Thursday, January 3, 2008

ကြေးအိုးပူပူလေး လုပ်စားကြရအောင်



၂၀၀၈ ဆောင်းတွင်း အေးအေးချမ်းချမ်းလေးမှာ မောင်နှမတွေဆုံပြီး ကြေးအိုးလေး လုပ်စားကြရအောင် ဆိုပြီး ကျွန်မတို့မိသားစု ကြေးအိုး လုပ်စားဖြစ်ခဲ့ကြပါတယ်။
ကြေးအိုးလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြေးအိုးကြာဇံ၊ (ဆန်ပြားကြိုက်တတ်ရင်လည်း ဆန်ပြားပါထည့်နော်) ၀က်နံရိုး(အရိုးရောအသားပါတွဲလျက်ပါ)၊ ၀က်သား၊ ၀က်ကလီစာ၊ ငါးဖယ်၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ကြက်သားမှုန့်၊ တိုဟူး၊ ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ချင်း၊ မုန်ညင်း၊ တုံယမ်းအနှစ်၊ ဘဲဥ၊ နှမ်းဆီမွှေး၊ ငရုတ်ကောင်းမှုန့်နဲ့ တခြား မိမိနှစ်သက်မယ့် အရွက်၊ အသား၊ ဥ ကြိုက်နှစ်သက်ရာကို ထည့်နိုင်ပါတယ်နော်။ အချဉ်ရည်အတွက်တော့ chito ငရုတ်ဆီရယ်၊ ငရုတ်သီးစိမ်းရယ်၊ သကြားရယ်၊ ဆားအနည်းငယ်ရယ်၊ ရှာလကာရည်ရယ်တို့ လိုအပ်ပါတယ်။ ကျွန်မ ချက်လိုက်တဲ့အထဲမှာတော့ ငုံးဥလည်း မပါဘူး၊ ဦးဏှောက်လည်း မပါဘူး။ ဖက်ထုပ်ကြော်လည်း မပါသလို ကြက်ဥလည်း မပါလိုက်ဘူး။ ဟီ့း့ 
ဟင်းရည်အတွက် အဆီလုံးဝမပါတဲ့ ၀က်နံရိုးတွေကို အတုံးတုံးပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်၊ ဂျင်းထောင်းရည်တို့နဲ့ နယ်ထားပေးပါ။ ပြီးတော့မှ အိုးတစ်အိုးထဲကို ၀က်နံရိုးတွေကိုထည့်၊ အရိုးမြုပ်ရုံ ရေထည့်ပြီး ပထမတစ်ကြိမ် တည်ပေးပါ။ ရေခမ်းလောက်ပြီဆိုရင်တော့ ဟိုဘက်ဒီဘက်လှန်ပြီးတော့ အိုးပြည့်လုနီးပါး ရေထည့်ပြီး အရိုးထဲက အချိုရည်တွေထွက်အောင် တတ်နိုင်သလောက် ကြာနိုင်သလောက် ကြာအောင် တည်ပေးထားပါ။
အသားပြင်ဆင်နည်း
ဝက်သားကိုလည်း အသားကောင်းကောင်းတွေကို နုပ်နုပ်စင်းပြီးတော့ ကော်မှုန့်၊ ဂျုံမှုန့်၊ ဘဲဥအကာရည်၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူတောက်တောက်စင်း၊ ချင်းနုပ်နုပ်စင်း၊ ငရုတ်ကောင်းမှုန့်တို့နဲ့အတူ ရောနယ်ထားပါ။ ၀က်ကလီစာတွေကိုလည်း သန့်ရှင်းရေးလုပ်ထားပြီး မထူမပါးလေးတွေဖြစ်အောင် လှီးထားပြီး ဆား၊ သကြားတို့နဲ့ နယ်ပေးပါ။ ငါးဖယ်ကိုလည်း ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ အချိုမှုန့်၊ သကြားတို့နဲ့အတူရောထောင်းပြီး ကော်မှုန့်၊ ဂျုံမှုန့်၊ နှမ်းဆီမွှေး၊ ဘဲဥအကာတို့နဲ့အတူ ရောနယ်ထားပေးပါ။
ကြာဇံပြင်ဆင်နည်း
ကြာဇံကိုတော့ ကျွန်မတို့မိသားစုက ကြေးအိုးကြာဇံဆိုပြီး တရုတ်ကလာတဲ့ ကြာဇံကို သုံးပါတယ်။ ဆန်ပြားကိုတော့ သိပ်မကြိုက်လို့ မသုံးဖြစ်ပါဘူး။ ကြာဇံကို ရေထဲမှာ ၁၀ မိနစ်လောက် စိမ်ထားပြီးတော့ ဆယ်ယူပြီး ဇကာနဲ့ စစ်ထားပေးပါ။
အချဉ်ရည်ပြင်ဆင်နည်း
အချဉ်အတွက် ငရုတ်သီးစိမ်းကို နုတ်နုတ်စင်းပြီး ဆား၊ သကြားနဲ့ ရှာလကာရည်နည်းနည်းတို့နဲ့ စိမ်ပေးထားပါ။ စားတဲ့အခါကျမှ chito ငရုတ်ဆီနဲ့အတူ ငရုတ်သီးချဉ်ကိုရောထည့်ပါ။
အဆာပလာများ ပြင်ဆင်နည်း
တိုဟူးပဲပြားကို ရေဆေးပြီး ကိုယ်လိုသလောက်အရွယ်လေးတွေဖြစ်အောင် တုံးပေးထားပါ။ မုန်ညင်းရွက်ကို ရေဆေးပြီး အရွယ်တော်လေးတွေဖြစ်အောင် ဖြတ်တောက်ပေးထားပါ။ ဖက်ထုပ်ကြိုက်တတ်လျှင် ကြော်ထားပေးပါ။ ငုံးဥထည့်မယ်ဆိုရင် ပြုတ်ပြီး အခွံနွှာထားပေးပါ။
စားပွဲပြင်ဆင်နည်း
အားလုံးပြင်ဆင်ပြီးလို့ စားတော့မယ်ဆိုရင်တော့ အိုးလေးထဲကို ၀က်ရိုးပြုတ်ရည်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ဆူပါစေ။ ဟင်းရည်အိုးပွက်ပွက်ဆူလာပြီဆိုရင်တော့ အမြန်ဆုံးနည်းနဲ့ လှီးထားတဲ့ကလီစာတွေပစ်ထည့်၊ တိုဟူးထည့်၊ နယ်ထားတဲ့ အသားတွေလုံးပြီးထည့်၊ ငါးဖယ်တွေလုံးပြီးထည့်၊ ဆား၊ ကြက်သားမှုန့်ထည့်၊ ပြီးတော့ ကြာဇံတွေထည့်၊ အသားတွေရော ကြာဇံပါ အကျက်ညီအောင် တူတစ်စုံနဲ့ ဟိုဘက်ဒီဘက်လှန်ပေး၊ ပြီးတော့ မုန်ညှင်းရွက်တွေထည့်ပြီး အပေါ့အငံမြည်းပြီး ကမန်းကတမ်းချလိုက်ပါနော်။ ငုံးဥပြုတ်တို့ ကြက်ဥတို့ထည့်ချင်ရင်လည်း ထည့်လို့ရပါတယ်နော်။
ကျွန်မကတော့ ချဉ်စပ်ကြိုက်သူမို့ တုံယမ်းအနှစ်လေး ထည့်လိုက်ပါသေးတယ်။
အခုလို ဆောင်းတွင်း အေးအေးမှာ ထမင်းမစားချင်ဘူ့း့  စွပ်ပြုတ်ပူပူနွေးနွေးလေး သောက်ချင်တယ်ဆိုရင်တော့ ကြေးအိုးလေး လုပ်သောက်ကြည့်ကြပါလားဟင့့်

3 comments:

  1. မလုရေ ကြေးအိုးဆီချက်ကရော ဘယ်လိုလုပ်ရတာလဲဟင်?

    ReplyDelete
  2. ဟုတ်တယ် မလု၊ ကြေးအိုးဆီချက်လုပ်နည်းလေးလဲ ပြောပေးပါဦး

    ReplyDelete
  3. အဲ့ဒီကြာဇံနာမည်လေးတဆိတ်လောက်။ အီးလိုဘယ်လိုခေါ်လည်း။

    ReplyDelete