Saturday, November 17, 2007

လူတိုင်းစွဲမက် မြန်မာ့လက်ဖက်


မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအရ ကွမ်း၊ ဆေး၊ လက်ဖက်ဆိုတာ ဧည့်ခံပွဲတွေမှာ မပါမဖြစ်ပါပဲနော်။ ကျွန်မတို့ မြန်မာလူမျိုးတွေမှာလည်း ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် လက်ဖက်ကို မကြိုက်တဲ့သူ မရှိသလောက်ပါပဲနော်။ အကြောင်းအမျိုးမျိုးနဲ့ လက်ဖက်ကို ရှောင်ရတဲ့သူတွေသာ ရှိမယ်၊ မြင်ရင်တွေ့ရင်တော့ နည်းနည်းဖြစ်ဖြစ်တော့ စားလိုက်မိတာပဲလေ။ အဲ့ဒီလောက် ညှို့အားကောင်းတဲ့ လက်ဖက်ကို မူဟန်သွယ်သွယ် နှပ်ကြတာကို ပြောပါရစေနော့်။



ဘိုးဘိုးဘွားဘွားတို့ကြိုက်တဲ့ အဘိုးကြီးသုပ်



သက်ကြီးရွယ်အိုတွေကတော့ လက်ဖက်ညွန့်လေးကို ဆားလေး၊ အချိုမှုန့်လေးနည်းနည်းနဲ့ နယ်ပြီးတော့ ဆီလေးနဲ့ စိမ်ပြီး လက်ဖက်အစ်လေးထဲ ထည့်ထားတတ်တယ်။ ပုဇွန်ခြောက်လေးလည်း ပါသေးတာပေါ့။ တချို့ကတော့ လက်ဖက်နှပ်ထဲ ကြက်သွန်ဖြူလေးကို ထောင်းထည့်တတ်သလို၊ တချို့ကလည်း ကြက်သွန်ဖြူဥလေးအတိုင်း သီးသန့်ထည့်ထားတတ်တယ်။ ကျွန်မရဲ့ အဘွားကတော့ လက်ဖက်အစ်လေး အမြဲထားတတ်တဲ့ အလေ့အကျင့်ရှိပြီး လက်ဖက်လေးတမြုံ့မြုံ့နဲ့ စာဖတ်လိုက်၊ တောက်တိုမယ်ရလေးတွေလုပ်လိုက်နဲ့ လုပ်နေတတ်တယ်။ အဘွားရဲ့ လက်ဖက်အစ်ထဲမှာတော့ ကြက်သွန်ကြော်၊ နှမ်းလေးတော့ တခါတလေ ပါတတ်တယ်။ ပဲကြော်တွေတော့ မပါဘူး။ သွားကလည်း သိပ်မကောင်းတော့ဘူးလေ။ တခါတလေ ပဲကြော်နဲ့ စားချင်ရင်တော့ ကျွန်မတို့မောင်နှမတွေက ပဲကြော်တွေကို ငရုတ်ဆုံလေးထဲ ထည့်ထောင်းပေးရတယ်။

ချဉ်စပ်လက်ဖက်

လက်ဖက်ညွန့်လေးကို ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတွေထည့်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါတယ်။ ပုဇွန်ခြောက်နည်းနည်းပါ ထောင်းတဲ့အထဲ ထည့်တတ်ပါတယ်။ ပြီးတော့မှ ထောင်းထားတဲ့ လက်ဖက်ထဲကို သံပုရာရည်လေးညှစ်ပြီး ချဉ်ငံစပ်လက်ဖက်နှပ်လေး လုပ်ကြပါတယ်။ တချို့ကတော့ လက်ဖက်အညွန့်လိုက်လေးကိုပဲ ကြိုက်နှစ်သက်တတ်ကြတာမို့ မထောင်းဘဲ လက်နဲ့အသာနယ်ပြီး နှပ်တတ်ကြပါတယ်။

တညင်းလက်ဖက်နှပ်

လက်ဖက်ညွန့်ကို ဆီ၊ ဆား၊ အချိုမှုန့်လေးနဲ့ နယ်ပြီးနှပ်ထားတဲ့အထဲမှာ တညင်းသီးပြုတ် စေးစေးလေးတွေကို လှီးထည့်ပြီး နှပ်တာပါ။ လက်ဖက်ကလည်း တက်တတ်တယ်၊ တညင်းသီးကလည်း တက်တတ်တယ်၊ တက်စာတွေချည်းပဲဆိုပေမယ့် အတက်ကို အတက်နဲ့ ဖြေရတယ်ဆိုတဲ့ စကားအတိုင်းပဲ တညင်းလက်ဖက်ကို တခါတလေ သုပ်စားကြပါသေးတယ်။

ပြောင်းဖူးဘဲဥလက်ဖက်နှပ်

ကျွန်မမေမေကတော့ အဘိုးကြီးသုပ်လိုမျိုးနှပ်ထားတဲ့ လက်ဖက်နှပ်ထဲကို ထောပတ်ပြောင်းဖူးစေးစေးလေးတွေ ထည့်တတ်သလို၊ ဘဲဥပြုတ်မွှေးမွှေးလေးတွေလည်း ထည့်ပြီး အဆိမ့်သုပ်လေး သုပ်တတ်ပါသေးတယ်။ ကြက်သွန်ကြော်နှမ်းနဲ့ မြေပဲဆံကြော်လေးထည့်ပြီး သုပ်တတ်ပါတယ်။

ပျိုမေတို့ကြိုက်တဲ့ လက်ဖက်သုပ်

ချဉ်စပ်လက်ဖက်နှပ်ထဲကို ခရမ်းချဉ်သီးလေးပါးပါးလှီး၊ ပြီးတော့ နံနံပင်လေးတွေပါ ထည့်ပြီးနှပ်တတ်ကြပါတယ်။ ပျဉ်းမနားဘက်ကတော့ လက်ဖက်သုပ်ထဲကို ဂေါ်ဖီထုပ်ပါးပါးလှီး၊ ငရုပ်သီးစိမ်းလေးတွေ လှီးပြီး ထည့်သုပ်တတ်ကြပါတယ်နော်။

လက်ဖက်ထမင်း

အခုနောက်ပိုင်း ကျောင်းကင်န်တင်းန်းတွေမှာ လက်ဖက်ထမင်းဆိုပြီး ခေတ်စားလာပါတယ်။ ထမင်းလေးထဲကို ကြက်သွန်ကြော်၊ နှမ်းလေး၊ အကြော်စုံလေး ထည့်ပြီးနယ်၊ အပေါ့အငံကိုတော့ သုံးဆောင်သူအကြိုက် ထည့်ပါတယ်။ ပြီးတော့မှ တချို့ဆိုင်မှာတော့ ကြက်ဥကြော်လေးအပေါ်ကနေ ထည့်ပေးတတ်ပါသေးတယ်။ ပြီးတော့မှ ခရမ်းချဉ်သီးအကွင်းလိုက်လေးရယ်၊ ငရုတ်သီးစိမ်းတောင့်လေးရယ်၊ ကြက်သွန်ဖြူအမွှာလေးတွေပါ ထည့်ပေးတတ်ပါတယ်။
ဒီလောက်ဆိုရင်တော့ သိသမျှတတ်သမျှ စားဖူးသမျှ လက်ဖက်သုပ်နည်းပေါင်းစုံကို မောင်နှမတွေကို လက်ဆင့်ကမ်းလိုက်ရပါတယ်နော်။
အဲ့  မေ့လို့နော့့်  လက်ဖက်တစ်လှည်း ထန်းညက်တစ်ခဲတဲ့။ အဲ့ဒီတော့ လက်ဖက်စားပြီး မတက်ရလေအောင် ထန်းညက်ခဲလေးစားဖို့တော့ မမေ့နဲ့နော်။

0 comments:

Post a Comment