Thursday, August 9, 2007

ငါးပိကြော်နည်း

လိုအပ်တဲ့ပစ်စည်းတွေကတော့ ပုဇွန်ခြောက်၊ ငံပြာရည်၊ ငရုတ်သီးခွဲခြမ်းမှုန့်၊ ကြက်သွန်အဖြူ၊ အနီ၊ မန်ကျည်းသီးမှည့်၊ အချိုမှုန့်၊ သကြား အနည်းငယ် စတာတွေပဲ ဖြစ်ပါတယ်။

ပုဇွန်ခြောက်လေးကို မထောင်းခင်မှာ ရေလေးနည်းနည်းဆွတ်ထားလိုက်နော့့်  အဲ့ဒီအချိန်မှာ ကြက်သွန်အဖြူအနီတို့ကို အခွံနွှာထားနော်။ အဲတော့ အချိုးအစားပြောဖို့မေ့သွားတယ့့်  ပြန်ပြောမယ် ပုဇွန်ခြောက် ၁၅ ကျပ်သားဆိုရင် ကြက်သွန်အဖြူ ၃ လုံး၊ ကြက်သွန်နီ အလတ် ၅ လုံး၊ ငရုတ်သီးခွဲခြမ်း ၂ ကျပ်ခွဲသားလောက်ပေါ့နော် (အစပ်မစားနိုင်ရင် ငရုတ်သီးအပုပွတောင့်ရဲ့ အကြမ်းမှုန့်ကိုသုံးနော်၊ အရောင်လဲလှတယ်၊ စပ်ချင်ရင် ငရုတ်သီးအရှည်တောင့်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ထည့်လိုက်ပါ)၊ မန်ကျည်းသီးမှည့် ၂ ကျပ်ခွဲသားလောက်ကို ရေနွေးပူပူလေးနဲ့ စိမ်ထားလိုက်နော်။ ငံပြာရည်ကတော့ အပေါ့အငံကြိုက်နှစ်သက်ရာပေါ်မူတည်ပြီး ထည့်နော်။ ပြန်စပြီနော့့်  ကြက်သွန်ဖြူနီကို အခွံနွှာပြီးရင် ပါးပါးလေးတွေလှီးထားပါ။ ကြက်သွန်ဖြူနီတချို့ကိုလဲ ဆီသတ်တဲ့အထဲ ထည့်သုံးဖို့အတွက် ဖယ်ထားလိုက်နော်။ ပြီးရင် စကာလေးပေါ်မှာ ဖြန့်ထားပြီး လေ၊ နေ သလပ်ခံထားလိုက်ပါနော်။ အဲ့ဒီအချိန်မှာ ခုနက ရေဆွတ်ထားတဲ့ ပုဇွန်ခြောက်ကို မညက်တညက်ထောင်းပါ။ ခုခေတ်ကတော့ ခေတ်မီနေပြီတော့ ဘလင်န်ဒါနဲ့ ကြိတ်တယ်ပေါ့နော်။ ပြီးရင် ခပ်ထားလိုက်ပါ။ ငရုတ်သီးအကြမ်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူနီတို့ကို မညက်တညက်ကြိတ်ထားပါဦးနော်။


