Sunday, August 10, 2008

သခွားသီးရှူးရှဲသုပ်


မင်္ဂလာပါရှင့့်  မိုးကအေးအေး၊ ၀တ္ထုစာအုပ်လေးတစ်အုပ်နဲ့
အိမ်မှာကွေးနေရတဲ့ အချိန်မှာ ၀တ္ထု စာအုပ်လည်းပြီးရော ဗိုက်ထဲက ဆာလာတာကို
သတိထားမိလာတော့ မောင်နှမတွေကို တစ်ခုခုလုပ်စားရအောင် လို့
နှိုးဆော်လိုက်တော့ မနက်က အမေဈေးသွားရင် သခွားသီး၊ ပင်စိမ်းနဲ့
ပုဇွန်လေးတွေ ၀ယ်လာပြီး လှော်ထားတာကို သတိရတော့ သခွားသီးသုပ်လေး
သုပ်စားကြမလားဆိုပြီး တိုင်ပင်ကြမိတယ်။
သခွားသီးရှူးရှဲသုပ်လေးလုပ်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်ကြပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေက သခွားသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်၊
ပင်စိမ်း၊ သံပုရာသီး၊ ငံပြာရည်၊ ဆား၊ သကြား၊ သီဟိုဠ်ဆံ၊ ငရုတ်သီးစိမ်း၊
ငရုတ်သီးအကျက်မှုန့်တို့ပါနော်။

သခွားသီးနွှာသူက နွှာ၊ ပုစွန်လှော်လေးကို အခွံနွှာသူက နွှာ၊
ပင်စိမ်းအရွက်လေးတွေ ရေဆေး၊ ငရုတ်သီးစိမ်းအတောင့်လေးတွေ ရေဆေး၊
ကြက်သွန်ဖြူနီကို အခွံနွှာ၊ ကြက်သွန်နီကို ပါးပါးလှီး၊ ရေဆေးပြီး
စစ်ထားပါတယ်။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး မညက်တညက်လေး ထောင်းထား၊
သီဟိုဠ်ဆံကိုလည်း မညက်တညက်ထောင်းထား၊ စသဖြင့် တစ်ယောက်တစ်လက်
ဝိုင်းကူကြတာပေါ့။ သခွားသီးက အခွံနွှာပြီးတဲ့အခါ သခွားသီးကို
ထက်ခြမ်းမခွဲဘဲ အလုံးလိုက်ကို ခြစ်လိုက်ရင် အမျှင်ရှည်ရှည်လေးတွေ ရတဲ့
အုန်းသီးခြစ်တဲ့ ခြစ်လေးနဲ့ ခြစ်ပါတယ်။ အလယ်အူတိုင်နားရောက်ရင်တော့
ရပ်လိုက်ပါတယ်။ ပုစွန်လှော်တစ်ဝက်ကို အကောင်လိုက်ဖယ်ထားပြီး တစ်ဝက်ကို
မညက်တညက်လေးဖြစ်အောင် ထောင်းလိုက်ပါ
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ သခွားသီးတွေကို ဇလုံတစ်ခုထဲထည့်၊
ကြက်သွန်နီထည့်၊ ပြီးတော့ ထောင်းထားတဲ့ ပုစွန်၊ ကြက်သွန်ဖြူ၊
ငရုတ်သီးစိမ်းပါးပါးညှပ်ထည့်၊ ပင်စိမ်းရွက်ပါးပါးလှီးထည့်၊ ငရုတ်သီး
အကျက်မှုန့်ထည့်၊ သကြား၊ ငံပြာရည်၊ သံပုရာရည်ရွှဲရွှဲလေးဆမ်းပြီး
အကောင်လိုက်ချန်ထားတဲ့ ပုစွန်တွေပါ ထည့်ပြီး အားလုံးသမအောင် ရောမွှေပါ။
အသုပ်အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လေးထဲထည့်၊
ကောက်ညှင်းလက်ဘက်ခြောက် ရေနွေးကြမ်းပူပူမွှေးမွှေးလေးနဲ့ မောင်နှမတတွေ
တစ်ယောက်တစ်လက် ၀ိုင်းတွယ်ကြတာ။ သခွားသီး လက်မောင်းလောက်ရှိတဲ့ အလုံးကြီး
သုံးလုံးကို သုပ်တာ လက်ကိုမလည်ဘူး။ ၄ နှစ်အရွယ် တူမလေးကလည်း အဒေါ်တွေ
အဖေတွေအမေတွေနဲ့အပြိုင် ၀င်လုစားတာ။ မျက်ရည်တွေ နှပ်နှပ်တွေပါ ထွက်လို့။
အစပ်မစားတဲ့ တူမတော် ဖက်တီးမလေးတွေတောင် ကောင်းတယ်ဆိုပြီး စားလိုက်၊
စပ်လို့ မျက်ရည်တွေထွက်၊ ရေနွေးတွေသောက်လိုက်၊ စားလိုက်နဲ့လေ။ အရသာကတော့
ချိုချဉ်ငံစပ်ခပ်ပြင်းပြင်းပဲ။ အရမ်းမိုက်တယ်။ ပင်စိမ်းနံ့က
မွှေးမွှေးသင်းသင်းလေး၊ သီဟိုဠ်ဆံက ခပ်ဆိမ့်ဆိမ့်အရသာ ချိုချဉ်ငံစပ်အရသာက
လျှာဖျားမှာ တလှည့်စီနေရာယူနေကြတာ။ ကလေးတွေမပြောနဲ့ ကိုယ်ကိုယ်တိုင်တောင်
စပ်လွန်းလို့ မျက်ရည်ပါ လည်တယ်။ ချွေးပါထွက်ပြီး
အခိုးပါပွင့်ထွက်သွားတယ်။
အွန်လိုင်းပေါ်က ကျွန်မရဲ့ ချစ်မောင်နှမတွေလည်း အဆင်ပြေတဲ့အခါ
သခွားသီးရှူးရှဲသုပ်လေး သုပ်စားကြည့်ပါဦးနော်။

5 comments:

  1. မမလုလု
    စားချင်လိုက်တာ့  သွားရည်တောင်ကျတယ်
    ညီမလေးခင်

    ReplyDelete
  2. ငရုပ်သီး စပ်ရင် မစားနိုင်ဘူး ... စားတော့ စားချင်တယ် :P

    ReplyDelete
  3. စားချင်လိုက်တာ
    ဗိုက်နာနေလို့ပေါ့...

    ReplyDelete
  4. Dear Ma Lu,

    Could I use nan nan pin insread of using pin sein,cos I don't like pin sein?Taste will change or not?

    ReplyDelete
  5. အမရေ..အမေလည်းအဲ့လိုသုပ်တယ်။ ဒါပေမယ့်အမေက သီဟိုစေ့နဲ့ပင်စိမ်းတော့ မထည့်ဘူး။ ကျွန်မတို့ မကြိုက်မှာ စိုးလို့ထင်တယ်။ မိုးတွင်းမှာ ငယ်ငယ်က သခွားသီးသုတ်စပ်စပ်လေးနဲ့ မိသားစု ညစာစားရတာကိုတော့ အမြဲသတိရတယ်။

    ReplyDelete