Saturday, June 5, 2010

ပြည်ကြီးငါးခြောက်ရခိုင်သုပ်


ပြည်ကြီးငါးခြောက်ရခိုင်သုပ်

          အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ အင်တာနက်ကွန်နက်ရှင်က မကောင်း၊ မီးကလည်း ခဏခဏပျက်၊ ကျော်ခွရတာလည်း အဆင်မပြေတော့ မီးဖိုဆောင်လေးထဲကို   မရောက်ဖြစ်ဘဲ ပစ်ထားရသလို ဖြစ်နေတာ ကြာပြီပေါ့နော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို ပြည်ကြီးငါးခြောက်သုပ်လေး လုပ်ကျွေးပါရစေဦးနော်။ ပြည်ကြီးငါး ချက်နည်းနဲ့ ပတ်သက်ပြီး နည်းမျိုးစုံကိုလည်း မောင်နှမတွေအတွက် မျှဝေပြီးဖြစ်သလို ဒီတစ်ခါ ပြည်ကြီးငါးခြောက် လုပ်နည်းနဲ့ အသုံးကိုလည်း မျှဝေခွင့်ပြုပါဦးနော်။

 
ပြည်ကြီးငါးခြောက်လုပ်နည်း

          ပြည်ကြီးငါးကို ၀ယ်ပြီးတဲ့အခါ အပေါ်က ခရမ်းရောင်စက်လေးတွေပါတဲ့အလွှာကို ခွာထုတ်ပစ်၊ ပြီးတော့ အထဲက အညစ်အကြေးတွေနဲ့ အရိုးပျော့လိုဟာလေး ဖယ်ထုတ်ပစ်ပါ နော်။ ပြီးရင် ပြီးကြီးငါးကို မန်ကျည်းနှစ်ရယ်၊ ဆားရယ်နဲ့ နယ်ဆေးပစ်ပြီး ရေစစ်ပေးထားပါ နော်။ ပြီးတော့မှ ပြည်ကြီးငါးတွေကို ဆားရယ်၊ သံပရာ(သို့) ရှောက်ရည်နဲ့ နှံ့အောင် နယ်ပြီးတော့ စကာတစ်ခုထဲ စက္ကူတွေ ခံပြီးတော့ နေပူပူထဲမှာ လှန်းပေးပါနော်။ ၂ ရက် ၃ ရက်လောက် လှန်းပေးရင် ကောင်းကောင်းခြောက်တဲ့ ပြည်ကြီးငါးခြောက်ကို ရနိုင်ပါ တယ်နော်။ ပြည်ကြီးငါးခြောက်ကို သိမ်းတဲ့အခါမှာ သတင်းစာစက္ကူလိုမျိုးနဲ့ ထုပ်ပိုးပြီးတော့မှ ပလတ်စတစ်ဗူး၊ ပလစ်စတစ်အဖုံးပါတဲ့ ပုလင်းသန့်သန့်တို့မှာ ထည့်သိမ်းပေးထားရင် ရေရှည်အထားခံပါတယ်နော်။

 

ပြည်ကြီးငါးခြောက်အသုံး

          ပြည်ကြီးငါးခြောက်ကို ဟင်းလျာတွေထဲမှာ ဘယ်လိုမျိုးများ ချက်ပြုတ်စားသောက်ကြ သလဲဆိုတာကို မျှဝေပါရစေရှင်။ ကျွန်မတို့မိသားစုမှာတော့ ၀က်ခြေထောက်စွပ်ပြုတ်၊ ၀က်နံရိုးပြုတ်တွေ လုပ်တဲ့အခါမှာ ပြည်ကြီးငါးခြောက်ကို ထည့်ပြုတ်တတ်ကြသလို၊ ဆိုက်ပေါ့ လို့ခေါ်တဲ့ မုန်လာဥခြောက်၊ မုန်လာဥဖြူအစိုတို့နဲ့လည်း ပြုတ်ပြီး ဟင်းချိုလုပ်သောက်ကြပါ တယ်နော်။ ပြီးတော့ ပြည်ကြီးငါးခြောက်တွေကို ခရမ်းချဉ်သီးနဲ့ ငါးပိချက်လိုလည်း ချက်တတ်ပါသေးတယ်နော်။ ဒီတစ်ခါတော့ ပြည်ကြီးငါးခြောက်ကို ရခိုင်သုပ်လေး သုပ်ကျွေးပါရစေနော်။

 

ပြည်ကြီးငါးခြောက်ရခိုင်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းစေ့၊ သံပရာရည်၊ ရှောက်ရွက်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

 

