Wednesday, May 19, 2010

မော်တလိန်းဂျက်ဆင်အလွမ်း


ကျွန်မချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မအလယ်တန်းနဲ့ အထက်တန်းကျောင်း တက်စဉ်ကာလမှာ နေ့လည် မုန့်စားဆင်းချိန်မှာ စားဖြစ်ခဲ့တဲ့ ငှက်ပျောအူနိုင်းချင်းနဲ့ ချက်ထားတဲ့ မော်လမြိုင် မုန့်ဟင်းခါးလေး ချက်ကျွေးပါရစေဦးနော်။

ကျွန်မ မူလတန်းကျောင်းပြီးတော့ အလယ်တန်း တက်ရတော့မယ်ဆိုတော့ မော်လမြိုင်မှာ မော်တလိန်းဂျက်ဆင်လို့ လူသိများကြတဲ့ အမှတ် (၆) အ.ထ.က ကို ပြောင်းတက်ရတယ်လေ။ အဲ့ဒီကျောင်းမှာ နေ့လည် မုန့်စားဆင်းချိန်ဆိုရင် ကြက်ပတေ (http://lulucooking.blogspot.com/2008/05/blog-post.html မှာ ရေးဖူးပါတယ်နော်) ဒါမှမဟုတ် မုန့်ဟင်းခါးဟင်းရည်ကို အမြဲတမ်း ဝယ်စားနေကျလေ။

ကျွန်မတို့ကျောင်းမှာ နေ့လည် မုန့်စားဆင်းချိန်ဆို မုန့်ဈေးတန်းမှာ အသုပ်၊ မြန်မာမုန့်၊ အချဉ်ထုပ်၊ သကြားလုံး စတာတွေအပြင် မုန့်ဟင်းခါးရည်ကို သပ်သပ်ရောင်းတဲ့ ဆိုင်လေးလေးရှိတယ်လေ။ မုန့်ဟင်းခါးဟင်းရည်တစ်ပွဲ (၂၅ ပြားပဲ ပေးရတယ်) လို့ မှာလိုက်ရင် အဲ့ဒီဟင်းရည်ထဲမှာ မန်ကျည်းရည်လေး ထည့်ပေးတယ်၊ ပြီးတော့ ငရုတ်သီး အကျက်မှုန့်လေးရယ်၊ ကြက်သွန်ဖြူ ဆီချက်ကြော်လေးရယ်၊ နံနံပင်လေး၊ ပူစီနံ၊ ပဲသီး စသဖြင့် ရာသီပေါ်အလိုက် ထည့်ပေးတယ်နော်။ မုန့်ဟင်းခါးဟင်းရည်က ငါးရယ်၊ ငှက်ပျောအူကို ငှက်ပျောခေါင်းပါ ပါအောင်ချက်ထားတာ၊ ငှက်ပျောအူ၊ ငှက်ပျောခေါင်း ကလည်း နူးအိပြီး အရသာကို ရှိနေတာပဲ။ ကျွန်မရဲ့ အစ်ကိုဆို သိပ်ကြိုက်တာ။ တစ်နေ့ကျတော့ ကျွန်မတို့ မောင်နှမတွေ စုံတုန်း အစ်ကိုက တို့ငယ်ငယ်တုန်းက စားခဲ့တဲ့ ငှက်ပျောအူနိုင်းချင်း မုန့်ဟင်းခါးလေး ချက်စားကြရအောင်တဲ့လေ။ လုပ်လိုက်လေ ကြာသလားလို့ပေါ့နော်။ အဲ့ဒါနဲ့ပဲ မောင်နှမတွေ တစ်ယောက်တစ်လက်နဲ့ ဝိုင်းချက်လိုက်တာ ငါးနဲ့ ငှက်ပျောအူ နိုင်းချင်း ချက်ထားတဲ့ မော်လမြိုင်မုန့်ဟင်းခါးလေး ကျက်သွားပါလေရောလေ။ ဒီချက်နည်းလေးကိုလည်း ငှက်ပျောအူကြိုက်တတ်ပြီး ငှက်ပျောအူလည်း ဝယ်ရလွယ်တဲ့ ဒေသမှာရှိတဲ့ မောင်နှမတွေ ချက်စားလို့ရအောင် မျှဝေပါရစေဦးနော်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ငါးရွှေ ဒါမှမဟုတ် ငါးခူ၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောအူ (ခေါင်းအပါအဝင်)၊ ငံပြာရည်၊ ငါးပိစိမ်းစားအနည်းငယ်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဆားနဲ့ ဆီအနည်းငယ်တို့ပါနော်။ မုန့်ဟင်းခါးနဲ့ တွဲဖက်စားသုံးမယ့် ပဲကြော် (http://lulucooking.blogspot.com/ 2008/08/blog-post_26.html မှာ ရေးဖူးပါတယ်နော်)၊ ဘဲဥပြုတ်၊ မုန့်ဟင်းခါးဖတ်၊ နံနံပင်နဲ့ ပဲတောင့်ရှည်တို့လည်း ပါပါတယ်နော်။

ငါးကို သေချာဆေးကြောပြီး ခေါင်းဖြတ်၊ ဗိုက်ခွဲပြီးကလီစာတွေထုတ်ပစ်၊ အရိအရွဲတွေ စင်အောင် ဆေးပစ်၊ ပြီးတော့မှ ငါးကို ဆား၊ နနွင်း၊ ငါးပိစိမ်းစားအနည်းငယ်တို့နဲ့ နယ်ထားပေးပါ။ စပါးလင် အနည်းဆုံး သုံးပင်လောက်ကို အရွက်တွေကို ရေဆေး၊ သေချာဖြတ်ပစ်ပြီးတော့မှ တစ်ပတ်လျှို ထုံးပေးပါ။ စပါးလင်အရင်းပိုင်းကိုလည်း ရေစင်အောင် ရွက်ကျိုရွက်ကြား သေချာဆေးကြောပြီး ဓားနောင့်နဲ့ ခပ်နာနာလေး ထုပေးလိုက်ပါ။ ပြီးတော့မှ ငါးပြုတ်တဲ့အခါ ရောပြုတ်ဖို့ အသင့်ပြင်ပေးထားပါ။ ငါးပြုတ်ဖို့အသင့်ဖြစ်ပြီ ဆိုရင်တော့ မီးဖိုပေါ်မှာ မီးအားပုံမှန်နဲ့ပဲ ငါးပြုတ်အိုးတည်ပေးပါ။ ငါးပြုတ်အိုးထဲကို နယ်ထားတဲ့ငါး၊ စပါးလင်၊ ငံပြာရည်အနည်းငယ်နဲ့ ရေကို အနည်းဆုံး ငါးမြုပ်တဲ့အထိ ထည့်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ကို တစ်ဘက်က ကျက်ပြီဆိုရင် ဟိုဘက်လှန်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ရပြီဆိုရင်တော့ ငါးပြုတ်ရည်ထဲကနေ ငါးကိုဆယ်ယူပြီး အအေးခံထားပါ။

ငှက်ပျောအူကိုလည်း အပြင်ခွံက အမျှင်တွေ သင်ပစ်ပြီး ခပ်ပါးပါးလှီးပေးပါနော်။ ငှက်ပျောအူတွေ မည်းမသွားရအောင် အိုးတစ်လုံးထဲ ရေထည့်၊ ပြီးတော့ နနွင်းမှုန့်လေး ထည့်ပြီး လှီးပြီးသား ငှက်ပျောအူတွေကို အစေးတွေ ထွက်သွားအောင်လို့ စိမ်ထားပေးနိုင်ပါ တယ်နော်။ ပြီးရင်တော့ ငှက်ပျောအူတွေကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပထမ တစ်ရည် ပွက်ပွက်ဆူရင် သွန်ပစ်ပြီး၊ နောက်တစ်ရည်ကျမှ ငှက်ပျောအူတွေ နူးအိသွားအောင် တည်ပေးပါနော်။ ငှက်ပျောအူတွေ နူးအိသွားပြီဆိုရင် အရည်တွေ သွန်ပစ်၊ ရေအေးအေးနဲ့ ဆေးပြီး ရေစစ်ပေးထားပါနော်။

ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံသင်ရမှာသင်၊ ရေဆေးရမှာကို ဆေးပြီးရင် စပါးလင်ကို ပါးပါးလှီး၊ ချင်းကိုလည်းအခွံသင်ပြီး မထူမပါးလှီးပေးထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း အခွံသင်ပြီး ဆီချက်ကြော်ဖို့အတွက် ပါးပါးလှီး သင့်တာလှီး၊ ဟင်းအိုးထဲထည့်ဖို့အတွက် ချင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူနီကို အတူရော ထောင်းဖို့လည်း ဖယ်သင့်တာဖယ်ပြီးတော့မှ ကြက်သွန်နီဥ ခပ်သေးသေးလေးတွေကို မုန့်ဟင်းရည်ထဲ ထည့်ခပ်ဖို့ အခွံနွှာရေဆေးပြီး သီးသန့်ဖယ်ထားပေးပါနော်။

မုန့်ဟင်းခါးအိုးထဲထည့်ချက်မယ့် အဆာပလာတွေ ပြင်ထားပြီးရင်တော့ ငါးအရိုးနွှင် ပါနော်။ အသားတွေကို သီးသန့်ဖယ်ထားပြီး ငါးအရိုးတွေကို ငရုတ်ဆုံလေးထဲ အသာထည့်ထောင်းပြီး အရိုးတွေကို ရေဇလုံလေးထဲထည့်ပြီး ရေငင်ယူပါနော်။

အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတည် ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့် လေးထည့်၊ ပြီးတော့ ပါးပါးလှီးထားတဲ့ကြက်သွန်နီတွေထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီချက်ကြော်ပါ။ ဆီချက်ကြော်နေစဉ်မှာ မွှေရင်းနဲ့ ကြက်သွန်အရောင်လေးရဲလာပြီဆိုရင် မီးပိတ်၊ ဆီချက်အိုး မီးဖိုပေါ်ကချပြီး ဆီအပူရှိန်နဲ့ ဆီချက်ကျက် အောင်ထားလိုက်ပါနော်။ ပြီးတော့မှ ပန်းကန်လုံးလေးထဲ ဆီချက်တွေကို ပြောင်းထည့်ပေးပါ။ (ကြက်သွန်ဖြူနီ ဆီချက် ချက်နည်းလင့်ခ်က http://lulucooking.blogspot.com/2009/09/blog-post.html ဒီမှာပါ နော်။)

ပြီးရင် ဒယ်အိုးထဲကို ဆီလေးနည်းနည်းထပ်ဖြည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ထဲက သုံးပုံနှစ်ပုံကို အရိုးနွှင်ပြီးသား ငါးသုံးပုံနှစ်ပုံဖြင့်ရောကာ ဆီသတ်ပြီး သီးသန့်ဖယ်ပေးပါနော်။

မုန့်ဟင်းရည်အိုးပြင်ရအောင်နော့့်  အိုးထဲမှာ ငါးပြုတ်ရည်ထည့်ပါ။ ပြီးရင်ရေထပ်ထည့်ပါ။ ဆီမသတ်ဘဲ ဖယ်ထားသော ငါးနှင့်စပါးလင်ဂျင်း ကြက်သွန်ဖြူနီ တို့ကိုထည့်ပြီးတည်ပေးပါ။ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်ပါ။ ပွက်ပွက်ဆူလာရင် ဆီသတ်ထားတဲ့ ငါးတွေကိုထည့်ပေးပါနော်။ ပြီးရင် ငှက်ပျောအူတွေကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင် ဟင်းရည်အပေါ့အငံကို မြည်းကြည့်ပါ။ ကြက်သွန်နီအစိမ်းလေးများကို ထည့်ပါ။ ကြိုက်တတ်ရင် ငရုတ်ကောင်း မှုန့်အနည်းငယ် ထည့်ပါ။ အဲ့ဒါဆိုရင်တော့ မုန့်ဟင်းရည်အိုးရပြီနော်။

