Friday, November 16, 2007

ငါးအရိုးနူးပေါင်း

အလှူလုပ်ရင် ငါးပေါင်းလေးပါရင် ဧည့်သည်တွေကို ဧည့်ခံရတာ အဆင်ပြေတယ်။

ဝက်သား၊ ကြက်သားဟင်းအစုံပါပေမယ့် ငါးဟင်းကျတော့ အရိုးများရင်
ဧည့်သည်တွေသုံးဆောင်ရတာ အနှောင့်အယှက်ဖြစ်စေမှာစိုးတဲ့အတွက်
ငါးအရိုးနူးပေါင်းကို ချက်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ ငါးသလောက် ဒါမှမဟုတ်
ငါးကြင်းငါးမြစ်ချင်းစတဲ့ ငါးတွေကို အရိုးနူးအောင် ပေါင်းတဲ့နည်းလေးကို
လက်ဆင့်ကမ်းလိုက်ပါရစေကွယ့့် 

ငါးပေါင်းတော့မယ်ဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ငါး၊ ငါးသလောက်၊
ငါးမြစ်ချင်း၊ ငါးကြင်း ကြိုက်ရာကို ရွေးလို့ရပါတယ်။ ခရမ်းချဉ်သီး၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုပွတောင့်၊ စပါးလင်၊ နနွင်း၊ ချင်း၊
ငံပြာရည်၊ ဆား၊ သကြား၊ ရှလကာရည်နဲ့ ဆီတို့ပါ။