''အရပ်ကတို့ရေ့  အညှော်ကြော်မယ်ဗျို့'' ဆိုပြီး အော်ထားနော့့်  နောက်မဟုတ်လို့ကတော့ တစ်ရပ်ကွက်လုံးရဲ့ ပို့သတဲ့ မေတ်တာဓါတ်တွေ ခံယူတော်မူနေရဦးမယ့့်  မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီကို ၅ ကျပ်သားလောက်ထည့်လိုက်နော်။ ပြီးရင် ခုနက လေနေသလပ်ခံထားတဲ့ ကြက်သွန်နီကို အရင်ထည့်လိုက်ပါ။ ကြက်သွန်နီက ရေဓါတ်ပိုများတော့ ကြော်ရင် ကြာတယ်လေ။ ကြက်သွန်နီလေး နည်းနည်း နွမ်းလာပြီဆိုရင် ကြက်သွန်ဖြူကို ရောထည့်လိုက်ပါ။ သူတို့လေးတွေကို မီးနွေးနွေးလေးနဲ့ ရွှေညိုရောင်လေးဖြစ်လာအောင်ထိ ကြော်နော်။ ရွှေအိုရောင်ပြောင်းလို့ အနံ့လေးကလည်း သင်းလာပြီဆိုရင်တော့ ဆီစစ်စကာပါတဲ့ ယောက်မလေးနဲ့ အသာလေးဆေးပြီး ပန်းကန်ပြားလေးထဲ ထည့်ပြီး အအေးခံထားလိုက်နော်။ ပြီးရင် ငရုတ်သီးကြက်သွန်ဖြူနီ မညက်တညက်ကြိတ်ကိုထည့်ပြီး ဆီသတ်လိုက်ပါ။ ပြီးလျှင် ငရုတ်သီးခွဲကြမ်းမှုန့်၊ ပုဇွန်ခြောက်စတာတွေကို ဆက်တိုက်ထည့်ပါ။ မီးနွေးနွေးပဲထားနော်။ မီးပြင်းလို့ကတော့ အကျက်မညီဘဲဖြစ်သွားလိမ့်မယ်။ ပုဇွန်ခြောက်လေးရော ငရုတ်သီးလေးရော အညိုရောင်ဘက်လုလာပြီဆိုရင် ငံပြာရည်ထည့်ပါ။ အချိုမှုန့်အနည်းငယ်ထည့်ပါနော်။ မွှေပေးပါ။ မီးကို တတ်နိုင်သလောက် လျှော့ပါ။ မီးကို လျှော့ထားစဉ်မှာ မန်ကျည်းသီးအနှစ်ကိုစစ်လိုက်ပါ။ ဒယ်အိုးထဲ ထပ်ထည့်ပါ။ မွှေပါ။ မီးအေးအေးနဲ့ ခုနက ငံပြာရည်ရယ်၊ မန်ကျည်းနှစ်ရယ်ကို ခမ်းအောင် ထားပါ။ သကြားလေးလဲထည့်လိုက်ဦးနော်။ အိုးမကပ်အောင်လဲ သတိထားပြီး မွှေပေးနော်။ တဖြည်းဖြည်းနဲ့ အရည်တွေခမ်းလာတဲ့အခါမှာ အနီရောင် ဆီလေးတွေက အပေါ်ကို ဝေ့တက်လာပါလာလိမ့်မယ်။ အပေါ့အငံကို မြည်းနော်။ အရသာကို ဘယ်ဟာကိုမှ မကဲစေနဲ့။ မြည်းလိုက်တဲ့အခါမှ မန်ကျည်းသီးမှည့်အချဉ်လေးလျှာထဲ စိမ့်သွားသလို ငရုတ်သီးရဲ့အစပ်ကလဲ သွားရည်ယိုစေပါတယ်၊ ရေခမ်းလောက်ပြီဆိုရင် မီးဖိုပေါ်ကနေ ချပြီး အအေးခံထားလိုက်နော်။ အေးသွားပြီဆိုရင် ခုနက ဖယ်ထားတဲ့ ကြက်သွန်ဖြူနီကြော်လေးနဲ့ ရောမွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ငါးပိကြော်ရပါပြီ။ ထမင်းပွဲတွက် ပန်းကန်လုံးလေးနဲ့ တစ်ပန်းကန်လောက်ခပ်ထားပြီးတော့ ကျန်တာကို အအေးခံ ပုလင်းထဲ ထည့်ပြီး လေလုံအောင်သိမ်းထားလို့ကတော့ အကြာကြီးခံတယ်။ ဒယ်အိုးမှာ ကပ်နေတာတွေကို ဒီအတိုင်းကြီး ဆေးပစ်လိုက်ရင် နှမျောစရာကြီး။ ထမင်းအိုးထဲက ထမင်းလေးနည်းနည်းယူပြီး ဒယ်အိုးလူးလိုက်။ ထမင်းဆုပ်လေးဖြစ်အောင် လုပ်လိုက်၊ ပြီးရင် ဟိုမှာ သရက်ကင်းလေး စိတ်ထားတာရှိတယ် အဲ့ဒါလေးနဲ့ အမြည်းသဘောလေး တူ၊ တူမလေးတွေကို တစ်ယောက်ကို ထမင်းတစ်ဆုပ်၊ သရက်သီးစိတ် တစ်စိတ်စီပေးလိုက်ရင်တော့လာ့း့ 


လိုက်ဖက်တဲ့စားစရာများ

သခွါးသီး၊ သရက်ကင်းစိတ်၊ ရှောက်ရွက်၊

ဗူးသီးကြာဇံဟင်းခါး၊ ခ၀ဲသီးကြော်ချက်၊

ပဲပင်ပေါက်ပဲပြားကြော်၊ ပန်းမုန်လာနဲ့ ကြက်ဥခေါက်ကြော်၊

တချို့ကတော့ ပေါင်မုန့်ကြားထဲညှပ်ပြီးစားတယ့့် 


တော်သေးပြီကွယ့့်  အညှော်ကြော်ပြီးတော့ အဖုမထွက်အောင် မောရိယမန်းဆေးလေး သွားသောက်လိုက်ဦး မယ်နော့့် 

(နေးတစ်မှာတင်ပြီးသားနော်)

0 comments:

Post a Comment