်မယ်)
ပြီးလျှင် အခွံနွှာပါ။ တူးနေတဲ့အပိုင်းလေးတွေကို ဖယ်ရှားပစ်ပြီး ခရမ်းသီး
အတွင်းသားလေးတွေကို ဇွန်းလေးနဲ့ အသာလေးခြစ်ပြီး ပန်းကန်ထဲ ထည့်ပါ။
ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ပြီးလျှင် မီးအသင့်အတင့်ဖြင့် ကြက်သွန်ဖြူ
ဆီချက်ချက်ပါ။ ကြက်သွန်ဖြူလေးများ ရွှေညိုရောင်သန်းစပြုလာလျှင်မီးပိတ်ပါ။
ဒယ်အိုးကို မီးဖိုပေါ်မှ ချပြီး ပန်းကန်လုံးထဲ ဆီချက်ကို ထည့်ပါ။
ခရမ်းသီးအသားများကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူဆီချက်ီ၊
မြေပဲလှော်ထောင်း၊ သီဟိုဠ်ဆံ လှော်ထောင်း၊ နှမ်းလှော်ထောင်းများဖြင့်
သမအောင် ရောမွှေပါ။ ပြီးလျှင် ငရုတ်သီးပါးပါးလှီးနှင့် ကြက်သွန်မြိတ်များကို
အပေါ်က ဖြူးပေးပါ။ အနံ့သင်းသင်းလေးနှင့် စားလို့ အရသာရှိလှတဲ့ စားသောက်ဖွယ်တစ်မျိုးပါ။

1 comment:

  1. ခရမ်းသီးကို မီးဖုတ်ပြီး ကြက်ဥနဲ့ ပြန်ကြော်တာလေးပါ တင်ပေးလိုက် ဟိဟိ။ နတ်ပြည်ရောက်သွားမယ် ဒန်တန်တန့် :P

    ReplyDelete