ပြည်ကြီးငါးခြောက်ကို ရေနွေးကြက်သီးနွေးနဲ့ ၁၅ မိနစ်လောက် စိမ်ပေးပါနော်။ ပြီးတော့မှ ပြည်ကြီးငါးခြောက်ကို ငါးခြောက်ဖုတ်သလို မီးဖုတ်ပေးပါနော်။ မီးဖုတ်တဲ့အခါ အကျက်ညီအောင် ဟိုဘက်ဒီဘက် နှစ်ဖက်လုံး လှန်ပြီး ဖုတ်ပေးပါ။ ပြည်ကြီးငါးခြောက်လေး တွေ ဖောင်းတက်တာလာကို တွေ့ရမှာပါနော်။ ပြီးရင်တော့ ပြည်ကြီးငါးခြောက်လေးတွေကို မျှင်မျှင်လေးတွေရအောင် မျှင်ပေးပါနော်။ ငါးပိစိမ်းစားကိုလည်း ယောက်မမှာ ကပ်ပြီး မီးကင် ပေးလိုက်ပါနော်။ ငရုတ်သီးစိမ်းလေးတွေကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက် လေး ထောင်းပေးပါ။ ငရုတ်သီးစိမ်းထောင်းတဲ့အခါ ဆားလေးနည်းနည်းထည့်ထောင်းပေးရင် ငရုတ်သီးစိမ်းတွေ မည်းမသွားတော့ဘူးနော်၊ ပြီးရင်တော့ ကြက်သွန်ဖြူရယ်၊ ငရုတ်ကောင်းစေ့ ရယ်ကိုထည့်ပြီး တဆက်တည်း ထောင်းပေးပါနော်။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ပါးပါးလှီး ရေဆေးပြီး ရေစစ်ပေးထားပါနော်။ သံပရာသီးကိုလည်း အစိပ်လေးတွေ စိပ်ပေးထားပါနော်။ ရှောက်ရွက်ကိုလည်း ပါးပါးလှီးပေးထားပါနော်။

 

အားလုံးအသင့်ဖြစ်တဲ့အခါ ဇလုံတစ်လုံးထဲကို အပေါ်က အဆာပလာတွေထည့်၊ သံပရာရည်ရွှဲရွှဲလေးဆမ်းပြီးတော့ သမအောင်နယ်ပေးပါနော်။ အရသာကို ချဉ်ငံစပ်လေး ရအောင် သုပ်ပါနော်။ ပြည်ကြီးငါးခြောက်က ထုတ်ထုတ်လေးရယ်၊ ရခိုင်သုပ်လေးမို့ အရသာက ချဉ်ငံစပ်လေးမို့ စားရတာ ခံတွင်းမြိန်လှပါတယ်နော်။

 

ချစ်သောမောင်နှမများအားလုံးလည်း ပြည်ကြီးငါးခြောက်များ လက်ဆောင်ရထားတာ တို့၊ ကိုယ်တိုင်အခြောက်လှန်းပြီး လုပ်စားချင်ရင်ပဲဖြစ်ဖြစ် တစ်ခါလောက် ပြည်ကြီးငါးခြောက် သုပ်လေးကို လုပ်စားကြည့်ကြပါဦးနော်။ တခြားချက်နည်းတွေနဲ့လည်း စမ်းသပ်ချက်ပြုတ် ကြည့်ကြပါဦးနော်။

6 comments:

  1. မင်္ဂလာပါ လုလု..

    ထမင်းဆီစမ်း နဲ့ ပြည်ကြီးငါးခြောက် ရခိုင်သုပ်... စားချင်စိတ် ပေါက်သွားတယ်။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  2. မလုရေ

    ကျနော် လည်း ကိုမျိုးလိုဘဲ စားချင်တာ ဂလု ဂလု
    ဒီတခါ အဆင်သင့် အဲလိုလေး သုပ်စားကြည့်မယ် ချောင်းသာ သွားတုန်းက တွေ့တယ် လုပ်မစားတတ်လို့ မဝယ်ခဲ့တာပါ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. ငါးရံ့ခြောက် ဖုတ်နည်းလေး ပြောပြကြပါလား...microwave နဲ့ဖုတ်တာ အဆင်မပြေ..နည်းနည်း အေးသွား၇င် မာတောင်နေတာပဲ

    ReplyDelete
  4. ပြည်ကြီးငါးခြောက်က အစိုထက် စားရတာ ပိုကောင်းသွားသလိုပဲ မညှီလည်း မညှီတော့ဘူး..။ လုလုကို ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  5. အားပါးအရသာရှိလိုက်တာ

    ReplyDelete
  6. အမေ၇ အသစ်မတင်တာကြာလို့မျှော်နေတာမျှော်ရကျိုးနပ်သွားပြီ။

    ReplyDelete