Friday, July 24, 2009

ဒီတစ်ပတ်ပိတ်ရက်မှာ ဘာစားမလဲ










ချစ်မောင်နှမများအားလုံး မင်္ဂလာပါရှင်။ မနက်ဖြန်ဆို စနေနေ့ ရုံးပိတ်တယ်နော်။ ရုံးပိတ်ရက်မှာ ဖွယ်ဖွယ်ရာရာ ဘာလေးချက်စားကြရင်ကောင်းမလဲလို့ ညအိပ်ရာဝင်ကတည်းက စိတ်ကူးနဲ့ စီစဉ်နေကြမှာ မဟုတ်ပါလားနော်။
ဒီတော့ ပိတ်ရက်မှာ မောင်နှမတွေအားလုံး ချက်ပြုတ်တာကို အချိန်လည်း ပေးနိုင်မယ်ဆိုရင်တော့ ဆိတ်ပဲဟင်း၊ ငါးပိကြော်လို့လည်း ခေါ်တဲ့ ဘာလချောင်ကြော်၊ ကန်စွန်းကင်ပွန်းကြော်နဲ့ အတို့အမြှုပ်လေး လုပ်စားကြရအောင်နော်။
ဆိတ်ပဲဟင်းချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆိတ်အရိုးအသားတွဲ (၅၀) ကျပ်သား၊ ကုလားပဲ လက်ဘက်ရည်သောက်ပန်းကန်လုံး (၂) လုံး၊ကြွက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကရဝေးရွက်၊သစ်ဂျပိုးခေါက်၊ မာဆလာ၊ ဆား၊ ချင်း၊ သကြားအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီ၊ ငရုတ်သီး အပုပွတောင့်၊ မိုးမျှော် ငရုတ်သီး တို့ပါနော်။
ကုလားပဲကိုတော့ မချက်မီ ညကတည်းက ရေစိမ်ထား၊ မနက်ကျရင် ပဲတွေကို သန့်စင်အောင် ရေဆေးပြီးတော့ ပြုတ်ပေးပါ။ ကျွန်မက ဟင်းလည်းအကျက်မြန်အောင်၊ မီးလည်း အကုန်သက်သာအောင်လို့ ကျွန်မ pressure cooker ကိုပဲ အသုံးပြုပြီး ပဲကို နူးအောင်ပြုတ်ပါတယ်။
ဆိတ်အရိုးအသားတွဲကို မခုတ်ထစ်မီ ညှီနံ့သက်သာရအောင် မန်ကျည်းသီးအနှစ်နဲ့ နယ်ပေးထားပြီး 15 မိနစ်လောက် ထားလိုက်ပါနော်။ ပြီးတော့မှ ရေစင်အောင်ဆေး၊ ချင်းကို ထောင်းပြီး အရည်ညှစ်ယူ၊ ပြီးတော့ ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ထည့်ပြီး ခပ်နာနာ နယ်ပေးထားပါနော်။ ကြက်သွန်ဖြူနီကို အခွံနွှာထား၊ ငရုတ်သီးအပုပွတောင့်နဲ့ ရောထောင်းထားပေးပါနော်။ ကရဝေးရွက်ကိုလည်း ရေနဲ့သန့်စင်အောင်ဆေးပြီး အရွက်လေးတွေ ခြွေပေးထားပါ။
အားလုံးအသင့်ဖြစ်ရင် ဒယ်အိုးကို မီးဖိုပေါ်တင်၊ ဆီထည့်၊ ငရုတ်သီးမိုးမျှော်ကို တောင့်လုံးကြော်ပြီ့း ဖယ်ထား၊ ပြီးတော့ ငရုတ်သီးကြက်သွန်ကို ဆီသတ်ပါတယ်။ ပြီးရင် ဆိတ်သားကိုထည့်ပြီး ငရုတ်သီး ကြက်သွန်တွေနဲ့ သမအောင် မွှေပေးပါ။ ပြီးတော့မှ ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက်ထည့်ပြီး ဆိတ်သားထဲက ထွက်လာတဲ့ ရေတွေ ကုန်တဲ့အထိ အဖုံးအုပ်ပြီး တည်ပေးပါ။ ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုရင်တော့ ခုနကတော့ ဆိတ်သားတွေကို ပဲပြုတ်ထားတဲ့ pressure cooker ထဲထည့်ပြီး ရောလိုက်ပါ။ ပြီးတော့မှ အဲ့ဒီအိုးကို မီးဖိုပေါ်တင်၊ 15 မိနစ်ကြာအောင်တည်၊ အငွေ့တွေက အိုးထိပ်ခေါင်းကလေးကနေ တရှူးရှူးနဲ့ ထွက်လာပါမယ်၊ ပြီးရင် မီးပိတ်၊ အိုးကိုချက်ချင်းမဖွင့်နဲ့၊ တော်ကြာ အငွေ့တွေရဲ့ အရှိန်နဲ့ ကိုယ့်မျက်နှာကို လာကပ်နေဦးမယ်။ 5 မိနစ်လောက် နေပြီးတော့မှ အိုးကိုဖွင့်၊ ဆိတ်ရိုးရော၊ ပဲရော အနေအထားကိုကြည့်၊ မာဆလာလေးအုပ်၊ ရေထပ်ထည့်ပြီး နောက်ထပ် 15 မိနစ်လောက် ထပ်တည်ပေးနော်။ မီးနွေးနွေးနဲ့ အချိန်ကြာကြာ တည်ပေးနိုင် ရင်တော့ ဆိတ်ရိုးလည်း နူးပြီးအထဲက အရသာ ပိုထွက်လာမှာဖြစ်ပါတယ်နော်။ ပြီးရင်တော့ ဟင်းအိုးကို ချ၊ အပေါ့အငံအရသာမြည်းပြီးတော့ ငရုတ်သီးတောင့်လုံးကြော်လေးတွေ ထည့်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ဆိတ်ပဲဟင်း ရပါပြီနော်။
ငါးပိကြော်နည်းကိုတော့ ဒီမှာ ရေးပြီးသားပါနော်။
http://lulucooking.blogspot.com/2007/08/blog-post_8843.html အဲ့ဒီလင့်ခ်မှာ ပြန်ဖတ်ကြည့်ပါနော်။
ကန်စွန်းကင်ပွန်းကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကန်စွန်းရွက်၊ ကင်ပွန်းရွက်၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊နီ၊ ငရုတ်သီးအရောင်မှုန့်၊ငါးပိစိမ်းစား၊ ဆား၊ အချိုမှုန့်၊ ဆီတို့ပါနော်။
ကန်စွန်းရွက်နှင့် ကင်ပွန်းရွက်ကို သန့်စင်အောင်ရေဆေးပြီးတော့ အရိုးအရွက်တွေကို သင်ထားပေးပါ။ ပြီးတော့ ကြက်သွန်ဖြူနီ ငရုတ်သီးထောင်းထား၊ အဲ့ဒီအထဲ ပုစွန်ခြောက်လေးတွေထည့်ပြီး မညက်တညက် ထောင်းထားပေးပါနော်။
ပြီးရင် ဒယ်အိုးကြီးကြီးကိုယူ၊ ကန်စွန်းရွက်တွေရော ကင်ပွန်းရွက်တွေရော ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်၊ ငါးပိစိမ်းစား၊ ဆား၊ အချိုမှုန့်အားလုံးတို့ကို သမအောင် ရောနယ်ပေးပါ။ ပြီးတော့မှ ဆီလေးထည့်ပြီးတော့ ဒယ်အိုးကို အဖုံးအုပ်ပြီး မီးဖိုပေါ် တင်ပေးပါ။ မီးအားကောင်းကောင်းနဲ့ပဲ တည်ပေးပါနော်။ ဟင်းရွက်တွေ နွမ်းသွားပြီး ကန်စွန်းရွက်ကနေ အရည်တွေ ထွက်လာနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ အိုးအဖုံးကို ဖွင့်၊ အရွက်တွေထဲ အရသာဝင်အောင် မွှေပေးပြီး မီးအား ကောင်းကောင်းနဲ့ပဲ ဆက်တည်ပေးပါနော်။ ရေလည်းခမ်းလောက်ပြီ၊ အရွက်တွေလည်း နူးလောက်ပြီ၊ ဆီလေးလည်းပျံလာပြီဆိုရင်တော့ အပေါ့အငံကို မြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်ပြီး ငရုတ်သီးစိမ်းလေးအုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ကန်စွန်းကင်ပွန်းကြော်လေးရပါပြီနော်။
တို့စရာကတော့ သခွားသီး၊ တညင်းသီးပြုတ်၊ မျှစ်ပြုတ်၊ ရုံးပတီသီးပြုတ်၊ ငရုတ်သီးစိမ်းပေါ့။
ချစ်မောင်နှမများလည်း ဒီတစ်ပတ်ပိတ်ရက်မှာ အဆင်ပြေရင် အခုလို ဟင်းစုံတွဲလေး ချက်စားကြည့်ပါဦးနော်။
ဆရာလစ်တုန်း ပို့စ်အသစ်ခိုးတင်တာ၊ အလုပ်ဆက်လုပ်လိုက်ဦးမယ်နော် :P

