Wednesday, September 12, 2007

ပဲပြားအစာသိပ်




ဒီနေ့ မနက်အစောထပြီး ခရီးသွားရမှာမို့ ညကတည်းက လိုအပ်တာတွေ ပြင်ဆင်နေမိပါတယ်။ အစားအသောက်မှာ ဂျီးထူလွန်းတဲ့ ကိုယ့်ကိုယ်ကိုအတွက်လည်း ဘာစားရင်ကောင်းမလဲဆိုတာ ကြိုစဉ်းစားရပါတယ်။ ဒီက အစားအစာတွေနဲ့ used to ဖြစ်အောင် မနေတတ်၊ မစားတတ်တဲ့ ကျွန်မကိုယ် ကျွန်မလည်း တစ်ခါတလေ စိတ်ပျက်မိပါတယ်။


အဲ့ဒါနဲ့ပဲ ကျွန်မ သူများကြားထဲမှာ စားရလွယ်ပြီး အနံ့လည်း မပြင်းတဲ့ ပဲပြားအစာသိပ်လေး လုပ်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မသွားမယ့်နေရာမှာလည်း မြန်မာတွေရှိတယ်ဆိုတော့ သူတို့အတွက်ပါ ပိုလုပ်သွားလိုက်မယ်လို့ စိတ်ကူးလိုက်ပြီး ပဲပြား ၆ တုံးကို ကြော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အခုလုပ်မယ့် ပဲပြားအစာသိပ်က မော်လမြိုင်စတိုင်လ်ပါ။ ရန်ကုန်က ပဲပြားအစာသိပ်လုပ်နည်းနဲ့တော့ နည်းနည်းကွာပါတယ်။ ပဲပြားအစာသိပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲပြား၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူကြော်၊ ဆား၊ အချိုမှုန့်၊ သံပုရာသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်တို့ပါ။
ပဲပြားကို တြိဂံပုံလေးဖြစ်အောင်လှီးပြီး ဆား၊ အချိုမှုန့်လေးနဲ့ အသာလေး နယ်ထားလိုက်ပါတယ်။ ကြက်သွန်ဖြူကို အခွံနွှာပြီးတော့ ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးထားပါတယ်။ ပုဇွန်ခြောက်ကို မညက်တညက်လေး ထောင်းထားပါတယ်။ သံပုရာသီးကို အခွံနွှာပြီးတော့ အမွှာလေးတွေဖြစ်အောင် မွှာထားပါ။ ကြက်သွန်မြိတ်ကိုလည်း ရေစင်အောင်ဆေး၊ ရေခါပြီး ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ပဲပြားတွေကို အရင်ထည့်ကြော်ပါ။ ပဲပြားကို ဟိုဘက်ဒီဘက်သေချာလှန်ပြီး ကြော်ပါ။ ပဲပြားကျက်ပြီဆိုရင်တော့ ဇကာထဲ ဆီစစ်ထားပါ။ အဲ့ဒီဆီနဲ့ပဲ ကြက်သွန်ဖြူကို ထည့်ကြော်ပါ။ ကြက်သွန်ဖြူကြော်တဲ့အခါ မီးလျော့ပြီး ကြော်ပေးပါနော်။ ကြက်သွန်ဖြူလေးတွေ ရွှေအိုရောင်လေးတွေ ပြောင်းလာတဲ့အခါ မီးပိတ်ပြီး ကြက်သွန်ကြော် ဖတ်လေးတွေကို ဆယ်ပြီး အအေးခံထားလိုက်နော်။
ပြီးရင်တော့ ပဲပြားကို အလယ်ကနေ ဓါးလေးနဲ့ ခွဲလိုက်ပါ။ ပြီးတော့မှ ဆားအချိုမှုန့်လေး နည်းနည်းစီ သုပ်ပေး၊ ပြီးတော့ ပုဇွန်ခြောက်မှုန့်လေးထည့်၊ သံပုရာသီးအမွှာလေးတွေထည့်၊ ငရုတ်သီးစိမ်းလေးတွေထည့်၊ ပြီးတော့မှ ကြက်သွန်ဖြူကြော်လေးထည့်၊ အပေါ်ကနေ ကြက်သွန်မြိတ်လေးတွေထည့်လိုက်ရုံပါပဲ။ အရသာချဉ်ငံစပ်လေးနဲ့ ပဲပြားအစာသိပ်လေးရပါပြီ။ ဒီနေ့တော့ မြန်မာသူငယ်ချင်းတွေနဲ့အတူ ပဲပြားအစာသိပ်နဲ့ ရေနွေးကြမ်းနဲ့ အဆာပြေ စားလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း အဆင်ပြေရင် ပဲပြားအစာသိပ်လေး လုပ်စားကြည့်ကြပါဦးနော်။

0 comments:

Post a Comment