မြန်မာပြည်မှာတော့ မုန့်ဖတ်ဝယ်ရတာ လွယ်တယ်လေ။ ပြည်ပက မောင်နှမ များအတွက် မုန့်ဖတ်ပြုတ်ဖို့က ပထမဦးဆုံးအိုးထဲမှာ ရေထည့် ပွက်ပွက်ဆူအောင်တည်ပါ။ မုန့်ဖတ်ရဲ့အပျော့အမာကို မသိသေးတဲ့အတွက် ပထမအကြိမ်တွင် မုန့်ဖတ်အနည်းငယ်ကိုပဲ ထည့်ပြုတ်ပါနော်။ ပြီးလျှင်မုန့်ဖတ်ကိုမွှေပေးပါ။ မမွှေမိရင် မုန့်ဖတ်တွေပူးကပ်သွားပြီး မနပ်ဘဲ စားမရဖြစ်သွားတတ်ပါတယ်။ သတိထားပြီး မုန့်ဖတ်ကိုပြုတ်ပြီး ရေအေးအေးဖြင့် ဆေးပါ။ စကာနဲ့စစ်သည့်အခါ မုန့်ဖတ်အေးနေအောင် ရေဆေးပြီးမှ စစ်ပါ။ မုန့်ဖတ်ကို သတိထား ပြုတ်ပါနော်။ မုန့်ဖတ်အေးသည်အထိ ရေဆေးရန်သတိပြုပါ။ အနွေးဓာတ်ကျန်နေပါက မုန့်ဖတ်များ ပူးသွားပြီး စားမကောင်းဖြစ်တတ်ပါတယ်နော်။

နံနံပင်၊ ကြက်သွန်မြိတ်၊ ပဲသီးတို့ကို ရေစင်အောင်ဆေးကာ အလောတော်လှီးထားပါ။ ကြက်ဥပြုတ်များ လှီးထားပါ။ ငရုတ်သီးအကျက်မှုန့်များပြင်ထားပါ။ ငံပြာရည်ချထားပါ။ သံပုရာသီးများစိတ်ထားပေးပါ။ ကိုယ်နှစ်သက်မယ့် အရသာဖြစ်အောင် ပြင်ဆင်ပြီး စားပေါ့နော်။
မုန့်ပွဲပြင်ဖို့ ပန်းကန်တစ်လုံးယူ၊ မုန့်ဖတ်ထည့်၊ ဟင်းရည်ပူပူလေးထည့်၊ ပြီးတော့မှ အပေါ်ကနေ ဆီချက်ထည့်၊ နံနံပင်၊ ပဲသီး၊ ငရုတ်သီးအကျက်မှုန့်၊ ဘဲဥ၊ ပဲကြော်၊ ငံပြာရည်လေး နည်းနည်းထည့်၊ သံပုရာရည်လေး ညှစ်ထည့်လိုက်ပါတယ်။ အဲ့ဒါဆိုရင်တော့ မော်လမြိုင်မုန့်ဟင်းခါးလေး ရပါပြီနော်။