12 comments:

  1. အား ... စားခြင်တယ်။ စားခြင်တယ်။

    ReplyDelete
  2. စားချင်တယ်။ ဆိတ်ပဲ မစားရတာကြာပြီ :(

    ReplyDelete
  3. သြော်...ဒို့မလဲ လုလုဘလော့ဂ်ထဲ ၀င်ဝင်ကြည့်ပြီး အိမ်မှာ လက်စွမ်းတွေပြရလွန်းလို့ အ၀တ်အစားတွေလဲ ကျပ်ကုန်ကြပြီ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ မနက်ဖန် စနေ
    နောက်ပြီး ဆိတ်ပဲဟင်းကလဲ မစားရတာ တော်တော်ကြာနေပြီဆိုတော့........
    ကျေဇူးပဲလုလုရေ...

    ReplyDelete
  4. ဆိတ်ပဲကိုကိုယ့်ဟာကိုယ်ချက်စားတုန်းက ရိုးရိုးဘဲဆီသတ်မဆလာအုပ်ပြီးချက်စားတာ... လုလုနည်းလေးကစနစ်ကျတယ်... ပိုလဲကောင်း ပိုလဲမွှေးမဲ့ပုံဘဲ... စမ်းချက်ကြည့်မယ်....

    ReplyDelete
  5. အားးးးးးးးးးးး

    စားချင်စရာလေး။ အိုကေ မမလု။ ခဏနေဈေးသွားမယ်။ ပြန်ချက်မယ်။ အဟဲ။

    မနေ့ က ရုံးကလူတွေကို သမီးခေါ်ပြီး မန်မန်ချက်ကျွေးမယ်။ လာခဲ့လို့ ပြောတော့ သူတို့ လာတယ်။ စောလာကြတာ။

    ကထမ သမီးကိုကြည့်ပြီးသူတို့ နားမလည်ဘူး။ မီးငယ် ဘာတွေလုပ်နေတာလဲတဲ့။

    သမီးက မမလု ဘလော့ကို ဖွင့်ပြီး အဲဒါကို ဖတ်လိုက် ချက်ဘို့ ပြင်လိုက်နဲ့ လုပ်နေတာလေ။
    အဟဲ

    ဒါပေမယ့် မမလုရေးထားတာ ကောင်းတော့ သမီးချက်တာလဲ ကောင်းသွားတာပေါ့။

    ကျေးဇူး

    ခင်တဲ့

    ReplyDelete
  6. မလုရေ.. ဆိတ်သားမစားရတာကြာတော့ မေ့သလိုတောင် ရှိနေပြီ.. ဒီမှာတော့ ဆိတ်သားအစား ၀က်နံရိုးနဲ့ပဲ စားရတယ်.. တို့စရာ ပန်းကန်ကြီးက စားချင်စရာ.. ဒညင်းသီးလည်း စားချင်တယ်... :)