ငါးကိုတော့ အကြေးခွံချွတ်၊ သေချာရေဆေးပြီး
ကိုယ်လိုချင်တဲ့အရွယ်ပမာဏဖြစ်အောင်တုံးပါ။ ပြီးရင် ဆား၊ သကြား၊ အချိုမှုန့်၊
ငံပြာရည်၊ နနွင်းမှုန့်စတာတို့နဲ့ သေချာနှံ့အောင် ရောနယ်ပြီးနှပ်ထားပါနော်။
နာရီဝက်လောက် ကြာအောင်ထားပြီးရင်တော့ ရှလကာရည်ထည့်ပြီး နောက်ထပ်
နာရီဝက်လောက်ကြာအောင် ထားပေးပါနော်။ အဲ့ဒီအချိန်မှာတော့
ငရုတ်သီးအခြောက်အပုပွတောင့်ကို ရေစိမ်၊ အစေ့ထုတ်ပြီး ကြက်သွန်ဖြူ၊နီ၊ ချင်း၊
စပါးလင်ပါးပါးလှီးတို့နဲ့ ရောထောင်းပေးပါနော်။ ကြက်သွန်ဖြူနီတို့ကို
အခွံနွှာပြီး ကြက်သွန်ဖြူကိုဆိုရင် ကျောဘက်ကနေထားပြီး လေးခြမ်းလောက်စီ
လှီးပေးပါနော်။ ကြက်သွန်နီကိုလည်း အလုံးလိုက်လေးတွေ ထည့်ချင်လည်း ထည့်လို့ရတယ်။
ဒါမှမဟုတ်ရင်လည်း နည်းနည်းထူထူလေးတွေ လှီးထားပေးပါနော်။ ခရမ်းချဉ်သီးတွေကိုလည်း
မထူမပါးလေး လှီးထားပေးပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ pressure cooker အိုးကိုယူ ပြီးတော့ အောက်မှာ
စပါးလင်အရွက်လေးတွေကို ခင်းပေးပါနော်။ တချို့က ကြံရွက်နုနုလေးတွေကို ခင်းကြတယ်
(အနူးလွယ်အောင်လို့)။ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေရယ်၊
နှပ်ထားတဲ့ငါးတွေရယ်၊ မထူမပါးလှီးထားတဲ့ ကြက်သွန်ဖြူနီတွေရယ်၊
ခရမ်းချဉ်သီးတွေရယ်ကို ထည့်ပြီး ရောသမမွှေပြီး pressure cooker ထဲမှာထည့်ထားတဲ့
စပါးလင်အရွက်တွေမှာ ဖြန့်ခင်းပေးပါနော်။ ပြီးရင် ဆီထည့်ပေးပါ။ ဆီကိုတော့
ကိုယ်ကြိုက်မယ့်အနေလေးပဲထည့်ပါနော်။ ပုံထဲမှာက အလှူအတွက်ဆိုတော့
ဆီများများလေးနဲ့ ပေါင်းထားတာမို့ပါနော်။ (ငါးအကောင်သေးတွေကို
ပေါင်းမယ်ဆိုရင်တော့ ငါးအသားတွေမကြေရလေအောင် ဆီနဲ့ နည်းနည်းကြော်ပြီးတော့မှ
ပေါင်းလေ့ရှိပါတယ်နော်။)
ပြီးရင်တော့ မီးအသင့်အတင့်ထားပြီး pressure cooker ထဲမှာ နာရီဝက်ပေါင်းပါ။
နာရီဝက်ကြာပြီးရင်တော့ မီးဖိုပေါ်က ခဏချ၊ ၁၀ မိနစ်လောက်စောင့်ပြီး အဖုံးဖွင့်၊
ငါးအသားတုံးလေးတွေကို မပဲ့မကြေသွားရလေအောင် အသာလေး အထက်အောက်လှန်ပေးပြီး
နောက်ထပ် နာရီဝက်ထပ်ပေါင်းပါ။ ပြီးရင်တော့ နောက်တစ်ခါ အအေးထပ်ခံပြီး
အရိုးနူးမနူးကြည့်၊ မနူးသေးဘူးဆိုရင်တော့ ရေနည်းနည်းထပ်ထည့်ပြီး နောက်ထပ် ၁၅
မိနစ်လောက် ထပ်ပေါင်းပေးလိုက်ရင်တော့ အသားရော အရိုးပါနူးပါပြီ။ ပြီးရင်တော့
ပေါင်းအိုးကို အအေးခံပြီး ငါးအတုံးလေးတွေကို မပဲ့မကြေရအောင် အသာအယာခပ်ထည့်ပြီး
အသင့်သုံးဆောင်နိုင်ပါပြီနော်။ တချို့ကတော့ အဲ့ဒီငါးပေါင်းကိုပဲ ဂေါ်ဖီထုပ်လေး
ပါးပါးလှီး၊ ကြက်သွန်စိမ်းပါးပါးလှီး၊ ငရုပ်သီးစိမ်း၊ ရှောက်ရွက်၊
သံပရာရည်လေးညှစ်ပြီး အသုပ်သုပ်စားတတ်ကြပါသေးတယ်နော်။ ချစ်မောင်နှမတွေလည်း
ငါးပေါင်းလေးစားချင်တယ်ဆိုရင်တော့ စမ်းသပ်ကြည့်လိုက်ကြပါဦးနော်။

3 comments:

  1. မလုရေ၊ pressure cooker မရှိဘူးရယ်၊ ၀ယ်ချင်တာတော့တပိုင်းသေနေပြီ၊ ပိုက်ပိုက်လေးစုမိရင်တော့ဝယ်အုန်းမယ် မရေ။ စားချင်လိုက်တယ်မလုရေ၊ လာစားသွားတယ်နော်၊ ငါးဆိုလာထား အကုန်စားတယ် ဟီး

    ReplyDelete
  2. ရှင်မင်းရေ့  လာအားပေးသွားတဲ့အတွက် ကျေးဇူးပါနော်။ pressure cooker မရှိလဲ တခြားမီးဖိုနဲ့ မကပ်အောင် မီးအသင့်အတင့်လောက်ထားပြီး အချိန်ကြာကြာလေး တည်ရင်ရပါတယ် ညီမလေး

    ReplyDelete
  3. Font မတူလို့ဖတ်မရဘူးမရေ😟

    ReplyDelete