ဒီတစ်ခါတော့ ငှက်ပျောအူနိုင်းချင်း၊ ငါးအရသာ ချိုချိုလေးနဲ့ မော်လမြိုင်မုန့်ဟင်းခါး ရပါပြီနော်။ မုန့်ဟင်းခါးတစ်ပွဲ စားပြီးရင်တော့ ငှက်ပျောအူများများနဲ့ မုန့်ဟင်းခါးရည်တစ်ပွဲလောက်တော့ သောက်ဦးမယ်လေနော်။ မော်တလိန်း အလွမ်းပြေပေါ့နော်။ မောင်နှမများအားလုံးကိုလည်း ငှက်ပျောအူနိုင်းချင်းနဲ့ချက်ထားတဲ့ မော်လမြိုင်မုန့်ဟင်းခါးလေး လာစားလှည့်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

11 comments:

  1. စားချင်တယ် ...ငှက်ပျောအူတော့ရှိဘူး

    ReplyDelete
  2. စားချင်လိုက်တာ
    ဖားအံမှာလဲ အဲလိုဘဲ ငှက်ပျောခေါင်းနဲ့ ချက်တယ်။
    ဆတ်တောက်တောက်နဲ့ ဝါးလို့သိပ်ကောင်း။
    ငပိလဲ ပါတယ်ပြောတယ်။ ဖားအံတပင်တိုင် မုန့်ဟင်းခါးလဲ သိပ်ကြိုက်
    မော်လမြိုင် ရေစိမ်မုန့်တီလဲ ကြိုက်ကြိုက်
    ပြောရင်းနဲ့ ပိုစားချင်လာပြီ ရှလွတ်

    ReplyDelete
  3. မမလုလုရေ..ဟိုတစ်ခါ မော်လမြိုင်မုန့်ဟင်းခါးချက်ပြကတည်းကစားဖူးချင် တာ သိလား။ အခုတော့ရောဂါပိုတိုးသွားပီ.. ဌက်ပျောပင်တွေတော့ရှိတယ်.. ဖီးကြမ်းဌက်ပျောပင်လား..သီးမွှေးကိုသုံးရမလား မမ.. ရောင်းတော့ မရောင်းဘူး သူများခြံထဲမှာ သွားခိုးခုတ်ရင်ကောင်းမလားစဉ်းစားနေတယ်.း)

    ReplyDelete
  4. လုရေ
    ဆန်လှော်မှုန်.တို. ရွှေချည်မှုန်.တို. ပဲမှုန်. တို. ထည်.သေးလား

    ReplyDelete
  5. ဆန်လှော်မှုန့် တို့  ရွှေကြည်မှုန့် တို့  ထည့်ချင်ရင် ထည့်နိုင်ပါတယ်။ ရန်ကုန်မုန့် ဟင်းခါး ဖြစ်သွားမှာပေါ့။ မော်တလိန်းဂျက်ဆင် မုန့် ဟင်းခါးပါဆို။ :D

    ReplyDelete
  6. မော် မုန့် ဟင်းခါးက ငါးရည်ကျဲကျဲလေးနဲ့ စား တာ ဆန်လှော်တွေ မြေပဲတွေ ရွှေကြည် ပဲမှုန့် တွေ ဘာမှ မထည့် ဘူး အရည်ကျဲနဲ့ ငါးအရသာ ကို စားတာ အနော်နီးမတ်ရေ.

