Tuesday, August 3, 2010

ဝက်သားနာနတ်သီးချက်

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမတို့ကို ၀က်သား နာနတ်သီးချက်လေး မျှဝေပေးပါရ စေဦးရှင်။ ဒီဟင်းအမယ်လေးကတော့ မောင်လေး blogger လေးက မေးလို့လည်း ပြောပြခဲ့ဖူးသလို မမ Guiness ရဲ့
ဝါဆို အလှူအတွက်ပေးခဲ့တဲ့ မီနူးလေးထဲ တစ်ပွဲအပါအ၀င်ပါ။ မောင်နှမတွေလည်း တစ်ခါတလေ ချက်စားလို့ရနိုင်အောင်လို့ မျှဝေလိုက်ရပါတယ်ရှင်။

ဝက်သားနာနတ်သီးချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သား သုံးထပ်သား ကီလိုဝက်ကို နာနတ်သီး အလုံး သေး တစ်လုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ နာနတ်ပွင့် (Star Anise) အနည်းငယ်၊ ဆား၊ ပဲငံပြာရည်အပျစ်၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ဝက်သားကို သန့်စင်အောင်ဆေးကြောပြီးရင် အနေတော် အတုံးလေးတွေရအောင်တုံးပါ။ ပြီးရင် ၀က်သားကို ဆား၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ် တို့နဲ့ နှံ့အောင်နယ်ပေးပါနော်။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပေးပါ။ ကြက်သွန်နီကို လေးစိတ်ထိုးပေးထားပါ။ ချင်းကို အချောင်းလေးတွေ ရအောင်လှီးပေးထားပါနော်။ နာနတ်ပွင့် မှာက ပွင့်ဖတ်လေး
ရှစ်ဖတ်လောက်ပါတတ်ပါတယ်။ ဟင်းအိုးထဲထည့်တဲ့အခါ ၀က်သား တစ်ကီလိုအတွက် နာနတ်ပွင့်ဖတ် ၃ ဖတ်လောက် ထည့်ရင် ရပါပြီနော်။ နာနတ်သီးကိုတော့ အခွံနွှာ၊ အူတိုင်ထုတ်၊ မျက်စိတွေ လှီးထုတ်၊ ရေဆေးပြီး အရွယ်တော် အတုံးလေးတွေ တုံးပေး ထားပါနော်။

အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာပြီဆိုရင် နယ်ထားတဲ့ ၀က်သားတွေကို လှော်ပေးပါ။ ၀က်သားတွေကို မီးပြင်းပြင်းနဲ့လှော်လိုက်ရင် (၀က်သိုးနံ့)လို နံတဲ့အနံ့တွေ ပျောက်သွားပါတယ်။ လှော်တဲ့အထဲကိုနာနတ်ပွင့် တွေ ထည့်လှော်လိုက်ပါ။ ၀က်သားတွေ ရေခြောက်သွားပြီး နာနတ်ပွင့်နံ့လေးလည်း သင်းလာပြီဆိုရင် ၀က်သားတွေကို ခဏ ဆယ်ယူလိုက်ပါ၊ ပြီးတော့ ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီချင်းတို့ကို ထည့်ပြီး ဆီသတ်ပါနော်။ ကြက်သွန် ဖြူနီကို တော်တော်နွမ်းသွားအောင်အထိ ဆီသတ်ပေးပြီး တော့ ၀က်သားတွေကို ထည့်ပြီး မွှေပေးပါ။ ပြီးတော့မှ ၀က်သားမြုပ်ရုံ ရေထည့် အဖုံးဖုံးပြီး မီးအသင့်အတင့်နဲ့ တည်ပေးပါ။ ရေခမ်းခါနီးကျရင်တော့ တစ်ခါထပ်မွှေ၊ ပြီးရင် ရေထပ်ထည့်၊ (၂) ရေ လောက်ခမ်းပြီဆိုရင် ပဲငံပြာရည်အပျစ်လေးထည့်ပြီး ရေခမ်းအောင်မွှေ၊ ပြီးတော့မှ နာနတ်သီးစိတ်လေးတွေ ထည့်ပြီး ၀က်သား တွေနဲ့ နှံ့အောင်မွှေ၊ နာနတ်သီးထဲက ထွက်လာ မယ့် ချိုချဉ်အရသာလေးတွေက ၀က်သားထဲ ၀င်အောင်၊ ၀က်သားထဲကအဆီ အနှစ်တွေ ကလည်း နာနတ်သီးထဲ ၀င်အောင်မီးမျှင်းမျှင်းနဲ့ ဆီပြန်တဲ့အထိ တည်ပေးပါနော်။ ဆီပြန်ပြီဆိုရင်တော့ အပေါ့အငံ အရသာမြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင် အနံ့လည်းမွှေး အအီလည်းပြေအရသာ လည်း ရှိတဲ့ ၀က်သားသုံးထပ်သား နာနတ်သီး ချက်လေး ရပါပြီနော်။

မှတ်ချက်။ ဓာတ်ပုံက မမGuiness ရဲ့ အလှူမှာ တည်ခင်းထားတဲ့ ဟင်းပွဲပုံပါနော်။

3 comments:

  1. အတော်ဘဲလုရေ... ဝက်သားဆိုအရမ်းကြိုက်လို့ ဘယ်လိုအဆန်းထွင်စားရမလဲ တွေးတွေးနေရတာ...

    ReplyDelete
  2. လုလုရေ
    ဖတ်ရင်းနဲ့ ဂလုဆို သွားရေတွေ မြိုချလိုက်ရသေးတယ်
    တို့က ဟိုနေ့ကတော့ နာနတ်သီး ထမင်းကြော်စားလိုက်သေးတယ်
    အင်း ခုတော့ ၀က်သားနဲ့ နာနတ်သီး ချက်စားကြည့်ဦးမှ
    ငယ်တုန်းက တစ်ခါ စားဖူးတယ်သိလား
    မစားရတာကြာပြီ .. ခု လုလုပြောပြမှပြန်သတိရသွားပြီ
    ချက်စားဦးမှ.. ဒီရာသီက နာနတ်သီးပေါတယ်လေ..
    ကျေးဇူးနော်.. လုရေ

    ReplyDelete
  3. လုလုရေ..
    ဒါဆို အရသာလေးက မွှေးမွှေးလေးနဲ့ ချိုချိုလေး ဖြစ်နေမှာပေါ့...
    အဟင့်..စားချင်တယ်း- ချက်စားကြည့်ဦးမယ်း))

    လသာည

    ReplyDelete