Sunday, September 21, 2008

စားတော်ပဲပြုတ်သုပ်၊ မျှစ်စားတော်ပဲပြုတ်ကြော်


အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို စားတော်ပဲပြုတ်သုပ်ရယ်၊ စားတော်ပဲပြုတ် နဲ့ မျှစ်စို့ပေါက်လေးတွေ ကြော်ပြီး ကျွေးပါရစေနော်။ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေအတွက်ဆိုရင်လည်း အဆင်ပြေစေပါတယ်နော်။
စားတော်ပဲပြုတ်နည်း
http://lulucooking.blogspot.com/2007/09/blog-post_01.html ကိုတော့ ရေးပြီးခဲ့ပါပြီနော်။ အခုတော့ စားတော်ပဲပြုတ်ကိုသုပ်ပြီး နံပြားလေးနဲ့ စားဖို့ပဲဖြစ်ဖြစ်၊ ထမင်းဖြူပူပူလေးနဲ့ပဲဖြစ်ဖြစ်၊ ထမင်းကြမ်းလေးနဲ့ပဲဖြစ်ဖြစ် အဆာပြေစားလို့ရအောင် သုပ်ပေးပါမယ်နော်။
စားတော်ပဲပြုတ်သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
စားတော်ပဲပြုတ်
ကြက်သွန်နီ
ပဲဆီ
ဆားအနည်းငယ်တို့ပါနော်။



ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါ။ ကြက်သွန်နီအနံ့မွှန်တာ သက်သာချင်ရင် လှီးပြီးသား ကြက်သွန်နီတွေကို ရေထဲထည့်ဆေးပြီးတော့ ဆယ်ယူပြီး ရေစင်အောင် ညှစ်ပြီးစကာလေးထဲ ထည့်ပေးထားပါ။
ပန်းကန်တစ်ချပ်ယူ၊ စားတော်ပဲပြုတ်လေးထည့်၊ ကြက်သွန်နီလေးထည့်၊ ဆားလေးထည့်၊ ဆီလေးရွှဲရွှဲလေးဆမ်းပြီး နှံ့အောင် နယ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ပဲပြုတ်သုပ်လေးရပါပြီ။ ထမင်းကြမ်းနဲ့ စားစား၊ ထမင်းပူနဲ့ စားစား၊ ဒါမှမဟုတ် ရေနွေးကြမ်းလေးနဲ့ပဲ မြည်းမြည်း လိုက်ဖက်လှတဲ့ အတွဲပါနော်။


စားတော်ပဲနဲ့မျှစ်စို့ပေါက်လေးတွေကို ပါးပါးလှီးပြီး ရောကြော်တာကိုလည်း ငယ်ငယ်လေးကတည်းက အဘွားက ခဏခဏ ကြော်ကြော်ပေးလို့ သိပ်ကြိုက်ခဲ့တာ။ လိုအပ်တဲ့ပစ္စည်းတွေကတော့
စားတော်ပဲပြုတ်
မျှစ်နုနုလေး
ကြက်သွန်နီ ကြက်သွန်ဖြူ
ဆား
ဟင်းခတ်မှုန့်အနည်းငယ်
နနွင်းမှုန့်အနည်းငယ်
ပဲဆီတို့ပါနော်။
မျှစ်နုနုလေးတွေကို ရေစင်အောင်ဆေး၊ မျှစ်အောက်ပိုင်းက ခပ်ရင့်ရင့်အဖတ်လေးတွေကို ဖယ်ရှားပစ်ပြီး မျှစ်လေးတွေကို ဓားလေးနဲ့အလျှားလိုက်လေးတွေရအောင်အရင်လှီးပါ။ ပြီးတော့မှ တစ်ခါ ခပ်ပါးပါးလေးတွေ ရအောင် လှီးပေးထားပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။
အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတဲ့အခါ နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးရင် ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်ပေးပါနော်။ ကြက်သွန်ဖြူနီ နွမ်းလာပြီဆိုရင်တော့ မျှစ်တွေထည့်ပြီး မွှေပေးပါ။ ဆားလေးနည်းနည်းနဲ့ ဟင်းခတ်မှုန့်နည်းနည်း ထည့်ပြီး ဒယ်အိုးအဖုံး ခဏအုပ်ပေးပါ။ မျှစ်ထဲကထွက်တဲ့ ရေခမ်းပြီး ဆီပြန်လာတဲ့အထိ ကြော်ပါ။ ဟင်းအိုး ဖျစ်ဖျစ်မြည်လာပြီ ဆိုရင်တော့ ဒယ်အိုးအဖုံးဖွင့်ပြီးတော့ စားတော်ပဲပြုတ်တွေကို ထည့်ပြီး အားလုံးသမအောင် ရောကြော်ပေးပါ။ အဲ့ဒါဆိုရင်တော့ အရသာဆိမ့်ဆိမ့်လေးနဲ့ မျှစ်စားတော်ပဲပြုတ်ကြော် ရပါပြီနော်။

4 comments:

  1. ဘယ်သူတွေ ဘာတွေးဘဲရေးရေး အခုလို မီးဖိုးချောင်းနဲ့
    ပက်သက်ပြီး ရေးသားတင်ပြတဲ့ မလုလုနဲ့အဖွဲ့သား
    အားလုံးကို ကျေးဇူး အရမ်းတင်ပါတယ်။

    ReplyDelete
  2. မလုလု ရေ..
    ပဲပြုတ်သုတ်လေးမြင်တော့ သွားရည်ကျပြီး မြန်မာပြည်
    ကိုလွမ်းသွားတယ်။
    စားချင်တယ်..စားချင်တယ်။ ဘယ်လိုလုပ်ရပါ့..း)

    ReplyDelete
  3. ကိုအောင်ရေ့ 
    ကျေးဇူးပါနော်။ ကျွန်မတို့ဝိုင်းတော်သားတွေကလည်း ကိုယ်တတ်သမျှလေးကို အားလုံးအဆင်ပြေအောင် မျှဝေပေးတာပါ။

    ReplyDelete
  4. ၀ါလေးရေ့  မြန်မာပြည်ကနေ လူကြုံနဲ့ စားတော်ပဲ ပို့ပေးမယ်လေ :D

    ReplyDelete