    ပြောရင်း ငါးချိုချို မော်မြိုင်မုန့် ဟင်းခါးကို လွမ်းသွားပြီ

    ReplyDelete
  7. စူးနွယ်လေးရေ့  ငှက်ပျောအူမရှိရင်လေ ကြာစွယ်လေး ထည့်ချက်စားကြည့်ပါလားဟင်။ နည်းနည်းတော့ အလွမ်းပြေစေတာပေါ့နော်။
    ရွက်ဝေရေ့  ဒေသချင်းမဝေးတော့ အစားအသောက်ချင်းကလည်း ခပ်ဆင်ဆင်ရယ်နော်။ ငှက်ပျောအူဝါးရတဲ့ အရသာကိုက ဘာနဲ့မှ မလဲနိုင်ဘူးနော်။
    ကူးကူးလေးရေ့ မြန်မာမှာတော့ ငှက်ပျောအူဆို များသောအားဖြင့် ရခိုင်ငှက်ပျောကိုပဲ အသုံးပြုကြတာများပါတယ်နော်။ တကယ်လို့ ရခိုင်ငှက်ပျောမရခဲ့ရင် တခြားငှက်ပျောကို သုံးလို့ရပါတယ်၊ ငှက်ပျောအူလှီးတဲ့အခါ အရောင်မည်းမသွားအောင် သတိပြုဖို့က အဓိက အချက်ပါပဲနော်။ ပြီးတော့ နာနာပစ်ပြုတ်လိုက်ရင် အာယားတာတို့လည်း မဖြစ်တော့ဘူးနော်။
    မော်လမြိုင်မုန့်ဟင်းခါးမှာ ရွှေကြည်တို့ ဆန်လှော်မှုန့်တွေ ထည့်လေ့မရှိပါဘူးနော်။
    မဆောင်းရေ့  မော်လမြိုင်မုန့်ဟင်းခါးကိုလွမ်းသွားရင် ချက်စားပါဦးနော် မမ။ နေကောင်းလား မမ။ မတွေ့တာကြာလို့ပါနော်။

    ReplyDelete
  8. မမလုရေ..သွားရည်ကျတယ်ဗျို့ ...ညီမနေတဲ့ နေရာမှာတော့ မြန်မာများလို့ လား မသိဘူး...ညဈေးမှာ ငှက်ပျောအူခုတ်ရောင်းကြတယ်...တစ်ပေလောက်ရှိတဲ့ အရွယ်ကို မလေး တစ်ကျပ်ပေးရတယ်လေ...ဆန်မှုန့် မပါပဲ ပြစ်နေအောင် ချက်ရမှာဆိုတော့ ငါးတော်တော်များများ ထည့်ရမယ်ထင်တယ်နော်...ငါးရွှေကတော့ ၀ယ်လို့ ရတယ်...ချက်ကြည့်ဦးမယ် မမလုရေ...အသစ်လေးတွေလဲ မျှော်နေမယ်နော်..

    ReplyDelete
  9. မမလုရေ..သွားရည်ကျတယ်ဗျို့ ...ညီမနေတဲ့ နေရာမှာတော့ မြန်မာများလို့ လား မသိဘူး...ညဈေးမှာ ငှက်ပျောအူခုတ်ရောင်းကြတယ်...တစ်ပေလောက်ရှိတဲ့ အရွယ်ကို မလေး တစ်ကျပ်ပေးရတယ်လေ...ဆန်မှုန့် မပါပဲ ပြစ်နေအောင် ချက်ရမှာဆိုတော့ ငါးတော်တော်များများ ထည့်ရမယ်ထင်တယ်နော်...ငါးရွှေကတော့ ၀ယ်လို့ ရတယ်...ချက်ကြည့်ဦးမယ် မမလုရေ...အသစ်လေးတွေလဲ မျှော်နေမယ်နော်..

    ReplyDelete
  10. Hi, Lu Lu. Only now, I realized that you went to SHS6 Moulmein. I did, too, from 1971 to 1990 (from KG to G9) till my mother transferred back to RASU. Also attended the "Mu-kyo" which was across the street from SHS6. We lived on Moulemin College campus which was very peaceful, quiet and lovely place. Might be very different from now. I miss the city very much and am wandering how and what my childhood friends might be doing. I always enjoy reading your blog and am amazed at your being a real "Mawlamying-thu" (not only know how to cook, also know how to make canned fruits & veges for round the year usage). Pl keep up the good work!
    Best wishes,
    Moh Moh

    ReplyDelete
  11. မလု ရေ

    မော်လမြိုင် မုံဟင်းခါး စားချင်လာပြီ မုံဟင်းခါး ကို အရမ်းကြိုက်တယ်
    မော်လမြိုင် မုံဟင်းခါး တော့ စားဘူးသေးဘူး

    ကျေးဇူးပါနော်
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete