Saturday, December 29, 2007

ရှမ်းထမင်းချဉ်သုပ်

Z က ရှမ်းထမင်းချဉ်သုပ်စားချင်တယ်ဆိုလို့ ကျန်တဲ့မောင်နှမတွေရော အားလုံး စားလို့ရအောင် ကျွန်မ သုပ်ကျွေးပါမယ်နော်။
ရှမ်းထမင်းချဉ်သုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ထမင်း၊ ခရမ်းချဉ်သီး၊ ငါး သို့မဟုတ် ပုဇွန်ခြောက်၊ မြေပဲဆန်ကြော်၊ ကြက်သွန်ဖြူနီ၊ဂျင်း ဆီ၊ ကြက်သွန်မြိတ်၊ ဂျူးမြစ်၊ ငရုတ်သီးအခြောက်တောင့်၊ ငရုတ်သီးအရောင်မှုန့်၊ ဆား၊ အချိုမှုန့် အနည်းငယ်တို့ပါနော်။
ထမင်းကိုတော့ ရှမ်းဆန် ဒါမှမဟုတ် ခပ်စေးစေးဆန်ကို ချက်ပါ။ ထမင်းချက်ထားတဲ့အချိန်မှာ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အခွံနွှာပါ။ ကြက်သွန်နီကို ရေဆေး၊ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကိုလည်း အ၀ိုင်းလိုက်လေး ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးထားပေးပါ။ ပြီးရင် ခရမ်းချဉ်သီးတွေကိုလည်း ရေဆေးပြီး ပြုတ်ဖို့ အိုးတစ်လုံးထဲ ခရမ်းချဉ်သီးတွေကို တန်းစီထည့်ပြီး ခရမ်းချဉ်သီးမြုပ်ရုံရေထည့်ပြီး ပြုတ်ဖို့ပြင်ထားပေးပါ။ ငါးကိုလည်း သန့်စင်အောင် ဆေးကြောပြီး ဂျင်းလေးနည်းနည်းထောင်းထည့်၊ ဆား၊ အချိုမှုန့်လေးနဲ့နယ်ပြီး အိုးထဲမှာထည့်၊ ငါးရေမြုပ်ရုံထည့်ပြီး ပြုတ်ဖို့ ပြင်ပေးထားပါ။ ဂျူးမြစ်၊ ကြက်သွန်မြိတ်တို့ကိုလည်း ရေသန့်စင်အောင်ဆေးပြီး ရေစစ်ထားပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ကို ငါးပြုတ်အိုးတည်ပေးပါ။ ငါးပြုတ်တဲ့အခါ အကျက်ညီအောင် ငါးကို ဟိုဘက်ဒီဘက် လှန်ပြီး ပြုတ်ပေးပါနော်။ ငါးပြုတ်အိုးရပြီဆိုရင်တော့ ချပြီး ငါးကိုဆယ်ပြီး အအေးခံထားပေးပါ။ ငါးပြုတ်အေးပြီဆိုရင်တော့ အရိုးနွှင်ထားပေးပါနော်။ ပြီးရင် ခရမ်းချဉ်သီးပြုတ်အိုးတည်ပေးပါ။ ခရမ်းချဉ်သီးတွေ အခွံအက်ကွဲလာပြီဆိုရင် ဟိုဘက်ဒီဘက်လှန်ပေးပြီး ရေခမ်းအောင်ပြုတ်ပေးပါ။ ခရမ်းချဉ်သီးကျက်ပြီဆိုရင် အခွံနွှာပြီး ခရမ်းချဉ်သီးတွေကို ထက်ခြမ်းခွဲပြီး အစေ့တွေထုပ်ပစ်ပြီး အသားတွေကိုချေပြီး အနှစ်ရအောင်ယူပါ။
ဒယ်အိုးထဲကို ဆီထည့်၊ ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူနဲ့အနီကိုထည့် ဆီချက်ကြော်ထားပြီး ဆယ်ထားပေးပါ။ ဒယ်အိုးထဲမှာ ဆီကို နည်းနည်းချန်ထားပေးပြီး ငရုတ်သီးအခြောက်တောင့်ကို အရင်ကြော်ပြီး ဆယ်ထား၊ ကျန်တဲ့ဆီနဲ့ ငရုတ်သီးအရောင်မှုန့်ကိုထည့်ပြီး မီးအေးအေးနဲ့ ကြော်ပေးပါ။
အဆာပလာတွေ အသင့်ဖြစ်တဲ့အချိန်မှာ ထမင်းအိုးလည်း ကျက်လောက်ပါပြီ။ ထမင်းအိုးထဲက ထမင်းပူပူလေးတွေကို ယောင်းမနဲ့ အသာအယာဖွပေးပါ။ ပြီးတော့မှ လင်ဗန်းကျယ်ကျယ်တစ်ချပ်ထဲမှာ ထမင်းပူပူရယ်၊ ခရမ်းချဉ်သီးအနှစ်ရယ်၊ ငါးရယ်၊ ငရုတ်သီးအရောင်မှုန့်ကြော်၊ ဆား၊ အချိုမှုန့်နည်းနည်းတို့ထည့်ပြီး သေချာနှံ့အောင် နယ်ပေးပါ။ ငရုတ်ကောင်းကြိုက်တတ်ရင်တော့ ငရုတ်ကောင်းမှုန့်လေး ထည့်ပြီး နယ်ပေးပါနော်။ ငါးပြုတ်မထည့်တဲ့သူကတော့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး နယ်လည်း ရပါတယ်နော်။ ထမင်းရော အဆာပလာတွေရော နယ်တာနှံ့ပြီး စေးပိုင်လာပြီဆိုရင်တော့ ဟင်းရည်သောက်ပန်းကန်လုံးလေးထဲ နယ်ထားတဲ့ ထမင်းလေးကို ထည့်လိုက်ပါ။ (လှပအောင် ပုံစံခွက်လေးထဲ ထည့်လိုက်တယ် ဆိုပါတော့နော်။ တချို့ကတော့ ထမင်းဆုပ်လေးတွေလိုပဲ လုံးလုံးလေးတွေ ဆုပ်လိုက်ပါတယ်နော်။) ပြီးတော့မှ ကိုယ်စားမယ့် ပန်းကန်ပြားထဲကို ထမင်းဆုပ်လေးကိုထည့်၊ ပြီးတော့မှ အပေါ်ကနေ ကြက်သွန်ကြော်ဆီချက်ဆမ်း၊ မြေပဲဆန်ကြော်လေးထည့်၊ ဂျူးမြစ်လေးထည့်၊ ကြက်သွန်မြိတ်လေးထည့်၊ ငရုတ်သီးအခြောက်တောင့်လေးထည့်ပြီး ပြင်ပါနော်။ တချို့ကလည်း ချဉ်ချဉ်လေးမှ ကြိုက်တတ်တဲ့အတွက် သံပုရာသီးအစိပ်လေးတစ်စိပ်လောက် ထည့်ပေးတတ်ကြသေးတယ်နော်။ ကြိုက်တတ်ရင် အသားခြောက်ကြော်လေး ဒါမှမဟုတ် အသားခြောက် မီးဖုတ်လေးပါ ထည့်တတ်ကြသေးတယ်နော်။ ရေနွေးကြမ်းပူပူလေး ဒါမှမဟုတ် ကြက်ရိုးဟင်းခါး ပူပူလေးနဲ့ တွဲဖက်ပြီး သုံးဆောင်ပါနော်။

6 comments:

  1. သီပေါဘက်ကတော့ စေးအောင် အာလူးပြုတ်၁-၂လုံး ပါထဲ့နယ်တယ်။

    ReplyDelete
  2. အမရေ-
    ဘာငါးပြုတ်ရင်ကောင်းမလဲဟင်၊ ဒီမှာ ပင်လယ်ငါးပဲရတယ်၊ ပုဇွန်အစိုနဲ့ လုပ်စားလည်းကောင်းမယ် ထင်တယ်၊

    ReplyDelete
  3. မမလုရေ ရှမ်းထမင်းချဉ်ချက်နည်းကို လူလေးယောက်စာအတွက် ထမင်း၊ ခရမ်းချဉ်သီး၊ ငါး သို့မဟုတ် ပုဇွန်ခြောက်၊ မြေပဲဆန်ကြော်၊ ကြက်သွန်ဖြူနီ၊ဂျင်း တို့ဘယ်လောက်ထည့်ရမယ်ဆိုတာ မှန်းပေးပါလားရှင်။ ကျေးဇူးပါနော်။

    ReplyDelete
  4. Hi Mama Lu,

    What kind of sea fish is suitable? In Japan, there is no river fish, sis.

    ReplyDelete
  5. Okမှာပဲနော် မလု

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete