Wednesday, January 16, 2008

ကြက်ဟင်းခါးသီး အစာသိပ်

ဒီနေ့ ကျွန်မမောင်နှမတွေကို ကြက်ဟင်းခါးသီးငါးဖယ်အစာသိပ်ဟင်းလေး ချက်ကျွေးပါရစေ။ ငါးဖယ်နဲ့မှ မဟုတ်ပါဘူး။ မိမိကြိုက်နှစ်သက်မယ့် ပုဇွန်၊ ပုဇွန်ခြောက်၊ ၀က်သား၊ အမဲသား စတာတွေနဲ့လည်း အစာသိပ်လို့ရပါတယ်နော်။ အခါးကြောက်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် ကြက်ဟင်းခါးသီးကို အခါးသက်သာစေပြီး အိအိလေး စားလို့ရအောင် ချက်တဲ့နည်းလေး ပြောပါရစေနော်။
ကြက်ဟင်းခါးသီးအစာသိပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဟင်းခါးသီး၊ ငါးဖယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီး၊ ငံပြာရည်၊ ဆား၊ သကြားနဲ့ ဆီအနည်းငယ်တို့ပါနော်။ ကြက်ဟင်းခါးသီးကို အသီးအရွယ်ကိုကြည့်ပြီး အလယ်ကနေ နှစ်ပိုင်း သို့မဟုတ် သုံးပိုင်း ပိုင်းပါ။ ပြီးရင် အလယ်က အစေ့တွေကို ဖယ်ထုပ်ပစ်ပါ။ ပြီးရင် ဆန်ဆေးရေနဲ့ တစ်နာရီလောက် စိမ်ပေးထားပါနော်။ ငါးဖယ်ကို ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ အချိုမှုန့်လေးနည်းနည်းနဲ့ ထောင်းပေးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ခပ်သေးသေးဖြစ်အောင်လှီးထားပေးပါ။ ငရုတ်သီးအရောင်မှုန့်နဲ့ ကြက်သွန်ဖြူ၊နီလေးကိုလေး ထောင်းပေးထားပါဦးနော်။ ပြီးတော့မှ ထောင်းထားတဲ့ငါးဖယ်နဲ့ ခပ်သေးသေးဖြစ်အောင် လှီးထားတဲ့ ကြက်သွန်နီ၊ ငရုတ်သီးကြက်သွန်ထောင်းနဲ့ ငံပြာရည်အနည်းငယ်တို့ကို ပန်းကန်တစ်လုံးထဲထည့်ပြီး သမအောင် ရောနယ်ပေးပါ။ အဆာတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ဆန်ဆေးရေစိမ်ထဲကနေ ကြက်ဟင်းခါးသီးတွေကို ဆယ်ယူပြီးတော့ ရေလေးနဲ့ ဆေးပြီး ရေစစ်ပါ။ ပြီးတော့မှ ကြက်ဟင်းသီးထဲကို ငါးဖယ်အဆာတွေကို ဇွန်းနဲ့ ထည့်ပေးပါ။ အဆာတွေ အပြင်ကိုလျှံမထွက်အောင် သတိထားပြီး အဆာသွပ်ပေးပါနော်။ ဟင်းအနှစ်ရစေဖို့အတွက် အဆာနည်းနည်းကို သီးသန့်ချန်ထားပေးပါနော်။
ဒယ်အိုးထဲကို အဆာသွပ်ထားတဲ့ ကြက်ဟင်းခါးသီးတွေကိုစီစီရီရီထည့်ပါ။ ပြီးတော့ သပ်သပ်ဖယ်ထားတဲ့ အဆာတွေကို ထည့်ပါ။ ပြီးတော့မှ ကြက်ဟင်းခါးသီးတစ်ဝက်လောက်မြုပ်တဲ့အထိ ရေထည့်ပေးပါ။ ဆီလည်းထည့်ပေးပြီး အဖုံးဖုံးလိုက်ပါနော်။ ဟင်းအိုးပြင်တာ အသင့်ဖြစ်ပြီဆိုရင်တော့ မီးအသင့်အတင့်နဲ့ မီးဖိုပေါ် ဟင်းအိုးတင်ပြီး တည်ပေးပါနော်။ ကြက်ဟင်းခါးသီးတွေ ဟိုဘက်ဒီဘက်အကျက်ညီအောင်ရော၊ ကြေမသွားအောင်ရော သတိထားပြီး ချက်ပေးပါနော်။ ကြက်ဟင်းခါးသီးလည်းနူးပြီ၊ ဆီလည်းပြန်ပြီဆိုရင်တော့ အပေါ့အငံမြည်းပြီး ဟင်းအိုးချရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ အဆာများများနဲ့ ကြက်ဟင်းခါးသီးအစာသိပ်ဟင်းလေး ရပါပြီနော်။ ကျွန်မမောင်နှမတွေလည်း စမ်းပြီး ချက်ကြည့်ပါဦးနော်။

4 comments:

  1. ဗုံလုံသီးအစာသိပ်ဘဲ စားဘူးတယ် ဒီတခါ ကြက်ဟင်းခါးသီး ၀ယ်ပြီး သိပ်စားမှ ဘဲ ဂွတ် ဂလု့ 

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. စားချင်စရာတွေ ကြည့်တောင်မကြည့်ရဲဘူး

    ဒုက္ခရောက်တယ် အစားဘဲစဉ်းစားနေတယ်

    ရန်ကုန်ပြန်ပြီး စအစားပုပ်ချင်တယ်

    လုလုရေ ကျေးဇူးတင်ပါတယ်။

    ReplyDelete