Sunday, September 23, 2007

အုန်းနို့သာကူကျို



ကျွန်မတို့ ဌာနက သူငယ်ချင်းတွေအတွက် ကျွန်မ လုပ်ကျွေးခဲ့တဲ့ သာကူကျိုလေးပါနော်။ ဒီအရပ်မှာ အုန်းနို့က ယိုးဒယားကလာတဲ့ အုန်းနို့မှုန့်၊ အုန်းနို့ရည်ဗူးပဲရပါတယ်။ ကျွန်မတို့မြန်မာပြည်ကလို အုန်းသီးကိုခြစ်ညှစ်ပြီး ရလာတဲ့ အုန်းနို့ရည်နဲ့တော့ အရသာရော အနံ့ပါ အကွာကြီး ကွာပါတယ်။ ဒါပေမယ့် အုန်းနို့မှုန့်လေး၊ အုန်းနို့ရည်လေး ၀ယ်လို့ရတာကိုပဲ ကျွန်မတို့အတွက် မဟာအခွင့်အရေးကြီးပါ။ မြန်မာ့ရိုးရာမုန့်လုပ်နည်းတွေမှာ အုန်းသီးနဲ့ ကင်းတဲ့ မုန့်ဆိုလို့ ခပ်ရှားရှားပါ။ အခုလည်း ရှိတဲ့ အုန်းနို့မှုန့်နဲ့ လက်တည့်စမ်းထားတဲ့ သာကူကျိုလေးကို အားပေးကြပါဦးနော်။ သာကူကျိုက လုပ်ရတာလွယ်တယ်လေ။ ကန်ဇွန်းဥအခွံနွှာရတာ တစ်ခုပဲ အချိန်ယူရတာ။ ပြီးတော့ ဒီက ကန်ဇွန်းဥမှာ ငချိတ်လဲမရှိသလို ရွှေကန်စွန်းလဲမရှိပါဘူး။
သာကူကျိုအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အုန်းနို့မှုန့်ရယ်၊ သာကူစေ့ရယ်၊ ကန်ဇွန်းဥရယ်၊ သကြားရယ်၊ နွားနို့ရယ်၊ ဆားအနည်းငယ်တို့ပါနော်။









ကန်ဇွန်းဥကိုအခွံနွှာ ပြီးတော့ ရေဆေး၊ နောက်ပြီးတော့မှ အတုံးခပ်သေးသေးလေးတွေဖြစ်အောင် တုံးထားပါနော်။ သာကူစေ့လေးတွေကို ရေဆေးပြီး စစ်ထားလိုက်ပါနော်။
မီးဖိုပေါ်ကို အိုးတစ်လုံးတင်၊ ပြီးတော့ ရေထည့်၊ သကြားရယ်၊ ဆားလေးနည်းနည်းရယ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါနော်။ ပွက်ပွက်ဆူပြီဆိုရင် အုန်းနို့မှုန့်ကို ထည့်ပြီး ဆူအောင်တည်ပါနော်။ ဆူတာနဲ့ ကန်ဇွန်းဥကိုထည့်၊ ပြီးရင်တော့ သာကူစေ့လေးတွေထည့်ပြီး မီးအသင့်အတင့်နဲ့ ကျိုပေးပါ။ တော်တော်လေး ပွက်လာပြီဆိုရင်တော့ မျက်စိအဆံလေးတွေလည်း ကျန်နေသေးတဲ့အချိန်မှာတော့ နွားနို့ထည့်ပြီး ပွက်အောင်ကျိုပေးပါ။ မီးကို အသင့်အတင့်လောက်ထားပြီး နောက်တစ်ကြိမ် မုန့်အိုးအပွက်မှာ သာကူစေ့မျက်စိလေးတွေလည်းပျောက်၊ မုန့်အိုးလည်းအကျက်ဖြစ်အောင် တည်ပေးပါ။ မုန့်အိုးပွက်ပြီဆိုရင်တော့ သာကူစေ့လည်း အရောင် ကြည်ကြည်လေးတွေဖြစ်လာပါပြီ။ ကန်ဇွန်းဥလည်း နူးပါပြီ။ အရသာကို မြည်းကြည့်လိုက်ပါ။ ဆားနည်းနည်းထည့်လိုက်ပါနော်။ အဲ့ဒါဆိုရင် ချိုအီဆိမ့်အရသာလေးနဲ့ အုန်းနို့ကန်ဇွန်းဥ သာကူကျိုရပါပြီနော်။ သုံးဆောင်ကြပါဦးနော့့် 

1 comment: