Tuesday, September 11, 2007

ကြက်သားကုလားပဲဟင်း

တစ်နေ့လာလည်း ကြက်သားဟင်း၊ တစ်နေ့လာလည်း ကြက်သားပြုတ်ကြော်၊ ကြက်သားချည်းပဲ ခဏခဏ စားနေရတော့ ကြက်သားဆိုရင် အသံတောင် မကြားချင် မကြည့်ချင်တော့လောက်အောင်ကို ဖြစ်မိတယ့့်  တကယ်ပဲ မြန်မာပြည်မှာတုန်းက ၀က်သား၊ အမဲသား မစားဘဲ ကြက်သားချည်း စားခဲ့တာ ဘာမှမဖြစ်ဘူး၊ ဒီနဲ့ပဲ အပြောင်းအလဲလေးဖြစ်အောင်ဆိုပြီး ကြက်သားကုလားပဲဟင်းလေး ချက်လိုက်တာပါ။

ကြက်သားကုလားပဲဟင်းချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကုလားပဲ၊ ကြက်သားအရိုးအသားရောနဲ့ အသည်းအမြစ်၊ ကြက်သွန်ဖြူနီ၊ ငရုတ်သီးအရောင်မှုန့်၊ မာဆလာအမွှေးအစပ်၊ သစ်ဂျပိုးခေါက်အနည်းငယ်၊ ဆား၊ အချိုမှုန့်တို့ပါ။
ကုလားပဲကို ဟင်းမချက်ခင် အနည်းဆုံး လေးနာရီလောက် ရေစိမ်ထားပါနော်။ အဲ့ဒါဆိုရင် ပြုတ်တဲ့အခါကျ နူးလွယ်ပါတယ်။ ကြက်သားမကိုင်ခင် ကုလားပဲကို အရင်ပြုတ်ထားပါ။ ကြက်သားကို အရိုးအသား ညီမျှအောင် ခုတ်၊ ကြက်သည်းကြက်မြစ်ကိုလည်း ကိုယ်လိုချင်တဲ့အရွယ်လေးတွေဖြစ်အောင် လှီးပြီး ဆား၊ အချိုမှုန့်၊ သကြားအနည်းငယ်၊ မာဆလာအမွှေးအစပ်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါနော်။ ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ခပ်ပါးပါးလေးလှီးပြီး ငရုတ်သီးအရောင်မှုန့်နဲ့ ရောထောင်းထားပါ။
ပဲအိုးနူးလာပြီဆိုရင် ပဲကို သပ်သပ်ဖယ်ထားပေးပါ။ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးထည့်ပြီး ငရုတ်သီးထောင်းကိုထည့် ဆီသတ်ပါ။ ပြီးတော့ သစ်ဂျပိုးခေါက်ကိုထည့်ပါ။ နှပ်ထားတဲ့ ကြက်သားတွေကို ထည့်ပြီး သေချာနှံ့အောင် မွှေပေးပါ။ ကြက်သားလုံးရေ လေးနဲ့ အဖုံးပိတ်ပြီး ဆီပြန်အောင် တည်ပေးပါနော်။ ဟင်းအိုးက ဖျစ်ဖျစ်ဖျစ်ဖျစ် အသံမြည်ပြီးဆိုရင်တော့ ရေခမ်းခါနီးပါပြီ။ အဲ့ဒီအချိန်မှာ ဟင်းအိုးအဖုံးကို ပြန်ဖွင့်ပြီးတော့ ပြုတ်ပြီးသားပဲတွေကို ထည့်ပြီး မွှေပေးပါ။ ပဲပြုတ်ထဲမှာ ရေပါ ပါလာတဲ့အတွက် အဲ့ဒီရေလေးနဲ့ ဟင်းအိုးဆူအောင် ထပ်တည်ပေးပါနော်။ ဟင်းအိုးဆူလာပြီဆိုရင်တော့ ကြက်သားလည်းနူး၊ ပဲလည်းနူးပါပြီ။ အပေါ့အငံအရသာကို မြည်းပြီးတော့ မီးပိတ်လိုက်ရုံပါပဲနော်။
ငယ်ငယ်တုန်းကတော့ အဲ့ဒီလို ကြက်သားကုလားပဲဟင်းကို နံပြား၊ ပေါင်မုန့်တို့နဲ့ စားဖူးပါတယ်။ အခုတော့ ထမင်းနဲ့ပဲ စားလိုက်ပါတော့တယ်။ အစပ်ကြိုက်ရင်တော့ ငရုတ်သီးအခြောက်တောင့်လေးကို ညှပ်ပြီး ဟင်းအိုးဆီသတ်တဲ့ အချိန်မှာ ထည့်ချက်ပါနော်။ မာဆလာအစပ်ပါတဲ့အတွက်လည်း စပ်ပါတယ်ရှင်။့  သတိတော့ထားစားနော့့်  ဟင်းရည်သောက်ရင် သီးတတ်တယ့့်

0 comments:

Post a Comment