Tuesday, January 22, 2008

ကဏန်းသားသီးစုံကြော်



ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို ကဏန်းသားသီးစုံကြော်နဲ့ ဧည့်ခံပါရစေဦးနော်။ ကဏန်းသားသီးစုံကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ (baby corn) လို့ အများခေါ်ကြတဲ့ ပြောင်းဖူးသားလေးတွေ၊ မုန်လာဥနီ၊ ရွှေပဲသီး၊ ပဲပိုးတီ၊ ကြက်သွန်ဖြူ၊ နီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ဟင်းခပ်မှုန့်နဲ့ ဆီတို့ပါနော်။
ဂဏန်းအသားဗူးကတော့ ရယ်ဒီမိတ်ဗူးက ၀ယ်ထားတာမို့ ကဏန်းအသားတစ်ခုချင်းကို အပြင်က အုပ်ထားတဲ့ ပလတ်စတစ်ကိုခွါပြီး အရွယ်လေးတော်အနေလေးတွေဖြစ်အောင် လှီးထားပေးပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေဆေးပြီး ပန်းပွင့်ဖေါ်လှီးတာက လှီး၊ ခပ်ရှည်ရှည်မျှင်မျှင်လေးတွေဖြစ်အောင်လှီးပေးပါ။

ပြောင်းဖူးပေါက်စကိုတော့ ရေဆေးပြီး ခပ်စွေစွေလေးတွေဖြစ်အောင် လှီးထားပေးပါ။ ရွှေပဲသီးကိုလည်း အညှာဘက်ကနေ အောက်ဘက်ကို ဆွဲချပြီး ဘေးနှစ်ဘက် အမျှင်တွေပါ ပါအောင် ဖယ်ထုတ်ပစ်ပြီး ရေဆေးပြီး ရေစစ်ထားပါ။ ရေစစ်သွားရင်တော့ သူ့ကိုလည်း လက်တစ်လုံးအရွယ်လောက်လေးတွေ လှီးပေးပါ။ ပဲပိုးတီကိုတော့ ရေဆေးပြီး အလျားလိုက် ထက်ခြမ်းခြမ်းပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း အခွံနွှာပြီး ရေဆေးပေးထားပါ။ ပြီးရင်တော့ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး လေးစိတ်ထိုးပေးပါ။ ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုတာနဲ့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထည့်၊ ဆီပူလာပြီဆိုတာနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ လေးစိတ်ထိုးထားတဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီး နွမ်းလာတာနဲ့ တပြိုင်နက် ဂဏန်းသားတွေကိုထည့်ပြီး ကြော်ပေးပါ။ ပြီးရင် လှီးထားတဲ့ ပြောင်းဖူးပေါက်စကို ထည့်ပြီးမွှေပေးပါ။ တစ်မိနစ်လောက်နေရင်တော့ ပဲပိုးတီကိုထည့်ပြီး ဆက်ကြော်ပေးပါ။ ပြီးရင် မုန်လာဥနီကိုထည့်ပြီး နှံ့အောင်ကြော်ပေးပါ။ နောက်ဆုံးတော့ ရွှေပဲသီးကိုထည့်ပြီး ကြော်ပါ။ အပေါ့အငံအတွက် ပဲငံပြာရည်အကြည်နည်းနည်း၊ ဆား၊ သကြားလေးနဲ့ ဟင်းခပ်မှုန့်အနည်းငယ်ကိုထည့်ပြီး အသီးအရွက်အသား အကုန်နှံ့အောင် မွှေပေးပါ။ ပြီးရင် အပေါ့အငံမြည်းပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အသီးအရွက်ကြိုက်တတ်တဲ့ မောင်နှမတွေအတွက် ရည်ရွယ်ပြီး ချက်ပေးလိုက်ပါတယ်နော်။ အားပေးကြပါဦး ချစ်မောင်နှတို့ရေ့ 

0 comments:

Post a Comment