    ReplyDelete
  7. မမလုလုရေ အားလုံးကြိုက်တယ် အိမ်ရောက်မှပဲချက်စားတော့မယ် ဒီမှာချက်စားရတာအဆင်မပြေလှဘူး
    လာလာပဲငမ်းနေရတာလေ :(

    ထောပတ်သီး

    ReplyDelete
  8. ညှီနံ့သက်သာရအောင် မန်ကျည်းသီးအနှစ်နဲ့ နယ်ပေးထားရတယ်ဆိုတာ မှတ်ထားလိုက်တယ်
    မလုရေ....ရန်ကုန်ရောက်မှချက်စားရမယ်။။။။

    ReplyDelete
  9. အိအိလေးရေ့ > စားပါနော်၊ စိတ်ကြိုက်သာစားနော်။
    စုဗူးလေးရေ့ > အချိန်ရရင် ချက်စားပါဦးနော်။ လုလုလည်း အလည်လာခဲ့ပါမယ်နော်။
    မလေးရေ့  > အကျီင်္တွေက သေးသွားတာနေမှာပါနော်၊ လူက ၀လာတာတော့ မဟုတ်လောက်ပါဘူးနော်၊ အမြဲအလည်လာတဲ့အတွက် ကျေးဇူးပါမလေးရှင့်။
    မနော်ရေ့  > စမ်းချက်ကြည့်နော်။ အိမ်လည်လာပြီး လိုက်စားမယ်နော်။
    ကျောပိုးအိတ်လေးရေ့  မမလုကိုကျတော့ ထမင်းစားမဖိတ်ဘူ့း့  ချက်ရတာရော အဆင်ပြေရဲ့လားနော်၊ လိုတာရှိရင်လည်း ပြောပါနော်။
    နုစံရေ့ > ဆိတ်ရိုးအစား အင်ဒိုနီးရှားဆိုင်တွေမှာ သိုးသား ရတတ်တယ်နော်၊ သိုးအသားအရိုးတွဲကိုဝယ်ပြီး ချက်ကြည့်ပါနော်၊ ၀က်နံရိုးနဲ့ဆိုလည်း ကောင်းတာပဲနော်၊ တို့စရာလည်း စိတ်ကြိုက်သာစားနော်။
    ထောပတ်သီးလေးရေ့  အိမ်ရောက်လို့ ချက်စားဖြစ်ရင် ခေါ်ဦးနော်။ လာစားမယ်နော်။
    မမရှင်လေးရေ့  လုလုတို့အဖွားက သင်ပေးခဲ့တာလေ၊ လက်တွေ့စမ်းကြည့်သိလား၊ ညှီနံ့သက်သာစေတယ်။ ရန်ကုန်ရောက်ရင်တွေ့မယ်နော်။

    ReplyDelete
  10. အဲ့ဒါကို ခုပိတ်ရက်မှာ ချက်စားချင်တယ် ဒေါ်လေး။
    ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဗျ။ လုပ်ပါဦး။
    ကျနော် ခုလာမယ့် ကြာသပတေးညနေမှာ ချက်ချင်တာ။ မြန်မြန်လာပြောပေးနော် ဒေါ်လေး။
    ကျနော် မငုံ ( ကန္တာရမိုးစက်များ ) ကို ချက်ကျွေးချင်လို့။ ဟီဟိ။

    ReplyDelete
  11. တူတော်မောင်ဇော်ရေ
    ကရဝေးရွက်ကို အင်္ဂလိပ်လို bay leaf လို့ ခေါ်ပြီး သစ်ကြံပိုးခေါက်ကို cinnamon လို့ ခေါ်တယ်နော်

    ReplyDelete
  12. ဒညင်းသီးပြုတ်စားချင်တယ် မမလုရေ။ ကန်စွန်းကင်ပွန်းချက်လဲ စားချင်ပါတယ်။

    ReplyDelete