Wednesday, September 26, 2007

မုန်လာဥပိုးတီသုပ်

ဘလော့ဂ်ကို ပစ်ထားသလိုဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးကြပါနော်။ ကျွန်မ မအားလို့ ပို့စ်အသစ်မတင်နိုင်ပေမယ့် ကျွန်မဘလော့ဂ်လေးထဲကို အမြဲတမ်းအလည်လာကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်နော်။
ဒီနေ့ တော့ ချစ်မောင်နှမများအတွက်ရော၊ မုန်လာဥပိုးတီဘယ်လိုလုပ်ရမလဲလို့ မေးလာတဲ့ ညီမငယ်တစ်ယောက် အတွက်ရော မုန်လာဥပိုးတီလုပ်နည်းလေးပြောပြပါရစေနော်။





မြန်မာပြည်က မုန်လာဥကတော့ မုန်လာဥပိုးတီဖြစ်အောင်လှီးရတာ လွယ်ပါတယ်။ အနံ့ရော အရသာရော ကောင်းပါတယ်။ ဒီမှာတော့ မုန်လာဥ အကြီးကြီးတွေပဲ ရှိတာဆိုတော့ အဲ့ဒါနဲ့ပဲ ဖြစ်အောင် လှီးပြီး မုန်လာဥပိုးတီ ဖြစ်အောင် လုပ်ရတာပေါ့နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်လာဥဖြူတစ်လုံး၊ ရှာလကာရည်၊ ကြက်သွန်ဖြူနီကြော်၊ ငါးပိစိမ်းစာကင်/ဆီသတ်၊ နှမ်းအနက်လှော်၊ ငရုတ်သီးခြောက်ကြော်၊ ဆား၊ အချိုမှုန့်အနည်းငယ်တို့ပါ။
မုန်လာဥကို အခွံနွှာပြီး ရေစင်အောင်ဆေးပါ။ မုန်လာဥက ကြီးတဲ့အတွက် လှီးတဲ့အခါမှာ တစ်လုံးလုံးကို ပိုးတီဖြစ်အောင် ပတ်ပတ်လည်လှီးရဖို့ ခက်ခဲပါတယ်။ ပိုးတီလှီးတဲ့အခါ ပထမတစ်ဖက်ကို ဓါးနဲ့ အရင်ပါးပါးလှီးပါတယ်။ ဓါးကို မုန်လာဥထဲကို ၄၅ ဒီဂရီထားပြီး တစ်ဘက်ကိုလှီးပါ။ ပြီးတော့မှ ကျန်တဲ့တစ်ဘက်ကို ဒီဘက်က လှီးထားတဲ့အလိုက်အတိုင်းမဟုတ်ဘဲ တခြားတစ်ဘက်ကနေ ခုနက ပြောတဲ့အတိုင်းလှီးပါနော်။ မုန်လာဥအသေးဆိုရင် နှစ်ဘက်ကို ဟိုဘက်ဒီဘက်လှီးလိုက်ရင် ပိုးတီဖြစ်သွားပြီ ဆိုပေမယ့် မုန်လာဥက ကြီးတဲ့အတွက် သုံးဘက်ဖြစ်အောင် လှီးလိုက်ပါနော်။ ပြီးရင် မုန်လာဥကို ဆားနဲ့နယ်ပြီး ရေဆေးလိုက်ပါ။ ပြီးမှ ရေညှစ်လိုက်ပြီး ရှာလကာရည်နဲ့ သေချာနယ်ပြီး အနည်းဆုံး နာရီဝက်လောက် နှပ်ထားပေးပါ။
ကြက်သွန်ဖြူနီကို ပါးပါးလှီးပြီး ဆီချက်ကြော်ပါ။ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးတစ်ခုထဲ ခပ်ထားပြီး ကျန်တဲ့ ဆီလေး နည်းနည်းနဲ့ ငရုတ်သီးအခြောက်တောင့်ကို ကြော်ပါ။ ပြီးရင်တော့ ငါးပိစိမ်းစားလေးကို အမြန်လှိမ့်လိုက်ပါ။ နှမ်းအနက်ကို လှော်လိုက်ပါ။
စားခါနီးကျမှ မုန်လာဥထဲက ရှာလကာရည်တွေကို ညှစ်ထုတ်ပစ်ပြီး ဆီချက်၊ ငါးပိစိမ်းစား၊ ငရုတ်သီးတောင့်၊ ဆား၊ အချိုမှုန့်၊ နှမ်းလှော်၊ ဆားနဲ့ အချိုမှုန့်နည်းနည်းတို့ကို ထည့်ပြီး သေချာနှံ့အောင် နယ်ပေးပါ။ ပြီးတော့မှ အပေါ်ကနေ ကြက်သွန်ဖြူနီကြော်လေးကို ဖြူးပေးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မုန်လာဥပိုးတီသုပ်လေး ရပါပြီ။

0 comments:

Post a Comment