Sunday, December 30, 2007

ကြက်ရိုးကြက်အူ မျှစ်ချဉ်ဟင်း

ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ကြက်ရိုးကြက်အူမျှစ်ချဉ်ဟင်းလေး ချက်ကျွေးပါရစေဦးနော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ မျှစ်ချဉ်၊ ကြက်ခြေထောက်၊ ကြက်ရိုး၊ ကြက်အူ၊ ကြက်သွန်ဖြူ၊ နီ၊ ဆီ၊ ငရုတ်သီးအပုတောင့်၊ သကြားအနည်းငယ်၊ ငံပြာရည်၊ အချိုမှုန့်အနည်းငယ်တို့ပါနော်။
ဒီတစ်ခေါက် ကျွန်မသုံးထားတဲ့ မျှစ်ချဉ်က ပျဉ်းမနားက မျှစ်ချဉ်ပါ။ အခုလို ဆောင်းရာသီမှာ မျှစ်ချဉ်တွေက တော်တော်လေးကို ရေစစ်ပြီး ခြောက်သွေ့နေပါပြီ။ အဲ့ဒီတော့ မျှစ်ချဉ်ကို ပါးပါးရှည်ရှည်လေးတွေဖြစ်အောင် လှီးပြီး ရေစိမ်ထားပါ။ ကြက်ခြေထောက်၊ ကြက်ရိုးတို့ကိုလည်း ဆေးကြာပြီး ခုတ်ထစ်ထားပါ။ ကြက်အူကိုတော့ ဒါနဲ့လှန်ပြီး သေချာဆေးပါ။ ပြီးရင်တော့ ဆား၊ မန်ကျည်းသီးမှန့်တို့နဲ့ သေချာနယ်ဆေးပြီး အထုံးလေးတွေထုံးပါ။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာထားပြီး ငရုတ်သီးအပုတောင်နဲ့ထောင်းထားပေးပါနော်။ ကြက်ရိုးတွေနဲ့ ကြက်အူထုံးလေးတွေကို ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ သကြားတို့နဲ့ နယ်ပေးထားပါနော်။


မျှစ်ချဉ်ကို ဆား၊ အချိုမှုန့်၊ ငံပြာရည်တို့နဲ့နယ်ပြီးတော့ မျှစ်ချဉ်ရေမြုပ်တဲ့အထိ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပေးပါနော်။ အဲ့ဒီတော့မှ မျှစ်ချဉ်လည်း ပွလာပြီး အချဉ်ဓါတ်တွေလည်း ထွက်လာတယ်လေ။ ဒီဘက်မှာ မီးဖိုပေါ် ဒယ်အိုးတစ်လုံးတင်၊ ဒယ်အိုးထဲကို ဆီနည်းနည်းလေးထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ နယ်ထားတဲ့ ကြက်ရိုးတွေနဲ့ ကြက်အူတွေထည့်ပြီး ဆီသတ်ပေးပါ။ ကြက်အူကနေ ဆီတွေအများကြီးထွက်လာပါလိမ့်မယ်နော်။ ဆီသတ်တာ နှံ့သွားပြီဆိုရင်တော့ မျှစ်ချဉ်အိုးထဲကို ကြက်ရိုးကြက်အူဆီသတ်ထားတာတွေ လောင်းထည့်ပေးပါ။ ပြီးရင်တော့ မီးအသင့်အတင့်နဲ့ မျှစ်ချဉ်ဟင်းကို တည်ပေးထားပါ။ ကျွန်မတို့အိမ်မှာတော့ မျှစ်ချဉ်ဟင်းချက်တဲ့အခါတိုင်း တစ်ညသိပ် မီးနွေးနွေးနဲ့တည်ထားပြီးမှ စားလေ့ရှိပါတယ်။ ကျွန်မအဘွားရဲ့အပြောအရ မျှစ်ချဉ်ကို တစ်ညသိပ် ချက်လိုက်ရင် မျှစ်ထဲက အခိုးတွေ ကုန်သွားပြီး ကြက်ရိုးတွေအူတွေထဲက အဆီအနှစ်တွေက မျှစ်ချဉ်ထဲ ၀င်ပြီး ပိုပြီး စားလို့ကောင်းတယ်လို့ ဆိုပါတယ်။ နောက်တစ်နေ့မှာတော့ ကြက်ရိုးကြက်အူနဲ့ မျှစ်ချဉ်ဟင်းခပ်ပျစ်ပျစ်လေးကို သုံးဆောင်နိုင်ပါပြီနော်။ ဒီတစ်ခေါက် ကြက်အူက ဆီအရမ်းထွက်လို့ ဟင်းပန်းကန် အပေါ်မှာ ဆီတွေ နီရဲပြီးဝေ့တက်နေပါတယ်နော်။ မျှစ်ချဉ်ဟင်းနဲ့ လိုက်ဖက်တာကတော့ ငါးခြောက်ငရုတ်သီးကြော်ပါနော်။ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။ ကြက်ရိုးအစား ၀က်နံရိုး၊ ၀က်သားသုံးထပ်သားတို့နဲ့လည်း ချက်နိုင်ပါတယ်နော်။

1 comment:

  1. ၁။ ရှမ်းထမင်းချဉ်သုတ် ဘယ်လိုစားရသလဲတော့ သိပြီးသားပါ။ သူများတွေ လုပ်ကိုင်တာလည်း ငယ်တုန်းက မိုးကုတ်၊ မိုးမိတ်ဘက်သွားနေတုန်းက မြင်ဖူးနေတယ်။

    ၂။ ကိုယ်တိုင်တော့ မလုပ်ဖူးဘူး။ မလုပ်တတ်ဘူးလို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။

    ၃။ တနေ့တုန်းက ချင်းမိုင်(ဇင်းမယ်)မှာရှိတဲ့ ပါတီပွဲတခုကို သွားတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ကို အတွင်းခံတွေနဲ့တိုက်တဲ့ အမျိုးသမီးအဖွဲ့က လုပ်တာလေ။ သူတို့က ရှမ်းထမင်းသုတ်နဲ့ ဧည့်ခံတာ။ ထမင်းတွေကို ကြက်ဥအရွယ်ပဲ ခပ်သေးသေး လုံးထားတာ။ ကျနော်က အစားကြီးတော့ လေးလုံးလောက်တော့ အနည်းဆုံးစားဖြစ်တယ်ထင်တယ်။ လာတဲ့ထဲမှာ ထိုင်းတွေ အင်္ဂလိပ်တွေ ပါတယ်လေ။ သူတို့က အစားနည်းတယ်။ ဘော်ဒီဝိတ်မတက်အောင်ထိန်းတယ်။ ကျန်းမာရေးဂရုစိုက်ပြီး ညစာ သိပ်မစားကြဘူး။ သူတို့တွေ စားဖြစ်အောင် ခပ်သေးသေးလုံးတဲ့သဘော ဖြစ်မယ်။

    ၄။ ကျနော်တို့သွားတာ နည်းနည်းနောက်ကျတော့ အဆာခွက်တွေထဲမှာ ကြက်သွန်ကြော်ဆီချက်တောင် ကုန်ပြီ။ မြန်မာပြည်သားတွေ အားပေးသွားတာဖြစ်မယ်။ ဂျူးမြစ်၊ ငရုပ်သီးတောင့်ကြော်ပဲ ကျန်တယ်။ ဒါလည်း ဟုတ်နေတာပဲ။ တိုဟူးခြောက်ကြော်တော့ အပုံကြီး ရှိသေးတယ်ဗျာ။ မြေပဲဆံကြော်တော့ စကတည်းက ရှိပုံမရ။

    ၅။ ကျနော့်အမျိုးသမီးက ကြိုက်သတဲ့။ ပထမဦးဆုံးအကြိမ် စားဖူးခြင်း တဲ့။ သူက ရှမ်းစာအကုန်ကြိုက်တာပဲ။ တို့ဟူးပျော့ မုန်ညင်းချဉ် ဆီတို့ဟူး ဘယ်ရှမ်းစာလာလာ ကြိတ်လိုက်တာပဲ။ ရှမ်းထမင်းချဉ်သုတ် လုပ်နည်း ငါသိပါတယ်ကွာလို့ သူ့ကိုအတည်ပေါက် ရွှီးလိုက်တော့ သူလုပ်မယ်၊ နည်းလမ်းပြောပြ တဲ့။ ဒါနဲ့ လုလုဘလောက်ကိုလာလည်ပြီး ဖော်နည်းကား မေးခဲ့ရခြင်းပါ။ ဒီရက်ပိုင်းအတွင်း အိမ်မှာ လုပ်စားဖြစ်မယ် ထင်ပါရဲ့။

    ၆။ ပါတီပွဲသွားတုန်းကတော့ မိုးမခအတွက် သတင်းရေးဖို့ ကိုယ်တိုင်သွားကြည့်တဲ့သဘောပါ။ သို့ပေမယ့် ဗိုလ်ချုပ်မှူးကြီးတို့ကို အတွင်းခံဘောင်းဘီတွေနဲ့ ကလူကျီစယ်နေတာ ကျနော်မကန့်ကွက်ပေမယ့် အားရပါးရတော့ မထောက်ခံချင်ဘူး။ အကျယ်ချဲ့ပြောရင်လည်း ကြီးကျယ်ရာရောက်ဦးမယ်။ စိတ်က သိပ်မပျော်တာနဲ့ သတင်း မရေးဖြစ်။ ကျနော်က သတင်းသမား မဟုတ်သေးဘူးထင်တယ်။ ဈာန်ဝင်မှ ရေးတယ်ဆိုတာက ကဗျာသမား စာသမားတွေပဲ။ သတင်းသမားကတော့ ခံစားချက်ထားလို့မဖြစ်။ ရှိတာ ဖြစ်တာ မြင်တာကို အဲဒီအတိုင်း ရေးကြရမယ်မဟုတ်လား။ သိပေမယ့် မလုပ်ဖြစ်ပါဘူးဗျာ။ မီးဖိုထဲသွားပြီး မြန်မာပြည်ကအစားအစာတစ်ခု စားခဲ့ရတာကိုပဲ စာလာဖွဲ့ဖြစ်နေတယ်။ ပွဲကိုမရောက်ဖြစ်တဲ့ ဗွီအိုအေကမိတ်ဆွေတစ်ယောက်ကတောင် သက်ဆိုင်ရာတာဝန်ရှိသူကိုတယ်လီဖုန်းဆက်ပြီး မေးမြန်းပြီး သတင်းလုပ်ဖြစ်လိုက်သေး။

    တော်သေးပြီ။ ချက်နည်းပြုတ်နည်းတွေ ယူသွားပါတယ်။
    ဇက်
    Z

    ReplyDelete