Saturday, November 15, 2008

ဗယာကြော်သုပ်


မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဗယာကြော်၊ စမူဆာတို့ကို ပဲဟင်းရည်လေးနဲ့ သုပ်တာလေး လုပ်ကျွေးပါဦးမယ်နော်။ ရာသီဥတုကလည်း ဆောင်းလေအေးလေးတိုးဝှေ့လို့ အေးလာချိန်မှာ ပူပူရှိန်းရှိန်းစပ်စပ်အစားအစာလေးတစ်ခုလောက် လုပ်စားရင်ကောင်းတဲ့ အစားအစာလေး တစ်မျိုးပါ။
ဗယာကြော်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ဗယာကြော်၊ စမူဆာကြော်၊ ဂေါ်ဖီထုပ်၊ ပဲမှုန့်အစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်သီး၊ ဆား၊ ငရုတ်သီးကြော်၊ ဟင်းခတ်မှုန့်၊ ပူဇီနံ၊ ပျဉ်းတော်သိမ်၊ မာဆလာအမွှေး၊ မာဆလာအစပ်၊ ငရုတ်သီးအလှော်မှုန့်၊ နနွင်းမှုန့်အနည်းငယ် တို့ပါနော်။


ဗယာကြော်ကြော်နည်းကိုတော့ http://lulucooking.blogspot.com/2008/02/blog-post_04.html မှာ ရေးပေးထားပြီး ဖြစ်သလို စမူဆာကြော်နည်းကိုလည်း http://lulucooking.blogspot.com/2007/11/blog-post_20.html မှာ ရေးထားပေးပါတယ်။ ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်နီ ၃လုံးလောက်နဲ့ ကြက်သွန်ဖြူတို့ကို မညက်တညက်လေး ထောင်းပေးထားပါ။ ကျန်တဲ့ ကြက်သွန်နီကိုတော့ အစိမ်းအတိုင်း ထည့်စားလို့ရအောင် ပါးပါးလှီး ရေဆေးပြီး ရေစစ်ပေးထားပါနော်။ဂေါ်ဖီထုပ်၊ ပျဉ်းတော်သိမ်ရွက်နဲ့ ပူစီနံရွက်တို့ကိုလည်း ရေဆေးပြီး ရေစစ်ပေးထားပါ။ ဂေါ်ဖီကို ပါးပါးလေးတွေလှီးထား၊ ပူစီနံကိုလည်း အနေတော်လေးတွေရအောင် ချွေပေးထားပါ။ ပဲဟင်းရည်ချက်နည်းကို ပြောပြပါမယ်နော်။ ပဲမှုန့်အစိမ်းကို ရေအေးနဲ့ ဖျော်ပြီး အားလုံးကြေသွား အောင် လက်နဲ့ခြေပြီး နယ်ပေးပါ။ နောက်မဟုတ်ရင် ပဲမှုန့်တွေက ရေနဲ့ထိပြီး အလုံးလေး တွေ ဖြစ်နေတတ်တာမို့နော်။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးကိုယူ ဆီနည်းနည်းထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ထောင်းထားတဲ့ ကြက်သွန်ဖြူနီကိုထည့်ပြီးဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်ရွက်ကို ထပ်ထည့်ပြီး ဆီသတ်၊ ပြီးတော့ ခပ်ပျစ်ပျစ်ဖျော်ထားတဲ့ ပဲရည်တွေထည့်ပြီး အားလုံးသမအောင် မွှေပေး၊ အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့်လေးထည့်ပြီး ပဲစိမ်းနံ့ပျောက်တဲ့အထိ မီးအသင့်အတင့်နဲ့ အရင်ကျိုပေးပါ။ အောက်ကနေ ပဲ မကပ်အောင်လည်း ပဲခပ်ပျစ်ပျစ်ဖြစ်လာပြီဆိုရင် ရေနွေးလေးထပ်ဖြည့်ပြီး သတိထားကျိုပါနော်။ ပဲစိမ်းနံ့ပျောက်သွားပြီဆိုရင် အရသာကိုထပ်မြည်း၊ မာဆလာလေး အုပ်၊ မီးနွေးနွေးလေးနဲ့ ပဲဟင်းအိုးကို တည်ထားလိုက်ပါနော်။ အားလုံးအသင့်ဖြစ်ပြီဆိုရင် ပန်းကန်လုံးထဲကို ဗယာကြော် နှစ်ခု၊ စမူဆာ နှစ်ခုလောက်ညှပ်ထည့်၊ ပဲဟင်းရည် ပူပူလေးဆမ်းထည့်၊ ပါးပါးလှီးထားတဲ့ ဂေါ်ဖီနဲ့ ကြက်သွန်နီကိုထည့်၊ ပူစီနံကိုလည်း ထည့်၊ ဆားနည်းနည်း၊ ရှောက်ရည်လေးညှစ် (မန်ကျည်းနှစ်ထည့်ရင်လည်း ရပါတယ်)၊ ငရုတ်သီးအလှော်မှုန့်လေး ထည့်၊ ပြီးတော့ မာဆလာလေးထည့်ပြီး အားလုံးသမအောင် မွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မာဆလာနံ့ သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ သတ်သတ်လွတ် စမူဆာ၊ ဗယာကြော်သုပ်လေးရပါပြီနော်။
(ကြိုက်တတ်ရင် ကုလားပဲလုံးဖြူနဲ့ အာလူးကိုလည်း ပြုတ်၊ ဆီသတ်ပြီး သုပ်တဲ့အထဲ ထည့်စားလို့ ရပါတယ်နော်)

7 comments:

  1. တီတီလုရေ...ကောင်းမှကောင်းဗျို့...လိုက်ပွဲနဲ့စားသွားတယ်ဟဲဟဲ

    ReplyDelete
  2. မာဆလာဘုရင်လို့လည်း ခေါ်ကြတယ်ဟုတ်

    ReplyDelete
  3. ကုလားတွေ ကြက်သွန်ဖြူ အစိမ်းမစားကြဘူး။ ကြက်သွန်နီ သာ အလုံးလိုက် မြိုကြတာ။ ကြက်သွန်ဖြူ မညက်တညက်ထောင်းရင် ကုလားဟင်း ဘယ်စစ်တော့ မလဲ

    ReplyDelete
  4. ကုလားဗယာကြော်သုပ်ကို လာစားသွားတယ် မရေ

    ReplyDelete
  5. looks so nice..yummy!!!!

    ReplyDelete
  6. သံလွင်ဟီးရိုးရေ အားပေးတဲ့အတွက် ကျေးဇူးပါ။
    အမည်မသိ မောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်။
    ညီမလေး မုဒိတာရေ့  စားရတာအဆင်ပြေရဲ့လားနော်။ ကျေးဇူးနော်။
    ဒုတိယ အမည်မသိရေ့  ကျွန်မ ဘလော့ဂ်ပေါ်က ဟင်းလေးတွေက ကျွန်မတို့ မိသားစုမှာ ချက်ဖြစ်တဲ့ ဟင်းလေးတွေကို မျှဝေတာပါရှင်။ ကုလားဟင်းစစ်စစ်၊ တရုတ်ဟင်းစစ်စစ်ဆိုပြီး တစ်ပုံစံတည်းတူအောင် ချက်တာကို ဆိုလိုခြင်းမဟုတ်ပါဘူး။ အလည်လာပြီး အခုလို ပြောပြပေးတာကို ကျေးဇူးပါနော်။ နောက်တစ်ခါချက်တဲ့အခါကျ ကြက်သွန်ဖြူမသုံးဘဲ စမ်းချက်ကြည့်ပါဦးမယ်နော်။

    ReplyDelete
  7. ဗယာကြော်သုပ်ကတော့.ကျွန်တော့်အကြိုက်ပဲဗျ..ဒီမှာတော့..ဘယာကြော်ဝယ်ပြီး..ပူစီနံ၊မဆလာ၊ အချဉ်ရည်ထည့်ပြီး.ဒီတိုင်းသုပ်စားတာ..အလွယ်ပေါ့..အခုနည်းလေးကိုလဲ.စမ်းကြည့်ဦးမယ်ဗျာ..
    ကျေးဇူးတင်ပါတယ်....

    ReplyDelete