Monday, January 21, 2008

နို့ကီဝီကျောက်ကျော





ကျွန်မတို့ရပ်ကွက်မှာ အသံမစဲပဋ္ဌာန်းပွဲအတွက် ရွတ်ဖတ်ပူဇော်နေတဲ့ ဘုန်းဘုန်းတွေကို မနေ့က ကျွန်မတို့အိမ်မှာ အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီအထဲက အချိုပွဲထဲမှာ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ နို့ကီဝီကျောက်ကျောကျိုနည်းလေးကို ဝေမျှလိုက်ရပါတယ်ရှင်။ ဟင်းပွဲတွေနဲ့ ကျန်တဲ့အချိုပွဲဖြစ်တဲ့ စတော်ဘယ်ရီကျောက်ကျောနဲ့ အုန်းနို့ကျောက်ကျော၊ ပူတင်းတို့ကိုလည်း အခါအခွင့်သင့်တိုင်း တင်ပေးသွားမယ်နော်။
နို့ကီဝီကျောက်ကျောအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ကျော (တယ်လီဖုန်းတံဆိပ်) အထုပ်ကြီးတစ်ထုပ်၊ နွားနို့အစိမ်း (၃ လီတာ)၊ သကြား ၃၅ ကျပ်သားတို့ပါနော်။ ကျောက်ကျောမကျိုခင်မှာ ကျောက်ကျောအမှုန့်နဲ့ သကြားကို ရောသမပေးထားပါနော်။ ကီဝီသီးကိုလည်း အခွံနွှာထားပြီး ခပ်သေးသေးလေးတွေဖြစ်အောင် လှီးပေးထားပါ။


အားလုံးအသင့်ပြင်ထားပြီးပြီဆိုရင်တော့ အိုးတစ်လုံးသန့်သန့်ထဲကို နွားနို့ထည့်ပြီး မီးဖိုပေါ်တင်ပါ။ နွားနို့တွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ရောထားတဲ့ ကျောက်ကျောမှုန့်နဲ့ သကြားကို ထည့်ပြီး ကျိုပေးပါနော်။ မိနစ် ၂၀ လောက်ကြာရင်တော့ ကျောက်ကျောအရည်က ခပ်ပျစ်ပျစ်လေးဖြစ်လာပါပြီနော်။ ခဲမခဲ သိရအောင် ပန်းကန်ပြားလေးထဲကို ကျောက်ကျောရည်ကို အစက်လေးချကြည့်ပါ၊ ခဏလေးနေလို့ ခဲသွားပြီဆိုရင်တော့ ဗန်းထဲ ဒါမှမဟုတ် ကိုယ်ထည့်မယ့် ဗူးလေးတွေထဲကို ကျောက်ကျောကို ထည့်ပြီး အအေးခံပေးပါ။ ကျောက်ကျောကို ဗန်းထဲထည့်ပြီး ၅ မိနစ်လောက်နေရင် လှီးထားတဲ့ ကီဝီသီးတွေကို ကျောက်ကျောထဲ ထည့်ပြီး ကီဝီသီးတွေနဲ့ ကျောက်ကျောတွေ နှံ့သွားအောင် တူလေးနဲ့ အသာလေးမွှေပေးပြီး အအေးခံထားပေးပါနော်။ အေးသွားပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ လှီးပြီး ပန်းကန်ပြားလေးထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။ နွားနို့ရဲ့ ခပ်ဆိမ့်ဆိမ့်အရသာထဲမှာ ကီဝီသီးချိုချဉ်အရသာလေးနဲ့မို့ အအီပြေလေး သုံးဆောင်နိုင်ပါတယ်။ ချစ်မောင်နှမတို့လည်း အချိန်လည်းရမယ်၊ ၀ယ်ရခြမ်းရလည်း အဆင်ပြေမယ်ဆိုရင် နို့ကီဝီသီးကျောက်ကျောလေးကို ကျိုစားကြည့်ကြပါလားနော်။ အလုပ်တွေက အရမ်းများနေတော့ ဓါတ်ပုံကောင်းကောင်းမရိုက်လိုက်ရပါဘူးနော်။ ဗန်းထဲထည့်ပြီး အအေးခံထားတဲ့ပုံရယ်၊ ဒီနေ့ရုံးကိုယူလာပြီး သူငယ်ချင်းတွေအတွက် ကျွေးတဲ့ထဲက ပုံကိုပဲ ထည့်လိုက်တယ်နော်။ သိပ်တော့မလှဘူးနော်။

5 comments:

  1. စားချင်စရာကြီး။ နောက်ကျောက်ကျောလုပ်ရင် ထပ်လာကြည့်ဦးမယ်။

    ReplyDelete
  2. မလုပြောသလို လုပ်စားကြည့်အုံးမယ်... ဒီမှာတော့ ကျောက်ကျောအချောင်းတွေနဲ့ လုပ်ရင် ရပါတယ်နော်.. မလု။ တယ်လီဖုန်းက ရှာမတွေ့ဘူး.. :)

    ReplyDelete
  3. ကျောက်ကျော အချောင်းနဲ့ လုပ်လည်း ရပါတယ်နော်။ ဂျပန်လူမျိုးတွေကတော့ ကျောက်ကျောကို သိပ်မာသွားရင် မကြိုက်ဘူး။ ဂျပန်လူမျိုးတွေကို လုပ်ကျွေးမယ်ဆိုရင်တော့ သူတို့အကြိုက်အတိုင်း ခပ်ပျော့ပျော့လေး လုပ်ကျွေးပါနော်။ သူတို့ သိပ်ကြိုက်ပါတယ်.

    ReplyDelete
  4. uD0Ducg;oGm;w,f/ bmjzpfwmvJrodbl;

    ReplyDelete
  5. I have no idea what happened to the kiwi. It tastes a bit bitter.

    ReplyDelete